Chapter 12
Viewers 3k

Volume 1 (သေမျိုးနယ်မြေ ၀၁၂)


Chapter 12 (ညနတ်ဘုရားမ)

လူနာဆောင်ခြောက်ခုတွင် ပထမတံခါးကိုသာ ဖွင့်နိုင်သည်။

“ဖွင့်နိုင်သည်” ဟု သတ်မှတ်ထားတာက ဤအခန်းတစ်ခုတည်းလား သို့မဟုတ် ငါးနှစ်ကြာအောင် ခေါက်ထားသည့် တံခါးကဲ့သို့ပင် သူ၏လက်ရှိ ခွန်အားဖြင့် ဖွင့်နိုင်သော ပထမဆုံး တံခါးသာ ဖြစ်ပါသလား။

လင်ချီးယဲ့သည် ငါးနှစ်ကြာ တံခါးခေါက်ခဲ့သည်။ သူ့မျက်လုံးများဖွင့်ပြီးနောက် သူ့စိတ်အာရုံခံစားမှုသည် တိုးလာတာကြောင့် သူသည် တံခါးဖွင့်ပြီး ဆေးရုံထဲကို ဝင်လာခဲ့သည်။

သူ၏ကိုယ်ပိုင်ခွန်အားတွေ တိုးလာပြီးနောက်မှ နောက်ထပ် ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနဲ့ ဆဋ္ဌမလူနာဆောင်များကို ဖွင့်နိုင်မှာလား။

လင်ချီးယဲ့ သေချာမသိသလို ယခုချိန်တွင် သူ့မှာ ဒီကိစ္စကိုစိတ်ပူဖို့ အချိန်မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးများရှေ့တွင် ချိတ်ပိတ်ထားသော လူနာဆောင်တံခါးက ဖြည်းညှင်းစွာပွင့်လာလို့ပဲဖြစ်သည်။

လူနာဆောင်ထဲတွင် နေရာက မကျယ်သလို မီးရောင်က အလွန်မှိန်သည်။ လူနညဆောင်အလယ်တွင် ကုလားထိုင်တစ်လုံးရှိသည်။ ကုလားထိုင်ပေါ်တွင် အနက်ရောင်ဂါဝန် ကြယ်မှုန်များကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေပြီး ရှေ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။

ဒီလူနှင့် ကုလားထိုင်ကလွဲ၍ အမှောင်ခန်းထဲမှာ တခြားဘာမှမရှိဘူး။

လင်ချီးယဲ့သည် တံခါးဆီသို့ ဂရုတစိုက် လှမ်းလိုက်ကာ ခဏမျှ စဉ်းစားလိုက်ရာ သူ့မျက်နှာတွင် တခမ်းတနားဆန်ဆန် အပြုံးတစ်ခု ပေါ်လာပြီး အထဲက အမျိုးသမီးကို လက်ပြလိုက်သည်။

"မင်္ဂလာပါ ကျွန်တော်က လင်ချီးယဲ့ပါ။"

သူမက ဘယ်သူပဲဖြစ်ဖြစ် ယဉ်ယဉ်ကျေးကျေး ပြုမူတာက မမှားဘူး။ ဆိုရိုးစကားအတိုင်း စပ်ဖြဲဖြဲမျက်နှာကို ကိုယ့်လက်ဖြင့် မရိုက်ဘဲ ကိုယ့်ကိုကိုယ် ယဉ်ကျေးစွာ ပြုမူရမည်။ သူမက နတ်ဘုရားတစ်ပါးဖြစ်နေလျှင်ပင် အရှက်ရအောင်မပြုလုပ်သင့်ပေ။

သို့သော် လင်ချီးယဲ့၏ မျက်နှာသည် အပြင်ဘက်တွင် အေးခဲနေပြီး အနက်ရောင် အမျိုးသမီးသည် ရုပ်တုတစ်ခုလို မလှုပ်မယှက် ဖြစ်နေသည်။

လင်ချီးယဲ့သည် အံကြိတ်ကာ အခန်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။

အခန်းထဲသို့ လျှောက်သွားလိုက်သည်နှင့် အနက်ရောင် အမျိုးသမီး၏ နောက်ဘက်နံရံတွင် စာကြောင်းများ ရုတ်တရက် ပေါ်လာသည်။

"လူနာဆောင် ၁။

လူနာ: နက်စ်

တာဝန်: နက်စ်ကို စိတ်ရောဂါကုသရန် ကူညီပါ။ ကုသခြင်းတိုးတက်မှုသည် သတ်မှတ်ထားသောတန်ဖိုး (၁ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း) သို့ရောက်ရှိသောအခါ နက်စ်၏စွမ်းရည်တချို့ကို ကျပန်းရွေးချယ်နိုင်သည်။

လက်ရှိကုသခြင်းတိုးတက်မှု: သုညရာခိုင်နှုန်း"

"နက်စ်လား။" လင်ချီးယဲ့သည် နံရံပေါ်ရှိ စကားလုံးများကို မြင်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။

ဒဏ္ဍာရီပုံပြင်များအကြောင်း သူသိပ်မသိပေမယ့် ရှေးဂရိဒဏ္ဍာရီထဲက ဖန်ဆင်းခြင်းနတ်ဘုရားငါးပါးထဲက တစ်ပါးအဖြစ် ညနတ်ဘုရားနက်စ်ကို သူကြားဖူးသည်။

ဤသည်မှာ ဒဏ္ဍာရီစနစ်၏ထိပ်တွင် ရပ်နေသော နတ်ဘုရားများထဲမှ တစ်ပါးဖြစ်သည်။

ဒါဆို သူ့ရှေ့က ကြောင်တောင်တောင်ကြည့်တဲ့ အမျိုးသမီးဟာ နာမည်ကြီး ညနတ်ဘုရားမလား။

အေးစက်ပြီး ပြေပြစ်သော စိတ်ထား၊ အပြစ်အနာအဆာကင်းသော မျက်နှာအသွင်အပြင်၊ ရေတံခွန်ကဲ့သို့ တွဲလျားကျနေသော အနက်ရောင် ချောမွတ်သည့် ဆံပင်ရှည်၊ ညကဲ့သို့ နက်နဲသော အနက်ရောင်ကြယ်မှုန်ဂါဝန်၊ နှင်းဖုံးတောင်တန်းများကဲ့သို့ ဖြူဖွေးသော အသားအရေ။

သူမမျက်လုံးများက ကြောင်တောင်တောင်ဖြစ်နေကာ သူမသည် နေရာတွင် ထိုင်နေသော်လည်း သူမဆီမှ ထုတ်လွှတ်သော အရောင်အဝါသည် လူသားများပိုင်ဆိုင်နိုင်သည့်အရာနှင့် ဝေးကွာပါသည်။

သမိုင်းတွင် တည်ရှိခဲ့သော အမျိုးသမီးဧကရာဇ်များပင် ၎င်းနှင့်နှင့် နှိုင်းယှဉ်၍ မရပေ။

နက်စ်… သူမက နတ်ဘုရားတစ်ပါးနှင့် ဧကရာဇ်တစ်ပါးဖြစ်သည်။

ညဘုရင်မပဲ။

လင်ချီးယဲ့သည် သူ့မေးစေ့ကို ထိပြီး နက်စ်ကို အနီးကပ်ကြည့်လိုက်သည်။ သူသည် နတ်ဘုရားကို သူ့မျက်စိဖြင့် မြင်ဖူးပြီး လပေါ်က ကောင်းကင်တမန်တော်နှင့် နှိုင်းယှဉ်ပါက နက်စ်သည် တစ်စုံတစ်ရာ ပျောက်ဆုံးနေသည်ဟု သူအမြဲတမ်း ခံစားခဲ့ရသည်။

နတ်စွမ်းအားလား။ ခွန်အားလား။ အာဏာလား။

ဒါမှမဟုတ် အဲထက်နည်းလား။

လင်ချီးယဲ့သည် မသိသော်လည်း နက်စ်၏လက်ရှိအခြေအနေသည် သူမ၏ရောဂါနှင့် ဆက်စပ်နေကြောင့် သူခန့်မှန်းနိုင်သည်။

ဒါပေမယ့် သိတဲ့အတိုင်း ဒါက နတ်ဘုရားလေ။

ဒဏ္ဍာရီရဲ့ထိပ်မှာရပ်နေတဲ့နတ်ဘုရားလေ။

သူမက ဘယ်လိုလုပ် နေမကောင်းဖြစ်မှာလဲ။

သူမရောဂါက သဘာဝအလျောက်ဖြစ်တာလား ဒါမှမဟုတ်…လူလုပ်လား။

သဘာဝအတိုင်းဖြစ်ပါက လင်ချီးယဲ့ သိပ်မယုံချင်ပေမယ့် လူလုပ်ဆိုလျှင်… ညနတ်ဘုရားမကို နေမကောင်းဖြစ်အောင် ပြုလုပ်နိုင်သည့် ဘယ်လိုအရာမျိုးတည်ရှိနေသလဲဆိုတာ လင်ချီးယဲ့မသိတော့ဘူး။

ပြီးတော့ ဒါကစိတ်ရောဂါဖြစ်သည်။

နံရံပေါ်က စကားလုံးများအရဆိုလျှင် လင်ချီးယဲ့သည် နက်စ်ကို သူမရောဂါ သက်သာပျောက်ကင်းအောင် ကူညီပေးရန် လိုအပ်ပေမယ့် သူမက ဘာရောဂါရနေသနည်း။

ယခင်က 'စိတ်ရောဂါလူနာ'ဟောင်း တစ်ယောက်အနေဖြင့် လင်ချီးယဲ့သည်လည်း စိတ်ရောဂါအကြောင်း အနည်းငယ်သိသည်။ ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းကို စိတ်ကျရောဂါ၊ အစွဲအလမ်းလွန်ကဲသောရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ၊ သံသယလွန်ကဲသောရောဂါစသည်ဖြင့် ခွဲခြားနိုင်သည်။

နက်စ်ကို ကုသရန်အတွက် သူမတွင် မည်သည့်ရောဂါရှိကြောင်းကို ဦးစွာအတည်ပြုရပါမည်။

လင်ချီးယဲ့သည် ခဏလောက် စဉ်းစားကာ နက်စ် ရှေ့မှာ ထိုင်ချလိုက်ပြီး သူ့ရှေ့မှာ သူ့လက်ကို ယမ်းလိုက်သည်။

"ခင်ဗျားကြားရလား။" လင်ချီးယဲ့သည် နက်စ်၏နားတွင် တိုးတိုးလေးပြောလိုက်သည်။

ရုတ်တရက်ဆိုသလို နက်စ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ လင်ချီးယဲ့ ထိတ်လန့်သွားပြီး မသိစိတ်က အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။

ချက်ချင်းပင် နက်စ်သည် လင်ချီးယဲ့၏ ဦးတည်ရာသို့ တောင့်တင်းစွာ ခေါင်းလှည့်လိုက်ပြီး ကြောင်တောင်တောင်မျက်လုံးများက သူ့ကို တည့်တည့်စိုက်ကြည့်နေသည်။

လင်ချီးယဲ့သည် တံတွေးမျိုချပြီး မလှုပ်ရှားရဲပေ။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...

နက်စ်၏ စိုက်ကြည့်နေမှုကြောင့် လင်ချီးယဲ့၏ ဦးရေပြားထုံကျင်နေစဉ် နက်စ်၏ မျက်လုံးများ ပြောင်းလဲသွားသည်။

နှေးကွေးခြင်းမှ သံသယဖြစ်ခြင်း

သံသယဖြစ်ခြင်းမှ ထိတ်လန့်ခြင်း

ထိတ်လန့်ခြင်းမှ မျက်ရည်များကျလာသည်။

နက်စ်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေကာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာပြီး သူမ၏ နှုတ်ခမ်းများကို ခက်ခဲစွာ ဖွင့်လိုက်သည်။

အချိန်အတော်ကြာအောင် ဆို့နင်နေပြီး…

ဩရှရှအသံဖြင့်:

"နောက်ဆုံး နင့်ကိုရှာတွေ့ပြီ… ငါ့ကလေး။"

ယခုအချိန်တွင် လင်ချီးယဲ့သည် သူ့ခြေဖဝါးမှ လျှပ်စစ်စီးကြောင်းတစ်ခုသာ ခံစားလိုက်ရပြီး သူ့ဦးနှောက်ဆီသို့ တည့်တည့်တိုးဝင်ကာ သူ့စိတ်တွေ လွတ်ထွက်သွားသည်။

သူမက…

ငါ့ကို…

ကလေးတဲ့…

ဟမ်…

လင်ချီးယဲ့သည် သူ့မိဘများက ဘယ်လိုပုံစံလဲဆိုတာ မမှတ်မိဘူး။ ထို့အပြင် သူ့ကိုမွေးပြီးနောက် သူတို့ဘယ်ထွက်သွားသလဲမသိသလို သူ့ဒေါ်လေးထံ သူ့ကို အပ်ထားခဲ့သည်။
 
သူ့…

ကိုယ်ပိုင်အမေက… လူသားတစ်ယောက်… ဖြစ်နိုင်… ဖြစ်လောက်ပါတယ်။

ညနတ်ဘုရားမဖြစ်မယ့်အစားပေါ့။

မဟုတ်ဘူး၊ ပြောရရင်…

ခဏနေပါဦး။ ဒီတိုင်းတစ်ပါး ညနတ်ဘုရားမက ဘယ်လိုလုပ် တရုတ်စကားပြောနိုင်ရတာလဲ။

အိုး ဟုတ်သား ဒါက ငါ့အိမ်မက်ပဲ ပြီးတော့ ငါ နတ်ဘုရားရဲ့ဘာသာစကားကို နားလည်နိုင်တာ အံ့ဩစရာတော့ မဟုတ်ဘူး။ ဒါက ဦးနှောက်လှိုင်းထုတ်လွှင့်မှု အချက်ပြချက် ဖြစ်နိုင်သလား။

လင်ချီးယဲ့သည် အသည်းအသန် တွေးနေချိန်မှာပဲ နက်စ်သည် မတ်တတ်ထရပ်ပြီး သူမလက်မောင်းများကိုဖွင့်ကာ လင်ချီးယဲ့ဘက်သို့ လှည့်လိုက်သည်။

သူမသည် ပို၍ပို၍ အမြန်ပြေးလာပြီး သူမ၏အမူအရာသည် ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။

ဤအခိုက်အတန့်တွင် လင်ချီးယဲ့၏စိတ်သည် ရှုပ်ထွေးလာပြီး ညနတ်ဘုရားမ၏ ပွေ့ဖက်မှုကို ခံယူချင်သောစိတ်ဖြင့် မသိစိတ်ကနေ သူ့လက်မောင်းများကို ဖွင့်လိုက်သည်။

သို့သော်

ညနတ်ဘုရားမက လင်ချီးယဲ့ကို ဖြတ်ဖြေးသွားရုံသာဖြစ်သည်။

သူမက လင်ချီးယဲ့ကို မပွေ့ဖက်ဘဲ…

ပြတင်းပေါက်အောက်ခံပေါ်ရှိ ပန်းအိုးသေးသေးလေးကို ဖြစ်သည်။

နက်စ်သည် ပန်းအိုးကို တင်းတင်းကျပ်ကဖပ်ပွေ့ဖက်လိုက်ပြီး သူမပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာသည်။ "ငါ့ကလေး... နင်အသက်ရှင်နေသေးတာပဲ။ နောက်ဆုံးတော့ နင့်ကိုရှာတွေ့ပြီ။"

လင်ချီးယဲ့: "…"

ပြီးပြီးချင်းမှာပဲ နက်စ်၏ မျက်လုံးများသည် သူမထိုင်နေသော ကုလားထိုင်ပေါ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့သည်။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက်

ရှေ့ကို အမြန်ပြေးပြီး ကုလားထိုင်နှင့် ပန်းအိုးကို ပွေ့ဖက်ကာ ငိုပြန်သည်။

"ဟစ်နို့စ်။ ငါ့ကလေး နင်လည်း ဒီမှာရှိနေတာကို။"

ရှုပ်ထွေးနေသော လင်ချီးယဲ့သည် ထိုနေရာတွင် ရုပ်တုတစ်ခုလို ရပ်နေကာ နက်စ်သည် ပန်းအိုး၊ ကုလားထိုင်၊ နံရံနှင့် လေထုကို သူမကလေးအဖြစ် အဆက်မပြတ် အသိအမှတ်ပြုနေပြီး ငိုကြွေးနေတာကို ကြည့်နေခဲ့သည်။

လင်ချီးယဲ့: သူမက ဘယ်နေရာ နေမကောင်းတာလည်း ငါသိပြီထင်တယ်…

သူမက အပြင်းအထန် နေမကောင်းနေတာပဲ…


မနက်အစောကြီးတွင် လင်ချီးယဲ့သည် အိပ်မက်ကနေ နိုးလာပြီး မျက်နှာကျက်ကို ကြည့်ကာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။

နက်စ်နှင့် တစ်ညတာ ကုန်ဆုံးပြီးနောက် လင်ချီးယဲ့သည် သူနေမကောင်းကြောင်း ခံစားခဲ့ရသည်။

သူထခါနီးမှာ ရုတ်တရက် ညည်းသံလေးထွက်လာသည်။

သူ့စိတ်ထဲမှာတော့ မြူများဖုံးလွှမ်းနေသော နတ်ဘုရားများစိတ်ကျန်းမာရေးဆေးရုံသည် ၎င်းထဲတွင် နစ်မြုပ်နေပြီး သူနှင့် ဆေးရုံကြားမှာ နီးနီးကပ်ကပ် အဆက်အသွယ်ရှိပုံရသည်။

ယခု သူ အိပ်ပျော်နေရန် မလိုတော့ဘဲ သူ့အသိစိတ်ကို စိတ်ကျန်းမာရေးဆေးရုံထဲသို့ အချိန်မရွေး ထည့်လိုက်နိုင်သည်။

တံခါးဖွင့်ပြီးနောက် ဒါက အကျိုးအမြန်ပဲလား… လင်ချီးယဲ့သည် သူ့အသိစိတ်ကို စိတ်ကျန်းမာရေးဆေးရုံထဲသို့ ချိတ်ဆက်ရန် ကြိုးစားမှာဖြစ်ပြီး ဆေးရုံမှာ ဖြစ်ပျက်နေသမျှကို ချက်ချင်း ရိပ်မိနိုင်မှာဖြစ်သည်။

သေချာပေါက် အလုံပိတ်လူနာဆောင်ငါးခန်းကိုတော့ လက်လှမ်းမမီနိုင်သေးပါဘူး။

ထိုအချိန်တွင် နက်စ်သည် ခြံထဲတွင် ပန်းအိုးတစ်လုံးနှင့် ကုလားထိုင်တစ်လုံးကို ကိုင်ထားပြီး သူ့ဘေးနားတွင် သူမကိုယ်သူမ စကားပြောနေကာ ဘာတွေပြောနေမှန်း သူမသိပေ။

လင်ချီးယဲ့သည် ကုတင်ပေါ်တွင် ထိုင်ကာ သူ့မျက်လုံးထောင့်များကို စိတ်ပျက်စွာ ပွတ်သပ်လိုက်သည်။

"ကုသပါ… ကုသပါ… ငါက ဆရာဝန်မှမဟုတ်တာ။ ငါ သူမကို ဘယ်လိုကုသရမှာလဲ…"

ရုတ်တရက် လင်ချီးယဲ့၏ မျက်လုံးများသည် တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ တောက်ပလာသည်။

လင်ချီးယဲ့၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

『Hypnos(ဟစ်နို့စ်) - ဟစ်နို့စ်က ညနတ်ဘုရားမ(နက်စ်)ရဲ့ သားတွေထဲတစ်ယောက်ဖြစ်ပြီး အိပ်စက်ခြင်းနတ်ဘုရားဖြစ်ပါတယ်။』

TK Team (Chapter 12)