Chapter 4
အဆုံးတွင်မူ ယင်တပိုင်သည် ယင်ရှောင်ရှောင်းအား သူ၏မြွေစွယ်များဖြင့် ကိုက်ဆွဲကာ ထိုတွင်းပေါက်ထဲမှ ထပ်မံဆွဲထုတ်လိုက်ပြန်သည်။ ယင်ရှောင်ရှောင်းမှာ သတိမမူမိသည့်အတွက် မရပ်မနား လူးလွန့်နေလေသည်။ ယင်တပိုင်သူ၏နေရာသို့ ပြန်သွားလိုက်သည်။
ဟွားရှောင်ဟွားသည် ယင်တပိုင် တဖြည်းဖြည်း နီးကပ်လာသည်အား အနံ့ရလိုက်သည့်အတွက် ချက်ချင်းဆိုသလို မတ်တတ်ရပ်လိုက်ပြီး မည်သည့်အရာမျှ ဖြစ်ခဲ့ခြင်းမရှိဟန် ပြုလေသည်။
“ရှောင်ရှောင်းရေ.. ရှောင်ရှောင်း.. မင်းဘာတွေလုပ်နေတာလား..”
ဟွားရှောင်ဝူမှာ ယင်တပိုင်ထံသို့ ပြေးသွားလေသည်။ ထို့နောက်တွင် ယင်တပိုင်၏ ပါးစပ်ထဲ၌ လူးလွန့်နေသည့် ယင်ရှောင်ရှောင်းအား မော့ကြည့်လိုက်သည်။
ယင်ရှောင်ရှောင်း လူးလွန့်နေခြင်းအား ရပ်တန့်လိုက်ပြီးနောက် သူ၏ပတ်ဝန်းကြည့်အား ကြည့်လိုက်သည်။ ထို့နောက်တွင် ဂူ၏အနက်ဆုံးအတွင်းသို့ ပြေးကာ ပုန်းအောင်နေသည့်တိုင် မြွေတစ်ကောင်၏ ပါးစပ်ထဲ အဆုံးသတ်သွားရသည့် သူ့ကိုယ်သူ အံ့အားသင့်နေသည်ကြောင့် စိတ်ထဲ၌ သက်ပြင်းချလိုက်လေသည်။
လုပ်ပါဟ.. မင်းခန္ဓာကိုယ် ပိစိလေးနဲ့ ဘယ်တွေလျှောက်သွားချင်နေတာတုန်း..
ယင်ရှောင်စစ်မှာ မြွေအားလုံး၏ နောက်ကွယ်မှ မျက်လုံးသာလှိမ့်နေတော့သည်။
အရူးလေး ရှောင်ရှောင်း.. မင်းမျက်နှာပေါ်မှာ အရာအားလုံး ရေးထားသလို ပေါ်နေတာကွ..
ပြီးတော့ မင်းက မင်းရဲ့ကိုယ်ပိုင်အိမ်ထဲကို ပြေးပုန်းနေတာလေ..
အဲဒါကြောင့် ပါပါးက သွားခွင့်ပြုထားတာပေါ့.. မင်းကို ပြန်ဖမ်းဖို့ဆိုတာ မဖြစ်နိုင်တာလည်း မဟုတ်..
ဉာဏ်ရေဒီလောက်ပဲရှိတဲ့ အရူးမိသားစုထဲ မွေးဖွားလာရတာ ပျော်ရမလား ငိုရမလားတောင် မသိတော့ဘူး..
ဒီပေါတောတောမြွေတွေကပဲ ကံဆိုးတာလား အရမ်းကို ထက်မြက်တဲ့ ငါလေးကပဲ ကံဆိုးနေတာလားပဲ..
“ရှောင်ရှောင်းက အရမ်းမိုက်တာပဲ..”
“ငါတို့ရဲ့အိမ် ဘယ်မှာရှိလဲဆိုတာ မင်းဘာသာမင်း ရှာနိုင်တာ အတော်လေး အံ့ဩဖို့ကောင်းလိုက်တာနော်..”
ပထမစကားမှာ ဟွားရှောင်အာမှ ပြောလာခြင်းဖြစ်ပြီး ဒုတိယစကားမှာမူ ဟွားရှောင်စန်းမှ ပြောခြင်းပင်။
ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့၏ စကားများကြောင့် ရှောင်ရှောင်းမှာ ငိုချင်လာတော့သည်။ ထွက်ပြေးပြီး ပုန်းအောင်းရန် ကြိုးစားနေခဲ့သော်ငြား သူပုန်းမနေသင့်သည့်နေရာ၌ ပုန်းအောင်းနေခဲ့မိခြင်းပင်။
အခုလိုကြောက်ဖို့ကောင်းတဲ့ လောကကြီးမှာ ဒီထက်ပိုပြီး ဝမ်းနည်းဖို့ကောင်းတာများ ရှိဦးမလားလို့..
ဟား.. ရှောင်ရှောင်းရေ.. မင်းသေချာပေါက်ကို အခုထက်ပိုပြီး ဝမ်းနည်းကြေကွဲဖို့ကောင်းတာတွေနဲ့ ထပ်ကြုံရဦးမှာကွ..
ယင်ရှောင်ရှောင်းအား ပါးစပ်ဖြင့် ကိုက်ချီထားရခြင်းမှာ ယင်တပိုင်အတွက် အလွန်ပင်ပန်းစေသည်။ ကိုက်သတ်ပစ်ရန်မှာ လွယ်ကူလွန်းသည်။ သို့သော်ငြား ဤသည်မှာ အစာမဟုတ်ဘဲ သူ၏ရင်သွေးဖြစ်နေသည်။ ထို့ကြောင့် ကလေးအား ဖိမကိုက်မိစေရန် ကြိုးစားရခြင်းမှာ အလွန့်အလွန် ခက်ခဲလွန်းလှသည်။
ယင်တပိုင် ပါးစပ်ဖြင့် ကိုက်ချီထားသည့် ယင်ရှောင်ရှောင်းအား မြေပေါ်တွင်ချလိုက်သည်။ ယင်တပိုင် လွတ်သွားသည်နှင့်တပြိုင်နက် ချက်ချင်းဆိုသလို ထပ်မံထွက်ပြေးရန် ကြိုးစားပြန်သည်။ မီတာအနည်းငယ်ခန့် သွားပြီးသည့်အခါတွင် မှုန်ဝါးဝါးအရာတစ်ခု သူ့အား ဖြတ်ကျော်သွားသည်။ ရှေ့ဆက်ထွက်ပြေးရန် ကြိုးစားသော်ငြား ထိုအရာနှင့်ပင် ဝင်တိုက်မိနေသည်ကြောင့် ထပ်ကာထပ်ကာ လဲကျနေသည်ကြောင့် မူးဝေလာသည်။ ထို့နောက်တွင်မှ သူအသိပြန်လည်လာပြီး သူဝင်တိုက်နေသည့်အရာမှာ ယင်တပိုင်ဖြစ်ကြောင်း သိလိုက်ရသည်။
ဟွားရှောင်ဟွား ရောက်လာပြီး ရှောင်ရှောင်းအား ထွက်မပြေးနိုင်ရန် တားဆီးလိုက်သည်။
“ယင်ရှောင်ရှောင်း.. ဘာလို့အမြဲတမ်းပြေးနေတာလဲ သားသား..”
ဟွားရှောင်ဟွားမှာ အလွန်အမင်း မပျော်မရွှင်ဖြစ်လာသည်။ ဤသားငယ်လေးမှာ အမှန်တကယ်ကိုပင် ထူးဆန်းလှသည်။ သူ၏မိသားစုအား တွေ့မြင်ပြီးသည့်နောက်တွင် အမှန်တကယ် ထွက်ပြေးသွားလေသည်။
သူက ငါတို့ရဲ့ အုပ်ထိန်းမှုကို သဘောမကျတာများလား..
ယင်ရှောင်ရှောင်း တုန်ယင်နေမိသည်။
ဒီလို ကြမ်းတမ်းလွန်းတဲ့.. အမေ နဲ့ အဖေ..
ယင်ရှောင်ရှောင်း ယင်တပိုင်အား ချောင်းကြည့်လိုက်သည်။
ဒီငွေရောင်မြွေက အဖေ ဟုတ်တယ်မလား..
ဟွားရှောင်ဟွားမှာ ယင်ရှောင်ရှောင်း၏ ခေါင်းအား ကြမ်းတမ်းစွာရိုက်လိုက်သည်။
“ယင်ရှောင်ရှောင်း.. ပါပါးလို့ခေါ်..”
“ပါ.. ပါး..”
အဆိုပါ နိုင့်ထက်စီးနင်း ပြုမူသည့် စွမ်းအားအောက်တွင် ယင်ရှောင်ရှောင်း လက်နက်ချလိုက်ရသည်။
ယင်တပိုင် ချက်ချင်းဆိုသလို လည်ဆန့်ကာဖြင့် ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်းမှာ သူ၏အရှေ့တွင်ရှိနေသည့် မြွေကြီးအား မြင်သောအခါ တံတွေးမြိုချကာဖြင့် နောက်သို့ ခြေတစ်လှမ်းခန့်ဆုတ်လိုက်သည်။
“မာ.. မား..”
ထို့နောက်တွင်..
ဟွားရှောင်ဟွားမှာ အတောမသတ်နိုင်အောင် အော်ဟစ်ရယ်မောတော့သည်။ ယင်တပိုင်၏ ခန္ဓာကိုယ်မှာလည်း နက်မှောင်လာပြီး ယခင်တစ်ခါ ထိုသို့ဖြစ်လာခြင်းမှာ မနာလိုဝန်တိုမှုကြောင့်ပင်။ ယခုအခါတွင်မူ စိတ်ထဲ အောင့်သက်သက်ဖြစ်လာပြီး စော်ကားခံရသလို ခံစားလိုက်ရသည်။
“မင်းတမင်ရည်ရွယ်ပြီးလုပ်တာမလား ရှောင်ရှောင်း..”
“လုံးဝကို သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်တာပေါ့ကွ..”
ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ မတူညီသည့် ဥများမှ ပေါက်လာကြခြင်း ဖြစ်သော်ငြား ယခုအခါတွင်မူ အမြွာများကဲ့သို့ အတိုင်အဖောက်ညီလျက်ရှိကြသည်။
“ငါက မင်းပါပါးကွ..”
ယင်တပိုင် အော်ဟစ်လိုက်သည်။ ယင်ရှောင်ရှောင်း မျက်လုံး ပေကလတ်ပြုလိုက်သည်။
အဲတော့ ဒီတစ်ကောင်က အဖေ.. ဟိုတစ်ကောင်ကလည်း အဖေ..
ငါကိုယ်တိုင်နဲ့ ကျန်တဲ့ဒီလေးကောင်ကကော ဘာတွေလား..
ယင်ရှောင်စစ်မှာ ယင်ရှောင်ရှောင်းအား ကြည့်ကာဖြင့် အကဲခတ်နေသည်။ ထို့နောက်တွင် အတွေးတစ်ခု ပေါ်လာသည်။
ယင်ရှောင်ရှောင်းထံသို့ လျောတိုက်သွားပြီးနောက် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“မင်းမှာရော မှတ်ဉာဏ်အကြွင်းအကျန်တွေရှိနေတာလား ရှောင်ရှောင်း..”
ယင်ရှောင်ရှောင်း လွန်စွာတည်ငြိမ်စွာနေပြီး ဣန္ဒြေရစွာ ပြန်ဖြေသည်။
“အဲဒါက ဘာလဲဟင်..”
ယင်ရှောင်စစ်နှင့် ယင်ရှောင်ရှောင်းမှလွဲ၍ ဤနေရာ၌ ရှိနေကြသူများ အားလုံးတို့မှာ တည်ငြိမ်မနေနိုင်တော့ချေ။
“ရှောင်ရှောင်းက ငါတို့ကိုမြင်တိုင်း ထွက်ပြေးနေတာ မဆန်းတော့ပါဘူးလေ..”
ယင်ရှောင်ယိ ရုတ်တရက်ဆန်စွာ နားလည်လာခဲ့သည်။
“မဖြစ်နိုင်ဘူးလေ.. ဟုတ်တယ်မလား.. ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နိုင်မှာလဲ..”
ဟွားရှောင်ဟွားမှာ လုံးဝ အံ့ဩတကြီးဖြစ်နေတော့သည်။
“ဒီနှစ်တွေထဲမှာ အဲလိုအဖြစ်မျိုး တစ်ခါမှတောင် မဖြစ်ခဲ့ဖူးဘူးလေ..”
ယင်တပိုင်သည် ယင်ရှောင်ရှောင်းအား စေ့စေ့စပ်စပ် ကြည့်ကာဖြင့် နမ်းရှုံ့ကြည့်လိုက်သည်။ ဤကောင်လေးမှာ သူနှင့် ရှောင်ဟွားတို့၏သား ဖြစ်သည်မှာ သေချာပါ၏။ သို့သော်ငြား အဖြစ်အပျက်များမှာ ထိုကဲ့သို့ဖြစ်နေခြင်း ဆိုပါက သူ့ထံတွင် မည်သည်ကြောင့် ယခင်မှတ်ဉာဏ်များ မရှိရပါသနည်း။
ထိုညနေခင်းတွင် မြွေမိသားစု တစ်ခုလုံးသည် ယင်ရှောင်ရှောင်းအား စက်ဝိုင်းသဖွယ် ဝန်းရံလိုက်ပြီး မှတ်ဉာဏ်အမွေအနှစ်နှင့်ပတ်သက်သည့် အချက်အလက်များကို ပို့ချတော့သည်။ ထိုမှသာလျှင် ယင်ရှောင်ရှောင်း အနေဖြင့် အခြေခံနားလည်မှုအချို့ ရှိလာပေလိမ့်မည်။
ထိုအခြင်းအရာကြောင့် ဤသည်မှာ ယင်ရှောင်ရှောင်းတွေးထင်ထားသလို မရိုးရှင်းတော့ပေ။ ဤမြွေများမှာ သမားရိုးကျမြွေများ မဟုတ်ကြချေ။
သူတို့သည် ဤတောင်တန်းအား ထိန်းသိမ်းစောင့်ကြပ်သူများဖြစ်သည်။ မြွေတိုင်း၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာတွင် အမိန့်အာဏာတစ်ခု ကိန်းအောင်းလျက်ရှိသည်။
ဖြစ်နိုင်သည်မှာ ထိုအမိန့်ပေးချက်ကြောင့် ဤမြွေများသည် ပြင်ဘက်ကမ္ဘာမှမြွေများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မှတ်ဉာဏ်ဆက်ခံခြင်းဟူ၍ ဖြစ်ပေါ်လာလေသည်။ ဤတောင်တန်းဒေသအတွင်းရှိ မြွေတိုင်းတွင် မှတ်ဉာဏ်အမွေများရှိကြသည်။
သို့သော်လည်း ထိုဆက်ခံရခြင်းမှာ ထူးခြားသည့် အရည်အချင်းတစ်ရပ်မဟုတ်ဘဲ သူတို့ ထမ်းဆောင်ရမည့် တာဝန်များသာလျှင်ဖြစ်လေသည်။
သူတို့၏ အသက်များကို ဤတောင်တန်းအား ကာကွယ်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ထိုမှတ်ဉာဏ်များမှ ဤမြွေများသိထားသည်မှာ ကောင်းကင်ဘုံသည် မြွေတစ်ကောင်အား သက်တမ်း အနှစ် ၂၀၀ ပေးသနားပြီး သူတို့၏ အဆိပ်နှင့်အတူ မြွေဖိုချင်း အာဝါဟပြုမည်ဆိုလျှင်ပင် ကိုယ်ဝန်ဆောင်နိုင်ခြင်းရှိလေသည်။
ထို့အတွက် အဖိုးအခအနေဖြင့် ဤမြွေများသည် မှတ်ဉာဏ်များကို ဆက်ခံရပြီး ဤတောင်တန်းမှ ထွက်ခွာခွင့်မရှိကြချေ။ ထို့အပြင် မြွေဖိုဖိုစုံတွဲနှင့် မြွေဖိုမ စုံတွဲတိုင်းတွင် တစ်ကြိမ်သာလျှင် မွေးဖွားနိုင်စွမ်းရှိလေသည်။
“မှတ်ဉာဏ်အမွေဆက်ခံထားရတဲ့ မြွေတစ်ကောင်ကောင်က ဒီတောင်တန်းကနေ ထွက်သွားဖို့ ကြိုးစားဖူးလား..”
ယင်ရှောင်ရှောင်း မေးလိုက်သည်။
“တချို့ကတော့ ကြိုးစားကြတာပေါ့.. ဒါပေမဲ့လည်း အဲလိုထွက်သွားဖို့ ကြိုးစားကြတဲ့မြွေတိုင်း ချွင်းချက်မရှိပဲ ခုနစ်ရက်အတွင်းမှ လမ်းပျောက်ပြီး သေသွားကြတယ်.. ဘယ်မြွေမှ သူတို့သေသွားရတဲ့ အကြောင်းအရင်းကို မသိကြဘူး..”
ယင်တပိုင် ရှင်းပြလာသည်။
ဤတောင်တန်းသည် အဆိုပါ မှတ်ဉာဏ်ဆက်ခံထားရသည့် မြွေများအားလုံး ထွက်ခွာသွားနိုင်ခြင်း မရှိစေရန် ညှို့ငင်ထားပုံရသည်။ အခြားသက်ရှိများနှင့် မှတ်ဉာဏ်ဆက်ခံထားခြင်း မရှိသည့် မြွေများအားလုံးတို့မှာမူ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ကြသည်။
“အဲတော့ ရှောင်ရှောင်းရေ.. သားက ဒီတောင်တန်းမှာ မွေးဖွားလာပြီးတော့ မာမားနဲ့ ပါးပါးရဲ့ ကလေးလေးဆိုတာ သေချာပါတယ်ကွယ်.. မင်းမှာ အဆိပ်လည်းရှိတယ်.. အဲဒီတော့ ဘာလို့များ မှတ်ဉာဏ်အမွေဆက်ခံခြင်း မရှိရမှာတုန်း..”
အာ.. ဟုတ်တယ်.. ဒီတောင်တန်းမှာဆိုရင် မှတ်ဉာဏ်အမွေဆက်ခံထားရတဲ့ မြွေတွေမှာပဲ အဆိပ်ကရှိတာ..
သာမန်မြွေတွေဆိုရင် အန္တရာယ်လည်းမရှိတဲ့အပြင် အဆိပ်ရှိတဲ့ မြွေတွေကတောင် သူတို့ကို ပြန်ပြီးဖမ်းပြီး စားလိုက်သေးတယ်..
ယင်ရှောင်ရှောင်းမှာ ရိုးရှင်းစွာပင် ဟွားရှောင်ဟွား၏ မျက်လုံးများအား ကြည့်လိုက်သည်။ သို့သော်လည်း သူ၏ စိတ်ထဲ၌မူ ထင်မြင်ချက်တစ်ခု ရှိနှင့်ပြီးဖြစ်သည်။ ယင်ရှောင်ရှောင်း၏ ဝိညာဉ်မှာ လူသားဝိညာဉ်ဖြစ်ပြီး မြွေတစ်ကောင်မဟုတ်ချေ။ ထို့အပြင် သူသည် ပုံမှန်အနေအထားဖြင့် ပြန်လည်မွေးဖွားလာခြင်း မဟုတ်သည့်အပြင် သူ၏ ဦးနှောက်အတွင်း၌လည်း ထိုမှတ်ဉာဏ်ဆက်ခံခြင်းများ ရှိမနေခြင်းမှာ ပုံမှန်ပင်ဖြစ်ပေလိမ့်မည်။
ဟုတ်တယ်မလား.. ဟင်.. ဟုတ်တယ်မလားလို့.. ဟုတ်တယ်..
ဤတောင်တန်းတွင် မြွေပေါင်း ထောင်နှင့် သောင်းနှင့်ချီ၍ ရှိသည်။ အများစုမှ ယင်ရှောင်ရှောင်းတို့မွေးဖွားရာ တောင်တွင် နေထိုင်ကြသည်။ ထိုမြွေများအား မျိုးနွယ်စု ရှစ်ခုအဖြစ် ပိုင်းခြားထားပြီး အဆိပ် ပြင်းအားအပေါ်လိုက်၍ အဆင့်သတ်မှတ်လေသည်။
ထိုမြွေမျိုးနွယ်များမှာ မော့မျိုးနွယ် (မင်ရောင်/အနက်ရောင်)၊ ဟုန်မျိုးနွယ် (အနီ)၊ လန်မျိုးနွယ် (အပြာ)၊ ယင်မျိုးနွယ် (ငွေ)၊ ပိုင်မျိုးနွယ်(အဖြူ)၊ ဟွားမျိုးနွယ် (ငန်း)၊ ဟွမ်မျိုးနွယ် (အဝါ)နှင့် လုမျိုးနွယ် (အစိမ်း) ဟူ၍ဖြစ်ပြီး မော့မျိုးနွယ်မှာ အသန်မာဆုံးဖြစ်ကာ လုမျိုးနွယ်မှာ အားအနည်းဆုံးဖြစ်သည်။
သို့တိုင်အောင် အင်အားအနည်းဆုံးမျိုးနွယ်ဖြစ်သည့် လုမြွေ၏ အဆိပ်သည် ဤတောင်တန်းပြင်ပရှိ အဆိပ်ပြင်းမြွေတစ်ကောင်၏ အဆိပ်ထက် ဆယ်ဆခန့် ပိုပြင်းလေသည်။ ထို့အပြင် ထိုမျိုးနွယ်စုများအတွင်း မကြာခဏဆိုသလို ထိမ်းမြားပွဲများလည်း ကျင်းပလေ့ရှိသည်ကြောင့် ဤတောင်တန်းတွင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ကဲ့သို့သော မြွေစုံတွဲများကို အတွေ့များလေသည်။
မြွေများအားလုံးတွင် မော့မျိုးရိုးမှာ အဆိပ်အပြင်းဆုံးဖြစ်ပြီး ထိုမော့မျိုးရိုးထဲမှ အဆိပ်အပြင်းဆုံး မြွေမှာ အုပ်ချုပ်သူ ဧကရာဇ်ဖြစ်လေသည်။
ဟမ်.. ဘယ်မြွေက အသန်မာဆုံးလဲဆိုတာ ဘယ်လိုပြောမတုန်း..
ယင်းမှာ လွန်စွာရိုးရှင်းလှသည်။ ပြောရမည်ဆိုလျှင် မော့မြွေများ၏ ခန္ဓာကိုယ်မှာ အလုံးစုံ နက်မှောင်နေခြင်း မဟုတ်ချေ။ မော့မြွေအများစု၏ ခန္ဓာကိုယ်တွင် အပြောက်ကွက်များ ပါရှိတတ်သည်။ ထို့ကြောင့် ခန္ဓာကိုယ် အကြီးဆုံးနှင့် နက်မှောင်နေသည့် အရောင်အသွေးရှိသည့် မြွေအား အဆိပ်အပြင်းဆုံးနှင့် အသန်မာဆုံးဟု သတ်မှတ်လေသည်။