ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၂၁)
သမားရိုးကျ ညစာစားခြင်းတစ်ခုသာ ဖြစ်သော်လည်း အံ့ဩဖွယ်ကောင်းအောင် ပျော်ရွှင်စရာဖြစ်နေခဲ့ပါ၏။
မြို့စားမင်းကြီးမှာ အတော်လေး ဖော်ရွေပျူငှာတတ်သူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
ထို့အပြင် မြို့စားမင်းကြီးကတော်နှင့် ကျွန်မတို့၏ကြားတွင် စိတ်မသက်မသာဖြစ်စရာ အခြေအနေလည်း မရှိခဲ့ပေ။
ထို့ကြောင့် ကျွန်မလည်း စိတ်အခြေအနေကောင်းနေခဲ့ပြီး ရှန်ပိန်တစ်ခွက်ပင် သောက်လိုက်မိသည်။
"စဥ်းစားကြည့်မှပဲ ..."
ကျွန်မ ရှန်ပိန်ခွက်ကို ပြန်ချပြီး ပြောလိုက်သည်။
"စောစောက ဘာဖြစ်လို့ မြို့စားမင်းကြီးကတော်နဲ့ ကျွန်မရဲ့ခင်ပွန်းက အတူတူ ရောက်လာခဲ့တာလဲ။"
ကျွန်မ ကမ်းခြေတွင် ဂေါ်ပြားတစ်လက်နှင့် တူးဆွနေခဲ့ချိန်တွင် မြို့စားမင်းကြီးကတော်နှင့် ဆိုဗက်စ်စတာတို့က အတူတူ ရောက်လာခဲ့သည်မှာ အနည်းငယ်ထူးဆန်းသလို ခံစားရသဖြင့် ဤမေးခွန်းကို မေးလိုက်မိသည်။
"မင်း ရောက်မလာသေးတော့ ကိုယ် စိုးရိမ်သွားပြီး မင်းနောက်ကို လိုက်လာခဲ့တာ။"
သူက မြို့စားမင်းကြီးကတော်ကို ညွှန်ပြပြီး ဆက်ပြောခဲ့သည်။
"စိတ်အပူဆုံးသူကတော့ မြို့စားမင်းကြီးကတော်ပါပဲ။"
"မြို့စားမင်းကြီးကတော် ကလား။"
ကျွန်မ အံ့ဩသွားပြီး ပြန်မေးလိုက်မိသည်။
မြို့စားမင်းကြီးကတော်က ကျွန်မအတွက် စိုးရိမ်ပူပန်ပေးလိမ့်မည်ဟု မတွေးမိထားသောကြောင့် ဖြစ်၏။
"အဟမ်း ..."
မြို့စားမင်းကြီးကတော်က ရှက်သွားသကဲ့သို့ ချောင်းတစ်ချက် ဟန့်လိုက်သည်။
ပြီးနောက် သူမက သက်တောင့်သက်သာရှိသော သဘောထားဖြင့် ပြောလာခဲ့သည်။
"စိတ်ပူတာနဲ့ ထိုက်တန်တာပဲလေ။ရှင် အရင်က တစ်ချိန်လုံး မကောင်းတာတွေပဲ လုပ်နေခဲ့တာကို။"
အရင်တုန်းကလား။
ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်မိသည်။
"ကျွန်မက ဘီလူးတောအုပ်ကိစ္စကြောင့် ဒီလို ပြောနေရတာနော်။"
အာ ...အခုမှပဲ နားလည်တော့တယ်။
ဒီတော့ အရင်တစ်ခေါက် ရှင် လုပ်ခဲ့တဲ့ကိစ္စကို ပြန်တွေးမိပြီး ကျွန်မအပေါ် စိတ်ပူနေခဲ့တာပဲ၊ဟုတ်တယ်မလား။
ထိုသို့ ဖြစ်နေသည်ကို ကြည့်လျှင် မြို့စားမင်းကြီးကတော်က အနည်းငယ် ချစ်စရာကောင်းသည်ဟု တွေးမိလိုက်သည်။ဖြစ်ခဲ့ပြီးသားကိစ္စများဖြစ်သည့်တိုင် ထိုကိစ္စကြောင့် ကျွန်မ ထိခိုက်လုနီးပါးဖြစ်ခဲ့ရသည်။
ကျွန်မ ပြုံးပြီး ခေါင်းခါလိုက်မိသည်။
"ဒါက အရမ်းကို ကြာခဲ့ပါပြီ။"
မြို့စားမင်းကြီးကတော်ကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်မဖြင့် အရာအားလုံးကို မေ့သွားခဲ့ပေါ့ရှင်။"
မြို့စားမင်းကြီးကတော်၏မျက်နှာမှာ တောက်ပသွားခဲ့သည်။ကျွန်မပြုံးပြီး မေးတစ်ချက် ဆတ်လိုက်သည်။
"ဒါပေါ့ ...ကောင့်မြို့စားကတော်ရဲ့အပြုအမူတွေကိုတော့ ကျွန်မ မမေ့သေးပါဘူး။"
ဖလဲရ်ကို ထည့်ပြောလိုက်သည်နှင့် ဝင်းပနေသော မြို့စားမင်းကြီးကတော်၏မျက်နှာက တောင့်တင်းသွားတော့သည်။
"ဟုတ်...ဟုတ်တာပေါ့၊ဒါက ဖြစ်သင့်တာပါပဲ။"
ထို့နောက် သူမက ကျွန်မနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်နေတော့သည်။
ထင်ထားသည့်အတိုင်း ယခင်တစ်ခါ ဖလဲရ်နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည့်ကိစ္စအတွက် သူမက အပြစ်ရှိသလို ခံစားနေမိပုံပေါ်၏။
ကျွန်မ ပြုံးလိုက်ပြီး ရှန်ပိန်ခွက်ကို မြှောက်လိုက်သည်။
ပြီးနောက် ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်သည်။
"မကြာသေးခင်ကပဲ ကျွန်မအတွက် လက်ဆောင်ဆိုပြီး ကောင့်မြို့စားကတော်က လက်ဖက်ခြောက်တွေ ပို့လာခဲ့သေးတယ်။"
"ရှင် အဲ့တာကို သောက်ခဲ့လား!"
မြို့စားမင်းကြီးကတော်က ထိုင်နေရာမှ ဆတ်ခနဲ ခုန်ထလိုက်ပြီး မေးလေသည်။
ရှင် ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲ။
ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်မိသည်။
"ကျွန်မ မသောက်ခဲ့ဘူး။"
ကျွန်မ၏စကားများကို ကြားရလျှင် မြို့စားမင်းကြီးကတော်မှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။
ဟား ...အဲ့ဒီလက်ဆောင် ငါ့ဆီကို ရောက်လာခဲ့တာပဲ တော်တော်ကြာနေပြီကို။
ထို့ကြောင့် ကျွန်မ သိချင်လာရသည်။
သူမ ဘာဖြစ်သွားတာလဲ။
ကျွန်မ မျက်လုံးများကို မှေးကျဥ်းပြီး ကြည့်လိုက်သည်။
"ရှင်က ဘာဖြစ်လို့ စိတ်သက်သာရရသလို ဖြစ်သွားရတာလဲ။"
"ဟမ်"
မြို့စားမင်းကြီးကတော်မှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသော မျက်နှာထားဖြင့် ခေါင်းခါပြလေသည်။
"ဘာ ...ဘာကြောင့်မှ မဟုတ်ပါဘူး။"
ကျွန်မ နဖူးတွန့်လိုက်သည်။
"တစ်ခုခု ရှိနေမယ်လို့ ထင်တယ်။ကျွန်မကို ပြောပြပါ၊ဘာဖြစ်လို့လဲ။"
မြို့စားမင်းကြီးကတော်က နှုတ်ခမ်းကို ကိုက်၍ မျက်လုံးလှိမ့်လိုက်သည်။
သူမက ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက် အကြိမ်ကြိမ်လုပ်နေခဲ့သည်။ပြောသင့်၊မပြောသင့် စဥ်းစားနေပုံရလေသည်။
"ကျွန်မကို ပြောပြပါ၊ဘယ်သူ့ကိုမှ ပြန်မပြောပြပါဘူး။"
"အဲ့ဒါက ..."
မြို့စားမင်းကြီးကတော်မှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ပြီးမှ ခန္ဓာကိုယ်ကို အနည်းငယ် ငုံ့ကိုင်းစေလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလေသည်။
"ဒါက ကျွန်မနဲ့ရှင် မရင်းနှီးသေးခင် အချိန်တုန်းက ဖြစ်မှာပါ။သေချာအောင် မေးကြည့်ချင်လို့။"
"အင်း ...ကျေးဇူးပြုပြီး ပြောပါ။"
"အဲ့ဒီတုန်းက ကောင့်မြို့စားကတော်ကလေ ကျွန်မကို ဆေးတစ်ခု ရှာပေးဖို့ တောင်းဆိုခဲ့တယ်။"
"ဆေး လား!"
ကျွန်မ ပို၍ပင် နဖူးတွန့်လိုက်မိသည်။
"ရှင်က ကျွန်မကို သတ်တာဖြစ်ဖြစ် တစ်ခုခု လုပ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောနေတာလား။ဒါပေမဲ့ အဲ့ဒါကို ငှက်တွေဆီ ကျွေးကြည့်ခဲ့တာ ဘာပြဿနာမှ မရှိခဲ့ဘူးလေ။"
အဲ့ဒီတုန်းက အိုင်ရင်း ပြောခဲ့တယ်မဟုတ်လား။အဆိပ် ရှိ၊မရှိ စမ်းသပ်ပြီးပါပြီလို့။
ဒါပေမဲ့ အဆိပ်မဟုတ်ဘူးဆိုရင် သူမ ငါ့ကို ပေးလာတဲ့ဟာက ...
အဲ့ဒါ ဘာကို ဆိုလိုတာဖြစ်မလဲ။
မြို့စားမင်းကြီးကတော် ဆက်ပြောမည့်စကားများကို ကျွန်မ နားထောင်နေလိုက်သည်။
"အဲ့ဒါက အဆိပ်ဆိုရင် ရှင် သတိထားမိမှာပေါ့။အဲ့လိုမျိုး မဟုတ်ပါဘူး။"
"အဲ့ဒါဆို ဘာများလဲ။"
ဂလု
မြို့စားမင်းကြီးကတော်၏လည်ပင်းက လှုပ်ရှားသွားလေသည်။
"သူမက ကျွန်မဆီကနေ သန္ဓေတားဆေး တောင်းခဲ့တာပါ။"
"ဘာရယ်!"
"အဲ့လို ဆေးမျိုးလေ ... ပမာဏအများကြီးသာ သောက်မိရင် ဘယ်တော့မှ ကိုယ်ဝန်မဆောင်နိုင်တော့တာမျိုး။"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ကျွန်မ၏ဘေးနားတွင် ထိုင်ရင်း နားထောင်နေခဲ့သော ဆိုဗက်စ်စတာလည်း ထို့နည်းတူ ဖြစ်၏။
ကျွန်မတို့နှစ်ယောက်လုံးက ရှန်ပိန်ခွက်များကို ကိုင်၍ မှင်တက်မိနေကြပြီး မြို့စားမင်းကြီးကတော်မှာ ရှက်ရွံ့နေသော မျက်နှာဖြင့် ကျွန်မတို့ကို ကြည့်နေလေသည်။
အရင်ဦးဆုံး အသိစိတ်ပြန်ဝင်လာသူက ဆိုဗက်စ်စတာ ဖြစ်သည်။
"အခု"
ဆိုဗက်စ်စတာက ယခင်ကထက် အလွန်ကြောက်စရာကောင်းသော လေသံဖြင့် စကားပြောလာခဲ့သည်။
"ကောင့်မြို့စားကတော်က ကျွန်တော့်ဇနီးကို အဲ့ဒီဆေးမျိုး ပေးခဲ့တယ်လို့ ခင်ဗျား ပြောနေတာလား။"
"မ ...မဟုတ်ပါဘူး!ကျွန်မလဲ သိပ်မသေချာသေးပါဘူး။"
မြို့စားမင်းကြီးကတော်က လက်ကို အလျင်အမြန် ယမ်းခါ၍ ပြောလာခဲ့သည်။
"ကောင့်မြို့စားကတော်က ကျွန်မဆီကနေ အဲ့ဒီလိုဆေးတစ်မျိုး ယူသွားတယ်လို့ပဲ ပြောခဲ့တာပါ။ဒါကြောင့် ကျွန်မ အဲ့ဒီကိစ္စကို အချိန်မီ သတိပေးနေခဲ့တာ။"
မဟုတ်သေးဘူး။
သေချာနေပြီ။
ဖလဲရ်က ဆေးကို လက်ဖက်ခြောက်ထဲမှာ ရောပြီး ထည့်ထားမယ်ဆိုတာ သေချာတယ်။
သူမက ဒီလောက်တောင် ရူးသွပ်နေခဲ့တာလား။
ကျွန်မ မယုံနိုင်သဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရသည်။
"ဒါက ပြစ်မှုပဲ။"
ထိုအချိန်တွင် ဆိုဗက်စ်စတာက ပြောလာခဲ့သည်။
"ကျွန်တော် အိမ်တော်ကို ပြန်ရောက်တာနဲ့ အဲ့ဒီလက်ဖက်ခြောက်ထဲက ပါဝင်ပစ္စည်းတွေကို ခွဲခြမ်းစစ်ဆေးဖို့ တောင်းဆိုရတော့မယ်။အကယ်၍သာ အဲ့ဒီလက်ဖက်ခြောက်ထဲမှာ ဆေးပမာဏ နည်းနည်းလေးတောင် ပါလာခဲ့မယ်ဆိုရင်တော့ ...!"
ဖလဲရ်သာ မျက်စိရှေ့တွင် ရှိနေခဲ့ပါက ချက်ချင်းပင် သတ်ပစ်လိုက်တော့မည့်အတိုင်း ဆိုဗက်စ်စတာ၏မျက်လုံးများက ပြူးကျယ်နေပြီး ရန်စွယ်တငေါငေါ ဖြစ်နေခဲ့လေသည်။
မြို့စားမင်းကြီးကတော်က အော်ဟစ်လိုက်သည်။
"ကျေးဇူးပြုပြီး သူမကို မသတ်ပါနဲ့!"
သူမက အသနားခံစွာ ပြောခဲ့သည်။
"ဖလဲရ်က ဒီလိုကိစ္စကို လုပ်ခဲ့တယ်ဆိုရင် ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်မိသွားရတာပဲ ဖြစ်မှာပါ။သူမက မကောင်းတဲ့သူ မဟုတ်ရပါဘူး။ကျေးဇူးပြုပြီး သူမကို မသတ်ပါနဲ့!"
"ဒီမှာ မြို့စားမင်းကြီးကတော်!"
ဆိုဗက်စ်စတာ၏အကြည့်များက အေးစက်နေခဲ့သည်။
"မြို့စားကြီးကတော်ကို အန္တရာယ်ပေးရဲတာက ဆိုးရွားတဲ့ပြစ်မှုတစ်ခုပါ!"
"ဒါပေမဲ့ အသက်အန္တရာယ် ထိခိုက်သွားတာမျိုးမှ မဟုတ်ဘဲ။"
"သူမက မကြာခင် မွေးလာတော့မဲ့ ကလေးရဲ့အသက်ကို နုတ်ယူမိလုနီးပါး ဖြစ်နေပြီလေ!"
"မကြာခင် မွေးလာတော့မဲ့ ကလေး ...ဟုတ်လား။"
မြို့စားမင်းကြီးကတော်၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"မင်းဆီမှာ ဒီလိုကောင်းတဲ့ကိစ္စ ရှိနေခဲ့တာလား။"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မြို့စားမင်းကြီးက ဝင်ပြောလာခဲ့သည်။
ဆိုဗက်စ်စတာက ပြန်မဖြေဘဲ ပြုံးလိုက်သည်။သူ့အပြုံးကို မြင်လျှင် ထိုကိစ္စက မှန်ကန်နေသည်ဟု သူတို့ သိနိုင်လိမ့်မည်။
"ဘုရားသခင် ...ဘုရား ဘုရား!"
မြို့စားမင်းကြီးက လက်များကို လေထဲသို့ ဆန့်တန်း၍ အော်လိုက်သည်။
"ဂုဏ်ယူပါတယ် ... ဂုဏ်ယူပါတယ်ကွာ!!"
မြို့စားမင်းကြီးကတော်ကလည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောလာခဲ့သည်။
ထို့ကြောင့် ကျွန်မ အကြီးအကျယ် ဦးနှောက်ခြောက်သွားရတော့သည်။
ဒီတော့ အခု ကျွန်မက ကိုယ်ဝန်ရှိနေတာပေါ့။ပြီးတော့ ရှင် ဒီလို လိမ်ပြောလိုက်တယ် ...
ကျွန်မတို့ ဘာမှ မဖြစ်ခဲ့ဘဲနဲ့ ...ဘယ်လိုလုပ်ပြီး ကျွန်မက ကိုယ်ဝန်ရသွားရတာလဲ။
ကျွန်မ ဆိုဗက်စ်စတာကို ဆောင့်ဆွဲလိုက်ပြီး နားနားကပ်၌ တီးတိုးပြောလိုက်သည်။
"ရှင် စိတ်လွတ်နေပြီလား ...ဘာဖြစ်လို့ ဒီလိုတွေ လိမ်ပြောနေတရာလဲ !"
"အဲ့ဒါက ကောင့်မြို့စားကတော်ရဲ့အပြစ်ကို ပိုဆိုးသွားအောင် လုပ်ပေးလိမ့်မယ်။"
ဆိုဗက်စ်စတာက ပေါ့ပေါ့ပါးပါး ပြန်ဖြေလေသည်။
"ဒါပေမဲ့ အဲ့ဒါက လိမ်ထားတာဆိုတာ သူတို့ သိသွားကြရင်ရော!"
"အဲ့ဒီစကားက အလိမ်အညာမဖြစ်ဖို့အတွက် ကိုယ်တို့အနေနဲ့ ဖန်တီးလိုက်လို့ ရနိုင်တယ် မဟုတ်လားကွာ။"
"ဘယ်လို!"
ကျွန်မ အနည်းငယ် ခေါင်းစားသွားပြီး မေးလိုက်လျှင် ဆိုဗက်စ်စတာက လှောင်ပြုံးလေး ပြုံးလိုက်ပြီး ကျွန်မ၏ပါးကို ဖွဖွလေး နမ်းလေသည်။
"မင်း ဒီညတော့ အိပ်လို့ရမယ်လို့ ကိုယ် မထင်ဘူး။"
ဟမ်!!!
ကျွန်မ၏မျက်နှာတစ်ခုလုံး ပူတက်လာရသည်။
သူက ထိုသို့ ရှက်စရာကောင်းသောကိစ္စကို ထသွားထလာသဘောဖြင့် ပြောလိုက်သဖြင့် ကျွန်မ ဒေါသထွက်နေချိန်တွင် ဆိုဗက်စ်စတာက မြို့စားမင်းကြီးနှင့် မြို့စားမင်းကြီးကတော်ရှိရာဘက်သို့ ပြန်လှည့်သွားခဲ့သည်။
"ဒါကြောင့်မို့လို့ ကောင့်မြို့စားကတော်သာ တစ်ခုခု လုပ်ခဲ့တာက အမှန်တရားဖြစ်နေခဲ့ရင် ဒါက ပြစ်မှုအကြီးကြီး ဖြစ်သွားမှာပဲ။ခင်ဗျားတို့ သဘောတူကြလား။"
မြို့စားမင်းကြီးကတော်က သူ့မျက်လုံးထဲသို့ ဖြည်းဖြည်းချင်း ကြည့်လာခဲ့သည်။
"ဒါက ..."
သူမက နှုတ်ခမ်းကို ကိုက်၍ မေးတစ်ချက် ဆတ်လိုက်သည်။
"ဟုတ်တာပေါ့"
ဆိုဗက်စ်စတာ၏နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
"အိမ်တော်ကို ပြန်ရောက်တာနဲ့ ကျွန်တော် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြည့်မှာပါ။"
မြို့စားမင်းကြီးကတော်က ဘာမှ ထပ်မပြောတော့ပေ။
ဆိုဗက်စ်စတာက ကျေနပ်အားရနေသောအပြုံးကြီးဖြင့် ကျွန်မ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ကျွန်မတို့နှစ်ယောက်ကို စောင့်ကြည့်နေခဲ့သော မြို့စားမင်းကြီးက ပြောလာခဲ့သည်။
"ဂုဏ်ယူပါတယ် မြို့စားကြီးကတော်ရေ။"
မြို့စားမင်းကြီးကတော်ကလည်း ကျွန်မအတွက် ဝမ်းမြောက်ကြောင်း ပြောခဲ့သည်။
"အိုး ... ဟုတ်တာပေါ့ ၊ဂုဏ်ယူပါတယ်ရှင်။"
ထိုအခြေအနေကြောင့် ကျွန်မမှာ ကိုယ်ဝန်မရှိပါဘဲ ကိုယ်ဝန်ရှိနေသည်ဟု အခိုင်အမာ ဖြစ်သွားရလေသည်။
ကျွန်မလည်း ဆိုဗက်စ်စတာကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ကြိုးစား၍ ပြုံးပြလိုက်ရသည်။
"ကျေး ...ကျေဇူးတင်ပါတယ်ရှင်။"
ထိုသို့သာ ပြန်ဖြေလိုက်ရလေသည်။
*
ကျွန်မ အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။
ပြန်ရောက်သည်နှင့် ဆိုဗက်စ်စတာက သူ့လူများကို ခေါ်၍ ဖလဲရ်၏လက်ဆောင် လက်ဖက်ခြောက်ထဲတွင် ပါသော ပါဝင်ပစ္စည်းများကို စုံစမ်းစစ်ဆေးစေခဲ့သည်။
ထို့နောက် သူက ရုံးခန်းထဲ ဝင်သွားသဖြင့် ကျွန်မမှာ နာ့ဂ်တုန်င်မြစ်ထဲမှ ဘဲဥတစ်လုံးသဖွယ် ဖြစ်သွားရလေသည်။
[နာ့ဂ်တုန်င်မြစ်ထဲမှ ဘဲဥတစ်လုံး - ပစ်ပယ်ခံလိုက်ရတဲ့ တစ်စုံတစ်ယောက်ရဲ့သနားစရာ အခြေအနေကို ဖော်ပြတဲ့နေရာမှာ သုံးတဲ့စကား ဖြစ်ပါတယ်။]
မဟုတ်သေးပါဘူး၊သူပြောတော့ ငါ့ကို တစ်ညလုံး အိပ်ပျော်သွားခွင့် မပေးဘူးဆို။
ပြီးတော့ ငါ အခု အရမ်းအိပ်ငိုက်နေပြီလေ!
ကျစ်
တစ်နေ့လုံး ခုန်ပေါက်နေခဲ့သော နှလုံးသားကို တည်ငြိမ်စေရန် ကြိုးစားလိုက်ပြီး ကျွန်မ အိပ်ရာပေါ်တွင် ထိုင်နေခဲ့သည်။
ပြီးနောက် ကျွန်မ တွေးနေမိသည်။
ဖလဲရ်က ငါ့ကို သန္ဓေတားဆေးတွေပေးဖို့ တကယ်ကြီး ကြိုးစားခဲ့တာလား။
ဒါဆို သူမက ဘာအကျိုးအမြတ်များ ရမှာမို့လို့လဲ။
အမှန်တော့ ဘာအကျိုးအမြတ်မှလဲ ရစရာ မရှိတာကို။ငါ ဘယ်လောက်ပဲ တွေးကြည့်ကြည့် ဘာတစ်ခုမှ မထွက်လာခဲ့ဘူး။
ဒါပေမဲ့ ဘာကြောင့်များလဲ။
ပြီးတော့ ဖလဲရ် အရမ်းကြီး ကောက်ကျစ်လာခဲ့တာက ထူးဆန်းနေတယ်။
ကျွန်မအနေဖြင့် မူလဇာတ်ကြောင်းက ပြောင်းလဲသွားခဲ့သည်ဟုသာ တွေးမိပြီး တစ်ချိန်လုံး အရင်နှင့် မတူသလိုသာ ခံစားနေခဲ့ရသည်။
တကယ်ကို ပြောင်းလဲသွားခဲ့တာပဲ။
အနာဂတ်တွင် ကျွန်မ နိုးနိုးကြားကြား နေသင့်သည်ဟု စဥ်းစားမိ၏။
ထိုမှသာ ကြမ်းတမ်းပြီး ရှုပ်ထွေးလှသော မူလဇာတ်ကြောင်းမှ ရှင်သန်လွတ်မြောက်နိုင်လိမ့်မည်။
ပထမဆုံး လာဂိုနဲ့ အပေးအယူ လုပ်ရမယ်။
အဲ့ဒီနောက်ပိုင်းမှာ သီးခြားခွဲထွက်နိုင်ဖို့အတွက် စီစဥ်ရမယ်။
အင်ပါယာကြီးကို ဒီအတိုင်းပဲ ချန်ထားခဲ့လိုက်ရအောင် ...ကောင်းပြီလေ။
ကယ်လီယန်နှင့် လာဂိုကို ရွေးချယ်ရသည်မှာ အမှိုက်ကားနှင့် ဆွဲကားကို ရွေးချယ်ရသည်နှင့် တူသဖြင့် ကျွန််မ လေးလေးနက်နက် မတွေးကြည့်ချင်တော့ပါ။
TK Team (Chapter 121)
++++++++