Chapter 55
Viewers 4k

👨‍❤️‍👨Chapter 55

 â€“ ဆင်တူဝတ်စုံများ




ခဏနားပြီးနောက် သွမ့်ရှူးထုံက အသက်ပြင်းပြင်းရှူပြီး တံခါးဖွင့်ကာ အပြင်ထွက်သွားလိုက်သည်။


ရှီသွမ်းက စင်္ကြံလမ်းတွင် စောင့်နေသည်။ သူ၏ အရပ်ရှည်ရှည်ပုံရိပ်က မီးအလင်းရောင်ကို ပိတ်ဆို့ထားလေသည်။ သွမ့်ရှူးထုံကို မြင်သောအခါ သူ့မျက်နှာက အနည်းငယ် နူးညံ့သွားပြီး ရှေ့တိုး၍ နှုတ်ဆက်လာသည်။


" ချန်ကောနဲ့ လျိုကောတို့ရော...."


ရှီသွမ်း၏ မျက်လုံးများက စင်္ကြံလမ်းပေါ်က နံရံကပ်မီးအိမ်တစ်ခုဆီ အကြည့်လွှဲသွားသည်။ သူက ပြန်ဖြေလာသည်။


 " သူတို့ စားသောက်ဆိုင်ဆီ သွားနှင့်ကြပြီ...." 


“သြော်...."


အမျိုးသားနှစ်ယောက်က ဘေးချင်းယှဥ်လျက် ဓါတ်လှေကားဆီ လျှောက်သွားလိုက်ကြသည်။ ဓါတ်လှေကားနား ရောက်သွားသည့်အချိန် ဓါတ်လှေကားခလုတ်ကို ပြိုင်တူနှိပ်မိသွားသည်။ သွမ့်ရှူးထုံက လက်ဆန့်လိုက်ကတည်းက တစ်ခုခုဖြစ်နေသလို ခံစားလိုက်ရသော်လည်း သူ့လက်ကို အချိန်မှီ မရုတ်လိုက်နိုင်၍ ရှီသွမ်း၏ လက်ဖမိုးပေါ် ထပ်မိသွားသည်။


သူက မီးစနှင့်တို့ခံရသလို အမြန် လက်ရုတ်မိသွားသည်။


ဓါတ်လှေကားတံခါး ပွင့်လာသည်နှင့် သွမ့်ရှူးထုံက အရင် ဝင်သွားလိုက်သည်။ ရှီသွမ်းက သွမ့်ရှူးထုံ၏ အနွေးဓါတ်လေး ကျန်နေခဲ့သည့် သူ့လက်ဖမိုးကို တိတ်တဆိတ် ပွတ်သပ်မိသည်။ ထို့နောက် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရင်း ဓါတ်လှေကားထဲ ဝင်သွားလိုက်သည်။


စားသောက်ဆိုင်က ဟိုတယ်၏ တတိယအထပ်တွင် တည်ရှိရာ ဓါတ်လှေကားက စတင်ပြီး အောက်ဆင်းသွားလေသည်။


အလုံပိတ်နေရာတွင် လူများ၏ စိတ်အာရုံက ပိုပြီးကြီးမားလာတတ်သည်။


သူ့ဘေးက လူ၏ အသက်ရှူသံဖွဖွလေးကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ တစ်ဖက်လူ၏ ကိုယ်သင်းနံ့က ရေမွှေးနံ့လောက် မပြင်းပေ။ ထို့အစား သစ်သားနံ့ဖျော့ဖျော့လေး ရနေ၏။


သွမ့်ရှူးထုံက အမှတ်တမဲ့ ဘေးကပ်ချင်ယောင်ဆောင်လိုက်သည်။ သူကတော့ တိတ်တိတ်လေး လုပ်နေသည်ဟု ထင်နေသော်လည်း ရှီသွမ်းက သူ့လှုပ်ရှားမှုများကို တစ်သွေမသိမ်း လိုက်ကြည့်နေလေသည်။


ရှီသွမ်းက ပင်ပန်းသွားဟန် လက်ချလိုက်ရင်း သူထိတွေ့ခဲ့သည့် လက်ဖမိုးနေရာကပင် ပိုပြီးတော့ အေးစက်လာသလိုခံစားလိုက်ရသည်။


ဓါတ်လှေကားတံခါး ပွင့်သွားသည့်အချိန် သူတို့တစ်ယောက်မှ မလှုပ်မိချေ။ တစ်ဖက်လူ အရင်ထွက်အောင် စောင့်ပေးနေသော်လည်း ရှေ့လည်းမတိုး နောက်လည်းမဆုတ်သည့် အခြေအနေ ဖြစ်နေ၏။


သွမ့်ရှူးထုံ "......"  


ဘယ်အချိန်မှ သူတို့နှစ်ယောက်ကြားက ထူးဆန်းနေတဲ့ လေထုက အဆုံးသတ်မှာလဲ....


စားသောက်ဆိုင်တွင် လူတော်တော် များနေလေသည်။ အများစုက ဝတ်စုံပြည့်နှင့် သားရေရှူးဖိနပ်စီးထားကြပြီး လက်ရွေးစင်များနှင့် တူနေ၏။ အမျိုးသားနှစ်ယောက် ဝင်လာသည့်အချိန် လူတော်တော်များများ၏ အာရုံစိုက်ခံလိုက်ရသည်။


သူတို့ကို ဆွဲဆောင်နေသည့်အရာက တစ်ခုတည်း ရှိသည်။ ရှီသွမ်း၏ မျက်နှာကြောင့်ပင်။


ရှီသွမ်းနှင့် မိတ်ဆွေဖွဲ့ပြီး အမြင့်ကို တက်ချင်နေသည့် လူတော်တော်များများ ရှိလေသည်။ သို့သော်လည်း ရှီသွမ်း၏ အေးစက်စက်ပုံစံကို ပြန်စဥ်းစားမိကြချိန် အနားမကပ်ရဲတော့သလို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားကြ၏။


ဥက္ကဌရှီ ညစာစားနေတာကို အနှောင့်အယှက်ပေးမိလို့ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။


ဥက္ကဌရှီဘေးမှ သူ့လက်ထောက်အသစ် ဖြစ်နိုင်သည့်သူမှာလည်း တော်တော်လေး ကြည့်ကောင်းလှသည်။ 


ဘော့စ်ကြီးများက စီးပွားရေးကလွဲလျှင် အခြားအရာများကို အာရုံစိုက်ခဲကြ၏။ သွမ့်ရှူးထုံက သွမ့်မိသားစုကိုယ်စား ရောက်လာခဲ့သော်လည်း ပွဲမတက်ဖူး၍ သူ့ကို မသိကြသည်က မဆန်းပေ။


နှစ်ယောက်သား ပြတင်းပေါက်ဘေးတွင် ထိုင်ရန် ရွေးလိုက်ကြပြီး အစားအစာများကို တိတ်တဆိတ် မှာလိုက်သည်။ မှာပြီးသည်နှင့် အသက်လေးဆယ်အရွယ် လူကြီးတစ်ယောက်က လက်ထဲတွင် ခွက်တစ်ခွက် ကိုင်ပြီး ရောက်လာလေသည်။


သူက ရိုးရိုးအဝတ်အစားကိုသာ ဝတ်ထားပြီး ရှင်းသန့်နေသည်။ ရှီသွမ်းကို မြင်သောအခါ ခွက်ကို မြောက်ပြလာသည်။ ထို့နောက် သွမ့်ရှူးထုံဆီ ပြုံးပြလာပြီး တောင်းဆိုလာသည်


 " မင်းရဲ့ စားပွဲမှာ ထိုင်လို့ရမလား...."


သွမ့်ရှူးထုံက ထိုလူ့ကို တော်တော်လေး ရင်းနှီးနေသည်ဟု ထင်မိသော်လည်း ဘယ်မှာမြင်ဖူးမှန်း စဥ်းစားမရချေ။ 


ရှီသွမ်းက ခေါင်းညိမ့်ပြလာပြီး သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။

 " ဒါက NTရဲ့ ဥက္ကဌကျန်လေ...ဒါက သွမ့်ရှူးထုံပါ...နွေဦးဆောင်းဦးခန်းမရဲ့ သုတေသနဌာန ဒါရိုက်တာ..."


ဒါဆို သူပေါ့။


သွမ့်ရှူးထုံက ရိုရိုကျိုးကျိုး ထရပ်လိုက်ရင်း လက်ဆန့်ပြလာသည် " တွေ့ရတာ ဝမ်းသာပါတယ်...အရင်တုန်းက ကူညီပေးခဲ့တဲ့အတွက် ဥက္ကဌကျန်ကို ကျေးဇူးတင်မိပါတယ်ဗျာ..." 


ကျန်ရှန်းက လက်ဆွဲနှုတ်ဆက်လိုက်ရင်း အပြုံးလေးနှင့် ချီးကျူးလာသည် " ဒါရိုက်တာသွမ့်က ငယ်ရွယ်ပြီးတော့ အရည်အချင်းရှိတာပဲ...ဒါရိုက်တာသွမ့်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းရတာ NTအတွက် ဂုဏ်ယူစရာပါ..."


တစ်ယောက်နှင့်တစ်ယောက် စီးပွားရေးကိစ္စများ ပြောဆိုကြပြီးနောက် သူတို့က အတူတူထိုင်လိုက်ကြသည်။ 


ကျန်ရှန်းက စကားပေါသည့် သူတစ်ယောက် ဖြစ်သည်။ သူရှိနေ၍ သွမ့်ရှူးထုံနှင့် ရှီသွမ်းတို့ကြားက နေရခက်သလို ခံစားချက်ကလည်း လွင့်စင်သွားလေသည်။


သွမ့်ရှူးထုံအနေနှင့်လည်း သူက တကယ်တမ်း လူငယ်အစစ်မဟုတ်၍ ကျန်ရှန်းနှင့် ပြောရတာ သက်တောင့်သက်တာ ရှိလေသည်။


မလှမ်းမကမ်းမှ လူအချို့က စုစု စုစုနှင့် သူတို့သုံးယောက်ကို ကြည့်ပြီး


တိုးတိုးလေး ပြောနေကြသည် " ဥက္ကဌရှီနဲ့ အတူပါလာတဲ့ လူငယ်လေးက ဘယ်သူများလဲ..."


စစချင်းတွင် သူတို့က သူ့ကို အရေးမပါသည့် လက်ထောက်တစ်ယောက်ဟုသာ ထင်ခဲ့မိသော်လည်း သူတို့သုံးယောက် စကားပြောနေသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် ထိုသို့ဟုတ်ဟန် မရှိချေ။


“ ဥက္ကဌရှီ တစ်ခြားတစ်ယောက်နဲ့ အတူလာတာကို မမြင်ဖူးဘူး...ကြားတာတော့ သွမ့်မိသားစုနဲ့ ရှီမိသားစုက ဆက်ဆံရေးကောင်းတယ်တဲ့...အဲ့ဒါ ဥက္ကဌသွမ့်ရဲ့ သားဖြစ်နေမလား..."


" အဲ့ဒါ ဖြစ်နိုင်တယ်..."


ဥသြငှက် ကုမ္ပဏီ၏ ဥက္ကဌ ကျိုးဖန်းက ထိုအကြောင်း ကြားသောအခါ အံ့သြသွားရင်း အမြန်မေးလိုက်မိသည် 


" သူက သွမ့်မိသားစုရဲ့ သခင်လေးလား...နွေဦးဆောင်းဦးခန်းမက တစ်ယောက်ပေါ့..."


" ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ..."


ကျိုးဖန်းက ထပ်မေးလာသည် " သူ့ဘေးက တစ်ယောက်က NTက ကျန်ရှန်းလား..."


ထိုလူက ရယ်ချင်စိတ်ကို ထိန်းပြီး လှောင်ပြောပြောလိုက်သည် " ဥက္ကဌကျိုး...နယ်ပယ်တစ်ခုတည်းမှာ လုပ်နေတဲ့ သူတွေကိုတောင် သတိမထားမိဘူးလား..." 


ဥသြငှက်ကုမ္ပဏီနှင့် NTက ပြိုင်ဘက်များ ဖြစ်သည်။ ဥသြငှက်က သက်တမ်းကြာပြီဖြစ်သည့် နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်ပြီး NTက တက်သစ်စ ကြယ်ပွင့်လေး ဖြစ်သည်။ သူတို့တွင် သူတို့ကိုယ်ပိုင် ကောင်းသည့်အချက်များ ရှိသည်။ သို့သော်လည်း လူတော်တော်များများက ဥသြငှက်မှာ ယခင်ကလောက် မထိုးဖောက်နိုင်တော့ပဲ ကျဆင်းသွားပြီဟု ခံစားမိကြသည်။


ကျိုးဖန်းက ကျန်ရှန်းအကြောင်း မသိ၍ မဟုတ်ပေ။ သူက အံ့သြသွားကြောင်း ပြလိုက်ခြင်းသာ။ ယခင်က ယာ့လန်ကို ကူညီရမည့်အတွက် သူက နွေဦးဆောင်းဦးခန်းမ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။ သူက နွေဦးဆောင်းဦးခန်းမက အခြေတည်နိုင်ရုံလောက်သာ လုပ်နိုင်မည်ဟု ထင်ခဲ့မိ၍ပင်။ NTနှင့် ဆက်သွယ်နိုင်စွမ်း ရှိလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။


နွေဦးဆောင်းဦးခန်းမက အခြားသူနှင့် ပူးပေါင်းသွားလျှင် သူ ဂရုစိုက်မိမှာ မဟုတ်သော်လည်း NTနှင့် ပူးပေါင်းသွား၍ မျက်နှာဖြတ်ရိုက်ခံရသလို ဖြစ်သွားလေသည်။


ကျိုးဖန်းက သွားစရာရှိသည်ဟု အကြောင်းပြရင်း ညစာစားခန်းမှ ထွက်ကာ ရွှီယာ့ဇယ်ဆီ ဖုန်းခေါ်တော့သည်။


သူလက်ထပ်ထားသည့် သူ့အမျိုးသမီးက ရွီယာ့ဇယ်၏ အဒေါ်ဖြစ်၍ ဝါစဥ်လိုက်ဆို ရွှီယာ့ဇယ်က သူ့ကို ဦးလေးခေါ်ရပေမည်။


ဖုန်းက လိုင်းမိသွားသည်။ ရွှီယာ့ဇယ်ဘက်ကနေ မရပ်မနားတီးနေသည့် သီချင်းသံများ ထွက်လာသည်။


 " ဦးလေး...ဘာကိစ္စရှိလို့လဲ..."


ရွှီယာ့ဇယ်က ဆူညံသည့် နေရာကနေ ထွက်လာ၍ထင် သီချင်းသံက တဖြေးဖြေး တိုးလာသည်။


ကျိုးဖန်းက မေးလိုက်သည် " ဒီနေ့က သောကြာနေ့လေ...မင်းမှာ အလုပ်မရှိဘူးလား..."


ရွှီယာ့ဇယ်က ပြန်ဖြေလာသည် " ရုံးမှာက ဘာလုပ်စရာရှိလို့လဲ...မနက်ဖြန် ပြပွဲတက်ရဦးမှာမို့လား...နားနေတာပေါ့...ဘာလုပ်ဖို့ ခေါ်တာလဲ..." 


တစ်ခုသိထားရမည်က အနှီ စျေးပေါသော တူတော်မောင်က သူ့မိသားစုကြောင့် ဆိုးဝါးနေသည့်အပြင် အပြစ်တင်ဖို့ကလည်း ကိုယ်က အပြင်လူဖြစ်နေသည်။ 


ကျိုးဖန်း၏ မျက်နှာက အေးစက်သွားသော်လည်း သူ့အသံကို ထိန်းထားရသည် " အခုလေးတင် သွမ့်ရှူးထုံကို တွေ့ခဲ့တာ ...သူက ကျန်ရှန်းနဲ့ သိနေတယ်..."


" ဘယ်က ကျန်ရှန်းလဲ..." ရွှီယာ့ဇယ်က စိတ်မရှည်သလို မေးလာသည်။ ဒီဦးလေးဆိုတဲ့သူက ဘာတွေပြောနေတာလဲ။ အရမ်း ထူးဆန်းနေတယ်။


ကျိုးဖန်းက ပြောစရာစကားမဲ့သွားရသည် "... မင်း အနည်းဆုံးတော့ NTရဲ့ ဥက္ကဌကို သိရမယ်လေကွာ..." 


“စဥ်းစားကြည့်လိုက်ဦးမယ်...သြော်...ဟုတ်ပြီ...သူက ဦးလေးရဲ့ ပြိုင်ဘက်မို့လား..." ရွှီယာ့ဇယ်က စကားရပ်လိုက်ပြီးနောက် သူ့လေသံက ချက်ချင်း ပြောင်းသွားလေသည်


 " သွမ့်ရှူးထုံက ကျန်ရှန်းနဲ့ သိတယ်ဆိုတော့...ပြောချင်တာက..."


ကျိုးဖန်းက သက်ပြင်းချမိသည် " မင်း ငါ့ကို နွေဦးဆောင်းဦးခန်းမနဲ့ မပူးပေါင်းနဲ့လို့ ပြောခဲ့တာ ...အခုတော့ သူတို့က NTကို ရှာလိုက်ကြပြီ..."


" အဲ့ဒီတော့ ဘာဖြစ်လဲ..." အစပိုင်းတွင် အံ့သြသွားသော်လည်း ရွှီယာ့ဇယ်က အရေးကြီးသည်ဟု မထင်ပေ။ " မနက်ဖြန် အဲ့ဒီသခင်လေးသွမ့်ဆိုတာနဲ့ မိတ်ဆက်ပေး..." 


ထို့နောက် ဖုန်းချသွားလေသည်။


ကျိုးဖန်း "...."


သောက်ကျိုးနည်း! မင်းက နွေဦးဆောင်းဦးခန်းမက NTနဲ့ ပူးပေါင်းသွားတာတောင် သောက်ဂရုမစိုက်ဘူးပေါ့။ ဒါပေမယ့် ငါကတော့ စိုက်တယ်။ သူများတွေသာ ဒီအကြောင်း သိသွားကြရင် ငါ့မှာ မျက်နှာထားစရာ ရှိပါဦးမလား။ အထူးသဖြင့် ဟိုကျန်ရှန်းဆိုတဲ့ တစ်ယောက်။ သူ ငါ့နောက်ကွယ်မှာ ရယ်နေလောက်တယ်။ ကျိုးဖန်းက စဥ်းစားနေမိသည်။


အပြင်ပိုင်းတွင်တော့ သူက နွေဦးဆောင်းဦးခန်းမ၏ ခွန်အားကို အသိအမှတ်မပြုဘူးဟု ပြောနေသော်လည်း စိတ်ထဲတွင်က သူတို့အရည်အချင်းကို အသိအမှတ်ပြုမိသည်။


ဒီသခင်လေးသွမ့်က အနာဂတ်မှာလည်း အားကိုးလို့ရနေသရွေ့ နွေဦးဆောင်းဦးခန်းမက တိုးတက်လာရုံသာ ရှိပြီးတော့ သူတို့နဲ့ ပူးပေါင်းချင်တဲ့ ကုမ္ပဏီတွေလည်း များလာမှာပဲ။


သို့သော်လည်း ကျိုးဖန်းတစ်ယောက်သာ ဗီလိန်လို ဖြစ်နေသည်။ သွမ့်ရှူးထုံနှင့် ကျန်ရှန်းကဖြင့် စကားစပြောကတည်းက ဥဩငှက်ကုမ္ပဏီအကြောင်း တစ်ခွန်းမှ မပြောမိကြပေ။


သွမ့်ရှူးထုံက ယခုလိုပွဲမျိုးကို ပထမဆုံးအကြိမ် တက်ဖူးမှန်း သိလိုက်ရ၍ သူက အခြေအနေအချို့ကို မိတ်ဆက်ပေးပြီး စိတ်ဝင်စားစရာ ကိစ္စများကိုပါ ပြောခဲ့၍ သွမ့်ရှူးထုံမှာ ခေါင်းငုံ့ပြီး ရယ်နေရသည်။ 


“ကျန်ရှန်း..." ရှီသွမ်းက ရုတ်တရက် ပြောလာလေသည်


 " ဟိုမှာ လူတစ်ယောက်က ခင်ဗျားကို ရှာနေတယ်..."


ကျန်ရှန်းက ဇဝေဇဝါနှင့် မော့ကြည့်လိုက်၏။ 

ဘယ်သူမှလည်း မရှိပါဘူး။ 


သူက ခေါင်းပြန်လှည့်လာရင်း ရှီသွမ်းကို မေးရန်ပြင်မည်အပြု ရှီသွမ်း၏ မျက်နှာအမူအရာကို တွေ့လိုက်ရသည်။ သူက သေချာနားမလည်သော်လည်း တစ်ဖက်လူက သူ့ကို မောင်းထုတ်ချင်နေမှန်း သိလိုက်၍ အပြုံးလေးနှင့် ထရတော့သည်။


 " ဒါရိုက်တာသွမ့်...ကျွန်တော် ဟိုကို သွားကြည့်လိုက်ဦးမယ်...ပြီးမှ စကားပြောကြတာပေါ့..." 


“နောက်မှတွေ့ကြတာပေါ့...ဥက္ကဌကျန်..." လူငယ်လေးက အပြုံးလေးနှင့် ခေါင်းညိမ့်ပြလာသည်။


ကျန်ရှန်းထွက်သွားပြီးနောက် စားပွဲလေးက ထပ်ပြီး တိတ်ဆိတ်သွားလေသည်။ သွမ့်ရှူးထုံက အစားကိုသာ အာရုံစိုက်နေလိုက်သလို ရှီသွမ်းကလည်း ခေါင်းငုံ့ပြီး ကော်ဖီသောက်နေသည်။


သူတို့ ဒီလိုမျိုး ဆက်သွားနေ၍ မဖြစ်ပေ။ သွမ့်ရှူးထုံက သက်ပြင်းချလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရှီသွမ်းဘက်က စပြောလာသည် " နေ့လည်မှာ ကိုယ် လုပ်စရာလေး ရှိလို့ မင်းနဲ့ အတူရှိပေးနိုင်မှာ မဟုတ်ဘူး...တကယ်လို့ မင်း ပျင်းတယ်ဆိုရင်..." 


“ ရပါတယ်...မပျင်းပါဘူး...ကျွန်တော် ဖုန်းကြည့်နေလို့ ရပါတယ်..." သွမ့်ရှူးထုံက ရှီသွမ်း မအားဘူးဆို၍ ဝမ်းသာသွားသည်။ သူက ခုနက ရှီသွမ်းနှင့် ဘယ်လိုပြောဆိုဆက်ဆံရမလဲ မသိသလို ဖြစ်နေခဲ့သည်။


ရှီသွမ်းက ဘာမှ ထပ်မပြောတော့ပေ။


စားသောက်ပြီးနောက် နှစ်ယောက်သား ခေါင်းလေးလေးနှင့် အခန်းဆီ ပြန်သွားလိုက်ကြသည်။ သွမ့်ရှူးထုံက ဆိုဖာပေါ် မှီလိုက်ရင်း ဖုန်းကြည့်နေလိုက်သည်။ သူက ဝေ့ပေါ်တွင် " ကုမ္ပဏီကြီးသုံးခု၏ အချစ်ခံလေး" ဆိုသည့် ခေါင်းစဥ်အကြောင်း ပြောနေကြသေးသည်ကို မြင်သောအခါ မထိန်းနိုင်ပဲ ရယ်လိုက်မိသည်။


နောက်ထပ် tagတွဲထားသည်များလည်း ရှိသည်။ " big shot ကြီးသုံးခုက ငါ့ကိုရဖို့ တိုက်နေကြတယ်" " ပြန်လည်မွေးဖွားလာပြီးနောက် big shotသုံးခု၏ ကလေးလေး ဖြစ်လာခြင်း"။ ထိုကြောင်တောင်တောင် မှတ်ချက်များက ရှက်စရာကောင်းသလို ရယ်စရာလည်း ကောင်းနေသည်။


အင်တာနက်က လူတွေက တကယ်ပါရမီရှိကြတာပဲ။


သူက ဟိုင်မြို့တော်ကို ရောက်ပြီဆိုသည့် အကြောင်း သူ့အိမ်ကို မပြောရသေးမှန်း ရုတ်တရက် အမှတ်ရသွားသည်။ ထို့ကြောင့် သူက စကားပြောဂရုထဲကနေ မက်ဆေ့ချ် ပို့ထားလိုက်သည်။ အားလုံး အလုပ်ရှုပ်နေကြ၍ထင် တစ်ယောက်မှ ပြန်မဖြေလာပေ။


သွမ့်ရှူးထုံက ပျင်းပျင်းရိရိနှင့် ဖုန်းလျှောက်ကြည့်နေမိသည်။ ထို့နောက် တံခါးခေါက်သံတစ်ခု ပေါ်လာသည်။


သွမ့်ရှူးထုံက ဟိုတယ်ခန်းတံခါးကို ဖွင့်ပေးလိုက်ရာ အဝတ်ဆိုင်မှ အင်္ကျီလာပို့မှန်း တွေ့လိုက်ရသည်။ အဝတ်က နှစ်စုံ ဖြစ်နေသည်။ sizeမတူသော်လည်း စတိုင်က တော်တော်လေး တူနေသည်။ ဘာလို့ နှစ်စုံကြီး ဖြစ်နေတာလဲ။


" မစ္စတာသွမ့်ပါလား..."


" ဟုတ်ပါတယ်..."


" ဘေးအခန်းမှာ နေတဲ့ မစ္စတာရှီက မရှိလို့ပါ...သူက မစ္စတာသွမ့်ဆီမှာပဲ နှစ်စုံစလုံး ပေးခဲ့ဖို့ ဖုန်းဆက်ခဲ့ပါတယ်... အဆင်ပြေပါရဲ့လား..." 


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလာသည် " ရပါတယ်ဗျာ...ကျွန်တော် ယူထားလိုက်မယ်...အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါ..."


သူက စျေးနှုန်းကို သေချာအောင် မေးလိုက်ရသေးသည်။ ထို့နောက် သူက အင်္ကျီနှစ်စုံစလုံးကို ယူလိုက်ပြီး တံခါးပိတ်ကာ အဝတ်ဗီရိုထဲ ချိတ်ထားလိုက်သည်။ သေချာယှဥ်ကြည့်မှ ဝတ်စုံနှစ်စုံမှာ တူသယောင်ယောင်နှင့် အနည်းငယ် ကွဲပြားနေမှန်း တွေ့လိုက်ရသည်။


တစ်စုံက တည်တည်ငြိမ်ငြိမ်နှင့် လူကြီးဆန်သည့်ဘက်ကို သွားပြီး နောက်တစ်စုံက ပေါ့ပေါ့ပါးပါးနှင့် လူငယ်ဆန်သည့်ဘက်ကို သွားသည်။


သွမ့်ရှူးထုံက ရှီသွမ်း၏ စဥ်းစားတတ်ပုံကို တစ်ကြိမ်ထပ်ပြီး ချီးကျူးမိသွားသည်။ သူက သေချာစဥ်းစားကြည့်ပြီးနောက် ဝီချတ်ကနေ မက်ဆေ့ချ် ပို့လိုက်သည် : [ဝတ်စုံတွေ ရလာပြီ...]


ရှီသွမ်းက တစ်စက္ကန့်အတွင်း ပြန်ပို့လာသည် : [ကောင်းတာပေါ့...]


ဟမ်...သူက အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား...


သွမ့်ရှူးထုံက ရှီသွမ်းဆီ ချက်ချင်း ငွေလွှဲပေးလိုက်သော်လည်း ရှီသွမ်းက ချက်ချင်း လက်မခံသေးပေ။ တစ်မိနစ်ကြာအောင် စောင့်ပြီးမှ သူ့ဘက်က ငွေလက်ခံသည့် ခလုတ်ကို နှိပ်လာသည်။


သွမ့်ရှူးထုံ၏ ရင်ထဲ ထပ်ပြီး ရှုပ်ယှက်ခတ်သွားသည်။ ရှီသွမ်းနှင့် ပတ်သက်နေသည့် ကိစ္စဖြစ်နေသရွေ့ ရှုထောင့်အမျိုးမျိုးကနေ

တွေးပြီး စိတ်ကူးတို့ အရိုင်းဆန်နေခဲ့ပုံပင်။ သူ၏ အသိစိတ်အာရုံတို့က ပြတင်းပေါက် အပြင်ဘက်သို့ လွှင့်ထွက်သွားပုံရသည်။ ကျိုးကြောင်းစဥ်းစားပြီး စိတ်နှင့်ကိုယ်ကပ်အောင် လုပ်ရုံသာရှိတော့လေသည်။




👨‍❤️‍👨