Chapter 49
Viewers 3k

📽️ Chapter 49



သို့သော် ဗုဒ္ဓဘာသာဝင်များဖြစ်နေရုံနှင့် သူတို့၏ ရန်ရှူအပေါ် လေးစားမြတ်နိုးထားမှုက ပျောက်ဆုံးသွားပြီဟု မဆိုလိုပေ။


သူတို့ဦးလေး ဒုက္ခရောက်နေပြီဟု ကြားလိုက်သည်နှင့် သဘာဝကျကျပင် သူ့အား ကယ်ဆယ်ရန် တဟုန်ထိုး ပြေးလွှားရောက်လာကြသည်ချည်း ဖြစ်သည်။

 

သူတို့အချင်းချင်း ဆက်သွယ်နေစရာပင် မလိုအပ်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုထဲဝင်ရုံမျှနှင့် မည်သည့်အရာများ ဖြစ်နေသည်ကို သိသွားပြီး အခြားပရိသတ်များနည်းတူ တူညီသည့်လေသံနှင့် ပြောဆိုကြတော့သည်။


ထိုအခိုက် ရန်ရှူ၏တူမများနှင့် ဘလက်ဖန်များက စခရင်ပေါ်ရှိ မန့်နေရာတွင် အငြင်းပွားနေကြဆဲဖြစ်ပြီး ရန်ရှူက မမြင်ချင်ယောင်ဆောင်နေပေ၏။ 


ကင်မရာကို ရှင်းပြပြီးနောက် ထုတ်ကုန်ကိုဖောက်ကာ သူအရင်ဦးစွာ အရသာခံကြည့်လိုက်သည်။

"တကယ်မဆိုးဘူး အချိုနဲ့အချဥ်ကို ရောထားတဲ့အရသာမျိုးလေးပဲ...ကျေးဇူးပြုပြီးတော့ ငွေပေးချေမယ်ဆိုရင် ဒီအောက်က လင့်ခ်လေးကို နှိပ်ပေးပါကြနော်..."


သူ ဆက်လက်ဝါးနေပြီး မှတ်ချက်ပေးလိုက်သည်။

"ကျွန်တော်ထင်တာကတော့...ဒါက စူပါမားကတ်တွေမှာရှိတဲ့ သရေစာမုန့်တွေလို အရသာတော့ မရှိဘူး...ဒါပေမဲ့ ဒီတစ်ခုက ဘာဓာတုဗေဒပစ္စည်းမှ မပါတဲ့ တကယ့်သဘာဝပါ...ဒါ့ကြောင့်လည်း သူ့သက်တမ်းက 2 ပတ်ပဲခံတာ ဒါပေမဲ့လည်း အာဟာရဖြစ်စေတယ်နော်...လူတိုင်း...မင်းတို့နှစ်ပတ်အတွင်း ဘယ်လောက်စားနိုင်တယ်ဆိုတာ ကြည့်ပြီး ဘယ်လောက်ဝယ်မယ်ဆိုတာကို ဆုံးဖြတ်လိုက်တော့နော်...ဒါကို ဆိုးဆိုးဝါးဝါး မဖြစ်သွားပါစေနဲ့..."


ထိုအခိုက် ဝန်ထမ်းက သတိပေးလိုက်သည်။

"အဲ့ဒါက ရောင်းကုန်သွားပြီ..."


ရန်ရှူ ခေါင်းညိတ်ပြီး နောက်ထုတ်ကုန်တစ်ခုကို ပြောင်းလိုက်သည်။ ထိုထုတ်ကုန်ကိုလည်း သူကိုယ်တိုင်ပင် မြည်းကြည့်ကာ သူ့ခံစားချက်အမှန်ကို ပြောပြလိုက်သည်။ ထို့နောက် ကြည့်ရှုသူများ အော်ဒါမှာယူနိုင်မည့်လင့်ခ်ကို တင်ဆက်လိုက်၏။


လင့်ခ်ကိုပြောပြပြီးနောက် ဝန်ထမ်းက တစ်ဖန်ထပ်ပြောလိုက်သည်။

"ရောင်းကုန်သွားပြီ..."


တိုက်ရိုက်ထုတ်လွှင့်ပြီး 15 မိနစ်အတွင်းတွင် တင်ဆက်သူက နှုတ်ခမ်းနီအစုံလိုက် တစ်စုံနှင့် နေရောင်ခံခရင်မ်တစ်ဘူးကို အောင်အောင်မြင်မြင် မိတ်ဆက်ခဲ့သည်။ ကြည့်ရှုသူများစွာရှိသော်လည်း အော်ဒါမှာယူသည့် အခြေအနေက ပျမ်းမျှပင်။


ဤသည်က ဟူရုံချီ၏ ဂရုတစိုက် တွေးတောမှုကြောင့်လည်း ဖြစ်ပေသည်။ ရန်ရှူက သေချာပေါက် ပူးပေါင်းပေးလိမ့်မည်မဟုတ်ဟူ သူခန့်မှန်းခဲ့သည်။ ထုတ်ကုန်ရောင်းအားကလည်းကောင်းလိမ့်မည်မဟုတ်ဘဲ ၎င်းက ရန်ရှု၏နောက်ပိုင်း ထောက်ခံချက်များကို သွားသက်ရောက်လိမ့်မည်ဖြစ်ကာ ကုန်အမှတ်တံဆိပ်ကုမ္ပဏီကလည်း ရန်ရှူ၏ ကုန်ပစ္စည်းအပေါ် စွမ်းဆောင်ရည်ကို သံသယဝင်သွားလိမ့်မည်ပင်။


ဤကုန်ပစ္စည်းနှစ်ခု၏ ခြေက်ကပ်ကပ်နိုင်သော ရောင်းအားက တိုက်ရိုက်ထုတ်လွှင့်မှုအသင်းတစ်ခုလုံးကို အမှန်ပင် ကြောက်လန့်သွားစေခဲ့သည်။


သို့သော်ငြား ရန်ရှူ အမှန်တကယ် စတင်တိုက်ရိုက်ထုတ်လွှင့်လိုက်ပြီးနောက် ရန်ရှူ မိတ်ဆက်ပေးသည့် ထုတ်ကုန်ဖြစ်နေသရွေ့ ချက်ချင်းလက်ငင်းပင် ရောင်းကုန်သွားလိမ့်မည် ဖြစ်သည်။


ထပ်ပေါင်းပြောရလျှင် ရန်ရှူက စကားလေးနှင့်သာပြောတတ်သည့် ထိုနာမည်ကြီးဆယ်လီများနှင့် မတူပေ။ သူက မည်သို့စားရမည်ကို အမှန်တကယ်သိပြီး ရိုးရိုးသားသားပြောရလျှင် သူက အသိစိတ်မကပ်ဘဲ မျက်ကန်း ကြွားလုံးထုတ်ပြောနေခြင်းမဟုတ်ချေ။


"ဒါက လုံးဝ အရသာမရှိဘူး..."

စားပြီးနောက် ရန်ရှူ ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

"ဒါက ဘာကြီးလဲ...အိုး ဒါကဦးနှောက်ကို အားဖြည့်ပေးတာပဲ ဟုတ်တယ်မလား..."


ရန်ရှုမျက်နှာက emoji တစ်ခုနှင့် တူသွားပြီး ကင်မရာအား မုန့်အိတ်နှင့် ပြလိုက်သသည်။

"ဒါက ခါးလည်းခါးပြီး အရသာလည်း လုံးဝမရှိဘူး...ဒါပေမဲ့ ပြောထားတာတော့ ဦးနှောက်ကို အာဟာရဖြစ်စေတယ်တဲ့...အဲ့တော့ ရမ်းသမ်းပြီးလည်းအော်ဒါမှာ မနေနဲ့ဦး...ဝယ်ဖို့စီစဥ်ထားတယ်ဆိုလည်း စားဖြစ်အောင် စားရမယ်နော်..."


သူ ကွန်မန့်များကို စိုက်ကြည့်ပြီး ရုတ်တရက်ပြုံးလိုက်သည်။


[မင်းဦးနှောက်ကို ထပ်ဖြည့်ဖို့ မင်းပိုစားဖို့လိုတယ်နော်...]


[ရန်ရှူက ဦးနှောက်ကို အာဟာရဖြည့်ဖို့ လိုလို့လားဟ...မင်းတို့ ရိုင်းလိုက်တဲ့ တူမတစ်သိုက်...]


"ဒါဆိုလည်း ငါ့အတွက်ငါ သိမ်းခွင့်ပြု ဟုတ်ပြီနော်..."

ရန်ရှူ မေးပြီး ရှောင်ချီကို ပြောလိုက်သည်။


"ရှောင်ချီ ငါ့အတွက် ဒီအိတ်နှစ်အိတ် ဖယ်ထားပေး...ပြီးတော့ လင့်ခ်က ပစ္စည်းလက်ကျန်ကနေလည်း နှစ်ခုနှုတ်လိုက်ဦး..."


သို့သော် ပရိသတ်များက စိုးရိမ်သောက ရောက်သွားကြသည်။


[ဘာလို့ ဒါတွေကိုသိမ်းထားတာလဲ...မယူထားနဲ့ သူတို့ဘာပြောပြော ငါဒီတစ်ခုကို ဝယ်ကိုဝယ်မှာ...]


[အဲ့ဒါ ကုန်သွားပြီဟ...]


[ရှူရှူ သူ့အတွက်သူ သိမ်းထားတဲ့အိတ်နှစ်အိတ်အတွက် လင့်ခ်...]


[ရန်ရှူက အရမ်းဥာဏ်ကောင်းပြီးတော့ သူ့ဦးနှောက်ကို အားဖြည့်စရာတောင် မလိုဘူးရယ်...သူက လုံလုံလောက်လောက်ကို ဥာဏ်ကောင်းနေပြီ...]


တဖြည်းဖြည်းဖြင့် ယခင်က ငြင်းခုံနေသည့် အခြေအနေကမှတစ်ဆင့် ထုတ်ကုန်ကို လုယူကြသည့်မြင်ကွင်းကိုပြောင်းလဲသွားပေသည်။


ကြိမ်းမောင်းဆဲဆိုနေသည့် ရန်ပွဲမဟုတ်၍ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသည့် လူအနည်းငယ်က ထွက်သွားခဲ့ကြသည်။ သို့သော် ပိတ်ရက်တွင် ကြည့်ရှုကြသည့် လူအရေအတွက်ထက် သုံးဆပိုများနေဆဲပင်။ ပြီးလျှင် hot list တွင်ရှိနေသောကြောင့် လူများက အဆက်မပြတ် တိုးလာခဲ့သည်။


ရန်ရှူကို ကြိမ်းမောင်းနေကြသည့် လူများလည်း ဆက်မပြောတော့ဘဲ ရပ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေ ရန်ရှူ၏နောက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်မှုက မည်သည့်အမှားမှ လုံးဝရှာမရချေ။ သိသာထင်ရှားလှစွာပင် သူက လေးလေးနက်နက်နှင့် မိတ်ဆက်ပေးပြီး မှတ်ချက်ပြုခဲ့ကာ အလွန်အလုပ်ကြိုးစားခဲ့ပေသည်။


လူမှုဖူလုံရေးတိုက်ရိုက်ထုတ်လွှင့်မှုက မည်သည့်အဖိုးအခလျော်ကြေးကိုမှ မတောင်းခံခဲ့ပေ။ သူတို့၏ကိုယ်ပိုင်အိတ်ကပ်မှ ပိုက်ဆံစိုက်ထုတ်ကာ လှည့်လည်သွားလာရန်အတွက် ကုန်ကျစရိတ်ကို ပေးချေနေဆဲဖြစ်သည်။ 


ဤနည်းလမ်းတွင် အကျိုးအမြတ် တစ်စုံတစ်ရာမရရှိသော်လည်း သူတို့အလွန်ကြိုးစားခဲ့သည်။ သူတို့က အမှန်ပင် လယ်သမားများအား လေးလေးနက်နက်နှင့် ကူညီပေးနေခြင်းဖြစ်ကာ သူတို့(haters)ဆန္ဒရှိလျှင်ပင် မကျိန်ဆဲနိုင်ကြပေ။


ထိုအချိန်တွင် စန့်ရှန်းက လက်ထဲတွင် ဖုန်းကိုကိုင်ထားပြီး ထိုင်ခုံ၌ ထိုင်နေပေသည်။ သူ စခရင်ကို လေးလေးနက်နက် ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။


မနီးမဝေးနေရာမှ ရှန်းကျွင့်ကျင်းက ထိုင်နေပြီး စန့်ရှန်း၏ လက်ချောင်းများက လျင်မြန်စွာ ဖုန်းကိုနှိပ်နေသည်ကို တွေ့လိုက်ရသည်။

"ငါ အဲဒါကိုတော့ မလုနိုင်တော့ဘူး..."


"ငါ မြေပဲနှစ်အိတ်ကို လုထားပြီးပြီ..."

စန့်ရှန်းက အသံနက်နက်ဖြင့်ပြောလိုက်ပြီး အလွန်ကို ဂုဏ်ယူဝံ့ကြွားနေသည်။


"ငါမြေပဲတွေကိုတောင် မလုနိုင်လိုက်ဘူး...မင်းလက်ကဘယ်လိုတောင် မြန်တာလဲ...ဒီလူတွေကတော့..."


စန့်ရှန်းက ထပ်မဖြေတော့ပေ။ သူက နောက်ထုတ်ကုန်အတွက် လင့်ခ်ကို လေးလေးနက်နက်နှင့်စောင့်နေလိုက်သည်။


သူတို့နှစ်ယောက် အတူတူကြိုးစားလိုက်ကြသော်လည်း ၎င်းကို လုဝယ်ရန် ကျရှုံးနေဆဲပင်။


ရှန်းကျွင့်ကျင်း ဖုန်းကို လွှင့်ပစ်ကာ လုံးလုံးလျားလျား လက်လျော့လိုက်ပြီး ပြောလိုက်သည်။

"ဟူရုံချီက အရာရာတိုင်းကို တွက်ချက်ထားခဲ့တာ... ပြီးတော့ ရန်ရှူ အဲ့လိုစကေးလ်ကို သုံးလိုက်လိမ့်မယ်လို့ သူ(ဟူရုံချီ)မထင်ထားခဲ့လောက်ဘူး...ဒါပေမဲ့ အဲဒါကပဲ ဒီလိုဖြစ်ရပ် ဖြစ်သွားစေခဲ့တာ...ကောင်းချင်လည်း ကောင်းကောင်းမွန်မွန် ပူးပေါင်းခဲ့တာပဲ...သူက ရန်ရှူ ဒီအခြေအနေကို ကယ်နိုင်လိမ့်မယ်လို့ သေချာနေခဲ့တာလေ...သူတို့နှစ်ယောက်က အချင်းချင်း သဟဇာတဖြစ်ပြီး လိုက်ဖက်တဲ့ပုံပဲ..."


"ရန်ရှူက တိုက်ရိုက်ထုတ်လွှင့်တာနဲ့ပတ်သတ်ပြီး တကယ်ကို အလေးအနက်ထားထားတာ..."


"ရန်ရှူက ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဘာမှမပြောဖူးဘူး...သူ့ပါးစပ်ကဆိုးပေမယ့် သူ့နှလုံးသားကတော့ ကြင်နာတတ်တယ်..."


စန့်ရှန်း နှုတ်ခမ်းထောင့်များ မြင့်တင်သွားပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"သူက ငါ့ကောင်လေးလေ..."


သူက ရန်ရှူကို အလွန်ဂုဏ်ယူနေပေသည်။


"ဟုတ်တယ်...သူက အရမ်းအံ့သြဖို့ကောင်းတယ်..."


ရှန်းကျွင့်ကျင်း ဖုန်းကိုကောက်ကိုင်လိုက်သည့်အခါ ကောင်းချင်ပို့ထားသည့် မက်ဆေ့ချ်ကိုမြင်လိုက်သည်။  

"ကောင်းချင်က စာမူတွေစဝယ်တော့မယ်တဲ့...ဘက်ဂျက်(ငွေကြေး)ကို အတည်ပြုခွင့်ပေးဦး...ငါ လိုအပ်..."


"အဲဒါ အဆင်ပြေသွားပြီ.. "


"ဒါဆိုလည်း ကောင်းပြီ..."



----------------


လယ်သမားများအား ကူညီသည့် နောက်ပိုင်းတိုက်ရိုက်ထုတ်လွှင့်မှုက ချောချောမွေ့မွေ့ သွားနေခဲ့သည်။


ထုတ်ကုန်များကို တစ်ခဏမျှ လင့်ခ်ချရန်သာ လိုအပ်ပြီး ၎င်းတို့အားလုံး ရောင်းထွက်သွားမည် ဖြစ်ပေသည်။


တိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားပြီးနောက် ရန်ရှူက ပြန်အားဖြည့်ရန် ဓာတ်ဆားရေတစ်ပုလင်း သောက်လိုက်သည်။ တစ်ချိန်လုံး ကင်မရာအားကြည့်ကာ စကားပြောနေရသည့် မောပန်းမှုမျိုးက စန့်ရှန်း သူ့တင်ပါးအား 3 ကြိမ်ရိုက်သည်ထက်ပင် ပိုပင်ပန်းလေ၏။


သူကားထဲတွင် အနားယူနေချိန် ကောင်းချင် လိုက်လာကာ မေးလိုက်သည်။

"မင်း ဘယ်လိုခံစားရလဲ..."


"အားလုံးအဆင်ပြေရဲ့လား...လူထုအမြင်ကရော ဘယ်လိုလဲ..."


"တိုက်ပွဲနည်းနည်းတော့ ဖြစ်နေကြသေးတယ်..."

ကောင်းချင် အပြုံးလေးတစ်ခုနှင့် ပြောလိုက်သည်။


"လောလောဆယ် အင်တာနက်ပေါ်မှာတော့ သိုးလှလှလေး vs သိုးပျင်းဆိုပြီး အဖွဲ့နှစ်ခုကွဲနေတယ်...ဒီလိုဆူညံပူညံသံတွေက ရက်နည်းနည်းလောက်ကြာတဲ့အထိ မရပ်သွားလောက်ဘူး...ငါတို့ လူထုအမြင်ကို မင်းဘက်ထောက်ခံလာအောင် စီမံကိန်းကိုတော့ စလုပ်ပြီးနေပြီ...ငါကြည့်လိုက်တော့ လူတော်တော်များများ မင်းဘက်မှာပဲ..."


ရန်ရှူ ဖုန်းထုတ်ပြီး စစ်ဆေးကြည့်ချင်သော်လည်း ကောင်းချင်က တားလိုက်သည်။

"မကြည့်နဲ့ဦး..."


"လူထုအမြင်က ကျွန်တော့်ဘက်မှာလို့ ခင်ဗျားပြောလိုက်တယ် မဟုတ်ဘူးလား..."


"မင်းရဲ့ haters တွေနဲ့ မင်းရန်ဖြစ်နေမှာစိုးလို့ ...မင်း ထုံထိုင်းထိုင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစောပိုင်း 15 မိနစ်ကတည်းက သူတို့က ပြဿနာမျိုးစုံသရှာခဲ့ကြတာ...မင်း သူတို့ကို စိတ်ထဲကကျိန်ဆဲရုံပဲလုပ်လို့ရမယ် လက်တွေ့သွားရန်ဖြစ်လို့တော့ မရဘူး..."


"ကျစ်..."

ရန်ရှူ လက်မခံနိုင်ဖြစ်သွားရသည်။


ကောင်းချင်က ဒရိုင်ဘာကို စန့်ရှန်းအိမ်သို့မောင်းရန် ညွှန်ကြားလိုက်သည်။


ကောင်းချင်ရယ်ပြီး ပြောလိုက်သည်ကို ရန်ရှူတစ်ချက်ခိုးကြည့်လိုက်သည်။

"ငါအရင်တုန်းက မင်းကောင်လေးရဲ့သရုပ်မှန်ကို သိဖို့ ပြင်းပြင်းထန်ထန်ကို ကြိုးစားခဲ့သေးတယ် ဒါပေမဲ့ ဘာမှကို ရှာမတွေ့ခဲ့ဘူးလေ...ဘော့စ်စန့်ကို မြင်လိုက်တဲ့အခါမှ သူနဲ့ပတ်သက်တဲ့သတင်းတွေကို ငါမဖော်ထုတ်နိုင်တာ အံ့သြစရာမဟုတ်ပါဘူးလေလို့ နားလည်လိုက်တာ...သူနဲ့ပတ်သက်တဲ့ သတင်းတစ်ခုခု လိုင်းပေါ်မှာပေါ်လာသရွေ့ အဲ့ဒါက ချက်ချင်းပျောက်သွားမှာပဲ...သူ့ရဲ့လူထုဆက်ဆံရေးအဖွဲ့ရဲ့ စွမ်းဆောင်ရည်က အနုပညာလောကအသိုင်းအဝိုင်းထက် အများကြီး ပိုကောင်းတယ်လေ..."


ရန်ရှူ ရုတ်တရက်ကြီး လျှို့ဝှက်ဆန်းကြယ်သောပုံစံနှင့် သူ့ဖုန်းကိုထုတ်ကာ မော်တော်ဆိုင်ကယ် စီးနေသော စန့်ရှန်း၏ဗီဒီယိုကို ကောင်းချင်အား ပြလိုက်သည်။

"ဒါကိုကြည့်လိုက်..."


ကောင်းချင် တစ်ချက်ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီးနောက် ရန်ရှူအား ကြည့်လိုက်သည်။

"အဲ့တာ မင်းနဲ့မစ္စတာစန့်တော့ မဖြစ်နိုင်ဘူးမလား...ဟုတ်တယ်မလား..."


"ဟုတ်တယ်...သူတို့အကုန်လုံးက ကျွန်တော့်ကို အထက်တန်းကျောင်းသားလေးလို့ ထင်နေတာလေ..."


ကောင်းချင် ရန်ရှူဖုန်းကို လှမ်းယူလိုက်ကာ အကြိမ်ပေါင်းမနည်း ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါနောက်ကျရင် ဒီဗီဒီယိုကို ပိုပြီးပေါ်ပြူလာဖြစ်သွားအောင် လုပ်ဦးမယ်...ပြီးတော့ ငါက အဲဒါမင်းပါဆ်ိုပြီး တိုက်ရိုက်ပြောလိုက်မယ်...မင်းကကျ မသိမသာသွယ်ဝိုက်ပြီး ငြင်းလိုက်ပေါ့..."


"ဘာလို့လဲ...မိုးမီးလောင်သွားအောင်လို့လား..."


"အနာဂတ်ကျ မင်းရဲ့ဆက်ဆံရေး ဖော်ထုတ်ခံလိုက်ရတာမျိုးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လမ်းခင်းထားမလို့...ဒါက မင်းပရိသတ်တွေကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားလို့ရအောင် ကြိုပြင်ပေးထားတဲ့သဘော..."


ကောင်းချင်၏ဦးနှောက်လည်ပတ်ပုံကို ရန်ရှူ နားမလည်ပေ။ ထို့ကြောင့်တခဏမျှ ဇဝေဇဝါဖြစ်သွားပြီး ထပ်မမေးလိုက်ပေ။


ထိုအခိုက် ကားက ရုတ်ခြည်းကွေ့ချလိုက်ပြီး ကားအတွင်းရှိလူတိုင်းက သူတို့နေရာမှာပင် တည်ငြိမ်အေးဆေးစွာ ထိုင်နေကြသည်။


သိသာထင်ရှားစွာပင် ၎င်းမှာ သူတို့ကားနောက်ကို လိုက်နေခြင်းဖြစ်ပြီး သူတို့က ၎င်းကို ကျင့်သားရနေပြီဖြစ်သည်။


ကောင်းချင် ဖုန်းကိုထုတ်ကာ ရှန်းကျွင့်ကျင်းထံ စာပို့လိုက်ပြီး ရန်ရှူကို မေးလိုက်သည်။

"ရှန်းကျွင့်ကျင်းကလည်း မင်းရဲ့အထက်တန်းတုန်းက အတန်းဖော်ပဲလား..."


"အမ်း...."

ရန်ရှူ ယောင်ဝါးဝါးပြန်ဖြေလိုက်ပြီး အလျင်အမြန်ထပ်ပြောလိုက်သည်။

"သူက single လေ...single ဖြစ်တာ နှစ်တော်တော်တောင် ကြာနေပြီ..."


ကောင်းချင် ၎င်းကိုကြားပြီး အံ့သြသွားသည်။ သူမ ရန်ရှူကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ပြီး ပျာယာခတ်စွာ ပြောလိုက်သည်။

"မင်းသူနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုရင် အနာဂတ်ကျ ငါသူနဲ့ဆက်သွယ်ရတာ ပိုလွယ်တယ်လို့ ထင်လို့ပါ...သူက မင်းအတွက် အနောက်တံခါးကိုတောင် ဖွင့်ပေးနိုင်လောက်တယ်လေ...အဲ့ဒါအကုန်ပဲ..."


ရန်ရှူ မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်ပြကာ ထပ်ပြီးအသားပေးပြောလိုက်သည်။

"သူက single နော်..."



📽️