Chapter 60
Viewers 4k

Chapter 60



လုယိယန်က ခွန်အားများကို အမှန်တကယ် ပြသနေခဲ့သည်။ သူက ယင်းတို့ကို အကြိမ်ထောင်မက လုပ်ဖူးရပေမည်။ မဟုတ်လျှင် ထိုမျှလောက်ထိ ကျွမ်းကျင်နေမည် မဟုတ်ပေ။ 


ရန်ရှူ စိတ်ရင်းမှန်ဖြင့် သက်ပြင်းချလိုက်သည်။

"မင်းက တောတွင်းပရိုဂရမ်တွေမှာ ပါသင့်တာ... မင်းလို လူမျိုးကတော့ တောနက်ထဲမှာဆိုလည်း တစ်ယောက်တည်း ရှင်သန်နိုင်မှာပဲ…" 


လုယိယန်က ရိုးရိုးသားသား ပြောလိုက်သည်။

"ငါက အဲ့ဒီလို ပရိုဂရမ်တွေနဲ့ မကိုက်ဘူး…လက်နဲ့ လုပ်ရတာတွေပဲ တော်တာ... စားတာသောက်တာနဲ့ ပတ်သက်ပြီး ကြေးလည်းများတယ်... စားစရာ လုံလုံလောက်လောက် မရှိရင် ဒါမှမဟုတ် ဗိုက်ဝအောင် မစားရရင် စိတ်ဓာတ်ကျပြီး ဘာမှ မလုပ်ချင်တော့ဘူး…" 


"မင်းက တကယ်ထူးခြားတာပဲ…"

ရန်ရှူက လုယိယန်ကို ဝါးလုံးများ သယ်ရာ၌ ကူညီပေးလိုက်သည်။

"ဒါပေမယ့် မင်းက ကျွေးမွေးရ လွယ်ပါတယ်... မင်းကိုယ်တိုင် အစာရှာနိုင်ရင် ရှင်သန်နိုင်မှာပါ…" 


"ဟုတ်လောက်ပါတယ်…" 


စင်ဆောက်ပြီးသွားသောအခါ ဝါးလုံးများက မလုံလောက်သေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် လုယိယန်က သုံးဘီးမောင်းကာ ဝါးလုံးဝယ်ရန်အတွက် သူတို့နှစ်ယောက်ကိုပါ တင်သွားလေသည်။ 


စျေးအဝင်ဝတွင် ရန်ရှူ မတ်မတ်ရပ်လိုက်သည်နှင့် လူတစ်ယောက်က တစ်နှစ်သားအရွယ် ကလေးလေးကို သူ့ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။ 


"လူငယ်လေး... ကလေး ကူချီပေးထားပါဦး... အစ်မ ရန်ဖြစ်မလို့…"

အမျိုးသမီးတစ်ယောက်က အင်္ကျီလက်ကို လိပ်တင်ရင်း ပြောလိုက်သည်။ သူမက ပြောသည့်အတိုင်း လူတစ်ယောက်နှင့် ရန်ဖြစ်တော့မည် ဖြစ်သည်။ 


"ဟမ်…"

ရန်ရှူက ကလေးကို ပွေ့ထားလိုက်သည်။ တစ်ခဏခန့် စိုက်ကြည့်ပြီးနောက် ကလေးချီထားသည့် အနေအထား မှန်မမှန် မသေချာသည့် အချက်ကိုလည်း သိသွားလေသည်။ 


လုယိယန်နှင့် ထန်းယန်တို့လည်း ကြက်သေသေနေကြပြီး ပရိုဂရမ်အဖွဲ့က တမင်တကာ စီစဥ်ထားသည်လားဟု မေးချင်နေပုံဖြင့် ကြည့်လိုက်သည်။ 


သို့သော်လည်း ပရိုဂရမ်အဖွဲ့မှ လူများသည်လည်း ရှုပ်ထွေးနေကြလေသည်။ 


ရန်ရှူ လှမ်းကြည့်လိုက်ရာ ထိုမိန်းမ၏ ကြိမ်းမောင်းသံကို ကြားလိုက်ရလေသည်။

"ဝက်ခေါင်းသားကို ဝယ်နေတုန်းလား... ရှင်ကမှ ဝက်ခေါင်းနဲ့ တူနေပြီလို့ ထင်တယ်... အိမ်မှာကျ အိုးကိုတောင် မဖွင့်နိုင်ဘဲနဲ့ သူများဆီသွားလည်ဖို့ကျ အသားနဲ့ ဝိုင်ဝယ်တယ်ပေါ့လေ... ကလေးကရော... ကျွန်မကတော့ ငွေမရှိလို့ ကလေးရဲ့ ဒိုင်ဘာစိုသွားရင်တောင် ပစ်ဖို့ တွန့်ဆုတ်နေရတာ…" 


ထိုလူက ယုံကြည်ချက်ရှိရှိ ပြန်လည်ချေပလိုက်သည်၊ "ဆီးပိုက်သုံးလို့ မရဘူးလား... ငါလည်း ဆီးပိုက်နဲ့ ကြီးခဲ့ရတာ မဟုတ်လို့လား... ဒိုင်ဘာတွေဝယ်ရတာနဲ့ နိုင်ငံခြားက ဓလေ့တွေ လုပ်ရတာနဲ့... ပိုက်ဆံဖြုန်းနေတာပဲ... အသားဝယ်တော့ ဘာဖြစ်လဲ... သူတို့နဲ့ အမြဲတမ်း သွားသောက်ရတာမှ မဟုတ်တာ... အသားလေး ယူသွားပေးတာ ဘာမှားလို့လဲ... ဘာလို့ လာတားချင်နေရတာလဲ…" 


ရန်ရှူက ကလေးကို ပွေ့ထားရင်း တစ်ခဏမျှ နားထောင်နေသည်။ ပို၍ နားထောင်လေလေ ထိုအမျိုးသမီး ဆူပူခံရပြီး စကားရှုံးတော့မည်ဟု ခံစားရသဖြင် ထိုနေရာသို့ လျှောက်လာပြီး အမျိုးသမီးထံ ကလေး ပြန်ပေးလိုက်သည်။

"ဘေးဖယ်နေ... ကျွန်တော် အစားကြိမ်းမောင်းပေးမယ်... ခင်ဗျားက အရမ်း တုံးလွန်းတယ်…" 


ထိုမိန်းမက ကလေး ပြန်ချီလိုက်သောအခါ သူမရှေ့တွင် အလွန်တရာချောမောလှသော အမျိုးသားတစ်ယောက် ရပ်နေပြီး သူမ၏ ပြိုင်ဘက်ကို ဆူရန် အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ 


"ခင်ဗျားမှာ ဘာအခွင့်ရှိလို့ သူများတွေကို ညံ့ဖျင်းတယ်လို့ ပြောရတာလဲ... ခင်ဗျားက ကိုယ့်ရဲ့ မိန်းမနဲ့ ကလေးအရင်းကို ဒုက္ခတွေ ခံစားရအောင် လုပ်နေတာပဲ... ခင်ဗျား အခြားသူတွေရဲ့ အိမ်ကို သောက်ဖို့ မသွားရင်တောင် သူတို့ကို ဒီလို ဆက်ဆံစရာမလိုဘူး…" 


"မင်းက ဘယ်သူလဲ…" 


"ခင်ဗျားက ကျွန်တော် ဘယ်သူလဲ ဂရုမစိုက်ပါဘူး... ခင်ဗျားရဲ့ အသုံးမကျတဲ့ ပုံစံကြီးကို ကြည့်လိုက်စမ်းပါ... ခွကြားက ပါးလွန်းလို့ ကောင်းကောင်း မထောင်နိုင်ဘူးမလား…" 


ရန်ရှူက ထပ်ပြောချင်နေသေးသော်လည်း ရိုက်ကူးရေးအဖွဲ့က သတိပေးလိုက်သည်။

"စီနီယာရန်... အဆဲစကားလုံးတွေ သတိထားပေးပါ…"


ရန်ရှူသည်လည်း လှည့်မေးလိုက်သည်။

"အိုး... မင်းတို့ ပရိုဂရမ်က အသံပိတ်မပေးဘူးလား…" 


"အမ်..." 


"ရပါတယ်... ငါသိပြီ…" 


"ဘာတွေ ရိုက်နေတာလဲ... မင်းတို့က ငါတို့မိသားစုအရေးကိစ္စတွေကို စီမံချင်နေတာလား…"

ထိုလူက ကင်မရာကို တွေ့သောအခါ ချက်ချင်း အော်ဟစ်လိုက်သည်။ 


"သူများတွေက ခင်ဗျားတို့ မိသားစုအရေးကို ဝင်မစွက်ဖက်နိုင်ဘူး... ဒါပေမယ့် ကိုယ့်ဘာသာ အပြင်ထွက်ပြီး အရှက်ရအောင် လုပ်တာက ခင်ဗျားအပြစ်လေ... ကြည့်စမ်းပါဦး... ကိုယ့်မိသားစုဝင်တွေအပေါ် ကြမ်းကြုတ်နေတာ အားပြင်းလွန်းလို့ အမဲနဲ့ အဖြူထက်တောင် ဆွဲဆောင်နိုင်သေးတယ်…" 


"သိပ္ပံနည်းမကျတဲ့ ကလေးထိန်းကျောင်းတဲ့ သဘောတရားအကြောင်း ပြောရရင် မှန်ကန်နေတုန်းပဲ... ဒါပေမယ့် အဲ့ဒါကပဲ ခင်ဗျားရဲ့ ဗဟုသုတ လယ်ဗယ်က စုန့်ကျန်းက မြေကျင်းထက်တောင် ပိုနက်နေသေးတယ်ဆိုတာ သက်သေပြနေတာပဲ... ပိုစိတ်ပျက်စရာကောင်းတာက ခင်ဗျားရဲ့ နိမ့်လွန်းတဲ့ အိုင်ကျူနဲ့ မဖြစ်စလောက် ဗဟုသုတလေးပဲ... အရက်လေး နည်းနည်းလောက် ဝင်တာနဲ့ သတ္တိတွေ ရှိသွားပြီး စစ်သူကြီးနှစ်ယောက်က ကူညီနေသလိုလိုနဲ့ ဘုရင်ကြီးလိုမျိုး ခင်ဗျားမိန်းမနဲ့သားအပေါ် အာဏာတွေ သုံးပြမနေနဲ့... ခင်ဗျားမှာ ရဲတင်းမှုတွေ ရှိချင် ရှိနေမယ်... ဒါပေမယ့် ခင်ဗျား ဘယ်လောက် သောက်တာတွေ၊ ခင်ဗျား ဇနီး ကိုင်ထားသင့်တဲ့ ပိုက်ဆံနဲ့ သူ့ရင်ခွင်ထဲက ကလေးအတွက်ဆိုရင်တော့ သူက မြို့တစ်ဝက်ကို ဖြတ်ပြီး ခင်ဗျားကို လာပြောဆိုလို့ရတယ်…" 


"မင်း... မင်း…"

ထိုလူက အလွန် ဒေါသထွက်သွားပြီး တစ်ခဏလောက်ထိ စကားမဆိုနိုင်ခဲ့ပေ။ 


သို့သော်လည်း ရန်ရှူ၏ ပါးစပ်က အမြောက်လိုပင် တရစပ် ပစ်နေခဲ့သည်။ 


လုယိယန်က သူတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထန်းယန်ကိုခေါ်ကာ ဝါးဝယ်ရန် သွားလေတော့သည်။

"ငါတို့နှစ်ယောက်က ဝါးပဲ သွားဝယ်ကြရအောင်…" 


ထန်းယန် ပဟေဠိ ဖြစ်သွားသည်။

"ဒါပေမယ့် အစ်ကိုရန် တစ်ယောက်တည်း..." 


"မပူနဲ့... လူဆယ်ယောက် ရှိရင်တောင် သူ့ကို ပြိုင်မပြောနိုင်ဘူး…" 


ယင်းမှာ လုံးဝဥဿုံ ယုံကြည်မှု ဖြစ်သည်။ 


"ဒါဆို အဲ့လူ တစ်ခုခု လုပ်ရင်ရော…" 


" ရှိုးမှာ ကင်မရာသယ်တဲ့လူတွေက အားသန်ကြပြီးသား... သူတို့တွေ ရန်ရှူ ခံရတာကို ကြည့်နေကြမှာ မဟုတ်ဘူး…" 


"သြော်..."

ထို့ကြောင့် ရန်ရှူက စျေးအဝင်ဝတွင်ရပ်ကာ ဆူပူကြိမ်းမောင်းနေစဥ် လုယိယန်နှင့် ထန်းယန်တို့က ဝါးလုံးများ ဝယ်ရန် စျေးဆိုင်လေးထဲသို့ တည်တည်ငြိမ်ငြိမ် ဝင်သွားကာ စျေးဆစ်လိုက်ကြလေသည်။ 


စျေးဆိုင်ပိုင်ရှင်က သဘောမကျ ဖြစ်နေသဖြင့် လုယိယန်က တံခါးဝကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါ ကျွန်တော့် သူငယ်ချင်းနော်...  သူကြိမ်းမောင်းတာ ပြီးသွားရင် စျေးလာဆစ်ခိုင်းလိုက်မှာ…" 


ထိုကတည်းက ဆိုင်ပိုင်ရှင်က လုယိယန်ကို ကျေနပ်လောက်စရာ စျေးနှုန်းဖြင့် ရောင်းပေးခဲ့ပြီး လုယိယန်ကလည်း ဝါးလုံးများ အလုံအလောက် ပြန်သယ်သွားခဲ့လေသည်။ 


လူနှစ်ယောက်သားက ဝါးလုံးများကို သုံးဘီးပေါ်သို့ တင်ပြီးသွားသောအခါ ရန်ရှူကို လက်ယမ်းပြလိုက်သည်။ 


ထို့ကြောင့် ရန်ရှူ ရပ်သွားပြီး သုံးဘီးဆီသို့ လိုက်လာကာ ထိုသူကို အော်ပြောလိုက်သည်။

"မိန်းမကို ကောင်းကောင်းဆက်ဆံ... ကလေးရဲ့ မျက်လုံးတွေ မျက်ခုံးတွေကို ကြည့်လိုက်စမ်းပါ... ခင်ဗျားနဲ့ တစ်ထပ်တည်းပဲ... သူလည်း ရုပ်မချောလောက်တော့ဘူး... ဒီကောင်လေးက ခင်ဗျားတို့ နှစ်ယောက် အလုပ်ကြိုးစားပြီး သူ့အတွက် လမ်းဖောက်ပေးမှာကို မှီခိုနေရမှာ…" 


ချက်ချင်းပင် သုံးဘီးက သူတို့၏ အောင်မြင်မှုများ၊ ကျော်ကြားမှုများကို ဖုံးကွယ်ကာ သူတို့ သုံးယောက်ကို တင်၍ မောင်းထွက်သွားပြီး ထိုမိသားစုသုံးယောက်နှင့် ပွဲကြည့်သူများမှာ ကြောင်တောင်တောင် ကျန်ရစ်ခဲ့ရလေသည်။ 


ထန်းယန်က ထိုင်ခုံကို မှီထားပြီး တစ်ကိုယ်လုံးက သုံးဘီး ယိမ်းသည့်အတိုင်း လိုက်ပြီး ယိမ်းခါနေခဲ့သည်။

"အစ်ကိုရန်... အစ်ကို ရက်ပ်ဆိုတတာနဲ့ သင့်တော်မယ်လို့ ထင်တယ်…" 


"အင်း... ငါက အဲ့ဒီနေရာမှာလည်း ပါရမီပါတယ်လို့ထင်တယ်…" 


"သူက စာသားတွေလည်း ရေးနိုင်ပြီးတော့ တေးသွားတွေလည်း ဖွဲ့နိုင်လောက်တယ်…" 


"အင်းအင်း... ငါက စာသားတွေ မမှတ်မိတဲ့အခါ ပေါက်ကရတွေ လျှောက်ဆိုတတ်ပေမယ့် ငါဆိုလိုက်တာတွေက အဓိပ္ပါယ်ရှိတယ်လို့ ထင်တာပဲ... ဒါကလည်း သီချင်းရေးနိုင်တဲ့ ပါရမီပဲမလား…" 


"ကြိုးစားကြည့်လေ…" 


ညနေပိုင်းတွင် ခြံဝင်းထဲ၌ မီးထွန်းထားပြီး ရန်ရှူက နှင်းဆီပန်းများ စိုက်နေရင်းဖြင့် သီချင်းဖန်တီးသည့်အကြောင်းများ ပြောနေခဲ့ကြသည်။ 


လုယိယန်မှာ ထိုနှစ်ယောက်ကို စိတ်ရှုပ်လွန်းသဖြင့် မျက်လုံးလှန်လိုက်ပြီး နောက်ဆုံးတွင် ထရပ်လိုက်သည်။ 

"ထမင်းသွားချက်တော့မယ်…" 


"အိုကေ…"

ယခုတွင် ထိုနှစ်ယောက်သားက လုယိယန်၏ အချက်အပြုတ်ကို စောင့်မျှော်နေကြပြီ ဖြစ်သည်။


ညစာစားပြီးနောက် ရန်ရှူက ဆိုဖာပေါ်တွင် ထိုင်နေရင်း ထန်းယန်ကို တီးတိုးပြောလိုက်သည်။

"သူတို့က ငါ့ကို ယိုပေါင်လူသားလို့ ခေါ်နေကြတယ်…" 


ထန်းယန်က လုယိယန် ကင်ပေးထားသော သိုးသားချောင်းကို တတိတိ ကိုက်ဝါးနေရင်း ထိုစကားကို ကြားသောအခါ ခေါင်းထောင်လာခဲ့ပြီး သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

"ဘာလို့ ခေါ်တာတဲ့လဲ…" 


ရန်ရှူက စကားပြောခန်းများကို ဟိုဟိုသည်သည် ကြည်နေရင်း မကျေမနပ် ပြောလိုက်သည်။ 

"ငါ့ရဲ့ reality showက အပိုင်းသစ် လွှင့်ပြီလေ.. ငါက အစ်ကိုယွီကို မှီခိုပြီး နိုင်သွားတာတဲ့... ဒါကြောင့် ယိုပေါင်လူသားလို့ စွပ်စွဲနေကြတာ…" 


"ဒါက... တကယ်တော့ တော်တော်လေး လိုက်ဖက်ပါတယ်…"

ထန်းယန် ပြောပြီးနောက် သိုးသားကင်ကို အလေးအနက် ဆက်စားနေခဲ့သည်။ 


ရန်ရှူက အကြိမ်တစ်သောင်းလောက် ပြန်ငြင်းချင်နေသေးသဖြင့် ဖန်များကို အကြောင်းပြချက်များ လာပေးသည်။ 

[ငါက အစ်ကိုယွီကို ကလေးဘဝကတည်းက ပျိုးထောင်ပေးလာခဲ့တာ.. ဒါကြောင့် သူက ဒီနေ့ ငါ့ကို ခွန်အားတွေ ပေးနိုင်ခဲ့တာပဲ... ငါက ဘေးနားကနေ လမ်းပြပေးနေတာကြောင့်လည်း ပါတာပေါ့လေ... နှစ်နှစ်ဆယ်လောက် ကြိုးစားမှုကနေ အသီးအပွင်တွေ ရိတ်သိမ်းနိုင်ခဲ့ပြီ... ဒါက ဘာများမှားလို့လဲ…] 


ဖန်များက အလျင်အမြန် စာပြန်လာကြလေသည်။ 


[ရှူရှူက  အရမ်း အားပျော့နေတဲ့ အချိန်မှာ အစ်ကိုယွီက ဘာလို့များ ဒီလောက် သန်မာနေရပါလိမ့်…] 


ရန်ရှူက ထိုစာကို အမြန်ဆုံးနည်းဖြင့် စာပြန်လေသည်။ 

[တချို့လူတွေက သဘာဝအရ လေ့ကျင့်မှုတွေနဲ့ သင့်တော်တယ်... တချို့တွေကကျတော့လည်း တခြားသူတွေကို လေ့ကျင့်ပေးတာနဲ့ သင့်တော်ကြတယ်... လူတိုင်းက နည်းပြကောင်း မဟုတ်ပေမယ့် ငါကတော့ နည်းပြကောင်းတစ်ယောက်ပဲ... ငါက အစ်ကိုယွီရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားတွေကို လေ့ကျင့်ပေးခဲ့ပြီး သူ့ရဲ့ ဆန္ဒတွေကို ဖေးမပေးခဲ့တာ…] 


ပရိသတ်: [ အမှန်ပဲ... အစ်ကိုယွီအတွက် ရှူရှူက တကယ့် စစ်ဆေးမှုတစ်ခုပဲ…] 


ထိုစာကို ဖတ်ပြီးသွားသောအခါ ရန်ရှူ ဒေါသထွက်သွားပြီး ဖုန်းကို ပစ်ထုတ်လိုက်သည်။ 


သူက ဆိုဖာပေါ် လက်သီးဖြင့် ထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘယ်သူကများ ဆင်းရဲဖို့ သင်ယူနိုင်ကြလို့လဲ... သူတို့တွေ ရည်းစားမရှာနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး…" 


ထန်းယန်က ရန်ရှူကို သံသယအချို့ဖြင့် ကြည်ကာ လုယိယန်ကို မေးလိုက်သည်။

"အရင်တုန်းက လူတွေကို ဆူနေတုန်းကတော့ ဖြောင့်မတ်ပြီး ယုတ္တိ ရှိတဲ့ ပုံစံနဲ့... အခုကျ ဘာလို့ မလုပ်နိုင်တော့တာလဲ…" 


လုယိယန်က အလေးအနက် မထားဘဲ ပြန်ဖြေလိုက်သည်။ 

"ဒါက ခုဏတုန်းက သူက အကျိုးအကြောင်းသင့်တဲ့ ဘက်ကလေ ဒါကြောင့် ယုံကြည်ချက် ရှိနေတာ... အခုကျတော့ သူက တခြားတစ်ဖက်ကို ရောက်သွားပြီလေ…" 


ထန်းယန်က ထိုစကားကို နားထောင်ပြီးနောက် အချိန်အကြာကြီး တဟီးဟီး ရယ်နေခဲ့သည်။ လုယိယန်က သူ့ပြိုင်ဘက်ကို အတော်လေး နားလည်နေသည့်ပုံပင်။  


ရန်ရှူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းရဲ့ သိုးသားကင်ကိုသာ တိတ်တိတ်လေး စားနေစမ်းပါကွာ…"


ထန်းယန်က ရန်ရှူနှင့် စကားပြိုင်မပြောပေ။ သူက ရက်ပ်ပါတစ်ယောက် ဖြစ်နေသော်လည်း ရန်ရှူနှင့် ပြိုင်မငြင်းနိုင်သည်မှာ သေချာသလောက်ပင်။ အဆုံးတွင် ရန်ရှူက လက်တန်းချသူ ဖြစ်သည်။ 


ညရောက်သောအခါ သူတို့သုံးယောက်က ဝရန်တာတွင် လှဲအိပ်ရင်း ညနက်ကောင်းကင်ကြီးကို အတူတူ ကြည့်ကြသည်။ 


လုယိယန်က မျက်လုံးမှိတ်ကာ စိတ်အနားပေးနေရင်း စိတ်လေဟာနယ်ထဲသို့ ကျရောက်သွားလေသည်။ 


ထန်းယန်ကမူ အနည်းငယ် စိတ်ရှုပ်နေသည်။ သူက အနည်းငယ် စိတ်အိုက်သလို ဖြစ်နေရသည်။ 

ငါ ပက်လက်ပဲ လှဲရမလား... ဘေးတစောင်း လှဲရမလား... ကိုယ်ဝန်သည်တွေက ဘေးတစောင်းပဲ လှဲကြသလိုပဲ... 


ထို့ကြောင့် ထန်းယန်က ဘေးသို့ လှည့်လိုက်သည်။ 


ရန်ရှူက ရုတ်တရက် အော်ပြောလာ၏။

"အိုး... သူတို့ကို ဘယ်လိုချေပရမလဲ တွေးမိပြီ…" 


ထို့နောက် ဖုန်းထုတ်ကာ စာမြန်မြန် ရိုက်ပြီး ဖန်များနှင့် ဆက်ကစားနေခဲ့လေသည်။ 


လုယိယန်က သက်ပြင်းရှည်ကြီး ချလိုက်ရ၏။ 


ဤတစ်ကြိမ် ရိုက်ကူးရေးက အတော်လေး ချောချောမွေ့မွေ့ ပြီးဆုံးသွားသည်။ ဖြစ်စဥ်တစ်ခုလုံး၏ ပင်ပန်းစရာအကောင်းဆုံးဖြစ်သည့် ရန်ရှူ ဆဲသည့်အပိုင်းမှလွဲ၍ အခြားအရာများက ဘဝကို တိတ်တဆိတ် ဖြတ်သန်းနေကြပုံ ဖြစ်သည်။ 


လုယိယန်၏ နေ့စဥ်ဘဝက အမှန်ပင် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ပြောရမည် ဖြစ်သည်။ 


ရန်ရှူမှာ သူ့ဘဝထဲသို့ အခြားသူများကို ခေါ်မပြနိုင်ပေ။ သူ့ဘဝမှာ ကျောက်ကပ် လောင်ကျွမ်းစေသည် လေ့ကျင့်ခန်းများနှင့်သာ ပြည့်နေတတ်သည်။ 


ရန်ရှူကို လိုက်ပို့ပြီးသွားသောအခါ လုယိယန်က ယခုလေးတင် ရောက်လာသည် ဧည့်သည်အသစ်ကို သွားကြိုရသည်။ 


ထန်းယန်မှာ လုယိယန်၏ အိမ်တွင် နောက်ထပ် လေးရက်ဆက်တိုက် နေရမည် ဖြစ်သည်။ 


ရန်ရှူက သူတို့ကို နှုတ်ဆက်ပြီးသွားသောအခါ ကားထဲတွင် ဝင်ထိုင်လိုက်ပြီး ဖုန်းထုတ်ကာ စန့်ရှန်းထံ စာပို့လိုက်သည်။ [မင်းရဲ့ ပေါင်ပေ့လေး ငွေရှာပြီး ပြန်လာပါပြီ…] 


ရွံစရာ ရွံစရာ [အီးပုံ]: [အင်း... တော်လိုက်တာ…] 


RS: [ဒါဆို ဒီနေ့ ငါ့ကောကောကို တွေ့လို့ရမလား…]


ရွံစရာ ရွံစရာ [အီးပုံ]: [ကိုယ်မင်းကို လာတွေ့မယ်... ဒီနေ့ မင်းအိမ်ကို လာမယ်လေ…] 


RS: [ဒါဆိုလည်း မကြာခင် တွေ့မယ်လေ…] 



📽️