အပိုင်း ၂
Viewers 11k

ခဏနေဦး..
ကျန်းရွှိ ရုတ်တရက်ဆိုသလို ရှန့်ဖန်းယွိကို မျက်နှာသေဖြင့် ကြည့်လာကာ " မင်းအခုဘာပြောလိုက်တာ…"
" ကျုံးလန်က ငါ့ကိုညစာစားဖို့ ဖိတ်ထားတယ်လို့…" ရှန့်ဖန်းယွိ သက်ပြင်းချလိုက်ပြီး " မနာမလိုမဖြစ်ပါနဲ့ ဒေါက်တာကျန်းရေ မင်းရဲ့အလှည့် ရောက်လာမှာပေါ့…"
"......"
အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းရွှိပြောလိုက်လေသည် " သူငါ့ကိုလည်းဖိတ်ထားတယ်…"
ရှန့်ဖန်းယွိ၏ဂုဏ်ဆာနေသည့်မျက်နှာမှ တောင့်တင်းသွားပုံကို ကြည့်ကာ ကျန်းရှုနှာခေါင်းရှုံ့လိုက်ပြီး " ထင်ချင်သလိုသာထင်.."
" သောက်ချီးပဲ…" ရှန့်ဖန်းယွိမှာ စိတ်ပျက်သွားရကာ " သူကဘာလို့ မင်းကိုဖိတ်ထားတာလဲကွာ မင်းဆီဘာများတွေ့နိုင်မှာမလို့လဲ.. အသန့်ကြိုက်ရောဂါရယ် ဒယ်အိုးဖင်လိုမျက်နှာရယ် ဒါမှမဟုတ် အေးစက်စက်ပုံရယ်လား.."
" မင်းပဲအေးစက် မင်းတို့တစ်မိသားစုလုံးပဲအေးနေလိုက်… မင်းကမှ အတောင်ဖြန့်ပြနေတဲ့ဒေါင်းလို‌ဖြစ်နေတာ မင်းကိုကြိုက်ဖို့ဆို အဲလူကကန်းနေမှရမယ်…"
" ဒီနှစ်ယောက်ကတော့လေ… စကားမများကြပါနဲ့တော့…"
သာယာချိုမြိန်သည့် မိန်းကလေးတစ်ဦး၏အသံမှ သူတို့၏ရန်ပွဲကို ကြားဖြတ်ပြောလာသည်။ ‌ကျုံးလန်မှာ SUV၏အရှေ့တွင် ရပ်နေကာ သူမ၏လက်မှာ သူတို့နှစ်ဦးဆီသို့ ကို့ရို့ကားယားဖြင့် ညွန်ပြလာပြီး " တက်ကြပါ…"
ယခုပင် ခေါင်းမာနေခဲ့ကြသော လက်ထောက်ပါရဂူနှစ်ဦးမှာ ချက်ချင်းလိုပင် ယဉ်ကျေးသွားကြပြီး တစ်ချိန်တည်းမှာပင် ခေါင်းငြိမ့်ကာ ‌ကျုံးလန်ကို ပြုံးပြလာကြသည် " ကျေးဇူးပါ…"
SUV ၏နောက်ခန်းမှာ ကျယ်ဝန်းပြီး သူတို့နှစ်ဦးအတွက် သက်တောင့်သက်သာထိုင်၍ လိုက်နိုင်သော်လည်း တွင်းရေမှာ မြစ်ရေဖြင့် မရောနှောသကဲ့သို့ လူဝကြီးတစ်ဦးသည်ပင် အလယ်တွင် ထိုင်နိုင်သည်အထိ ထောင့်တစ်ထောင့်စီတွင် ထိုင်နေကြသည်။ သူတို့နှစ်ဦးမှာ ပြတင်းပေါက်ကိုသာ ကြည့်နေကြသော်လည်း ရှုထုတ်လိုက်သည့်လေမှ အချင်းချင်းကိုသတ်နိုင်သည်အထိ အခြေအနေမှာ ပြင်းထန်နေခဲ့သည်။
ကျုံးလန် သက်ပြင်းသာချလိုက်မိသည်။
သူမ ထိုသူနှစ်ဦး၏အငြင်းပွားမှုထဲတွင် ထပ်၍မပါချင်တော့ပေ။ ခရီးရှည်ကြီးအပြီးတွင် သူမအတွက်‌အကောင်းမွန်ဆုံးနည်းမှာ ဟင့်အင်းလို့ပြော၍ သန့်ရှင်းပစ်ခြင်းသာဖြစ်ပေလိမ့်မည်။
......
ကောင်းမွန်စွာ အလှဆင်ထားသည့်စားသောက်ဆိုင်ထဲတွင် ဆံပင်မြင့်မြင့်စည်းနှောင်ထားပြီး ထက်ရှသည့်ဟန်ဝတ်စားထားသည့်အမျိုးသမီးမှ ကျုံးလန်၏လက်ကို ချက်ချင်းကိုင်လိုက်ကာ ပြောလာသည်ကို ကျန်းရွှိနှင့် ရှန့်ဖန်းယွတို့ မြင်လိုက်ရသည်
" သားဖွားမီးယပ်ဌာနမှာ ရှင်တို့‌နှစ်ယောက်က ကျွန်မတို့လန်လန်ကို အရမ်းကောင်းကောင်းဆက်ဆံတယ်လို့ ကြားမိတယ်… ကျွန်မကအမြဲတမ်းကျေးဇူးတင်နေမိတာပါ…"
" ကျေးဇူးတင်ဖို့မလိုပါဘူး ကျွန်တော်လုပ်သင့်တဲ့အရာပါ…"
ရှန့်ဖန်းယွိမှာ ထိုအမျိုးသမီးကို ကျုံးလန်၏သူငယ်ချင်းဟုထင်လိုက်မိသည့်အတွက် ပြုံးပြလိုက်ပြီး " ကျွန်တော်တို့က အချင်းချင်းစောင့်ရှောက်ကြတာပါပဲလေ…"
စကားပြောပြီးသွားသည့် ရှန့်ဖန်းယွိကို ကြည့်ကာ အဆုံးတွင် ကျန်းရွှိက ဆံပင်မြင့်မြင့်စည်းထားသည့်အမျိုးသမီးကို ယဉ်ကျေးစွာပြုံးပြလိုက်သည် " ဟယ်လို…"
ထိုအမျိုးသမီးမှာ သူမ၏ရှေ့မှဆရာဝန်နှစ်ဦး၏တုန့်ပြန်ပုံကိုကြည့်ကာ သူမ၏မျက်မှန်ကို မပင့်တင်လိုက်ကာ ကျုံးလန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး " ဒါဆိုရင်လည်း လန်လန့်ရဲ့ချစ်သူအနေနဲ့ ရှင်တို့နှစ်ယောက်ကို ကျွန်မရဲ့ကျေးဇူးတင်မှုကိုပြသတဲ့အနေနဲ့ ထမင်းတစ်နပ်ကျွေးပါရစေ…"
ကျန်းရွှိနှင့် ရှန့်ဖန်းယွိ : " ? "
ဤသည်မှာ ပုံမှန်ညစာမျိုးမဟုတ်ချေ။ ပိုင်ဆိုင်မှုကိုပြသည့် ဟုန်မန်စား‌တော်ပွဲ ဖြစ်လေသည်။
(ဟုန်မန်စားတော်ပွဲဆိုသည်မှာ မကောင်းသောရည်ရွယ်ချက်ဖြင့် ထမင်းဖိတ်ကျွေးခြင်းကို ဆိုလိုပါသည်)
အစောပိုင်းအချိန်များက တိုက်ခိုက်နေကြသည့်နှစ်ဦးမှာ ကျုံးလန်အဘယ့်ကြောင့် ညစာဖိတ်ကျွေးသည်ကို ချက်ချင်းဆိုသလို သဘောပေါက်သွားကြပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့ တစ်ဦးကိုတစ်ဦးစိုက်ကြည့်လိုက်ကြပြီးနောက် နှာမှုတ်လျက် ပြန်လှည့်သွားခဲ့လေသည်။
ကျန်းရွှိမှာ လိင်တူနှစ်သက်သူများကို ရှုံ့ချသည့်သူမျိုးမဟုတ်သော်လည်း ထိုသတင်းကိုသိလိုက်ရချိန်၌ အနည်းငယ်စိတ်ပျက်သွားမိသည်။
သူသည် ဤနှစ်များအတွင်း ရှန့်ဖန်းယွိနှင့်ယှဉ်ပြိုင်တိုက်ခိုက်နေရသောကြောင့် အလွန်အလုပ်များနေခဲ့ပြီး ချစ်ကြိုက်ရန်အတွက်ပင် အချိန်မရှိခဲ့ချေ။ သူ၏မိသားစုမှ တစ်စုံတစ်ယောက်ကို လက်ထပ်ရန်တိုက်တွန်းလာသည့်အချိန်မှသာ သူစတင်၍စဉ်းစားမိလာခြင်းဖြစ်သည်။
ကျုံးလန်၏စိတ်နေစိတ်ထားမှာ ကောင်းမွန်ပြီး သူနှင့်ရင်းနှီးကာ ထိုထက်ပိုသည်မှာ ကျန်းရွှိသူမအပေါ်တွင် အမြင်ကောင်းရှိသည့်အတွက် တုန့်ဆိုင်းမှုမရှိ သူမကိုလိုက်ရန် သူရွေးလိုက်ခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ ထိုအချိန်၌ ရှန့်ဖန်းယွိမှလည်း သူ၏ကျူံးလန်ကို လိုက်မည့်ရည်ရွယ်ချက်အား တရားဝင်ဖော်ပြခဲ့လေသည်။
ကျန်းရွှိနောက်ဆုံးစားခဲ့သည်မှာ မနက်ခင်းအချိန်မှပေါက်စီများနှင့် နေ့လည်ခင်းခွဲစိတ်ချိန်အတွင်း နို့တစ်ဘူးသာဖြစ်သည်။ စံချိန်မီ‌ဖယောင်းတိုင်မီးများဖြင့် အလှဆင်ထားသော ညစာမှာ လက်ရှိမှအလွန်ကွာခြားနေပြီး သူဗိုက်ဆာနေသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ရှေ့မှအစားအသောက်များမှာ အရသာမရှိသလိုခံစားနေရသည်။
စားသောက်ပြီးချိန်တွင် ကျုံးလန်၏ချစ်သူမှ ငွေရှင်းရန်ထလိုက်သော်လည်း ကျန်းရွှိမှတားလိုက်သည်။ မိန်းကလေးများနှင့် စားရချိန်တိုင်း ရှင်းပေးလေ့ရှိသည်မှာ သူ၏အကျင့်ဖြစ်သော်လည်း ကျန်းရွှိမရှင်းခင်မှာပင် ရှန့်ဖန်းယွိမှသူ့ထက်အရင် ရှင်းပေးသွားခဲ့သည်။
ရှန့်ဖန်းယွိကတော့ကောင်းချက်ပဲ ဒီလိုနေရာတောင် သူနဲ့ပြိုင်နေသေးတယ်
ကျန်းရွှိ မျက်လုံးသားလှိမ့်ပြလိုက်ပြီးနောက် သူတို့လေးဦးစလုံး စားသောက်ဆိုင်မှထွက်လာခဲ့ကြသည်။ အငြင်းခံခဲ့ရသည့်သူနှစ်ဦးမှာမူ ကျုံးလန်နှင့်သူမ၏ချစ်သူတို့ ပျော်ရွှင်စွာ ထွက်သွားကြသည်ကိုသာ စိတ်ပျက်လက်ပျက်နှင့် ကြည့်နေရလေသည်။
ကျန်းရွှိသက်ပြင်းတစ်ချက်ချလိုက်ကာ စိတ်အခြေအနေထိန်းချုပ်လိုက်ပြီး အိမ်ပြန်ဖို့အတွက် တက်စီငှားရန်ပြင်လိုက်သည်။ အဆုံး၌ မနက်ခင်းအစောပိုင်းတွင် သူ့အတွက် ပထမဆုံးခွဲခန်းကိုယူရမည်ပင်။ သို့သော်လည်း ရုတ်တရက် ရှန့်ဖန်းယွိမှ သူ၏လက်ကို လှမ်းဆွဲလာခဲ့သည်။
ကျန်းရွှိလက်ထဲရှိဖုန်းကို ကြည့်နေရမှအကြည့်လွှဲလိုက်ပြီး ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်သော်လည်း တစ်ဖက်လူမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည်
" ငါကမိန်းကလေးတွေကိုပဲ ညစာဖိတ်ကျွေးလေ့ရှိတာ … ခုနကညစာအတွက်ပြန်ပေးဦး.."
" မင်းမျက်နှာက အုတ်နဲ့လုပ်ထားတာလား…" ကျန်းရွှိ ရှန့်ဖန်းယွိကို မယုံနိုင်စရာအကြည့်ဖြင့် ကြည့်နေခဲ့ပြီး ထိုသူ၏မျက်နှာမှာ သာမန်လူတစ်ယောက်ထက် နှစ်ဆမျှထူကာ မျက်နှာပြောင်နေခြင်းအား မုန်းတီးနေမိသည်။
" ပြန်မပေးလည်းရပါတယ် အဲအစား အရက်ဝယ်တိုက်ပေါ့.." ရှန့်ဖန်းယွိ စားသောက်ဆိုင်ဘေးမှ ဘားကို ညွှန်ပြကာ " ငါဝမ်းနည်းနေတယ်…."
ကျန်းရွှိ ဖုန်းကိုပြန်ကြည့်လိုက်ပြီး " ငါလည်းဝမ်းနည်းတယ်…"
" ဒါဆိုလည်း အတူသွားတာပေါ့.." ဤသို့ဖြင့် ကျန်းရွှိ လက်ခံသည်မခံသည်ကိုပင် ဂရုမစိုက်တော့ဘဲ ရှန့်ဖန်းယွိသူ၏လက်တစ်ဖက်ကို ကျန်းရွှိ၏နောက်ကျောပေါ်သို့တင်လိုက်ကာ ဘားရှေ့သို့ ဆွဲခေါ်သွားလိုက်သည်။
ကျန်းရွှိ ရှန့်ဖန်းယွိ၏လက်ကို ရွံရှာမှုအပြည့်ဖြင့် ပုတ်ထုတ်လိုက်ပြီး သူ၏မျက်လုံးများမှာ " ငရဲဘား " ဟုရေးထားသည့် ဆိုင်းဘုတ်ပေါ်သို့ ရောက်ရှိသွားသည်။
စာလုံးမှာနှစ်လုံးသာရှိသော်လည်း မီးအစုံအလင်မရှိချေ။ ထို့အပြင် ငရဲဟူသောစာလုံးမှာ တွဲလောင်းပင်ကျနေသေးသည်ဖြစ်ရာ အကယ်၍သာ တစ်နေ့နေ့တစ်ချိန်ချိန်လေပြင်းတိုက်ခတ်ခဲ့ပါက ‌အရေးပေါ်ဌာနတွင် လူနာမျိုးစုံတို့ဖြင့် ရင်ဆိုင်ရတော့မည်ဖြစ်သောကြောင့် ကျန်းရွှိကိုပင် ကြောက်ရွံ့သွားစေသည်။
စာလုံးပေါ်ရှိမီးများမှာမူ ပို၍ပင် မျက်စိကိုဖမ်းစားနေခဲ့သည်။ အစိမ်းရောင်‌တောက်တောက် နှင့်ပန်းရောင်ရောယှက်ထားပြီး အနီရောင်လုပ်ငန်းမှ သူဌေးမှာ နောက်ထပ်တစ်ခဏတွင်ပင် ဖောက်သည်များကို လာရောက်မြူဆွယ်တော့မည့်ပုံပေါ်နေခဲ့သည်။
" ဒီနေရာကသင့်တော်ပါ့မလား…" ကျန်းရွှိအနောက်သို့ဆုတ်သွားမိသည်။
ရှန့်ဖန်းယွိလည်း ဘေးဘီဝဲယာသို့ ကြည့်ကာ ပွစိပွစိပြောနေလေသည်။
" ဒါကကြည့်မကောင်းဘူး အရောင်တောက်လွန်းအားကြီးတယ်.."
ကျန်းရွှိသူ့ကိုကြည့်ကာ ရုတ်တရက်ဆိုသလို စိတ်ထဲတွင် မေးခွန်းတစ်ခုဖြတ်ပြေးသွားခဲ့သည်။
အကယ်၍သာ ရှန့်ဖန်းယွိတွင် ဤကဲ့သို့သောအမြင်မျိုးရှိပါက အဘယ့်ကြောင့်နေ့စဉ်နေတိုင်းခွေးတစ်ကောင်ကဲ့သို့ဖြစ်အောင် လုပ်နေရသနည်း။
တံခါးရှိအဖျော်ဆရာမှာ တုန့်ဆိုင်းနေသည့်လူနှစ်ဦးကို မြင်သွားပြီး အခြေအနေမကောင်းပုံပေါ်နေသဖြင့် အမြန်ပြေးလာကာ စည်းရုံးလိုက်သည်။ " ရုပ်ချောချောနဲ့အစ်ကိုက လာပျော်တာပဲဖြစ်ရမယ် … ဒါကမိုင်တစ်ရာအတွင်းမှာ တစ်ခုတည်းရှိတဲ့ဘားနော် ဒါပြီးရင် ဘယ်မှာမှသောက်စရာရှိမှာမဟုတ်ဘူး..ပြီးတော့ ဒီနေ့ရဲ့သောက်စရာအားလုံးကို ဆယ်ရာခိုင်နှုန်းဈေးလျော့ထားသေးတယ်…"
ကျန်းရွှိ ချက်ချင်းဆိုသလို အရှေ့သို့တိုးသွားလိုက်သည်။
" မင်းစည်းရုံးခံလိုက်ရတာလား.." ရှန့်ဖန်းယွိ မမျှော်လင့်ဘဲ ပြောချလိုက်သည်။
" ဒေါက်တာကျန်းက ပိုက်ဆံအတော်ပြတ်နေတာလား…"
ကျန်းရွှိသူ့ကိုပြန်မကြည့်ဘဲ ဖြေလာခဲ့လေသည်။
" မင်းက ဆယ်ရာခိုင်နှုန်းဈေးလျော့ထားတဲ့အရက်နဲ့ပဲတန်လို့လေ…."
ရှန့်ဖန်းယွိ : " ချီးပဲ…"
ကံကောင်းစွာဖြင့် ငရဲဘားမှာ သူ၏ဆိုင်းဘုတ်ကဲ့သို့ ဈေးပေါလှသည်မဟုတ်ဘဲ အထဲတွင် သီးသန့်ခန်းများနှင့် ထိုင်ခုံများပါသည့်ပုံမှန်ဘားတစ်ခုဖြစ်နေခဲ့သည်။
တစ်ဆယ်ရာခိုင်နှုန်းလျော့ဈေးလည်း ရှိနေသဖြင့် ရှန့်ဖန်းယွိ သောက်စရာများအားလုံးကို တစ်ထိုင်တည်းမှာလိုက်ကာ သူတို့ကြားရှိစားပွဲကို အပြည့်ဖြည့်လိုက်သည်။
မျက်နှာချင်းဆိုင်မှ ထိုင်နေသည့်ကျန်းရွှိမှာမူ လက်များကိုချိတ်ထားကာ သူ၏နက်ကတိုင်နှင့်ဝတ်စုံပြည့်တို့ကြောင့် လာမည့်မိနစ်ပိုင်းအတွင်းမှာပင် တရားရုံး၌သွားဆွေးနွေးမည့်ပုံပေါ်နေခဲ့သည်။ ရှန့်ဖန်းယွိထရပ်ကာ ကျန်းရွှိ၏ဘေးတွင် ထိုင်ချလိုက်ပြီး " ကြိုဆိုပါတယ် သောက်ကြရအောင်…"
ကျန်းရွှိခေါင်းကိုစောင်းကာရှောင်လိုက်ပြီး စားပွဲပေါ်မှ ကြည့်ရကောင်းသည့်ဝိုင်ခွက်များကိုမူ အပိုအာရုံပင်မစိုက်ချင်ခဲ့ပေ။
ရုတ်တရက်ဆိုသလို ပန်းပွင့်အင်္ကျီနှင့် အမျိုးသားတစ်ဦးရောက်ချလာကာ ဆိုဖာပေါ်သို့ လက်တစ်ဖက်ထောက်၍ သူတို့နှစ်ယောက်ရှေ့တွင် အရက်ခွက်ကိုမြောက်လိုက်ပြီး " အချောလေး အတူတူသောက်ကြမလားဟင်…"
ရှန့်ဖန်းယွိ ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
" ဟင့်အင်း.."
" ငါမင်းကိုမမေးပါဘူး.." ထိုသူမှ ရှန့်ဖန်းယွိကိုကျော်ကာ ကျန်းရွှိကို ကြည့်လိုက်ပြီး " အချောလေး ဒီနေ့ဘားထဲကလူတွေထဲမှာ မင်းအချောဆုံးပဲနော်…" သူ၏မျက်လုံးများမှာ ကျန်းရွှိ၏ကိုယ်ပေါ်သို့ ပြောင်ပြောင်တင်းတင်းပင်ကြည့်လိုက်ပြီး အဆုံး၌ ကြယ်သီးအပြည့်တပ်ထားသည့် အင်္ကျီပေါ်တွင် အဆုံးသတ်သွားခဲ့သည်။
" ဒီလောက်ကြယ်သီးတွေထပ်ထားဖို့က မပူလွန်းဘူးလား…"
ရှန့်ဖန်းယွိ အရှေ့သို့တိုးလာကာ ထိုသူ၏အကြည့်ကို ပိတ်ပင်လိုက်ပြီး " မင်းကိစ္စမဟုတ်ဘူး.."
ရှန့်ဖန်းယွိ၏စကားများကြောင့် ထိုအမျိုးသားမှမျက်ခုံးကိုပင့်လိုက်ပြီး ကျန်းရွှိ သူ၏စကားကို ပြန်မဖြေသည်ကို မြင်လိုက်ရသောကြောင့် သူ၏မျက်လုံးများမှာ ရှန့်ဖန်းယွိဆီသို့ရွေ့သွားပြီး ပို၍ပင်‌နှိုးဆွပေးလိုက်သည် " ဒါဆို ဟန်နီကပဲ ကိုယ့်စားပွဲကိုလာရင်ကော…"
" ဘယ်သူကမင်းရဲ့သောက်ဟန်နီလဲ.." ရှန့်ဖန်းယွိ ထိုသူ၏စကားကြောင့် ကြက်သီးများပင် ထသွားခဲ့ရကာ " ငါတို့နှစ်ယောက်လုံးက အဖြောင့်တွေဟ ကောင်းကောင်းပြုမူစမ်းပါ…"
" မင်းကသူနဲ့ဘာတော်လဲ…" သုံးကြိမ်တိုင်တိုင် အနှောင့်ယှက်ခံလိုက်ရသဖြင့် ထိုအမျိုးသား၏ပရောပရည်လုပ်သံမှာ ပုံမှန်အသံအဖြစ်ပြောင်းလဲသွားပြီး " သူကဘာမှတောင်မပြောရသေးဘူး.. မင်းပဲတစ်ခုပြီးတစ်ခုပြောနေတာ.. မင်းရည်းစားမဟုတ်ဘူးဆိုလည်း ထွက်သွားစမ်းကွာ…"
ရှန့်ဖန်းယွိ ခြေချိတ်ထိုင်လိုက်ပြီး " ငါကသူ့ရဲ့အချစ်ပြိုင်ဘက်နဲ့မဟာရန်သူပဲ… ဘာမှားလို့လဲ.."
ကျန်းရွှိမှ ခေါင်းငြိမ့်ပြကာ ထောက်ခံလိုက်သည်
" အမှန်ပဲ…"
"...." ထိုအမျိုးသားမှာ အတွေးထဲ၌ ဓားများပင်ဆွဲထုတ်မိသွားခဲ့သည်။ ခဏကြာတိတ်ဆိတ်ပြီးနောက် လက်ယမ်းပြလိုက်ကာ ထွက်သွားတော့သည် " ခွင့်ပြုပါဦး မင်းတို့ပဲနေခဲ့လိုက်ပါတော့.."
ထိုအမျိုးသားမှ သူ၏နောက်ထပ်ပစ်မှတ်ဆီသို့ အရက်ခွက်ဖြင့် ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ရှန့်ဖန်းယွိ ကျန်းရွှိကို အောင်ပွဲခံသည့်အကြည့်ဖြင့်ကြည့်ကာ " ငါလေးကအရမ်းကြင်နာလွန်းနေတာပဲ…တကယ်ကြီးကို မင်းငါ့ဆီပေးလိုက်တဲ့ဘေးဒုက္ခကို မင်းအတွက်အရက်သောက်တာကနေကာပေးပြီး ပြန်ပေးမိသွားတာပဲ..ငါကဒီနှစ်ကျီဟွားဆေးရုံကိုဝင်ရမဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ရမှာကိုကွာ…"
ကျန်းရွှိ အရက်ခွက်ကို တိုက်ရိုက်ကောက်ယူကာ ရှန့်ဖန်းယွိ၏မျက်နှာသို့ ပက်ချလိုက်သည်။
" ကျန်းရွှိ မင်းမဆော့လို့မရဘူးလား…" ရှန့်ဖန်းယွိ သူ၏မျက်နှာကိုသုတ်ကာ ကျန်းရွှိ၏ပုခုံးကို သူ၏ရှေ့သို့ဆွဲယူလိုက်သည်။
အနီးသို့တိုးကပ်လာသည့်လူကြောင့် ကျန်းရွှိ နှာခေါင်းရှုံ့လိုက်ကာ အရက်နံ့မှာ သူ၏နှာခေါင်းထဲသို့ဝင်လာသောကြောင့် မသိစိတ်မှ ခေါင်းကိုစောင်းမိသွားသည်။
ရှန့်ဖန်းယွိ တစ်စုံတစ်ခုကို ရှာတွေ့သွားသောကြောင့် ပြုံးလျက် ကျန်းရွှိကို လွှတ်ပေးလိုက်ကာ မောက်မာသည့်အကြည့်ဖြင့် " မင်းမသောက်နိုင်ဘူးလား… ကျန်းရွှိ မင်းမလုပ်နိုင်ပါဘူးကွာ…"
ကျန်းရွှိ သူ့ကိုအကြည့်တစ်ချက်ပေးလိုက်ကာ အနီးနားမှ ခွက်တစ်ခွက်ကို ကောက်ယူလိုက်သည်။ ခေါင်းကိုမော့လိုက်ချိန်တွင် သူ၏လည်ဇလုပ်မှာ လှုပ်ရှားသွားပြီး ခွက်ထဲရှိအရက်များမှာ တစ်ငုံထဲဖြင့်ကုန်သွားကာ ခွက်အလွတ်သာကျန်ရစ်ခဲ့လေသည်။
သူ၏မျက်လုံးများမှာ ရှန့်ဖန်းယွိတွင်သာ တစ်ချိန်လုံးရှိနေကာ မျက်မှန်အထူကြီးဖြင့်ပင် တစ်ဖက်သူမှာ သူ၏မျက်လုံးတွင်းမှ ထက်ရှမှုများနှင့် အထင်အမြင်သေးနေသည့်အကြည့်ကို ခံစားနေရသေးသည်။
" အခုကျေနပ်သွားပြီလား…"
ရှန့်ဖန်းယွိ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အချိန်အတန်ကြာပြီးနောက်တွင် သူ၏လက်ထဲမှ ခွက်ကို တစ်ကျိုက်တည်းမော့ချလိုက်ကာ ကျန်းရွှိ၏အရှေ့တွင် ချပေးလိုက်ကာ သူ၏အကြည့်များမှာ လှောင်ပြောင်ရိပ်များပြည့်နေခဲ့သည်။
ကျန်းရွှိ ကြည့်ပင်မကြည့်ဘဲ ရှန့်ဖန်းယွိရှေ့မှ ခွက်များကိုယူကာ သုံးခွက်ဆက်တိုက်သောက်ချလိုက်သည်။
အချစ်ကိုဆုံးရှုံးခဲ့ရသည့်အတွက် ယာယီယူထားသောငြိမ်းချမ်းရေးမှာ မျက်စိတစ်မှိတ်အတွင်း ပျက်ပြယ်သွားပြီး သူတို့ကြားမှ ပြိုင်ဆိုင်လိုစိတ်မှာ ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။ သူတို့နှစ်ဦး တစ်ခွက်ပြီး တစ်ခွက်ကောက်ယူကာ သောက်သည့်အရှိန်မှာ မြန်သထက်မြန်လာကြပြီး အဆုံးတွင်
ဖောက်
စားပွဲပေါ်တွင် မထိရသေးသည့်ခွက်တစ်ခွက်သာကျန်သေးပြီး အချစ်ပြိုင်ဘက်ဟောင်းများမှာ တစ်ဦးကိုတစ်ဦးနီရဲနေသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေကြကာ နောက်ဆုံးကျန်သည့်ခွက်ကို မကောက်ယူနိုင်ရန်အတွက် အချင်းချင်းလက်များကို တင်းတင်းကြပ်ကြပ်ချိတ်ထားကြသည်။
နောက်ဆုံးသောခွက်ကို သောက်ပြီးချိန်မှသာ ကျန်းရွှိ သူတို့နှစ်ဦး ခေါင်းချင်းစိုက် ပါးစပ်ချင်းထိလုမတတ်ဖြစ်နေသည်ကို သိရှိသွားသည်။
ချီးပဲ
ဒီသောက်အနိုင်လိုချင်စိတ်ကတော့…
သူ၏ဦးနှောက်တစ်ခုလုံး ချာချာလည်နေကာ မျက်နှာတစ်ခုလုံးထူပူနေခဲ့သည်။ ကျန်းရွှိ သူ၏နက်ကတိုင်ကိုဖြေလျော့ကာ မူးဝေနေသည့်ခေါင်းကိုယမ်းလိုက်ပြီး ရှန့်ဖန်းယွိ၏မျက်နှာမှာ နှစ်ခုမှသုံးခု အဆုံးတွင် တစ်ခုတည်းဖြစ်လာသည်အထိ ကြည့်နေရင်းမှ အိပ်ချင်စိတ်များမှာ သူ့အပေါ်သိမ်းကျုံးအနိုင်ယူသွားခဲ့သည်။
ထို့နောက် သူ၏အမြင်အာရုံတစ်ခုလုံးမှောင်မိုက်ကာ သတိလစ်သွားလေသည်။
ထပ်မံ၍ပြန်နိုးလာချိန်တွင် ကျန်းရွှိ နားမလည်နိုင်စွာဖြင့် ဟိုတယ်ကုတင်‌ကျယ်ကြီးပေါ်၌ ရှိနေခဲ့သည်။