အပိုင်း ၃
Viewers 12k


Chapter 3



ယင်ရှောင်ရှောင်း ပင်ပန်းသလို ခံစားနေရသည်။ အမှန်တကယ် အစစ်အမှန် ပင်ပန်းနေခြင်းပင်။

ပင်ပန်းလာသည့်အခါတွင် ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း အိပ်စက်အနားယူချင်လာမိသည်။ ယင်ရှောင်ရှောင်း အမှန်တကယ် အိပ်ချင်နေခြင်းပင်။

ဒါပေမဲ့..

မြွေများတွင် မျက်ခွံမရှိသည့်ကို သိရှိလိုက်ရသည့်အတွက်ကြောင့် ယင်ရှောင်ရှောင်းမှာ ဒေါသတကြီးဖြစ်လာပြန်သည်။

အေး.. ဘာကိစ္စနဲ့ မြွေတွေမှာ မျက်ခွံမရှိရတာတုန်း..

အဲတော့ ငါကမျက်လုံးကို ဘယ်လိုပိတ်ရတော့မလဲ..

ယင်ရှောင်ရှောင်းထံတွင် မြွေတစ်ကောင်၏ အသိဉာဏ်မျိုးရှိနေမည်ဆိုပါက မျက်ခွံရှိခြင်း မရှိခြင်းသည် ကိစ္စကြီးတစ်ရပ် ဖြစ်နေလိမ့်မည် မဟုတ်ချေ။ မျက်ခွံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့အနေဖြင့် လွယ်လွယ်ကူကူ အိပ်စက်နိုင်ပေလိမ့်မည်။

သို့သော်လည်း ကံမကောင်းသည်မှာ ရှောင်ရှောင်းသည် အတိတ်ဘဝတွင် လူသားတစ်ဦးဖြစ်ခဲ့ပြီး လူသားများထံတွင် မျက်ခွံများရှိကြသည်။ ထို့ကြောင့် နှစ်ပေါင်း ၂၀ ကျော် မျက်ခွံများပိတ်၍ အိပ်စက်လာခဲ့သည့် လူသားတစ်ဦးအနေဖြင့် မျက်လုံးများဖွင့်ကာဖြင့် အိပ်စက်ရန်မှာ လတ်တလောအတွက် အဆင်မပြေနိုင်ချေ။

ခဏချင်းအတွင်းမှာပင် အမှန်တရားမှာ ရက်စက်လွန်းလှသည်ဟု ယင်ရှောင်ရှောင်း ခံစားနေမိသည်။ ယင်ရှောင်ရှောင်းမှာ ဂူ၏အလယ်တွင် ရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် ကျိုးကြောင်းသင့်စွာ ပြောဆိုမည်ဆိုလျှင် နေ့အချိန်မှာပင် ဂူထဲ၌ သေချာပေါက် မှောင်မိုက်နေပေလိမ့်မည်။ ထို့အပြင် သူက ဂူ၏ အတွင်းဘက်အကျဆုံးနေရာတွင် ပုန်းအောင်းနေခြင်းဖြစ်သည့်အတွက် ပိုမိုကာ မှောင်မိုက်နေသင့်သည်။

သို့သော်လည်း ယင်ရှောင်‌ရှောင်းတွေ့ရှိလိုက်ရသည်မှာ အဆိုပါဂူမှာ အလွန်အမင်း လင်းထင်းနေခြင်းပင်။ သူရောက်ရှိနေသည့်နေရာမှာ ၁၀ မီတာအကွာရှိ လေထဲတွင် ပျံသန်းနေသည့် ခြင်များကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ယင်ရှောင်ရှောင်း၏ အမြင်အာရုံမှာ အလွန်ကောင်းသည်ဟု ဆိုရမည်ဖြစ်သော်ငြား ဤမျှလောက်အထိ မြင်နိုင်စွမ်းအားမှာမူ ယင်းဂူမှာ မည်မျှအထိ လင်းထင်းနေသည်ကို ဆိုနေခြင်းပင်။

ထို့နောက် အလွန်အမင်း အိပ်စက်ချင်နေခဲ့သူ ယင်ရှောင်ရှောင်းမှာ အတော်လေး ဝမ်းနည်းလာတော့သည်။

အဲဒိ မျက်လုံးကြီးတွေဖွင့်ပြီး ဘယ်လိုအိပ်ဖို့ အာရုံစိုက်နိုင်တော့မှာလဲလို့..

ဂူမှာလင်းလွန်းသည်ကြောင့် ရှောင်ရှောင်း၏ မျက်လုံးများမှာ အလင်းစူးနေသကဲ့သို့ ခံစားနေရလေသည်။

ယင်ရှောင်ရှောင်း ထိုကိစ္စနှင့်ပတ်သက်၍ တွေးတောပြီးသည့်နောက်တွင် အဖြေတစ်ခု ရလာခဲ့သည်။

သေးငယ်လှသည့် တွင်းပေါက်အတွင်းမှ ထွက်လာပြီးနောက်တွင် အခြားနည်းတစ်မျိုးဖြင့် ပြန်ဝင်လိုက်သည်။

ကဲ ကြည့်လေ.. အခုလိုဆို မျက်လုံးဖွင့်ထားရင်တောင် အိပ်လို့ရသွားရော.. ဘာမှမမြင်ရတော့ဘူး..

ယင်ရှောင်ရှောင်း ပျော်ရွှင်လာပြီး ယခုအခါတွင်မူ သူ၏မျက်လုံးများအား ဖွင့်ထားမည်ဆိုလျင်ပင် အိပ်စက်သွားနိုင်ပြီ ဖြစ်သည်။

တဖြည်းဖြည်းနှင့် ကောင်းကင်မှာ အမှောင်သန်းလာသည်။ ဟွားရှောင်ဟွားမှာလည်း ဘေးအိမ်မှ အိမ်ပြန်ရောက်လာပြီဖြစ်သည်။ အိပ်ပျော်လျက်ရှိသည့် ယင်တပိုင်မှာလည်း ဇနီးဖြစ်သည်၏ အမြီးနှင့်ရိုက်ကာ နှိုးခြင်းခံလိုက်ရသည်။ ဟွားရှောင်ဟွား အိမ်ထဲသို့ အရင်ဝင်လာပြီး ယင်တပိုင်မှာ နောက်မှလိုက်လာပြီး အထဲဝင်ရန် ငြင်းဆန်နေသည့် ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့အား သူ၏အမြီးနှင့် ချည်နှောင်ကာ အိမ်ထဲသို့ ဆွဲခေါ်လာသည်။ ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်မှာမူ ခါယမ်းကာဖြင့် အနောက်မှလိုက်လာကြသည်။

“ရှောင်ရှောင်း ဘယ်မှာတုန်း..”

ဟွားရှောင်ဟွား စိမ်းစိမ်းဝါးဝါး.. အဟမ်း.. ယင်တပိုင်အား ကြည့်လိုက်သည်။

“သားသားသိတယ်.. သားသားသိတယ်..”


ဟွားရှောင်ဝူမှာ ဟွားရှောင်ဟွား၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

“ရှောင်ရှောင်းက အရမ်းမိုက်တာပဲ.. သူ့ခန္ဓာကိုယ်ကိုလည်း ဖြောင့်နေအောင် ဆန့်နိုင်တယ်.. ပြီးတော့ အော်တာကလည်း တအားကျယ်တာလို့..”


“...”
ဟွားရှောင်ဟွားမှာ ခေတ္တမျှ အသက်မဲ့စွာဖြင့် ဟွားရှောင်ဝူအား ကြည့်နေလေသည်။ ထို့နောက်တွင် ယင်တပိုင်အား စူးစူးဝါးဝါး လှည့်ကြည့်လိုက်သည်။


“ရှောင်ရှောင်းက ဒီဂူထဲဝင်သွားတာလေ.. ကိုယ်သွားရှာလိုက်မယ်နော်..”

ယင်တပိုင် ပြန်ဖြေပြီး ချက်ချင်းဆိုသလို ဂူအတွင်းသို့ ဝင်သွားလေသည်။

ယင်တပိုင်မှာ သူ့နောက်သို့လိုက်လာသည့် ယင်ရှောင်ယိအား အမြီးဖြင့်တားလိုက်သည်။ မြွေပေါက်လေး၏ အနံ့ခံအာရုံမှာ အပြည့်အဝ ဖွံ့ဖြိုးခြင်းမရှိသေးသည့်အတွက် မည်သည့်အရာကိုမျှ ရှာတွေ့နိုင်မည် မဟုတ်သေးချေ။ ယင်တပိုင်မှာ ခပ်မိုက်မိုက်ပုံစံဖြင့် ‌ရှောင်ယိ၏ခေါင်းအား ပုတ်လိုက်သည်။

“သားနေခဲ့.. ပါပါးသွားကြည့်လိုက်မယ်..”

ဟွားရှောင်ဟွားမှာမူ ယင်တပိုင်အားကြည့်ကာဖြင့် ခေါင်းယမ်းလိုက်မိသည်။

“အာ.. သူ့အနံ့ခံအာရုံကလည်း အဲလောက်ကြီး ကောင်းနေတာ မဟုတ်ဘူးလေ.. အဲဒီယင်တပိုင်ကတော့ ဘာလို့များ အဲလိုပြောသွားတာလဲပဲ..”

ဘာလို့ဆို ပါပါးက မာမားကို သူ့နောက်လိုက်မလာစေချင်လို့လေ...

ယင်ရှောင်စစ် စိတ်ထဲ၌ တီးတိုးပြောနေပြီး ဟွားရှောင်ဟွား မမြင်ကွယ်ရာတွင် မျက်လုံးလှိမ့်လိုက်သည်။

“ဟွားရှောင်အာ.. ဟွားရှောင်စန်း.. ဘာတွေလုပ်နေတာလဲ သားသားတို့..”

ဟွားရှောင်ဟွားမှာ ဘာမှလုပ်စရာမရှိသည့်အတွက် ပျင်းလာသည့်ကြောင့် မြေပြင်ပေါ်တွင်လဲလျောင်းကာဖြင့် အကြောင်းအရင်း မည်မည်ရရမရှိဘဲ အမြီးတရမ်းရမ်းဖြစ်နေသည့် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းအား ငုံ့ကြည့်လိုက်သည်။

“သားသားသိတယ်.. သားသားသိတယ်..”

ဟွားရှောင်ဝူမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ဟွားရှောင်ဟွားအား မော့ကြည့်လိုက်သည်။

ဟွားရှောင်ဟွားမှာမူ ဟွားရှောင်ဝူ စကားပြောခြင်းမရှိသလိုပင် ပြုမူလိုက်သည်။

“ယင်ရှောင်စစ် ရှင်းပြပါဦး..”

“ရှောင်ရှောင်းက သူ့ကိုယ်လုံးကို ဖြောင့်တန်းနေအောင် ဆွဲဆန့်နိုင်တာ.. အဲဒါကို အာ့ကောကောနဲ့ စန်းကောကောက ရှောင်ရှောင်းလိုလုပ်ဖို့ ကြိုးစားနေကြတာ..”


“အာ.. အဲလိုမျိုး ဖြစ်နိုင်တယ်လား..”

ဟွားရှောင်ဟွားမှာ အလွန်စိတ်လှုပ်ရှားနေသည်။

“မာမားတော့ အဲလိုမျိုး မစမ်းကြည့်ဖူးဘူးရယ်..”


ထို့နောက်တွင် ဟွားရှောင်ဟွားမှာ မြေပေါ်သို့ လှဲချလိုက်ပြီး စတင်ကာဖြင့် လူးလွန့်တော့သည်။

စိတ်လှုပ်ရှားနေသည့် ဟွားရှောင်ဝူမှာ ပျော်ရွှင်စွာဖြင့် ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဟွားတို့အား ပတ်ပတ်လည်လှည့်ကာ ညွှန်ကြားချက်များပေးနေလေသည်။

“ဒီနားလေး နည်းနည်း.. ဟုတ်ပြီ ဟုတ်နေပြီ.. အာ.. မဟုတ်သေးဘူးလေ.. ဒီဘက်နားလေးကို ပိုပြီးတော့.. မှန်တယ်.. မှန်တယ်.. အဲဒီလိုမျိုး အတိအကျပဲ..”

ယင်ရှောင်ယိမှာမူ ယင်တပိုင်ထွက်သွားသည့်ဘက်သို့ မျက်နှာမူကာဖြင့် တစ်ကိုယ်တည်း လဲလျောင်းလျက်ရှိလေသည်။

ယင်ရှောင်စစ်မှာမူ သူ၏စိတ်ထဲရှိအတွေးများကြောင့် တိတ်တဆိတ်မျက်ရည်များကျကာဖြင့် ခေါင်းခါလိုက်သည်။

ငါကတော့ မှားယွင်းတဲ့မြွေဥထဲ ရောက်လာတာပဲဖြစ်ရမယ်.. ဟုတ်တယ်.. အဲလိုပဲဖြစ်မှာ..

ဂူ၏ လက်ယာဘက်အောက်ခြေထောင့်ရှိ တွင်းပေါက်လေးထဲတွင် ရှိနေသည့် ယင်ရှောင်ရှောင်းအား ယင်တပိုင် ရှာတွေ့လိုက်လေသည်။ ယင်တပိုင်မှာ ယင်ရှောင်ရှောင်း၏ အနည်းငယ်သာ ထွက်ပြူနေသည့် အမြီးပိုင်းအား အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်သည်။


ရှောင်ရှောင်းလေးက ဘာတွေလုပ်နေတာလား..

ယင်တပိုင် ကြောင်အနေမိသည်။


ထို့ကြောင့် ယင်တပိုင်မှ ခန္ဓာကိုယ်အား‌ ကွေးကာဖြင့် ထိုတွင်းပေါက်ငယ်လေးထဲသို့ ချောင်းကြည့်လိုက်သည်။

ဒီအပေါက်လေးက လုံးဝကို ချောင်းကြည့်လို့တောင် မရဘူး..


အဲဒီတော့ တကယ်ကို အတော်လေးသေးတဲ့ အပေါက်လေးပေါ့လေ..

ယင်တပိုင် ဝင်‌ရောက်ဖို့ရန်မှာ အလွန်အင်မတန် ကျဉ်းမြောင်းလွန်းနေသည့်အတွက် မွေးကင်းစကလေးဖြစ်သည့် ယင်ရှောင်ရှောင်းထံတွင် အင်မတန် ပါးလှပ်သည့် ခန္ဓာကိုယ်ရှိနေသည်ကြောင့် ထိုတွင်းပေါက်လေးအတွင်းသို့ ဝင်ရောက်ကာ သုံးစွဲနိုင်ခြင်း ဖြစ်ပေသည်။

အဆုံးတွင် ယင်တပိုင်မှာ ယင်ရှောင်ရှောင်းအား ထိုတွင်းပေါ်လေးထဲ၌ တွေ့လိုက်ရသည်။

ယင်ရှောင်ရှောင်းမှာ နှစ်ခြိုက်စွာ အိပ်မောကျနေခြင်းဖြစ်သည်။ ယင်ရှောင်ရှောင်း ထိုတွင်းထဲသို့ ဝင်ရောက်ကာ မြေပေါ်တွင် မေးတင်ပြီးနောက် မကြာခင်မှာပင် အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အိပ်ပျော်နေသည့်အခါတွင် ယင်ရှောင်ရှောင်းမှာ ကောင်းမွန်သည့်အနေအထား မရှိချေ။

ထိုတွင်းပေါက်လေး၏ အချင်းမှာ ရှောင်ရှောင်းအတွက် ကျုံ့နိုင် ဆန့်နိုင်ပြီး ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲအိပ်စက်နိုင်သည်အထိ ကျယ်ဝန်းသည်ကြောင့် ရှောင်ရှောင်းမှာ အကျိုးရှိရှိ အသုံးချလေတော့သည်။

ထို့ကြောင့် ရှောင်ရှောင်းအား ယင်တပိုင်တွေ့သည့်အချိန်တွင် မြွေခေါင်းမှာ အပေါ်ရောက်နေပြီး ဗိုက်သားမှာလည်း ပက်လက်လန်နေခြင်းဖြစ်သည်။ ထို့အပြင် သူ၏ပါးစပ်မှလည်း တစ်ခါတစ်ရံ အမြှုပ်တစီစီထွက်နေသေးသည်။

သူ၏ သားငယ်လေးမှာ အနည်းငယ်ထူးဆန်းသည်ဟု ယင်တပိုင် ခံစားမိသည်။

ဘယ်မြွေကများ အဲလိုပုံစံနဲ့ အိပ်လို့တုန်း..

ဟုတ်သည်။ ဤနေရာရှိ မြွေများမှာလည်း အပြင်ဘက်တွင်ရှိနေသည့် မြွေများနှင့် မတူညီပေ။ ထို့အပြင် ဤကဲ့သို့ ထူးဆန်းသည့် မြင်ကွင်းမျိုးအားလည်း မြင်ဖူးခြင်း မရှိကြချေ။

အဆုံးတွင်မူ ယင်တပိုင်မှာ ဤအခြင်းအရာအား ခေါင်းထဲမှ ထုတ်လိုက်သည်။ အဆုံးတွင်မူ ဤသည်မှာ သူနှင့် ဟွားရှောင်ဟွား၏ ကလေးဖြစ်ပေသည်။ ယင်ရှောင်ရှောင်း မည်သည့်အနေအထားဖြင့် ရှိစေကာမူ ယင်တပိုင် ကာကွယ်စောင့်ရှောက်ပေးသွားမည် ဖြစ်သည်။ သူ့အနေဖြင့် ယင်ရှောင်ရှောင်းအား ကျန်းမာသန်စွာပြီး ဘေးကင်လုံခြုံစွာ ကြီးပြင်းလာစေရန်သာ အလိုရှိပေသည်။

ယင်တပိုင် သွားများကိုသုံးကာဖြင့် ယင်ရှောင်ရှောင်းအား တွင်းထဲမှ ဆွဲထိုက်လာသည်။ ထို့နောက်တွင် အိပ်ချင်မူးတူးဖြစ်နေသည့် ယင်ရှောင်ရှောင်းအား လှည့်ပတ်စစ်ဆေးနေသည်။

သူ၏အိပ်စက်ခြင်းအား တစ်စုံတစ်ယောက်မှ လာရောက်နှောင့်ယှက်နေသည်ဟု ယင်ရှောင်ရှောင်း ခံစားနေရသည်။ ထိုလူမှာ သူအား တင်ပါးမှနေ အဝေးသို့ ဆွဲခေါ်သွားသည်။

ထိုအခြင်းအရာကြောင့် ယင်ရှောင်ရှောင်းမှာ ဆက်အိပ်မရတော့သည့်အတွက် အလွန်ဒေါသထွက်လာတော့သည်။

အေးအေးဆေးဆေး အိပ်နေတာကို ဘယ်ကောင် လာနှောင့်ယှက်တာတုန်းကွ..

အံ့အားသင့်နေသည့် ယင်ရှောင်ရှောင်းမှာ အိပ်ချင်ပြေအောင် ခေါင်းခါလိုက်ပြီး သူ့အား အနှောင့်အယှက်ပေးသူအား ဆူပူရန် ပြင်လိုက်သည်။ သို့သော်ငြား ထိုတစ်စုံတစ်ယောက်မှာ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းအား ထိတွေ့နေသည်ကို သိရှိလိုက်ရသည်ကြောင့် သူ၏အပြုအမူများ ရပ်တန့်သွားတော့သည်။

ထိုအမည်မသိသူ၏ ထိတွေ့ကိုင်တွယ်မှုကြောင့် ယင်ရှောင်ရှောင်း နိုးထလာသည်။ အပြည့်အဝနိုးထလာသည့် ယင်ရှောင်ရှောင်းမှာ သူ၏မျက်လုံးများဖွင့်ကာဖြင့် အများဆုံး ထိတွေ့ခံရသည့်နေရာအား ကြည့်လိုက်သည်။

ထို့နောက်တွင်.. ယင်ရှောင်ရှောင်းမှာ ယင်တပိုင်အား တွေ့လိုက်လေသည်။

ထို့နောက်တွင် ယင်ရှောင်ရှောင်းမှာ သူသည် အမှန်တကယ်ကိုပင် မြွေတစ်ကောင်ဖြစ်လာမှန်း သိရှိသွားတော့သည်။


သူ မြွေအဖြစ်သို့ ရောက်ရှိသွားပြီဟူသည့် အခြင်းအရာအား သူ့အနေဖြင့် လက်သင့်ခံထားပြီးဖြစ်သော်လည်း သူ့အား အကြင်နာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေသည့် မြွေကြီးကြောင့် ထိတ်လန့်နေမိသည်။

ယင်တပိုင် : ပါပါးက အကြင်နာမဲ့တဲ့အကြည့်နဲ့ ကြည့်နေတာ မဟုတ်ရပါဘူး..


ယင်ရှောင်ရှောင်း ရုတ်တရက် အေးခဲသွားကာ သူ၏လည်ချောင်းပင်လျင် ခဲတောင့်လာသည်ဟု ခံစားနေရသည်။ ယင်တပိုင်မှာ ယင်ရှောင်ရှောင်း၏ စိုက်ကြည့်နေမှုကြောင့် စိတ်ထိခိုက်လာသည်။

ဒီကလေးကတော့ ဘာလို့များ အဲဒီလောက် အသက်မဲ့ပုံပေါ်နေရတာတုန်း..

ထို့နောက်တွင် ယင်ရှောင်ရှောင်းမှာ ရုတ်တရက်ဆန်စွာ အော်ဟစ်ပြီး သူ၏ တွင်းငယ်လေးအတွင်းသို့ ပြေးဝင်သွားသည်ကို ယင်တပိုင် မြင်တွေ့လိုက်ရသည်။ ကံမကောင်းစွာဖြင့်ပင် ထိုတွင်းပေါက်လေး၏ အချင်းမှာ သေးငယ်နေသော်ငြား အပေါက်မှာမူ သိပ်မနက်ချေ။ ထို့ကြောင့် ယင်တပိုင်သည် ယင်ရှောင်ရှောင်း၏ လှုပ်ယမ်းနေမှုအား ဗလာဖြစ်စွာဖြင့်သာ ကြည့်နေမိတော့သည်။


လွန်ခဲ့သည့် တစ်မိနစ်ခန့်က..


ဟွားရှောင်အာနှင့် အခြားမြွေများသည် ယင်ရှောင်ရှောင်း၏ ဝမ်းနည်းကြေကွဲဖွယ်ရာအသံအား ကြားလိုက်ရသည်။ ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဟွားတို့သည် စိတ်လှုပ်ရှားစွာဖြင့် ယင်ရှောင်ယိအား တုပနေသည့် ဟွားရှောင်ဝူနံဘေး ဝန်းရံလိုက်ကြသည်။ ယင်ရှောင်ယိမှာမူ ယင်တပိုင်ထံသို့ ပြေးသွားလေသည်။

“မာမား တွေ့လား.. တွေ့လား.. သားသားမပြောဘူးလား.. ရှောင်ရှောင်းရဲ့အသံက အတော်လေးကျယ်ပါတယ်လို့..”