Chapter 55
Viewers 4k

📽️Chapter 55



စန့်ရှန်း နားနေခန်းထဲသို့ ဝင်သွားသောအခါ ရန်ရှူတစ်ယောက် မစ္စစန့်နှင့် စကားပြောနေပြီး အလွန်ချစ်ကြသော မောင်နှမများအလား သူမကို ညီမလေးဟုပင် ခေါ်နေသည်ကို တွေ့လိုက်ရသည်။ 


ယင်းမှာ ရန်ရှူက သူ့အမေကို တမင်တကာ မျက်နှာချိုသွေးနေခြင်း မဟုတ်ပေ။ ထိုရန်ရှူသည်ကား မိန်းကလေးများအကြား လွန်စွာနာမည်ကြီးလှသော ကောင်လေးတစ်ယောက် ဖြစ်ပြီး မည်သည့်အသက်အရွယ်၊ မည်သည် ကိုယ်ရည်ကိုယ်သွေးရှိသည့် မိန်းကလေးမဆို သင့်မြတ်နိုင်ကာ မိန်းကလေးသူငယ်ချင်းများ ဖြစ်လာတတ်သည်။ 


မစ္စစန့်မှာသူတို့ မ‌တွဲကြခင်ကတည်းက ရန်ရှူကို အလွန် သဘောကျခဲ့ပြီးသားပင်။ စန့်ရှန်းက အမေဖြစ်သူကို မကျေမနပ် ကြည့်လိုက်သော်လည်း သူမကမူ သူ့အား လျစ်လျုရှုထား၏။ 


"အမေ့ကို အဲ့လိုမခေါ်နဲ့…"

စန့်ရှန်းက ကိုယ်တိုင်သာ ရန်ရှူကို သတိပေးလိုက်ရသည်။ 


ရန်ရှူက သဘာဝကျကျပင် ပြန်လည်ချေပခဲ့သည်။

"ငါခေါ်ချင်သလို ခေါ်မှာ ငါ့ကို လာထိန်းချုပ်လို့ ရမယ်များ ထင်လား…" 


"မသင့်တော်ဘူး…" 


ရန်ရှူက ချက်ချင်းဆိုသလို မစ္စစန့်၏ လက်ကို ကိုင်လိုက်သည်။

"ငါတို့ရဲ့ မေ့မေ့က အရမ်းလှတဲ့ဟာ... ဘာလို့ အဲ့ဒီလို မခေါ်ရမှာလဲ…" 


"အမေလို့ ခေါ်…" 


ရန်ရှူ မျက်လုံးလှိမ့်ပြလိုက်သည်။

"မင်းက ငါ့ကိုမှ လက်မထပ်သေးဘဲ…" 


"မင်းလည်း ကိုယ့်ကို လူထုဆီ ချမပြသေးဘူးလေ…" 


"..." ရန်ရှူ တစ်ခဏမျှ ဆွံ့အသွားလေသည်။ 


မစ္စစန့်မှာ လူငယ်စုံတွဲ၏ အချေအတင်စကားဝိုင်းထဲ ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ချက်ချင်း လက်ယမ်းပြလိုက်သည်။

"ကဲကဲ တော်ကြတော့…" 


သူမ ထရပ်ကာ ရန်ရှူကို ပြောလိုက်သည်။

"နောက်တစ်ခါ... အိမ်ကို လာရင် တစ်ယောက်တည်းပဲ လာတွေ့နော်... သူနဲ့ မလာနဲ့... သူပါလာရင် အပျော်တွေ ပျက်သွားလိမ့်မယ်... မင်းရဲ့ မေ့မေ့ သွားတော့မယ်…" 


"ဟုတ်…"

ရန်ရှူ ခေါင်းညိတ်ပြပြီး ထရပ်ကာ သူမကို အပြင်သို့ လိုက်ပို့ပေးလိုက်သည်။ 


မစ္စစန့်က ရန်ရှူ၏ ပုခုံးပေါ် လက်တင်၍ ပြောလိုက်သည်။ 

"ပါတီတစ်ခု ဆက်သွားရဦးမှာ…" 


မစ္စစန့် ထွက်သွားသောအခါ ရန်ရှူနှင့် စန့်ရှန်းသည်သာ အခန်းထဲတွင် ကျန်ရစ်တော့သည်။ 


တစ်ခဏအကြာ ရန်ရှူတစ်ယောက် ခြောက်ကပ်ကပ်ဖြင့် မေးလိုက်သည်။

"ဘာလို့ ရောက်လာတာလဲ…" 


"သိပြီးသားကို မေးနေတယ်…" 


"အိုး မင်းအမေကို တွေ့ဖို့လား…" 


"အမေ့ကို တွေ့ဖို့ လာတယ်ဆိုရင် အခုပဲ အမေနဲ့ လိုက်သွားတော့မှာပေါ့…" 


ရန်ရှူ ဟွန်းကနဲ လုပ်လိုက်သည်။

"ဒါဆိုလည်း တည့်တည့် ပြောလိုက်ပါတော့လား…" 


စန့်ရှန်းက အဆုံးတွင် လေသံ ပြောင်းသွားလေသည်။

"မင်းကို ကြိုဖို့လာတာလေ... အစည်းအဝေးပြီးတာနဲ့ တန်းလာခဲ့တာ... အခုတလော ညနက်ရင် လမ်းလျှောက်သွားရမှာ ကြောက်တယ်မဟုတ်ဘူးလား…" 


ရန်ရှူက ယနေ့ည ဖြစ်ခဲ့သည့်အရာများကို ပြောပြလိုက်သည်။ 

"ငါက အငယ်အနှောင်းလို့ သတင်းတွေ ထွက်နေတယ်…" 


"မပူပါနဲ့ ကိုယ့်အမေ ဖြေရှင်းနိုင်ပါတယ်…" 


တစ်ချိန်တည်းမှာပင် မစ္စစန့်တစ်ယောက် ပွဲကို ပြန်ရောက်လာသောအခါ မသိသည့် လူတစ်ယောက်က အသံနိမ့်နိမ့်ဖြင့် မေးလာသည်။

"ရန်ရှူနဲ့ သိတာလား…" 


မစ္စစန့်က ပြုံး၍ ရှင်းပြလိုက်သည်။

"အင်း... ရန်မိသားစုနဲ့ စန့်မိသားစုက အရင်မျိုးဆက်တွေမှာ ဆွေမျိုး ဖြစ်ခဲ့ကြတာလေ... ကျွန်မကရန်ရှူ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတာပါ…" 


အခြားသူများ ထိုအဖြေကို ကြားသောအခါ ကြက်သေသေသွားကြပြီး အတင်းအဖျင်းများကို ဘေးပို့ထားလိုက်ကြတော့သည်။ 


မိသားစုနှစ်စုက ဆွေမျိုးတွေဆိုရင် ခွေးသွေးဆက်ဆံရေးအဖြစ် ပုံဖော်ဖို့ တအားရက်စက်တာပဲ... 


သေချာပေါက်ပင် ဤလောကထဲမှ "ဖရဲသီးများ" က ယုံကြည်စိတ်ချထား၍ မရနိုင်ပေ။ 


*****


ရက်အနည်းငယ်အကြာတွင် ရန်ရှူတစ်ယောက် နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး horrorဂိမ်းကို ကစားပြသည်။ 


ထိုဂိမ်းကို ကစားရသည့် ပထမဆုံးအကြိမ်ကလည်း အဆင့်တက်အောင် မည်သို့ လုပ်ရမည်ကိုပင် မသိခဲ့ပေ။ 


ဤသည်မှာ ငါးကြိမ်မြောက် တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်ပြီး သူကမူ အပြင်ပြန်ထွက်နိုင်ရန် သဲလွန်စများ ကြိုးစားရှာဖွေနေရဆဲပင်။ 


သူက ကြောက်လန့်နေပြီး မရေတွက်နိုင်အောင်ပင် တုန်ယင်ကာ လဲကျသွားသည့် ခဲ့သည့် အကြိမ်များလည်း ရှိသည်။  


ယနေ့တွင် စန့်ရှန်းမှာ သူ့ကို အဖော်ပြုပေးရန်  ပြန်မလာခဲ့ပေ။ သူ့အဖွဲ့မှ လူကလည်း ဧည့်ခန်းထဲတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည်နေပြီး ရန်ရှူကို အဖော်ပြုမပေးခဲ့ပေ။ 


ရန်ရှူက အခန်းထဲတွင်ထိုင်ကာ တစ်ယောက်တည်း ဆော့နေရပြီး မှုန်တေနေသော မျက်နှာဖြင့် ဂိမ်းကြောင့် ကြောက်လန့်နေရလေသည်။ 


သူ မတိုင်မီလေးကမှ "သရဲ" ထံမှ ဖမ်းမိခံလိုက်ရသည်။ 


ဖမ်းမိသွားပြီးနောက် ဇာတ်ကောင်က မလှုပ်ရှားနိုင်တော့ဘဲ screenထက်တွင် ရှည်မျောမျောလက်ကြီးက သူ့ကို ထိန်းချုပ်နေသည်ကိုသာ ကြည့်နေရသည်။  အနီရောင်တောက်တောက် လက်သည်းခွံများက ဇာတ်ကောင်၏ မျက်လုံးအိမ်များကို တိုက်ရိုက် ထိုးဆွနေသေးသည်။ 


ရန်ရှူမှာ ခံရသူ၏အမြင်တွင် ရှိနေသောကြောင့် မျက်လုံးများကို မသိစိတ်အရ ပိတ်လိုက်မိသည်။


သူ ကြောက်လန့်လွန်း၍ အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်နိုင်ခဲ့ပေ။ 


သူက နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ကြောက်လန့်မှုကြောင့် ကျလာသည့် မျက်ရည်များကို သုတ်လိုက်ပြီး screenထက်ကို ကြည့်၍ ပြောလိုက်သည်။

"ခဏလောက် စကားပြောရအောင်... စိတ်ငြိမ်အောင် လုပ်ပါရစေဦး…" 


အမှန်မှာ ဂိမ်းအဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ရန်ရှူ၏ ဖြားယောင်းစကားကို ဂရုမစိုက်ပေ။ အဆုံးတွင် လုပ်ငန်းစဥ်ကို နှေးကွေးစေပါက နောက်ထပ် အပိုင်း နည်းနည်းခန့်ထပ်ပြီး ထုတ်လွှင့်ရုံသာ။ ယင်းက သူတို့အတွက် ပိပိကောင်းသေးသည်။ 


ထိုအခိုက်တွင် စကားပြောဆိုမှုများကလည်း တိုက်ရိုက်ထုတ်လွှင့်ခန်း၏ ကျော်ကြားမှုအညွှန်းကိန်းကို မြင့်တက်သွားစေခဲ့သည်။ 


[ဦးလေးက အရမ်းငိုနေတော့ ငါအရမ်း စိတ်လှုပ်ရှားလာပြီ…] 


[ခုဏက ငါလည်း လန့်သွားတာ…] 


[ရှူရှူ ငိုနေတယ် ဟူးဟူးဟူး... သနားစရာ ရှူရှူ…] 


[ငါကတော့ စိတ်ဒဏ်ရာ တန်းရသွားပြီ…] 


[ဦးလေးလို စိတ်ရင်းပါတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုးက ရှားတယ်... ဂိမ်းက နည်းပညာတွေအပေါ် မှီခိုထားတာ မဟုတ်ဘဲ စိတ်ခံစားချက်တွေအပေါ် မှီခိုနေတာ…] 


"မင်းတို့တွေက နှာဘူးတွေလား…"

ရန်ရှူက ထိုလူများကို စိတ်ကုန်ဟန်ဖြင့် ကြည့်လိုက်သည်။ 


[ဘာလို့ ဘောစ့်က အတူ မကစားတာလဲ…] 


[ ဒီနေ့လည်း ဘော့စ်က တူတူဆော့ပေးမယ်ထင်နေတာ…]


ရန်ရှူက မေးခွန်းများကို စိတ်ရှည်လက်ရှည် ဖြေပေးနေခဲ့သည်။

"သူက ဒီနေ့ အရေးကြီးအစည်းအဝေး ရှိလို့ အလုပ်ခရီးထွက်နေတယ်လေ... ဒါကြောင့် မလာနိုင်တာ... ပြီးတော့ သူက အရမ်းအလုပ်များတာလေ... နေ့တိုင်း ဒီနေရာမှာပဲ အချိန်ဖြုန်းဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ…" 


ထိုအခိုက် screenထက်တွင် အထူးပြုလုပ်ချက် လက်ဆောင်များ ပေါ်လာသည်။ 


ရန်ရှူက မျက်ရည်များကို အလျင်အမြန် သုတ်ကာ နာမည်ကို ကြည့်လိုက်သည်။ နာမည်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသောအခါ အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ 

"လက်ဆောင်အတွက် ကျေးဇူးပါ ဘောစ့်…" 


ပြောလိုက်ပြီးနောက် ကင်မရာကို အသည်းပုံလုပ်ပြလိုက်သည်။ 


ထိုနံပါတ်မှာ: စန့်မျိုးရိုးဟု အမည်ရလေသည်။ 


ယင်းက စန့်ရှန်း၏ စတိုင်နှင့် အံဝင်ခွင်ကျပင်။ စန့်ရှန်း၏ ရည်းစားလေးအနေနှင့် ရန်ရှူ တစ်ယောက် တစ်ချက်တည်း မှတ်မိနိုင်ခဲ့သည်။ 


[အား... ဘောစ့်ရဲ့ အကောင့်ပဲ…] 


[ကြည့်ရတာ ရှူရှူကို လက်ဆောင်ပို့ပေးဖို့ အသစ်ဖွင့်ထားတာပဲနေမယ်... သံသယ ဝင်စရာ မလိုအောင်ကို အချစ်စစ် ဖြစ်နေပြီ…] 


ရန်ရှူက screenထက်ကို ကြည့်၍ မေးလိုက်သည်။ 

"အစည်းအဝေး ပြီးသွားပြီလား…" 


စန့်ရှန်း၏ အကောင့်မှ စာပြန်လာ၏။ 

[အစည်းအဝေး လုပ်နေတုန်း…] 


သူ ထပ်မေးလိုက်သည်။

"ဒါဆို မင်းက အစည်းအဝေး လုပ်နေတုန်းကြီး ငါငိုတာကို နားထောင်နေတာပေါ့လေ…" 


[နားကြပ်တပ်ထားတယ်…] 


ကွန်မန့်များမှာ စတင် ဆူပွက်လာလေတော့သည်။ [အစည်းအဝေး လုပ်နေရင်းတောင် ဦးလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည်ရမယ်... သိလိုက်ပါပြီ... ကျေးဇူးပါ…] 


[အချိုတွေ မဆုံးနိုင်အောင် ကြဲချနေပါပြီ…] 


[ချစ်စရာကောင်းလိုက်တာ…] 


ပြိုင်ပွဲက စတင်လိုက်ပုံရပြီး အခြားလူတစ်ယောက်ကလည်း လက်ဆောင်များ ပေးလာပြန်လေသည်။ 


ရန်ရှူမှာ ထိုလူ ဘယ်သူမှန်း မသိသဖြင့် ဖုန်းထုတ်၍ ကြည်လိုက်သည်။ ထို့နောက် screenကို အသဲပုံလေး လုပ်ပြလိုက်ပြန်သည်။

"ကျေးဇူးပါ... မေ့မေ့…" 


[ဒါဘယ်သူများလဲ... လူချမ်းသာအမျိုးသမီးတစ်ယောက်က သူ့ဖန်ပဲလား…] 


[ညီမလေးရေ.. ချစ်တယ်နော်... အတူတူ ချစ်ကြရအောင်…] 


ရန်ရှူ အလျင်အမြန် တားလိုက်သည်။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဒါက ဘောစ့်ရဲ့ အမေပါ…" 


[ဒါဆို ဦးလေးရဲ့ ယောက္ခမလား…] 


[ဘောစ့်ရဲ့ အမေကလည်း သူ့ကို သိတာလား…] 


"ဒီအကြောင်း ပြောမှပဲ... ဘောစ့်နဲ့ ကျွန်တော်နဲ့က အမျိုးတော်တယ်လို့ ပြောရမလား... ကျွန်တော့် ဘိုးဘေးတွေထဲက လူအိုကြီးတစ်ယောက်က ဘောစ့်ရဲ ဘိုးဘေးတွေထဲက တစ်ယောက်နဲ့ သွေးသောက်ညီအစ်ကို ဖြစ်ခဲ့ကြတာလေ... အဲ့တော့ ဘောစ့်နဲ့ ကျွန်တော်နဲ့က အမျိုးတော်တယ်လို့ ဆိုရမလားပဲ... အခုခေတ်ဆိုရင် အမျိုးတွေခွဲရတာ တကယ် နက်နဲတယ်... ဒီလိုသွေးသောက်အမျိုးတွေဆို ကျွန်တော်တို့ အဆင့်ထိ ထိန်းထားနိုင်တုန်းပဲ... ဘဝက မလွယ်ကူဘူးလေ...  နှစ်သစ်ကူးနဲ့ ပိတ်ရက်တွေဆို ဘောစ့်ရဲ့ အိမ်ကို နှစ်သစ်ဆုတောင်းဖို့ မကြာခဏ သွားရတယ်…" 


သူပြောလိုက်သည့်စကားက အငယ်အနှောင်း ကောလဟာလများကို ဖြေရှင်းပြီးသား ဖြစ်သွားသည်။ 


[အရင်တုန်းက မင်းကို နှင်းတွေဖုံးနေသလို ဖြစ်နေလို့ မင်းရဲ့ ဘောစ့်က ကုမ္ပဏီကို ဝယ်လိုက်တာလား…] 


[သူတို့က ဒီလို ဆက်ဆံရေးကိုး…] 


"ဒါကို ဆက်ဆံရေးတစ်ခုလို့ မသတ်မှတ်နိုင်ပါဘူး... အလုပ်ရဲ့ ဆက်သွယ်ရေးတွေမှာ ပြဿနာတစ်ခု ရှိခဲ့လို့ပါ... အခုတလော တဖြည်းဖြည်း ပိုကောင်းလာပါပြီ... သိပ်မကြာခင် ကျွန်တော့်အဖွဲ့ကို ဝင်ရောက်တော့မှာပါ…" 


[ဟယ်လို... မင်းမှာ မျက်နှာအမူအရာဖော်ပြချက်တွေ ကြွယ်ဝပြီး မျက်နှာလေးလည်း လှတယ်... သရုပ်ဆောင် ဖြစ်လာချင်လား…]


ရန်ရှူက ထိုကွန်မန့်ကို ကြည့်ကာ ကူကယ်ရာမဲ့သွားသည်။ 

"သရုပ်ဆောင် ဖြစ်လာချင်လားတဲ့... အခု ငါ့အလုပ်က ဘာလဲ... အခုလောက်ဆို သရုပ်ဆောင် ဖြစ်နေပြီ မဟုတ်ဘူးလား…" 


[ဦးလေးရေ... မင်းကို ဂိမ်းကြေညာသူအဖြစ် သတ်မှတ်လိုက်ပြီ…] 


[နောက်ဆုံးတစ်ခေါက်က ကြည့်ကောင်းတဲ့ ကြေညာသူ စာရင်းမှာပဲ…] 


[ဘာလဲ... ရယ်စရာကောင်းတဲ့ ဘလော့ဂါစာရင်းထဲ ပါသင့်တာ မဟုတ်ဘူးလား…] 


"ငါက ဂိမ်းကြေညာသူတောင် ဖြစ်လာပြီလား... အခု အရမ်းကို ပရော်ဖက်ရှင်နယ် ကျနေပြီလား…"

ရန်ရှူ ပြောကာ သူ၏ အလုပ်အမျိုးအစားကို သွားကြည့်လိုက်ရာ အမှန်ပင် ဂိမ်းကစားသူစာရင်းမှာ ပါနေလေ၏။ 


အခုတော့ အိုင်ဒေါလ်တစ်ယောက် ဖြစ်ရုံတင်မကဘဲ အစုံသုပ် ဖြစ်နေပြီ…


သို့သော်လည်း ရန်ရှူက ဂရုမထားဘဲ ကင်မရာကိုသာ ဆက်ပြီး စကားပြောနေခဲ့သည်။ 


"ကျွန်တော့်ရဲ့ ဂိမ်းတိုက်ရိုက်ထုတ်လွှင့်မှုကို တရားဝင် အသိအမှတ်ပြုပေးလို့ ကျေးဇူးပါ... ကျွန်တော်လည်း ဒီ့ထက်ပို ကြိုးစားပါ့မယ်…" 


[ဦးလေး... ကျွန်တော်က ယောကျာ်းလေးပါ... ကျွန်တော့် ကောင်လေးနဲ့ အတူ စျေးဝယ်ရင်း ချောဆီအစား ဝမ်းချူတဲ့ဘူးကို မှားယူမိသွားတယ်... အခုတော့ ကသိကအောက် အခြေအနေကြီးမှာ ရောက်နေလို့ ဘယ်လို လုပ်ရမလဲ…] 


ရန်ရှူ  ထိုကွန်မန့်ကို ကြည့်ကာ တစ်ခဏမျှ ကြက်သေသေသွားပြီး အကျယ်ကြီး ရယ်ချလိုက်သည်။ သူ အတော်လေး ပြောစရာမဲ့သွားပုံလည်း ပေါ်လေသည်။

"ဘုရားရေ... ဘယ်လိုများ ဆုံးဖြတ်ထားတာကို ရပ်ပြီး ကသိကအောက် အခြေအနေထဲ ဆက်နေနေရတာလဲ... ဒါက... ဟားဟားဟား... လမ်းမခွဲတဲ့ အချစ်စစ်လိုလား…" 


ရန်ရှူ ဖြေပြီးသွားပြီးနောက် မောက်စ့်ကို လှမ်းကိုင်လိုက်ပြီး စဥ်းစားရင်း ထပ်ရယ်ပြန်သည်။

"ဒါကို မေ့ထားလိုက်တာ ကောင်းမယ်... မဟုတ်ရင် အနာဂါတ်မှာ ထုတ်ပြောနိုင်မှာ မဟုတ်တော့ဘူး... တစ်သက်လုံး အရိပ်မဲကြီး လိုက်နေတော့မှာ…" 


[ဦးလေးက နားလည်နေတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့်…] 


[ဦးလေးရဲ့ အပြုံးက အဓိပ္ပါယ် နက်နဲနေတယ်နော်…] 


[ရှူရှူကို သုညစစ်စစ်လို့ တွေးနေတာ ငါပဲလား…] 


[ဟမ့် ရန်ရှူက 1တစ်ယောက် ဖြစ်နိုင်မယ်လို့ တွေးနေတာလား…] 


ရန်ရှူက ကြည့်ရုံသာ ကြည့်ကာ လျစ်လျူရှုထားလိုက်ပြီး စိတ်ဝင်စားစရာ ကွန်မန့်များကို ဆက်ဖတ်နေခဲ့သည်။ 


"နှုတ်ခမ်းနီက ဘာရောင်လဲ…" 

ရန်ရှူ နှုတ်ခမ်းကို သုတ်လိုက်သည်။

"နှုတ်ခမ်းနီ မဆိုးထားပါဘူးနော်... တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဂိမ်းကစားပြနေတာကို ဘာလိမ်းရဦးမှာလဲ…" 


"ဘာလို့ မကပြတာလဲတဲ့... အခုက ဂိမ်းကစားပြနေတာကွ... ဂိမ်းဆော့တာကို နားရောလည်ရဲ့လား…" 


[ဦးလေးရေ... သီချင်းဆိုပြပါ…] 


[ဦးလေးရေ "ကံကောင်းပါစေ" လို့ ဆိုကြရအောင်…] 


[ခြင်ဆေးခွေကို လင့်ချပေးလို့ ရမလား... ဘောစ့်နဲ့ မော်ဒယ် အတူတူပဲလေ.. အခုထိ အများအတွက် မထုတ်ပေးသေးဘူးလား…] 


"ဟေး... ဘာလို့ သီချင်း လာတောင်းနေကြတာလဲ... ငါက အရည်းအသွေးမြင့် ကြေညာသူ မဟုတ်သေးဘူး... ဂိမ်းလေး ကစားပြနေရုံပဲလို့…"

ရန်ရှူ ပြောနေရင်းဖြင့် လက်ဆောင်များ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ 


ထိုလက်ဆောင်များကို ကြည့်နေရင်း ရန်ရှူ၏ အမူအရာများ တဖြည်းဖြည်း ပြေလျော့သွားပြီးနောက် အပြုံးလေးတစ်ခု ပေါ်လာသည်။ 

"ကောင်းပါပြီ... လူတိုင်းအတွက် "ကံကောင်းပါစေ" ကို ဆိုပေးပါမယ်…" 


ရန်ရှူက ဂိမ်းထဲကို ပြန်ဝင်သွားပြီး အမှန်တကယ် သီချင်းဆိုနေရင်း မူလက ဝင်ရောက်ထားသော နေရာသို့ ပြန်ရောက်သွားသည်။ သီချင်းဆိုပြီးသွားသောအခါ ဆွေ့ဟို့ယွီလည်း ရောက်လာပြီး လက်ဆောင်များ ပေးလာသည်ကို တွေ့လိုက်ရလေသည်။ သူ ချက်ချင်း လက်ယမ်းပြလိုက်သည်။

"မလုပ်ပါနဲ့ မလုပ်ပါနဲ့... ဒါက ကြော်ငြာခထက်တောင် ပိုစျေးကြီးသေးတယ်…" 


တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားသောအခါ ရန်ရှူ ခြေကုန်လက်ပမ်းကျလျက် အခန်းထဲမှ ထွက်လာခဲ့သည်။ 


ကောင်းချင်က ဒေတာများကို ကြည့်၍ ပြောလိုက်သည်၊ 

"ဒီတစ်ခေါက် ဒေတာတွေက အရမ်းလှလို့ ပါတီအေဘက်က ကျေနပ်နေတယ်... ရင်းနှီးမြုပ်နှံသူတွေ အများကြီး ဆွဲဆောင်နိုင်ခဲ့သေးတယ်... အရင်ဆုံး စစ်ဆေးကြည့်လိုက်ပြီးတော့ အဲ့ဒီကုမ္ပဏီတွေမှာ နောက်ကြောင်းရှင်းရဲ့လား နိုင်ငံရေး ရပ်တည်ချက်က ဘယ်လိုမျိုး ဆိုတာတွေကို စစ်ဆေးလိုက်မယ်... ထုတ်ကုန်နဲ့ ပတ်သက်ပြီး ပြဿနာ မရှိရင် မင်းဆီ ကမ်းပေးလိုက်မယ်…" 


"ကောင်းပါပြီ…"

ရန်ရှူက ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် မှီထားလိုက်သည်။   

"အရင်တစ်ခေါက် မစ္စတာစန့် ရင်းနှီးမြှုပ်နှံထားတဲ့ reality showမှာ မင်းက ပထမဆုံး ကျပန်းဧည့်သည် ဖြစ်လာမှာ... ပုံမှန်ဧည့်သည်တွေကို အတည်ပြုပြီးပြီ... လုယိယန်လည်း ပါတယ်…" 


ရန်ရှူ ချက်ချင်း ထထိုင်ကာ ကောင်းချင်ကို ကြည့်လိုက်သည်။

"ဒါက ဘဝ ပရိုဂရမ်လား... ဒါမှ မဟုတ် အချင်းချင်း ဆွဲဖြဲကြမယ့် ပရိုဂရမ်လား... ကျွန်တော်တို့ နှစ်ယောက်က ပထမပိုင်းမှာတင် ရန်ဖြစ်ကြမှာ…" 


"လုယိယန်ရဲ့ ကိုယ်ရည်ကိုယ်သွေးက သိပ်မကောင်းပေမယ့် စရိုက်က မဆိုးပါဘူး…" 


"ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်က တည့်ကို မတည့်ကြတာ…"

ရန်ရှူ တစ်ခဏမျှ တွေးလိုက်ပြီးနောက် အတင်းအဖျင်းစကားကို မေးလိုက်သည်။

"လုယိယန်က တစ်ခါမှ ရည်းစားမရှိဘူးဆိုတာ တကယ်ပဲလား…"


"အင်း... သူက ကမ္ဘာပေါ်က ဘယ်သူကမှ သူနဲ့ မတန်ဘူးလို့ တွေးနေတာလေ…" 


ထိုစဥ်က ကောင်းချင်တစ်ယောက် ရန်ရှူ၏ ရည်းစားအကြောင်း အစကောက်ရန် ကြိုးစားခဲ့ရုံသာမက ရန်ရှူကလည်း လုယိယန်၏ အချစ်ရေးအကြောင်း သွားစခဲ့ဖူးသည်။ 


နောက်ဆုံးအဖြေသည်ကား သုညပင်။ 


လုယိယန်က အလုပ်အမျိုးမျိုးကို လက်ခံထားသည့်အပြင် အားလပ်သော အချိန်များတွင် အိမ်တစ်လုံးကို တကယ်ကြီး သွားဆောက်ခဲ့သေးသည်။ 

ဒါကို ဘယ်သူက ယုံမယ်တဲ့လဲ…


ရန်ရှူက လုယိယန်တစ်ယောက် မြေတူးစက်ကို ကိုယ်တိုင်မောင်း၍ သူကိုယ်တိုင် ဖောင်ဒေးရှင်းကို တူးနေသည့် ပုံကို ကြည့်ရင်း အချိန်အကြာကြီး တိတ်ဆိတ်သွားလေသည်။ 


ရန်ရှူ၏ စကားကို ကြားပြီးသွားသောအခါ ခေါင်းညိတ်ပြလိုက်သည်။

"ဒီကိစ္စသာ တခြားသူအပေါ် ဖြစ်လာရင် သေချာပေါက် ယုံမှာ မဟုတ်ဘူး... ဒါပေမယ့် လုယိယန် ဆိုရင်တော့ သူက တကယ့်ကို မင်းထက် ပိုတုံးအပြီး နားလည်ရခက်တယ်ဆိုတာ ယုံကြည်ရမယ်... သူက နှစ်ဆယ့်ကိုးနှစ်ဆိုရင်တောင် ဒီလိုလုပ်နိုင်တုန်းပဲ…" 


"မင်းတို့ နှစ်ယောက်က တူတယ်…" 


ရန်ရှူက ကောင်းချင်ကို ရုတ်တရက် ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"အစ်မက အနုပညာရှင်ကို ရွေးတဲ့နေရာမှာ သူများတဲ့မတူတဲ့ ဝါသနာ ရှိနေတာများလား... ခက်ခဲလေလေ ပိုပြီး စိန်ခေါ်မှု မြင့်လေလေ ဆိုပြီးတော့လေ…" 


"မဟုတ်ပါဘူး... ငါက စရိုက်ကိုပဲ ရွေးတာ... ဒါနဲ့ သွားမရှုပ်နဲ့... မဟုတ်ရင် လမ်းကြောင်းတစ်ခုလုံး ပြိုလဲကျသွားလိမ့်မယ်…" 


ကောင်းချင်က သေချာပေါက် ဆိုးဝါးသော အနုပညာရှင်များကို ရှောင်ရှားမည် ဖြစ်သည်။ အနုပညာရှင်ကသာ screenထက်တွင် ထပ်ပြီး မပါလာနိုင်တော့၊ သို့တည်းမဟုတ် ထောင်ထဲသို့ ဝင်ရတော့မည်ဟု တရားဝင် ကြေညာရသည့် ရက်သို့ ရောက်ခဲ့လျှင် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားထားရသည်များ အချည်းနှီး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သေချာပေါက် သူတို့ကို ခေါ်မည် မဟုတ်ပေ။ 


ရန်ရှူနှင့် လုယိယန် နှစ်ယောက်လုံး ထို ပြဿနာများ မရှိကြချေ။ 


သူတို့က ပြဿနာ အသေးစားလေးများ ရှာတတ်ကြရုံသာ။ 


ရန်ရှူ ဆိုဖာပေါ် ပြန်မှီကာ မေးလိုက်သည်။

"ပထမပိုင်းမှာကတည်းက သူနဲ့ ရန်ဖြစ်မိရင်ရော…" 


"ငါက အဆင်ပြေပါတယ်... ထွင်လုံးလေး လုပ်ရုံပေါ့... မင်းတို့နှစ်ယောက်သာ အတူတူ တိုက်ရိုက်ထုတ်လွှင့် နိုင်မယ်ဆိုရင် လူတွေ အများကြီးက လက်ဆောင်တွေ တပျော်တပါး ဝယ်ကြမှာ... မင်း ငွေပြတ်ခဲ့ရင် ပြင်ပ တိုက်ရိုက်ထုတ်လွှင့်မှုအကြီးကြီး လုပ်ပြရုံပဲ…" 


"တိုက်ရိုက်ထုတ်လွှင့်ပြီး ရန်ဖြစ်ဖို့လား…" 


"မဟုတ်ဘူး... ကြောင်ဖမ်းမှာ... ငါတို့ မင်းအတွက် ကြောင်တစ်ကာင် စီစဥ်ပေးမယ်... မင်းက လိုက်ဖမ်းလေ…" 


ရန်ရှူ ချက်ချင်း ထလာပြီး ကောင်းချင်ကို အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။

"အလုပ်စောစော ဆင်းပါတော့... ဘိုင့်…" 


ပြောပြီးနောက် တံခါးပိတ်ထားလိုက်သည်။ 


တံခါးပိတ်ပြီး သွားသောအခါ ဖုန်းကို တိတ်တဆိတ် ထုတ်၍ ရေတွက်လိုက်၏။

"ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ငွေဘယ်လောက် ရခဲ့လဲ ... ဘာလို့ ရှယ်ယာအချိုးက မြင့်နေပါလိမ့်... တစ်၊ တစ်ဆယ် မီလီယံ… အိုး ယိုး... ဒါဆို အဆင်ပြေပြီ... ဟီးဟီး..."



📽️