Chapter 23
Viewers 1k

📽️Chapter 23

အခြေအနေ : လုံးထွေးရစ်နှောင်ခြင်း



ရန်ရှူ အိပ်ရာပေါ်မှ မျက်လုံးဖွင့်ကာ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ 


ဤနေရာမှာ သူ့အိမ်လည်း မဟုတ်သလို ဆွေ့ဟို့ယွီ၏ အိမ်လည်း မဟုတ်သည်မှာ သေချာ၏။ ခပ်မြန်မြန် ကြည့်လိုက်ပြီးနောက် ယင်းက စန့်ရှန်း ဝယ်ထားသည့် တိုက်ခန်းကျယ်ကြီး ဖြစ်ပုံရလေသည်။ လှည့်လိုက်သောအခါ အရေပြားထက်မှ စောင်၏ အထိအတွေ့ကို ခံစားလိုက်ရသည်။ ရန်ရှူမှာ သူ့ကိုယ်ပေါ်၌ အဝတ်များ ဝတ်ဆင်ထားခြင်းမရှိဟု သိလိုက်ရသဖြင့် ချက်ချင်း စောင်လှန်ကြည့်လိုက်လေသည်။ 


အမှန်ပင် ကိုယ်တုံးလုံး ဖြစ်နေကြောင်း အတည်ပြုပြီးသွားသောအခါ ချက်ချင်း ထရပ်ကာ ရှာဖွေလိုက်သော်လည်း အခန်းထဲတွင် စန့်ရှန်းက ရှိမနေခဲ့ပေ။ 


နိုးလာပြီးနောက် စန့်ရှန်းအား ဆူပူနိုင်တော့မည်ဟု သိလိုက်ရသဖြင့် ချက်ချင်းပင် ယမန်နေ့က ဖြစ်ခဲ့သောကိစ္စများကြောင့် စိတ်ရွှင်လန်းသွားရသည်။ 


အိပ်ရာပေါ်မှ ထကာ စန့်ရှန်းအား သွားရှာလိုပါသော်လည်း ကိုယ်တုံးလုံးနှင့် ပြေးသွားရန် မသင့်တော်ဟု ခံစားလိုက်ရသည်။ 


သို့သော်ငြားလည်း သူ့အဝတ်များကို ရှာမတွေ့နိုင်ဖြစ်နေသည်။ 


ထို့နောက် စန့်ရှန်း၏ လူတစ်ရပ်စာမြင့်သော အဝတ်ဗီရိုကြီးထံ ခြေဗလာဖြင့် သွားကာ အဝတ်ရွေးရန် အကန့်ကို ဖွင့်လိုက်သည်။  


စန့်ရှန်းနှင့် သူ့ခန္ဓာကိုယ်အရွယ်အစားအကြား ကွာခြားချက်ကြီးကြီး ရှိနေသည်။ 


ထို့ကြောင့် စန့်ရှန်း၏ အဝတ်များကို ဝတ်လိုက်သောအခါ အတော်လေး ပွယောင်းယောင်းဖြစ်နေပုံ ပေါ်ပေလိမ့်မည်။ အချိန်အတော်ကြာ ရွေးချယ်ပြီးမှ ဆွယ်တာတစ်ထည် ယူဝတ်လိုက်၏။ 


ဆွယ်တာဝတ်ပြီးနောက် မှန်ရှေ့သို့ သွားကြည့်လိုက်ရာ အဝတ်များက ပေါင်းရင်းအထိဖုံးနေသည်ကို တွေ့လိုက်ရသဖြင့် သူ့ကိုယ်သူ သံသယပင် ဝင်သွားရလေသည်။ 

178စင်တီမီတာက တကယ် ပုနေပြီလား... 


အဝတ်များ ရှာတွေ့ပြီးနောက် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ရေချိုးခန်းထဲသို့ သွားကာ ဆေးကြောပြီးနောက် ဆံပင်ပြင်လိုက်သည်။ 


တစ်ကိုယ်လုံး ချောမောခန့်ညားနေသည်ကို အတည်ပြုပြီးမှ တံခါးကို တွန်းဖွင့်ကာ အော်လိုက်သည်။

"စန့်ရှန်း...ထွက်ခဲ့စမ်း…" 


စိတ်ဆိုးမာန်ဆိုး အော်လိုက်ခြင်း ဖြစ်ပေသည်။ 


အော်ပြီးနောက် ပြန်ဖြေသံ မကြားရသဖြင့် တစ်အိမ်လုံး ပတ်ရှာပြီးမှ စန့်ရှန်းတစ်ယောက် ခွေးအခန်းထဲ ရောက်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ 


စန့်ရှန်းမှာ ခွေးမွေးထားခြင်းက လူအများကို အနှောင့်အယှက် ဖြစ်စေမည် စိုးသဖြင့် အသံလုံစနစ် ထည့်သွင်းထားခဲ့သည်။ ဤအခန်း၏ အသံလုံစနစ်က ကောင်းလွန်းလှသဖြင့် စန့်ရှန်းတစ်ယောက် ရန်ရှူ၏ အော်ခေါ်သံကို မကြားလိုက်ရခြင်းပင်။ 


ရန်ရှူ ဝင်လာသောအခါ  စန့်ရှန်း၏ မျက်လုံးများက ရန်ရှူ၏ ဖြူဖွေးလှပသော ခြေတံရှည်များထံ ရောက်ရှိသွားလေသည်။ ထို့နောက် အလျင်အမြန် အကြည့်လွှဲလိုက်ရသည်။ 


ခွေးသုံးကောင်က ရန်ရှူကို ခုန်အုပ်ချင်နေကြသော်လည်း စန့်ရှန်းက ဝင်တားလိုက်ရသည်။

"ထိုင်…" 


ခွေးသုံးကောင်မှာ တစ်ချိန်တည်းလိုလိုပင် နာနာခံခံဖြင့် ထိုင်ချလိုက်ကြသည်။ 


ရန်ရှူက ခြေထောက်များ ပေါ်နေသဖြင့် ခုန်အုပ်ခံလိုက်ရပါက ခွေးခြေသည်းများဖြင့် ကုတ်ခြစ်ခံလိုက်ရပေမည်။ 


“မင်း ဒီတစ်ခါတော့ သေချာပေါက် မျိုးမစစ်ကောင်ပဲ... ငါ့ကို အဝတ်လေးတောင် ဝတ်ပေးမထားဘူး…"

ရန်ရှူ ပြောလိုက်ပြီးနောက် စန့်ရှန်းထံ လျှောက်လာကာ စန့်ရှန်း၏ ဆံပင်ကိုဆွဲရန် လက်လှမ်းလိုက်သော်လည်း စန့်ရှန်းက ရှောင်လိုက်သည်။ 


စန့်ရှန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်သည်။ 

"မင်းရဲ့ သွားရည်ကျနေတဲ့ ဒိုးနတ်လေးက နာနေလို့လား…" 


ရန်ရှူ ရွံရှာဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ 

"ဘယ်လောက်တောင် ရွံစရာကောင်းတဲ့ အသုံးအနှုန်းကြီးလဲ…" 


"ကိုယ်တို့ လမ်းမခွဲခင်တုန်းက မင်းကိုယ်တိုင် ပြောခဲ့တာပဲလေ…" 


ရန်ရှူက သူ့ခါးကို လက်နှစ်ဖက်ဖြင့် ညှစ်ကြည့်လိုက်ရာ အမှန်ပင် မနာသည့်ပုံ ရလေသည်။ 


သူဝတ်ထားသည့် ဆွယ်တာကို ဆွဲချကြည့်လိုက်သည့်အခါတွင်လည်း ခန္ဓာကိုယ်ထက်၌ မည်သည့်အရိပ်အယောင်ကိုမှ မတွေရပေ။ 


ထို့ကြောင့် သူ ထပ်မေးလိုက်သည်။

"စန့်ရှန်း... မင်း ပန်းသေသွားတာလား... ယောကျ်ားရော ဟုတ်သေးရဲ့လား…" 


“…”

စန့်ရှန်း ပြန်မဖြေပေ။ 


ရန်ရှူသည်လည်း ထိုမေးခွန်းက အတော်လေး မဆီလျော်ကြောင်း နားလည်သွားသဖြင့် အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီးနောက် ထက်မေးလိုက်သည်။

"ငါ့အဝတ်အစားတွေကရော…" 


"ကိုယ်ချွတ်ပြီး လျှော်ထားတာ…" 


"အိုး... ငါဆွဲချွတ်ထားတာလား…" 


"အန်ထားတာ…" 


“ဗိုက်နာနေသေးတာက..." 


"မင်းက ကိုယ့်ကို လိုချင်နေတာလေ... ဒါပေမယ့် ရိုက်ကွင်းကို ပြန်သွားရမှာဆိုတော့ လက်ပဲ သုံးလိုက်တာ…" 


ရန်ရှူ တစ်ခဏမျှ တွေးလိုက်ပြီးနောက် စန့်ရှန်းထံ ပြေးသွားလေသည်။

"ဒါဆိုလည်း မင်းက မျိုးမစစ်ကောင် ဖြစ်နေတုန်းပဲ…" 


စန့်ရှန်းက အခြေအနေကို အခွင့်ကောင်းယူကာ ရန်ရှူကို ပေါင်ပေါ်သို့ ဆွဲချလိုက်ပြီးနောက် ထရပ်လိုက်ကာ ရန်ရှူကို ငုံ့နမ်းလိုက်သည်။


ရန်ရှူက စန့်ရှန်း၏နှုတ်ခမ်းကို လက်နှစ်ဖက်လုံးဖြင့် ကာလိုက်ပြီး ကျိန်ဆဲလိုက်သည်။

"ငါတို့ ပြတ်ပြီးသွားပြီလေ... မသိဘူးလား... ကပြက်ကချော် အမူအကျင့်တွေ သတိထားစမ်း…" 


“ကိုယ် နောက်လာမဲ့ ရက်သတ္တပတ်နည်းနည်းလောက်တော့ အရမ်း အလုပ်များနေမှာ... ရိုက်ကွင်းကို လာလည်ဖို့ အချိန်မရှိဘူး…"

စန့်ရှန်းက ရန်ရှူလက်ထဲမှ ဖုန်းကိုဆွဲယူ၍ ပြောလိုက်သည်။ 


"ဆိုတော့…" 


"မင်းမှာ ပြင်ဆင်ဖို့ အချိန်နှစ်နာရီ ရှိသေးတယ်... ရိုက်ကွင်းကို ပြန်သွားရတော့မှာလေ…" 


"အို့..."

ရန်ရှူ၏ မျက်လုံးများထဲ၌ ရှုပ်ထွေးသွားလေသည်။ 


"မင်း ပြီးသွားရင် ကိုယ်လာကြိုပေးမယ်... ပြီးရင် ကိုယ်နဲ့ ရက်နည်းနည်းလောက် နေပေးရမယ်…" 


ရန်ရှူ၏လည်စေ့ အနည်းငယ် လှုပ်ရှားသွားလေသည်။ သူက စန့်ရှန်း၏ ပုခုံးကို လက်နှစ်ဖက်လုံးဖြင့် ခိုတွဲကာ မျက်စောင်းထိုးလိုက်သည်။

"ဘာလို့ ငါက နေပေးရမှာလဲ…" 


"ကိုယ် ယောကျ်ားစစ်မှန်း သက်သေပြဖို့လေ…" 


ရန်ရှူ၏ နှလုံးသား ယိမ်းခါသွားသည်။ စန့်ရှန်းသည်လည်း ပြောပြီးသွားသောအခါ သူမည်သို့ ဖြစ်သွားမည်မှန်း ခန့်မှန်းမိနေပြီးသည့်အလား သူ့အဝတ်များထက်မှ ထိန်းကိုင်ပေးထားသည့် လက်သည်လည်း တင်းကြပ်သွားလေသည်။ 


စိတ်လှုပ်ရှားနေတာပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား... 


သို့သော်ငြား အလျင်အမြန် စိတ်ငြိမ်သွားအောင် လုပ်လိုက်ပြီးနောက် အဓိကအချက်ကို အလေးပေး ပြောကြားလိုက်သည်။ 


"ငါတို့အခုထိ ပြန်မတွဲရသေးဘူးလေ…" 

ရန်ရှူအသံလေးက အားနည်းသွားလေသည်။ 


"အစ်ကိုလျို့နဲ့ မင်းရဲ့ မိတ်ကပ်ဆရာ နာရီဝက်အတွင်း ရောက်လိမ့်မယ်... သူတို့ ရောက်လာမှ မင်းကို နှိုးမယ်လို့ စဥ်းစားနေတာ... ကိုယ့်ဘာသာ ထလာမယ် မထင်ထားဘူး…" 


ရန်ရှူ လန့်သွားသည်။

"သူတို့ သိပ်မကြာခင် ရောက်လာကြတော့မှာလား…" 


"အင်း... မင်းကို ပြင်ဆင်ပေးဖို့ လိုသေးတယ်လေ…" 


"သြော်..." 


"ဒီနာရီဝက်အတွင်း ကိုယ်မင်းကို တစ်ခါလောက်တော့ ကူညီပေးနိုင်တယ်…" 


ရန်ရှူ ချက်ချင်း ပြန်မဖြေလိုက်ပေ။ သူ့စိတ်ထားအရ ငြင်းဆန်သင့်ပါသော်လည်း ထိုအခိုက်လေးတွင် တွေဝေနေမိသည်။ 


စန့်ရှန်းက သူ့အကြောင်း ကောင်းကောင်းသိနေသည်။ တိတ်ဆိတ်နေခြင်းက အဖြေတစ်ခုပင်။ ထို့ကြောင့် သူ့အနားသို့ တဖြည်းဖြည်းတိုး၍ နမ်းလိုက်သည်။ 


ခပ်ဖွဖွ အထိအတွေ့မှ ပြင်းပြသော အနမ်းများဆီသို့... 


နေရောင်က ကြမ်းပြင်မှ မျက်မှာကျက်အထိ မြင့်သော ပြတင်းပေါက်ကြီးကို ဖြတ်၍ ကြမ်းပြင်နှင့် ဆိုဖာပေါ် ဖြာကျလာပြီး သူတို့နှစ်ဦးသားအပေါ် ကျရောက်လာခဲ့သည်။ လူနှစ်ဦး၏ပါးပြင်နှင့် ဆံပင်ထိပ်များတွင် တူညီသော အလင်းရောင်တစ်ခုအဖြစ် လက်လက်တောက်လာသည်။ နေရောင်က ပြင်းထန်လွန်း၍ ဖြစ်မည်။ ရန်ရှူ၏ မျက်တောင်များ စင်းကျသွားလေသည်။ ရုန်းကန်နေရာမှ ညံ့သက်သွားသည်အထိ တစ်ခဏသာ ကြာလိုက်သည်ဟု ထင်ရသည်။ 


သူက စန့်ရှန်၏ ပုခုံးထက်မှ အဝတ်များကို တင်းတင်းဆွဲထားသည်။ လက်တစ်ဖက်သည်သာ နောက်ဆုံးသော ခေါင်းမာမှုလေးဟု ထင်ရပေသည်။ 


အရက်မူးပြီးနောက် အစောပိုင်းက အကြောင်းများကို မေ့သွားသော ရန်ရှူ၏ နှလုံးသားထဲတွင် ဤသည်က နှစ်နှစ်တာ ခွဲခွာရပြီးနောက် ပထမဆုံး နမ်းရှိုက်ရသည် အနမ်းဟု ထင်မှတ်နေခဲ့သည်။ 


ထိုစဥ်က ကျိုးကြောင်းမစဥ်းစားတတ်သော ကောင်ကလေးသည်ကား ပို၍ ဆွဲဆောင်မှုပြင်းပြလာသည့် ရင့်ကျက်သူ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။ 


လက်နှင့်ခြေ လှုပ်ရှားမှုတိုင်းတွင် တင်းအားများ ပြည့်နေသဖြင့် ရန်ရှူ မငြင်းပယ်နိုင်ခဲ့ပေ။


လူထုကသာ စောင့်စည်းထိန်းသိမ်းတတ်သော အမျိုးကောင်းသားတို့ကို သဘောကျသည်ဟု ဆိုလျှင် ရန်ရှူ၏ အကြိုက်က အခြားသူများနှင့် ကွဲပြားသည်။ သူက တစ်ချက်ကြည့်ရုံမျှဖြင့် စိတ်ဆန္ဒများ အပြည့်ဖြစ်နေတတ်သည့် စန့်ရှန်းကဲ့သို့ ယောကျ်ားမျိုးကိုသာ ကြိုက်သည်။ 


စွမ်းအားများအပြည့် ဖြစ်နေသည့် ခန္ဓာကိုယ်၊ သူ့ကို ကြည့်လိုက်ရုံမျှဖြင့် သိသာနေသည့် ပိုင်ဆိုင်မှုပြင်းပြစိတ်များ၊ အလွန်အမင်း တွယ်ငြိမှု မရှိဘဲနှင့် သင်သာ သဘောကျသွားပါက လုပ်နိုင်စွမ်းရှိသော သတ္တိ... 


စန့်ရှန်းက သူ့အား ဆိုဖာပေါ်တွင် ချထားလိုက်သည်။ ရန်ရှူ ခေါင်းလှည့်ကာ တီးတိုးပြောလိုက်သည်။

"သူတို့ သုံး‌ကောင် ကြည့်နေကြတယ်... သူတို့ကို လွှတ်လိုက်တော့…" 


"ကိုယ်တို့က အခု သူတို့ရဲ့ အခန်းထဲမှာလေ…" 


"အဆင်မပြေဘူးလေ…"


စန့်ရှန်းသည်သာ သူ၏ ရှက်ဖွယ်လုလု ပုံစံကို တွေ့နိုင်သည်။ ခွေးများ မဟုတ်ပေ။ 


စန့်ရှန်းက ခွေးသုံးကောင်ကို အပြင်သို့ လွှတ်လိုက်ပြီးနောက် ရှန်ရှူကို ဆက်နမ်းနေခဲ့သည်။


ရန်ရှူမှာ အစပိုင်း ခုခံမှုများမှ စန့်ရှန်း၏ ပုခုံးပေါ် တွဲချိတ်ရခြင်းသို့ ပြောင်းလဲလိုက်ရသည်။ 


စန့်ရှန်း လိမ်ပြောခဲ့သည် ဟူသောအချက်ကို သက်သေပြနိုင်ခဲ့ပေသည်။ 


အစ်ကိုလျို့နှင့် အခြားသူများက နာရီဝက်အတွင်း ရောက်လာကြမည်ဖြစ်သဖြင့် သူနှင့် စန့်ရှန်းက စိတ်လွတ်ကိုယ်လွတ် ပြုမူရန် နာရီဝက်သာ အချိန်ရမည်ဟု ဆိုခဲ့သည်။ 


ထို့ကြောင့် စိတ်လျှော့ကာ စန့်ရှန်း ချဥ်းကပ်လာမှုကို မငြင်းဆန်တော့ပေ။ ရလဒ်အနေဖြင့် စန့်ရှန်းထံမှ နှစ်နာရီကြာ ကစားခံလိုက်ရသည်။


သူက စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် အခန်းထဲသို့ ဝင်လာခဲ့ပြီး အနားယူရန် လှဲချလိုက်သည်။ သူ နလန်မထူနိုင်သေးမီမှာပင် စန့်ရှန်း ဝင်လာပြီး အစ်ကိုလျို့ ယူလာပေးသော အဝတ်များ သယ်လာပေးခဲ့သည်။ 


သူက ခေါင်းထူရန်ပင် ပင်ပန်းလွန်းလှသဖြင့် စန့်ရှန်းက သူ့အား ထူမကာ အဝတ်ဝတ်ပေးလိုက်ရသည်။ 


ထိုအခိုက် သူက သူ့ကိုယ်သူ ဂရုမစိုက်နိုင်သည့် လူမမာတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ အဝတ်လျှိုရန် လက်မြှောက်ရမည်ကို စိတ်မရှည် ဖြစ်နေခဲ့ရသော်ငြား ထိုခွေးကောင်စန့်ရှန်းက အခြေအနေကို အခွင့်ကောင်းယူ၍ သူ့အပေါ် အသားယူလာပြန်သည်။ 


နောက်ဆုံးအဆင့်ထိ မသွားခဲ့ခြင်းကပင် လွန်စွာ ပင်ပန်းရပုံပင်။  


ရေချိုးခန်းထဲမှ မထွက်မီ ရန်ရှူက စန့်ရှန်း၏ လည်ပင်းကို မရမက ဆိတ်ခဲ့သေးသည်။

"မင်း မျိုးမစစ်ကောင်…" 


စန့်ရှန်းက မပြုံးမိအောင် ထိန်းထားရပြီး ရန်ရှူ၏ နဖူးထက်သို့ ငုံ့နမ်းလိုက်သည်။ ထို့နောက် သူပြောလိုက်သည်။ 

"သွားတော့... ကိုယ်လည်း ကုမ္ပဏီ သွားရတော့မှာ…" 


"တကယ်ကြီးလား... ရိုက်ကွင်းကို လာမလည်နိုင်ဘူးပေါ့…" 


"အင်း... ကုမ္ပဏီကို ဦးဆောင်ရတာ ကိုယ့်ကို တော်တော်လေး အလုပ်များစေတာပဲကွာ…" 


ရန်ရှူက တစ်ခဏမျှ မပျော်မရွှင် ဖြစ်သွားပြီးနောက် ရေချိုးခန်းတံခါးကို လှည့်ဖွင့်လိုက်သည်။ 


တံခါးလက်ကိုင်ကို ကိုင်ထားလျက် ရပ်သွားပြီးနောက် အလျင်အမြန် နောက်ပြန်လှည့်ကာ စန့်ရှန်းထံ လျှောက်လာသည်။ ထို့နောက် ခြေဖျားထောက်၍ စန့်ရှန်း၏ ပုခုံးကို ဖက်ကာ နမ်းလိုက်သည်။ 


ထို့နောက် နောက်ထပ် အနမ်းပြင်းပြင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ 


ရန်ရှူက ကားထဲတွင် ထိုင်လျက် ဆွေ့ဟို့ယွီထံ မက်ဆေချ့် ပို့လိုက်သည်။ 

[စန့်ရှန်းက ကျွန်တော်နဲ့ ပြန်တွဲမယ်လို့ ပြောခဲ့သေးလား... ဒါပေမယ့် နမ်းပြီးသွားရင် ကျွန်တော့်ကို ကြိုက်သွားရမှာပေါ့... မဟုတ်ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူးလေ] 


အစ်ကိုယွီက ပန်းလေးလို လှတယ်: [1.] 


RS: [ကျွန်တော်မှာ ဆွဲဖြဲခံရမတတ်ပဲ...သူနဲ့ ပြန်ပေါင်းထုပ်သင့်ပြီလား... ကျွန်တော်ကဖြင့် သူ့ရဲ့ လုပ်ပုံကိုင်ပုံကို ကြည့်ချင်သေးတာကို... သူ့လုပ်ပုံ အဆင်ပြေမှ လက်ခံမှာ…] 


အစ်ကိုယွီက ပန်းလေးလို လှတယ်: [1.] 


RS: [ဒါပေမယ့် ကျွန်တော် စိတ်ဆိုးနေတုန်းပဲ... ကျွန်တော့်ဆီ ပြန်လာဖို့ နှစ်နှစ်တောင် ကြာသွားတာလေ... ရက်နည်းနည်းလောက်နဲ့ နမ်းခွင့်ပေးလိုက်ရပြီ... မိန်းမကို ပြန်လိုက်ပိုးပြီး မီးသဂြိုလ်တဲ့ ဆောင်းပါးတွေလိုသာ ဖြစ်ခဲ့ရင် လွယ်လွယ် ခွင့်လွှတ်ပေးတဲ့ ဘော်တွန်ကို စာဖတ်သူတွေ အများကြီး စိတ်ကုန်သွားကြမှာပဲ…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [ကြည့်ရတာ မင်းတို့လမ်းခွဲတာ မင်းဘက်က အကြောင်းအရင်းမရှိ ပြဿနာ ရှာလို့ပဲ ဖြစ်ရမယ်... ဘာလဲ မီးသဂြိုလ်တာက...] 


RS: [အစ်ကိုက ဘယ်သူ့ဘက်ကလဲ... အထက်ပုဂ္ဂိုလ်တစ်ယောက်ကို ရိုက်ရုံပဲရိုက်တာ မလုံလောက်ဘူးလား... ဘာလို့ အများကြီး ပြောနေရတာလဲ…] 


တစ်ခဏလောက်ထိ စောင့်ဆိုင်းနေသည့်တိုင် ဆွေ့ဟို့ယွီဘက်မှ ပြန်စာမလာခဲ့ပေ။ 


သူက နောက်ထပ် စာတစ်စောင် ပို့လိုက်ရသည်။ [ရိုက်ကွင်းကို လာလည်ပါလားဟင်...] 


ချက်ချင်းဆိုသလို ဆွေ့ဟို့ယွီဘက်မှ သူ့အား ယာယီ ဘလောခ့်ထားသည်ကို တွေ့လိုက်ရလေသည်။ 


သူ ဂရုမစိုက်ပေ။ အဆုံးတွင် ယင်းက ဖြစ်နေကျအရာသာ ဖြစ်ပေသည်။ 


သူ ပြန်ထွက်ကာ စုအန်းရီကို ရှာလိုက်သည်။ 

[အန်တီစု... ခွေးကောင်စန့်ရှန်းက ငါ့ကို ပြန်တွဲဖို့ ဖိအားပေးနေတယ်... ငါနည်းနည်းသဘောထားကွဲလွဲနေလို့…] 


အန်တီစု:[သူ ဘာပြောတာလဲ…] 


RS: [သူက ပြန်တွဲဖို့တော့ မပြောဘူး... ဒါပေမယ့်... ဒါက သေချာပေါက် သူပြောချင်နေတဲ့အရာပဲ…] 


အန်တီစု: [သူက ဘယ်လို ပြုမူလိုက်လို့လဲ…] 


RS: [သူ ငါ့ကို နမ်းတယ်…] 


စုအန်းရီ: [နင်တို့က လမ်းခွဲပြီးသွားပြီ မဟုတ်ဘူးလား... နင်သူ့ကို အဲ့အကြောင်း မပြောခဲ့ဘူးလား…] 


RS: [ရက်စ်မှ ရက်စ်ပဲ] 


စဥ်းစားကြည့်လိုက်ပြီးနောက် သိပ်မမှန်သေးဘူးဟု ခံစားရသဖြင့် သူထပ်ပေါင်း ပြောလိုက်သည်။ 

[ငါ လုံးစေ့ပတ်စေ့ မပြောခဲ့ဘူး…] 


အန်တီစု: [ဒါပေမယ့် သူကလည်း ပြန်တွဲဖို့ မပြောဘူးမလား…] 


RS: [အင်းလေ... သူက အဲ့အကြောင်း ပြောကို မပြောတာ…] 


အန်တီစု: [ကြည့်ရတာ သူ အဲ့အကြောင်း တွေးနေတာ နေမယ်…] 


RS: [ဒါဆို ငါ ဘာပြောလိုက်သင့်လဲ…] 


အန်တီစု: [မင်းလို ရည်းစားမျိုးရတာ တအား စိတ်အနှောင့်အယှက် ဖြစ်တယ်... မင်းက တော်တော် ဒုက္ခပေးလွန်းတယ်.... အခုဆို ငါ မရှိတော့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ တွေ့နေပြီမလား... ဒါကြောင့် ရပ်လိုက်တော့... ငါ မင်းအတွက် စိတ်ရှုပ်မခံချင်တော့ဘူး…] 


ရန်ရှူက ထိုစာကြောင်းကို ကြည့်ကာ ချက်ချင်း ဒေါသထွက်သွားလေသည်။ 

[သူက ငါ့ကို ကြိုက်တယ်... သူက ငါ့ကို စွဲလမ်းနေတာ... သူက ငါမပါဘဲ မလုပ်နိုင်ဘူး... သူက ဒီလိုနည်းလမ်းမျိုးနဲ့ ငါ့ကို ကြိုက်တာ…] 


အန်တီစု: [ ဒါဆို ဘာလို့ ငါ့ကို လာမေးနေရသေးတာလဲ…] 


ရန်ရှူက ရှင်းပြရန်အတွက် စာအရှည်ကြီး ရိုက်လိုက်သော်ငြား တစ်လုံးတည်းသော ပြန်စာလေးကိုသာ ရရှိခဲ့သည်: 

[မအားဘူး…]


ရန်ရှူက ဖုန်းကို ဘေးသို့ ပစ်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုး ဖြစ်သွားလေသည်။ 


စုအန်းရီ၏ စာကို ဖတ်ပြီးနောက် သူအမှန်ပင် အတွေးနစ်သွားခဲ့လေသည်။ 


စန့်ရှန်းက ငါနဲ့ အိပ်ရာပေါ်က ဆက်ဆံရေးကိုပဲ ထိန်းထားချင်ပြီးတော့ ငါနဲ့ အချစ်ရေးတစ်ခု မတည်ဆောက်ချင်တော့တာ ဖြစ်နေမလား... 


ဒါဆို... ဒါဆို... ဒါဆို... ငါ ဘာလုပ်ရတော့မှာလဲ... 


တစ်ဖက်တွင် သူငြင်းဆန်မိသည်။ 


စန့်ရှန်းက ငါ့ကို ချစ်တယ်... 


မဟုတ်ရင် ငါ့ကုမ္ပဏီကို ဝယ်မှာ မဟုတ်ဘူး... ငါ့ကိုလည်း ဒီလို ဆက်ဆံမှာ မဟုတ်ဘူး... 



စန့်ရှန်း ကုမ္ပဏီအလုပ်များ အပြီးသတ်ပြီးသွားသောအခါ မနက်စောစောအချိန် ဖြစ်နေ‌လေသည်။ 


ရှန်းကျွင့်ကျင်းက သူ့ရုံးခန်းထဲသို့ ဝင်လာပြီး ဖုန်းကို ပြကာ ပြောလိုက်သည်။

"မင်းရဲ့ ချီဟွားဟွားလေးက နာမည်ကြီးနေပြန်ပြီ…" 


စန့်ရှန်းက ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွ ရယ်လိုက်သည်။ 


#ရန်ရှူရဲ့သံသယမျက်နှာ# 


သူ ထိုအကြောင်းအရာကို နှိပ်ကြည့်လိုက်သည်။ ယင်းက ယနေ့တွင် လေဆိပ်ဆင်းခဲ့သည့် နှုတ်ခမ်လေးများ ဆူထော်နေသော ရန်ရှူ၏ပုံဖြစ်နေခဲ့သည်။ ဓါတ်ပုံရိုက်ခံရပြီးနောက် ထိုနှုတ်ခမ်းလေးဆူဆူလေးများ ပြုလုပ်လိုက်သည်ဟု ခန့်မှန်းရပေသည်။ 


ကွန်မန့်ထဲတွင် အမျိုးမျိုးသောအမြင်များ ရှိပြီး အချို့လူများက ရန်ရှူ၏ မျက်နှာမှာ ရုတ်တရက် ဆောင်ရွက်လိုက်သည့် ပုံပေါ်ပြီး သာမန်လူများတွင် ထိုကဲ့သို့သော မျက်နှာအသွင်အပြင်များမရှိဟု ဆိုခဲ့ကြသည်။ 


ကွန်မန့်တစ်ခုကို မြင်သောအခါ ရုတ်တရက် အပြုံးရပ်သွားသည်။ 


[ရန်ရှူ့ပါးစပ်က ကြီးလိုက်တာ... သူကတော့ လေကြီးမိုးကြီးတွေ ပြောနေတာပဲ... ဒီပါးစပ်က ရေခဲချောင်းတစ်ချောင်းကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား…] 


သူက ချက်ချင်းဆိုသလို ရှန်းကျွင့်ကျင်းထံ ဖုန်းပြန်ပေးကာ ပြောလိုက်သည်။

"ဒီတစ်ခုကို ဖျက်ဖို့နည်းလမ်း တွေးထား…" 


"အိုး…" 


ရန်ရှူ့ ပါးစပ်က တကယ့်ကို ကြီးတယ်... သူ့မျက်နှာလေးက သေးလွန်းတော့ ပါးစပ်က ပိုကြီးတဲ့ပုံ ပေါ်သွားတာ... 


သို့သော်ငြား ရန်ရှူ၏ နှုတ်ခမ်းလေးကိုမူ... နှစ်ပေါင်းများစွာတိုင် ထိုနှုတ်ခမ်းလေးအား သူ အသုံးပြုရန် ဆန္ဒမရှိခဲ့ပေ။ ထို့အပြင် အခြားသူများက ရန်ရှူ၏ နှုတ်ခမ်းအား တပ်မက်ကြမည်ကိုလည်း မလိုချင်ပပေ။ 


“မင်းတို့ ပြန်တွဲကြပြီလား…"

ရှန်းကျွင့်ကျင်းက အခြားတစ်ယောက်ထံ စာပို့နေရင်း မေးလိုက်သည်။ 


"အခုထိ မဟုတ်သေးဘူး…" 


"အခုထိ မဟုတ်သေးဘူးလား…" 


စန့်ရှန်း ထရပ်လိုက်သည်။ သူ့ပုခုံးအား အညောင်းဖြေလိုက်ပြီးမှ ပြောလိုက်လေသည်။

"ငါက နည်းနည်းလောက် မလိုချင်ရုံပါ... ဒီနှစ်တွေထဲ အကြိမ်ပေါင်းများစွာ လမ်းခွဲခဲ့တာမှာ ငါကပဲ ချော့ခဲ့ရတာ... သူကျ ဘာလို့ မချော့ရတာလဲ... တစ်ကြိမ်လေးတောင်မှလေ…" 


ရှန်းကျွင့်ကျင်းက သူ့စကားအား ကြားပြီးနောက် ပြောလိုက်သည်။

"နှစ်နှစ်လောက် စောင့်ပြီးတာတောင် သူငါ့ကို လာမချော့သေးဘူး... ငါထပ်ပြီး သည်းမခံနိုင်တော့ဘူး... ကုမ္ပဏီကို ဝယ်ဖို့ ကြိုးစားပြီး သူ့ဘေးမှာ ပေါ်လာအောင် လုပ်ခဲ့တယ်... ဒါတောင် သူငါ့ကို လာမချော့သေးဘူး…" 


စန့်ရှန်း “…” 


ရှန်းကျွင့်ကျင်းက တစ်ခဏမျှ ရယ်မောလိုက်ပြီးနောက် သူ့ကို ဆက်စနေသည်။

"ကြည့်ရတာ မင်းက လမ်းခွဲတာကို ဂရုမစိုက်ဘူးပဲ... သူမင်းကို မချော့တာပဲ ဂရုစိုက်နေတာ…" 


“ငါက ဘာကို ဂရုစိုက်ရဦးမှာလဲ…" 


"မင်းမိသားစုအရေးတွေက ဆင်ခြေတစ်ခုထက် မပိုဘူးပေါ့လေ…" 


"ဒါက ပြဿနာရှိလို့လား…" 


"မင်းက ဘောစ့်ပါ... ငါ့ကို မင်း လစာပေးထားတာပဲလေ... ပြောချင်သလို ပြောလို့ရပါတယ်…"



📽️


ကြားထဲက ကျယ်မပဲ နှစ်‌ယောက်လုံးကိုချော့ပေးပါမယ် ပြန်တွဲလိုက်ကြပါတော့😭