Chapter 64
Viewers 4k

👨‍❤️‍👨Chapter 64

လမင်းကြီးနဲ့ မိုးမခပင်ရဲ့ အခက်အလက်များထက်ဝယ်



နှစ်ယောက်သား အတူတူပြန်လာသည့်အချိန် လက်တွဲမထားသော်လည်း ချိုမြိန်မှုအပြည့် ဖြစ်နေသည်။ နှုတ်ဆက်လိုက်ပြီးနောက် ရှီသွမ်းက သူ့ကို စိုက်ကြည့်လိုက်ရင်း သတ္တိမွေးကာ ပြောလိုက်သည် 


" ကိုယ်..."


သွမ့်ရှူးထုံက ပြုံးလိုက်ရင်း သူ့ကို တားလိုက်သည်။


 " ပွဲပြီးမှ ဒီအကြောင်း ဆက်ပြောရအောင်လေ..."


ရှီသွမ်းက အမြန်ခေါင်းညိမ့်ပြလာသည် " မင်းပြောတာ နားထောင်ပါ့မယ်..."


ကြောင်တောင်တောင်နိုင်သော်လည်း ချစ်ဖို့ကောင်းနေသည်။


အိမ်ပြန်ရောက်သည့်အချိန် သွမ့်ရှူးထုံက သူ့လက်ဆောင်ကို ထုတ်လိုက်မိသည်။


သူက အရွယ်တင်စေသည့် skincareကို အထူးပြုလုပ်ခဲ့ပြီး သခင်မကြီးတုံးကို ပေးခဲ့သည်။ သူမက လက်ခံသည့်အချိန် အံ့သြတကြီး ဖြစ်နေခဲ့သည်။ အဖေသွမ့်ကို ဆံသားထိန်းသည့် ထုတ်ကုန်ကို ပေးခဲ့သည်။ အဖေသွမ့်က အနည်းငယ် ခေါင်းပြောင်ချင်နေ၍ပင်။ သွမ့်စစ်ဖူကို ပေးသည့် လက်ဆောင်က ထူးခြားသည်မျိုးမဟုတ်သော်လည်း လုပ်ဆောင်ချက်က ထိရောက်သည်။


မိသားစု ညစာစားပြီးသည့်အချိန် သခင်မကြီးတုံးက ရုတ်တရက် စကားဆိုလာသည် " ထုံထုံ...နောက်ဆုံးတစ်ခေါက်တုန်းက ရှီသွမ်းကို ကောင်မလေးတွေ မိတ်ဆက်ပေးဖို့ အမေ့ကို ပြောခဲ့သေးတယ်လေ...အဲ့ဒါ ဘယ်လိုဖြစ်သွားလဲ မပြောပြရသေးဘူးနော်..."


သွမ့်ရှူးထုံ "...." သူ ဒီမှတ်ဥာဏ်ကို ဖျက်ပစ်လို့ရနိုင်မလား...


သူ့အမေ၏ အတင်းပြောချင်နေသည့် မျက်နှာအမူအရာကို တွေ့သောအခါ သွမ့်ရှူးထုံက ဝမ်းနည်းသွားဟန်ဆောင်ရင်း ခေါင်းခါပြကာ ပြောလိုက်သည် " ဘာမှဖြစ်မသွားပါဘူး..."


တုံးဟန်ယွဲ့က ပျော်သွားကာ အထူးတဆန်းပြောလာသည် " အဲ့ဒါကောင်းတယ်...အမေ ဒီနေ့ ရှောင်ဖူနဲ့ ရှီသွမ်းရဲ့ ကောလဟာလသတင်းကို ကြားခဲ့တာ...သတင်းက မှားနေပေမယ့် အမေတော့ မဖြစ်နိုင်ဘူးလို့ မထင်ဘူး....ရှောင်ဖူ...သမီးရော ဘယ်လိုမြင်လဲ..."


သွမ့်ရှန်ယဲ့က သူလည်း စဥ်းစားမိသည့် ပုံစံမျိုး ခေါင်းညိမ့်ပြလာသည်။


သူ ယခင်က မတွေးခဲ့မိသည်က သွမ့်စစ်ဖူက စိတ်ဓါတ်ခိုင်မာပြီး ရှီသွမ်းကလည်း အေးစက်စက်နှင့် အလုပ်ကြိုးစားသည့်သူ ဖြစ်နေ၍ပင်။ သူတို့နှစ်ယောက်က အသက်အတူတူလောက် ဖြစ်သော်လည်း အရှိန်အဝါက လုံးဝကွာခြားနေသည်။ ထို့ကြောင့် သူက မတွဲမိခဲ့ခြင်းပင်။


သို့သော်လည်း ယခုက တွဲဖက်ကောင်းဖြစ်တော့မည့်ဟန်ရှိသည်။


သွမ့်စစ်ဖူက အပြတ်ပြောလာသည် " သမီး အသက်သုံးဆယ်မတိုင်ခင်ထိ အိမ်ထောင်ပြုဖို့ မစဥ်းစားထားဘူး..."  


တုံးဟန်ယွဲ့မှာ ရွေးချယ်စရာ မရှိတော့၍ သွမ့်ရှူးထုံကို မေးရတော့သည် " သားလေး ရှီသွမ်းနဲ့ ခင်လာတာ ကြာပြီပဲ....ဓါတ်ပုံတွေထဲမှာလည်း စကားပြောနေကြတာ တွေ့တယ်...တစ်ခြားသူဆိုရင်ရော ဘယ်လိုထင်လဲ..."


" သေချာတာပေါ့..." သွမ့်ရှူးထုံက တွန့်ဆုတ်ခြင်းမရှိ ဖြေလာသည်။


တုံးဟန်ယွဲ့က ထပ်မေးလာသည် " သားရဲ့ အစ်မနဲ့ဆိုရင်ရော လိုက်ရဲ့လား..."  


သွမ့်ရှူးထုံ "..." ဆောရီး...သူနဲ့မှ လိုက်တယ်လို့ ထင်တာပဲ။


သို့သော်လည်း ယခု ပြောလို့မရနိုင်သေးပေ။ သူပြောလိုက်သည်နှင့် ပွဲပြီးမှာ မဟုတ်တော့မှန်း ခန့်မှန်းမိသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလာသည် " ရှီသွမ်းက လောလောဆယ် လက်ထပ်ဖို့ အစီအစဥ် မရှိသေးဘူး...သူ့မှာ စိတ်ကူးရှိလာတဲ့အချိန် ကျွန်တော် ပြောပြလိုက်ပါ့မယ်..."


ထိုနေ့မျိုးရှိလာလျှင် သွမ့်မိသားစုတစ်ခုလုံး တုန်လှုပ်သွားနိုင်လောက်သည်ဟု ခန့်မှန်းမိသည်။


ထွေရာလေးပါး ပြောကြပြီးနောက် သွမ့်ရှန်ယဲ့က စာကြည့်ခန်းထဲ သွားပြီး စာရွက်စာတမ်းတစ်ခု ထုတ်လာခဲ့ကာ တုံးဟန်ယွဲ့နှင့် သွမ့်စစ်ဖူတို့ရှေ့မှာတင် သွမ့်ရှူးထုံကို ပေးလိုက်ရင်း စိတ်အားထက်သန်စွာ ပြောလာသည် 


" ဒီတစ်ခေါက် မင်းကို ခေါ်တာက မိသားစုတွေ့ဆုံပွဲအတွက်ရော ဒီအတွက်ရောပဲ...မင်းအမေနဲ့ အစ်မက ဆွေးနွေးထားပြီးပြီ...မင်းမှာ ဆေးဝါးနဲ့ ပတ်သက်တဲ့ ပါရမီ ရှိနေမှတော့ ဘာလို့ နွေဦးဆောင်းဦးခန်းမကို မင်းဆီ မပေးလိုက်ရမှာလဲ...အနာဂတ်မှာ မင်းက ပိုင်ရှင်ဖြစ်လာမှာ...ဒါကြောင့် မင်းပိုပြီး စိတ်နှစ်ထားရမယ်နော်..."   


လွန်ခဲ့သည့် လအနည်းငယ်က သွမ့်ရှန်ယဲ့မှာ နွေဦးဆောင်းဦးခန်းမက အောင်မြင်မှုများကို တွေ့ပြီးနောက် သဘောပေါက်သွားခဲ့သည်။ သူ့သားက ဆေးပညာတွင် အောင်မြင်အောင် လုပ်နိုင်မှတော့ သူလည်း မန်နေဂျာအဖြစ်ထားဖို့ ကန့်သတ်မနေတော့ပေ။


သွမ့်ရှန်ယဲ့က သားရော သမီးရော ထူးချွန်ကြ၍ အရမ်းဂုဏ်ယူမိသည်။ သူနှင့်သက်တူရွယ်သူများက သူ့ကို အားကျသည့်အသံနှင့် မကြာခဏ ပြောတတ်ကြသည်။ သူတို့သားတွေဆီက အလိမ်ခံရတဲ့ ယာ့လန်နဲ့ လိရှစ်တို့နဲ့ ဘယ်တူနိုင်မှာလဲ။


ထိုနှစ်ယောက်အကြောင်း စဥ်းစားမိသောအခါ သွမ့်ရှန်ယဲ့က ရုတ်တရက် အတည်တကျ ပြောလာသည်။


 " မင်း ယာ့လန်နဲ့ လိရှစ်တို့ရဲ့ ကလေးတွေလို မတူရဘူးနော်...မဟုတ်ရင် မင်းရဲ့ ဘိုးဘွားခန်းမက မထူထောင်နိုင်ပဲ နေလိမ့်မယ်..."


သွမ့်ရှူးထုံက ရွှီယာ့ဇယ်၏ လက်ရှိအခြေအနေကို သိသော်လည်း လိရှောင်းက...


" လိရှောင်း ဘာဖြစ်သွားလို့လဲ..." သွမ့်ရှူးထုံက အံ့သြသလို မေးလိုက်သည်။


တုံးဟန်ယွဲ့က ရှင်းပြပေးလာသည် " သူက မိန်းကလေးတစ်ယောက်ကြောင့် လင်မိသားစုနဲ့ ပြသနာဖြစ်သွားတာမို့လား...လင်မိသားစုက ကောင်လေး က သူ့ညီမအတွက် လက်စားချေချင်လို့ လိရှောင်းဦးစီးနေတဲ့ ကုမ္ပဏီကို ဒေဝါလီခံရအောင် လုပ်ခဲ့တာ...အဲ့ဒီအတွက်နဲ့ လိမိသားစုလည်း တော်တော်လေး ထိခိုက်သွားခဲ့တယ်...လင်မိသားစုနဲ့ လိမိသားစုက လက်စားချေဖို့ အချိန်ယူနေကြတာ..." 


"ဒေဝါလီခံလိုက်ရတာလား..." သွမ့်ရှူးထုံက ပိုပြီး အံ့သြသွားရသည်။ သူက ထိုအကြောင်း လုံးဝမသိချေ။ လိရှောင်းကလည်း ဇာတ်လိုက်တစ်ယောက်လေ။ သူက လွယ်လွယ်နဲ့ ဒေဝါလီ ခံလိုက်ရတယ်ပေါ့။


သူက သေချာတွေးကြည့်ပြီးနောက် အဖြေရှာနိုင်သွားသည်။


မူရင်းစာအုပ်ထဲတွင် လိရှောင်းက အစပိုင်းတွင် လင်မိသားစုနှင့် တိုက်ဖို့ ယုံကြည်ချက်မရှိ၍ စေ့စပ်ပွဲကို မဖျက်သိမ်းခဲ့ပေ။ ဖိန်ရော့ဝိန်းက ကိုယ်ဝန်ကြီးနှင့် ပြေးလွှားနေရသည့် နှစ်များအတွင်း သူက အလုပ်ကြိုးစားပြီး အလုပ်ထဲတွင်သာ စိတ်နှစ်ထားခဲ့သည်။ သူက လိမိသားစုကို ဖြေးဖြေးချင်း ထိန်းချုပ်ပြီး အင်အားရှိလာခဲ့သည်။ ပြန်ဆုံတွေ့ကြပြီးနောက်မှသာ သူက ညှိုနှိုင်းလို့မရပဲ အလွန်အကျွံ တာဝန်ယူတတ်သည့် ဥက္ကဌတစ်ယောက် ဖြစ်လာခဲ့သည်။


သို့သော်လည်း ယခုတွင် သူက အားနည်းနေသေး၍ လင်ဟွမ့်ဆီကနေ သေအောင်အဖိသတ်ခံလိုက်ရသည်။


တုံးဟန်ယွဲ့က ဆက်ပြောလာသည် " ဒါပေမယ့်လည်း အဲ့ဒီကလေးက တော်တော်လေး ခေါင်းမာတယ်....သူ ဒေဝါလီ ခံရပြီးတဲ့နောက်မှာ ချက်ချင်း ထွက်စာတင်ပြီး လိမိသားစုကနေ ထွက်သွားခဲ့တယ်...အမေကြားတာတော့ သူက ဟိုင်မြို့တော်ကို သွားပြီး တစ်ယောက်တည်း အလုပ်လုပ်နေတာတဲ့....အပြင်မှာ တစ်ယောက်တည်း အလုပ်လုပ်ရတာ အရမ်းပင်ပန်းမှာပဲ..." 


သွမ့်ရှူးထုံ ခေါင်းညိမ့်ပြလိုက်ရင်း ခံစားခဲ့ရသမျှ ဖြတ်ကျော်ပြီး သန်မာလာစေဖို့ မျှော်လင့်မိသည်။ 


သူက မိသားစုဝင်များ၏ မေတ္တာကို လက်ခံပြီး ကျေးဇူးတင်စကားဆိုကာ ပိုင်ဆိုင်ခွင့်လွှဲပြောင်းသည့် စာရွက်စာတမ်းကို ယူ၍ အခန်းထဲ ပြန်သွားကာ ကုတင်ပေါ်လှဲပြီး မှိန်းနေမိသည်။


သူက ရှီသွမ်းနှင့် ခွဲခွာခဲ့စဥ်က ပြောခဲ့သည့် စကားများက အပျော်သက်သက်မဟုတ်ပေ။ သူက ဘေးကျပ်နံကျပ်ဖြစ်နေခဲ့၍ပင်။


သူက လိင်တူသဘောကျတာ သူ့မိသားစုကို ဘယ်လိုပြောနိုင်မှာလဲ။ သူသာ ရှီသွမ်းနှင့် ဆက်ဆံရေးတစ်ခု ရှိချင်ရုံသက်သက်ဆိုလျှင် ထိုအရာအားလုံး စိတ်ပူနေဖို့ မလိုချေ။


ခေါင်းအုံးထဲ ခေါင်းမြုပ်လိုက်သည်နှင့် ဝီချတ်ကနေ အသံမြည်လာသည်။


ရှီသွမ်း : [လကြီးက အရမ်းဝိုင်းစက်နေတယ်...]


သွမ့်ရှူးထုံ၏ နှုတ်ခမ်းထောင့်များ အလိုလို ကွေးညွတ်သွားပြီး အိပ်ရာပေါ်မှ ဆင်းကာ ပြတင်းပေါက်ဆီ သွား၍ လိုက်ကာဖွင့်လိုက်ချိန် ကောင်းကင်ထက်က လပြည့်ဝန်းကြီးကို တွေ့လိုက်ရသည်။


နေဝင်ချိန်ပြီးတော့ လပေါ် မိုးမခင်ပင်ကြီး နေရာယူနေတယ်။


သူက ဤကဗျာ၏ ခံစားချက်များနှင့် ချစ်ခြင်းကို ရုတ်တရက် နားလည်သွားပြီး သူ့ရင်ထဲက ဝမ်းသာမှုတို့ကလည်း လှောင်အိမ်ကို ထိုးဖောက်ပြီး ဖြိုခွဲတော့မလိုပင်။


တုန်တုန်ယင်ယင်နှင့် စာပြန်လိုက်သည် :[ ခင်ဗျား ရုပ်ရှင် ကြည့်ချင်လား...]


ရှီသွမ်း :[ ကိုယ် မင်းကို လာကြိုမယ်လေ...]


သွမ့်ရှူးထုံက ချက်ချင်း ဖုန်းချပြီး အင်္ကျီလဲကာ အောက်ထပ် ဆင်းသွားလိုက်သည်။


သူ့ကို ဧည့်ခန်းထဲတွင် တွေ့လိုက်ရ၍ တုံးဟန်ယွဲ့က စိတ်ပူသလို မေးလာသည် " ညကြီး အပြင်ထွက်ဦးမလို့လား..." သူမသားက ကောင်မလေးရှိသည့် အချိန်များတွင် အိမ်ပြန်မလာတတ်မှန်း မှတ်မိနေသေးသည်။


သွမ့်ရှူးထုံက တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလာသည် " ရှီသွမ်းနဲ့ပါ..."  


"ဒါဆိုလည်း သွားလေ...အကြာကြီးတော့ မစောင့်ရစေနဲ့နော်...စောစောပြန်လာ..." တုံးဟန်ယွဲ့က ချက်ချင်း စိတ်ပြောင်းသွားလေသည်။


အပြစ်ရှိစိတ်နှင့် သွမ့်ရှူးထုံက ဗီလာထဲမှ ထွက်လာခဲ့ပြီး လမ်းမကျယ်ကြီးဆီ သွားကာ အဟန့်အတားနား သွားရပ်လိုက်ရင်း ရှီသွမ်းဆီ မက်ဆေ့ချ်ပို့လိုက်သည် [: ကျွန်တော် ရပ်ကွက်အပြင်ဘက်က လမ်းဘေးကို ရောက်နေပြီ...]


မကြာခင် ရင်းနှီးနေသော ကားလေးက ဖြေးဖြေးချင်းကပ်လာလေသည်။


ကားလေးက သွမ့်ရှူးထုံနား ရပ်လာပြီး ကားပြတင်းပေါက်ကနေ ထိုလူ၏ နွေးထွေးသည့် မျက်လုံးများနှင့် မျက်နှာချောချောက ထွက်လာ၏။


လူငယ်လေး၏ နှလုံးသားက စည်းချက်ကို ကျော်သွားပြီး ကားထဲကို ငေးငေးငိုင်ငိုင် ဝင်သွားမိသည်။


သူက ရှီသွမ်းကို ကြည့်လိုက်ချိန် စစချင်းတွင် သတိမထားမိသော်လည်း သေချာစဥ်းစားကြည့်မှ ရှီသွမ်းလည်း အဝတ်လှဲထားမှန်း တွေ့လိုက်ရသည်။


နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ကြည့်နေမိရင်း ပြိုင်တူရယ်လိုက်မိသည်။


သူတို့ရဲ့ နှလုံးသားကြောင့် တင်မက အဝတ်အစားလဲခဲ့သည့် နောက်ကွယ်က အတွေးသေးသေးလေးကြောင့်လည်း ပါသည်။


အရေးတော့မပါပါဘူး...ဒါပေမယ့် ရင်ထဲ ထိသွားစေတယ်...


"ရှီယွိကို ဘောလုံး ပေးပြီးသွားပြီလား..."


နေရခက်နေသည့် လေထုကို ပြေလျော့သွားအောင် သွမ့်ရှူးထုံက ဟိုဟိုသည်သည် မေးလိုက်သည်။


ရှီသွမ်းက ကားစက်နှိုးလိုက်ရင်း ပြန်ဖြေလာသည် " ပို့ပြီးပြီ..."


" သူ ဘယ်လိုဖြစ်သွားလဲ..."


" အရမ်း ပျော်နေတာ..." ရှီသွမ်းက စကားရပ်လိုက်ပြီးမှ မနေနိုင်ပဲ နှုတ်ခမ်းတို့ ကော့တက်သွားသည်


 " အကြံပေးတဲ့အတွက် ကျေးဇူးပါ..."


စကားလုံးများက ရိုးရှင်းသော်လည်း စိတ်ရင်းတို့ ပါနေသည်။


ကားလေးက တိတ်ဆိတ်သော အိမ်ယာထဲမှ ထွက်လာခဲ့ပြီးနောက် သက်ဝင်တက်ကြွနေသော စျေးထဲသို့ ဝင်ရောက်သွားသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ နီယွန်မီးရောင်များကို ဖြတ်၍ သွမ့်ရှူးထုံက သူ့မျက်နှာပေါ်ရှိ နူးညံ့မှုတို့ကို မြင်နေရသည်။ လူကို ထိုင်ရမလို ထရမလို ဖြစ်စေသည့် ခံစားချက်ပင်။


ဒီခံစားချက်က ချစ်နေမိတဲ့ ခံစားချက်ကြီးလား။


သေချာစဥ်းစားကြည့်မိသည်။


လူချမ်းသာများနေသည့် အိမ်ယာနယ်နိမိတ်တွင် သီးသန့်ရုပ်ရှင်ရုံတစ်ခု ရှိသော်လည်း သူတို့နှစ်ယောက်က သာမန်လူများသွားသည့် ရုပ်ရှင်ရုံဆီသာ သွားချင်ပြီး လူကြားထဲ ရင်ခုန်စိတ်လှုပ်ရှားကြည့်ချင်၍ပင်။


ကားလေးက ရှော့ပင်းမော၏ မြေအောက်ကားပါကင်တွင် ရပ်သွားပြီး နှစ်ယောက်သား ဓါတ်လှေကားနှင့် အပေါ်တက်သွားလိုက်သည်။


ပွဲတော်ရက်ဖြစ်၍ ရှော့ပင်းမောက လူစည်နေပြီး ဓါတ်လှေကားက လူပြည့်နေသည်။ သွမ့်ရှူးထုံက အတွင်းဘက်နံရံတွင် ညှပ်နေပြီး သူ့ဘေးကလူဆီကနေ တံတောင်နှင့် ခဏခဏ ထိုးခံနေရ၍ မျက်မှောင်ကြုပ်နေမိသည်။


ရှီသွမ်းက ရုတ်တရက် လှည့်ကြည့်လာပြီး သူ့ကို ဓါတ်လှေကားထောင့်ထဲသို့ ဆွဲခေါ်၍ ခရီးသည်များကို ကျောပေးကာ သူ့ကို ရင်ခွင်ထဲထည့်၍ ကာပေးထားလေသည်။


သွမ့်ရှူးထုံက တောင့်ခဲသွားရသည်။


သူတို့နှစ်ယောက်က တစ်ယောက်အသက်ရှူသံကို ပြန်ကြားရသည်အထိ နီးကပ်နေပြီး ရှီသွမ်းကလည်း အတိုးခံရ၍ ရှေ့ကို ငိုက်ငိုက်လာရင်း သူ့နှာခေါင်းထိပ်နှင့် လူငယ်လေးမျက်ခုံးတို့ ထိမိကုန်သည်။


တစ်ချိန်တည်းမှာပင် သွမ့်ရှူးထုံ၏ နှာတံက နွေးထွေးပြီး နူးညံ့သည့် အရာတစ်ခုနှင့် ထိမိသွား၍ ရုတ်တရက် အသက်ရှူဖို့မေ့သွားရသည်။


" ဒင်" ဆိုသည့်အသံနှင့် ဓါတ်လှေကားတံခါး ပွင့်လာပြီး ခရီးသည်များက အထပ်လိုက် ထွက်သွားကြသည်။ သွမ့်ရှူးထုံက ဦးအောင် တုံ့ပြန်လိုက်ပြီး လက်ဆန့်ကာ ထိုင်ခုံကို တွန်းလိုက်သည်။


ရှီသွမ်းက အကြည့်ကို အောက်ပို့လိုက်ရင်း သွမ့်ရှူးထုံနှင့် အတူတူ ဓါတ်လှေကားထဲမှ ဆင်းခဲ့သည်။


သွမ့်ရှူးထုံက သူ့ဆီ ကြည့်လိုက်ရာ သူ့နားရွက်များက နီရဲနေ၍ စိတ်ထဲ ကျိတ်ပျော်သွားရပြီး စောစောက ရှက်စိတ်လည်း ပျောက်သွားသည်။


မထိတထိ နမ်းမိသွားသော်လည်း ဘာမှရှက်စရာမရှိပေ။


သူတို့က ရုပ်ရှင်ရုံကို ရှာတွေ့သွားချိန် နှစ်ယောက်သား လက်မှတ်ရောင်းကောင်တာသို့ သွားလိုက်ကြသည်။ ရလဒ်ကတော့ ယနေ့၏ ရုပ်ရှင်လက်မှတ်အားလုံး ရောင်းကုန်သွားပြီး ညလည်ခေါင် လက်မှတ်တောင် မရတော့ပေ။


သွမ့်ရှူးထုံ "..." သူ့ကို အပြစ်တင်ရမှာပဲ။ စိတ်လှုပ်ရှားနေတာနဲ့ အွန်လိုင်းကနေ လက်မှတ်ဝယ်ဖို့ မစဥ်းစားမိခဲ့ဘူး။


သူ စိတ်ပျက်သွားသည်ကို မြင်လိုက်၍ ရှီသွမ်းမှာ မနေနိုင်တော့ပေ " တစ်ခု ပြောင်းကြရအောင်..."


" တော်ပါပြီ..." သွမ့်ရှူးထုံက ခေါင်းခါပြလာသည်။ " အရင် အောက်ဆင်းကြရအောင်..." 


ရုပ်ရှင်က ရှီသွမ်းနှင့် အတူရှိချင်သည့် ဆင်ခြေတစ်ခုသာ ဖြစ်သည်။ ရုပ်ရှင် မကြည့်ရလည်း ရှီသွမ်းနှင့် အတူတူရှိရုံနှင့် လုံလောက်ပါသည်။


နှစ်ယောက်သား အရူးလို မြေအောက်ကားပါကင်ဆီ ပြန်သွားကြရတော့သည်။


ကားပေါ်တက်လိုက်ပြီးနောက် ရှီသွမ်းက မေးလာသည် "အခု ဘာလုပ်ကြမလဲ..."


မြေအောက်ကားပါကင်က မီးများက တော်တော်မှိန်၍ လူလည်း မရှိပေ။ ထိုအမျိုးသား၏ အသံက ကားထဲတွင် မသဲမကွဲ ထွက်လာသည်။


" ကျွန်တော် အရင်ဆုံး စဥ်းစားလိုက်ဦးမယ်..." သွမ့်ရှူးထုံက ခေါင်းငုံ့လျက် ပြန်ဖြေလာသည်။


" ကောင်းပါပြီ..."  


ပတ်ဝန်းကျင်က တစ်ကြိမ်ပြန်လည် တိတ်ဆိတ်သွားပြီး သွမ့်ရှူးထုံက ခြေထောက်ပေါ် လက်ပိုက်၍ သိမ့်ခနဲဖြစ်သွားကာ တစ်ယောက်ယောက်က သူ့နား ဒရမ်တီးလာတီးနေသလို နှလုံးခုန်မြန်နေသည်။  


အကြောင်းပြချက်နှင့် အသိစိတ်တို့က လွန်ဆွဲနေပြီးနောက် သွမ့်ရှူးထုံက နောက်ဆုံး အရှုံးပေးပြီး မသာမယာနှင့် ပြောလိုက်ရသည် " ပြန်ရအောင်ပါ..."


ရှီသွမ်းက နာနာခံခံ ပြောလာသည် " အင်း..."


သူက လူငယ်လေး၏ အခြေအနေနှင့် ရုန်းကုန်နေရသည့် အရာများကို နားလည်သည်။ သူက စောင့်နေမှာဖြစ်ပြီး စောင့်ဖို့လည်း ဆန္ဒရှိသည်။


အရာအားလုံးက ရှက်ကိုးရှက်ကန်းနိုင်၍ သူနှင့်အတူ ယူသွားနိုင်သည်။


တစ်လမ်းလုံး စကားမပြောခဲ့ကြပဲ ကားလေးက အိမ်ယာဝန်းထဲ ရောက်သွားချိန် သွမ့်ရှူးထုံက ရုတ်တရက် မေးလာသည် " ကျွန်တော်တို့ ဘယ်အချိန် ရှန်းချွမ်ကောင်တီကို ပြန်မှာလဲ..."


ရှီသွမ်းက လမ်းဘေးတွင် ကားရပ်လိုက်ပြီး သူ့ဆီ လှည့်ကြည့်လာသည် " ဘယ်အချိန်လောက်ဆို မင်းအတွက် အဆင်ပြေမလဲ..."


သွမ့်ရှူးထုံက ပြန်ဖြေမည်အပြု တစ်ယောက်ယောက်က ဗီဒီယိုကော ခေါ်လာလေသည်။


သူက ကောက်ကိုင်လိုက်ရာ ဟန်လင်ဖြစ်နေ၍ အများကြီး မစဥ်းစားနေတော့ပဲ ဖြေလိုက်သည်။


ညည်းညူနေသလို ဟန်လင်၏ မျက်နှာက ဖုန်းမျက်နှာပြင်ပေါ် ပေါ်လာ၏။



 " ဒါရိုက်တာသွမ့်...ကျွန်တော် အခု အိမ်ခြေယာမဲ့ ဖြစ်နေပြီ...ကျေးဇူးပြုပြီး နေခွင့်ပေးပါဦး..."


သွမ့်ရှူးထုံက မထူးခြားသလို ပြန်ဖြေလိုက်သည် " ဟိုတယ်မှာ နေလို့ရတာပဲ..."  


"ဟိုတယ်က အခန်းမရှိတော့ဘူး.." ဟန်လင်က သူ့ပတ်လည်ကို ကြည့်လာပြီး မေးလာသည် 


" ကားထဲမှာလား...ဘေးက ဘယ်သူလဲ...ဖြစ်နိုင်တာက..."


" အိုကေ...ကျွန်တော့်မှာ အိမ်တစ်လုံး ရှိတယ်...ခင်ဗျားကို တစ်ညငှားပေးမယ်..." သူက စကားရပ်ပြီး ဆက်ပြောလိုက်သည် ။


" သော့ကို ကိုယ့်ဘာသာ သွားယူလို့ရတယ်..."


ဟန်လင်က အံ့သြသွားသလို ပြုံးလိုက်၏


 " ကျွန်တော် သွားမယ်..."




👨‍❤️‍👨