Chapter 54
Viewers 4k

📽️ Chapter 54



မကြာမီပင် လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများအောက်မှ ရန်ရှူတစ်ယောက် မစ္စစန့်ကို တွဲ၍ ကပွဲခန်းမကြီးကို ချန်ရစ်ကာ ဗွီအိုင်ဗွီ နားနေခန်းထဲသို့ ဝင်သွားလေတော့သည်။ 


ထိုအခိုက် လုယိယန်တစ်ယောက် ခန်းမထဲသို့ ဝင်လာသည်နှင့် ကြုံသွားပြီး ရန်ရှူနှင့် မစ္စစန့်တို့ တွဲကာ ထွက်သွားကြသည်ကို မျက်မြင်ကြုံလိုက်ရသည်။ 


ရန်ရှူမှာလည်း လုယိယန်၏ ဘဝင်လေဟပ်နေသော မျက်နှာထက်တွင် ထိတ်လန့်နေသည့် အရိပ်အယောင်ကို တွေ့လိုက်ရပြီး ယခင်က ရှိခဲ့သော အထင်သေးခြင်းများမှာလည်း တမဟုတ်ခြင်း ပျောက်ကွယ်သွားလေသည်။ 


လုယိယန်၏ မျက်လုံးများက ဝေခွဲမရနိုင်သော အလင်းရောင်များ ပြည့်နှက်သွားလေသည်။ 


မစ္စစန့် ရှိနေသဖြင့် ရန်ရှူသည်လည်း လုယိယန်ထံ စကားသွားမပြောတော့ဘဲ မျက်လုံးသာ လှိမ့်ပြလိုက်သည်။ ထို့နောက် နှုတ်ခမ်းပါးလေးကို ဟကာ စကားတစ်ခွန်းဆိုလိုက်သည်။

"ငတုံးကောင်…" 


လုယိယန်: “…” 


စုတျန့်တျန့်နှင့် အခြားသူများမှာ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြဘဲ ထိတ်လန့်နေသော အမူအယာများကိုပင် မဖုံးထားနိုင်ခဲ့ကြပေ။ 


ဘာလို့ မစ္စစန့်က ရန်ရှူကို မကြိုက်တဲ့ပုံမျိုး မရှိတဲ့အပြင် အရမ်း ရင်းနှီးနေတဲ့ပုံ ဖြစ်နေရတာလဲ... 


ရန်ရှူနဲ့ စန့်ရှန်းတို့ရဲ့ ဆက်ဆံရေးကို စန့်မိသားစုက လက်ခံပေးထားတာ ဖြစ်နေမလား... 


သတို့သမီးလောင်းဆိုတာကရော... 


သူကရော ဂရုမစိုက်ဘူးတဲ့လား... 


ထိုအခိုက်တွင် စုတျန့်တျန့်မှာ စိတ်မကျေနပ်မှုများ ထိတ်လန့်မှုများအပြင် တစ်ခါမှ မတွေ့ဖူးသည့် သတို့သမီးလောင်းကိုပါ မကျေမနပ် ဖြစ်နေသည်။ 


ငါသာ စန့်ရှန်းရဲ့ သတို့သမီးလောင်းကို ဆက်သွယ်နိုင်ခဲ့ရင် ရန်ရှူရဲ့ အရှုပ်တော်ပုံကို ဖော်နိုင်လောက်မလား... 


ကိစ္စသုံးခုကိုသိပြီး လုပ်မယ်ဆိုရင် ပြစ်မှုတွေထဲကို အဆင့်တစ်ခု ထပ်ပေါင်းလိုက်ရုံပဲ... 


ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ... 


စုတျန့်တျန့်တစ်ယောက် စန့်ရှန်း၏ သတို့သမီးလောင်းကို ဆက်သွယ်ရမည်ဟု တေးမှတ်ထားလိုက်သည်။ 


ကံမကောင်းစွာဖြင့် မည်သူကမှ သူနှင့် အတွေးမတူကြဘဘဲ လူတိုင်းက သူ့ကို သရော်ဟန်ဖြင့် ကြည့်လာကြလေသည်။ 


တစ်ယောက်ဆိုလျှင် ဘေးတွင် ဖြတ်သွားရင်း အသံတိုးတိုးဖြင့် မခံချင်အောင် စသွားသေးသည်။

"စိတ်ပျက်သွားပြီ... ရန်ရှူကို သူ့တက်လမ်း ပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ ထင်ထားတာ... အခုတော့ ဘာမှ ဖြစ်မသွားဘူး…" 


"မင်းက ယင်နဲ့ ယန်လိုပဲနော်... ခုဏကပဲ ပွဲကြည့်နေခဲ့တာ မဟုတ်ဘူးလား…" 


"ငါက မြင်ရင်လည်း ရပ်ကြည့်ရုံပဲလေ... တချို့သူတွေဆို မျက်နှာကြီး မဲတဲ့အထိ မဲကျသွားတာများ foundation သုံးကစ်တီလောက်ကတောင် စိတ်ပျက်သွားတာကို မဖုံးထားနိုင်ကြဘူး... ရှက်စရာ…" 


"တိတ်စမ်းပါ... ငါက နိမ့်ကျသွားရင်တောင် မင်းထက် နာမည်ပိုကြီးနေတုန်းပဲ…" 


"ကြည့်ရသေးတာပေါ့…"

ထိုလူက သူ့ကို လှောင်ပြောင်ပြီးနောက် ထွက်သွားလေသည်။ 


စုတျန့်တျန့် ဒေါသထွက်ရလွန်းသဖြင့် တစ်ကိုယ်လုံး တုန်နေလေသည်။ 


"ကျွန်တော် အရမ်းဒေါသထွက်တယ်…"

ရန်ရှူက ဗွီအိုင်ဗွီ နားနေခန်းထဲတွင် မစ္စစန့်ကို တိုင်နေသည်။ 

"သူတို့က ကျွန်တော့်ကို အငယ်အနှောင်းလို့ ပြောနေကြတယ်... ကိုယ့်ဘာသာ ပြန်သဝန်တိုရမလိုပဲ…" 


"မင်းကို စတားလုပ်ဖို့ ဘယ်သူပြောလို့လဲ... ဒီလိုမျိုး ဖြစ်လာဖို့ မင်းတို့ရဲ့ ဆက်ဆံရေးကို ချမပြနိုင်ခဲ့ဘူး... ဒါမှမဟုတ် အနုပညာရှင် မလုပ်တော့ဘဲ အိမ်ကို လာပြီး ပန်းတွေကူပြင်ပေးရင်း အန်တီနဲ့ စကားပြောရအောင်လေ... စန့်ရှန်းက သားလိုချင်တဲ့ ကြွယ်ဝတဲ့ဘဝကို ပေးနိုင်ပါတယ်…"

မစ္စစန့်က ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ မှီလိုက်ပြီး မေးလေးကို လက်ဖဝါးထက်တွင်တင်ကာ ရန်ရှူကို ရှေ့ပြန်နောက်ပြန် ကြည့်နေခဲ့သည်။ 


"ကျွန်တော့်မှာလည်း ကိုယ်ပိုင် စီးပွားရေး ရှိရမယ်လေ...  စာဝါငှက်လို ဖြစ်နေလို့ မရဘူး... အဲ့လို မထင်ဘူးလား…" 


"အင်းပါ... အင်းပါ" မစ္စစန့် ခေါင်းညိတ်ပြလိုက်သည်။ 


"ကျွန်တော်က စန့်ရှန်း လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ဆုံးရှုံးမှုကနေ သက်သာဖို့ အကောင်းဆုံး ကြိုးစားပြီး ကူညီနေတာပါ…" 


"Horror ဂိမ်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမလား... အန်တီလည်း ကြည့်ပြီးပြီ... သားငိုတာ ကြည့်ရတာ အရမ်း ရယ်ရတာပဲ…" 


“…” 


ရန်ရှူ ထရပ်လိုက်ပြီးနောက် မစ္စစန့်ရှေ့တွင် ပေစောင်းစောင်း သွားရပ်လိုက်ပြီး အထင်လွဲမှုကို ဖြေရှင်းရန် ကြိုးစားလိုက်သည်။


မစ္စန့် သက်ပြင်းချလိုက်သည်။

"အိုး... ကျေးဇူးတင်စရာကောင်းတာက အန်တီက သားကို အရမ်းသဘောကျတယ်လေ... သား အန်တီ့ကို လာမတွေ့တာ အရမ်းကြာနေပြီနော်…"


"လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော် စန့်ရှန်းနဲ့ လမ်းခွဲလိုက်တာမလား... ဟိုတလောကပဲ ပြန်တွဲလိုက်ကြတယ်.. ပြန်တွဲပြီးတော့လည်း အရမ်းအလုပ်များနေတာနဲ့ပဲ လာမလည်ဖြစ်တာပါ…" 


"မင်းမှာ ရှယ်ယာရှိရင် ခဏခဏ လာတွေ့မှာလား…" 


"အန်တီ ပြောတာအမှန်ပဲ…"

ရန်ရှူ ချက်ချင်း အလင်းပွင့်သွားသည်။

"အန်တီက ကျွန်တော့်ရဲ့ ညီမလေးပဲ... စန့်ရှန်းက ကျွန်တော့်ကောင်လေး... ကျွန်တော်က မေ့မေ့(ညီမလေး)လို့ ခေါ်ပြီး သူက အမေလို့ ခေါ်တယ်... ကျွန်တော်တို့ အချင်းချင်း အနှောက်အယှက် မဖြစ်တော့ဘူးပေါ့…" 


"အင်း... ဒီလို လုပ်တာပေါ့…"

မစ္စစန့်က ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 


ရန်ရှူက ရုတ်တရက်ဆိုသလို ခေါင်းငဲ့၍ ကြည့်လာပြီး အလေးအနက် ပြောလိုက်သည်။

"မေ့မေ့ ပြောရမလား မပြောရမလား မသိဘူး... တကယ့်ကို ပြောင်းလဲမသွားဘူးနော်... ကျောင်းပေါက်ဝမှာ မေ့မေ့ကို ပထမဆုံး တွေ့လိုက်တုန်းဆို ဝီချက်အကောင့် လာတောင်းမိတော့မလို့... ဘေးနားက ဖြတ်သွားတာကို မှင်သက်နေခဲ့ရတာ…" 


မစ္စစန့်က အထူးသဖြင့် ရန်ရှူနှင့် စကားပြောရသည်ကို သဘောကျသည်။ ရန်ရှူ၏ စကားလုံးများကလည်း စန့်သားအဖထက် သူမကို ပို၍ ကျေနပ်စေသည်ပင်။ 


"အရင်တစ်ခေါက် လေလံပွဲတုန်းက နာရီတစ်လုံးနဲ့ လက်ဝတ်ရတနာ နည်းနည်း ဝယ်လာသေးတယ်... တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်မယ်... အိမ်ပြောင်းပြီးပြီလား…" 


ရန်ရှူ လက်ခါပြလိုက်သည်။

"ကျွန်တော့်လို ယောကျာ်းရင့်မာကြီးက ရတနာတွေနဲ့ ဘာလုပ်ရမှာလဲ…" 


"အိမ်မှာ အလှဆင်ဖို့ ထားလေ... စန့်ရှန်းနဲ့ ရန်ဖြစ်ရင် မြကျောက်တွေနဲ့ ပစ်ပေါက်လို့ ရတာပဲ" 


"ဘယ်လိုမျိုးလဲ... ကြည့်ရအောင်…" 


မစ္စစန့်က ဖုန်းမယူလာခဲ့သဖြင့် နောက်ဆုံး လေလံပွဲ၏ တရားဝင် ဝက်ဆိုက်ဘ်ကို ရှာကြည့်ရန် ပြောလိုက်သည်။ 


စန့်ကျားသို့ ဝင်ရောက်သည့် အဖွဲ့ဝင်များက သူတို့ဝယ်ထားသည့် ပစ္စည်းများအပြင် လေလံပွဲ၏ စျေးနှုန်းများ၊ အသေးစိတ် မိတ်ဆက်စာများ၊ ပုံများကို တွေ့မြင်နိုင်မည် ဖြစ်သည်။ 


"ဘယ်တစ်ခု ကြိုက်လဲပြော…"

မစ္စစန့်က မီလီယံ ဆယ်ချီသော ပစ္စည်းများမှာ ဟင်းရွက် ကန်စွန်းရွက်လောက်သာ တန်ဖိုးရှိသည့်အလား ခပ်ပေါ့ပေါ့ မေးလိုက်သည်။ 


ရန်ရှူက ယင်းတို့ကို စိတ်ဝင်တစား ကြည့်နေပြီး သေချာပေါက်ပင် ယခင်ကရှိခဲ့သည့် ဒေါသများ ပျောက်ကွယ်ကာ တလက်လက်တောက် နေသော မျက်လုံးများဖြင့် ဆက်လက်ရွေးချယ်နေခဲ့သည်။ 


မစ္စစန့်က သူ့ကို ပြုံး၍သာ ကြည့်နေခဲ့သည်။ ရန်ရှူမှာ အမှန်ပင် စန့်ရှန်း ပြောသည့်အတိုင်း ဖြစ်သည်။ စိတ်ဆိုးလွယ် ပြေလွယ်တတ်ပြီး ချော့ရလွယ်သေးသည်။ 


သူ့ကို ချော့မော့သည့် နည်းလမ်းများမှာလည်း စန့်မိသားစုအတွက် လွယ်ကူလွန်းလှသည်။ 


ရန်ရှူ တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် မစ္စစန့်က ရုတ်တရက်  မေးလာခဲ့သည်။

"သူက မင်းရဲ့ သူငယ်ချင်းလား... သူ အန်တီတို့ကို အကြာကြီး ကြည့်နေခဲ့တာ…" 


ဗွီအိုင်ဗွီအခန်း၌ တစ်ဖက်မြင်မှန် ရှိပေသည်။ အောက်ထပ်မှ မြင်ကွင်းကိုလည်း မြင်နိုင်၏။ အထူး ဧည့်သည်တော်များ ရောက်လာလျှင်လည်း သိနိုင်ပြီး အောက်ထပ်သို့ ဆင်းကာ နှုတ်ဆက်နိုင်ပေသည်။  


ရန်ရှူ မော့ကြည့်လိုက်ရာ လုယိယန်တစ်ယောက် သူတို့၏ အခန်းရှေ့မှ ထပ်ကာထပ်ကာ ဖြတ်သွားနေသည်ကို တွေ့လိုက်ရသည်။ 


သူဖုန်းကို ပြန်ချကာ မစ္စစန့်ကို ပြောလိုက်သည်။

"ကျွန်တော့်ကို ရန်လာစတာ သူပဲလေ... ကျွန်တော် ထွက်ပြီး ဆူလိုက်ဦးမယ်…" 


"ဆူသာဆူ... လုပ်ထား…" 


"ဒါပေါ့…" 


လုယိယန်က ထိုအခိုက်တွင် ကြောင်အနေလေသည်။ သူက ပုံမှန်အတိုင်း ဖြစ်နေစေရန် အကောင်းဆုံး ကြိုးစားနေရသည်။ သူက အခန်းကို ကြည့်ကာ သူငယ်ချင်းကို မေးလိုက်သည်။ 


"မင်းပြောတာ အမှန်ပဲလား…" 


"ဟုတ်တယ်... အမှန်ပဲ…"

ထိုလူက ရယ်သံစွက်၍ ပြန်ဖြေလာသည်။ 


လုယိယန် အနုပညာလောက၌ တည်ငြိမ်သော အနေအထား ရလာခြင်းမှာ နောက်ခံကောင်းသည်ကြောင့်ဖြစ်ပြီး သူကိုယ်တိုင်က သခင်လေးတစ်ယောက် ဖြစ်နေ၍ပင်။ 


သူက သဘာဝကျကျပင် သူ့ဘေးမှ တစ်ယောက်ကဲ့သို့ အချို့သော မိသားစုဝင်များကို သိနေလေသည်။ ထိုသူမှာ ကျူးမာမိသားစုမှပင်။ 


ကျူးမာနှင့် စန့်တို့က ဆက်ဆံရေးကောင်းပြီး အချင်းချင်း အတွင်းရေးအချို့ကိုလည်း သိထားကြသည်။ အထူးသဖြင့် အမှန်တကယ်တွင် စန်ရှန်းမှာ ရန်ရှူ၊ ဆွေ့ဟို့ယွီနှင့် အခြားသူများ၏ အထက်တန်းအတန်းဖော် ဖြစ်ခဲ့သည်ဟူသော အချက်ပင်။ 


လုယိယန်ကို ထိုအကြောင်းသာ ပြောလိုက်ရသေးသော်လည်း လုယိယန်မှာ ကြက်သေသေနေလေ၏။ 


"ဒါဆို ငါ လူမှားပြီး ကြိမ်းမောင်းမိတာပဲ…"

လုယိယန် အတော်လေး စိတ်ရှုပ်သွားသည်။

"သူတို့နှစ်ယောက်ကသာ အထက်တန်းအတန်းဖော်တွေဆို မစ္စတာစန့်က ရန်ရှူ ဒုက္ခရောက်နေချိန်မှာ ကူညီပေးတာ ဟုတ်နေတာပဲ... ငါထင်တာ ကုမ္ပဏီဘက်က ရန်ရှူကို အငယ်အနှောင်း ဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြဿနာမရှာဘူးထင်လို့ ငါကိုယ်တိုင် ဆူပူပေးလိုက်တာ…"


"အင်း... ဒါကြောင့် ဒီလို ဖြစ်လာရတာပေါ့…"

ကျူးမာက ပြောလိုက်ပြီးနောက် သူ့ဘေးသို့ လျှောက်လာသည်။

"သူနဲ့ တွေ့ရင် စိတ်လေးထိန်းလေ…"


လုယိယန် သူ့နှဖူးသူ ဒေါသတကြီး ရိုက်လိုက်သည်။ 

"ဒါဆို ငါက ရန်ရှူကို တောင်းပန်ရတော့မယ်ပေါ့လေ... ငါက ရန်ရှူကို တောင်းပန်ရမှာလား... ရန်ရှူ ငါ့ကို သုံးနှစ်လောက် ဟားတိုက်နေတော့မှာ... သူက ကောင်းတဲ့ကောင် မဟုတ်ဘူး…" 


"တောင်းပန်ရုံပဲလေ... မင်းဘက်က စကားမှားတာလည်း အမှန်ပဲဟာ…" 


"စိတ်ပြင်ဆင်ပါရစေဦး…"

လုယိယန်က နံရံပေါ် မှီကာ စိတ်ထိန်းလိုက်ပြီး သူတောင်းပန်သည့် အခါ ဖြစ်သွားမည့် ရန်ရှူ၏ မောက်မာသော မျက်နှာကြီးကို တွေးမိသွားသည်။ တစ်ကိုယ်လုံးမှ အားအင်များ၊ သွေးများ ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်သွားသလို ခံစားလိုက်ရလေသည်။ အရှက်တရားနှင့် စိတ်ပျက်မှုများက စိတ်ကို ဗလောင်ဆူသွားစေခဲ့သည်။ 


ရန်ရှူ ထွက်လာသောအခါ လုယိယန်တစ်ယောက် စိတ်သောက ရောက်နေသော မျက်နှာဖြင့် နံရံကို မှီထားလေသည်။  


ရန်ရှူ ချက်ချင်း စိတ်ပျော်သွား၏။

"ယို့... မင်း တစ်ကိုယ်တည်းသမား ဖြစ်နေတာအတော်ကြာပြီပဲ... လေထုကတောင် လေးလံနေပြီ…" 


ရန်ရှူ၏ အသံကို ကြားသောအခါ လုယိယန် ချက်ချင်း တောင့်တင်းသွားပြီး လက်သီးဆုပ်ထားလိုက်သည်။ 


ထိုပုံစံကို မြင်သောအခါ လုယိယန် သူ့ကို ရန်စတော့မည်ဟု ရန်ရှူ ထင်သွားသည်။ ထို့နောက် လုယိယန်ဘေးမှ လူကိုလည်း စူးစမ်းသလို ကြည့်လိုက်၏။ 

ဒီလူက အရပ်တော်တော် ရှည်တာပဲ သူတို့နှစ်ယောက် အတူတူ ထိုးကြမယ်ဆို ငါ နိုင်မှာမဟုတ်ဘူး... 


မစ္စစန့် ဘော်ဒီဂတ်တွေများ ခေါ်လာသေးလား... 


သူ ထင်မထားခဲ့သည်မှာ လုယိယန်က ရုတ်တရက် ပြောလာသည့် စကားကိုပင်။

"အမှန်မသိသေးဘဲ ဆူမိတာ ငါ့အမှားပါ... ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…" 


"..."ရန်ရှူ ကြက်သေသေသွားပြီး သူပြင်ထားသည့် ကျိန်ဆဲစကားလေးတစ်ခွန်းကိုပင် မပြောနိုင်တော့ဘဲ တစ်ခဏမျှ စွမ်းအားမဲ့သွားသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။ 


"ဒါပေမယ့် မင်းနဲ့ သူနဲ့က အထက်တန်း အတန်းဖော်တွေပဲလေ... ဒီကိစ္စကို ဒီလောက်ထိ ဖုံးဖိထားစရာ လိုလို့လား... အခုတော့ အထင်မှားသွားပြီ…"

လုယိယန် ထပ်ပြောလိုက်သည်။ 


"အမှန်ကို မသိဘဲ ငါ့ကို လာရန်စတာ ငါ့အမှားမို့လို့လား... မင်းခေါင်းထဲမှာ ဘာတွေ ဖြည့်ထားလို့ တခြားသူတွေရဲ့ သန့်ရှင်းစင်ကြယ်တဲ့ အမူအရာတွေကို မင်းတွေးထားသလို တွေးမိအောင် ဘာကများ လုပ်ထားတာလဲ... မင်းအနေနဲ့ ဗဟုသုတလေးတွေ ဖြည့်ပြီး အမြင်ကျယ်လာအောင် ကြိုးစားသင့်တယ်... သူများကို မင်းလို အဆင့်မရှိ ဖြစ်အောင် လုပ်နေမဲ့အစားလေ…" 


"ငါဘက်က တောင်းပန်ပြီးပြီလေ... မင်းဖုံးထားတဲ့ကိစ္စကြောင့်ပဲ ဒီလို နားလည်မှုအကြီးကြီး လွဲသွားတာ…"

လုယိယန် ရှက်သွေးဖြာသွားပြီး အသံတိုးတိုးဖြင့် ချေပလိုက်သည်။ 


"ဒါဆို ဘာလို့ လာတောင်းပန်ပြီး ခံစားချက်မကောင်းအောင် လာလုပ်ရတာလဲ…" 


"လုယိယန် မင်း…" 


ထိုအခိုက် လုယိယန်၏သူငယ်ချင်းက ရှင်းပြပေးရန် ပါးစပ်ဟလာသည်။

"ကျွန်တော် တောင်းပန်ပါတယ်... ဒါပေမယ့် သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး... သူအရင်က မင်းကို ပြိုင်ဘက်အနေနဲ့ သဘောထားခဲ့ပေမယ့် တကယ်တော့ သူ့စိတ်ထဲမှာ မင်းကို လေးစားနေတာပါ... သူက စံနှုန်းမြင့်ပြီးတော့ မင်းက သူ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားတဲ့ ရှားရှားပါးပါးလူပဲ…" 


"မင်း အငယ်အနှောင်း ဖြစ်သွားပြီလို့ ကြားတော့ နည်းနည်း စိတ်ပျက်သွားပြီး စိတ်လိုက်မာန်ပါ ပြုမူခဲ့သေးတာလေ... မင်း မြန်မြန် ရပ်လိုက်ဖို့ကိုလည်း မျှော်လင့်ခဲ့သေးတယ်... နောက်ပိုင်းကျ အထင်လွဲသွားမှန်း သိတော့ ချက်ချင်း လာတောင်းပန်ဖို့ လုပ်ခဲ့တာပဲ…" 


"ခုနက သူပြောခဲ့တဲ့ နောက်ဆုံးအကြောင်းက တကယ်တော့ မင်းနဲ့ မစ္စတာစန့်ရဲ့ ဆက်ဆံရေးကို ပြင်ပကမ္ဘာကြီးဆီ ရှင်းပြတာပိုကောင်းမယ်လို့ သတိပေးချင်တာပါ... ဒါမှ ကောလဟာလတွေ ရပ်သွားမှာလေ... သူ့ပါးစပ်က တကယ်တော့ စကားပြောသိပ်မကောင်းလို့ပါ... တောင်းပန်ပါတယ်... မင်းကို ဒေါသထွက်အောင် လုပ်မိသွားတယ်…" 


ထင်ထားသည့်အတိုင်း ကျူးမာ၏ စကားက လုယိယန်ထက်ပို၍ နားဝင်ပီယံ ရှိသဖြင့် ရန်ရှူ၏ ဒေါသများ အနည်းငယ် လျော့ပါးသွားလေသည်။ 


ရန်ရှူက လက်ပိုက်ထားလိုက်ပြီးနောက် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ 


မစ္စစန့်ကလည်း ငါ့ကို ရန်ရန်လို့ ခေါ်တယ်... လုယိယန်ကလည်း ငါ့ကို ရန်ရန်လို့ ခေါ်သေးတယ်... 


ထိုမှသာ သူတို့နှစ်ယောက်နာမည်က အသံထွက်တူနေကြောင်း သတိရသွားလေသည်။ 


"ငါတောင်းပန်ပါတယ်…"

လုယိယန် ရုတ်တရက် အော်လာသည်။

"ငါမှားသွားရင် မှားတာပဲပေါ့... ဘာလို့ ငါ့နာမည်ကို ခေါ်ပြီး အရှက်တကွဲ ဖြစ်အောင် လုပ်ရတာလဲ…" 


ထို့နောက် မျက်ရည်များ ဝိုင်းလာပြီး ယင်းတို့ကို ထိန်းထားရန် ကြိုးစားလိုက်သည်။ 


ရန်ရှူက ထိုသူ၏ ရှက်ရွံ့မှုနှင့် ဒေါသများ ထွက်နေပုံရသည့် မျက်နှာထားကို ကြည့်ကာ အံ့သြသွားလေသည်။ 


ငါက ကျိန်ဆဲတဲ့နေရာမှာ တအားနာမည်ကြီးတော့ နာမည်တစ်ခု ရွတ်လိုက်ရုံနဲ့တင် ပြောခံရတဲ့သူကို ကျိန်ဆဲသလို ခံစားရစေတာလား... 


ရှက်စရာကြီး...


ထိုအခိုက် လူတစ်ယောက်က ဗွီအိုင်ဗွီအခန်းတံခါးဆီသို့ တရွေ့ရွေ့ ချဥ်းကပ်လာပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ…" 


ရန်ရှူ လှည့်ကြည့်လိုက်ရာ စန့်ရှန်း ရောက်လာခြင်း ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ 


"သူက ငါ့ကို အငယ်အနှောင်းလို့ ပြောတယ်လေ... ပြီးတော့ ငါ့ကို မှားစွပ်စွဲမိမှန်းသိသွားလို့ တောင်းပန်ဖို့ ရောက်လာတာ.. အခုတော့ သူ့ကြည့်ရတာ ငါကပဲ သူ့ကို အနိုင်ကျင့်သလိုလိုနဲ့…" 


စန့်ရှန်း ခေါင်းညိတ်ပြလိုက်ပြီး ရန်ရှူကို ဦးစွာဝင်နှင့်ရန် လက်ဟန်ပြလိုက်သည်။ 


ရန်ရှူ ဆက်မနေတော့ဘဲ ဗွီအိုင်ဗွီအခန်းထဲသို့ ပြန်ဝင်သွားလေသည်။ 


စန့်ရှန်းက လုယိယန်၏ သူငယ်ချင်းဖြစ်သူကို လက်ဟန်ပြကာ ဆက်ပြောလိုက်သည်။ 

"ဘာအငယ်အနှောင်းမှ မရှိဘူး... အစကနေ အဆုံးထိ ငါ့မှာ ချစ်သူတစ်ယောက်ပဲ ရှိတယ်…" 


ကျူးမာ မျက်ခုံးပင့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဟုတ်ပါပြီ... ငါနားလည်ပြီ…" 


ထို့နောက် သူက လုယိယန်ကို အဝေးသို့ ဆွဲခေါ်သွားလေတော့သည်။ 


လုယိယန် နားမလည်သဖြင့် မေးလိုက်သည်။ 

"ဘာအဓိပ္ပါယ်လဲ…" 


"အခု အဆင်ပြေသွားပြီ…"



📽️