Chapter 122
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၂၂)

မှတ်စုထဲတွင် ရေးသားထားသော စာများက တိုပြတ်ပြတ်မျှသာ။

[ကျွန်တော်တို့ မှော်အစီအရင်စက်ဝန်းအမျိုးအစားကို ရှာတွေ့ပါပြီ။]

အိုး

လာဂို၏မှော်အစီအရင်စက်ဝန်းကို ရှာတွေ့နိုင်တော့မည်ဟု ကျွန်မ တွေးမိသည်။

ဒီကိစ္စကို မူလဇာတ်ကြောင်းထဲမှာ ထည့်မရေးထားတော့ ငါတောင်မှ မသိနိုင်ဘူး ဖြစ်နေတယ်။

ကျွန်မသာ မှော်အစီအရင်စက်ဝန်းအမျိုးအစားကို သိခဲ့လျှင် လာဂိုကို မဆန့်ကျင်နိုင်ခဲ့ရသည့် ဆိုဗက်စ်စတာ၏အားနည်းချက်ကို ရှာတွေ့နိုင်လိမ့်မည်။ထိုအခါ ကျွန်မ ယူလာပေးသင့်သည့်အရာကို ရှင်းရှင်းလင်းလင်း သိလာလိမ့်မည်။

ဆိုဗက်စ်စတာ ငါ့ကို ဒီတိုင်းပဲ ပြောပြလာပါစေလို့ ဆုတောင်းတယ်။

သို့သော် မှော်အစီအရင်စက်ဝန်းကိစ္စနှင့် ပတ်သက်၍ စကားစမိလျှင် ဆိုဗက်စ်စတာက အမြဲတမ်းလျစ်လျူရှုထားတတ်သည်။

သူ့ထံတွင် အကြောင်းပြချက်တစ်စုံတစ်ရာ ရှိမည်မှာ သေချာသော်လည်း မတတ်သာပါပဲ စိတ်မကောင်းဖြစ်မိပါ၏။

သူ လိုချင်နေသည့်အရာကို ကျွန်မလည်း သိချင်မိသည်။

ကျွန်မ စာရွက်အပိုင်းအစတစ်ခု ဆုတ်ဖြဲလိုက်ပြီး ထိုအပေါ်တွင် ခပ်သော့သော့ ချရေးလိုက်သည်။

[မကြာခင် ငါ့ဘက်ကနေ လူတစ်ယောက် လွှတ်လိုက်မယ်။]

ပြီးနောက် ထိုစာကို အိတ်ငယ်လေးတွင် ထည့်၍ ကျီးကန်း၏လည်ပင်းတွင် ချိတ်ဆွဲပေးလိုက်သည်။

ပျံသန်းသွားသော ကျီးကန်းကို ကြည့်နေရင်း ထိုအခိုက်အတန့်လေးတွင် ကျွန်မ အတွေးများသွားရလေသည်။

အခု ငါ့အနေနဲ့ ကြေးစားစစ်သားအစည်းအရုံးကို သွားမယ်ဆို နည်းနည်းခက်ခဲလောက်တယ်။

ဆိုဗက်စ်စတာက ငါ့နောက်ကို လူတွေ လွှတ်ထားပြီးတော့ ငါကလည်းကယ်လီယန်နဲ့ အရှုပ်အထွေးလေးတွေ ရှိနေသေးတယ်။တစ်ခုခု အမှားလုပ်မိသွားရင် အဲ့ဒီနေရာက ကြေးစားစစ်သားအစည်းအရုံးဆိုတာ သူတို့ ရှာတွေ့သွားကြလိမ့်မယ်။ငါ အဲ့လိုမျိုး မဖြစ်စေချင်ဘူး။

ဒီတော့ ဘယ်သူ့ကို စေလွှတ်ရင် ကောင်းမလဲ။

သီယိုလား။

သီယိုဆိုရင် အဆင်ပြေမယ်လို့ ထင်တယ်။

သူက ဆင်းရဲသားရပ်ကွက်ကနေ လာတဲ့သူဆိုတော့ အဲ့ဒီနားမှာ လျှောက်သွားနေလဲ အထူးအဆန်းဖြစ်နေမှာ မဟုတ်ဘူး။ပြီးတော့ သူက ငါ့စကားကို ကောင်းကောင်းနားထောင်တယ်။

မနက်ဖြန်ရောက်ရင် သီယိုနဲ့ စကားပြောဖို့ လိုတယ်။

ကျွန်မ အတွေးများကို အဆုံးသတ်လိုက်ပြီး စားပွဲခုံရှိရာသို့ လျှောက်လာလိုက်သည်။

အပုံလိုက်ဖြစ်နေသော စာလွှာများကို တစ်ချက်ကြည့်လိုက်မိသည်။

အာ ...ကြည့်ရတာ စိတ်ညစ်စရာပဲ။မနက်ဖြန်ကျရင် အိုင်ရင်းကို ခေါ်ပြီး ဒါတွေကို ဂရုစိုက်ပေးဖို့ ပြောလိုက်သင့်လား။

ကျွန်မ တွေးဆကြည့်နေချိန်တွင် တစ်စုံတစ်ခုက အမြင်အာရုံထဲသို့ ရုတ်တရက် ရောက်လာခဲ့သည်။

"ဖလဲရ်လား။"

စာတစ်စောင်ပေါ်တွင် ဖလဲရ်၏နာမည် ရှိနေခဲ့သည်။

သူမက ငါ့ဆီကို ဘာဖြစ်လို့ စာပို့ရတာလဲ။

စာလွှာတစ်ထပ်ကြီးထဲမှ ဖလဲရ်၏နာမည်ပါသော စာကို အလျင်စလို ဆွဲထုတ်လိုက်မိသည်။ပြီးနောက် စာအိတ်ကို ဖြဲ၍ စာကို ယူထုတ်လိုက်သည်။

စာထဲတွင် ရေးသားထားသည်က ရှည်လျားထွေပြားလွန်းသဖြင့် မိတ်ဆက်ဂါရဝပြုနေသည့် အကြောင်းအရာများကို ကျော်ခွလိုက်ပြီး အဓိကအချက်များကိုသာ ရွေးဖတ်လိုက်လျှင် စာကြောင်းတစ်ကြောင်း ထွက်လာခဲ့၏။

[ကျွန်မရဲ့လက်ဖက်ရည်ပါတီပွဲဆီ တက်ရောက်ပေးဖို့ ရှင့်ကို ဖိတ်ကြားလိုပါတယ်။]

ဟား

ကျွန်မ မရယ်ချင်ဘဲ ရယ်လိုက်မိသည်။

"နင်က ငါ့ကို ဖိတ်ချင်တယ်ပေါ့ ဖလဲရ် ...နင်ကလေ။"

ကျွန်မ မှင်တက်သွားရသည်။

လက်ဖက်ခြောက်ထဲ သန္ဓေတားဆေးတွေ ရောထည့်ပြီး လက်ဆောင်အဖြစ်နဲ့ ပေးခဲ့တာတောင် မလုံလောက်သေးဘူးလား။နင်က ငါ့ကို လက်ဖက်ရည်ပါတီတက်ဖို့ ဖိတ်ပြီး ဘာတွေများ လုပ်ချင်သေးလို့လဲ။

သူမက ငါ့ကို ထိခိုက်အောင် လုပ်ဖို့ စီစဥ်နေတယ်ဆိုတာ အသိသာကြီးပဲ။

ဖလဲရ်က အဲ့လိုဇာတ်ကောင်မျိုး မဟုတ်ဘူးဆိုတာ သေချာပါတယ်။ဒါပေမဲ့ ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ လွဲသွားရတာလဲ။

ဖြစ်နိုင်တာက ...

ငါ ကူးပြောင်းလာခဲ့ကတည်းက အရာအားလုံး လွဲမှားသွားရတာလို့ ခန့်မှန်းမိတယ်။

ငါက ကယ်လီယန်ရဲ့မျက်စိထဲ ရောက်လာပြီး သူနဲ့ ပိုရင်းနှီးလာတော့ ဖလဲရ်က ပိုပြီး တုန်လှုပ်ခြောက်ခြားမိနေမှာပဲ။

စာကို ကိုင်ထားသော ကျွန်မ၏လက်များက တုန်ယင်နေခဲ့သည်။

ကျွန်မ ဒေါသထွက်နေခဲ့သည်။

ဖလဲရ်အကြောင်းကို တွေးမိချိန်တိုင်း ကျွန်မ ဒေါသတကြီး ဖြစ်လာသည်။

ဒီလောက်အထိ အများကြီး ဖြစ်လာရတယ်ဆိုတာ သဘာဝကျပါတယ်။

ငါ အရင်တုန်းက ဖလဲရ်ကို လွယ်လွယ်လေးပါလို့ ထင်ထားခဲ့မိတယ်။

ကယ်လီယန်ရဲ့နှလုံးသားကို ရပြီးရင် သူမနဲ့ပတ်သက်ပြီး အလွယ်လေး ဖြစ်သွားပြီလို့ ထင်ခဲ့တယ်။သူမ ဘာတွေလုပ်လုပ် ဖြေရှင်းဖို့က လွယ်လွယ်လေးပါလို့ ယူဆခဲ့မိတယ်။

အခုတော့ အဲ့လို မဟုတ်တော့ဘူး။

အခု ငါက ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းတာမျိုး မလုပ်တော့ဘူး။

ငါ သူ့ကို သိတောင် မသိချင်တော့ဘူးလို့ ပြောလို့ရတယ်။ငါ့အပေါ်  သူ ဘယ်လိုမြင်သွားမလဲဆိုပြီး တွေးနေစရာ မလိုတော့ဘူး။ဒီတော့ ...

နင်တော့ သွားပြီ။

ဖလဲရ် ... နင် ငါ့ကို စောင့်နေလိုက်တော့။

ကျွန်မ ထိုသို့ တွေးတောရင်း ထက်သန်တက်ကြွမှုများဖြင့် လောင်မြိုက်နေတော့သည်။

ဆိုဗက်စ်စတာ တစ်ညနေလုံး အလုပ်ရှုပ်နေခဲ့သည်။

အိမ်တော်သို့ ပြန်ရောက်သည်နှင့် အိုဖီလီယာထံသို့ ဖလဲရ် လက်ဆောင်ပေးထားသော လက်ဖက်ခြောက်ကို ယူပြီး ပါဝင်ပစ္စည်းများကို စစ်ဆေးပေးပါရန် တောင်းဆိုမှုတစ်ခု အပ်နှံခဲ့သည်။

ပါဝင်ပစ္စည်း စစ်ဆေးမှုက သိပ်မကြာလိုက်ပါပေ။

အမှန်က အတော်လေး ကြာနိုင်သည့် စစ်ဆေးမှုဖြစ်သည့်တိုင် ဆိုဗက်စ်စတာက စစ်ဆေးပေးသူ၏ကော်လာကို ဆွဲပြီး ခြိမ်းခြောက်ခဲ့သဖြင့် ရလဒ်က နေ့ချင်းပြီး ထွက်လာတော့သည်။

မည်သို့ပင်ဆိုစေကာမူ ခွဲခြမ်းစစ်ဆေးမှု၏ရလဒ်မှာ သန္ဓေတားဆေးများ ပါဝင်နေသည်ဟု အဖြေထွက်လာခဲ့သည်။

ထိုအဖြေ ထွက်လာသည်ကို ကြားလိုက်ရလျှင် ဆိုဗက်စ်စတာမှာ ဇက်ကြောတက်လာသလို ခံစားလိုက်ရ၏။

သူမက ရူးနေတာပဲ။

ဖလဲရ်က အိုဖီလီယာထံသို့ သန္ဓေတားဆေး ပေးရသည့်အကြောင်းအရင်းမှာ သိသာလွန်းသည်။

မကြာသေးမီကပင် သူနှင့်အိုဖီလီယာ၏ဆက်ဆံရေးက အတော်လေး တိုးတက်လာခဲ့ရာ သူမအနေဖြင့် ကိုယ်ဝန် ရလာခြင်းမရှိအောင် တစ်နည်းနည်းဖြင့် တားဆီးဖို့ ကြိုးစားလိမ့်မည်။

လက်ရှိအခြေအနေတွင် အိုဖီလီယာက ကိုယ်ဝန်ရလာပြီး ကလေးတစ်ယောက် မွေးဖွားပေးလိုက်သည်ဆိုပါက ဖလဲရ်၏အနေအထားမှာ အနည်းငယ် ရှုပ်ထွေးသွားရလောက်သည်။

ဆိုဗက်စ်စတာနှင့်အိုဖီလီယာတွင် ကလေးတစ်ယောက် ရှိလာပါက မြို့စားမင်းကြီးကိုယ်တိုင် ထွက်လာပြီး ကလေးကို ကောင်းချီးပေးလိမ့်မည်။အဓိပ္ပါယ်မှာ သူက သူတို့ဇနီးမောင်နှံကို အပြည့်အဝ ထောက်ခံပံ့ပိုးပေးသည် ဟူ၍။

အကယ်၍ ထိုကလေးကသာ ဒုတိယမင်းသား လာဂို၏နောက်သို့ လိုက်ခဲ့ပါလျှင် မြို့စားမင်းကြီး၏ဩဇာအာဏာက လာဂိုဘက်သို့ အလိုအလျောက် အလေးပေးဦးတည်သွားလိမ့်မည်။

ထိုအခါ အိမ်ရှေ့စံမင်းသား၏ဩဇာအာဏာက ယခုထက်ပင် ကျဆင်းသွားရလိမ့်မည်။

သူက အရာအားလုံးကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသဖြင့် အချိန်တန်လာလျှင် ထီးနန်းဆက်ခံရမည့်အစား အမွေခံအဖြစ်မှ လက်လွှတ်ရမည့်အလားအလာအတွက် စိတ်ပူပန်နေရလိမ့်မည်။

ဖလဲရ်က ဒီလောက်အထိ ရှည်ရှည်ဝေးဝေး စဥ်းစားထားတာပဲ။

ဒါကြောင့်ပဲ အိုဖီလီယာ ကိုယ်ဝန်မရနိုင်အောင် သူမက ကြိုးစားနေတာ မဟုတ်လား။

အဲ့ဒီ သောက်ကျိုးနည်းမိန်းမကတော့ကွာ။

ပြီးတော့ သူမက ကြောက်စရာကောင်းအောင် ပါးနပ်တဲ့မိန်းမ ဖြစ်နေတယ်။

ဘာကြောင့်များ ဒီလိုမိန်းမကို တစ်ယောက်တည်း လွှတ်ထားရမှာလဲ။

ချက်ချင်းပဲ သေချာကိုင်တွယ်သင့်တယ်!

ဆိုဗက်စ်စတာမှာ ဒေါသထွက်လွန်းသဖြင့် ရူးတော့မတတ်ပင်။

ကံကောင်းထောက်မစွာဖြင့် အိုဖီလီယာက ထိုလက်ဖက်ရည်ကို မသောက်ခဲ့ပေ။လက်ဖက်ခြောက်အားလုံးကို သက်သေအဖြစ် သိမ်းဆည်းထားရန် သူမကို ပြောရမည်။ထိုမှသာ နောက်ပိုင်းတွင် အိုဖီလီယာက ၎င်းတို့ကို မသောက်မိဘဲ နေလိမ့်မည်။

ဟူး ...

ဆိုဗက်စ်စတာ သက်ပြင်းချပြီး နက်ခ်တိုင်ကို အနည်းငယ် လျှော့လိုက်ရသည်။

ပြီးနောက် ယနေ့ မြို့စားမင်းကြီးနှင့်ဇနီးတို့အား ပြောခဲ့သည့်စကားများကို ပြန်တွေးကြည့်မိသည်။

သူမက မကြာခင် မွေးလာတော့မဲ့ ကလေးရဲ့အသက်ကို နုတ်ယူမိလုနီးပါး ဖြစ်နေပြီလေ။

ထိုအခါမှ မြို့စားမင်းကြီးဇနီးမောင်နှံက တုန်လှုပ်သွားကြပြီး အိုဖီလီယာတွင် ကိုယ်ဝန်ရှိနေသလားဟု မေးလာကြသည်။

ဆိုဗက်စ်စတာက မငြင်းခဲ့ပေ။

သူ ထိုသို့ မငြင်းပဲ နေရသည့် အကြောင်းအရင်းမှာ အိုဖီလီယာကို ပြောခဲ့သည့်အတိုင်း ဖလဲရ်၏ပြစ်မှုကို ပိုပြီးကြီးလေးစေရန်အတွက်သာ ဖြစ်လေသည်။

ဖလဲရ် တရားစီရင်ခံရပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသည်အထိ သေချာအောင် လုပ်ရန် ဆိုဗက်စ်စတာက ဆန္ဒရှိခဲ့သည်။ထိုသို့ ပြုလုပ်နိုင်ရန်အလို့ငှာ...

အဲ့ဒီစကားက အလိမ်အညာမဖြစ်ဖို့အတွက် ကိုယ်တို့အနေနဲ့ ဖန်တီးလိုက်လို့ ရနိုင်တယ် မဟုတ်လားကွာ။

မြို့စားမင်းကြီးတို့ရှေ့တွင် ပြောခဲ့သည့်စကားက အလိမ်အညာမဟုတ်ဘဲ အစစ်အမှန်ဖြစ်လာစေရန် သူ့အနေဖြင့် စီစဥ်ဖန်တီးရပေလိမ့်မည်။

မင်း ဒီညတော့ အိပ်လို့ရမယ်လို့ ကိုယ် မထင်ဘူး။

ဆိုဗက်စ်စတာ ဆတ်ခနဲ ထရပ်လိုက်မိသည်။

အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် ညဦးပိုင်းသာ ရှိသေးသည်ကို တွေ့ရ၏။

အိုဖီလီယာ မအိပ်သေးလောက်ပေ။

ဆိုဗက်စ်စတာလည်း ရုံးခန်းထဲမှ ထွက်၍ ခပ်မြန်မြန် လမ်းလျှောက်လာခဲ့သည်။

အိုဖီလီယာကို တွေ့ရန်။

*

"အိုဖီလီယာ"

ဆိုဗက်စ်စတာ တံခါးကို ဖွင့်လိုက်သည်နှင့် အိုဖီလီယာကို တွေ့လိုက်ရသည်။သို့သော်လည်း ...

"မင်း အိပ်သွားပြီလား။"

အိုဖီလီယာက မျက်လုံးများ မှိတ်၍ အိပ်ရာထက်တွင် လဲလျောင်းနေခဲ့သည်။ဟောက်သံတိုးတိုးလေးကိုပင် သူ ကြားနေရသဖြင့် သူမ အမှန်တကယ် အိပ်ပျော်နေခြင်း ဖြစ်လေသည်။

သူမကို မအိပ်ဖို့ သူ သေချာပေါက် ပြောခဲ့တယ်လေ!

မမျှတသလို ခံစားလိုက်ရသော ဆိုဗက်စ်စတာမှာ တမင်တကာ ဆူဆူညံညံဖြစ်အောင် လုပ်ပြီး အိုဖီလီယာ၏ဘေးနားတွင် ထိုင်ချလိုက်သည်။ထိုအခါမှသာ အိုဖီလီယာက အနည်းငယ် လူးလွန့်လာခဲ့သည်။

"အမ်း ..."

အိုဖီလီယာက ဟိုလှည့်သည်လှည့် လုပ်နေပြီး အိပ်နေရာမှ နိုးသွားရသလို အနည်းငယ် မျက်မှောင်ကြုတ်ထား၏။

"မင်း ဘာဖြစ်လို့ အိပ်နေတာလဲ။"

ဆိုဗက်စ်စတာက ထိုသို့ မေးနိုင်မည့်အခွင့်အရေးကို မလွတ်သွားစေခဲ့ပေ။

"ကိုယ့်ကို စောင့်နေဖို့ မင်းကို ပြောခဲ့တယ်လို့ ထင်တယ်နော်။"

အိုဖီလီယာက ညည်းတွားကာ ပြန်ဖြေရင်း ဆိုဗက်စ်စတာဆီသို့ လက်လှမ်းလိုက်သည်။

"နောက်ကျမှ ရောက်လာတာက ... ဘယ်သူလဲ။"

"အရမ်းနောက်မကျသေးပါဘူးကွာ၊ကိုယ် အလုပ်များနေခဲ့လို့။"

ဆိုဗက်စ်စတာက ပြောရင်း အိုဖီလီယာ၏မျက်ဝန်းထဲသို့ ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။

"မင်း အိပ်တော့မလို့လား ...ဟင်။"

သူက အိုဖီလီယာအပေါ်သို့ အုပ်မိုးလိုက်ပြီး သူမ၏လည်တိုင်ရှိရာသို့ မျက်နှာအပ်ထားလိုက်သည်။

အင်း ...

အိုဖီလီယာ၏နှုတ်ခမ်းများကြားမှ တိုးလျလျညည်းသံတစ်ခု ထွက်လာခဲ့၏။

သို့သော် ထို့သို့ ပေါ်ပေါ်ထင်ထင် ထိတွေ့လိုက်သော်လည်း အိုဖီလီယာက နိုးမလာခဲ့ပေ။သူမက မျက်လုံးများကို မှိတ်ထားဆဲသာ ဖြစ်လေသည်။

ဆိုဗက်စ်စတာ၏ပခုံးများ ပြုတ်ကျသွားတော့သည်။

"မင်းက ကိုယ့်ကို တစ်ယောက်တည်းထားပြီး ဘယ်လိုတောင် အိပ်ပျော်သွားရတာလဲကွာ။"

သူ ညည်းညူပြီး ပြောနေမိလေသည်။

အိုဖီလီယာက ရယ်လိုက်ပြီး ဆိုဗက်စ်စတာ၏လည်ပင်းကို ပွေ့ဖက်လာခဲ့သည်။

"ဒီကို လာခဲ့"

"ကျွန်မ အိပ်ပျော်နေပြီးသား ဖြစ်နေပြီလေ။"

"ဒီတော့ ဘေးနားမှာ နေပေးလေနော်။"

အတော်လေး တညည်းညည်း တညူညူဖြစ်နေသော လေသံပင်။

အိုဖီလီယာက အလွန်ချစ်စရာကောင်းသည်ဟု ဆိုဗက်စ်စတာ တွေ့သွားရသည်။

သူက အိုဖီလီယာ၏ဘေးနားတွင် လှဲလျောင်းရင်း သူ့လက်မောင်းကို အိုဖီလီယာ၏ခေါင်းအောက်သို့ ထည့်၍ ခေါင်းအုံးစေလိုက်သည်။

အိုဖီလီယာက ဟိုလှိမ့်သည်လှိမ့် လုပ်နေပြီးမှ ဆိုဗက်စ်စတာ၏ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။

"ကျွန်မ ... ဘာပါလိမ့် ...မှော်အစီအရင်စက်ဝန်းကို သေချာပေါက် ရှာပေးမယ်နော်။"

ထို့နောက် သူမက ဗလုံးဗထွေးဖြင့် ပြောနေခဲ့သည်။

"ကျွန်မတို့ဘာသာ လွတ်လွတ်လပ်လပ်နဲ့ နေသွားကြရအောင်။"

ဆိုဗက်စ်စတာက တအံ့တဩဖြင့် အိုဖီလီယာကို ငုံ့ကြည့်လိုက်သည်။

သို့သော် ယခုမှသာ အိုဖီလီယာက လုံးလုံးလျားလျား အိပ်ပျော်သွားပုံရသည်။

ဆိုဗက်စ်စတာ ခပ်တိုးတိုး ရယ်လိုက်တော့သည်။

"အင်းပါကွာ"

သူက ဆံပင်များဖြင့် ရှုပ်ပွနေသော အိုဖီလီယာ၏နဖူးထက်သို့ ညင်သာစွာ အနမ်းပေးလိုက်သည်။

"မင်းတစ်ယောက်ကိုပဲ ကိုယ် ယုံကြည်မယ်။"

သို့သော် သူ သည်အတိုင်း မနေနိုင်ပါ။သူ့ဘက်က ဖြည်းဖြည်းချင်း လှုပ်ရှားရမည့် အချိန်တစ်ခုသို့ ရောက်ရှိလာခဲ့လေပြီ။

ကယ်လီယန်

သူ့ကို သွားတွေ့ဖို့ လိုပြီ။


TK Team (Chapter 122)
++++++++