ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၁၂)
အာ
ဒီနေ့ ငါ့မျက်လုံးတွေက ဘာဖြစ်လို့ ဖွင့်မရတာလဲ။
တင်းကြပ်စွာ မှိတ်နေဆဲဖြစ်သော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မနည်းဖွင့်ကြည့်လိုက်ရသည်။
ထိုသို့ လုပ်လိုက်လျှင်
"ဘုရားရေ! လန့်လိုက်တာ!"
ကျွန်မကို ကြည့်နေခဲ့သော ဆိုဗက်စ်စတာ၏မျက်နှာကို ဘွားခနဲ မြင်လိုက်ရလေသည်။
အား ... မနက်စောစောမှာ ဆိုဗက်စ်စတာရဲ့မျက်နှာကို မြင်လိုက်ရတာက ငါ့မျက်လုံးတွေအတွက် တော်တော်အန္တရာယ်ရှိတယ်။အရမ်းကို တောက်ပနေတာပဲ။
ကျွန်မ ချောင်းတစ်ချက် ဟန့်လိုက်သည်။
"ဘ ...ဘာလဲ၊ ရှင် ဒီလိုမျိုးပဲ ဆက်ကြည့်နေတော့မှာလား။"
"အင်း"
"အိပ်နေတဲ့သူရဲ့မျက်နှာကို ဘာဖြစ်လို့ ကြည့်နေရတာလဲ။"
"လှလို့ ကြည့်နေတာပေါ့။"
အား ... ရှင် ဘာတွေ ပြောနေတာလဲ!
ဘာဖြစ်လို့ ဒီလိုစကားတွေ ထပ်ပြောနေရတာလဲလို့။
ကျွန်မ၏ပါးပြင်က ပူကျစ်လာရသည်။ဆိုဗက်စ်စတာက ပြုံးလိုက်ပြီး ကျွန်မ၏ပါးကို ဆွဲညှစ်လာလေသည်။
"မင်း ဟောက်တောင် ဟောက်နေသေးတယ်။"
"ကျွန်မလား ... ဘယ်တုန်းကလဲ!"
"ခုနလေးကပဲ၊အဆင်ပြေပါတယ်ကွာ ... ချစ်စရာကောင်းတယ်။"
"မဟုတ်တာတွေ ... ဟောက်တာက ဘယ်လိုဖြစ်ပြီး ချစ်စရာကောင်းရမှာလဲ။"
"အခြားသူသာဆိုရင် ဆူညံအောင်လုပ်တဲ့အတွက် သတ်ပစ်မိမှာ အမှန်ပဲ။ဒါပေမဲ့ မင်း ဖြစ်နေလို့ကို ချစ်စရာကောင်းနေတာ။"
"..."
ကျွန်မမှာ ရယ်လည်း ရယ်ချင်၊ရှက်လည်း ရှက်မိသဖြင့် ဆိုဗက်စ်စတာကို ကြည့်နေလိုက်သည်။
သို့သော် ထိုသို့ ထူးဆန်းသောမှတ်ချက်ကို ချခဲ့သူ ဆိုဗက်စ်စတာမှာ အမှန်ပင် အေးအေးဆေးဆေး ဖြစ်နေလေသည်။
သူက တောက်ပစွာ ပြုံးရယ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။
"ကိုယ့်ကို မင်းအတွက် မနက်စာ ယူလာပေးစေချင်လား။"
အိုး ... သူက အရင်တစ်ခါလို မနက်စာဗန်းကို သယ်လာပေးမယ်ဆိုပြီး စဥ်းစားနေမယ် ထင်တယ်။
ကျွန်မ ငြင်းလိုက်သင့်သည်ဟု တွေးမိ၏။
"မလိုပါဘူး ... ကျွန်မ ထမင်းစားခန်းကို သွားပြီး စားမှာပါ။"
"ဒါဆို ကိုယ်တို့အတူတူ သွားစားရအောင်။"
ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို ကိုင်၍ ပြောလေသည်။
ကျွန်မ၏လက်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်နှာကို ပြန်မော့ကြည့်၍ ကျွန်မ မေးလိုက်မိသည်။
"ရှင် အလုပ်များမနေဘူးလား။"
"ကိုယ်လား ... အလုပ်များတာပေါ့။"
"ဒါဆို အလုပ်သွားလုပ်လေ။"
"ဒါပေမဲ့ မင်းနဲ့အတူရှိရတာက ကိုယ့်အတွက် ပိုအရေးကြီးတယ်။"
"..."
ကျွန်မ၏မျက်နှာက နောက်တစ်ကြိမ် ပူတက်လာပြန်သည်။
ကျွန်မရဲ့နှလုံးသားက မနေ့ညက အိပ်ရာဝင်ချိန်အထိ လုံလုံလောက်လောက် ခုန်ပေါက်နေခဲ့ပြီးသားပါ။
ဒါပေမဲ့ ရှင်က မျက်လုံးဖွင့်လိုက်ချိန်ကနေ စပြီး ဒီလိုတွေပဲ လုပ်နေတော့မှာလား။
ကျွန််မ ပါးစပ်ပိတ်ထားမိသလို မျက်လုံးများကိုပါ မှိတ်ထားလိုက်၏။
"ကောင်းပြီ ... အဲ့လိုပဲ လုပ်လိုက်ရအောင်။"
ကျွန်မ မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်၏။
"ရှင် ဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ။"
ကျွန်မ၏မေးခွန်းကြောင့် ဆိုဗက်စ်စတာက ဇဝေဇဝါဖြစ်သွားရပြီး ခေါင်းကို စောင်းလိုက်လေသည်။
"ဘာကိုလဲ"
"ရုတ်တရက်ကြီး ဘယ်လိုအတွေးတွေ ဝင်သွားပြီးတော့ ရှင် ကျွန်မအပေါ် ဒီလိုတွေ လျှောက်လုပ်နေရတာလဲလို့။"
"အာ ..."
ထိုအခါ သူက နားလည်သွားပုံဖြင့် ခေါင်းငြိမ့်လိုက်သည်။
"မနေ့က ဧကရာဇ်ဆီ အခစားဝင်ပြီး ဘေးမသီရန်မခဘဲ ပြန်ရောက်လာတဲ့ မင်းကို မြင်ကတည်းက ကိုယ် မင်းအကြောင်းပဲ တွေးနေမိတာ။"
"ဘာတွေ တွေးနေတာလဲ။"
"မင်းက အရမ်းအဖိုးထိုက်တန်ပြီး မြတ်နိုးစရာကောင်းတဲ့ အမျိုးသမီးလေးပဲ ... ဒီတော့ ကိုယ် လက်လွှတ်ခံလိုက်လို့ မရဘူးဆိုပြီး။"
ဆိုဗက်စ်စတာက ပြုံးလိုက်ပြီး ဆက်ပြောသည်။
"အဲ့ဒါကြောင့် မင်း ကိုယ့်ကို ပြန်ကြိုက်လာအောင် ကြိုးစားနေခဲ့တာပဲလေ ... မရဘူးလား။"
"မရဘူးပေါ့"
"ကိုယ် ဒီလိုပဲ ဆက်လုပ်နေမှာ။"
"အာ ... မရဘူးလို့။"
ကျွန်မမှာ ဆိုးသွမ်းနေသော ကလေးတစ်ယောက်နှင့် ပိုတူလာတော့သည်။သို့သော် ဆိုဗက်စ်စတာက အလျှော့မပေးပေ။
သူက ကျွန်မ၏ပါးကို နောက်တစ်ကြိမ် ဖျစ်ညှစ်လိုက်ပြီး ပြောခဲ့သည်။
"မနက်စာ သွားစားရအောင်၊ မြန်မြန်လေး အဆင်သင့်ပြင်ထားနော်။"
*
မနက်စာ စားနေချိန်တစ်လျှောက်လုံးတွင် ဆိုဗက်စ်စတာမှာ ကျွန်မအတွက် အလုပ်ရှုပ်နေတော့သည်။
အရွက်သုပ်ကို တစ်ခါတည်း တန်းစားလိုက်ရန် ခက်ခဲနေလျှင် သူက သူ့ပန်းကန်ထဲ အရင်ဆုံး ထည့်လိုက်ပြီး အကျအနလှီးဖြတ်ပြီးမှ ကျွန်မပန်းကန်ထဲသို့ ပြန်ထည့်ပေးလိမ့်မည်။ကျွန်မ၏ဖန်ခွက်ထဲတွင် ရေကုန်သွားလျှင် သူက ချက်ချင်းသတိထားမိပြီး အစေခံကို ရေယူလာခိုင်းလိမ့်မည်။ပြီးနောက် ကျွန်မ၏ပါးစပ်ကို သုတ်ပေးမည်။
အံ့ဩဖွယ်ကောင်းအောင် ပြုစုယုယပေးနေတော့သည်။
ထို့ကြောင့် ကျွန်မမှာ စိတ်မသက်မသာ ဖြစ်လာရသည်။
ကျွန်မ အခုထိ စိတ်ကို အဆင်သင့် မပြင်ဆင်နိုင်ခဲ့သေးပေ။
ဆိုဗက်စ်စတာကို ကြိုက်၊မကြိုက် မသိနိုင်သေးသော်လည်း ဆိုဗက်စ်စတာက ထိုသို့ဆွဲဆောင်နေဦးမည်ဆိုလျှင် ကျွန်မ၏ဝေဖန်ပိုင်းခြားနိုင်စွမ်းမှာ ပို၍ဝေဝါးသွားလိမ့်မည်။
ထို့ကြောင့် ယခု ဆိုဗက်စ်စတာနှင့် ဝေးဝေးနေသင့်သည်ဟု တွေးမိသည်။
"ကျွန််မ လမ်းသွားလျှောက်ဦးမယ်။"
"အတူတူ သွားရအောင်။"
ဆိုဗက်စ်စတာက ထိုသို့ပြောရင်း ထိုင်နေရာမှ ထလိုက်သည်။ကျွန်မ အလျင်အမြန် ခေါင်းခါလိုက်၏။
"ကျွန်မ တစ်ယောက်တည်း သွားမှာ။"
"အဲ့လို မလုပ်ချင်ဘူး။"
"ဘာရယ်"
ကျွန်မ နားကြားလွဲသွားသည်ဟု ထင်မိသဖြင့် ပြန်မေးလိုက်လျှင် ဆိုဗက်စ်စတာက ပြော၏။
"ကိုယ် အဲ့လို မလုပ်ချင်ဘူးလို့၊ အတူတူပဲ သွားရအောင်၊ ကိုယ်လဲ လမ်းလျှောက်ချင်တယ်။"
"မရဘူး ၊ကျွန်မ တစ်ယောက်တည်း သွားချင်တယ်လို့ ပြောနေတာလေ။"
"ဒါကြောင့်ပဲ ကိုယ် အဲ့လိုမလုပ်ချင်ဘူးလို့ ပြောနေရတာပေါ့။"
"ကျွန််မရဲ့လမ်းလျှောက်ထွက်တာနဲ့ ပတ်သက်ပြီး ရှင့်မှာ ဘာထင်မြင်ယူဆချက်တွေ ရှိနေလို့လဲ။"
ကျွန်မလည်း ဘာပြောရမှန်း မသိအောင် ဖြစ်သွားကာ ထိုသို့ ပြန်မေးလိုက်မိသည်။
"အရေးကြီးတာပေါ့။"
ဆိုဗက်စ်စတာက အောင်ပွဲရလိုက်သော အမူအရာဖြင့် ပြောလာသည်၊
"ဘာဖြစ်လို့လဲဆိုတော့ ဟောဒီ မြို့စားကြီးပိုင်နက်နယ်မြေက ကိုယ့်အပိုင်လေ။ကိုယ့်အပိုင်မြေပေါ်မှာ မင်း လမ်းလျှောက်ချင်ရင် ကိုယ်နဲ့အတူ သွားမှရမယ်။"
ဘုရားရေ
ဘယ်လိုတောင် ကလေးဆန်တာလား။
"ရှင် စိတ်မှန်နေရင် ဒီလို ပြောမှာမဟုတ်ပါဘူး၊ဟုတ်တယ်မလား။"
"မင်းလဲ စိတ်မှန်နေရင် ဒီလိုတွေ ပြောနေပါ့မလား၊ကိုယ်လဲ ကိုယ်က ရူးနေပြီလို့ ထင်ပါတယ်။"
"ရှင့်ကိုယ်ရှင် သိလို့ တော်သေးတာပေါ့။"
ဆိုဗက်စ်စတာက မျက်လုံးလှိမ့်လိုက်သည်။
"မင်း ကိုယ့်ကို ဒီလိုပဲ အငိုက်ဖမ်းနေတော့မှာလား။"
"အဲ့လိုလုပ်တတ်အောင် ကျွန်မ ဘယ်သူ့ဆီက သင်ယူထားတယ်ထင်လဲ။"
"ကိုယ့်ဆီကတော့ မဟုတ်ဘူးလို့ ထင်တယ်။"
"ရှင် သေချာလို့လား။"
"အိုဖီလီယာ ရိုင်ဇန်"
ဆိုဗက်စ်စတာ၏မျက်လုံးများက စူးရှစွာ တောက်ပလာခဲ့သည်။
အိုး ... ဒေါသထွက်လာပြီလား။
သူ အော်ငေါက်တော့မည်ဟု အလိုလိုခံစားမိသဖြင့် ကျွန်မ မျက်လုံးမှိတ်ထားလိုက်ရသည်။
သို့သော် ကျွန်မ ကြားရသည်မှာ ...
"ကိုယ့်ကိုသာ ပြန်ကြိုက်မယ်ဆိုရင် ဒီမြို့စားကြီးပိုင်နက်နယ်မြေတစ်ခုလုံးက မင်းရဲ့အပိုင်ပဲ။"
ထိုစကားမှာ အလွန်ချိုမြိန်ပြီး မှော်မှန်းထားမိသည်နှင့် တခြားစီပင်။
"ကိုယ် မင်းကို အရာအားလုံး ပေးမှာပါ။"
ဝါး ...
တစ်စက္ကန့်အတွင်း ချက်ချင်းရှော့ခ်ရသွားနိုင်လောက်တယ်။
ဒါပေမဲ့ ဒီလောက်အထိ မြှူဆွယ်ဖျားယောင်းနေတာတောင် ငါ့ဘက်က စိတ်မယိုင်သွားဘူးဆိုရင် ပိုပြီးတောင် ထူးဆန်းနေဦးမယ်လေ၊ဟုတ်တယ်မလား။
ကျွန်မ၏မျက်ဆန်များ လှုပ်ခတ်နေသည်ကို မြင်သွားရသဖြင့် ဆိုဗက်စ်စတာ၏နှုတ်ခမ်းများက လှပစွာ ကွေးညွှတ်သွားခဲ့သည်။
"ထင်ထားတဲ့အတိုင်း မင်းကို ပိုက်ဆံနဲ့ ကိုင်တွယ်နိုင်တာပဲ။"
ဆိုဗက်စ်စတာက အားရကျေနပ်စွာ ပြုံးလိုက်ပြီး ကျွန်မဆီသို့ လက်ဆန့်လာခဲ့သည်။
"ကိုယ် ပြောဖူးပါတယ်၊ ကိုယ့်မှာ မင်း တစ်သက်လုံး စိတ်ကြိုက် သုံးဖြုန်းနေနိုင်တဲ့အထိ ငွေကြေးဥစ္စာ လုံလုံလောက်လောက် ရှိတယ်လို့။"
အင်း ... မှန်တယ်။
မြို့စားကြီးရိုင်ဇန်မှာ ကြွယ်ဝမှုတွင် ပြိုင်ဖက်ကင်းသည်။
"ပြီးတော့ မင်း ကိုယ့်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဗိုက်ပြည့်သွားရလောက်တဲ့အထိ ကိုယ်က ချောမောခန့်ညားတယ်။"
ဒါက အရှက်မရှိရာကျတယ်နော် ...ဒါပေမဲ့ အမှန်ပါပဲ။
အခုပဲ ကြည့်လေ၊ကျွန်မတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရုံနဲ့တောင် ကျွန်မရဲ့နှလုံးသားက ခုန်ပေါက်နေခဲ့တာ မဟုတ်ဘူးလား။
"ဘယ်လိုလဲ ... မကောင်းဘူးလား။"
ဆိုဗက်စ်စတာက ပြောရင်း ကျွန်မ၏ပါးပြင်ကို ထိတွေ့နေခဲ့သည်။
"ကျန်နေတဲ့ ဘဝတစ်ခုလုံးစာအတွက် ကိုယ်နဲ့ အတူတူရှိနေပေးနော်။"
သူက နတ်ဆိုးသွေးနှော မဟုတ်ဘူးလို့ ဘယ်သူက ပြောတာလဲ။
ဆွဲဆောင်ညှို့ယူတတ်တဲ့နေရာမှာ သူ အတော်ဆုံးပဲ။
ကျွန်မလည်း သူ၏လှည့်ဖြားမှုကို ခံနေရပြီဟု အသေအချာ ခံစားလာရ၏။အမှန်တွင် ကျွန်မကို သူ လှည့်ဖြား၍ မရပါပေ။သို့သော် မည်သို့ပင် ဖြစ်စေကာမူ ...
ကျွန်မ ဘာကိုမှမသိတော့ပဲ ဖြည်းဖြည်းချင်း ပါးစပ်ဟလိုက်မိသည်။
ထိုအချိန်တွင်
" သ ...သခင် ခင်ဗျ!"
ထမင်းစားခန်းတံခါးမှာ ရုတ်တရက်ပွင့်သွားပြီး နေးလ်က အပြေးတစ်ပိုင်းဖြင့် ဝင်လာခဲ့၏။
"အိုး!"
ဆိုဗက်စ်စတာက လက်သီးဆုပ်၍ မျက်မှောင်ကြုတ်သွားခဲ့သည်။
"အခုလေးတင်ပဲ အဆင်ပြေတော့မလို့ကို!"
သူက ခေါင်းလှည့်ပြီး နေးလ်ကို စိုက်ကြည့်လိုက်သည်။
"ဘာကြောင့်လဲ! ဘာကိစ္စလဲ! အရေးမပါတာဆို ဝေးဝေးကိုသွားလိုက်တော့!"
အပြစ်ပြောခံလိုက်ရသော နေးလ်မှာ နောက်ဆုတ်မိလိုက်ပြီး အသက်မနည်းရှူလိုက်ရ၏။
"အဲ့ ...အဲ့ဒါက"
သူက မျက်လုံးလှိမ့်လိုက်ပြီး ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်။
ကျွန်မ အလျင်အမြန် ဝင်ပြောလိုက်ရ၏။
"နင် ဘာလို့ အဲ့လို လုပ်နေရတာလဲ။ရုတ်တရက်ကြီး ဘာသတင်းရလာလို့လဲ။"
"အရေးကြီးတဲ့ သတင်းပါ ခင်ဗျ။"
နေးလ်က ကျွန်မကို မြန်မြန်ဆန်ဆန် ပြန်ဖြေသည်။
"မားကွစ်မြို့စားရစ်ချယ်နဲ့ ကောင့်မြို့စားအမ်ဘာတို့က ရန်ပုံငွေပါတီပွဲတစ်ခု ကျင်းပဖို့ အတူတူပူးပေါင်းနေကြပါတယ်။"
"ဘာ"
ထူးဆန်းတယ်။
မားကွစ်မြို့စားရစ်ချယ်နဲ့ ကောင့်မြို့စားအမ်ဘာက သူလျှိုလုပ်တဲ့ကိစ္စနဲ့ကြောင့် စောင့်ကြည့်ခံနေရတာ မဟုတ်ဘူးလား။
ကယ်လီယန်က သူတို့ကို ဆွဲချနိုင်မဲ့ သက်သေအခိုင်အမာ ရှာနေတယ်လို့ ပြောထားပြီးတော့ ဒီကြားထဲမှာ ဘယ်လိုလုပ်ပြီး ရန်ပုံငွေပွဲ ထလုပ်နေရတာတုန်း။
ဆိုဗက်စ်စတာလည်း ကျွန်မကဲ့သို့ တွေးမိသွားပုံပင်။
သူက မျက်မှောင်ကြုတ်၍ ပြန်မေးသည်။
"သူတို့ ပြိုလဲသွားကြပြီ မဟုတ်ဘူးလား။"
"အခုထိ မပြိုလဲကြသေးပါဘူး၊ဒါပေမဲ့ အရေးနိမ့်နေပါပြီ။"
နေးလ်က ဆက်ပြောသည်။
"သူတို့ မပြိုလဲခင်လေးမှာ ရန်ပုံငွေတွေ ရှာပြီး တစ်ခုခုလုပ်ဖို့ တွေးနေကြပုံပါပဲ။"
"မင်း ဘာတွေပြောနေတာလဲ၊သေဒဏ် စီရင်ခံရမှာကွ။"
ဆိုဗက်စ်စတာ ခေါင်းခါရင်း ကျစ်ခနဲ စုတ်သပ်လိုက်၏။
"ငါ သွားသင့်တယ်။"
"အင်း ... ကျွန်မလဲ ရှင် သွားသင့်တယ်လို့ ထင်တယ်။"
ဆိုဗက်စ်စတာက ကျွန်မရှိရာသို့ ခေါင်းလှည့်လာခဲ့သည်။
ပြီးနောက် သူက ပေါ့ပေါ့ပါးပါး ပြောလာသည်။
"မင်းလဲ ကိုယ်နဲ့လိုက်ခဲ့။"
"ကျွန်မလား ... ဘာဖြစ်လို့လဲ။"
"ကိုယ်တို့ ပထမဆုံး တွဲကရဦးမယ်လေ။"
လာပြန်ပြီ ... ပထမဆုံး တွဲကဖို့
မီးတောက်လေးက ဘယ်အချိန်အထိ ကြာမြင့်နေမည်ကို ကျွန်မ အလွန် သိချင်သည်။
"စိတ်ညစ်စရာကြီး ... ကျွန်မ မသွားချင်ပါဘူး။"
"မရဘူး ... မင်း သွားက်ိုသွားဖို့လိုတယ်။"
"မဟုတ်သေးပါဘူး ... ဘာဖြစ်လို့လဲ။"
ဆိုဗက်စ်စတာက ပြန်ဖြေသည်။
"အဲ့ဒီကို သွားပြီး မင်းရဲ့အောက်လမ်းမှော်ပညာကို အသုံးပြုပေးဖို့ ကိုယ် မင်းကို ပြောနေတာ။"
"အောက်လမ်းမှော်လား"
"အင်း ...ဒီနည်းနဲ့ပဲ ကိုယ်တို့ သက်သေအတိအကျ ရမှာလေ။"
ကျွန််မ အနည်းငယ် နားမလည်သဖြင့် ခေါင်းကို စောင်းပြီး ကြည့်လိုက်သည်။
"ဒါပေမဲ့ သက်သေရှာနိုင်ရင်တောင် အိမ်ရှေ့စံမင်းသားအတွက်ပဲ အကျိုးရှိသွားမှာ။ရှင် ဒါကို မုန်းတယ်မဟုတ်လား။ဒီတော့ ဘာကြောင့်များလဲ။"
"ကိုယ်က မားကွစ်မြို့စားရစ်ချယ်ကို အိမ်ရှေ့စံမင်းသားထက် ပိုပြီးမုန်းတီးတယ်။"
ဆိုဗက်စ်စတာက ထိုသို့ ပြောရင်း နက်ခ်တိုင်းကို မသိမသာ ဖြေလျှော့လိုက်သည်။
"ပြီးတော့ အိမ်ရှေ့စံမင်းသားက ဒီကိစ္စကို စုံစမ်းစစ်ဆေးတာတွေ လုပ်နေခဲ့ပြီးသား။ကိုယ်သာ ကြားဝင်လိုက်မယ်ဆိုရင် သူ့ရဲ့တည်ရှိမှုက ထူးဆန်းသွားရတော့မှာ။ဒီတော့ ဒါကို မင်း လုပ်လိုက်တာက ပိုကောင်းပါတယ်။"
အာ
ကျွန်မမှာ ထိုအကြောင်းပြချက်ဖြင့် ဖျောင်းဖျခံလိုက်ရလေသည်။
ကျွန်မ ခေါင်းငြိမ့်ပြလိုက်၏။
"ဆိုလိုတာက ကျွန်မကို ရှင့်အတွက် ကူညီပေးစေချင်တာပေါ့။"
"အင်း ... ကူညီပြီး တစ်ခုခု ရအောင် ရှာပေး။"
သူက ထိုသို့ ပြောရင်း လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
"ဒီတစ်ခါပဲ"
"ရှင်!"
"ဒီကိစ္စပြီးရင် အိမ်ရှေ့စံမင်းသားအနားကိုတောင် မသွားရဘူး၊အိုကေလား။"
သူက ကြောက်စရာကောင်းအောင် ပြောလာသဖြင့် ကျွန်မ ရုတ်တရက်ကြီး သိချင်စိတ် ပြင်းပြလာရသည်။
"ကျွန်မ သူ့အနားကို ထပ်ပြီး ကပ်နေခဲ့ရင်ရော ..."
ထို့ကြောင့် ကျွန်မ မေးကြည့်လိုက်မိ၏။
"ရှင်က ဒေါသထွက်မှာလား။"
ဆိုဗက်စ်စတာ၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
အပြာရောင်မျက်ဆန်များက ထိတ်လန့်စရာကောင်းအောင် တဖျတ်ဖျတ် လက်နေလေသည်။
သူက ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လာခဲ့သည်။
ပြီးနောက် ထိုစကားများကို ပြောလာ၏။
"ကိုယ်တော့ စိတ်ကောက်ပစ်မှာပဲ။"
"..."
ဟမ် ... တစ်ဆိတ်လောက်ပါ။
ရှင်က ဒီလိုမျက်နှာထားတင်းတင်းနဲ့ ချစ်စရာကောင်းတဲ့စကားတွေ ပြောနေပြီး ကျွန်မကို ဘယ်လိုများ လုပ်စေချင်နေလို့လဲ။
ကျွန်မ ရယ်ချမိလုနီးပါး ဖြစ်သွားရသဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။
TK Team (Chapter 112)
++++++++