ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၁၄)
ရန်ပုံငွေပွဲ ကျင်းပမည့် မားကွစ်မြို့စားရစ်ချယ်၏စံအိမ်တော်သို့ သူမတို့နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာတွင် လူအမြောက်အမြားရှိနေပြီး အားလုံးက သာမန်လူများသာ ဖြစ်ကြသည်။
ထိုသူများမှာ မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာတို့က သူလျှိုလုပ်မှုကြောင့် စောင့်ကြည့်ခံနေရကြောင်းကို မသိနိုင်ကြသူများသာ ဖြစ်ပေမည်။
ထိုသူများအကြားတွင် တစ်မူထူးခြားနေသူက မားကွစ်မြို့စား လာသန် ဖြစ်သည်။ထိုသူမှာ နိုင်ငံရေးကိစ္စများတွင် မျက်ကန်းလုံးလုံး ဖြစ်ပြီး ငွေတစ်မျိုးတည်းကိုသာ မြင်တတ်သည်။ထို့ကြောင့် မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာတို့က ထိုသူနှင့် ဝေးဝေးမနေကြခြင်း ဖြစ်လေသည်။
"ရူးလိုက်တာ"
အိုဖီလီယာ၏ဘေးနားတွင် ရပ်နေသော ဆိုဗက်စ်စတာက ပြောလာလေသည်။
"သူက ဒီနေရာမှာရှိတဲ့ ပိုက်ဆံတစ်ချို့ကို ခိုးယူပြီး လှည့်ပြန်သွားချင်နေမှာပဲ။ပြီးရင် အနှေးနဲ့ အမြန် နောင်တရတော့မယ်။အိုး ... သူက သစ္စာဖောက်တွေကို ပိုက်ဆံလျှောက်ပေးနေတာပဲ။"
ဆိုဗက်စ်စတာက စိတ်အခြေအနေကောင်းနေသည့်အလား ရေရွတ်နေခဲ့လေရာ အိုဖီလီယာမှာ အနည်းငယ်ဒွိဟဖြစ်သွားရ၏။
"ရှင် မားကွစ်မြို့စား လာသန်နဲ့ အဆင်မပြေဘူးမလား။"
"အင်း ... သူက အရှက်အကြောက်မရှိတဲ့ ကောင်မျိုး။"
ချက်ချင်းဆိုသလို ဆိုဗက်စ်စတာက မျက်မှောင်ကြုတ်၍ ပြောသည်။
"ကျွန်မ ရှင့်ကို တစ်ခုလောက် မေးကြည့်မယ်နော်။"
အိုဖီလီယာက မျက်လုံးများကို မှေးကျဥ်းပြီး ကြည့်လိုက်သည်။
"မြို့စားမင်းကြီးကလွဲရင် ရှင်နဲ့ရင်းနှီးတဲ့ အထက်တန်းလွှာတွေ ဘယ်နယောက်လောက်ရှိလဲ။"
ဟား ...
ဆိုဗက်စ်စတာက နှာမှုတ်၍ ပခုံးတွန့်လိုက်သည်။
"မင်းရဲ့ခင်ပွန်းက အထက်တန်းလွှာအသိုင်းအဝိုင်းရဲ့ အကြီးအမှူးလေ။ဒီတော့ ကိုယ်နဲ့ ဆက်ဆံရေးကောင်းတဲ့လူတွေ အများကြီး ရှိပါတယ်။"
"ဒါဆို ကျွန််မကို ပြောပြကြည့်။"
"ဥပမာ ကောင့်မြို့စားကာဒယ်လ် ပေါ့။"
"ဒါပေမဲ့ သူက ရှင့်ကို ကြောက်တယ်လေ။"
"ပြီးတော့ ..."
ဆိုဗက်စ်စတာက ဆက်ပြောရန် ကြိုးစားလိုက်သော်လည်း ပါးစပ်ဟနေရင်း တောင့်ခဲသွားခဲ့သည်။
"ပြီးတော့ ဘာလဲ။"
အိုဖီလီယာက သူ့ကို တွန်းအားပေးလိုက်သည်။သို့သော် ဆိုဗက်စ်စတာက ချက်ချင်း ဆက်မပြောနိုင်ခဲ့ပေ။သူ ဘာကိုမှ ဆက်မတွေးနိုင်တော့သောကြောင့် ဖြစ်လေသည်။
ကျစ်
သူက ဆံပင်များကို လက်ဖြင့် ထိုးဖွနေရင်း မျက်စိတစ်ဖက် မှိတ်ပြလာခဲ့သည်။
"ကိုယ် မသိဘူး ...မင်းက ဘာဖြစ်လို့ ကိုယ့်ကို ဒီအကြောင်းတွေ လာမေးနေရတာလဲ။ ဒါက မင်းအလုပ်မှ မဟုတ်တာ။"
ထိုသို့ ပြုမူနေသော ဆိုဗက်စ်စတာက ချစ်စရာကောင်းလွန်းသည်ဟု အိုဖီလီယာ တွေးလိုက်မိလေသည်။
ဘာကြီး ...
ချစ်စရာကောင်းတယ် ဟုတ်လား။
ကျစ် ... တကယ်ပါပဲ။
အိုဖီလီယာက ခေါင်းခါလိုက်ပြီး ထွက်ကျလာသော စိတ်ခံစားချက်များကို ဖယ်ထုတ်ပစ်ရန် ကြိုးစားခဲ့သည်။
အိုဖီလီယာ၏စိတ်ကို မသိနိုင်သော ဆိုဗက်စ်စတာက သူမ၏အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလာခဲ့သည်။
"မင်း သူတို့ကိုယ်ပေါ်မှာ ဝိညာဥ်တစ်ကောင်လောက် ထားလို့ရလား။"
အရမ်းကပ်နေပြီ။
ဆိုဗက်စ်စတာ၏ဝင်သက်ထွက်သက်များက သူမ၏နားပေါ်သို့ ကျရောက်လာသည်ကို ခံစားမိသဖြင့် အိုဖီလီယာမှာ သတိကြီးကြီးထားလိုက်ပြီး ဘေးဘက်သို့ ရွှေ့လိုက်ရသည်။
"ရှင် မပြောလာရင်တောင် ကျွန်မ အခုပဲ ကြိုးစားကြည့်တော့မလို့ပဲ။"
ဟူး...
အိုဖီလီယာက တည်ငြိမ်နေအောင် ကြိုးစားလိုက်ပြီး စိတ်ကို အာရုံစူးစိုက်ထားခဲ့သည်။
ပြီးနောက် သူမ၏ပခုံးပေါ်တွင် တင်ထားသော ဝိညာဥ်လေးများကို ပွတ်သပ်ပေးလိုက်၏။
သွားကြ။
ဝိညာဥ်လေးနှစ်ကောင်က မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာ ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြလေသည်။
ထို့နောက် ၎င်းတို့က ထိုသူနှစ်ဦး၏ခေါင်းပေါ်တွင် အကျအန သက်ဆင်းကျရောက်သွားကြသည်။
အိုဖီလီယာက စိတ်ကျေနပ်စွာ ပြုံးပြီး ဆိုဗက်စ်စတာကို ပြောလိုက်သည်။
"ကျွန်မ သူတို့ကို နေရာချပေးပြီးပြီ၊ဒီတော့ တစ်ခုခု ရှာတွေ့ပြီဆိုတာနဲ့ ကျွန်မ ရှင့်ကို ပြောပြမယ်။"
"အင်း ... ကျေးဇူးတင်ပါတယ်။"
ကျေးဇူးတင်တယ် တဲ့လား။
အိုဖီလီယာ အနည်းငယ် အံ့ဩသွားခဲ့ရသည်။
ဆိုဗက်စ်စတာက သူမ၏ပြောင်းလဲမှုကို ချက်ချင်းပင် သတိထားမိသွားသည်။
"မင်း ဘာဖြစ်လို့ အဲ့လိုပုံစံ ဖြစ်သွားရတာလဲ။"
"ရှင့်ဘက်က ကျေးဇူးတင်ပါတယ်လို့ ပြောလာတာကို ပထမဦးဆုံး ကြားလိုက်ရလို့လေ။"
"ကိုယ်က အဲ့လောက်ရိုင်းစိုင်းတယ်လို့ မင်း ဆိုလိုချင်နေတာတော့ မဟုတ်ပါဘူးနော်။"
"အင်း"
"ကိုယ့်ကို ချက်ချင်း ပြန်မဖြေနဲ့။"
သူက မျက်မှောင်ကြုတ်လိုက်ပြီး ဆံပင်များကို ဆွဲဖွနေခဲ့သည်။
သူ့အကြောင်းသူ အနည်းငယ်ခန့် ရိပ်စားမိသွားခဲ့သည်။
အိုဖီလီယာကို ဒီလိုမျိုး အသုံးချခဲ့ပြီးမှ ကျေးဇူးတင်ပါတယ်လို့တောင် သူက မပြောဖြစ်ခဲ့ဘူးလား။
ဆိုဗက်စ်စတာလည်း အနည်းငယ် စိတ်မကောင်းဖြစ်သွားရပြီး အိုဖီလီယာကို ပြောလိုက်သည်။
"နောက်ကျရင် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ် မင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောမယ်လေ။"
"ကောင်းပြီ ...အိုကေ။"
အိုဖီလီယာက ဂရုစိုက်မနေပဲ ပြန်ဖြေခဲ့သည်။ထိုအခါ ဆိုဗက်စ်စတာက တည့်တည့်ပဲ ပြောလာခဲ့သည်။
"အကယ်၍ ကိုယ် အဲ့လိုလုပ်ရင် မင်းက ကိုယ့်ကို ပိုပြီး ကြိုက်လာမှာလား။"
"..."
သူမ၏ပါးပြင်ထက်သို့ ထိုးတက်လာသော အပူလှိုင်းများကို အိုဖီလီယာ ခံစားမိလိုက်သည်။
မဟုတ်သေးပါဘူး ၊သူက ဘာလို့များ သူ့ခံစားချက်တွေကို ဆက်ပြီး ဖွင့်ပြောနေခဲ့သေးတာလဲ။
သူက သူမရဲ့နှလုံးသားကို တဖျပ်ဖျပ် လှုပ်ခတ်လာအောင် လုပ်နေခဲ့တာပဲ။
အိုဖီလီယာက မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။
"ရှင် အရင်တုန်းက ဒီလိုမျိုး မဟုတ်ပါဘူး။"
ဆိုဗက်စ်စတာက ပခုံးတွန့်ပြလိုက်သည်။
"အချစ်က လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲပစ်နိုင်တယ်လို့ ပြောကြတယ်လေ။အဲ့ဒါကြောင့်ပဲပေါ့၊ ဘာဖြစ်လို့လဲ။"
အိုဖီလီယာက အသက်ပြင်းပြင်း ရှူလိုက်သည်။
အိုး ... ပူလိုက်တာ။
သူမက ယပ်တောင်ကို ဖွင့်၍ ပူနေသောမျက်နှာကို အေးမြသွားစေရန်ယပ်ခတ်နေမိသည်။
"ရှင်က လုံးဝကို ရှက်နေပုံမရဘူး။"
"အဲ့လိုပုံစံ ဖြစ်နေတာလား။"
ဆိုဗက်စ်စတာက မေးနေရင်းမှ မျက်စိတစ်ဖက် မှိတ်ပြပြီး အိုဖီလီယာ၏လက်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်၏။
ပြီးနောက် သူမ၏လက်ကို သူ့ရင်ဘတ်ပေါ်သို့ ကပ်ထားလိုက်သည်။
"တကယ်ပဲ အဲ့လိုပုံစံ ဖြစ်နေခဲ့တာလား။"
ဒုတ် ဒုတ် ဒုတ် ဒုတ်
သူ့နှလုံးသား အခုန်မြန်နေသည်ကို သူမ ခံစားလိုက်ရသည်။
သူ၏စိတ်ခံစားချက်များကို သူမ ခံစားသိရှိနိုင်ခဲ့သည်။
အိုဖီလီယာက လက်ကို ဖယ်ရန် အလျင်အမြန် ကြိုးစားလိုက်သော်လည်း ဆိုဗက်စ်စတာက လွှတ်မပေးခဲ့ပေ။အိုဖီလီယာ ရှက်သွေးဖြာသွားရပြီး ပြောလိုက်သည်။
"လူကြားထဲမှာ ဒီလိုတွေ မလုပ်နဲ့။"
"ဘာဖြစ်လို့လဲ ... မင်း ရှက်နေလို့လား။"
ဆိုဗက်စ်စတာက ပြုံးလိုက်ပြီး သူမ၏လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလာခဲ့သည်။
"မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ။"
ပြီးနောက် သူက စကားများကို အချိန်အနည်းငယ် ခြား၍ပြောလိုက်သည်။ထိုစကားမှာ အိုဖီလီယာကို နောက်တစ်ကြိမ် ထပ်၍ ရှက်သွေးဖြာသွားစေရမည့် စကားများ ဖြစ်နေလေသည်။
မဟုတ်သေးပါဘူး ၊ဒီလူက ဘယ်လောက်ဝေးဝေးအထိ ဆက်သွားဖို့ ရည်ရွယ်နေတာလဲ။
အိုဖီလီယာက ယပ်တောင်ကို ပို၍ မြင့်မြင့်မြှောက်လိုက်ပြီး လောင်ကျွမ်းမတတ် ပူနေသော မျက်နှာကို တည်ငြိမ်သွားစေရန် မနည်းကြိုးစားလိုက်ရသည်။
"ကိုယ် မင်းနဲ့စကားပြောချိန်တိုင်း အမြဲတမ်း စိတ်လှုပ်ရှားရတယ်။"
ဆိုဗက်စ်စတာက သူ့ရင်ဘတ်ကို လက်ဖ့င့် ဖိထားရင်း ပြောခဲ့သည်။အိုဖီလီယာမှာ တံတွေးမျိုချလိုက်မိ၏။
"အဲ့ဒီတော့ ..."
"မင်းကို သိစေချင်ရုံပါ"
ဆိုဗက်စ်စတာက မျက်စိတစ်ဖက် မှိတ်ပြပြီး ပြောခဲ့သည်။
"ကိုယ်က အသုံးမဝင်တဲ့ကိစ္စတွေကို အချိန်တိုင်း မပြောဘူး။"
"..."
အိုဖီလီယာမှာ ယပ်တောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ပြီးမှ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်သည်။သူ့ကြောင့် ရှက်နေမိသဖြင့် အမောတကောဖြစ်နေခဲ့သည့် အသက်ရှူသံကို တည်ငြိမ်သွားစေရန် ကြိုးစားနေခဲ့သည်။
အိုဖီလီယာ ထိုသို့ ဖြစ်နေသည်ကို ကြည့်ရင်း ဆိုဗက်စ်စတာ၏ရင်တွင်း၌ လှုပ်လှုပ်ရှားရှားဖြစ်လာရတော့သည်။
ဘယ်အချိန်အထိလဲ။
အိုဖီလီယာက သူ့ကို ဘယ်အချိန်ထိ စောင့်ခိုင်းဖို့ ရည်ရွယ်ထားခဲ့တာလဲ။
သူ၏စိတ်ရှည်သည်းခံမှုများက ဖြည်းဖြည်းချင်း လျော့နည်းလာပြီဟု ဆိုဗက်စ်စတာ အာရုံခံစားမိနေသည်။
အိုဖီလီယာကို ရဖို့ သူ ဘာတွေ လုပ်သင့်လဲ။
ဆိုဗက်စ်စတာက အိုဖီလီယာကို ငေးကြညိ့လိုက်မိသည်။
ဆွဲဆောင်ခြင်း၏ဦးတည်ချက်ကို ပြောင်းလဲရန် ကြိုးစားသည်က ပိုကောင်းလိမ့်မည်ဟု သူ တွေးမိသည်။
ယခု သူက စကားလုံးများဖြင့်သာ သူမကို ကြိုက်ကြောင်း ပြောနေမိပြီး၊ အိုဖီလီယာ၏နှလုံးသားကို ကိုင်လှုပ်ရန်အတွက် ပိုက်ဆံသုံးရသည်က အကြံကောင်းဖြစ်လိမ့်မည်ဟု သူ တွေးမိသည်။
ငါ ဘာဝယ်ပေးသင့်လဲ။
ဆိုဗက်စ်စတာ လေးလေးနက်နက် တွေးတောကြည့်ခဲ့သည်။
အိုဖီလီယာက ဘာတွေ ကြိုက်လောက်မလဲ ... ဈေးကြီးတာတွေပဲလား။
သူက မေးစေ့ကို ပွတ်ရင်း အသေအချာ တွေးနေခဲ့လေသည်။
ထိုအချိန်တွင်
"အိမ်ရှေ့စံအရှင့်သား ကြွရောက်လာပါပြီ ခင်ဗျား။"
ကယ်လီယန် လား။
ဆိုဗက်စ်စတာနှင့် အိုဖီလီယာတို့မှာ အံ့ဩသွားကြပြီး တံခါးရှိရာသို့ ကြည့်လိုက်ကြသည်။
ထိုနေရာတွင် အမှန်ပင် ကယ်လီယန် ရှိနေခဲ့ပါ၏။အံ့ဩဖွယ်ပင်။
ကယ်လီယန်က ဘာဖြစ်လို့ လာတာလဲ။
အိုဖီလီယာ တွေးနေမိသည်။
ပြီးနောက် သူက သူမတို့ကဲ့သို့ မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာတို့ကို စောင့်ကြည့်အကဲခတ်ရန် ရောက်လာခြင်းဖြစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
ကယ်လီယန်လဲ သိချင်နေမှာပေါ့။
နိုင်ငံတော်သစ္စာဖောက်မှုကြောင့် မကြာခင်၌ ကြိုးမိန့်ပေးခံရတော့မည့် လူနှစ်ဦးမှာတော့ ယခုလက်ရှိအချိန်တွင် သူတို့ လုပ်ဆောင်ရမည့်ကိစ္စများကို စိတ်ကူးယဥ်အိပ်မက် မက်နေကြလေသည်။
ကယ်လီယန်က ယုံကြည်မှုအပြည့်ဖြင့် ဟောခန်းမထဲသို့ လျှောက်သွားခဲ့သည်။
မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာက အကြည့်များကို နေရာလွှဲလိုက်ကြပြီး ကယ်လီယန်ထံသို့ ကြည့်လိုက်ကြသည်။
"အတော်ကြာခဲ့ပြီပဲ။"
ကယ်လီယန်က မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာတို့ကို နှုတ်ဆက်လိုက်သည်။မားကွစ်မြို့စားနှင့် ကောင့်မြို့စားတို့က လည်း ကယ်လီယန်ကို အလျင်အမြန် နှုတ်ခွန်းဆက်သလာကြ၏။
"ဟု ...ဟုတ်ပါတယ် အရှင့်သား။"
"အရှင့်သား ကြွရောက်ချီးမြှင့်ပေးလိမ့်မယ်ဆိုတာ ကျွန်တော် မသိထားခဲ့ဘူး။ကျွန်တော်သာ သိခဲ့ရင် ဒီထက်ပိုပြီး အသေအချာလေး ပြင်ဆင်ထားမိမှာပါ။"
"မဟုတ်တာပဲ၊အခုလဲ လုံလောက်နေပါပြီ။ငါ့ကို အံ့ဩသွားစေဖို့ လုံလောက်ပါတယ်။"
ကယ်လီယန်က လူတိုင်း သိနိုင်လောက်သည့် ထေ့ငေါ့သောလေသံဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ဆိုဗက်စ်စတာက အိုဖီလီယာရှိရာဘက်သို့ ခေါင်းစောင်းလာခဲ့သည်။
"ဒီလောက်နဲ့ မလုံလောက်သေးဘူးဆိုရင် သူက ဘာဖြစ်လို့ အဲ့လို ပြောနေရတာလဲ။"
အိုဖီလီယာက စိတ်ပျက်နေသော မျက်နှာထားဖြင့် ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။
"သူက ရွဲ့ပြောနေတာ။"
"..."
ဆိုဗက်စ်စတာ ပါးစပ်ပိတ်ထားလိုက်ရသည်။အကဲဖြတ်ကြည့်ရသလောက် သူ၏စကားပြောစွမ်းရည်မှာ တိုးတက်လာပုံ မရပါပေ။
ထို့နောက် ကယ်လီယန်၊မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာတို့က အချိန်အကြာကြီး စကားပြောနေကြလေသည်။ပြောနေပြသည့် အကြောင်းအရာ အကြမ်းဖျင်းမှာ ယခု ရန်ပုံငွေပွဲအတွက် စီစဥ်ထားရသည့်အကြောင်းများကို ဖန်တရာထပ်နေအောင် ပြောနေခြင်းသာ ဖြစ်လေသည်။
ဝိညာဥ်လေးများ ပေးပို့လာသော အကြောင်းအရာများကို အိုဖီလီယာက ဆိုဗက်စ်စတာထံသို့ ပြန်လည်သတင်းပို့ပေးသည်။
"ဝိညာဥ်လေးတွေက အတော်လေး အသုံးဝင်တာပဲ။"
"ဘယ်သူက ဒါကို လုပ်ပေးခဲ့တာများလဲ။"
အိုဖီလီယာက ပခုံးကိုတွန့်၍ ပြောလိုက်သည်။အိုဖီလီယာက အလွန်ချစ်စရာကောင်းနေခဲ့သဖြင့် ထိုအခိုက်အတန့်တွင် ဆိုဗက်စ်စတာ ရယ်မောလိုက်မိသည်။
ထိုအချိန်တွင်
"အိုဖီလီယာ"
ရုတ်တရက် ကယ်လီယန်က ရောက်လာခဲ့သည်။အိုဖီလီယာနှင့် ဆိုဗက်စ်စတာတို့က ကယ်လီယန်ကို ပြန်ကြည့်လိုက်ပြီး မသိမသာ တောင့်တင်းသွားကြရ၏။
"ဟုတ်ကဲ့ပါ အရှင့်သား၊ကျန်းမာပါရဲ့လား။"
"မတွေ့တာ အတော်ကြာသွားခဲ့ပါပြီ အရှင့်သား။"
သူတို့က ကယ်လီယန်ကို အတူတကွ နှုတ်ဆက်လိုက်ကြသည်။
သို့သော် ကယ်လီယန်က ဆိုဗက်စ်စတာကို ကြည့်မနေခဲ့ပေ။
သူက အိုဖီလီယာကိုသာ ကြည့်နေခဲ့လေသည်။
ဘာလဲ၊သူ ဘာဖြစ်နေတာလဲ။
ကယ်လီယန်၏အနည်းငယ် ထူးဆန်းနေသော သဘောထားကို မြင်ရသဖြင့် အိုဖီလီယာ ဝန်လေးသွားခဲ့ရလေသည်။ထို့ကြောင့် သူမက အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
ကယ်လီယန်က အိုဖီလီယာဆီသို့ လက်ကမ်းပေးလာခဲ့သည်။
"ငါတို့ အတူတူ တွဲကလို့ ရနိုင်မလား။"
ဘာ!
အိုဖီလီယာ၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။
သူ ဘာဖြစ်နေတာလဲ။
တွေးကြည့်မိမှ အရင်တစ်ခေါက် ပင်မနန်းဆောင်ကြီးတွင် ဆုံခဲ့ချိန်ကလည်း ထူးထူးဆန်းဆန်း တစ်စုံတစ်ရာ ဖြစ်ခဲ့သည်။ထိုအချိန်က သူသည် ထူးဆန်းသောစကားများကို ပြောဆိုညည်းညူနေခဲ့၏။
အိုဖီလီယာက ကယ်လီယန်၏ ကမ်းလှမ်းလာမှုကို ကျိန်းသေပေါက် ငြင်းသင့်သည်ဟု တွေးခဲ့သည်။
သူမအနေဖြင့် ကယ်လီယန်ကို ဆက်၍ သွေးဆောင်ဖြားယောင်းနေစရာ မလိုတော့ပါပေ။
နောက်ဆုံးတစ်ခါ တွေ့ခဲစဥ်ကလည်း သူမ ငြင်းဆန်ခဲ့သည့်တိုင် ကယ်လီယန်က ကောင်းကောင်းမွန်မွန် သိသွားခဲ့ပုံ မပေါ်ပါ။
ထို့ကြောင့် အိုဖီလီယာက အခိုင်အမာ ဆိုလိုက်သည်။
"အရှင့်သားရဲ့ကမ်းလှမ်းလာမှုကို ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ ကျွန်မနဲ့ ပထမဆုံးတွဲကရမဲ့သူက ရှိပြီးပါပြီ။"
ပြီးနောက် သူမက ဆိုဗက်စ်စတာကို ညွှန်ပြလိုက်သည်။
"ကျွန်မရဲ့ခင်ပွန်းပါ။"
သူမ၏ဘေးနားတွင် ရပ်နေခဲ့သော ဆိုဗက်စ်စတာက စိတ်လှုပ်ရှားသွားပုံရလေသည်။
ဆန့်ကျင်ဘက်အားဖြင့် ကယ်လီယန်၏မျက်နှာက ရှုံ့မဲ့သွားခဲ့၏။
"အိုဖီလီယာ"
ကယ်လီယန်က အိုဖီလီယာ၏လက်ကောက်ဝတ်ကို ဆတ်ခနဲ လှမ်းကိုင်လိုက်သည်။
"မင်းပဲ ငါ့ကို သဘောကျတယ်လို့ ပြောခဲ့တယ်လေ။"
"ရှင်!"
"ဒါပေမဲ့ ငါ့ကို ဘာဖြစ်လို့ ငြင်းပယ်နေရတာလဲ။"
ကယ်လီယန် အံကြိတ်လိုက်၏။
"အခု တော်ရုံတန်ရုံပဲ လုပ်ရင် ပိုကောင်းမယ်လို့ ငါ ထင်တယ်။မင်းရော အဲ့လို မထင်ဘူးလား။"
အိုဖီလီယာက ထိုသို့ လုပ်ပြနေခြင်းမှာ သူ့ကို ဖြားယောင်းနိုင်မည့် နောက်ထပ် နည်းတစ်နည်း ဖြစ်မည်ဟု ကယ်လီယန် ထင်ထားခဲ့လေသည်။
အခု အိုဖီလီယာက လက်ကိုတောင် ရုန်းနေလို့လား။
ကယ်လီယန် ကြိတ်ရယ်နေခဲ့သည်။
"ကျွန််မ အရှင့်သားကို သဘောကျတယ်တဲ့လား။"
"အမှန်ပဲလေ။"
ကယ်လီယန် ဆက်ပြောလိုက်သည်။
"မင်းက ငါ့နောက်ကို ဘယ်နေရာဖြစ်ဖြစ် လျှောက်လိုက်နေခဲ့တာ။ငါ စိတ်ညစ်ရတဲ့အထိပဲ။အခု မင်းက ဗျူဟာပြောင်းသွားပြီလို့ ငါ ထင်တယ်။ကောင်းပြီလေ ... ငါ မင်းကို သက်ညှာပေးလိုက်မယ်၊ဒီတော့ ငါနဲ့အတူ ကပေးပါ။"
"..."
ထိုအခိုက်အတန့်တွင် အိုဖီလီယာ ဘာတစ်ခုမှ မသိတော့သလို ဖြစ်သွားခဲ့ရသည်။
သူမက ကယ်လီယန်ကို ကြိုက်ခဲ့လား။
ဒါပေါ့ ... ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။
ထိုသို့ မဖြစ်ခဲ့မှန်း သူမအနေဖြင့် သေချာပါသည်။ဆိုဗက်စ်စတာ၏အမိန့်အတိုင်း လိုက်လုပ်နေချိန်မှလွဲ၍ ကယ်လီယန်ကို တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
အမှန်တော့ ကျွန်မလဲ ကြိုက်တယ်ဆိုတဲ့ ခံစားချက်ကို မသိဘူး။အဲ့ဒါက ဘယ်လိုဟာမျိုးလဲ။
အရာရာတိုင်းမှာ အဲ့ဒီလူအကြောင်းကိုပဲ သတိတရနဲ့ တွေးနေမိတာမျိုး။
အင်း
ထိုသို့ တစ်ခါမျှပင် မဖြစ်ခဲ့ပေ။
အမှန်တွင် သူမက ကယ်လီယန်ထက်စာလျှင် ဆိုဗက်စ်စတာကိုသာ ပို၍ တွေးတောနေမိပါသေးသည်။
ဟမ့်
အိုဖီလီယာ လက်ရှိ ဝတ်ထားမိသော ဝတ်စုံကို အလိုလို ငုံ့ကြည့်လိုက်မိသည်။
ကတ္တီပါသားဝတ်စုံ
ဆိုဗက်စ်စတာက ထိုအသားကို သဘောကျသဖြင့် သူမ ဤဝတ်စုံကို ရွေးချယ်မိခဲ့ကြောင်း ပြန်သတိရသွားခဲ့သည်။
ထိုကဲ့သို့ပင် သူမက ကိုယ်တိုင်ပင် မသိပါပဲ ဆိုဗက်စ်စတာကိုသာ တွေးနေမိလေသည်။
အရာရာတိုင်းမှာ အဲ့ဒီလူအကြောင်းကိုပဲ သတိတရနဲ့ တွေးနေမိတာမျိုး။
အာ ...
နောက်ဆုံးတွင် တစ်စုံတစ်ရာကို နားလည်သွားရသဖြင့် အိုဖီလီယာ မသိမသာ သက်ပြင်းချလိုက်မိသည်။
အရာရာတိုင်းမှာ အဲ့ဒီလူအကြောင်းကိုပဲ သတိတရနဲ့ တွေးနေမိတာမျိုး။
သူမ ဤခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် အရာရာတိုင်းတွင် ဆိုဗက်စ်စတာနဲ့ ချိတ်ဆက်နေခဲ့သည်ဟု တွေးမိခဲ့သည်။
သူမ မနက်အိပ်ယာထချိန်မှ စ၍ နေ့စဥ်ဘဝတစ်လျှောက်လုံး သာမက ညအိပ်ယာဝင်သည့် တိုင်အောင်။
သူမ ဆိုဗက်စ်စတာအကြောင်း မတွေးခဲ့မိသည့်နေ့ဟူ၍ တစ်ရက်ပင် မရှိချေ။
ဒီတော့ ငါ ...
ငါ သူ့ကို အစထဲက ကြိုက်နေမိတာပဲ။
အိုဖီလီယာက ဆိုဗက်စ်စတာကို ပြန်ကြည့်လိုက်သည်။
ဆိုဗက်စ်စတာမှာ ကယ်လီယန်ကို အချိန်မရွေး ထရိုက်တော့မည့်ပုံစံ ဖြစ်နေခဲ့သည်။
အိုဖီလီယာ၏နှုတ်ခမ်းများ တွန့်ကွေးသွားရ၏။
"မဟုတ်ပါဘူး။"
အိုဖီလီယာက ဆုပ်ကိုင်ထားသော ကယ်လီယန်၏လက်ထဲမှ သူမ၏လက်ကို ဆွဲထုတ်လိုက်သည်။
"ကျွန်မက အရှင့်သားကို မကြိုက်ပါဘူး။"
ပြီးနောက် သူမက ဆိုဗက်စ်စတာ၏လက်မောင်းကို ချိတ်လိုက်သည်။
"ကျွန်မ ..."
အိုဖီလီယာက ကယ်လီယန်ကို အသေအချာကြည့်၍ ပြောလိုက်သည်။
"ကျွန်မရဲ့ခင်ပွန်းကိုပဲ ကြိုက်ပါတယ်။"
အင်း
သူမ သူ့ကို ကြိုက်တယ်။
ထိုသို့ပြောပြီးနောက် ချက်ချင်းပင် သူမ၏နှလုံးသားထဲတွင် မွန်းကြပ်လာသလို ခံစားလိုက်ရသည်။
မင်းက တော်တော်လေး အပူအပင်မရှိတာပဲ။
ဒါကြောင့်ပဲ ကိုယ် မင်းကို ကြည့်လိုက်တိုင်း စိတ်အေးချမ်းသွားရတာ။
ထိုအခိုက်အတန့်လေးတွင် သူမက သူ့လက်မောင်းကို ဖက်တွယ်ရင်း မျက်နှာကို လက်မောင်းပေါ်တွင် မှီထားလိုက်မိသည်။
ဆိုဗက်စ်စတာ ပြောခဲ့သည့်အတိုင်း အိုဖီလီယာမှာ အမှန်ပင် သက်တောင့်သက်သာ ဖြစ်သွားသည်ဟု ခံစားလိုက်ရလေသည်။
ထို့ကြောင့် သူမက နှလုံးသားတစ်ခုလုံးကို ရင်း၍ ပြောလိုက်သည်။
"တကယ်ပါ ...စကားလုံးတွေ သုံးပြီး ဖော်ပြနိုင်တာထက် ပိုတဲ့အထိ ကျွန်မ သူ့ကို တကယ်ပဲ သဘောကျပါတယ်။"
TK Team (Chapter 114)
++++++++