Chapter 1
Viewers 360

📽️Chapter 1

အခြေအနေ : နှစ်နှစ်အကြာ



'ပန်းတစ်ပွင့်လိုပွင့်လန်းနေမယ်' ဟူသည်က ရိုက်ကူးရေးပရိုဂရမ်တစ်ခုဖြစ်သည်။


၎င်းမှာ စကားပြောရှိုးပရိုဂရမ်ဖြစ်ပြီး ပရိုဂရမ်အဖွဲ့မှ အမျိုးမျိုးသော အနုပညာရှင်များနှင့် ဧည့်သည်များကို ပါဝင်ရန်ဖိတ်ခေါ်ကာ မေးခွန်းများမေး၍ အပြန်အလှန်စကားပြောဆိုကြသည်။


ထိုပရိုဂရမ်ထုတ်လွှင့်မှုတွင် ပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ မပြမီ ဦးစွာကြိုတင်၍ တိုက်ရိုက်ထုတ်လွှင့်ပေးခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးမှာမူ ရိုက်ကူးပြီးနောက် တရားဝင်ပလက်ဖောင်းပေါ်၌ ပြသခြင်းဖြစ်သည်။


အစပိုင်းတွင် ပရိုဂရမ်မှ ပရိသတ်များအကြား မွှေနှောက်မှုများကြောင့် ရှိုးကိုတိုက်ရိုက်ပြသခဲ့ရသည်။


ပရိသတ်များမှာ ပရိုဂရမ်အဖွဲ့၏ အဖြတ်အတောက်မှာ မလိုတမျိုး လိုတမျိုးဖြစ်သည်ဟု ယုံကြည်နေကြသည်။ ထို့အတွက်ကြောင့် ပရိုဂရမ်အဖွဲ့မှ ရိုးရှင်းစွာပင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ထပ်ပေါင်းထည့်လိုက်ပြီး ဤနည်းဖြင့် ကြည့်ရှုသူများမှ ရိုက်ကူးရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ပို၍ရှင်းရှင်းလင်းလင်းမြင်နိုင်ကြမည်ဖြစ်သည်။


ယခုအချိန်တွင်လည်း ထိုကြမ်းတမ်းသောရှိုးမှ နောက်ဆုံးအကြိမ်တိုက်ပွဲ၏ အဓိကဇာတ်ကောင်နှစ်ဦးကို ရှိုးရိုက်ကူးရေးတွင်ပါဝင်ရန် ထပ်မံဖိတ်ခေါ်ခဲ့ပြန်သည်။


ဤသည်မှာ ကြည့်ရှုသူများစေရန်အတွက် ကြီးမားသောထွင်လုံးကြီးဖြစ်သည်မှာ သံသယဝင်ဖွယ်မရှိပေ။


ယခုလေးတင်မှ စတင်သည်ဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ကျော်ကြားမှုမှာ အံ့ဖွယ်ကောင်းလှသည်။ ၎င်းမှာ ကျော်ကြားမှုအမြင့်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုဖြစ်လာကာ ပထမအဆင့်တင်ဆက်သူများနှင့် အခြားသောအနုပညာရှင်များ၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုပင် အမှန်တကယ် ကျော်တက်သွားပြီး အကျိုးအမြတ်များ ယူလာပေးခဲ့သည်။


မန့်များမှာ အလွန်ထူထပ်စွာ ကျနေသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ရပ်ပင်ရပ်နေရကာ အချိန်နှင့်အမျှ ရပ်တန့်နေသောမျက်နှာပြင်ကို မည်သို့တိုးတက်စေရန် လုပ်ရမည့်အကြောင်း တီးတိုးပြောသံများကို ဝန်ထမ်းများကြားနိုင်ကြသည်။


ထိုအချိန်၌ ဧည့်သည်တော်များ နေရာမယူကြရသေးသော်လည်း ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် စာများဝင်ရေးနေကြသည်။


[ ဦးလေး ဦးလေး မင်းရဲ့အကြီးဆုံးတူမလေး ရောက်လာပါပြီ…]


[ ရှူရှူဟီးဟီး… ရှူရှူ ဟီးဟီးဟီး…]


[ ရန်ရှူရဲ့ဖန်တွေက အရမ်းသနားဖို့ကောင်းတာပဲ…သာမန်မဟုတ်တဲ့ ဂေါက်ကြောင်တွေလားမသိ… ငါတော့ တကယ်ကြီးကို အန်ချင်လာပြီ…]


[ ချကြဟေ့ ချကြ…]


[ တော်ပြီ တော်ပြီ ရန်ရှူကဘယ်မှာလဲ… အငြင်းပွားစရာတွေကတော့ ပေါ်လာမှာပဲ…]


[ ငါတို့ရဲ့ဦးလေးက ဘယ်တုန်းကမှ စစ်ပွဲကိုဦးမဆောင်ပါဘူးနော်… သူကိုယ်တိုင်ကိုက စစ်ပွဲဖြစ်နေတာ…]


ရန်ရှူက ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ထိပ်တန်းအဆင့်အနုပညာရှင်တစ်ယောက်ဖြစ်သည်။


သူ၏ပရိသတ်များမှာ သူ့ကိုအမြဲလိုဦးလေးဟု ခေါ်တတ်ကြပြီး ဤသည်မှာ သူက ဦးလေးတစ်ယောက်ဖြစ်သောကြောင့်မဟုတ်ဘဲ သံတူကြောင်းကွဲနာမည်ပြောင်ဖြစ်သည့် ရှူရှူဆိုသည့် အမည်ကြောင့်သာဖြစ်သည်။


ရန်ရှူ၏ဖန်အဖွဲ့နာမည်သည်ပင် ဖျော်ဖြေရေးနယ်ပယ်ထဲတွင် အထူးခြားဆုံးဖြစ်သည့် အကြီးဆုံးတူမ ဟူသည့်အမည်ဖြစ်နေခဲ့သည်။


ထိုအချိန် ရန်ရှူက ရိုက်ကူးရေးစင်မြင့်ပေါ်တွင် ထွက်ပေါ်လာသည်။


ကွန်းမန့်နေရာများမှာ တခဏအတွင်းပင် အသက်ဝင်လာခဲ့သည်။


[ ဘယ်လိုပဲနေနေ ငါကတော့ ရန်ရှူကိုမကြိုက်နိုင်ဘူး…ဒါပေမယ့်လည်း သူက တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ လူတွေထဲက တစ်ယောက်ဖြစ်နေတုန်းပဲ…]


[ တစ်ချက်ထဲပွဲသိမ်း…ရန်ရှူနိုင်သွားပြီ…]


[ ရန်ရှူက နေရာတိုင်းလိုလိုကို အပြစ်လိုက်ပြောနေတာ…ဒါပေမယ့် သူ့ရဲ့မျက်နှာကတော့ လူတွေကို သူ့ဇုန်ထဲရောက်နေရင်တောင် အပြစ်မတင်နိုင်လောက်မဲ့ မျက်နှာမျိုးဟ…]


ရိုက်ကူးရေးအဖွဲ့၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ အမြဲလိုပင် အလှအပ filter များမပါဘဲ ရည်းစားဟောင်းစတိုင် ရိုက်ကူးခြင်းနည်းစနစ်မျိုးဖြစ်သည်။


ပါဝင်သူဧည့်သည်တော်များမှာ ရှိုးကိုတရားဝင်ထုတ်လွှင့်ပြသချိန်၌ ပြစ်မျိုးမှဲ့မထင်သော အသားအရည်များရှိနိုင်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာမူ အလွန်အမင်းဖုံးဖိထားသော ဖောင်ဒေးရှင်းများအောက်မှ အဖုများစွာရှိသည့်ပါးပြင်ကို အပြည့်အဝမြင်တွေ့နိုင်ပေမည်။


မည်သို့ပင်ဆိုစေကာမူ ရန်ရှူက ဤကဲ့သို့သေခြင်းတရားသဖွယ် စမ်းသပ်ချက်အောက်တွင် ရပ်တည်နိုင်နေဆဲဖြစ်သည်။


သူ၏ခန္ဓာကိုယ်မှာ ပိန်ပါးပြီး အမွှေးပွပွ သစ်အယ်သီးရောင် ဆံပင်တိုတိုများရှိသည်။ ဆံပင်အဖျားနားလေးများမှာ အနည်းငယ်ကောက်လိမ်နေကာ သူ၏ ရန်လိုတတ်သောစိတ်ထားကို အားလျော့သွားစေနိုင်မည့် ပျင်းရိနေသယောင် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။


ရန်ရှူမှာ သေးငယ်သောစံချိန်မီမျက်နှာနှင့် ထင်ရှားသောမျက်နှာအစိတ်အပိုင်းများ ရှိသူဖြစ်သည်။ အဆိုပါမျက်နှာသွင်ပြင်ပုံသဏ္ဍာန်မှာ သူ့အား ကင်မရာအောက်တွင် ထင်းထွက်နေစေပြီး အဖွဲ့လိုက်ဓာတ်ပုံရိုက်ကူးရမည်ဆိုပါက သစ်ခွချုံထဲတွင် တစ်ပွင့်ထဲထွန်းလင်းနေသော နှင်းဆီပန်းအနီရဲရဲတစ်ပွင့်ကဲ့သို့ သိသာထင်ရှားလှသည်။


သူတို့အားလုံးမှာ လှပကြသည့်တိုင် ရန်ရှူမှာမူ ပို၍ပင် ဆွဲဆောင်မှုရှိကာ လူအများ၏မျက်လုံးကို တခဏအတွင်း ဖမ်းစားသွားနိုင်သည်။ 


သူ က ယနေ့တွင် ရိုးရှင်းသော အပြာနုရောင်ရှပ်တစ်ထည်ကို နူးညံ့သော ငွေရောင်လက်ကြက်သီးများဖြင့် တွဲဝတ်ထားသည်။ အင်္ကျီကို အနက်ရောင်ဘောင်းဘီရှည်ထဲတွင် သပ်သပ်ရပ်ရပ်ထည့်ကာ ခါးအနောက်ဘက်တွင် ချိတ်ဆွဲထားရသည့် မိုက်ခရိုဖုန်းမှ ရန်ရှူအား ခါးပိုသေးသွားသယောင်ဖြစ်စေပြီး ပုခုံးများပိုကျယ်သွားစေသည်။


ဝတ်ဆင်ထားသည့် အဝတ်အစားများ ပို၍ရိုးရှင်းလေလေ သူ၏မျက်နှာနှင့်ကိုယ်ဟန်အတွက် အာရုံပိုစိုက်ခံရလေလေဖြစ်ပြီး သူ့အတွက်အကျိုးအမြတ်များ ပို၍များလာရသည်။


မီးရောင်များအောက်တွင် ရန်ရှူမှာ ကောလိပ်ကျောင်းသားငယ်လေးတစ်ယောက်သဖွယ် ငယ်ရွယ်လန်းဆန်းမှုမျိုးကို ပေးစွမ်းနေပြီး ထိုမီးရောင်များသည်ပင် သူ့ကြောင့် ပိုမိုနူးညံ့ကာ နှစ်လိုဖွယ်ကောင်းလာခဲ့သည်။


ထိုအချိန်၌ စုတျန့်တျန့်မှာမူ အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ထားခဲ့ပြီး သူပေါ်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု စကားပြောခန်းထဲတွင် ပေါက်ကွဲသွားရသည်။


[ အားးးးးးးးးးးးးးးးးးးးးး ]


[ တျန့်တျန့်လေး မင်းဘာလို့များ မကျေနပ်ချက်တွေကို သည်းခံပြီး ရန်ရှူနဲ့နောက်တစ်ခါ တစ်စင်ထဲရပ်နေရတာလဲကွယ်… မားတော့ အရမ်းစိတ်ညစ်တာပဲ… ]


[ အစက်တွေကိုမြင်ပြီးသွားတော့ လူနှစ်ယောက်ကြားက ကွာခြားမှုကိုဖော်ပြဖို့ ပိုပြီးတောင် စိတ်ရှုပ်စရာကောင်းလာသေး‌တယ်… ]


စုတျန့်တျန့် စင်ပေါ်သို့တက်လာပြီးသည်နှင့် နေရာတွင်သွားမထိုင်မီ သူနှင့်ရန်ရှူအကြား မည်သည့်သဘောထားကွဲလွဲမှုမျိုးမှ မရှိပါကြောင်း ပြသသည့်အနေဖြင့် ဦးစွာသွား၍ နှုတ်ဆက်ချင်ခဲ့သည်။


သို့သော်လည်း သူ အနားသို့ကပ်သွားသည်နှင့် ရန်ရှူမှာ နေရာတွင်ထိုင်ချလိုက်ပြီး မိတ်ကပ်ပြန်ပြင်ရန်အတွက် မိတ်ကပ်ပြင်သူကိုခေါ်ကာ သူ့ကိုပိတ်ဆို့ထားလိုက်သည်။


ရန်ရှူက အခုလေးတင်မှ စင်ပေါ်တက်လာတယ်ဆိုတာ အသိသာကြီးလေ မိတ်ကပ်ပြန်ပြင်ဖို့ လိုလို့လား…


စုတျန့်တျန့် နှုတ်ခမ်းတင်းတင်းကိုက်ကာ မကျေနပ်ချက်များကို ဖုံးဖိ၍မြိုချထားလိုက်ရသည်။ အဆုံး၌ ရန်ရှူ၏ဘေးမှ သူ၏နေရာတွင် စနစ်တကျထိုင်ကာ တိတ်တဆိတ်စောင့်‌ဆိုင်းနေလိုက်သည်။


စုတျန့်တျန့်မှာ လူထု၏‌အရှေ့တွင် အမြဲတမ်းလူကောင်းလေးတစ်ယောက်သဖွယ် နေထိုင်ခဲ့သည်။ သူကအသက်အရွယ် ငယ်သေးရုံသာမက သူ၏ကလေးပုံမျက်နှာလေးကြောင့် အမေပရိသတ်များစွာရှိပြီး လက်တလောအကျော်ကြားဆုံး အိုင်ဒေါများထဲမှ တစ်ဦးလည်းဖြစ်သည်။


သူ၏ ကျော်ကြားမှုနှုန်းမှာ အလွန်မြန်ဆန်ပြီး အရင်းအမြစ်များမှာလည်း ကောင်းမွန်သောကြောင့် ထိုနှစ်တွင် သူ ရန်ရှူကိုပင် ဖြတ်ကျော်နိုင်ခဲ့သည်။


ရန်ရှူနှင့် စုတျန့်တျန့်တို့မှာ ကုမ္ပဏီတစ်ခုထဲမှ အနုပညာရှင်များဖြစ်ကြသည်။


ရန်ရှူကို အသက်အရွယ်ကြီး‌မြင့်လာပြီဖြစ်သည့် အိုင်ဒေါတစ်ယောက်ဟု မှတ်ယူနိုင်သည်။ သူက အသက်၁၉နှစ်မှစ၍ ပွဲဦးထွက်ခဲ့ကာ လက်ရှိအချိန်တွင် ၂၇နှစ်ရှိပြီဖြစ်သည်။


ပထမစာချုပ်၏အစောပိုင်းအချိန်များတွင် ရန်ရှူက ကုမ္ပဏီမှ မြင့်မားစွာချီးမြှောက်ခံရသော အိုင်ဒေါတစ်ယောက်ဖြစ်ခဲ့သည်။ သူ၏ပွဲဦးထွက်စအချိန် အထွတ်အထိပ်မှာပင် ထိပ်တန်းအဆင့်သို့ မှော်ဆန်ဆန်အရှိန်နှင့် ရောက်လာစေရန် ခွင့်ပြုပေးခဲ့သည်။


သူ၏မူလပွဲဦးထွက်ခဲ့သည့် ကုမ္ပဏီနှင့် ဒုတိယအကြိမ်မြောက် ပြန်လည်စာချုပ်ချုပ်ဆိုပြီးချိန်တွင်မယ ကုမ္ပဏီမှ သူ၏အောင်မြင်မှုများကို ပြန်လည်ဖန်တီးယူကာ စုတျန့်တျန့်ကို စတင်ပံ့ပိုးပေးလာသည်။


စုတျန့်တျန့်မှာလည်း အမှန်တကယ်ပင် ထူးချွန်ကာ ယခင်အချိန်များမှ ရန်ရှူထက် နောက်ကောက်မကျခဲ့ပေ။


ကံမကောင်းစွာဖြင့် သူတို့နှစ်ဦးမှာ ရသစုံရှိုးတွင် အငြင်းပွားမှုများ ရှိနေခဲ့သည်။


ထိုအတွက်ကြောင့် ပရိသတ်အဖွဲ့နှစ်ခုစလုံးမှာ မနားတမ်းတိုက်ခိုက်နေကြပြီး ကုမ္ပဏီမှဘက်လိုက်သည်ဟူသော ကောလဟာလများနှင့် နှစ်ဦးကြားမှာ ကွဲလွဲမှုများမှ တစတစပြန့်ကားလာရသည်။


အဆိုပါကောလဟာလကို ပြီးဆုံးသွားစေရန်အတွက် ကုမ္ပဏီမှ သူတို့နှစ်ဦးကို အခါခါနားချခဲ့ရကာ နောက်ဆုံးတွင်မှ ယခင်တစ်ကြိမ်တွင် အငြင်းပွားခဲ့သော စတိတ်စင်ပေါ်၌ ထပ်မံ၍ ပြန်လည်ခြေချပါမည်ဟု သဘောတူခဲ့ကြသည်။


စုတျန့်တျန့် ရန်ရှူထံ တိတ်တိတ်ခိုးကြည့်နေမိသည်။ ထိုသူ၏ သုံးဖက်မြင်မျက်နှာသွင်ပြင်ကြောင့် ဖြစ်နိုင်ပေမည် ရန်ရှူ၏မျက်နှာမှာ အတော်အတန် ထိပ်တန်းအဆင့်ဖြစ်နေပြီး စုတျန့်တျန့်သည်ပင် ရန်ရှူမျက်နှာပေါ်တွင် ခဏတာမျှ အကြည့်များငြိတွယ်နေရသည်။


အကြည့်တစ်ချက်သည်ကပင် စုတျန့်တျန့်၏ မကျေနပ်မှုများကို အလျင်အမြန် မြင့်တက်လာစေသည်။


ရန်ရှူထံမှ ရှောင်ဖယ်လိုခြင်းမှာ လွန်စွာပြင်းထန်လှပြီး သူနှင့်လုံးလုံးပင် မပူးပေါင်းပေးချင်သယောင်ရှိသည်။


သောက်ကျိုးနည်း…


ဒီလောက် အိုနေတဲ့အသက်ရောက်နေတာတောင် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဘာမှအံအားသင့်လောက်တဲ့ အလုပ်ဆို တစ်ခုမှမရှိခဲ့တာ… သူက ဒီအတိုင်း လုံးလုံးဒိတ်ကုန်တော့မယ့် အမြန်အစားအစာ အိုင်ဒေါတစ်ယောက်ပါပဲလေ…


အဆုံး၌ ရှိုးကို စတင်ရိုက်ကူးကြလေသည်။


တင်ဆက်သူမှ ရှိုးကိုဖွင့်လှစ်ခဲ့ပြီးနောက် ပရိုဂရမ်၏အစီအစဉ်အတိုင်း စတင်လျှောက်လှမ်းလာလိုက်သည်။ ဤသို့ဖြင့် ပရိုဂရမ်မှာ တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ကူးစပြုနေပြီဖြစ်သည်။


[ ရန်ရှူက အရမ်းဒေါသထွက်ဖို့ကောင်းတာပဲ… တျန့်တျန့်က သူ့ကိုစပြီးစကားပြောဖို့ အကြိမ်ရေနည်းနည်းလောက် ကြိုးစားခဲ့တာကို သူကတော့ ဒီအတိုင်း လျစ်လျူရှုထားခဲ့တယ်…]


[ ရန်ရှူက ဂိမ်းအကြီးကြီးတွေ ကစားတာအတွက် နာမည်ကြီးတယ်လေ… သူ့မျက်နှာကလည်း ချဉ်စုတ်နေပြီး စိတ်ပုတ်မဲ့ပုံ…]


ထိုအချိန်တွင် စုတျန့်တျန့်မှ ပြုံးလျက်ပြောလာသည်။

“ စီနီယာက အမြဲတမ်း ကျွန်တော့်ကို အရမ်းဂရုစိုက်ပြီးတော့ အကြံဉာဏ်ကောင်းတွေ ပေးနေကျပါ…ကျွန်တော်တို့ညစာတောင် အတူသွားစားဖူးသေးတယ်… သူက စားတဲ့အချိန်ကြရင် စကား‌များတဲ့သူတစ်ယောက်ဖြစ်သွား ရေ လေ…”


တင်ဆက်သူမှ ဤအကြောင်းကို အလွန်သိချင်သွားသောကြောင့် မေးလာသည်။

“ ရန်ရှူ တျန့်တျန့်ပြောတာ အမှန်ပဲလား…”


“ အင်း…”

ရန်ရှူက မေးစေ့ကိုထိကိုင်နေခဲ့သည်။

“ တခြားသူတွေထက်စာရင် တကယ်ကြီးကို သူနဲ့မကြာခဏ ဆုံဖြစ်ပါတယ်…”


ဤသည်မှတစ်ပါး အခြားစကားလုံးများ ထပ်ထွက်မလာတော့ချေ။


တစ်ဦးနှင့်တစ်ဦးတွေ့ဆုံနိုင်ရန် အခွင့်အရေးများစွာရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ အဆုံး၌ ကုမ္ပဏီတွင် စုတျန့်တျန့်မှာ အလုပ်မရှိသည့်အခါတိုင်း သူ့ရှေ့တွင်သာ အမြဲလို‌ရစ်ဝဲနေသည်လေ။


[ ရန်ရှူက သူ့မေးကိုထိနေတယ်… ကြည့်ရတာ ဆက်ပြီးထိန်းမထားနိုင်တော့တဲ့ပုံပဲ…]


[ ဒီတစ်ကြိမ်တော့ ရှူရှူ ဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲဆိုတာ လောင်းကြည့်ကြမလားဟေ့… ]


[ ငါတို့ရဲ့စပါးနှံလေးရင့်ကျက်လာတာကို မြင်ရတော့ ရုတ်တရက် နည်းနည်းတော့ စိတ်သက်သာရာရသွားသလိုပဲ… ဒါပေမယ့် ငါတို့တစ်တွေ သူတို့ ချက်ချင်းဆူခဲ့တာမဟုတ်ပါဘူးနော်…]


စုတျန့်တျန့် ထပ်ပြောလာသည်။

“ စီနီယာရန်က လေ့ကျင့်ရေးဆင်းနေတဲ့အချိန်ဆို အမြဲလာစကားပြောပေးပါတယ်…”


ရန်ရှူ ပါးနပ်စွာပြုံးလိုက်ပြီး သူ၏မျက်လုံးများမှာ လခြမ်းကွေးသဖွယ် ကော့တက်သွားကာ ပြောလိုက်သည်။

“ အင်း… အဓိကအချက်ကတော့ နှစ်ယောက်ကြားမှာ ဘာဆက်ဆံရေးမှရှိမနေလို့လေ… wechatလည်း အချင်းချင်းမပေးထားလို့ပေါ့…ဒါပေမယ့် ဖြစ်ချင်တော့ သူတို့လေ့ကျင့်ရေးဆင်းတဲ့အခန်းက ငါနဲ့ဘေးချင်းကပ်ရက်ပဲလေ…သူတို့ရဲ့ ဘလူးတုစပီကာက ငါ့လေ့ကျင့်ရေးအခန်းနဲ့ပါ ချိတ်ထားတာဆိုတော့ ဆူညံပူညံတွေလုပ်ကြတိုင်း သည်းမခံနိုင်တာနဲ့ သူ့ကိုသွားရှာ‌ရတော့တာပါပဲ…”


[ အဓိကအချက် : wechat မရှိပါ…]


[ စု : ငါတို့မှာဆက်ဆံရေးကောင်းရှိပေမယ့် wechatတော့မရှိဘူး… ဒီလိုဆို ရန်ရှူက ငါ့ဆီအလျင်လိုမှ ရောက်လာတာပေါ့…]


[ ရန်ရှူရဲ့စကားတွေက ရိုင်းတယ်လို့ မင်းတို့မထင်ကြဘူးလား…]


[ ရန်ရှူက တကယ်ကြီးရွံစရာကောင်းတာပဲ… တျန့်တျန့်က သူ့ဂျူနီယာဖြစ်နေတာတောင် စင်ပေါ်ကအချိန်တွေကို တစ်ခါပြီးတစ်ခါ တိတ်တိတ်ကလေး လိုက်ဖျက်ပစ်နေတာ…]


[ တျန့်တျန့်က ရန်ရှူကို အရမ်းလေးစားပေမယ့် ဒင်းကတော့ ဒီလိုအပြုအမူမျိုးရှိနေတာ… ငါတော့ တျန့်တျန့်ကိုအရမ်းသနားတာပဲ….]


[ သူတို့ wechat အကောင့်မရှိကြဘူးဆိုတာ ရန်ရှူက အလွယ်တကူပေါင်းသင်းလို့ ရတဲ့သူမဟုတ်နေလို့လေ… ပြီးတော့ သူ့ထက်သာတဲ့ လူသစ်တွေနဲ့လည်း လိုက်လျောညီထွေ မနေပေးနိုင်လို့ပေါ့ ရှင်းနေတာပဲဟာ… ပုံစံအမှန်ကိုပဲ ဖွင့်ချလိုက်ပါတော့ အိုနေတဲ့ရှူရှူရေ…]


[ ဘာလို့ ဖန်တွေက ရန်ရှူကို အမှန်တွေပေးမပြောတာလဲ… သူတို့ သူ့ကို လည်ချောင်းထဲသွားဆို့ထားတာလား…]


[ ဖန်တွေကလည်း သူတို့အိုင်ဒေါလိုပဲ အပျက်ဆန်တယ်….]


အဆုံး၌ တင်ဆက်သူမှာ နောက်ဆုံးတစ်ကြိမ်ဖြစ်ခဲ့သည့် သဘောထားကွဲလွဲမှုအကြောင်းကို ဆွဲထုတ်လာခဲ့သည်။

“ အရင်တစ်ခါ မင်းတို့နှစ်ယောက် ရှိုးမှာရှိတုန်းက ပြဿနာဖြစ်ခဲ့တယ်ဆိုတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုပြောစရာများရှိသေးလား…”


စုတျန့်တျန့် ချက်ချင်းပင်ရှင်းပြလိုက်မိသည်။

“ သေချာပေါက် အတုကြီးပေါ့…ကျွန်တော့်တို့မှာ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိပြီး စကားများလေ့မရှိပါဘူး..”


ရန်ရှူ သူ့ထံသာကြည့်နေကာ တစ်ခွန်းမှပြောမလာပေ။


တိတ်ဆိတ်နေခြင်းကြောင့် စုတျန့်တျန့်က စိတ်သက်သာရာရသွားသည့် လေပူတစ်ချက် မှုတ်ထုတ်လိုက်စေသည်။ ဖြစ်နိုင်သည်မှာ ဤတစ်ကြိမ်တွင်တော့ သူအဆင်ပြေနိုင်မည့်ပုံပင်။


တင်ဆက်သူမှ ဆက်မေးလာသည်။

“ မင်းတို့နှစ်ယောက် ရှိုးအတွက် ပြင်ဆင်လာခဲ့ကြသေးလား…”


ရန်ရှူမှ ဦးဆုံးပြန်ဖြေလာခဲ့သည်။

 â€œ ငါကတော့ ဘာမှကြိုမပြင်လာပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် လက်တန်းကစားရတာပဲ ကြိုက်တယ်လေ…တစ်ခုခုမှားသွားခဲ့ရင် အဲ့ဒီဟာအတွက် ရိုက်ချက်ကိုဖာ‌ထေးနိုင်ဖို့ ပြန်လုပ်နေရတာက အချိန်အများကြီးကုန်တယ်လေ… ငါတော့မလုပ်နိုင်ဘူး…”


စုတျန့်တျန့် : “.....”


နောက်ဆုံးတစ်ကြိမ် သဘောထားကွဲလွဲမှုမှာ အစပိုင်းတွင် အလွန်ရိုးရှင်းခဲ့သည်။


ရန်ရှူ၏နှုတ်ရေးမှာ ထိပ်တန်းအဆင့်ဖြစ်ပြီး အကျိုးမရှိသည့်အရာမျိုးတွင် မည်သည့်အခါမှ သူ့ကိုယ်သူနှစ်မြုပ်ထားမည်မဟုတ်ပေ။


ယခင်တစ်ကြိမ် ရှိူးရိုက်ကူးစဉ်အခါက ရန်ရှူနှင့် စုတျန့်တျန့်တို့ သဘောထားခြင်းမတိုက်ဆိုင်ခဲ့ကြချေ။ စကားအနည်းငယ်ဖလှယ်ပြီးနောက် နှစ်ဦးစလုံးမှ ဤအတိုင်း အာစေးမိနေကြသည်။


စုတျန့်တျန့် မိနစ်နှစ်ဆယ်ကျော် စိတ်တိုခဲ့ရကြောင်း မည်သူမှ မသိနိုင်ပေ။ အဆုံး၌ ရန်ရှူ၏အမြင်ကို မည်သို့ ချေပရမည်ဆိုသည်ကို သူသိသွားခဲ့ပြီးနောက် ယခင်စကား‌ဝိုင်းခေါင်းစဉ်ထံသို့ ပြန်သွားနိုင်ခဲ့သည်။


ရန်ရှူမှာ ဆက်လက်မချေပတော့သော်လည်း ကျေနပ်နေသည့်ပုံပင်။ “ ငါမင်းရဲ့ မိနစ်နှစ်ဆယ်ကျော် ကြိုးစားမှုကို မြင်နိုင်ပါတယ်လေ…” ဟုပြောခဲ့သည်။


သူက ပို၍ စိတ်တိုစရာကောင်းသည့် အပြုံးတစ်ခုကိုပင် ချိတ်ဆွဲထားခဲ့သေးသည်။


ထိုအပိုင်းတိုလေးအကြောင်း လူများစွာ သတိမထားမိခဲ့ကြသည်မှာ ဖြစ်နိုင်သော်လည်း တရားဝင်ပြသပြီးသည်နှင့် ၎င်းမှာ ရေပန်းစားသော ခေါင်းစဉ်ဖြစ်လာခဲ့သည်။


အချို့သောလူများမှ စုတျန့်တျန့်၏ပုန်ကန်မှုနှင့် သေးငယ်သော ခြယ်လှယ်လိုသည့်ပုံစံအပေါ် လှောင်ပြောင်နေကြသည်။ ပိတ်ဆို့ခံခဲ့ရပြီးနောက် စုတျန့်တျန့်မှာ သူ၏လေးစားမှုကို အတင်းအကြပ်ပြသခဲ့ရပေသည်။


စုတျန့်တျန့်၏ဖန်များမှာမူ ဤသို့ပြောလာကြသည်။

ဒါက ပရိုဂရမ်အဖွဲ့ရဲ့ အဆိပ်ပြင်းတဲ့တည်းဖြတ်မှုပဲ… သူတို့က တမင်တကာကို စုတျန့်တျန့်ငြင်းနေတာကို အနောက်ပို့ပြီး တည်းဖြတ်ခဲ့တာ ပြီးတော့ တမင်သက်သက်ကို စုတျန့်တျန့်အတွက် နာမည်ပျက်စေခဲ့တယ်…


စစ်ပွဲမြေပြင်မှာ တဖြည်းဖြည်းနှင့် ရန်ရှူ၏ဖန်များထံ ပျံ့နှံ့သွားခဲ့သည်။


အကြီးဆုံးတူမ(ရန်ရှု၏ပရိသတ်)များမှာ အစပိုင်းတွင် ဂရုမစိုက်ခဲ့ကြသော်လည်း စုတျန့်တျန့်၏ဖန်များမှာ အမှန်တကယ် ရန်ရှူအား နာမည်ဖျက်ရန် ရေပန်းစားခေါင်းစီးဝယ်ယူခဲ့ပြီး အာရုံစိုက်မှုဖြစ်လာစေသည်။


သူတို့မှာ ကုမ္ပဏီတစ်ခုတည်းကပင် ဖြစ်သောကြောင့် ရန်ရှူမှာ လွန်ခဲ့အချိန်များကတည်းက ဤကိစ္စများကို ကြုံတွေ့ခဲ့ရပြီးပြီဖြစ်သည်။ ဤသည်မှာ တူညီသောကုမ္ပဏီအဖွဲ့၏ ကိုင်တွယ်မှုပုံစံဖြစ်ကြောင်း သူသိနေခဲ့သည်။


ရေပန်းစားသည့် အကောင့်များမှာ သူတို့၏သဘာဝကို မည်သို့ပြောင်းလဲရမည်အား မသိနေကြသည့်တိုင် ထိုသူများမှာ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရန်ရှူကိုကာကွယ်ပေးခဲ့ကြသူများဖြစ်သည်။ သို့သော်လည်း ယခုအချိန်၌ သူတို့အားလုံး ရန်ရှူအား နောက်ကျောပေးထားကြသည်ဖြစ်ရာ သူအနေနှင့် ရှာတွေ့ရန်မခက်ခဲပေ။


ရန်ရှူက ရည်ရွယ်ချက်ရှိရှိနှင့် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကို မေးမြန်းခဲ့ပြီး ထိုသူမှာလည်း အလွန်အရှက်ရနေရသည်။ အချိန်အတော်ကြာပြီးနောက် ဤသည်မှာ စုတျန့်တျန့်လိုချင်သည့်အရာဖြစ်ကြောင်း ထိုသူမှအရိပ်အမြွက်ပေးလာခဲ့လေသည်။



📽️