Chapter 119
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၁၉)

"ကိုယ် မင်းကို စောင့်နေတာ။"

ဆိုဗက်စ်စတာက ပြောသည်။

"ဒီလောက် နောက်ကျတဲ့အထိ မင်း ဘယ်နေရာတွေ သွားနေရတာလဲ။" 

နောက်ကျတယ်တဲ့လား။

အပြင်ဘက်တွင် ရှိနေဆဲဖြစ်သော နေလုံးကြီးကို ကျွန်မ လှမ်းကြည့်လိုက်မိသည်။

"အရမ်း နောက်မကျသေးပါဘူး။"

"နောက်ကျတယ် ... အရမ်းပဲ။"

သူက ကျွန်မကို ကြည့်ရင်း အံကြိတ်လိုက်သည်။

"မင်း ဘယ်တွေ သွားနေတာလဲလို့။"

ထိုမေးခွန်းကို ထပ်မေးလိုက်သဖြင့် ကျွန်မ ပြန်ဖြေရန် ပါးစပ်ဟလိုက်သည်။သို့သော် ဘာတစ်ခွန်းမှ မပြောလိုက်ရပါဘဲ

"မင်း အိမ်ရှေ့စံမင်းသားနဲ့ သွားတွေ့ခဲ့တာလား။"

ဒါကိုပဲ ကြည့်ပါတော့။

ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်မိသည်။

"ရှင့်လူတွေ ထပ်လွှတ်ထားပြန်ပြီပေါ့။"

ဆိုဗက်စ်စတာက အပြစ်မကင်းသည့်ပုံစံဖြင့် ကျွန်မကို ကြည့်ရင်း နောက်တစ်လှမ်း ဆုတ်သွားခဲ့သည်။

အာ ... ငါ့နှယ် ယုံတောင်မယုံနိုင်ဘူး။

ကျွန်မ သူ့အနားသို့ ထပ်တိုးသွားလိုက်သည်။

"ရှင် တကယ်ပဲ ဒီလိုတွေ လုပ်နေဦးမှာလား။ကျွန်မ အပြင်ထွက်တဲ့အချိန်တိုင်း ရှင့်လူတွေကို ဘာဖြစ်လို့ ထည့်ပေးလိုက်ရတာလဲ။"

ဆိုဗက်စ်စတာက ကျွန်မကို ကြည့်ရင်း မေးစေ့ကို ပင့်လိုက်သည်။

"အဲ့ဒါက သဘာဝမကျလို့လား။"

"ဘာရယ်!"

"ဇနီးဖြစ်သူ အပြင်ထွက်သွားတဲ့အခါမှာ ခင်ပွန်းက သူ့လူတွေ ထည့်ပေးလိုက်တာက သဘာဝကျတယ် မဟုတ်လားလို့ ကိုယ် မင်းကို မေးနေတာ။"

"ဘာကို သဘာဝကျရမှာလဲ။"

သူ ရူးနေတာ မဟုတ်ဘူးလား။

ကျွန်မ အိမ်တော်မှ ထွက်ပြေးလိုက်ချင်သည်အထိ မှင်တက်သွားရပြီး ကိုယ့်နဖူးကိုယ် ထိတွေ့လိုက်မိပါ၏။

"ကျွန်မ အပြင်သွားတိုင်း ရှင့်လူတွေကို ထပ်ထည့်ပေးမယ်ဆိုရင် ..."

"ထည့်ပေးလိုက်ရင် ဘာဖြစ်မလဲ။"

"ကျွန်မ ကွာရှင်းဖို့အတွက် စာရွက်စာတမ်းတွေ သွားယူတော့မှာ။"

ဆိုဗက်စ်စတာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

သူက မယုံကြည်နိုင်သောအမူအရာဖြင့် ကျွန်မကို ကြည့်နေခဲ့သည်။

"ကွာရှင်းဖို့ကိစ္စက အဆုံးသတ်သွားပြီ မဟုတ်ဘူးလား။"

"မဟုတ်ဘူးပေါ့။"

"အိုဖီလီယာ"

"ရှင် ဒီလောက်ထိ အဖြစ်သည်းနေမယ်ဆိုရင် ကျွန်မ သည်းခံနိုင်တော့မှာ မဟုတ်ဘူး။ကျွန်မက အဖြစ်သည်းပြလွန်းတာကို မကြိုက်တတ်တဲ့ လူစားပဲ။"

ဆိုဗက်စ်စတာက အောက်နှုတ်ခမ်းကို ဖွဖွလေး ကိုက်၍ ကျွန်မကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ပြီးနောက် သူက ခေါင်းကို အနောက်သို့ လှန်ချလိုက်ပြီး သက်ပြင်းချလေသည်။

"ကိုယ်က မင်း အန္တရာယ်ရှိမှာကို စိတ်ပူနေတာ။"

"ဘာရယ်!"

"ဒုတိယမင်းသားက မင်းကို စောင့်ကြည့်နေတာ။ဒီတော့ မင်းအတွက် အန္တရာယ်တစ်ခုခု ရှိနိုင်တယ်လို့ ကိုယ် တွေးမိပြီး မင်းအနောက်ကို ကိုယ့်လူတွေ လွှတ်ထားလိုက်တာပါ။"

"..."

မဟုတ်သေးဘူး၊ဒီလိုဆိုရင်တော့ ကျွန်မဘက်က သဘောတူပေးသင့်တာပေါ့။

ကျွန်မလည်း ရှက်ရွံ့သွားရပြီး လည်ကုပ်ကို ကုတ်ခြစ်နေမိသည်။

"ဒေါသထွက်နေတဲ့ကျွန်မကို ရှင်က ဒီလိုမျိုး ပြောလာတယ်ဆိုတော့ ကျွန်မက ဘာဖြစ်သွားရပြီလဲ ရှင် သိလား။"

"ဘာဖြစ်သွားမှာလဲ။"

"အမှိုက်လိုလူပေါ့"

ဖွီး ...

ဆိုဗက်စ်စတာမှာ ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။

ကျစ်

ကျွန်မ စုတ်တစ်ချက် သပ်လိုက်ပြီး ရှေ့ကျနေသော ဆံပင်ကို သပ်တင်လိုက်မိသည်။

"ဒါဆို ကျွန်မ ဒီနေ့ ဘယ်သွားတယ်ဆိုတာ ရှင် သိပြီးပြီ၊ဟုတ်တယ်မလား။"

"အင်း"

ဆိုဗက်စ်စတာက ခေါင်းငြိမ့်ပြသည်။

"ဘီလူးသားရောင်းတဲ့ဆိုင်ကို မင်း ဘာဖြစ်လို့ သွားရတာလဲ။အဲ့လို တရားမဝင်တဲ့နေရာမျိုးကို သွားပြီး ဘာလုပ်မလို့လဲ။"

ကံကောင်းထောက်မစွာဖြင့် ထိုဆိုင်၏အခြေအနေ အစစ်အမှန်ကို သူ သိပုံမရပါ။

ဟူး

ကျွန်မ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိတော့သည်။

ကျွန်မ၏ သတင်းအချက်အလက် အစည်းအရုံးကို ဆိုဗက်စ်စတာ ရှာတွေ့သွားစေလိုခြင်း မရှိပါ။

ကျွန်မ ပြုလုပ်မည့် လှုပ်ရှားမှုတိုင်းကို သူ့အား သိခွင့်မပေးလို၍ ဖြစ်ပါသည်။

ဆိုဗက်စ်စတာက သတင်းအချက်အလက် အစည်းအရုံးအကြောင်း သတိမထားမိသဖြင့် အလွန်ကံကောင်းသည်။ကျွန်မ ထပ်၍ သက်ပြင်းချလိုက်မိပြန်သည်။

"အခုက စပြီး ဂရုစိုက်တော့၊အန္တရာယ်ရှိတယ်။အဲ့ဒီနေရာက လူတွေဆို ဘယ်လောက်တောင် ကြမ်းတမ်းလိုက်သလဲ။"

ဆိုဗက်စ်စတာက ကျွန်မအတွက် အမှန်တကယ် စိုးရိမ်ပူပန်ပြီး တတွတ်တွတ် မှာကြားနေလေသည်။ကျွန်မ မျက်ခုံးပင့်လိုက်မိသည်။

"ရှင့်ရဲ့ဇနီးက ပိုပြီးတော့ ကြမ်းတမ်းပါတယ်။"

"အိုး ..."

"ရှင် သိပါတယ်။"

"အမှန်ပါပဲ"

အတိတ်က ဖြစ်ရပ်များကို ပြန်လည်တွေးတောရင်း ဆိုဗက်စ်စတာ ပြောလိုက်သည်။

၎င်းမှာ ကျွန်မ မျှော်လင့်ထားသည့် တုံ့ပြန်မှု ဖြစ်နေသည့်တိုင် လက်တွေ့ဖြစ်လာချိန်တွင် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရ၏။

ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်မိသည်။

"ဒီတော့ ..."

ဆိုဗက်စ်စတာက ဆက်ပြောသည်။

"မင်း အပြင်ထွက်သွားပြီး ဘယ်လိုရလဒ်တွေ ရလာခဲ့လဲ။"

ကျွန်မ ခေါင်းခါလိုက်သည်။

"ကျွန်မ အပြင်သွားပြီး ပြန်လာခဲ့ရုံပဲ။ဘာမှ ထူးထူးခြားခြား ရမလာပါဘူး။"

"အပြင်ထွက်ပြီး အိမ်ရှေ့စံမင်းသားနဲ့ သွားတွေ့ရုံပဲပေါ့။"

"သူနဲ့ အမှတ်မထင် တွေ့ခဲ့မိရုံပါ။ကျွန်မမှာ သူနဲ့တွေ့ဖို့ ရည်ရွယ်ချက် မရှိဘူး။"

ထိုစကားကို ဆိုဗက်စ်စတာက ယုံကြည်ပုံမရပေ။

အိုး ... ဒီလူက တကယ်ကို သံသယများတာပဲ။

"ရှင်က ရှင့်ရဲ့ဇနီးကို ဒီလောက်တောင် မယုံကြည်တာလား။"

"အင်း"

"အရမ်းကို ကောက်ခါငင်ခါကြီး ပြန်ဖြေလိုက်တော့ ကျွန်မဖြင့်ပျာယာခတ်သွားရပြီ။"

နောက်ဆုံးတော့ ဆိုဗက်စ်စတာလည်း အားရပါးရ ရယ်မိလေသည်။

"ကိုယ်က နောက်နေတာပါ၊မင်းကို ယုံကြည်ပါတယ်။"

ပြီးနောက် သူက ကျွန်မ၏ခေါင်းပေါ်သို့ လက်တင်လိုက်ပြီး ဆံနွယ်များကို ပွတ်သပ်ပေးလာသည်။

နူးညံ့သော အပြုံးလေးနှင့် ညင်သာသော လက်ချောင်းလေးများက ကျွန်မကို ယုံကြည်လက်ခံနေပုံ ရပါ၏။

အာ ... ငါ ဘာဖြစ်လို့ ရှက်လာရတာလဲနော်။

ကျွန်မ ပါးစပ်ပိတ်ထားရင်း မျက်လွှာချလိုက်သည်။

"ကိုယ်က မင်းကိုမှ မယုံရင် ဘယ်သူ့ကို ယုံကြည်ရမှာလဲ။"

"နေးလ်ကိုရော"

"ကိုယ် သူ့ကို မယုံပါဘူး။"

"နေးလ်က ဒီနားမှာ ရပ်နေတာလေ၊ရှင် ပြောနေတာ သူ ကြားရတယ်။"

"အဟမ်း ...ကျွန်တော် ကြားရပါတယ်။"

တည်ငြိမ်စွာ ရပ်နေသော နေးလ်က ပြန်ဖြေလာလျှင် ဆိုဗက်စ်စတာ နှာမှုတ်လိုက်သည်။

"မင်း မကြား ကြားအောင်ပဲ ငါက ပြောနေတာ။ဒီရက်ထဲမှာ မင်းက အသုံးမကျသလို ဖြစ်နေတယ်လေ ... ကျစ်!"

မည်သို့ပင် ဆိုစေကာမူ ထိုသူနှစ်ဦး၏ဆက်ဆံရေးမှာ အလွန်ထူးဆန်းပါ၏။

ကျွန်မ အားရပါးရ ရယ်လိုက်ပြီး ဆိုဗက်စ်စတာ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

"ပြီးတော့ မှော်အစီအရင်စက်ဝန်းကိစ္စနဲ့ ပတ်သက်ပြီး ..."

ကြေးစားစစ်သားအစည်းအရုံးမှ သတင်းအချက်အလက်များ ရောက်မလာသေးခင် ကျွန်မအနေဖြင့် လုပ်စရာတစ်ခုတည်းသာ ရှိသည်။

မူလဇာတ်ကြောင်းထဲမှ အဖြစ်အပျက်များကို အသုံးချရန်။

အာ ...ဒါပေမဲ့ ငါ အဲ့လို တကယ်ပဲ မလုပ်ချင်ပါဘူး။

ပြီးတော့ ငါ့အနေနဲ့ လုပ်နိုင်တဲ့အရာမှ မရှိတာ ...ကောင်းပြီလေ။

ကျွန်မ စိတ်ရင်းအမှန်ဖြင့် မေးစေ့ကို ပင့်လိုက်သည်။

"အရင်ဦးဆုံး တစ်နေရာကို သွားလိုက်ရအောင်။"

"ဘယ်ကိုလဲ"

ကျွန်မ ပြုံးပြပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"ရှင် မြို့စားမင်းကြီးဆီကို သွားလည်ရမယ်၊ဟုတ်တယ်မလား။" 

*
မူလဇာတ်ကြောင်းတွင် ဖလဲရ်က မှော်အစီအရင်စက်ဝန်းတစ်ခုကို အမှတ်မထင် ရှာတွေ့ခဲ့သည်။

မြို့စားမင်းကြီးအပိုင်နယ်မြေတွင် ဖြစ်၏။

ကျွန်မ ဤကိစ္စကို ကြိုသိနေသော်လည်း ထိုသို့ မလုပ်ချင်ရသည့် အကြောင်းပြချက် ရှိပါသည်။

အဲ့ဒါ သိပ်မကောင်းဘူးလားလို့။

ကျစ်

ဒါပေမဲ့ မတတ်နိုင်ဘူး။

ဒီလောက်အထိ ဖြစ်လာပြီးပြီဆိုတော့ ရွေးချယ်စရာမရှိဘဲ မြို့စားမင်းကြီးအိမ်တော်ကို သွားရတော့မယ်။

အမှန်တွင် မြို့စားမင်းကြီးထံသို့ သွားရောက်လည်ပတ်နိုင်ရန် လွယ်ကူနေသည် မဟုတ်ပါ။

သူတို့ဘက်က ဖိတ်ကြားလာဖို့ လိုပေသည်။မြို့စားမင်းကြီး၏ ကျန်းမာရေးအပေါ် အလွန်အကျွံ စိုးရိမ်ပူပန်မှုက လာရောက်လည်ပတ်သူများအပေါ် လွှမ်းမိုးနိုင်လွန်းသည်။

သို့သော် ဆိုဗက်စ်စတာကမူ ဖိတ်ကြားထားခြင်းမရှိလည်း သွားရောက်လည်ပတ်နိုင်လေသည်။

ဘာဖြစ်လို့လဲ။

ဆိုဗက်စ်စတာမှာ အထက်တန်းလွှာအသိုင်းအဝိုင်း၏ အကြီးအမှူးဖြစ်ပြီး ဩဇာအာဏာ အကြီးမားဆုံးဖြစ်သည်။ထပ်ပေါင်းပြောရလျှင် သူက မြို့စားမင်းကြီးနှင့် အလွန်တရာ ရင်းနှီးသည်။

ထို့ကြောင့် ကျွန်မတို့နှစ်ယောက် ရထားလုံးဖြင့် မြို့စားမင်းကြီးဆီသို့ ထွက်ခွာလာခဲ့ကြသည်။

"စကားမစပ် ..."

ကျွန်မနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆိုဗက်စ်စတာက ပြောသည်။

"ရုတ်တရက်ကြီး ဘာဖြစ်လို့ မြို့စားမင်းကြီးဆီ သွားလည်ရတာလဲ။"

သူ ထိုသို့ မေးလာနိုင်သည်ကို ကျွန်မ သိသည်။

မူလဇာတ်ကြောင်းတွင် ထိုနေရာ၌ မှော်အစီအရင်စက်ဝန်းတစ်ခုကို ရှာတွေ့ခဲ့ကြောင်း ကျွန်မ သိထားသည်။သို့သော် ထိုသို့ ပြောပြရန် မဖြစ်သောကြောင့် မတတ်သာပါပဲ သွယ်ဝိုက်၍သာ ပြန်ဖြေလိုက်ရသည်။

"အချိန်အတော်ကြာပြီဆိုတော့ မြို့စားမင်းကြီးကတော်ကို သွားတွေ့ရင် ကောင်းမှာပဲလို့ ကျွန်မ တွေးမိလို့ပါ။"

ကျွန်မ ပေါ့ပါးစွာ ပြောလိုက်သည်။

"အရင်တစ်ခေါက် တွေ့ပြီးကတည်းက ကျွန်မတို့ မတွေ့ဖြစ်တာကြာခဲ့ပြီလေ။"

ထိုနေ့

ဖလဲရ်က ကျွန်မကို ရေမွှေးသုံး၍ သတ်ပစ်ရန် ကြိုးပမ်းခဲ့သော ကိစ္စ

အိုး ... အဲ့ဒီကိစ္စအတွက် ငါ လက်စားချေရဦးမယ်။

ငါ ဘာလုပ်သင့်လဲ။

ခဏကြာသည်အထိ ကျွန်မ သောကရောက်သွားရသည်။

"မင်းမှာ မြို့စားမင်းကြီးကို မေးချင်တာ တစ်ခုခု ရှိတယ်မလား။"

ထိုအချိန်တွင် ဆိုဗက်စ်စတာက မေးခဲ့သည်။

"မေးစရာ အများကြီး ရှိတာပေါ့။"

ကျွန်မ ခေါင်းငြိမ့်လိုက်သည်။

"ဥပမာ ... ကျွန်မတို့ ကျောင်းဆောက်ပြီးတဲ့အချိန်ရောက်ရင် သူက ဖွင့်ပွဲကို တက်ရောက်ပြီး ဂုဏ်ပြုမိန့်ခွန်း ချီးမြှင့်ပေးနိုင်မလားလို့ ပေါ့။"

ဆိုဗက်စ်စတာ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"ကောင်းသားပဲ!"

သူက လက်ခုပ်တီးပြီး ပြောသည်။

"ဒါဆို ကိုယ်တို့နဲ့ မြို့စားမင်းကြီးကြားက ဆက်ဆံရေးကို မီးမောင်းထိုးပြသလို ဖြစ်သွားမှာ။အဲ့ဒီအခါကျရင် ဧကရာဇ်ရဲ့ပုံတူရုပ်ထုကိစ္စက သိပ်မကြာလိုက်ဘဲ တိမ်မြုပ်သွားလိမ့်မယ်။"

အမ်း ...ကျွန်မ အဲ့လောက်ထိ အများကြီး စဥ်းစားပြီး ပြောလိုက်တာ မဟုတ်ပါဘူး။

သို့သော် ၎င်းက အဆင်ပြေလောက်သည်ဟု တွေးမိ၏။

"အင်း ... ကျွန်မလဲ အဲ့လိုထင်တာပဲ။"

ထို့ကြောင့် ကျွန်မ ပြန်ဖြေနေရင်း ပြုံးလိုက်မိသည်။ဆိုဗက်စ်စတာကလည်း ကျွန်မနှင့်အတူ လိုက်၍ ပြုံးလာခဲ့၏။

"ထင်ထားတဲ့အတိုင်း မင်းက လိမ္မာပါးနပ်လိုက်တာ။"

သူက ကျွန်မ၏လက်ကို ဆုပ်ကိုင်လိုက်သည်။လက်ကို ဆုပ်ကိုင်လာသဖြင့် ကျွန်မလည်း ဆိုဗက်စ်စတာကို အလိုလို ကြည့်လိုက်မိသည်။

ထို့နောက် ဆိုဗက်စ်စတာက ခပ်ဖွဖွ ပြုံး၍ ကျွန်မ၏လက်ဖမိုးကို နမ်းလိုက်သည်။

"ရှင် ဘာတွေ လုပ်နေတာလဲ!"

ကျွန်မ အံ့ဩသွားပြီး လက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း ဆိုဗက်စ်စတာက လွှတ်မပေးခဲ့ပေ။

"မင်းက အရမ်းလှလို့။"

သူက ကျွန်မ၏လက်ဖမိုးကို နောက်တစ်ကြိမ် ထပ်နမ်းနေရင်းမှ  မျက်လုံးပင့်ကြည့်လာခဲ့သည်။

"အဲ့ဒါကြောင့် ကိုယ် မင်းကို နမ်းလိုက်တာ ... ပြဿနာရှိလို့လား။"

ပြဿနာအများကြီး ရှိတာပေါ့လို့!

ကျွန်မလည်း ခုန်ပေါက်နေသော နှလုံးသားကို တည်ငြိမ်စေရန် ကြိုးစားပြီး အသက်ကို လေးလေးပင်ပင် ရှူရှိုက်လိုက်ရသည်။

"မဟုတ်ဘူး၊ကျွန်မ ပြောချင်တာက ရှင်က အသိမပေး ဘာမပေးနဲ့ လုပ်လိုက်တာကြောင့်လေ။ဘာဖြစ်လို့ ရုတ်တရက်ကြီးလဲ!"

"မင်း ဘယ်အချိန်ကျမှ ရှက်နေတာကို ရပ်မှာလဲကွာ။"

သူက ပြုံး၍ သူ့လက်ချောင်းများကို ကျွန်မ၏လက်နှင့် သွယ်ယှက်လိုက်သည်။

"ဒီထက်သာ ပိုပြီး လုပ်ခဲ့ရင် ကိုယ့်ဇနီးလေးရဲ့မျက်နှာက ပေါက်ကွဲထွက်တော့မှာပဲ။"

ဒီထက်ပိုပြီး ...

ဘာများလဲ။

ကျွန်မ အလိုလို နောက်သို့ ဆုတ်လိုက်မိသည်။

ဆိုဗက်စ်စတာ၏အပြုံးက ပို၍ နက်ရှိုင်းလာ၏။

"ချစ်စရာကောင်းနေတာကြောင့်မို့လို့ ရပ်လိုက်ပါတော့ကွာ ...အဲ့ဒီအပြုအမူလေးက ကိုယ့်ကို ဒီထက် ပိုတာတွေ လုပ်ချင်လာအောင် ပြုစားနိုင်တယ်နော်။"

သူ တခြား ဘာတွေ လုပ်ချင်နေမှန်း ကျွန်မ မသိပါ။သို့သော် ကျွန်မ ရှက်နေမိသဖြင့် ပါးစပ်ကိုသာ အရင်ဆုံး ပိတ်ထားလိုက်ရသည်။ဆိုဗက်စ်စတာက ပြုံးလိုက်ပြီး ကျွန်မ၏ပါးပြင်ကို ထိတွေ့လာခဲ့သည်။

"အခု ကိုယ်တို့ ပင်လယ်ကြီးကို မြင်နေရပြီ။"

ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ကို ညွှန်ပြခဲ့သည်။

ကျွန်မလည်း ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုအခါ မျက်စိတစ်ဆုံးအထိ ကျယ်ပြန့်နေသော ပင်လယ်ပြင်ကြီးကို မြင်လိုက်ရတော့သည်။

ဝါး

ကျွန်မ အံ့ဩသွားရပြီး ပြတင်းပေါက်အနားသို့ တိုးကပ်သွားလိုက်သည်။ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းပါ ထွက်၍ ကြည့်နေမိသည်အထိ။

မြို့စားမင်းကြီးအိမ်တော်သို့ မရောက်မီ ပင်လယ်ကြီးဘေးမှာ ဖြတ်ပြီး မောင်းနှင်ပေးပါရန် ကျွန်မ သူ့ကို တောင်းဆိုထားခဲ့သည်။ သူက တတ်နိုင်သလောက် အကောင်းဆုံး ဖြည့်ဆည်းပေးလာပါ၏။

"မင်းက ပင်လယ်ကို အများကြီး သဘောကျတာလား။"

ဆိုဗက်စ်စတာက ပြောသည်။

"အင်း ... သဘောကျတယ်။"

ကျွန်မ အလိုအလျောက် ပြန်ဖြေလိုက်မိသည်။

အံ့ဩစရာမရှိအောင် ယခင်ဘဝက ပင်လယ်ကို တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့ပေ။

တစ်ဘဝလုံး နေမကောင်းဖြစ်နေရသဖြင့် ပင်လယ်ကို တစ်ကြိမ်လေးပင် မရောက်ခဲ့ဖူးပါ။

သို့သော် ဤနေရာရောက်မှ ပင်လယ်ကြီးကို မြင်နိုင်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့။

ယခုချက်ချင်းပင် အပြေးသွားပြီး ပင်လယ်ထဲသို့ ခြေချချင်သောဆန္ဒတစ်ခု ဖြစ်လာရသည်။

သို့သော် ကျွန်မ ထိုသို့ လုပ်၍မရပေ။

မြို့စားကြီးကတော်တစ်ယောက်၏ဂုဏ်သိက္ခာ ရှိသေးသည်။ထို့အပြင် မြို့စားမင်းကြီးကတော်နှင့်လည်း တွေ့ဆုံရဦးမည်။

"ကိုယ်တို့ သွားကြမလား။"

"ရှင် ... ဘယ်ကိုလဲ!"

ကျွန်မ တအံ့တဩဖြင့် ဆိုဗက်စ်စတာကို ပြန်မေးလိုက်မိသည်။

"မင်း ဒီလောက်ထိ အများကြီးသဘောကျနေတာကို မြင်ရတော့ ကိုယ် ပျော်မိတယ်။"

ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"ပင်လယ်ဆီ သွားပြီးတော့ ရေထဲ ခြေထောက်နှစ်ပြီး လေကောင်းလေသန့် ရှူကြရအောင်။"

"ကျွန်မကတော့ သဘောကျတာပေါ့၊ဒါပေမဲ့ အဆင်ပြေပါ့မလား။"

"ဘာကိုလဲ"

"ဂုဏ်သိက္ခာတို့ ဘာတို့"

"ဘယ်အချိန်ထဲက မင်းရဲ့ဂုဏ်သိက္ခာအတွက် ဂရုစိုက်တတ်သွားရတာလဲ ...ဟမ်။"

အိုး ... ဟုတ်သားပဲ။

ဘယ်အချိန်တုန်းကများ ငါ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနေခဲ့လို့လဲ။

ထိုသို့တွေးမိပြီး စိတ်ထဲတွင် ပေါ့ပါးသွားရသည်။ဆိုဗက်စ်စတာက ပြုံး၍ ပြောလာခဲ့သည်။

"မင်းအတွက် ပင်လယ်ဆီ သွားလိုက်တာက ပိုကောင်းပါတယ်။"

"အင်း ...ကျွန်မ သွားမယ်။"

"ပြီးတော့ ..."

ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို လှမ်းဆွဲလိုက်ပြီးနောက် လက်ဖမိုးပေါ်သို့ နမ်းရှိုက်လိုက်ပြန်သည်။

ထို့နောက် သူက လက်ဖမိုးမှ တစ်ဆင့် လက်ချောင်းများအထိ နေရာမလပ်စေရဘဲ ဖြည်းဖြည်းချင်း နမ်းရှိုက်လာခဲ့သည်။

ပူနွေးသော အသက်ရှူငွေ့များက လက်တစ်ခုလုံးသို့ ပျံ့နှံ့သွားရ၏။

"နောက်တစ်ခါလဲ အဲ့လိုပဲ လုပ်ကြရအောင်။"


TK Team (Chapter 119)
++++++++