Chapter 113
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၁၃)


ရန်ပုံငွေပါတီပွဲ ကျင်းပသည့်နေ့


ဆိုဗက်စ်စတာ၏ဆယ်ကျော်သက်လေးတစ်ယောက်သဖွယ် ပြုမူနေခြင်းကို မတောင့်ခံနိုင်တော့သဖြင့် ကျွန်မမှာ မတတ်သာပါဘဲ ရန်ပုံငွေပွဲသို့ တက်ရောက်ရန် ပြင်ရတော့သည်။


ထိုပွဲတွင် ရင်းနှီးသောသူများကို တွေ့ရန် ခက်ခဲသော်လည်း ကျွန်မမှာ တက်ရောက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပါ။


သူက ကျွန်မ၏အောက်လမ်းအတတ်ကို အသုံးပြုပေးရန် တောင်းဆိုထားသောကြောင့် ဖြစ်သည်။


အခန်းထဲတွင် ဘယ်သူမှ ရှိမနေအောင် အသေအချာ လုပ်ပြီးနောက် 
ကျွန်မ၏လက်ကို လေထဲသို့ ဆန့်ထုတ်လိုက်သည်။


ပြီးနောက် မှတ်မိနေပြီးသားမန္တန်ကို ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။


ထိုအခါ အသံတစ်ခု ထွက်လာပြီး လေများ တိုက်ခတ်လာခဲ့သည်။


ဝူး ...


စွမ်းအင်များ လည်ပတ်လာခဲ့ပြီး ကျွန်မ၏လက်ဖဝါးထက်တွင် လေပွေတစ်ခု ဖြစ်ပေါ်လာ၏။


လက်ဖဝါးပေါ်ရှိ လေပွေက ပျောက်ကွယ်သွားချိန်တွင်


ပြုံ


ထိုအရာလေး ထွက်လာခဲ့သည်။


"အာ ... နင်တို့က ချစ်စရာလေးတွေပဲ။"


ဝိညာဥ်လေးနှစ်ကောင်၏ခေါင်းလေးများကို ပွတ်သပ်ပေးရင်း ကျွန််မ ပြောလိုက်မိသည်။


ပြီးနောက် ပခုံးတစ်ဖက်တွင် တစ်ကောင်စီ တင်ထားလိုက်၏။


ကျွန်မက ရန်ပုံငွေပွဲသို့ သွားပြီး မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာတို့၏ကိုယ်ပေါ်တွင် ဝိညာဥ်လေးတစ်ကောင်စီ တင်ပေးလိုက်မည် ဖြစ်သည်။


ထိုသို့ ပြုလုပ်သည့်တိုင် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေရလာလိမ့်မည်ဟု ကျွန်မ မထင်ထားပါ။


အောက်လမ်းပညာသုံးပေးပါရန် တောင်းဆိုလာခဲ့သော ဆိုဗက်စ်စတာ၏အကြောင်းပြချက်အတိုင်းသာ ဖြစ်သည်။


"သူက ပထမဆုံးတွဲကခဲ့တာကို အတော်လေး မကျေမချမ်း ဖြစ်နေခဲ့တာပဲ။"


ကျွန်မ ပြုံး၍ ရေရွတ်လိုက်မိသည်။


သို့သော် ကျွန်မ ထိုကိစ္စကို မခိုမကပ်ပဲ လုပ်ပေးနိုင်ပါသည်။


အကြောင်းပြချက်မှာ ...


သူက ချစ်စရာကောင်းနေလို့လား။


ဘာ!


သတိမထားမိဘဲ အလိုလို ကြက်သီးထလာသည်ဟု ခံစားရသဖြင့် ကျွန်မလည်း လက်မောင်းများကို ပွတ်ချလိုက်ရသည်။


ဆိုဗက်စ်စတာက ဘယ်အချိန်ထဲကစပြီး ချစ်ဖို့ကောင်းနေခဲ့တာလဲ။


ငါ မသိဘူး။


ငါတောင် မသိလိုက်ဘဲ သူက ချစ်စရာကောင်းလာခဲ့တယ်။


ထိုသို့ သိလိုက်ရသဖြင့် ကျွန်မ ရယ်မောလိုက်မိသည်။


အင်း


ကျွန်မ လက်ပိုက်လိုက်မိသည်။


ချစ်စရာကောင်းသည်ဟု ပြောမိသည်ကို သူသာ ကြားခဲ့လျှင် ကျွန််မ ကျရှုံးပြီဖြစ်သည်။


ငါ ကျရှုံးသွားမှာလား။


ကျွန်မ အတော်ကြာအောင် တွေးနေမိသည်။


စိုးရိမ်မှုများက မကြာမြင့်ခဲ့ပေ။


အိုင်ရင်းက အင်္ကျီချိတ်တစ်ချောင်း ထိုးပေးလာသည်။


"မဒမ်ရေ ...ကျွန်မ ဝတ်စုံယူလာပါပြီ!"


ရန်ပုံငွေပွဲဖြစ်သဖြင့် ကျွန်မကို တခြားသူများထက် တောက်ပနေစေရန် အိုင်ရင်းက မိတ်ကပ်ကို အသေအချာ အားစိုက်၍ ပြင်ဆင်ပေးသည်။


ကျွန်မလည်း သူမစိတ်တိုင်းကျ ပြင်ဆင်ရန် တစ်ကိုယ်လုံး ထိုးအပ်ထားရလေသည်။


ယနေ့တွင် လူအများအပြား တက်ရောက်လာကြမည်ဖြစ်ရာ အိုင်ရင်း ပြောသည့်အတိုင်း ပွဲနှင့်လျော်ညီစွာ ဝတ်စားပြင်ဆင်သွားသည်က ပိုကောင်းသည်။


"ကျွန်မ နှစ်စုံ ရွေးထုတ်လာခဲ့ပါတယ်။မဒမ် ဒီထဲကနေ တစ်စုံ ရွေးကြည့်ပါလား။"


"ကောင်းသားပဲ ... ကြည့်ရအောင်။"


အိုင်ရင်း ရွေးလာခဲ့သော ဝတ်စုံနှစ်စုံကို ကျွန်မ ကြည့်လိုက်သည်။


"ရန်ပုံငွေပွဲဆိုတော့ အေးချမ်းတည်ငြိမ်တဲ့ ပုံစံလေးဖြစ်သင့်တယ်လို့ တွေးမိပြီး ကျွန်မက ဒီဝတ်စုံကို ရွေးခဲ့ပါတယ်။"


၎င်းမှာ လည်ပိတ်လည်မြင့် ဒီဇိုင်းဖြစ်ပြီး လည်ပင်းတစ်ခုလုံးကို လုံခြုံစွာ ဖုံးအုပ်ထားနိုင်၏။


ဖလဲရ် ဝတ်တတ်သော ဒီဇိုင်းဖြစ်ပြီး ကယ်လီယန် သဘောကျသော ဝတ်စုံအမျိုးအစား ဖြစ်သည်။


"ဒါလေးကတော့ မဒမ်နဲ့လိုက်ဖက်မယ်လို့ တွေးမိပြီး ရွေးခဲ့တာပါ။"


နောက်တစ်ထည်မှာ ခရမ်းရောင်ကတ္တီပါသားဖြင့် ချုပ်ထားသော ပခုံးပေါ်ဒီဇိုင်းနှင့် ဝတ်စုံဖြစ်သည်။


ကျွန်မ ထိုဝတ်စုံကို မြင်မြင်ချင်း ဆိုဗက်စ်စတာကို အလိုလို တွေးမိသွားခဲ့သည်။


ကိုယ်က ကတ္တီပါသားရဲ့အထိအတွေ့ကို ကြိုက်တယ်။


အရင်က သူ ပြောဖူးသောစကားများမှာ ကျွန်မ၏ခေါင်းထဲတွင် ဖျတ်ခနဲ ပေါ်လာရ၏။


ထို့ကြောင့် ကျွန်မလည်း ကတ္တီပါသားဝတ်စုံကိုသာ အလိုလို လက်ညှိုးထိုးလိုက်မိသည်။


"ဒါကို ဝတ်ရင် ပိုကောင်းမယ်။"


"ထင်ထားတဲ့အတိုင်းပဲ ဒီတစ်ထည် မဟုတ်ပါလား!"


အိုင်ရင်းက ပြုံး၍ ဝတ်စုံကို အင်္ကျီချိတ်မှ ဖြုတ်လိုက်သည်။


"ဒါလေးက မဒမ်နဲ့ ပိုပြီး ကြည့်ကောင်းမှာပဲ။"


အမှန်ပဲ...ဒီတစ်ထည်က ငါနဲ့ပိုပြီး ကြည့်ကောင်းတယ်၊ပြီးတော့ ဆိုဗက်စ်စတာလဲ ဒီတစ်ထည်ကို ပိုသဘောကျမှာပဲ။


ကျွန်မ ထိုသို့ တွေးမိပြီး အိုင်ရင်း ပြင်ဆင်ပေးနေသည်ကို ငြိမ်ခံနေလိုက်သည်။



"မင်း ဒီနေ့လဲ လှနေတာပဲ။"


ကျွန်မ အခန်းတံခါးဖွင့်၍ အပြင်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးရှေ့တွင် ရပ်စောင့်နေခဲ့သော ဆိုဗက်စ်စတာက ပြောလေသည်။


ထိုစကားကို ကျွန်မ အကြိမ်ဘယ်လောက်များများ နားထောင်နေခဲ့ရမှန်း မသိသော်လည်း ယခု ကျင့်သားရနေခဲ့လေပြီ။


ထို့ကြောင့် ကျွန်မ ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ကျွန်မက အမြဲတမ်း လှနေပြီးသား။"


ဆိုဗက်စ်စတာက အားရပါးရ ရယ်မော၍ ခေါင်းငြိမ့်လေသည်။သူ့အမူအရာက 'မင်းပြောတာကို ကိုယ်သဘောတူပါတယ်'ဟု ဆိုလိုနေသည်။


"ကိုယ်ကရော"


သူက ဝတ်ထားသော အပေါ်ထပ်ကုတ်အင်္ကျီ၏အနားစကို ကိုင်၍ တစ်ချက်ခါလိုက်ပြီး ပြောသည်။


"အပြတ်သားနားမနေဘူးလား"


ယနေ့တွင် ဆိုဗက်စ်စတာက နက်ပြာရောင်ဝတ်စုံကို ဝတ်ထားခဲ့သည်။မည်းနက်တောက်ပသော ဆံပင်များနှင့် အပြာရောင်မျက်ဆန်များမှာ ဝတ်စုံ၏အရောင်နှင့် လွန်စွာ လိုက်ဖက်နေခဲ့သည်။


ထို့ကြောင့် ကျွန်မလည်း စကားတစ်ခွန်းသာ ပြောလိုက်သည်။


"ရှင်လဲ ချောပါတယ်။"


ချီးကျူးစကားသာ။


ထိုအခါ ဆိုဗက်စ်စတာ၏နှုတ်ခမ်းများက အပြုံးလေးသဖွယ် ကွေးတက်သွားလေသည်။


"ချစ်စရာကောင်းလိုက်တာ"


သူက ကျွန်မ၏ပါးကို ဖွဖွလေး ပုတ်လိုက်ပြီး လမ်းပြခေါ်ဆောင်သွားပေးသည်။


ကျွန်မလည်း သူ့လက်ကို ချိတ်၍ လှေကားတစ်လျှောက် ဆင်းလာပြီး ဧည့်ခန်းမကို ဖြတ်ကာ ရထားလုံးပေါ်သို့ တက်လိုက်သည်။


ရထားလုံးတံခါး ပိတ်သွားခဲ့သည်။


မကြာခင်ပဲ အိမ်တော်မှ စတင်ထွက်ခွာလာခဲ့သည်။


"တွေးကြည့်လိုက်မှပဲ ..."


ဆိုဗက်စ်စတာက ပြောသည်။


"မကြာခင်မှာ ကျောင်းနဲ့မိဘမဲ့ဂေဟာ တည်ဆောက်ရေးလုပ်ငန်း စတင်တော့မယ်။"


"အာ ... နည်းနည်းလေး နောက်ကျနေပြီ မဟုတ်လား။"


"အင်း ... ကိုယ် အဲ့ဒီနေရာကို ဝယ်နိုင်ဖို့အတွက် အချိန်အတော်လေး ကြာသွားရတယ်။"


အခြေအနေများက ခက်ခဲခဲ့ပုံရလေသည်။ကျွန်မ ခေါင်းငြိမ့်ပြလိုက်၏။


"ဘာပဲဖြစ်ဖြစ်ပါ ...မကြာခင် အဆောက်အဦးတွေ ဆောက်တော့မှာဆိုတော့ ဆောက်လို့ပြီးသွားတာနဲ့ မင်းရဲ့အစီအစဥ်အတိုင်း ဆက်သွားနေမှာပါပဲ။"


ဆိုဗက်စ်စတာ ဆက်ပြောသည်။


"ဧကရာဇ်ရဲ့ပုံတူကျောက်ဆစ်ရုပ်ထုကို စိုက်ထူရလိမ့်မယ်။အဲ့လို လုပ်လိုက်တာနဲ့ ကိုယ်လည်း နည်းအမျိုးမျိုးနဲ့ ရှင်းပြရတော့မှာ။"


အထက်တန်းလွှာအသိုင်းအဝိုင်း၏ အကြီးအမှူးဖြစ်သော ဆိုဗက်စ်စတာက ဧကရာဇ်ရဲ့ပုံတူရုပ်ထုကို ကျောင်းရှေ့တွင် စိုက်ထူတော့မည်။ 


ထိုကိစ္စမှာ အထက်တန်းလွှာများအတွက် ထောက်ပြစရာကိစ္စတစ်ခု ဖြစ်လာလိမ့်မည်။


ဒါပေမဲ့ ဒီကိစ္စကို တိုင်ပင်ထားပြီးသား မဟုတ်ဘူးလား။


ကျွန်မလည်း အသက်မပါသောမျက်လုံးများဖြင့် သူ့ကိုကြည့်ပြီး ပြောလိုက်သည်။


"ဧကရာဇ်က ရင်းနှီးမြှုပ်နှံထားလို့ ပုံတူရုပ်ထု စိုက်ထူပေးရတယ်ဆိုပြီးပြောဖို့ ကျွန်မတို့ ဆုံးဖြတ်ထားပြီးသားလေ။ဒါဆို လူတိုင်း ပါးစပ်ပိတ်သွားကြမှာပါ။"


"ဒါပေမဲ့ နောက်ကွယ်မှာတော့ အသံတွေ ထွက်လာဦးမှာပဲ။"


"မသိဘူး ၊ကျွန်မ မသိဘူး။"


"မင်းပဲ ဒါကို လုပ်ထားပြီးတော့ ဘာမှမသိဘူးလား။"


ဆိုဗက်စ်စတာက ရယ်မောလိုက်သည်။


"မင်းက အရမ်းဆိုးတာပဲ။"


သူက လှောင်ပြုံးလေးပြုံးပြီး ကျွန််မ၏နှာခေါင်းထိပ်ကို ထိလိုက်သည်။


မည်သို့ပင်ဖြစ်စေ သူက ကျွန်မ၏မျက်နှာကို ထိရတာ ကြိုက်သည်။


ကျွန်မ အနည်းငယ်ခန့် ရှက်သွေးဖြာသွားရသဖြင့် ပါးပြင်ကို ကုတ်ခြစ်နေလိုက်မိသည်။


"ဒုတိယမင်းသားက အထိန်းအသိမ်းခံထားရတယ်လို့ ပြောကြတယ်။ဒီတော့ သူ အချိန်အနည်းငယ်လောက်အထိ အပြင်ထွက်နိုင်မှာ မဟုတ်ဘူး။"


"တော်သေးတာပေါ့။"


"ကိုယ့်အတွက်တော့ စိတ်သက်သာရာမရဘူး။"


ဆိုဗက်စ်စတာက မျက်လုံးများကို မှေးကျဥ်းလိုက်သည်။


ဆိုဗက်စ်စတာက လာဂိုကို ဧကရာဇ်ဖြစ်အောင် လုပ်ပေးရမည်။ထို့ကြောင့် သူက ထိုကိစ္စကို ဂရုမစိုက်ဘဲ နေမည် မဟုတ်ပါ။


"မှော်အစီအရင်စက်ဝန်း ကိစ္စလေ"


ထို့ကြောင့် သူက ကျွန်မကို မေးသည်။


"မင်း အဲ့ဒါကို ဘယ်လို ရှာမှာလဲ။"


အကယ်၍ ကျွန်မသာ လာဂိုထံမှ မှော်အစီအရင်စက်ဝန်းကို ခိုးယူပေးနိုင်ခဲ့လျှင် သူက လာဂိုကို ထပ်၍ ပံ့ပိုးပေးတော့မည် မဟုတ်ပေ။


ဤသို့ မေးနေသော ဆိုဗက်စ်စတာ၏မျက်ဝန်းများက တောက်ပနေခဲ့သည်။ကျွန်မအပေါ် မျှော်လင့်ချက်ကြီးကြီး ထားနေပုံရ၏။


ထို့ကြောင့် ကျွန်မလည်း ချက်ချင်း ပြန်ဖြေလိုက်သည်။


"ကျွန်မ အခုထိ မသိသေးဘူး။"


"ဘယ်လို!"


"ဒါပေမဲ့ တစ်နည်းမဟုတ် တစ်နည်းတော့ ရှိမှာပါ။"


"ဟား..."


ဆိုဗက်စ်စတာ မရယ်ချင်ဘဲ ရယ်လိုက်ရသည်။


"မင်းက တော်တော်လေး အပူအပင်မရှိတာပဲ။"


သူက ခေါင်းခါလိုက်သည်။


ဘာလဲ။


သူ ဆဲဆိုတော့မည်ကို သိသဖြင့် ကျွန်မ နားစွင့်နေလိုက်သည်။


သို့သော် ကြားလိုက်ရသည်မှာ အဆဲစကားတစ်ခုမဟုတ်ဘဲ ချီးမွမ်းစကားသာ ဖြစ်နေခဲ့သည်။


"ဒါကြောင့်ပဲ ကိုယ် မင်းကို ကြည့်လိုက်တိုင်း စိတ်အေးချမ်းသွားရတာ။"


ဘုရားသခင် ...


ထိုစကားများကို ကြားရလျှင် နှလုံးသား၏ထောင့်တစ်နေရာက အရည်ပျော်ကျသွားရသည်။


နှလုံးသားက တဆတ်ဆတ်နှင့် ခုန်လှုပ်သွားခဲ့၏။


ထို့ကြောင့် ထုတ်မမေးမိစေရန် တစ်ချိန်လုံး ထိန်းချုပ်ထားခဲ့ရသော မေးခွန်းကို မေးရန် ကြိုးစားလိုက်သည်။


"ရှင် ကျွန်မကို ဘာဖြစ်လို့ ကြိုက်ရတာလဲ။"


ဆိုဗက်စ်စတာက မျက်ခုံးတစ်ဖက် ပင့်လိုက်လျှင် ကျွန်မ ထပ်ထည့်ပြောလိုက်သည်။


"မဟုတ်သေးဘူး၊ဒီလို မေးရတာက ... ရှင် ကျွန်မကို ဘာကြောင့် ရုတ်တရက်ကြီး ချစ်မိသွားရတာလဲဆိုတာကို ကျွန်မ မသိလို့ပါ။"


"ကိုယ်ကလဲ တူညီတဲ့အဖြေကိုပဲ ဖြေဖို့ တွေးထားပါတယ်။"

သူက အပြုံးလေးတစ်ပွင့် ပြုံးရင်း ခြေထောက်ကို ချိတ်၍ ထိုင်လိုက်သည်။


ပြီးနောက် သူက ကျွန်မကို စိုက်ကြည့်လာခဲ့သည်။


"မင်း ဖြစ်နေခဲ့လို့ ကိုယ် ကြိုက်တာ။"


"..."


"ကိုယ် မင်းနဲ့အတူရှိနေတာကို ကြိုက်တယ်။"


ဒီလို ရှက်စရာကောင်းတဲ့စကားကို ပြောနေရင်း ရှင် တစ်ချက်လေးတောင် မျက်တောင်မခတ်ပါလား။


အံ့ဩစရာပါပဲ။


ကျွန်မ၏နှလုံးသားက ရူးမတတ် ခုန်နေသောကြောင့် လက်များကို တင်းတင်းလေး ဆုပ်ညှစ်ထားရသည်။


"အမှန်တော့ ကျွန်မလဲ ကြိုက်တယ်ဆိုတဲ့ ခံစားချက်ကို မသိဘူး။"


ထို့ကြောင့် တစ်ချိန်လုံး ထိန်းချုပ်ထားရသော စကားများကို ကျွန်မ ပြောလိုက်သည်။


ကျွန်မ အမှန်တကယ်ကို သိချင်နေ၍ပင်။


"အဲ့ဒါက ဘယ်လိုဟာမျိုးလဲ။"


ဆိုဗက်စ်စတာ၏အမူအရာက အနည်းငယ် ထူးဆန်းစွာ ပြောင်းလဲသွားသည်။


သူက ခြေထောက်ကို သေချာချိတ်ထားပြီး အရှေ့ဘက်သို့ အနည်းငယ် ငုံ့ကိုင်းလိုက်သည်။ပြီးနောက် ကျွန်မအနားသို့ အနည်းငယ် ပိုတိုးကပ်လာပြီး မျက်လုံးချင်းဆုံအောင် ကြည့်လာခဲ့သည်။


"အရာရာတိုင်းမှာ အဲ့ဒီလူအကြောင်းကိုပဲ သတိတရနဲ့ တွေးနေမိတာမျိုး။"


ဆိုဗက်စ်စတာက စကားလုံးတိုင်းကို အားထည့်၍ ပြောလိုက်သည်။


"အနည်းဆုံး ကိုယ်ကတော့ အဲ့လိုပဲ။"


သူ့စကားများကြောင့် ကျွန်မ ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။


ပြီးနောက် သတိမထားလိုက်မိဘဲ ဝတ်လာခဲ့သောဝတ်စုံကို ငုံ့ကြည့်မိလိုက်၏။


ဆိုဗက်စ်စတာ ကြိုက်နှစ်သက်သော ကတ္တီပါဝတ်စုံ


ငါ ဘာလို့ ဒီဝတ်စုံကို ရွေးခဲ့မိတာလဲ။


အရာရာတိုင်းမှာ အဲ့ဒီလူအကြောင်းကိုပဲ သတိတရနဲ့ တွေးနေမိတာမျိုး။


မဖြစ်နိုင်တာ။


အဲ့ဒါက အကြောင်းပြချက်လား။


TK Team (Chapter 113)
++++++++