လျိုဟော် စိတ်ရှုပ်ထွေးစွာဖြင့် နိုးထလာပြီးနောက် သူ၏ပတ်လည်တွင် အမှောင်ထု လွှမ်းခြုံထားသည်ကိုသတိပြုမိလိုက်သည်။
အမှောင်ထုနှင့် အသားကျနေသာ်လည်း စေးကပ်ကပ်ခံစားချက်မှာမူ မသတီစရာဖြစ်သည်။ လျိုဟော် မူးဝေလာသလို ခံစားရပြီး အန်ချင်လာသည်ကြောင့် လက်များဖြင့်ပါးစပ်ကို အုပ်လိုက်သည်။
လျိုဟော် ကြက်သေသေနေမိသည်။
ကံမကောင်းစွာဖြင့်ပင် သူနိုးလာသည့်အခါ ခွန်အားများ ကုန်ခမ်းနေလေသည်။ ခန္ဓာကိုယ်တစ်ခုလုံး နွမ်းနယ်လျက်ရှိပြီး နောက်ထပ်တစ်ဖန် အိပ်မောကျသွားလေသည်။
လျိုဟော်အိပ်မက်ထဲတွင် စက်ဘီးတစ်စီးသည် သူ့အားတိုက်ကာ ထွက်ပြေးသွားသည်ဟု အိပ်မက်မက်ခဲ့သည်။ ဆေးရုံတွင် တွေ့ရှိရသည့်အရာမှာ သူ့အားများစွာ အံ့အားသိစေမိသည်။ အနည်းငယ်မျှ ပွန်းပဲ့ရုံလောက်သာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ သူသည် ဆရာဝန်၏ ညွှန်ကြားချက်အောက်တွင်ရှိနေဆဲဖြစ်သည်။
လျိုဟော်မှာ မိဘမဲ့တစ်ယောက် ဖြစ်ကာ အလုပ်လုပ်ရန်အတွက် ဂျူနီယာအထက်တန်းကျောင်းမှ ထွက်ခဲ့ရသည့်အား သူ့ကိုယ်သူ သနားမိသည်။ ဆေးရုံတွင်လည်း သူ့အား ဂရုစိုက်ပေးမည့်သူ တစ်ဦးတစ်လေမျှပင် မရှိချေ။
သူနှင့်ရင်းနှီးသော ဆက်ဆံရေးရှိသည့် တစ်ဦးတည်းသောသူမှာ အခန်းအတူငှားနေသည့် အခန်းဖော်သာလျှင် ဖြစ်သည်။ ထို့ကြောင့် အရသာရှိသည့် ဆန်ပြုတ်အနည်းငယ်ကို ရရှိလေသည်။ လျိုဟော်ပျော်ရွှင်စွာဖြင့် မျက်လုံးများမှိတ်လိုက်ပြီး ပါးစပ်အား ကျယ်လောင်စွာဟကာ ရှေ့ဆက်လိုက်သည်။
နာကျင်မှုကြောင့် မျက်လုံးမှ မျက်ရည်များကျဆင်းလာသည်ကို လျိုဟော်ခံစားမိသည်။ သူ၏ အခန်းဖော်အား ပြစ်တင်ကြိမ်းမောင်းရန် မျက်လုံးဖွင့်လိုက်သည်။ လူတစ်ယောက်အား ဆန်ပြုတ်တိုက်ရန် မည်မျှခက်ခဲနေရသနည်း။
သို့သော် သူ၏မျက်လုံးများ ပွင့်လာပြီးသည့်နောက်တွင် ကြောင်အသွားမိတော့သည်။ အမှောင်ထုလား။ နောက်ဆုံးအကြိမ် သူနိုးထလာခဲ့စဉ်မှ မှတ်ဉာဏ်များ ခေါင်းထဲသို့ ပြန်ရောက်လာခဲ့သည်။ မှန်၏။ သူအိပ်မောကျနေစဉ်အတွင်း သူ့အား အမှောင်ထုမှ ဝန်းရံထားသည်။
ဆိုရင်ဖြင့် မည်သည့်အရာနှင့် သူထိမိသနည်း။
လျိုဟော် သိချင်စိတ်နှင့် သံသယတို့ပေါင်းစပ်ကာဖြင့် သူ၏လက်ဖြင့် စမ်း.. အာ လက်မရှိချေ၊ မဟုတ် ခြေလည်းမရှိ။ သူ့ထံတွင် ခြေလက်များ မရှိသည်ကို လျိုဟော်သတိပြုမိသော်လည်း လျစ်လျူရှုထားလိုက်ပြီး သူ၏ခြေလက်များမှာ အိပ်မောကျနေခြင်းဖြစ်သည်ဟု တွေးကာဖြင့် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ထိုအတွေးမှာ အမှန်တကယ်ကိုပင် စိတ်သက်သာရာရှိလှသည်။ ထို့နောက် သူ၏ခေါင်းအား ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီးနောက် အရှေ့သို့ သတိထားကာဖြင့် စမ်းကြည့်လိုက်သည်။
အိုး.. သူ့ခေါင်းရှိနေဆဲပဲ.. ဆန့်လည်းထုတ်နိုင်တယ်.. အခြေအနေမှာ အတော်လေး ကောင်းနေဆဲဖြစ်...
လျိုဟော် ရုတ်တရက် အေးခဲသွားသည်။
လျိုဟော်မည်သည့်နေရာသို့ ရွေ့သည်ဖြစ်စေ သူ၏ခေါင်းမှာ ဝင်ဆောင့်နေလေသည်။ မာကြောတယ်၊ တောင့်တင်းတယ်။ အရာအားလုံး မာကြောနေလေ၏။ အလုံပိတ်အခန်းထဲ ရောက်နေသည်လား။
ဖြစ်နိုင်တာက.. အခေါင်းထဲမှာ..
လျိုဟော်၏အတွေးများမှာ သူ့အား ရူးသွပ်သွားနိုင်လောက်သည်အထိ ကြောက်လန့်သွားစေသည်။
လျိုဟော်၏ အဖြစ်မှာ ဆန်ပြုတ်သောက်နေသည်ဟု အိပ်မက် မက်နေစဉ်မှာပဲ မာကြောသည့်အရာဝတ္ထုနှင့် ဝင်တိုက်နေမိသည့်အဖြစ်နှင့် အဆုံးသတ်သွားရသည်။
လျိုဟော်ထံမှ ထွက်ပေါ်လာသည့် အသံမှာ ဥဝပ်နေသည့် ဟွားရှောင်ဟွားအား ထိတ်လန့်တကြားဖြစ်သွားစေ၏။ အလွန်အမင်း အံ့အားသင့်နေမိပြီး ငွေရောင်မြွေဥလေးအား ကြည့်လိုက်သည်။ ထို့နောက်တွင် နေလုံးအား မော့ကြည့်လိုက်၏။
ထိုအခိုက်အတန့်မှာပင် ငွေရောင်ဥလေး လှုပ်ရှားလာပြန်ပြီး ဥခွံအား တစ်စုံတစ်ခုမှ ဝင်တိုက်နေပုံပင်။ ဟွားရှောင်ဟွား စိတ်လှုပ်ရှားလာပြီး ထိုဥလေးနားသို့ ချဉ်းကပ်ကာဖြင့် မမှိတ်မသုန် ကြည့်နေမိသည်။
ယင်တပိုင်သည်လည်း ထိုအဖြစ်အပျက်ကြောင့် လျောတိုက်ကာရောက်လာပြီး ဇနီးသည်၏ ထူးဆန်းသည့် အပြုအမူအား ကြည့်လာသည်။ သူတစ်စုံတစ်ခု ပြောရန် စဉ်းစားနေစဉ်မှာပင် သူ့ဇနီးသည်၏ အမြီးနှင့် ဝင်တိုက်မိသည်။ ယင်တပိုင် မူးဝေသွားသည်။ တဖြည်းဖြည်း ပြန်လည်သက်သာလာပြီးနောက် ဇနီးသည်ဖြစ်သူ ဟွားရှောင်ဟွား၏ အနောက်ဘက်မှနေ၌ ငွေရောင်ဥလေးအား အတူတူကြည့်နေမိသည်။
အချိန်အတော်ကြာသည်အထိ ထိုဥလေးမှာ လှုပ်ရှားခြင်း မပြုလာချေ။
ယင်တပိုင် ကူကယ်ရာမဲ့လာလေသည်။
“ရှောင်ဟွားရေ.. ဘာလို့များ အဲဒီဥလေးကို ကြည့်နေရတာတုန်းကွာ..”
ယင်တပိုင်အား ဟွားရှောင်ဟွား မျက်လုံးစွေကြည့်လိုက်သည်။
ထို့နောက် သူမ၏ခေါင်းမှာ ငွေရောင်ဥလေးအပေါ် လဲလျောင်းလိုက်ပြီး ထိုမြွေမမှာ နေရောင်အောက်တွင် သက်တောင့်သက်တာရှိလှစွာ အနားယူနေလေသည်။
သူတို့ထံတွင် ကလေးများရှိလာသည့်အချိန်မှစကာ (ဆိုလိုသည်မှာ မြွေဥများကိုဖြစ်သည်) ရှောင်ဟွားသည် ပို၍ ပို၍ ထူးဆန်းလာသည်ဟု ယင်တပိုင် ခံစားမိသည်။ ထို့နောက် မြည်တွန်တောက်တီးကာ ရန်လိုနေသည့် “S” သဏ္ဌာန်နှင့် အဝေးသို့ လျောတိုက်ကာ ထွက်သွားလေသည်။
အာ... မေ့လိုက်ပါတော့လေ.. ရှောင်ဟွားလေးကို အစာကျွေးဖို့ ကြွက်သွားဖမ်းရဦးမယ်..
ဟွားရှောင်ဟွားမှာ အလွန်စိတ်ဓါတ်ကျနေမိသည်။ အလုံးစုံ စိတ်ဓာတ်ကျနေခြင်းဖြစ်၏။ ထိုဥလေးမှာ သိသိသာသာကို လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။
အခုဘာလို့များ မလှုပ်တော့တာတုန်း.. ဥကို ကြည့်မနေဘူးဆိုရင် စောစောများ အကောင်ပေါက်လာလိမ့်မလား.. စိတ်လှုပ်ရှားနေခဲ့တာတွေအားလုံး အလကားပဲ.. အဲဒီမြွေ ယင်တပိုင်ရယ်လိုက်တာက အတော်ဆိုးဆိုးဖြစ်သွားတာ..
ဟုတ်တယ်.. တကယ့် အဓိကအကြောင်းအရင်းက နောက်ဆုံးအချက်ပဲ..
ဟွားရှောင်ဟွား ဥလေးများကို အနီးကပ်စောင့်ကြပ်ထိန်းသိမ်းနေသည်မှာ (၁၀) ရက်ကျော် ရှိပြီဖြစ်သည်။ လေပြည်လေးများ တိုက်ခတ်နေပြီး နေမထွက်လာခင် တစ်မနက်တွင် ဥတစ်လုံး လှုပ်လာသည်။
ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့သည် လှုပ်ရှားလာသည့် ငွေရောင်ဥလေးအား အနီးကပ်ကြည့်နေမိသည်။ ထိုဥလေးမှာ ချိန်သီးကဲ့သို့ အရှေ့အနောက် တောင်မြောက် လှုပ်ယမ်းကာ စတင်တုန်ခါလာပြီး ဥ၏ထိပ်ပိုင်းတွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာသည်။
ဟွားရှောင်ဟွား ပို၍နီးကပ်စွာ တိုးသွားလိုက်ပြီး ယင်တပိုင်အား အခြားတဘက်မှကြည့်ရန် ဖိအားပေး နှင်ထုတ်လိုက်သည်။
နောက်ဆုံးတွင် သေးငယ်သည့် အက်ကွဲကြောင်းလေးများမှာ ပို၍ ပို၍ ကြီးမားလာပြီး ဥခွံထိပ်မှာ ပွင့်သွားလေတော့သည်။ ထို့နောက်တွင် ထိုတွင်းပေါက်လေးမှတဆင့် ယင်မြွေလေး၏ သေးငယ်သည့်ခန္ဓာကိုယ်လေး ထွက်ပေါ်လာလေသည်။
ဟွားရှောင်ဟွားမှာ စိတ်လှုပ်ရှားနေပြီး မြွေပေါက်လေးအား လျက်ရန် လျှာထုတ်လိုက်သည်။ ယင်တပိုင်၏ အကြေးခွံများ ချက်ချင်းဆိုသလို နက်မှောင်လာသည်။ (အလွန်အမင်း မနာလိုဖြစ်)
ဟွားရှောင်ဟွားမှာ ယင်တပိုင်အား လျစ်လျူရှုထားလိုက်ပြီး ငွေရောင်ဥခွံများအား ပြန်လည်စားသောက်နေသည့် ယင်မြွေလေးကိုသာလျှင် ကြည့်နေလေသည်။ (လက်တွေ့ဘဝတွင် မြွေများမှာ ဥခွံများအား ပြန်လည်စားသောက်ခြင်းမရှိ။)
ပထမဆုံး မြွေဥလေး ဥပေါက်ပြီးသည့်နောက်တွင် ကျန်ရှိသည့်ဥများမှာလည်း တဆက်တည်း ပေါက်လာတော့သည်။ ဒုတိယနှင့် တတိယဥများမှာ ငန်းတော်ကြားမြွေများဖြစ်သည်။ စတုတ္ထဥမှာ ယင်မြွေဖြစ်သည်။ နောက်ဆုံးသော ပဉ္စမဥမှာလည်း ငန်းတော်ကြားမြွေဖြစ်သည်။
ဟွားရှောင်ဟွား မြွေပေါက်လေး ငါးကောင်ကြား လျောတိုက်သွားလိုက်သည်။
“ကောင်းပြီ.. အစဉ်အတိုင်း အကြီးဆုံးကစမယ်.. ယင်ရှောင်ယိ၊ ဟွားရှောင်အာ၊ ဟွားရှောင်စန်း၊ ယင်ရှောင်စစ်၊ ဟွားရှောင်ဝူ.. ဟမ်.. ဘာလို့များ တစ်ခုခုမှားနေတဲ့ပုံပေါ်နေတာတုန်း..”
ယင်တပိုင် တိတ်တဆိတ် လှည့်ပတ်ကြည့်လိုက်သည်။
“ဥမပေါက်သေးတာလေး တစ်ခု ကျန်နေသေးတယ်လေ..”
ဟွားရှောင်ဟွား ကိုယ်ကို လှည့်ပတ်ကာ ကြည့်လိုက်ပြီးနောက်တွင် တစ်လုံးတည်းသော ဥလေးကျန်နေသည်ကို တွေ့လိုက်ရသည်။ ဟွားရှောင်ဟွား တွားသွားလိုက်သည်။
ဒီဥလေးက ပထမဆုံး လှုပ်ရှားလာတာ မဟုတ်ဘူးလား.. ဘာလို့များ အခုထိ လှုပ်မလာတော့တာလဲနော်..
ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့သည် ယခုလေးတင် ဥပေါက်လာသည့် မြွေပေါက်လေး ငါးကောင်နှင့်အတူ ငွေရောင်ဥလေးအား ဝန်းရံနေသည်။ နေထွက်လာပြီး ညနေစောင့်အချိန်ထိတိုင်အောင် ထိုဥလေးမှာ လှုပ်ရှားခြင်းမရှိသေးချေ။ စောင့်ပြီးရင်းစောင့်နေရင်းနှင့်ပင် ညရောက်သည့်တိုင်အောင် ထိုဥလေးမှာ လှုပ်ရှားခြင်းမပြုချေ။
ယင်တပိုင် စိတ်မရှည်ဖြစ်လာသည်။ သူ၏ဇနီးသည်ထံမှ အပေါက်ခံရနိုင်ချေရှိသည်ကို သိသော်လည်း မအောင့်နိုင်တော့ပေ။
“ဒီဥက.. ကိုယ်ထင်တာကတော့ မျိုးမအောင်တဲ့ဥလေးများလားနော်..”
ထိုသို့ပြောပြီးသည့်နောက်တွင် အလျင်အမြန် နောက်ဆုတ်လိုက်သည်။
ဟွားရှောင်ဟွားထံမှာ ထိုစကားလုံး သုံးလုံးသာ ထွက်လာသည်ကြောင့် ယင်တပိုင် အံ့အားသင့်သွားလေသည်။ ဤသည်မှာ အမှန်တကယ်ကို သူမ၏ပုံစံ မဟုတ်ချေ။
ရှောင်ဟွားက အခုထက်ပိုပြီး အသည်းကွဲနေသင့်တာ မဟုတ်ဘူးလားဟ..
အခုလိုအတိုင်းဆိုရင်တော့ မကောင်းတော့ဘူး.. ခန္ဓာကိုယ်ကိုပါ ထိခိုက်လာနိုင်တယ်..
မျိုးမအောင်တဲ့ဥလေးပဲလေ.. အဆန်းတော့မဟုတ်ပါဘူး ဖြစ်တတ်တာပဲကို..
ဘယ်သူ့ရဲ့အမှားမှ မဟုတ်ဘူးလေ..
သူတို့၏ အိမ်နီးချင်းထံတွင် မနှစ်က တစ်လုံးထက်ပိုသော မျိုးမအောင်ဥများစွာ ရှိခဲ့သည်ကို သူအမှတ်ရနေဆဲပင်။
ယင်တပိုင် တွားသွားကာဖြင့် ဟွားရှောင်ဟွားအား ရစ်ခွေလိုက်သည်။
“သိပ်ပြီးခံစားမနေပါနဲ့ ရှောင်ဟွားရယ်.. ကိုယ်တို့မှာ အနည်းဆုံးတော့ ကလေးငါးကောင်ရှိသေး...”
“အရမ်းတွေ အနှောင့်အယှက်ဖြစ်နေတယ်ပေါ့..”
ဟွားရှောင်ဟွားမှာ ယင်တပိုင်အား လှည့်ပင်ကြည့်မလာချေ။
“ရှင်မစောင့်ချင်ဘူးဆိုရင်လည်း ကလေးတွေနဲ့ထွက်သွားနိုင်တယ်..”
ဤသို့ဖြင့် ယင်တပိုင်မှာ သူ၏မူလနေရာသို့ ပြန်လည်ပို့ခြင်းခံလိုက်ရသည်။ မျိုးမအောင်ဥဟု သူသံသယရှိနေသည့်တိုင်အောင် ထိုသည်မှာ သူ၏ကလေး ဖြစ်နေဆဲပင်။ ထို့ကြောင့် စိတ်သောကမရောက်ဘူးဟု ဆိုရန်မှာ မဖြစ်နိုင်ပေ။ စောင့်ဆိုင်းခြင်းသည်သာလျှင် လျော်ကန်ပေသည်။
ညရောက်လာသည့်အခါ တစ်ရက်သား မြွေပေါက်လေးများမှာ တစ်ကောင်နှင့်တစ်ကောင် ရောယှက်လုံးထွေးကာဖြင့် အိပ်ပျော်သွားကြလေသည်။
ယင်တပိုင်မှာ နိုးနေပုံ ပေါ်သော်ငြား တကယ်တမ်းတွင် အိပ်ပျော်နေခြင်းဖြစ်သည်။ ဟွားရှောင်ဟွားတစ်ကောင်တည်းသည်သာလျှင် နိုးထနေပြီး စိတ်ပါလက်ပါဖြင့် ထိုဥလေးအား ကြည့်နေခြင်းဖြစ်သည်။
လျိုဟော်ဆာလောင်မှုကြောင့် နိုးလာပြန်သည်။ သူ၏မျက်လုံးများ ပွင့်လာသည့်အခါတွင် အမှောင်ထုအတွင်း၌ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူ၏အနေအထားမှာ အတော်လေး ထူးဆန်းသည်ဟု ခံစားမိလိုက်သည်။
စိတ်ရှုပ်ထွေးစွာဖြင့် လွန်ခဲ့သည့် နေ့ရက်များမှ မှတ်ဉာဏ်များအား ပြန်လည်ခေါ်ယူလိုက်ပြီး သူဝင်တိုက်နေမိသည့်အရာမှာ စတုရန်းပုံစံထက် ဘဲဥပုံနှင့် ဆင်တူနေပုံရသည်။ သူ၏လည်ပင်းမှာလည်း ထူးဆန်းသည့် ခံစားချက်ပင်။
အရမ်းကြီး ဆွဲဆန့်လို့ရနေတာ မဟုတ်ဘူးလားဟင်..
လျိုဟော်ခေါင်းယမ်းလိုက်ပြီး အသုံးမဝင်သည့် အတွေးများအား စွန့်ပစ်လိုက်သည်။
အခုအရေးအကြီးဆုံးကတော့ ဆာလောင်နေတဲ့ ငါ့ဗိုက်လေးကို ဖြည့်ဖို့ပဲဟေ့..
အဲဒီ သေလောက်အောင် မာနေတဲ့အရာကြီးကို ငါ့ခေါင်းနဲ့ဝင်ဆောင့်ပြီး ဖွင့်နိုင်လောက်လား..
အဲ.. ဒါက နည်းနည်းတော့ ထူးဆန်းတဲ့ အကြံပဲနော်..
ဒါပေမဲ့လည်းပေါ့လေ.. ဗိုက်ဆာနေတဲ့ လူတစ်ယောက်က ဘာကိုမှ သိပ်ပြီးတော့ စဉ်းစားနိုင်မှာ မဟုတ်ဘူးလေနော်..
မဟုတ်ရင် ဟိုးရှေးရှေးက ဒုက္ခသည်တွေက လူသားစားတာတို့ သူတို့ကလေးတွေကို ရောင်းတာတို့ ဘယ်လုပ်ကြပါ့မလဲ..
လျိုဟော်မှာ အလွန်အမင်းဆာလောင်နေသည့်အတွက်ကြောင့် အရာအားလုံးမှာ အဓိပ္ပါယ်မရှိတော့ဟု တွေးမိလာသည်။ စားသောက်ခြင်းသည်သာလျှင် အဓိကဖြစ်သည်။ ထို့ကြောင့် လျိုဟော်သည် သူ၏ခန္ဓာကိုယ်ရှိ ခွန်အားများအား ခေါင်းသို့ပို့လွှတ်လိုက်လေသည်။
ထို့နောက်တွင် နေရောင်အား မြင်တွေ့လိုက်ရသည်။
ထို့နောက်.. ထို့နောက်တွင်.. ထို့နောက်တွင်မူ.. လျိုဟော်မှာ ထပ်မံ၍ မူးမေ့သွားပြန်လေတော့သည်။