အပိုင်း ၁
Viewers 11k

ကျီဟွားဆေးရုံမှာ ဆေးတက္ကသိုလ်တစ်ခုနှင့် ချိတ်ဆက်ထားသော ဆေးရုံဖြစ်သည်။
အချိန်မှာ နံနက်ရှစ်နာရီပင် မရှိသေးသော်လည်း နွေရာသီ၏တောက်ပသောနေရောင်ခြည်မှာ ထွင်းဖောက်မြင်နေရသော ပြတင်းပေါက်များမှတစ်ဆင့် ကော်ရစ်ဒါတစ်‌လျှောက် အလင်းပြန်နေသည်။
ကော်ရစ်ဒါ၏တစ်ဖက်တစ်ချက်တွင်မူ ဆရာဝန်များ‌၊ဘွဲ့လွန်အလုပ်သင်များ၊ လက်တွေ့ဆင်းနေသည့်ဆရာဝန်များနှင့် ကျောင်းသားများမှာ အဖွဲ့နှစ်ဖွဲ့ကွဲကွဲပြားပြားရှိနေပြီး ပိုးသတ်ဆေးရည်၏အနံ့ဖျော့ဖျော့မှာ သိသိသာသာပင် ရှိနေခဲ့သည်။
ဒေါက်တာနံပါတ်နှစ်၏ရုံးခန်းထဲတွင် ကျန်းရှုမှာ လက်ဖက်ရည်ကို ချလိုက်ကာ သူ၏ခုံပေါ်တင်ထားသည့် အဖြူရောင်ဆရာဝန်ကုတ်ကို ဝတ်ဆင်လိုက်ပြီး အလွန်သပ်ရပ်လျက်ရှိသောစားပွဲပေါ်မှာ စာရွက်စာတမ်းအထူကြီးတစ်ထပ်ကို ယူလိုက်သည်။ သူ၏ရင်ဘတ်တွင် လက်ထောက်ပါရဂူဟူသည့်တံဆိပ်ကို တပ်လိုက်ပြီး အိတ်ကပ်ထဲသို့ အနက်၊အနီနှင့်အပြာရောင် ဘောပင်အချို့ ထည့်လိုက်သည်။
ကျန်းရွှိနှင့်အဝေးဆုံးရုံးခန်းတွင်မူ ရှန့်ဖန်းယွိ အလျင်အမြန် ကော်ဖီနှစ်ငုံ့ခန့် မော့လိုက်ပြီး နက်ပြာရောင်ဖိုင်ကို ချိုင်းကြားညှပ်လိုက်သည်။ သူ၏အဖြူရောင်ကုတ်အင်္ကျီကို အမြန်ကြယ်သီးတပ်လိုက်ပြီး ဘေးကပ်ရပ်စားပွဲမှဆရာဝန်၏အိတ်ကပ်ထဲမှ အနက်ရောင်ဘောပင်ကို လှမ်းယူလိုက်ပြီး " ကျေးဇူးနော် အစ်ကိုကြီးရေ ဟားဟား…"
" ဟေးး…"
သားကောင်ဖြစ်သွားရရှာသည့် အပြစ်ကင်းသည့်အခန်းဖော်လေးမှာမူ ရှန့်ဖန်းယွိ၏ မြန်ဆန်နေသည့်လက်များကြားတွင် ရှုံးနိမ့်သွားရသည်။ ကျန်းရွှိ ခေါင်းကိုအနည်းငယ်ငုံ့ကာ သူ့ထက်အရင် ရုတ်တရက်ထွက်ပေါ်လာပြီး တံခါးလက်ကိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်လာသည့် ရှန့်ဖန်းယွိကို ကြည့်လိုက်သည်။
"...."
" ခွင့်ပြုပါဦ ဒေါက်တာကျန်း ငါအရင်သွားနှင့်မယ်နော်…" အနည်းငယ်‌ယုတ်မာသည့်အပြုံးနှင့် ချောမောသည့်မျက်နှာတစ်ခုမှာ တံခါးကို ပေါ့ပေါ့ပါးပါးဖွင့်လိုက်ကာ ဘက်ဘက်ရှိကျောင်းသားတစ်စုကို လက်ဖြင့်ပုတ်လိုက်ပြီး " သွားစို့…"
ညာဘက်မှ အလုပ်သင်ဆရာဝန်ဖြစ်သော ယွီစန်းမှ လှည့်ထွက့်သွားချိန်တွင် ရင်းနှီးနေသောလက်ဟန်ပြလာသဖြင့် သပ်ရပ်စွာ ဝတ်စားထားသည့် ကျန်းရွှိလည်း တံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။ သူ၏နှာရိုးပေါ်မှ မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီး လေကဲ့သို့လမ်းလျှောက်လာစဉ် ယူလာသည့်ဖိုင်တွဲဖြင့် ညာဘက်အတန်း၏အဆုံးမှ ကျောင်းသားကို ပုတ်လိုက်ကာ " နောက်ကြရင် သူ့ရဲ့ကုတ်ကို ကြယ်သီးတောင်သေချာမတတ်တဲ့သူရှိလို့ကတော့ ထွက်ပြီး ရှန့်ဖန်းယွိရဲ့အဖွဲ့မှာ သွားဝင်လိုက်လို့ရပြီ.."
ထိုအချိန်မှသာ ကျောင်းသားမှာရုတ်တရက်ဆိုသလို သူ၏ကြယ်သီးများကို သေသေချာချာမတပ်ထားရသည်ကို သတိပြုမိသွားခဲ့သည်။
လူသိများသောသင်ကြားရေးဆေးရုံတစ်ခုအနေနှင့် ကျီဟွားဆေးရုံတွင် လူနာပမာဏများပြားကာ ဆရာဝန်အမျိုးအစားများစွာလည်းရှိသည်။ သားဖွားမီးယပ်ဌာနကို အဓိကအားဖြင့် ဆေးအဖွဲ့အချို့နှင့် ဖွဲ့စည်းထားပြီး ခေါင်းဆောင်နှင့်လက်ထောက်ပါရဂူများမှ သင်ကြားရေးကို တာဝန်ယူကြပြီး သမားတော်များ၊ဘွဲ့လွန်အလုပ်သင်များ၊ဆရာဝန်များနှင့် ဘွဲ့မရသေးသည့်ကျောင်းသားများကို ပိရမစ်ကဲ့သို့ တည်ဆောက်ပုံဖြင့် ဆက်လည်ဖွဲ့စည်းထားသည်။
ယေဘုယျအားဖြင့် သမားတော်များနှင့် ဘွဲ့လွန်အလုပ်သင်များမှာ နေ့စဉ်လှည့်ပတ်ချိန်များအတွက်သာ တာဝန်ရှိပြီး ခေါင်းဆောင်နှင့်လက်ထောက်ပါရဂူများမှာမူ အပတ်စဉ် အဓိကသင်ကြားချိန်နှစ်ခုစီ တာဝန်ကျလေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ယခုမှလက်ထောက်ပါရဂူဖြစ်လာသည့် ဆရာဝန်ငယ်များဖြစ်သော ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့မှာမူ နေ့စဉ်နေ့တိုင်းလိုပင် လူအုပ်ကြီးကိုဦးဆောင်ကာ လူနာလိုက်ကြည့်ရလေ့ရှိသည်။
သူတို့နှစ်ဦးမှာ တူညီသော ရှစ်နှစ်တာသင်ကြားရသည့်ဆေးတက္ကသိုလ်မှ ကျောင်းဆင်းလာကြသူများဖြစ်ကာ ပထမနှစ်စကပင် အရှေ့လေမှအနောက်လေကို အနိုင်ရသည်ဖြစ်စေ အနောက်လေမှအရှေ့လေကိုအနိုင်ရသည်ဖြစ်စေ တစ်လှည့်စီ ပထမနှင့် ဒုတိယနေရာကို ချိတ်ဆွဲထားကြသည်။ အလုပ်သင်ဆင်းနေသည့်အချိန်တွင် ‌သူတို့နှစ်ဦးစလုံး ဆေးတက္ကသိုလ်နှင့်ချိတ်ဆက်ထားသည့် ကျီဟွားဆေးရုံသို့ ဝင်ရောက်ခဲ့ကြကာ အဆုံး၌ ပရော်ဖက်ဆာခွေ့၏တံခါးဝရှေ့တွင် ငြင်းခုန်နေရင်းမှ သားဖွားမီးယပ်ဌာနတွင် အတူတူတာဝန်ကျခဲ့သည်။
ပရော်ဖက်ဆာခွေ့မှာ သားဖွားမီးယပ်ဌာန၏ဒါရိုက်တာဖြစ်သည့်အပြင် ကျီဟွားဆေးရုံ၏ ဒုတိယဥက္ကဌလည်းဖြစ်ပြီး ဆေးကုသသည့်နေရာတွင် အလွန်ထူး‌ချွန်ပြောင်မြောက်သော စွမ်းရည်များရှိသည့် သက်လတ်ပိုင်းအရွယ် ကြင်နာတတ်သောအမျိုးသမီးတစ်ဦးဖြစ်သည်။ ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့ တစ်ဌာနထဲတွင် တာဝန်ကျမည်ကို သိလိုက်ရသည့်အချိန်၌ သူတို့နှစ်ဦး အလျင်အမြန် ပရော်ဖက်ဆာခွေ့၏ရုံးခန်းစီသို့ ပြေးလာကြသည်။
ကျန်းရွှိမှ " သူရှိရင် ကျွန်တော်မရှိရဘူး .. ကျွန်တော်ရှိရင်လည်း သူမရှိရဘူးနော်…"
ရှန့်ဖန်းယွိမှာမူ " ကျွန်တော်ကတော့ သူနဲ့အတူအလုပ်လုပ်ရမှာထက်စာရင် ငတ်ပဲသေသေ ဒီကပဲခုန်ချရချရ လုပ်ပစ်မှာ…"
မည်သို့ပင်ဖြစ်စေ ပရော်ဖက်ဆာခွေ့မှာမူ သူတို့နှစ်ဦးကို ပြုံးလျက်သာ ကြည့်နေခဲ့ပြီး သူမ၏အပူခံခွက်ကိုကိုင်ကာ ပြောလာခဲ့သည်
" အဲဒါက ရုံးကိုအစီအရင်ခံပြီးသွားပြီဆိုတော့ ပြောင်းလို့မရတော့ဘူး…ဘယ်လိုပဲဖြစ်ဖြစ် တစ်ညတည်းနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စဆိုတာမှမရှိတာ ခြေတစ်လှမ်းဆုတ်ပေးလိုက်ပြီး ကန့်သတ်ချက်တွေဖြေလျော့လိုက်ရင်ကော…လာပါ အရင်ဆုံး လက်ဆွဲနှုတ်ဆက်လိုက်ကြရင်ကော ဘယ်လိုလဲ.."
ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့မှာ သိသိသာသာပင် လက်ဆွဲနှုတ်မဆက်ချင်ခဲ့ပေ။ အချင်းချင်း ကြည့်လျက် အင်္ကျီလက်မောင်းကို ခေါက်တင်လိုက်ပြီး အေးတိအေးစက်ဖြင့် နှာခေါင်းရှုံ့ကာ ထွက်သွားခဲ့ကြသည်။
သို့ဖြစ်ရာ ထိုနေ့နောက်ပိုင်းတွင် ပရော်ဖက်ဆာခွေ့မှာ ထိုပြိုင်ဘက်နှစ်ဦး၏ စမ်းသပ်ခန်းအတွင်း သုတေသနများကို မနားမနေလုပ်ဆောင်နေကြပုံအား ပျော်ပျော်ကြီး ကြည့်နေခဲ့လေသည်။ သူတို့နှစ်ဦးတွင် မကုန်ဆုံးနိုင်သောစွမ်းအင်တည်ရှိနေသကဲ့သို့ သူမနှင့်ပူးပေါင်းလုပ်ဆောင်ကြပြီး အစည်းအဝေးများတွင် တစ်ဦးကိုတစ်ဦး ပြောစရာစကားမဲ့စေသည်အထိ အချင်းချင်း ငြင်းခုန်နေလေ့ရှိသည်။
တစ်လတွင် ကျန်းရွှိမှာ စာတမ်းတစ်စောင်ပေးလာမည်ဖြစ်ပြီး နောက်တစ်လတွင်မူ ရှန့်ဖန်းယွိမှာ သူ၏စာတမ်းအကြောင်း သူမနှင့်လာတိုင်ပင်ဆွေးနွေးမည်ဖြစ်သည်။ အခြားသူများမှာ " လမင်းကြီးမအိပ်သရွေ့ ငါမအိပ်ပေ…" ဟုပြောလေ့ရှိကြသော်လည်း ထိုသူနှစ်ဦးမှာမူ " မင်းမအိပ်သရွေ့ ငါမအိပ်ဘူး.." ဟုပြောမည့်သူများဖြစ်ကြသည်။
အုပ်ထိန်းသူတစ်ဦးအနေဖြင့် ပရော်ဖက်ဆာခွေ့မှာ ဘောနပ်အဖြစ် အပိုပိုက်ဆံများရသည့်အပြင် သူမ၏ကျောင်းသားများမှ ယူဆောင်လာပေးသည့် စိတ်လှုပ်ရှားစရာများကိုလည်း ရရှိခဲ့လေသည်။ အကြီးမားဆုံးအောင်မြင်မှုရရှိခဲ့သည့် ပရော်ဖက်ဆာခွေ့မှာ သူမ၏ကျောင်းသားနှစ်ယောက်ကို ကျေကျေနပ်နပ်ဖြင့် ကြည့်လိုက်ပြီး အေးအေးလူလူပြောလာခဲ့လေသည်
" လူငယ်တွေကတော့ ပြိုင်ပွဲကနေ တိုးတက်လာကြတာပဲ…"
အဆုံး၌ " မင်းငါ့ကိုအရင်မသတ်ရင် ငါမင်းကိုသတ်မယ်…" ဟူသည့် ပြင်းထန်သောပြိုင်ဆိုင်မှုအောက်တွင် ထိုသူနှစ်ဦးမှာ တူညီသည့်နှစ်တွင်ပင် လက်ထောက်ပါရဂူများဖြစ်လာကြကာ ကျီဟွားဆေးရုံ သားဖွားမီးယပ်ဌာန၏ငယ်ရွယ်ပြီးထက်ရှသောဓားနှစ်လက်ဖြစ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူတို့ဘဝ၏လျှပ်တပြက်အပြောင်းအလဲမှာ သူတို့၏ပြိုင်ဆိုင်မှုကို အရှိန်မလျော့သွားစေနိုင်ပေ။ ဆရာဝန်နှစ်ယောက်၏ပြိုင်ဆိုင်မှုမှာ နေ့စဉ်နေ့တိုင်းလို ဖြစ်ပျက်နေမည်သာဖြစ်ပြီး ဥပ‌မာအားဖြင့် ရုံးခန်းမှ မည်သူအရင်ထွက်မည်ကဲ့သို့သော ပြိုင်ဆိုင်မှုများဖြစ်လေသည်။
" ကျန်းရွှိ မင်းအရမ်းတရားလွန်သွားပြီနော်.."
သူနာပြုမှကမ်းပေးလာသည့် ခွဲစိတ်ရမည့်အချိန်ဇယားကို ကြည့်ကာ ရှန့်ဖန်းယွိ ပြောလိုက်သည် " လာမည့်အင်္ဂါနေ့ကြရင် ပထမခွဲခန်းကို မင်းယူပြီးသားဟာကို ထပ်ပြီး နေရာအများကြီးယူချင်နေသေးတာလား… တစ်မနက်ခင်းထဲကို ခွဲစိတ်မှုခြောက်ခုတစ်ခါတည်းလုပ်ချင်တယ်ပေါ့…မင်းဒီလောက်အများကြီးလုပ်လို့မရဘူးနော်…ငါ့ကိုဒီညအလုပ်ကနေမပြန်ဘဲ ဆေးရုံမှာညအိပ်စေချင်လို့လားကွ…"
ဆေးရုံတွင် ခွဲစိတ်ခန်းမှာ အကန့်အသတ်ရှိသည်ဖြစ်ရာ အကြမ်းဖျင်းအားဖြင့် အဆင့်မြင့်ပြီး ခက်ခဲသောခွဲစိတ်မှုများကို ဦးစွာလုပ်ဆောင်ရလေ့ရှိသည်။ နေ့တစ်နေ့၏ပထမဆုံးခွဲစိတ်မှုအနေဖြင့် ပုံမှန်ဆိုလျှင် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမည်ဖြစ်ကာ အလွန်အမင်းဖရိုဖရဲဖြစ်နေမည်မဟုတ်ချေ။
ပထမတစ်ဦးပြီးသည်နှင့် ချက်ချင်းဆိုသလို နောက်တစ်ခုဝင်ရမည်ဖြစ်ကာ ပထမဦးဆုံးခွဲစိတ်မှုမှာ ဆေးရုံ၏စီနီယာအစဉ်လိုက်နှင့် သူနာပြုခေါင်းဆောင်နှင့်ရင်းနှီးမှုအပေါ်မူတည်နေလိမ့်မည်။
မည်သူကမှ ညသန်းခေါင်ယံအချိန်၌ ခွဲစိတ်မှုလုပ်ချင်ကြမည်မဟုတ်ချေ။ သို့ဖြစ်ရာ ပထမဆုံးအဆုံးပြုရမည့် ခွဲစိတ်ခန်းမှာ အမြဲလိုပင် ဗျူဟာများ၏တိုက်ပွဲဖြစ်ခဲ့သည်။ ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့မှာ အခြားသူများအပေါ်တွင် ယဉ်ကျေးလေ့ရှိသော်လည်း အချင်းချင်းမျက်နှာခြင်းဆိုင်လိုက်သည်နှင့် သူတို့နှစ်ဦးမှာ သေသည်အထိ တိုက်ခိုက်သွားရန် မစောင့်နိုင်တော့ချေ။
" ဘာဖြစ်လဲ ငါကမြန်တယ်လေ…" ကျန်းရွှိ ကြည့်ပင်မကြည့်ဘဲ အချိန်ဇယားတွင် လက်မှတ်ထိုးရန် သွားလိုက်ပြီး သူ၏ပါးလျသောမျက်မှန်မှာ ကော်ရစ်ဒါပေါ်သို့ အေးစက်စက်အဖြူရောင်အလင်းပြန်နေခဲ့သည်။
ပုံမှန်အားဖြင့် ခွဲစိတ်မှုတစ်ခုမှာ ဆရာဝန်တစ်ဦးတည်းဖြင့် လုပ်ဆောင်၍ရသောအရာမဟုတ်ချေ။ အဓိကခွဲစိတ်ဆရာဝန်မှ အခက်ခဲဆုံးအပိုင်းကို ကိုင်တွယ်နေရစဉ် အသက်ငယ်သည့်ဆရာဝန်များမှာမူ ပြင်ဆင်ခြင်းနှင့် နောက်ဆက်တွဲပြန်ချုပ်ပေးရခြင်းများကို လုပ်ဆောင်ရလေ့ရှိသည်။
ဆေးရုံတွင် လူနာများစွာရှိသည်ဖြစ်ရာ အဓိကခွဲစိတ်ဆရာဝန်အနေဖြင့် အရေးကြီးသည့်အရာများကိုသာ လုပ်ဆောင်သွားပြီး ပလက်ဖောင်းခုန်ကျော်ခြင်းဟု လူသိများသည့် အခြားခွဲခန်းသို့ ဆက်ကူးသွားခြင်းမျိုးမှာ ပုံမှန်‌ဖြစ်လေ့ဖြစ်ထမရှိသော အရာမဟုတ်ပေ။
မျက်စိတစ်မှိတ်မှာပင် ရှန့်ဖန်းယွိ Spaအတွက်ကဒ်တစ်ခုကို စားပွဲပေါ်တင်လိုက်ကာ သူနာပြုခေါင်းဆောင်အား နူးနူးညံ့ညံ့ပြောလိုက်သည် " အစ်မကျန်း ကျန်းရွှိကိုကြည့်ပါဦး လောဘဇောတွေကပ်နေတာ အစ်မကဘာလို့ အချိန်ဇယားကို ပြန်မပြင်ပေးရမှာလဲနော်…"
ရှန့်ဖန်းယွိမှာ ကြည့်ကောင်းပြီး စကားပြောချိုသူတစ်ဦးဖြစ်ကာ လူများကို မည်သို့ချော့မော့ရမည်အား အထာနပ်သူဖြစ်သည်။ သူ၏ထူးခြားစွာ လှပသည့် မက်မွန်ပွင့်ကဲ့သို့ မျက်လုံးများကို ထပ်ပေါင်းရမည်ဆိုပါက သူ့ကိုနူးညံ့သိမ်မွေ့သူဟု မပြောနိုင်သည့်တိုင် မည်မျှပင် ညဘက်နောက်ကျသည်အထိနေရပါစေ ထိုမျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ တောက်ပလျက်ပင်ရှိရာ ရိုးရှင်းစွာပင် မိန်းကလေးများသဘောတတ်သည့်ပုံစံမျိုးဖြစ်သည်။
" အစ်မကျန်း ကျွန်တော့်အမေက ဒီSpaသွားနေကြလေ ရလဒ်တွေကလည်း အရမ်းကောင်းတာ..အစ်မကနဂိုတည်းက ကြည့်ကောင်းပြီးသားကို အသားအရေထိန်းသိမ်းဖို့သာ သွားလိုက်လို့ကတော့ အခုထက် ဆယ်နှစ်ပိုငယ်သွားမယ်ဆိုတာ ကျွန်တော်အာမခံတယ်…"
မည်သည့်အမျိုးသမီးကမှ သူမ၏အလှအပအပေါ် ချီး‌ကျုးမှုကို မနှစ်သက်သူမရှိလေရာ သူနာပြုခေါင်းဆောင်ဖြစ်သည့် ကျန်းဖန့်သည်လည်း ရှန့်ဖန်းယွိ၏ချော့မော့သောစကားများထဲသို့ ကျဆင်းသွားရလေသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရွှိပေးထားသည့် ဈေးဝယ်ကဒ်မှာ သူမ၏အိတ်ကပ်ထဲတွင်ရှိနေသေးသည်ဖြစ်ရာ အချင်းချင်းဆန့်ကျင်ဘက်ဖြစ်နေသည့် ဆရာဝန်နှစ်ယောက်ကို ကြည့်ကာ အနည်းငယ်ရှက်ရွံနေဟန်ဖြင့် သွေးဆောင်ရန် ကြိုးပမ်းလိုက်သည် " ဒေါက်တာကျန်းလည်း ဘာလို့ အချိန်တချို့ မခွဲပေးရမှာလဲ…"
ပုံမှန်အားဖြင့် ထိုသူနှစ်ဦးမှာ ပထမဆုံးသုံးရမည့် ခွဲခန်းအတွက် ထိုမျှကြမ်းတမ်းစွာ တိုက်ခိုက်လေ့မရှိသော်လည်း အချို့သော ရည်ရွယ်ချက်များကြောင့် သူတို့နှစ်ဦးစလုံးသည် ခွဲစိတ်မှုများကို အပြီးသတ်ကာ လာမည့် အင်္ဂါနေ့တွင် အားလပ်ချိန်ရှိရန်အတွက် လူပြန်ဝင်စားတော့မလိုပင် အလျင်လိုနေကြသည်။
ကျန်းရွှိ ရှန့်ဖန်းယွိကို အေးစက်သည့်အကြည့်တစ်ချက်ပေးကာ " စဉ်းတောင်မစဉ်းစားနဲ့…"
" ကျန်းရွှိ…" ရှန့်ဖန်းယွိလက်ထဲမှဘောပင်ကို ချလိုက်ပြီး " နောက်တစ်ခါ မင်းနဲ့ကျုံးလန်တို့ခွဲခန်းအတူဝင်ရတဲ့အခါကြရင် ငါပြဿနာမရှာတော့ဘူးလို့ ကတိပေးတယ်လေ…"
ကျုံးလန်မှာ တစ်ဌာနထဲမှ ဆရာဝန်တစ်ဦးဖြစ်ကာ သူတို့နှစ်ဦး၏ ဂျူနီယာညီမဟု သတ်မှတ်၍ရသည်။ ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့ ဆက်ဆံရေးဆိုးရွားနေရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာလည်း သူတို့နှစ်ဦးစလုံးမှာ ကျုံးလန်ကို လိုက်နေသည့်အတွက်ကြောင့်ပင်။
ကျန်းရွှိ ကျုံးလန်နှင့် အလုပ်အတူလုပ်ရသည့်အချိန်တိုင်းလိုလိုပင် ပြိုင်ဆိုင်မှုမှာ အလွန်အမင်းကြီးမားနေကာ ရှန့်ဖန်းယွိအလွန်အလုပ်မရှုပ်နေသရွေ့ ကျန်းရွှိ၏ခွဲခန်းသို့လာကာ သူတို့ကို ကာဆီးကာဆီးလာလုပ်လိမ့်မည်ပင်။
အချို့သောဆရာဝန်များမှာ ခွဲစိတ်နေစဉ်အတွင်း စကားစမည်ပြောဆိုတတ်ကာ အချို့မှာမူ သီချင်းများဖွင့်ထားတတ်သည့်အပြင် ဟာသများပင်ပြောလေ့ရှိကြသည်။ ခွဲစိတ်နေစဉ် တိတ်ဆိတ်ကာ မှုန်ကုတ်နေတတ်သည့် ကျန်းရွှိနှင့်မတူဘဲ ရှန့်ဖန်းယွိမှာမူ အလွန်ပျော်တတ်ပြီး စကားများများပြောလေ့ရှိသဖြင့် ကျုံးလန်မှာ ရှန့်ဖန်းယွိ၏အသက်ဝင်နေသောခွဲခန်းကို ပို၍နှစ်သက်လေသည်။
ကျန်းရွှိ၏အကြည့်မှာ ဖိထားသည့်ဘောပင်မှ မအီမလည်ဖြစ်နေသည့် ရှန့်ဖန်းယွိဆီသို့ ရွေ့သွားပြီး " ကောင်းပြီလေ…"
........
အင်္ဂါနေ့တွင် ကျန်းရွှိခွဲခန်းမှ ထွက်လာလိုက်ပြီး နံရံပေါ်မှနာရီကို ကြည့်လိုက်မိသည်။
တော်သေးတယ် သူအချိန်မီလုပ်နိုင်သွားလို့…
သူလက်ထောက်မှ ကမ်းပေးလာသည့် cokeဘူးကို တစ်ငုံနှစ်ငုံခန့်သောက်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်ပြီးနောက် ပုံမှန်အဝတ်အစားများကို လဲလှယ်ရန် အဝတ်လဲခန်းသို့ သွားလိုက်သည်။ ယနေ့တွင် ကောင်းမွန်စွာမီးပူထိုးထားသည့်အနက်ရောင်ဘောင်းဘီတစ်ထည်နှင့် အပေါ်ဆုံးကြယ်သီးကိုပင် တပ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို ယူလာခဲ့လေသည်။ ကျန်းရွှိ နက်တိုင်ကိုစည်းနေသည့်အချိန်အတွင်း ရုတ်တရက်ဆိုသလို သိသိသာသာပင် ရှုပ်ပွနေသည့် ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။
" ရို့ ‌ဒေါက်တာကျန်း ဒီနေ့ဝတ်စားထားတာ သပ်ရပ်လှချည်လား.."
ရှန့်ဖန်းယွိမှာ အနက်၊အဖြူနှင့်အပြာရောင် ဒေါင်လိုက်မျည်းကြောင်းများပါသည့် ပိုးသားရှပ်အင်္ကျီကိုဝတ်ဆင်ထားကာ အပေါ်ကြယ်သီးနှစ်လုံးကိုဖြုတ်ထားခဲ့သည်။ အင်္ကျီစကို ဘောင်းဘီထဲသို့ သာမန်ကာလျှံကာ ထိုးထည့်ထားကာ သူ၏ဆံပင်ကို နဖူးမှအနောက်ဘက်သို့ အသေအချာဖြီးသင်ထားပြီး အလွန်အမင်းတောက်ပနေခဲ့လေသည်။
ရှန့်ဖန်းယွိ ကျန်းရွှိ၏နက်တိုင်ကို ကိုင်ကာ ပရောပရည်လုပ်ဟန်ဖြင့် " ဘယ်ကိုသွားမလို့တုန်း…"
ကျန်းရွှိ သူ၏နက်တိုင်ကို ပြန်ဆွဲယူလိုက်ကာ မှန်ရှေ့တွင် ပြန်လည်ပြင်ဆင်လိုက်ပြီး ဖြေရန်ပင် ပျင်းရိ‌နေပုံနေလေသည်။
ရှန့်ဖန်းယွိမှာမူ နံရံသို့လက်ထောက်ထားကာ ကျန်းရှု၏နက်တိုင်ပြင်ဆင်နေပုံကို ကြည့်လျက် မေးလာခဲ့သည် " အဲနေ့ကဘာလို့ ဦးဆုံးခွဲခန်းအချိန်ကို ယူခဲ့လဲဆိုတာ မသိချင်ဘူးလား…"
ကျန်းရွှိ ရှန့်ဖန်းယွိလုပ်ခဲ့သည့်အရာကို ဂရုပင်မစိုက်ခဲ့ပေ။ သူထိုနေ့က ခွဲခန်းလုခဲ့ခြင်းမှာ ယနေ့ညတွင် ကျုံးလန်မှ ညစာစားရန် ဖိတ်ကြားလာခဲ့ခြင်းကြောင့်ပင်။ ထို့အတွက်ကြောင့်သာ သူယခုကဲ့သို့ ဝတ်စုံပြည့်ကို တမင်တကာ ဝတ်ခဲ့ခြင်းဖြစ်သည်။
ရှန့်ဖန်းယွိ သူ၏နောက်မှ လိုက်ထွက်လာကာ မျက်နှာပေါ်တွင် လှောင်ရိပ်များပြည့်နေပြီး " မင်းကျုံးလန်နဲ့အတူခွဲခန်းဝင်ရတော့ကော ဘာဖြစ်လဲ ဘယ်လိုပဲဖြစ်ဖြစ် ကျုံးလန်က ငါ့ကိုရွေးသွားတာပဲလေ…ပွင့်ပွင့်လင်းလင်းပြောရရင် ကျုံးလန်က ဒီနေ့ငါ့ကိုညစာစားဖို့ဖိတ်ထားတယ်…"
အိုးး အပူကြွနေတဲ့ဒေါင်းတစ်ကောင်လို ဝတ်စားထားတာ အံ့ဩစရာမရှိတော့ပါဘူးလေ..
ခဏနေဦး..
Xxxxxx