အပိုင်း ၂
Viewers 13k

အဟမ်း.. လျိုဟော်တစ်ယောက် ဘာလို့များ မူးမေ့သွားရတာတုန်း.. ပြန်ကြည့်ရအောင်ပါနော်..
လျိုဟော်မွေးဖွားလာမည့် ညနေခင်းတွင် ခုနစ်ကောင်သော မြွေမိသားစုမှာ လျိုဟော်၏ ဥနံဘေး၌ ဝန်းရံကာဖြင့် ရှိနေကြကာ အာရုဏ်တက်ချိန်တိုင်သည့်အထိ ကြည့်နေကြလေသည်။
မြွေပေါက်လေး ငါးကောင် နိုးလာသည့်အချိန်မှာပင် ယင်တပိုင်မှာလည်း နိုးလာလေသည်။ ဟွားရှောင်ဟွားတစ်ကောင်တည်းသည်သာလျှင် နောက်ဆုံးကျန်သည့်ဥလေးအား အာရုံစူးစိုက်စွာ ကြည့်နေဆဲဖြစ်သည်။
သို့သော်ငြား ဥလေးမှာမူ နဂိုအတိုင်း ရှိနေဆဲပင်။ ယင်တပိုင်၏ စိတ်ထဲတွင်လည်း ထိုဥလေးမှာ မျိုးမအောင်ဥဖြစ်သည်ဟု ပိုမိုကာ သေချာလာလျက်ရှိသည်။ သို့သော်လည်း ထုတ်မပြောရဲချေ။
အသစ်မွေးလာသည့် မြွေပေါက်လေးများမှာ လျင်မြန်စွာပင် ဆာလောင်လာကြသည်။ ယင်တပိုင် ဟွားရှောင်ဟွားအား အကြောင်းကြားပြီးနောက် မြွေကလေးများအတွက် အစာရှာရန် ထွက်သွားလေသည်။
မြွေပေါက်လေးများ စားသောက်ပြီးစီးသွားသည့်အခါ အချိန်အားဖြင့် နေ့လယ်သို့ရောက်လုနီးဖြစ်သည်။ ဥလေးမှာမူ ယခင်အတိုင်း တောင်တစ်လုံးသဖွယ် လှုပ်ရှားမှုမရှိ ဖြစ်နေဆဲပင်။ ဟွားရှောင်ဟွားမှာ တဖြည်းဖြည်း စတင်ဝမ်းနည်းလာမိသည်။
ထို့ကြောင့် ဥခွံအက်သံကို ကြားလိုက်သည့်အခါတွင် မြွေခုနစ်ကောင်လုံးမှာ ထိုဥလေးအား ဝိုင်းပတ်ကာ အာရုံစူးစိုက်စွာဖြင့် ရှိနေကြလေသည်။
အငယ်ဆုံးလေးက အတော်လေး သတ္တိရှိပြီး ကြမ်းတယ်နော်..
ဤသည်မှာ လျိုဟော် ဥပေါက်လာသည်ကို မြင်ပြီးသည့်နောက်တွင် မြွေပေါက်လေး ငါးကောင်လုံး၏ အတွေးများဖြစ်လေသည်။
သူတို့မြင်ရသည်မှာ ယင်မြွေငယ်လေးသည် ဥခွံအတွင်းမှနေ အပြင်သို့ တိုးထွက်လာပြီး ပတ်ပတ်လည်အား လည်ဆန့်ကြည့်လိုက်ပြီးသည့်နောက်တွင် မူးမေ့သွားလေတော့သည်။
ဪ.. အတော်လေး အားကုန်သွားပုံပဲ..
မြွေပေါက်လေးများမှာ ဝမ်းနည်းစိတ်ဖြင့် သက်ပြင်းချမိလိုက်ကြသည်။
လျိုဟော် အချိန်ကြာမြင့်စွာ မေ့မြောနေခြင်း မရှိပေ။ အလွန်အမင်း ဆာလောင်နေသည်ကြောင့် ဖြစ်ပေလိမ့်မည်။ လျိုဟော်နိုးထလာသည့်အခါ သူ၏စိတ်ထဲ၌ ဗလာကျင်းနေသည်။
သူ့အနေဖြင့် တစ်စုံတစ်ခုအား မေ့နေပုံရသည်။
ဘာများပါလိမ့်..
အာ.. ဗိုက်ဆာနေတာ.. သေလောက်အောင် ဆာလောင်နေတာ..
တဖြည်းဖြည်းနှင့်ပင် လျိုဟော်မှာ သူ၏အနီးတစ်ဝိုက်တွင် အလွန်သွားရည်ယိုစရာကောင်းသည့် အနံ့တစ်ခုအား ရရှိလိုက်သည်။ ထိုအနံ့နောက်သို့လိုက်ကာဖြင့် အစာရှာလိုက်ပြီး ချက်ချင်းဆိုသလို တလက်လက်တောက်ပနေသည့် ငွေထည်များအား တွေ့လိုက်လေသည်။ ထိုအပုံပေါ်သို့ တက်ကာဖြင့် တစ်ကိုက် ကိုက်လိုက်သည်။
အား.. အရမ်းတွေ အရသာရှိ.. စားလို့သိပ်ကောင်း..
လျိုဟော်ခေါင်းငုံ့ကာဖြင့် သူ့ရှေ့တွင်ရှိနေသည့် ဥခွံအား အငမ်းမရ စားသောက်လိုက်သည်။ သေချာပေါက်ပင် ထိုအခိုက်အတန့်၌ လျိုဟော်မှာ သူ၏ ဥခွံအား ပြန်စားနေခြင်းဖြစ်ကြောင်း သတိမပြုမိချေ။
ဥခွံတစ်ခုလုံးအား စားသောက်ပြီးစီးသည့်နောက်တွင် လျိုဟော်စိတ်ကျေနပ်စွာဖြင့် လေချဉ်တက်လိုက်ပြီး လက်ဖြင့်ဗိုက်အားပွတ်ရန်ပြုမိ.....
ဟမ်.. လက်ဘယ်မှာတုန်း.. ငါ့လက် ဘယ်ရောက်သွားတာလား..
လျိုဟော်၏မျက်လုံးများ နက်မှောင်သွားပြီးနောက်တွင် ဆာလောင်မှုကြောင့် လျစ်လျူရှုထားမိသည့်အရာကို ပြန်လည်သတိရမိလာသည်။ အမှောင်ထုထဲမှ သူရုန်းထွက်လာချိန်တွင် သူမြင်တွေ့ရသည်မှာ မြွေအသိုက်တစ်ခု ဖြစ်ပုံပင်။
လျိုဟော်၏လည်ပင်း တောင့်သွားသည်။
ပတ်ပတ်လည်အား ခိုးကြောင်ခိုးဝှက် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ကျန်ရှိသည့် ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားလေသည်။
တကယ်ကို မြွေတွေဟ..
ဟိုလီရှစ်.. ဒီနေရာက ဘယ်လိုနေရာကြီးလား..
လျိုဟော် စိတ်ထဲ၌ အော်ဟစ်နေလေသည်။
ဒီလူကြီးက မြွေတွေကို အကြောက်ဆုံးဆိုတာ မင်းတို့မသိကြဘူးလားကွ..
ထို့ထက်ပိုဆိုးသည်မှာ အခြားတစ်ဘက်တွင် တခြားသောမြွေများထက် နှစ်ဆ၊ သုံးဆခန့် ပိုမိုကြီးမားသည့် မြွေကြီးနှစ်ကောင် ရှိနေခြင်းပင်။
လျိုဟောင် ထပ်မံ၍ သတိလစ်သွားချင်မိသည်။ သို့သော်လည်း ယခုလေးတွင်မှ ဗိုက်ပြည့်သည်အထိ စားသောက်ထားသည်ကြောင့် သူ့အနေဖြင့် မူးမေ့သွားနိုင်သည့် လက္ခဏာ မရှိချေ။
လျိုဟော်၏ ဆက်တိုက် လှုပ်ရှားမှုများ ပြီးဆုံးသွားသည့် အခါမှသာလျှင် အခြားကျန်ရှိသည့် မြွေခုနစ်ကောင်မှာ အသိပြန်ဝင်လာကြသည်။
ခပ်တောင့်တောင့်ဖြစ်နေသည့် သားငယ်လေးအားကြည့်ရင်းဖြင့် ယင်တပိုင် လျိုဟော်အနီးသို့ တိုးသွားလိုက်သည်။
တခြားထူးထူးခြားခြား အနံ့တွေလည်း မရပါဘူး.. ဒီကလေးက ဘာဖြစ်နေတာတုန်း..
“ဟ.. အရမ်းကောင်းတယ်.. ကျွန်မပြောတယ်မလား.. ကျွန်မရဲ့ကလေးက ဘယ်လိုလုပ်ပြီး မျိုးမအောင်ဥလေးဖြစ်ရမှာတုန်း..”
ဟွားရှောင်ဟွား ဂုဏ်ယူစွာဖြင့် မေးချီလိုက်ကာ လျိုဟော်၏ ပုံမှန်မဟုတ်သည့် အပြုအမူများအား လျစ်လျူရှုလိုက်သည်။
“ဒါဆို နံပါတ်ခြောက်လေးကို ယင်ရှောင်ရှောင်း လို့ခေါ်ရမှာပေါ့..”
ဟွားရှောင်ဟွား ခေါင်းငုံ့ကာဖြင့် လျိုဟော်အား ပွတ်လိုက်သည်။ မဟုတ်။ ဟွားရှောင်ဟွားမှာ မြွေတစ်ကောင်ဖြစ်သည်ကြောင့် ထိုအပြုအမူမှာ အနမ်းပေးခြင်းဖြစ်ပေသည်။
ထို့နောက်တွင် ဟွားရှောင်ဟွား ခေါင်းလှည့်ကာဖြင့် ထွက်သွားတော့သည်။
“ကလေးတွေကို ဂရုစိုက်ထား ယင်တပိုင်..”
ယင်တပိုင်မှာ ဟွားရှောင်ဟွားအား တိတ်တဆိတ်သာ ငေးကြည့်လိုက်သော်လည်း ဟွားရှောင်ဟွားမှာမူ သူတို့၏ ဘေးအသိုက်သို့ ဝင်ရောက်သွားပြီဖြစ်သည်။ ထိုအပြုအမူမှာ သူ့အား ခေါင်းကိုက်လာစေသည်။
ဟွားရှောင်ဟွား၏ ကြမ်းကြမ်းတမ်းတမ်း ပွေ့ဖက်ခြင်းခံလိုက်ရသည့် ယင်ရှောင်ရှောင်းမှာမူ အဆုံးတွင် သူလက်ခံနိုင်ခြင်းမရှိသည့် အရာတစ်ခုအား ရှာတွေ့လိုက်ရပြီဖြစ်သည်။ ယင်းမှာ.. သူ့အနေဖြင့် ရူးသွပ်ဖွယ်ကောင်းလောက်အောင် မြွေတစ်ကောင် ဖြစ်လာခြင်းပင်။
ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်မှာ တုတ်ချောင်းကဲ့သို့ ဖြောင့်တန်းနေပြီး အသက်မဲ့မျက်လုံးများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိသည်။
ဆရာဝန်ပြောတော့ နည်းနည်းလေးပဲ ထိခိုက်ပွန်းပဲတာဆို..
ခုတော့ဘာလို့များ မြွေတစ်ကောင်ဖြစ်လာရတာတုန်း..
“ယင်ရှောင်ရှောင်းကတော့ အံ့ဖွယ်ပဲဟေ့.. မင်းရဲ့ကိုယ်ကို လုံးဝဖြောင့်တန်းနေအောင် ဆွဲဆန့်နိုင်တယ်ပေါ့..”
ဟွားရှောင်ဝူ စိတ်လှုပ်ရှားစွာဖြင့် သူ့ဘေးသို့ ရောက်လာသည်။
ယင်ရှောင်ယိမှာ တိတ်တဆိတ်သာ ယင်ရှောင်ရှောင်းအား ကြည့်နေသည်။
ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာမူ ယင်ရှောင်ရှောင်းကဲ့သို့ ဖြောင့်စင်းသည့်ခန္ဓာကိုယ်ရရှိလာစေရန် ကြိုးစားလျက်ရှိကြသည်။ သို့သော်ငြား ယင်းမှာအလွန်ခက်ခဲလှပြီး အကောက်အကွေ့များပါသည့် တောင်တက်လမ်းနှင့်တူလှသည်။
ယင်ရှောင်စစ်သည် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းအား အထင်သေးစွာ ကြည့်လိုက်ပြီး မည်သည်ကြောင့် ဟွားရှောင်ဝူ လွန်စွာစိတ်လှုပ်ရှားနေရခြင်းကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။
“...”
ယင်တပိုင်မှာမူ နံဘေးတွင် ငိုက်မျဉ်းလျက်ရှိနေသည်။ ဤနေရာတွင် လုံခြုံသည့်အတွက် သူ့အနေဖြင့် မြွေပေါက်လေးများအား စောင့်ကြည့်ရန် မလိုတော့ပေ။ (E/N အဲဒါ ခုမှမွေးကင်းစလေးတွေနော် သိရဲ့လား..)
ဒါဆိုလည်း သူတို့ဘာသာသူတို့ ကစားကြပါစေလေ..
ယင်ရှောင်ရှောင်းအား အချိန်အတော်ကြာ ကြည့်နေပြီးသည့်နောက်တွင် ယင်ရှောင်ယိ စတင်လှုပ်ရှားလာတော့သည်။ မနှေးမမြန်နှုန်းဖြင့် ယင်ရှောင်ရှောင်းထံသို့ ရွေ့လျားသွားနေပြီး ယင်ရှောင်ယိသည် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းကို တွန်းတိုက်လိုက်သည်။ ဟွားရှောင်စစ်အား ဖြတ်ကျော်ပြီးနောက် ဟွားရှောင်ဝူအား အလေးပြုလိုက်သည်။ ယင်ရှောင်ရှောင်း၏ နံဘေးသို့ ရောက်ရှိသွားသည့်အခါတွင် ခေတ္တမျှ ရပ်တန့်သွားပြီး ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အား သူ၏အမြီးဖြင့် ပွတ်လိုက်သည်။
အိုး.. သွားစနေတာလား..
ယင်ရှောင်ယိထံမှ စနောက်ခြင်းခံလိုက်ရသည့် ယင်ရှောင်ရှောင်းမှာမူ မမျှော်လင့်စွာပင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ ထို့နောက်တွင်...
ယင်ရှောင်ရှောင်းသည် ယင်ရှောင်ယိအား ဝင်ဆောင့်ကာဖြင့် လျင်မြန်စွာ ပြေးထွက်သွားလေသည်။ သူ၏ မြွေကြောက်ရွံ့ခြင်းရောဂါကြောင့် ခန္ဓာကိုယ်မှာလည်း ကြောက်လန့်မှုဖြင့် တောင့်တင်းကာရှိနေလေသည်။
ယင်ရှောင်ရှောင်း၏အရှိန်မှာ အတော်လေး မြန်လှသည်။ ငိုက်မျဉ်းနေရာမှ နိုးထလာသည့် ယင်တပိုင်သည် သူတို့မိသားစု ဂူနှုတ်ခမ်းဝမှ ယင်ရှောင်ရှောင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေမိပြီး‌ နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။
သူ့နံဘေးတွင်လည်း မြွေပေါက်လေး ငါးကောင်မှာ မြေပြင်ပေါ်တွင် တွန့်လိမ်ကာဖြင့် သွားလျက်ရှိကြသည်
ရှောင်ရှောင်းရဲ့အသံက အရမ်းကျယ်တာပဲ.. ငါ့မှာလန့်ပြီး သေတော့မလို့..
ဘေးအိမ်တွင် ဟွားရှောင်ဟွားမှာ သူမ၏ ကျန်းမာသန်စွမ်းသည့် ကလေး ခြောက်ကောင်အား ကြွားဝါလျက်ရှိပြီး အဆိုပါ ဝမ်းနည်းကြေကွဲဖွယ်ရာ အော်သံအား ရိုးရိုးရှင်းရှင်းပင် လျစ်လျူရှုလိုက်သည်။
ရူးသွပ်စွာအော်ဟစ်နေရင်းနှင့် ယင်ရှောင်ရှောင်း ဂူတစ်ခုအတွင်း ဝင်သွားလေသည်။ နံရံနှင့် ဝင်မတိုက်မိခင်အထိ ထိုဂူ၏ အဆုံးထိတိုင်အောင် ဖြောင့်ဖြောင့်တန်းတန်း ဝင်သွားခြင်းဖြစ်သည်။ ထိုမှသာလျှင် ယင်ရှောင်ရှောင်း အော်ဟစ်နေခြင်းအား ရပ်တန့်လိုက်သည်။
ယင်ရှောင်ရှောင်းသည် ဂူအတွင်းရှိ နံရံ၏ လက်ယာဘက်အောက်ခြေမှ သေးငယ်သည့် အပေါ်လေးအတွင်းသို့ သူ၏ခန္ဓာကိုယ်အား ဖိသိပ်ထည့်လိုက်သည်။ ရှောင်ရှောင်း၏ ခန္ဓာကိုယ်မှာ ထိုသို့ပြုလုပ်နိုင်သည်အထိ သေးငယ်လှသည်။ အဆုံးတွင် မြွေခေါင်းလေးတစ်ခုတည်းသည်သာလျှင် ထွက်ပြူလျက်ရှိသည်။ ထိုမှသာ သူ၏စိတ်ထဲ လုံခြုံသည်ဟု ခံစားလာရပြီး နှလုံးခုန်နှုန်းများလည်း တည်ငြိမ်လာသည်။
ရူးတော့မလိုပဲ.. ငါက တကယ်ကြီး မြွေတစ်ကောင်အဖြစ် ပြောင်းသွားတယ်ပေ့ါ..
ဘာလို့ မြွေလဲ..
ခွေးတို့ ကြောင်တို့ ဖြစ်လိုက်လို့ မရဘူးလား..
ငါ့ဘဝမှာ မြွေထက်ပိုပြီးကြောက်တာ ဘာမှမရှိဘူးကွ.. မင်းသိလား..
အခုဆို ငါ့ကိုယ်ငါတောင် မုန်းနေပြီဟေ့..
ယင်ရှောင်ရှောင်းမှာ အလွန်ရန်လိုနေခြင်းဖြစ်သည်။
အဲတော့ ခုနက ငါဝင်ဝင်တိုက်နေတဲ့ ခပ်မာမာအရာက ငါ့ရဲ့ဥခွံပေါ့လေ..
ငါ့ဘဝကြီးက ဥပေါက်ပြီး မွေးလာတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး..
ထိုသို့တွေးမိပြီးသည့်နောက် ယင်ရှောင်ရှောင်းမှာ ပိုလို့ပင် ဒေါသထွက်လာတော့သည်။
အဲတော့ ခုနက မြွေတွေနဲ့ ငါက ဘယ်လိုပတ်သက်နေကြတာတုန်း..
ယင်ရှောင်ရှောင်း သူ၏အမြီးအားဆန့်ကာဖြင့် အမြီးထိပ်အား လှုပ်လိုက်သည်။
ခုနက အဲဒီမှာရှိနေတဲ့ မြွေကြီးနဲ့ ငါနဲ့က အရောင်အသွေးအတူတူပဲ..
အဲတော့ သူက ငါ့ရဲ့ ပါပါး ဒါမှမဟုတ် မာမား ဖြစ်နိုင်တယ်..
မြွေတစ်ကောင်ကို ပါပါး၊ မာမားခေါ်ရမှာ ထူးဆန်းမနေဘူးလားနော်..
ပြီးတော့ မြွေတွေက တစ်ကြိမ်ကို ဥတွေအများကြီး ဥတတ်ကြတာ မဟုတ်ဘူးလား..
ဆိုတော့ ခုနက ငါတွေ့ခဲ့တဲ့ မြွေပေါက်လေးတွေက ငါ့ရဲ့ ကောကောတွေ ကျဲကျဲတွေပေါ့..
အရင်ဘဝကဆို ငါက မိဘမဲ့တစ်ယောက်လေ.. အခုတော့ မိဘတွေတင်မကဘဲ ကောကောနဲ့ ကျဲကျဲတွေပါ ရှိလာပြီ..
အဲဒါက ကောင်းတဲ့အရာပဲလေ မဟုတ်ဘူးလား..
ဒါပေမဲ့လည်းပေါ့နော်.. လူတစ်ယောက်က မြွေတွေနဲ့ မိသားစုဖြစ်ပြီး ပျော်ရွှင်နိုင်ပါ့မလားဟင်..
ဘာပဲဖြစ်ဖြစ်လေ ငါကမြွေတစ်ကောင်ဖြစ်လာပြီဆိုတော့လည်း အဲဒါကို လက်ခံရတော့မှာပေါ့..
ငါ့ကိုယ်ငါလည်း မသတ်ပစ်နိုင်ဘူး..
ငါသေမလား ရှင်မလားကို ဘုရားမှပဲသိနိုင်တော့တယ်..
ပြီးတော့ ဒီတစ်ကြိမ်သေသွားရင် နောက်ထပ်ဘာကောင်ဖြစ်လာဦးမလဲ..
အိမ်မြှောင်တို့ ကြမ်းပိုးတို့ အဲဒီထက်ဆိုးတာတွေ ဖြစ်လာမယ်ဆို ဘယ်လိုလုပ်ကြမတုန်း..
တစ်နေ့လည်ခင်းအတွင်းမှာပင် ယင်ရှောင်ရှောင်းသည် မြွေအဖြစ်ပြောင်းလဲသွားခြင်းအား လက်သင့်ခံရန် သူ့ကိုယ်သူ ဖြောင်းဖျနိုင်ခဲ့သည်။ သို့သော်ငြား သူ့အနေဖြင့် မြွေ ယင်ရှောင်ရှောင်းကိုသာလျှင် မကြောက်ရွံ့တော့ခြင်းသာ။ အခြားမြွေများအတွက်မူ... သူ့ကိုယ်သူ မည်သို့သိမ်းသွင်းရမည်အား မသိနိုင်တော့ချေ။