Extra - 2.1
ခေါင်းလောင်းသံကြားသည်နှင့် ကျောင်းသားများက ထရပ်လိုက်ကြကာ ကုလားထိုင်နှင့် စားပွဲခုံများ ပွတ်တိုက်မိသံကို အဆက်မပြတ်ကြားနေရသည်။
"ဖန်ချန်း!"
ဖန်ချန်းသည်ခေါင်းကို လှည့်ကြည့်လိုက်ရာ ပိုင်ယွဲ့က သူ့ကို ပြုံးနေပြီး လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။ ကောင်မလေးသည် ကျောင်းယူနီဖောင်း မဝတ်ထားဘဲ ပြင်ပအဝတ်အစားများ ၀တ်ထားသည်။ သူမသည် လှပသော ဖဲချပ်စကတ်ကို ဝတ်ဆင်ထားကာ ရှည်လျားတောက်ပသော အနက်ရောင်ဆံပင်များက ယိမ်းနွဲ့ကာကျဆင်းလျက်ရှိနေသည်။ သူမသည် ပန်းတစ်ပွင့်ကဲ့သို့ပင်လှပလန်းဆန်းနေကာ အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်သည်။
ဖန်ချန်းသည် ပြန်ပြုံးပြလိုက်ပြီး ကောင်မလေးနဲ့ စကားအတူတူတစ်ချိန်ထဲပြောမိသွားသည်။
"ထမင်းအတူတူစားရအောင်"
"ထမင်းအတူတူသွားစားရအောင်!"
သူတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီး ရယ်မောလိုက်ကြသည်။
စာသင်ခန်းထဲမှ ထွက်လာပြီးနောက် အပြင်မှာ ရပ်နေသော ကောင်လေးနှစ်ယောက်ကိုတွေ့လိုက်ရသည်။ တစ်ယောက်က အရပ်ရှည်ကာ တစ်ယောက်အနည်းငယ်အရပ်ပုလေသည်။ အရပ်ပုသောတစ်ယောက်သည် အဝါရောင်ဆံပင်ဆိုးထားပြီး ကျောင်းယူနီဖောင်း ဘောင်းဘီကို ပြောင်းထားကာ အရပ်ရှည်သောသူကတော့ ဆံပင်အနက်ရှိ၍ပိန်ပိန်ပါးပါးရှိသည်။ သူတို့နှစ်ယောက်စလုံးသည် အနည်းငယ် ဆိုးသွမ်းပုံရလေသည်။
"ကျန်းရှင်းယွီ!" ပိုင်ယွဲ့က ဆံပင်အဝါရောင်နှင့်ကောင်လေးကို ခေါ်လိုက်ပြီးလက်ဝှေ့ယမ်းပြလိုက်သည်။
"ဒီလမ်းကိုသွားကြရအောင်! ငါတို့ဒီနေ့ကန်တင်းမှာသွားမစားတော့ဘူး"
"ဟေး မင်း နံရံကို ကျော်တက်နေပြန်ပြီလား... မင်း စကတ်ဝတ်ထားတာ လုပ်နိုင်ပါ့မလား"
ကျန်းရှင်းယွီသည် ချက်ခြင်းပြေးလာခဲ့ပြီး ဖန်ချန်းကိုတွေ့ပြီးနောက်တွင် အနည်းငယ်ပြုံးကာပြောလိုက်သည်။
"မင်းသူ့ကို ဘာလို့ခေါ်လာသေးတာလဲ"
ပိုင်ယွဲ့က သူ့ကို တံတောင်ဆစ်နှင့်ထိုးလိုက်ရင်းပြောလိုက်သည်။
"ငါတို့အားလုံးက သူငယ်ချင်းတွေပဲဟာ... နင်ဘာတွေပြောနေတာလဲ"
ကျန်းရှင်းယွီက "ဘယ်သူက သူနဲ့သူငယ်ချင်းလဲ...!"
ထို့နောက် အရပ်ပိုရှည်သောလူက အနားသို့လျှောက်လာခဲ့ပြီး ဖန်ချန်းကို ပြုံးပြကာပြောလိုက်သည်။
"မင်းတွေ့တယ်မလား ရှင်းဇီက သဝန်တိုနေတာလေ"
ဖန်ချန်းသည် လျှို့ဝှက်သတိပေးချက်ကို မကြားသလိုဟန်ဆောင်ကာ တောက်ပသော အပြုံးတစ်ခုဖြင့်ဆိုလိုက်သည်။
"နံရံကို ကျော်တက်ကြမလိုလား.. ငါ အဲ့နေရာမှာတော်တော်လေးတော်တယ်နော်"
အရပ်ရှည်သောလူက သူ့ကို တစ်ချက်ကြည့်ပြီးပြောလာခဲ့သည်။
"ဖန်ချန်း မင်းအရင်က သူများကြားထဲဝင်တိုးရတာကိုကြိုက်မှန်းငါဘာလို့ သတိမထားမိပါလိမ့်"
ဖန်ချန်း၏ ပယင်းရောင်မျက်လုံးများက လုံးလုံးပွင့်လာခဲ့ပြီး သူ့ကိုကြည့်ကာမေးလိုက်သည်။
"မင်းဘာကိုဆိုလိုတာလဲ"
အရပ်ရှည်သောလူသည် "ကျစ်" ခနဲအသံပြု၍ အခြားတစ်နေရာသို့ တံတွေးထွေးလိုက်ကာ သူ့ပခုံးကို တမင်တကာ တွန်းတိုက်ပြီးထွက်သွားခဲ့သည်။
ဖန်ချန်း၏ မျက်လုံးများထဲတွင် ပြုံးမနေဘဲ လျစ်လျူရှုခြင်းများဖြင့် လူသုံးယောက်နောက်သို့ လိုက်သွားခဲ့သည်။
လှေကားတစ်ကွေ့ဆင်းပြီးပါကနောက်ထပ်တစ်ထပ်ရှိသည်။ ပထမထပ်၏ ဘယ်ဘက်တွင် အိမ်သာရှိသောကြောင့် မနှစ်မြို့ဖွယ်အနံ့တစ်ခုရှိနေခဲ့သည်။
ပိုင်ယွဲ့သည် သူမ၏နှာခေါင်းကို ဖုံးထားလိုက်ပြီး ကျန်းရှင်းယွီက အပြုံးလေးဖြင့် သူမအတွက်ပိတ်ဆို့ထားပေးလိုက်သည်။
ဖန်ချန်းသည် ရုတ်တရက် ရပ်လိုက်ပြီး အမှိုက်ပုံးကြီးထဲတွင် ငုံ့မတက်ကွေးနေသော သန့်ရှင်းရေးသမားကို လှည့်ကြည့်လိုက်သည်။ သူသည်ညစ်ပတ်သွားမည်ကို လုံးဝ မကြောက်သကဲ့သို့ အတွင်းထဲမှ တစ်ခုခုကို ရှာနေခဲ့သည်။ သူက အမှိုက်ပုံးအစွန်းကို လက်တစ်ဖက်နဲ့ထောက်ထားပြီး ခေါင်းကို တစ်ဖက်လှည့်ကာ တစ်ခုခုကို ကြည့်နေသလိုမျိုး မျက်လုံးများဆွေ၍ ကြည့်နေလေသည်။
ဖန်ချန်းသည် သူ့ရှေ့၌ ရုတ်တရက်ပေါ်လာခဲ့တာကြောင့် သူ လန့်ဖျပ်ပြီး လဲကျသွားတော့မတတ်ဖြစ်သွားခဲ့သည်။ သို့သော်လည်း လူငယ်လေးက သူ့ကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲလာခဲ့သည်။
"တောင်းပန်ပါတယ် မင်းကိုခြောက်မိသွားတာလား"
ဖန်ချန်းက သူ့ကိုကြည့်ရင်း ပြောလိုက်သည်။ သူ၏ ပယင်းရောင်မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များသာ ရှိနေခဲ့သည်။
"အာ လူမှားတယ်လို့ထင်ခဲ့တာ..တကယ်ပဲ မင်းကိုး ကျားယွီကော"
ဟိုသုံးယောက် ထွက်သွားပြီးနောက် လျိုကျားယွီသည် နောက်ဆုံးတွင် အမှိုက်ပုံးနားမှ ထွက်လာခဲ့သည်။ သူက ခြေတစ်လှမ်းဆုတ်လိုက်ပြီးအသံတိုးတိုးဖြင့်ပြောလိုက်သည်။
"မင်းလက်တွေ ညစ်ပတ်သွားပြီ မြန်မြန်ဆေးလိုက်အုံး"
ဖန်ချန်းက ချက်ချင်းမလှုပ်သေးဘဲသူ့ကိုကြည့်နေဆဲဖြစ်သည်။
"ဘာလို့ဒီကိုရောက်နေတာလဲဆိုတာပြောလို့ရမလား...."
လျိုကျားယွီက သူ့ကိုမည်းမှောင်သောအကြည့်ဖြင့်ကြည့်လာခဲ့သည်။
"ငါက ဒီမှာ ယာယီအလုပ်သမားလို့ ပြောရင် မင်းယုံလား"
ဖန်ချန်းသည် ခဏလောက် ထိတ်လန့်သွားခဲ့ပြီး သူ့အပြစ်ကို သိတာကြောင့် ရှက်ရွံ့စွာ ခေါင်းငုံ့၍ လက်ဆေးရန် အိမ်သာသို့ သွားခဲ့လိုက်သည်။
လျိုကျားယွီသည် ကောင်လေး၏ နောက်ကျောကို ကြည့်လိုက်မိသည်။ သူ့ကို သိသည်.. သူသည် သူနဲ့တူသောအဆောက်အဦတစ်ခုထဲမှာနေထိုင်သူဖြစ်ပြီး အကိုကြီးတစ်ယောက်လည်းရှိပေသည်။ သူတို့သည် မနက်ခင်း၌ ဓာတ်လှေကားအတူတူစီးကြလေ့ရှိပြီး ခဏကြာပြီးနောက် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာခဲ့ကြသည်။
သူ့အပေါ် ပထမဆုံးထင်မြင်ချက်မှာသူက ရယ်မောရသည်ကို သဘောကျသော ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့အပြုံးက အရမ်း အပြစ်ကင်းကာ သူ့ညီမနဲ့ပင် ခပ်ဆင်ဆင်တူလေသည်။
"ဟိုမှာ လက်သန့်ဆေး ရှိတယ်...အခုမှ အသစ်ထည့်ထားတာ...အဲ့တာ သုံးလို့ရတယ်" လျိုကျားယွီက ပြောလိုက်သည်။
"ကောင်းပါပြီ!"
လူငယ်လေးက ရွှင်မြူးစွာ ပြန်တုံ့ပြန်လာခဲ့သည်။
လျိုကျားယွီသည် သူ၏ ညစ်ပတ်သော ယူနီဖောင်းကို ကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှ ချဉ်စုတ်စုတ်အနံ့များ ထွက်နေသည်ကိုသိလိုက်ရသည်။
သူသည် ချက်ချင်းပင် ဖန်ချန်းနှင့်ခပ်ဝေးဝေးတစ်နေရာကို ခြေလှမ်းဆုတ်လိုက်ပြီး ထောင့်နားတွင် ပုန်းလိုက်သည်။
"နောက်တစ်ခါ မင်းငါ့ကိုတွေ့ရင်...ငါ့ကိုမသိချင်ဟန်ဆောင်လို့ ရမလား"
ဖန်ချန်းသည် လက်ကို ဆေးကြောပြီးနောက်ထွက်လာခဲ့ကာ ထိုစကားကိုကြားလိုက်ရ၍ ပဟေဠိဆန်သော မျက်နှာဖြင့် ကြည့်လာခဲ့သည်။
လျိုကျားယွီကမျက်လုံးများကိုမှိတ်လိုက်၍ပြောလိုက်သည်။
"ဒါက မင်းကောင်းဖို့အတွက်ပါ...အကယ်၍ မင်းငါ့ကိုသိတာကို မင်းအတန်းဖော်တွေသိသွားရင် မင်းကိုလှောင်ပြောင်ကြလိမ့်မယ်"
ဖန်ချန်းသည် သူ့လက်များကို ဘေးချထားလိုက်ကာ သူ့လက်ချောင်းထိပ်များမှ ရေများ တစ်စက်စီ ကြမ်းပြင်ပေါ် ကျဆင်းလာခဲ့သည်။
"......သိပါပြီ"
"ဖန်ချန်း...ဖန်ချန်း!"
တစ်စုံတစ်ယောက်က သူ့ကို ခေါ်လာခဲ့ပြီး အဲဒါ ပိုင်ယွဲ့၏ အသံပင်...
လျိုကျားယွီသည် မျက်လုံးများကို မဖွင့်သေးဘဲ တင်းတင်းစေ့ထားလိုက်သည်။
"မင်းသူတို့ကို ဘယ်လိုသိတာလဲ"
"ဘယ်သူကိုပြောတာလဲ..ကျန်းရှင်းယွီ နဲ့ ကျန်းယန်လား..ကျွန်တော်က သူတို့ကို မသိဘူး.... ပိုင်ယွဲ့ နဲ့ ကျွန်တော်က တစ်တန်းတည်းသားတွေ...အဲ့တာကြောင့်...."
လျိုကျားယွီ၏ မျက်လုံးများကဖွင့်လာခဲ့ပြီးပြောလာခဲ့သည်။
"သူတို့နဲ့ဝေးဝေးနေသင့်တယ်..."
ဖန်ချန်းက သူ့ကိုကြည့်လိုက်ကာ ဘာကြောင့်လဲဟု မေးသင့်သည်။
သို့သော်လည်း အဆုံးမှာတော့ သူက ဘာမှမမေးတော့ဘဲတိုးတိုးလေးပြန်ဖြေခဲ့လိုက်သည်။
“ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်”
ဖန်ချန်းသည် စာသင်တိုက်မှ ထွက်လာခဲ့ပြီး ပိုင်ယွဲ့သည် အလိုလိုက်ခံကလေးတစ်ယောက်လို ညည်းညူလာခဲ့သည်။
"ငါ နင့်ကို အကြိမ်ကြိမ်ခေါ်နေတာကို မတုံ့ပြန်လာဘူး..မင်း ဘယ်သွားနေတာလဲ"
"လက်သွားဆေးနေတာ"
ဖန်ချန်းသည် နှုတ်ခမ်းထောင့်ကို ပင့်ကာ ပြုံးပြလိုရ်သည်။
ပိုင်ယွဲ့က "အာ...ငါလည်း လက်ဆေးသင့်တယ်"
သို့သော်လည်း ကျန်းရှင်းယွီက တစ်ခုခုကိုဆိုလိုဟန်ဖြင့်ပြောလာခဲ့သည်။
"ငါတို့ အပြင်ထွက်ပြီးမှ ဒီအကြောင်းကို ပြောကြရအောင်.. ကျောင်းကအိမ်သာတွေက အရမ်းညစ်ပတ်တယ်"
ဖန်ချန်းက ဒေါသမထွက်ဘဲ ပြုံးနေဆဲဖြစ်ကာ "ဟုတ်တယ် အပြင်ကိုသွားသင့်တယ် ကျောင်းထဲမနေနဲ့...ကျောင်းက ဒီတလောအတွင်းအရမ်းထူးဆန်းလာတယ်"
"ထူးဆန်းတာလား.."
အရပ်ရှည်သော ကျန်းယန်က ဖန်ချန်းကိုထူးဆန်းစွာကြည့်လာခဲ့ကာ "မင်းလည်း ကြားတယ်လား"
"ဟင်... ဘာကြားတာလဲ" ပိုင်ယွဲ့က စိတ်ဝင်တစား ဝင်မေးလာခဲ့သည်။
ကျန်းယန်က ဖန်ချန်းကို ကြည့်ပြီးပြောလိုက်သည်။
"ငါမသိဘူး...သူ့ကိုမေး"
ဖန်ချန်းက လှည့်ကြည့်လိုက်ပြီးပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး...ဒီတိုင်းညနေပိုင်း ကိုယ်တိုင်စာကျက်ချိန်ဆိုရင် ထူးဆန်းတဲ့အသံတွေ အမြဲကြားနေရလို့"
ပိုင်ယွဲ့က သူမလက်နှစ်ဖက်ကို ပွတ်သပ်လိုရ်ပြီး "ဘာထူးဆန်းတဲ့အသံလဲ ငါ့ကို မခြောက်ပါနဲ့"
ဖန်ချန်းက ခေါင်းခါပြလိုက်သည်။
"ငါလည်း မသေချာဘူး...အရမ်းပါးလွှာပြီး စူးရှရှအသံတွေပဲ.... တစ်ခါတလေ ကြားရပြီးတော့ တခါတလေကြ မကြားရဘူး"
ကျန်းယန်၏အမူအရာသည်လည်း ရုပ်ဆိုးလာခဲ့သည်။
"ဟုတ်တယ်...ငါလည်းကြားရတယ်"
နေသာသောနေ့ဖြစ်ကာ တိုက်ခတ်လာသောလေပူများသည် လူများကို ပို၍တုန်လှုပ်စေခဲ့သည်။
"ကောင်းပြီ စကားများတာရပ်လိုက်တော့!"
အဆုံးတွင် ကျန်းရှင်းယွီက ပတ်ဝန်းကျင်ကို အသက်သွင်းကာ အကြောင်းအရာကို ပြောင်းလဲစေခဲ့သည်။