အပိုင်း ၅
Viewers 12k


Chapter 5



ထိုရှင်းလင်းချက်ကြီးပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းမှာ ရှုပ်ထွေးမှုနှင့်အတူ မျက်စိလည်နေတော့သည်။ သို့သော်လည်း ဤနေရာ၏ နောက်ခံအကြောင်းအရာအား အကြမ်းဖျဉ်းမျှ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။

ပင်ပန်းနေသည့် ယင်ရှောင်ရှောင်းအားကြည့်ကာဖြင့် ယင်တပိုင်မှာ ဟွားရှောင်ဟွား၏ ရှင်းလင်းပို့ချနေမှုအား ရပ်တန့်စေလိုက်သည်။

“ကျန်တာကို မနက်ဖြန်မှ ဆက်ပြောလို့ရပါတယ်ကွာ.. ရှောင်ရှောင်းက ပင်ပန်းနေပြီ..”

ဟွားရှောင်ဟွား ပါးစပ်ပိတ်သွားသည်။

“သွားအိပ်တော့.. သွားအိပ်တော့.. မာမားတို့ ဆွေးနွေးနေတာကို မနက်ဖြန် သားသားတို့ မထခင်အထိ ရပ်ထားလို့ရတယ်..”

ဟွားရှောင်ဟွား စကားပြောရပ်လိုက်ပြီး ထွက်သွားလေသည်။ ယင်တပိုင်မှာလည်း ချက်ချင်းဆိုသလို လိုက်ပါသွား၏။ ယင်ရှောင်ရှောင်း ထူးဆန်းနေမိသည်။

ဖြစ်နိုင်တာက.. မြွေပေါက်လေးတွေနဲ့ မိဘတွေက အတူတူ မအိပ်ကြဘူးလား..

သို့သော်လည်း အခြားမြွေပေါက် ငါးကောင်၏ အမှုမထားသလို အမူအရာကင်းမဲ့နေသည့် မျက်နှာများကြောင့် ယင်ရှောင်ရှောင်းမှာ ခပ်ဆိတ်ဆိတ် နေလိုက်ရသည်။

“ရှောင်ရှောင်းရေ.. ဒီညတော့ တူတူအိပ်ကြမယ်နော်..”

ဟွားရှောင်ဝူရောက်လာကာ ရှောင်ရှောင်းအား ပွတ်သပ်နေပြီး လျှာဖြင့်လျက်လိုက်သည်။ မြွေတစ်ကောင်အနေဖြင့် ပြောရမည်ဆိုလျှင် ထိုအပြုအမူမှာ အနမ်းပေးလိုက်ခြင်းပင်။ ယင်ရှောင်ရှောင်း ရှောင်လိုက်ပြီး ခက်ခက်ခဲခဲဖြင့် ပြောလာသည်။

“ငါ.. ငါက ငါ့ဘာသာအိပ်မှာ.. စိတ်မရှိပါနဲ့နော်..”

ဘုရားရေ.. ဘယ်သူကမှ မနက်စောစော မြွေတစ်ကောင်ကို အရင်ဆုံး မြင်ချင်မနေဘူးနော်..

ယင်ရှောင်ရှောင်း စိတ်ထဲ၌ အော်ဟစ်နေလေသည်။

ဟွားရှောင်ဝူမှာ ချက်ချင်းဆိုသလို ဝမ်းနည်းတကြီးဖြင့် တီးတိုးရေရွတ်နေတော့သည်။

“ရှောင်ရှောင်းက ငါ့ကိုမကြိုက်ဘူး.. ရှောင်ရှောင်းက ငါ့ကိုမကြိုက်ဘူး...”

ယင်ရှောင်ရှောင်း မကြားဟန်ပြုလိုက်သည်။ မည်သူမဆို ထိုသို့ပြောသည်အား ကြားလိုက်ရလျှင် မကြားဟန်ဆောင်ကြမည်ပင်။

ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ တပြိုင်နက် လှည့်ကြည့်လာကြသည်။ ထို့နောက်တွင် သူတို့သည်လည်း ယင်ရှောင်ရှောင်းထံသို့ ရောက်လာကြတော့သည်။

“မှတ်ဉာဏ်ဆက်ခံတဲ့သူတွေပြောတာက...”

“မြွေပေါက်လေးတွေက အိပ်တဲ့အခါ တစ်စုတစ်စည်းတည်း အိပ်ကြရမှာတဲ့..”

ယင်ရှောင်ရှောင်းမှာ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့အား ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ယင်ရှောင်ယိအား တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။

ယင်ရှောင်ယိ ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

ယင်ရှောင်ရှောင်း ကြက်သေသေသွားလေသည်။

ယင်ရှောင်စစ်၏ နှုတ်ခမ်းထောင့်များ မဲ့ကျသွားသည်။

ထို့နောက်တွင် ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့သည် တွန်းကာတိုက်ကာဖြင့် ယင်ရှောင်ရှောင်းအား အပေါ်မှဖိထားကြလေသည်။ ထိုသို့ဖိထားရင်းနှင့် ဟွားရှောင်ဝူအော်ပြောလေသည်။

“ယိကောကောနဲ့ စစ်ကောကော.. မြန်မြန်လေးလာ မြန်မြန်လေး.. တူတူအိပ်ကြမယ်ဟေ့..”

ယင်ရှောင်ယိ မျက်နှာသေနှင့်ပင် လျှောတိုက်ကာ ရောက်ရှိလာပြီး ယင်ရှောင်ရှောင်းအပေါ်ရှိ မြွေပုံပေါ်သို့ တက်လိုက်သည်။

ယင်ရှောင်စစ်မှာ ခေတ္တမျှ တုံ့ဆိုင်းနေပြီး စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက်တွင် အတူတူပူးအိပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

မြွေပေါက်လေး ငါးကောင်မှာ ယင်ရှောင်ရှောင်းအား အလယ်တွင်ထားကာဖြင့် တစ်ကောင်နှင့်တစ်ကောင် မုန့်ကြိုးလိမ်သဖွယ် ရစ်ပတ်ကာဖြင့် ရှိနေကြသည်။

ယင်ရှောင်ရှောင်းမှာ သူ၏ မြွေသိက္ခာဆုံးရှုံးမှုကြောင့် ဘာပြောရမှန်းမသိအောင် ဖြစ်နေတော့သည်။


ဟိုလီရှစ်!

ငါ့အရင်ဘဝက မကောင်းမှုတွေ ဘယ်လောက်တောင် လုပ်ခဲ့မိတာတုန်း..

ကောင်းကင်မှာ တဖြည်းဖြည်း မည်းမှောင်လာပြီး ဂူထဲတွင်လည်း ပိန်းပိတ်အောင် မှောင်လို့လာသည်။ လွတ်မြောက်ဖို့ ကြိုးစားခြင်း ကျဆုံးသွားပြီးနောက်တွင် ယင်ရှောင်ရှောင်းမှာ ထိုပုံပန်းမကျသည့် အနေအထားနှင့်ပင် အိပ်ပျော်သွားတော့သည်။

စိတ်ထဲကနေ ထုတ်လိုက်တာပဲကောင်းတယ်..

သူတို့က ငှက်မွေးလို ပေါ့နေတာပဲနော်..

ဂူအတွင်းသို့ နေထိုးလာသည့်အခါတွင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ချက်ချင်းဆိုသလို နိုးလာကြသည်။ ထိုစုံတွဲမှာ အခြားဂူမှတဆင့် ဂူအတွင်းသို့ ရောက်ရှိလာကြသည်။ ထို့နောက်တွင်..

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ မုန့်ကြိုးလိမ်နှင့်တူနေသည့် မြွေပုံအားကြည့်ကာဖြင့် ဆွံ့အနေကြလေသည်။

ဒီကလေးတွေ ဘာလို့များ အခုလိုဖြစ်နေကြတာတုန်း..

ဟွားရှောင်အာ၏ ခေါင်းအား ဟွားရှောင်ဟွား ပုတ်လိုက်သည်။ ဟွားရှောင်အာ နိုးမလာချေ။ သူ၏ဘေးရှိ ဟွားရှောင်စန်းအား နှိုးလိုက်သော် အတူတူပင်ဖြစ်သည်။ ထို့နောက် ဟွားရှောင်ဝူအား ထိလိုက်သော်လည်း ထိုနည်းလည်းကောင်းပင်။



“...”

ယင်တပိုင် ယင်ရှောင်စစ်အား ပုတ်လိုက်သည်။ ယင်ရှောင်စစ် ချက်ချင်းဆိုသလို မျက်စိပွင့်လာပြီး ယင်တပိုင်အား စိုက်ကြည့်လာသည်။

“အဟမ်း.. ရှောင်စစ်ရေ.. မင်းတို့တွေ ဘာလုပ်နေကြတာတုန်း..”

ယင်တပိုင် ခံစားမိသည်မှာ သူ၏စတုတ္ထသားထံတွင် ထူးဆန်းသည့် လေထုတစ်လွှာရှိနေသည် ဟူ၍ဖြစ်ပြီး သူ့အား အနည်းငယ် ထိတ်လန့်စေသည်။ ထိုသားဖြစ်သူနှင့် နှိုင်းယှဉ်ပါက အငယ်ဆုံးသားလေးမှာ အတော်ကိုပင် ပုံမှန်ဖြစ်လေသည်။

“အိပ်နေတာ..”

ယင်ရှောင်စစ်ထံမှ စကားလုံး သုံးလုံးသာလျှင် ထွက်လာလေသည်။ ထို့နောက်တွင် ခေါင်းငိုက်ကာဖြင့် ယင်တပိုင်ထံသို့ အမြီးလှည့်လိုက်သည်။


“...”


ဟွားရှောင်ဟွား ခေါင်းထဲ ချာချာလည်နေတော့သည်။

“ဆိုတော့.. ဒါက အိပ်နည်းအသစ်ပေါ့.. ဒီလိုအိပ်ရင် အကျိုးကျေးဇူးတွေဘာတွေများ ရနိုင်လား..”


ဟွားရှောင်ဟွားမှာ ယင်တပိုင်အား အပေါ်ယံဆန်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် “မုန့်ကြိုးလိမ်” ထုံးအား ပြန်လည် အာရုံစိုက်လိုက်သည်။ အမြီးမှာ ရှေ့နောက် ယမ်းနေသည့်အတွက် ယင်တပိုင် စိတ်ထဲ၌ အူမြူးနေတော့သည်။

ရှောင်ဟွားလေးက ရှက်နေတာ.. ရှက်နေတာ..


“..ငါ့ကို တစ်ယောက်ယောက် လွှတ်ပေးနိုင်မလားဟင်.. ငါပြောနေတာလေး ကြားရဲ့လား..”

“မုန့်ကြိုးလိမ်” ထုံး၏ အောက်ခြေမှ အားနည်းဖျော့တော့နေသည့် အသံတစ်သံ ထွက်လာသည်။ ဟွားရှောင်ဟွား စေ့စေ့စပ်စပ် ကြည့်လိုက်သည့်အခါ ယင်ရှောင်ရှောင်းအား တွေ့လိုက်ရသည်။

အဆုံးတွင် ယင်ရှောင်ရှောင်းအား ယင်တပိုင် ဆွဲထုတ်လိုက်သည်။ ဟွားရှောင်ဟွား ပျော်ရွှင်စွာဖြင့် ဘေးသို့ရွှေ့ပေးလိုက်သည်။

ထို့နောက်တွင် “မုန့်ကြိုးလိမ်” ပုံပျက်သွားပြီဖြစ်သည်ကြောင့် မြွေပေါက်လေးများ နိုးလာတော့သည်။

“ဖေဖေ.. သားဗိုက်ဆာတယ်..”

ယင်းမှာ နိုးထလာပြီဖြစ်သည့် ဟွားရှောင်ဝူထံမှ ထွက်ပေါ်လာသည့် ပထမဆုံး စကားပင်။

ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာလည်း ဟွားရှောင်ဝူနံဘေးမှနေ အပြိုင်အဆိုင် ခေါင်းညိတ်ကြလေသည်။

“တပိုင် သွား.. အစာသွားရှာ..”


ဟွားရှောင်ဟွား အမိန့်ပေးလိုက်သည်။ ယင်တပိုင်မှာ ဝမ်းနည်းတကြီးဖြင့် အစာရှာဖို့ရန် ထွက်သွားလေသည်။

ဂါးးးး ဒီမိသားစုမှာ ငါ့နေရာက အနိမ့်ဆုံးဖြစ်နေပုံပဲ..

ထို့နောက်တွင် ဟွားရှောင်ဝူမှာ ယင်ရှောင်ရှောင်းနံဘေးသို့ ပြေးသွားသည်။

“ရှောင်ရှောင်းရေ.. အခုကစပြီး ငါတို့တွေ မင်းကိုအလယ်မှာထားပြီး အတူတူအိပ်ကြမှာနော်.. အဲဒါမှ ကောကောတို့က မင်းကို ကာကွယ်ပေးနိုင်မှာ..”

ယင်ရှောင်ရှောင်း စိတ်ထဲမှနေ မျက်စိသာ လှိမ့်လိုက်တော့သည်။

အဲတော့ မင်းတို့ငါ့ကို အသက်တောင်မရှူနိုင်အောင် ဖိထားတာက ညီအစ်ကိုအချင်းချင်းကြားက အချစ်ပေါ့လေ..

သူ၏ ကလေးများမှာ သူတို့၏ ညီအငယ်ဆုံးလေးအား အလွန်သဘောကျနှစ်ခြိုက်သည့်အတွက် မုန့်ကြိုးလိမ်ဖြစ်လာခဲ့ခြင်းဟူသည်ကို ဟွားရှောင်ဟွား နားလည်သွားတော့သည်။


ကြင်နာတတ်လိုက်တာနော်..

ဒီလိုကြင်နာမှုမျိုးက ကောင်းတဲ့အရာပဲ.. အရမ်းကောင်းတယ်..

အစ်ကိုကြီးတွေက သေချာပေါက်ကို သူတို့ရဲ့ညီငယ်လေးကို ကာကွယ်ပေးရမှာပေါ့..

“ဒါနဲ့.. သားမှာ မေးစရာရှိနေတာ.. သားတို့မိသားစုမှာ ဘာလို့ တချို့ကကျ ဟွား ဖြစ်နေပြီး တချို့က ယင် ဖြစ်နေတာလဲ..”

ယင်ရှောင်ရှောင်း ထိုမေးခွန်းအား လွန်ခဲ့တဲ့ရက်ကတည်းက မေးချင်နေခဲ့ခြင်းဖြစ်သည်။

ဒီ မြွေဖိုနှစ်ကောင်က ဒီကလေးတွေကို အတူတူ မွေးထားကြတာလား..

ဒါပေမဲ့လည်းပေါ့လေ.. လိုက်ပြီး စုံစမ်းကြည့်နေတာထက် တိုက်ရိုက်မေးလိုက်တာက ပိုကောင်းတယ်လေ.. သိတယ်မလား..

“မွေးပြီးတာနဲ့ ခန္ဓာကိုယ်ရဲ့ အရောင်တွေအပေါ် မူတည်ပြီး မျိုးရိုးနာမည် ပေးထားတာလေ.. ယိကောကောရယ်.. ရှောင်းတိတိရယ်.. ငါရယ်က ငွေရောင်လေ.. အဲဒါကြောင့် ငါတို့ကို ယင်မြွေလို့ခေါ်တယ်.. အာ့ကောကောရယ်.. စန်းကောကောရယ်.. ဝူတိတိရယ်ကကျ အကြားအကြားနဲ့လေ.. အဲဒါကြောင့် ဟွားမြွေလို့ခေါ်တယ်..”

ယင်ရှောင်စစ် စိတ်ရှည်လက်ရှည်ဖြင့် ယင်ရှောင်ရှောင်းအား ရှင်းပြလိုက်လေသည်။

“အဲဒါဆို ဒီတောင်တန်းမှာ မြွေတွေရဲ့ အရောင်ပေါ်မူတည်ပြီး မျိုးရိုးနာမည် သတ်မှတ်တာပေါ့နော်.. ပြီးရင်ကော..”

ယင်ရှောင်ရှောင်း ခန့်မှန်းကာပြောသည်။

ယင်ရှောင်စစ် ခေါင်းညိတ်လိုက်သည်။

“ပြီးရင် ဖို-ဖို စုံတွဲတွေမှာလည်း ကလေးရနိုင်တယ်.. အဆိပ်ပိုပြင်းတဲ့သူကို ဖေဖေလို့ခေါ်ရပြီး ကျန်တဲ့သူကို ပါပါးလို့ခေါ်ရတယ်..”

ယင်ရှောင်စစ်မှာ ယင်ရှောင်ရှောင်းသိသင့်သည့် အခြေခံဗဟုသုတများအား ဆက်လက်ရှင်းပြလေသည်။

ဟွားရှောင်ဟွား နှာမှုတ်ကာဖြင့် ဘေးကပ်သွားသည်။

ယင်ရှောင်စစ် မည်သည့်အသံမျှ မကြားဟန်ပြုလေသည်။ ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွားအား ခိုးကြည့်လိုက်သည်။

မြွေတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခြင်းဖြစ်ပြီး အတိတ်ဘဝတွင် မြွေများကို ကြောက်ရွံ့တတ်သူ ဖြစ်ခဲ့သော်ငြား ယမန်နေ့ ညနေခင်းနှင့် ယခုမနက်ပိုင်း ပြောဆိုဆက်ဆံကြည့်ပြီးသည့်နောက်တွင် ဤမြွေများမှာ ချစ်စရာကောင်းလှသည်ဟု ယင်ရှောင်ရှောင်း ခံစားမိသည်။

ဤသည်မှာ ယင်ရှောင်ရှောင်း၏ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်သည့်အရာပင်ဖြစ်သည်။ သို့တည်းမဟုတ်ပါက အနာဂါတ်တွင် ပိုမိုများပြားသည့် မြွေများကို မြင်တွေ့ရလျှင် ကြောက်လန့်ကာဖြင့် သေဆုံးသွားနိုင်သည်။

ယင်ရှောင်ရှောင်း ပတ်ပတ်လည်အား ဂရုတစိုက်ကြည့်လိုက်သည်။ ဟွားရှောင်ဟွားမှာ ယင်ရှောင်စစ်၏ အပြောကြောင့် စိတ်ကောက်နေဆဲပင်။ ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့မှာ ဆော့ကစားနေကြပြီး ယင်ရှောင်ယိမှာ ထိုမြွေပေါက်လေး သုံးကောင်၏ နံဘေးတွင် အသက်မပါစွာဖြင့် ရှိနေလေသည်။

ယင်ရှောင်စစ်မှာမူ ယင်ရှောင်ရှောင်း၏အရှေ့တွင် ရှိနေဆဲဖြစ်ကာ အခြေခံဗဟုသုတများအား ဆက်လက်ပို့ချလျက်ရှိပေသည်။



“...”

ယင်ရှောင်ရှောင်း ပြုံးလိုက်သည်။ ဤသည်မှာ အမှန်တကယ် ပျော်ရွှင်ဖွယ်ရာကောင်းသည့် ဘဝတစ်ခု ဖြစ်လာပေမည်။ မိဘများနှင့် သူ့အား သဘောကျနှစ်သက်သည့် အစ်ကိုကြီး ငါးကောင်နှင့်အတူ ပျော်ရွှင်စွာ နေထိုင်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ယင်ရှောင်ရှောင်း လိုချင်ခဲ့မိသည့် ဘဝပင်။

ယင်ရှောင်ရှောင်း၏ အရှေ့တွင် လူတစ်ယောက်သာ ရှိနေပါလျှင် ယင်ရှောင်ရှောင်း၏ အပြုံးကြောင့် မလှုပ်ရှားနိုင်တော့သည့်အထိ ကြောက်လန့်သွားပေလိမ့်မည်။ သို့သော်လည်း သူ၏ပတ်ဝန်းကျင်ရှိ မြွေများ၏ မျက်လုံးထဲ၌မူ ထိုအပြုံးအား မြင်ရသည့်အခါတွင် ဤသို့သာ တွေးမိကြလေသည်။

ဝါး... ရှောင်ရှောင်းရဲ့ အပြုံးလေးက လှလိုက်တာနော်.. သိပ် သိပ် လှ..

ဂူထဲတွင် ဟွားရှောင်ဟွားနှင့် မြွေပေါက်လေးများ ပြုံးရွှင်ကာဖြင့် ရှိနေကြစဉ် ယင်တပိုင်မှာ သားကောင်အား ဆွဲကာဖြင့် အိမ်ပြန်လာတော့သည်။

T/N : ဟွားရှောင်ဟွားကို အစက မြွေမ ထင်ခဲ့တာ ဒီအပိုင်းကျမှ မြွေဖိုဆိုတာ ဖော်ပြလာတာမို့ နောက်ပိုင်းတွေမှာ နာမ်စားနဲ့ အခေါ်အဝေါ်တွေ ပြောင်းလဲသွားပါမယ်..။