Chapter 59
Viewers 4k

📽️Chapter 59



ဤပရိုဂရမ်က အနုပညာရှင်၏ နေထိုင်မှုဘဝကို ပြသော "မင်းကို ငါ့ဘဝထဲ ခေါ်မယ်" ဟူသည့် ပရိုဂရမ်ဖြစ်သည်။ 


ဧည့်သည်နှစ်ယောက်က နာမည်ကြီးတစ်ယောက်၏ အိမ်ကို သွားလည်ပြီး ရိုက်ကူးရေးနောက်ကွယ်က နာမည်ကြီးတစ်ယောက်၏ နေထိုင်မှုဘဝကို ကြည့်ရခြင်းဖြစ်သည်။


ရန်ရှူက တစ်ညတာအတွက် လာခဲ့ခြင်းဖြစ်ပြီး ထန်းယန်က ပုံမှန်ဧည့်သည် ဖြစ်လောက်သည်။ ပြီးလျှင် လုယိယန်က ထန်းယန်၏ အိမ်ကို ဧည့်သည်အနေနှင့်သွားပြီး ထန်းယန်၏ နေထိုင်မှုဘဝကို သွားကြည့်ရမည် ဖြစ်သည်။


ထန်းယန်က လုယိယန်ကို ပြဿနာများစွာ ပေးလိမ့်မည်ဟု ရန်ရှူ ခန့်မှန်းမိသည်။


သူက ထိုနှစ်ယောက် အချင်းချင်းစကားနာထိုးနေကြမည့် မြင်ကွင်းမျိုး မြင်နိုင်တော့မည်မဟုတ်၍ ဝမ်းနည်းမိသည်။


ရန်ရှူက ထန်းယန်ကို ရုတ်တရက် ကြည့်လိုက်ရင်း မေးလာသည်။

" မင်း ဘာမှမပြောဘူးဆိုရင် ဒီအပိုင်းမှာ နည်းနည်းပဲ ပါတော့မှာနော်..." 


ထန်းယန်က တစ်ချိန်လုံး ဖောင်းကားနေအောင် စားနေ၍ ထိုမေးခွန်းကို ကြားသောအခါ တွန့်ဆုတ်တွန့်ဆုတ် ပါးစပ်ဟလိုက်ရသည်။

" အင်း...ဒါက တကယ့်ကို အရသာရှိတယ်..."


ရန်ရှူက ဖွဖွလေး ရယ်လိုက်သည်။

" အရသာ ကောင်းတယ်ပြောနေ မင်းစားတာ သုံးပန်းကန်ရှိနေပြီ..."


" ကျွန်တော်က ငယ်သေးတာကိုး..."


ထိုစကားတစ်ခွန်းနှင့်ပင် လုယိယန်သာမက ရန်ရှူပါ တိတ်ဆိတ်သွားရသည်။


သို့သော်လည်း ထန်းယန်က လုံးဝမတူပေ။


သူက လုယိယန်ကို သဘောမကျပေ။ လုယိယန်က သူ့ကဲ့သို့ အိုင်ဒေါမျိုးကို အထင်သေးနေသလို အမြဲခံစားရသည်။


သူက ယနေ့ လုယိယန်ကို အရှက်ရအောင် လုပ်ချင်ခဲ့သော်လည်း အပြစ်ရှာမရသည့်အပြင် ထိုသူ၏ ဟင်းချက်စွမ်းရည်ကလည်း သောက်ရမ်းအရသာရှိလွန်းနေသည်။


ငါ့လျှာကိုက်မိတဲ့အထိကို အရသာရှိလွန်းနေတာ…


ထန်းယန်က စားနေရင်း ခပ်ချဥ်ချဥ် ဖြစ်နေသည်။


သုံးယောက်သား ဆက်ပြီးစားနေလိုက်ကြသည်။


ရန်ရှူက စကားပြောရင်း စားသောက်ရသည်ကို ကြိုက်သည့်အပြင် သာမန်လောက်သာ စားနိုင်သည့်သူ ဖြစ်သည်။


လုယိယန်က အစာစားသောအခါ အပြုအမူကောင်းရှိပြီး အနည်းငယ်သာ စားလေသည်။


ထန်းယန်က တိတ်တိတ်လေး စားနေရင်း အစောပိုင်းက ရန်ရှူ လှမ်းစလိုက်၍ လေးပန်းကန်မြောက်စားရမည်ကို ရှက်နေမိသည်။


အမှန်က သူစားချင်သေး၍ စိတ်ထဲဂနာမငြိမ်ဖြစ်နေသည်။


" မင်းက လူငယ်ဆိုတော့ ပန်းကန်ဆေးပေါ့ကွာ..."

ရန်ရှူက ရုတ်တရက် အသံတိုးလိုက်ရင်း လှမ်းစလိုက်သည်။


" အွန်း..."

ထန်းယန်က ဘာမှမပြောဘဲ သဘောတူလာပြီး နာနာခံခံနှင့် ပန်းကန်ဆေးရန် ထသွားသည်။


သို့သော်လည်း ရန်ရှူနှင့် လုယိယန်တို့ အပြင်တွင် တော်တော်လေး ကြာအောင် စောင့်သည်ထိ ထန်းယန်က ထွက်မလာချေ။


လုယိယန်က ထန်းယန် ပန်းကန်မဆေးတတ်၍လား တွေးမိပြီး မီးဖိုချောင်ဘက် သွားလိုက်စဥ် သူတို့နှစ်ယောက်မရှိခိုက် တစ်ယောက်တည်း နောက်တစ်ပန်းကန် စားနေသော ထန်းယန်ကို တွေ့လိုက်ရသည်။ 


သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားချိန် နှစ်ယောက်လုံး ရှက်သွားမိသည်။


လုယိယန်၏ အသံက အနည်းငယ် ပုံမှန်မဟုတ်သလို ဖြစ်သွားရသည်။

" မလောက်သေးရင် နောက်ထပ် လုပ်ပေးရဦးမလား..."


" မ...မလိုပါဘူး...ကျန်တဲ့ဟာတွေ အလဟဿဖြစ်ကုန်မှာစိုးလို့ပါ..."

ထန်းယန်က ပြန်ဖြေလိုက်ရင်း သူ့ကိုယ်သူ နံရံအက်ကွဲကြောင်းထဲ ဝင်ပြေးချင်စိတ်ပေါက်မိသည်။


“သြော်..."

လုယိယန်က တိတ်တိတ်လေး ထွက်သွားပေးသည်။


လုယိယန် ထွက်သွားပြီးနောက် ရန်ရှူကို နားမလည်ဟန် မျက်နှာနှင့် မေးလာသည်။

" ထန်းယန်က အသက်ဘယ်လောက် ရှိပြီလဲ..."


" ဆယ့်ကိုးနှစ်လေ..." 


“သူ့ခန္ဓာကိုယ်က ထပ်ထွားလာဦးမှာလား..."


ရန်ရှူက သူ၏ အစာစားချင်စိတ်ကို တွေးလိုက်ရင်း ပြန်ဖြေလာသည်။

" ထွားတဲ့သူတိုင်း အများကြီး စားနိုင်ကြတယ်....ပြီးတော့ သူက ၁၈၇စင်တီမီတာ ရှိနေပြီလေ..."


ရန်ရှူက ပြောလိုက်ရင်း သူ၏ လိုက်ဖ်လွှင့်သည့် ကိရိယာကို အမြန်တပ်ဆင်လိုက်သည်။


ဤလိုက်ဖ်တွင် သူ့နှင့်အတူရှိနေသော အမျိုးသားနှစ်ယောက်ကို ဖမ်းမိနိုင်သည်။


***


ရန်ရှူ တိုက်ရိုက်ထုတ်လွှင့်မှုကိရိယာများကို ချိန်ညှိနေစဥ် လုယိယန်က အခန်းထဲတွင် အမွှေးနံသာများ ထွန်းနေလေသည်။ 


အမွှေးနံ့သာတိုင်များမှ မီးခိုးငွေ့လေးများက ကွေ့ကောက်၍ တက်လာကာ တိတ်ဆိတ်အေးချမ်းလှသည့် ဇီးပန်းတောအုပ်ကို ခြေချမိသည့်အလား ကျော့ရှင်းသည့် မွှေးရနံ့များ ထွက်ပေါ်လာစေခဲ့သည်။ 


ထန်းယန် ပန်းကန်ဆေးပြီးနောက် ထွက်လာသောအခါ အပြင်မှ လူနှစ်ယောက်က အချင်းချင်း လျစ်လျူရှုထားကြသည်ကို တွေ့လိုက်ရသည်။ 


ရန်ရှူက တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ရန် ကြိုစီစဥ်ထားပြီး ဖန်များကို တိုက်ရိုက်ထုတ်လွှင့်မှု၌ ပါဝင်ကြရန် ဝေ့ပေါ်၌ အသိပေးထားသည်။ 


လုယိယန်က ဖျာပေါ်မှ ကြမ်းခင်းမွေ့ယာထက်တွင် တင်ပလ္လင်ခွေထိုင်နေပြီး မေးလေးကို အနည်းငယ် မော့ထားသည်။ မျက်လုံးများကို ပိတ်ထားလိုက်ပြီးနောက် တရားစထိုင်လေတော့သည်။ 


ထန်းယန်က တစ်ခဏမျှ တွေးလိုက်ပြီးနောက် အဆုံးတွင် ရန်ရှူထံ လာ၍မေးသည်။

"ရှိုးရိုက်ကူးရေး လုပ်နေတုန်း horrorဂိမ်းတိုက်ရိုက်ထုတ်လွှင့်ဖို့ ခွင့်ပြုချက် ရထားတာလား…" 


ရန်ရှူ၏ လတ်တလော တိုက်ရိုက်ထုတ်လွှင့်မှုများမှာ အလွန်ကျော်ကြားပြီး အဓိကပလပ်ဖောင်းများတွင် ရန်ရှူ သေမလောက် ကြောက်ရွံ့နေသည့်ပုံများကို အလွယ်တကူ တွေ့နိုင်ပေသည်။ ဂိမ်းပါတီဘက်မှ ကြိုးကြိုးစားစား ပရိုမိုးရှင်းဆင်းနေသည်ကြောင့်လည်း ပါသည်။ ထန်းယန်သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်သော်ငြား ပါဝင်သည့်အကြောင်းအရာအချို့ကို သိနေ၏။ 


"အင်း... ပရိုဂရမ်ထဲက ရင်းနှီးမြုပ်နှံသူတွေရဲ့ အခွင့်အာဏာပဲလေ…"


ရန်ရှူ ပရိုဂရမ် ရိုက်ကူးရေးလုပ်နေစဥ်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။ ဂိမ်းကုမ္ပဏီက ပရိုဂရမ်၏ ရင်းနှီးမြုပ်နှံသူများထဲမှ တစ်ယောက် ဖြစ်နေပုံရသည်။ ယင်းကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ဟူ၍ ယူဆ၍ရပေမည်။ 


ထန်းယန်က တိုက်ရိုက်ထုတ်လွှင့်မှု၏ အကြောင်းအရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရန်ရှူ ဂိမ်းထဲသို့ ဝင်သွားသည့်ပုံကိုလည်း လှမ်းကြည့်လိုက်သေးသည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုအစပိုင်းတွင် လူများစွာ မရှိသေးသဖြင့် ရန်ရှူ နှုတ်မဆက်သေးဘဲ လူများ ထပ်ရောက်လာမည်ကို စောင့်နေရင်း ဝေ့ပေါ်ကို ကြည့်နေခဲ့သည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဝင်ရောက်လာကြသည့် အကြီးဆုံးတူမများမှာ စိတ်အားထက်သန်စွာဖြင့် စကားစမြည် ပြောနေကြလေသည်။ 


[တိုက်ရိုက်ထုတ်လွှင့်တဲ့ နေရာ ပြောင်းသွားတာလား…] 


[ရိုက်ကူးရေးမှာ ရောက်နေတာထင်တယ်…] 


[ဘေးနားကလူက သူ့ဘောစ့်များလား…] 


[ဘောစ့်ရေ... ချစ်တယ်နော်... ကျွန်မကို လက်ထပ်ပါ…] 


ထိုအခိုက် ထန်းယန်က ကင်မရာရှေ့သို့ ကိုင်း၍ ကြည့်လိုက်ပြီးနောက် နှုတ်ဆက်လိုက်သည်။

"ဟယ်လို... အားလုံးပဲ.. ကျွန်တော်က ထန်းယန်ပါ…" 


[သေစမ်း... ထန်းယန် ရောက်နေတယ်…] 


[အနောက်ဘက်လေးမှာ လုယိယန်ကို ခပ်ဝါးဝါးလေး တွေ့လိုက်ရသလိုပဲ…] 


[ဘယ်လို ဖြစ်နိုင်မှာလဲ... လုယိယန်က ငါတို့ ဦးလေးနဲ့ ဘယ်လိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါ့မလဲ…] 


[တကယ်ကြီး သူလို့ ထင်နေတာ…] 


ထန်းယန်ကို တွေ့လိုက်ရသည်ကြောင့်လား သို့တည်းမဟုတ် လုယိယန်ဟု သံသယရှိသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်ကြောင့်လား မသိရသော်ငြားလည်း တိုက်ရိုက်ထုတ်လွှင့်မှု ခန်းမကို ချက်ချင်းဆိုသလို သက်ဝင်လှုပ်ရှားသွားစေခဲ့သည်။


မူလက ညနေပိုင်းမှာသာ တစ်ယောက်တည်း တိုက်ရိုက်ထုတ်လွှင့်တတ်သည့် ရန်ရှူက ရုတ်တရက်ဆိုသလို နေ့လည်ပိုင်းတွင် လွှင့်လာသဖြင့် အုံကြွမှု အသေးစားလေး ဖြစ်သွားစေခဲ့သည်။ 


ရန်ရှူ လူများ ရောက်လာတော့မည့်အချိန်ဖြစ်သည်ကို တွေ့လိုက်ရသောအခါ ဂိမ်းထဲသို့ ဝင်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့လေတော့သည်။ 


များမကြာမီ ရန်ရှူ၏ ဂိမ်းအတွင်း အော်ဟစ်နေသော နည်းလမ်းက လုယိယန်၏အာရုံကို ဆွဲဆောင်မိသွားခဲ့သည်။ 


အေးအေးဆေးဆေး တရားထိုင်နေသူ လုယိယန်မှာ မျက်လုံးများကိုဖွင့်ကာ ကြောက်လန့်တုန်ယင်နေသော ရန်ရှူကို နှုတ်ခမ်းများ တင်းတင်းစေ့လျက် ကြည့်နေခဲ့သည်။ 


ထိုသူဘေးတွင် ထန်းယန်က ခွဲခြမ်းစိတ်ဖြာမှုများဖြင့် ကူညီပေးနေဆဲ ဖြစ်ပြီး ရန်ရှူကို ဂိမ်းအဆင့် တက်နိုင်ရန် ကြိုးစားကူညီပေးနေသည်။  


ရန်ရှူက ပြင်းပြစွာဖြင့် အော်ဟစ်လိုက်သည်။

"အခုထွက်တော့... ထွက်တော့... သူတို့တွေ ငါ့ကို နောက်ထပ် တံခါးတစ်ခု ဖွင့်ပေးမယ်ဆိုတာ မယုံဘူး... ဒါက နည်းနည်း အစီအစဥ်ချနေတဲ့ အဖွဲ့သစ် ဖြစ်ရမယ်... အား... မဖြစ်ဘူး.. ဘေးကင်းသွားပြီ... အခန်းထဲ သွားရအောက်... ဝင်သွားမယ်... ဟုတ်ပြီ... မရဘူး... ငါမကြည့်ချင်ဘူး…" 


"တစ်ခုခု တွေ့လိုက်ရသလိုပဲ... ဒီမှာ... ဟုတ်တယ်... ထောင့်လေးကို နည်းနည်းလောက်လှည့်လိုက်…" 


ထန်းယန်က screenကို လေးလေးနက်နက် ကြည်နေခဲ့သည်။

"ဒီမှာ မီးတောက်ပုံတစ်ပုံ ရှိနေတယ်... သဲလွန်စ ဖြစ်နိုင်လောက်တယ်…"


ထိုအခိုက် လုယိယန် ရောက်ချလာပြီး မေးလေသည်။ 

"မင်းရဲ့ လိုက်ဖ်ကို ကြည့်တဲ့သူ ရှိသေးတာလား... သူတို့တွေ နားမပူကြဘူးလား မသိ…" 


ရန်ရှူက လုယိယန်ကို မော့ကြည့်ကာ ပြန်ဖြေလိုက်သည်။ 

"မင်းက တစ်ခါမှ တိုက်ရိုက် မလွှင့်ဖူးဘူးလား... လွှင့်နေတုန်း စကားမပြောရင် ကြည့်တဲ့သူတွေက ဘာသွားကြည့်ရမှာလဲ…" 


"နူးနူးညံ့ညံ့လေး ပြောလို့ မရဘူးလား…" 


"ဒါငါ့စတိုင်ပဲလေ... မင်းလည်း အခုတလော ငါ့ကို တွေ့နေရတာပဲ မဟုတ်ဘူးလား…" 


ကွန်မန့်နေရာ၌ ချက်ချင်းဆူပွက်လာလေသည်။ 


[မင်းတို့တွေကို တစ်နေရာတည်း ထပ်တွေ့ရပြန်ပြီ... သောက်ကျိုးနဲ အတူတူ ရှိနေကြတာ…] 


[တကယ်ကြီး လုယိယန်ပဲ…] 


[ရန်ဖြစ်ကြ... ရန်ဖြစ်ကြ…] 


[သူတို့တွေ သဟဇာတ ဖြစ်အောင် တကယ်ပဲ နေနိုင်ကြပါ့မလား... ရိုးရိုးသားသား ပြောရရင် သူတို့နှစ်ယောက်ကို ရှောင်ယွဲ့အာနဲ့ ဟွားဝူချွယ် အဖြစ် သရုပ်ဆောင်မှာကို စောင့်နေပါတယ်…] 


[သူတို့တွေ အချင်းချင်း လည်ပင်းညှစ်နေကြတာ မတွေ့ဘူးလား…] 


[ဦးလေးရေ ပြန်ပေးဆွဲခံရတာဆိုရင် မျက်လုံးမှိတ်ပြပါ…] 


[ရုတ်တရက်ကြီး ဒီတစ်ခေါက် ဦးလေးရဲ့ လိုက်ဖ်က အကူအညီတောင်းတဲ့ နည်းလမ်းလို့ သံသယ ရှိနေတယ်…] 


ရန်ရှူက screenကြီးကို မော့ကြည့်ကာ ရှင်းပြလိုက်သည်။

"ဘာတွေ စိုးရိမ်နေတာလဲ... ငါ ဘေးကင်းပါတယ်... လုယိယန်က ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ... မပူနဲ့ အဆင်ပြေတယ်... ငါ့ကို လာကယ်ပေးဖို့ ရဲတွေကိုလည်း ဖုန်းမဆက်ကြနဲ့... ငါတို့တွေ ရသစုံ ရှိုးတစ်ခု ရိုက်နေကြတာ…" 


ချက်ချင်းဆိုသလို သူ နူးနူးညံ့ညံ့ ရယ်မောလိုက်သည်။ 

"ငါလည်း ပရိုဂရမ်အဖွဲ့က ပြဿနာအရှာတော်တယ်လို့ တွေးနေတာ... ဒါပေမယ့် ငါ ခုဏလေးတင်ကပဲ လုယိယန်နဲ့ သင့်သင့်မြတ်မြတ် ထမင်းအတူစားခဲ့တာ... လုယိယန်ချက်ပေးတဲ့ အစားအသောက်တွေကိုလေ... အင်း... လုယိယန်က ဟင်းချက်တတ်တယ်... အံ့သြစရာကောင်းတာက အရသာလည်း မဆိုးရှာဘူး…" 


လုယိယန်က ရောက်လာပြီးသား ဖြစ်နေသည့်အတွက် ရန်ရှူဘေးတွင် ရပ်နေပြီး ထွက်မသွားခဲ့ပေ။ သူသည်လည်း ရန်ရှူ ဂိမ်းကစားနေသည်ကို ကုန်းကြည့်လာခဲ့သည်။ 


ဂိမ်းမျက်နှာပြင်ကို တွေ့သောအခါ လုယိယန် တိတ်ဆိတ်သွားပြီး သူတို့ သုံးယောက်သားက အတူတကွ ကြောက်လန့်သွားကြလေသည်။ 


သူတို့သုံးယောက်က တစ်ညီတညွတ်တည်း လှုပ်ရှားလိုက်ကြလေသည်။ ခန္ဓာကိုယ်များကလည်း တုန်ယင်နေကာ မသိစိတ်အရ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး နောက်ပြန်လန်သွားကြသည်။ လုယိယန်ဆိုလျှင် "အော်မီတော်ဖော်"ဟု ရွတ်လိုက်သေးသည်။ 


ရန်ရှူခမျာ အကြောက်လွန်၍ မျက်နှာတစ်ခုလုံး ဖြူစုတ်သွားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ပေ။ 


လုယိယန်က ပထမဆုံး အရှိန်လျော့သွားသူ ဖြစ်ပြီး မေးလာ၏။

"ဘာလို့ ကြော်ငြာခ နည်းနည်းလေးအတွက်နဲ့ ဒီလောက်ထိ ကြိုးစားနေရတာလဲ…" 


ယင်းက ဂိမ်း၏ ကြောက်စရာကောင်းပုံများကို သဘောတူလိုက်ခြင်းပင်။ 


ရန်ရှူက ဒေါသတကြီး ပြန်ဖြေလိုက်သည်။

"ငါ့ဘောစ့်က ငါ့ကို ကူညီထားတာလေ... ငါလည်း သူ ပိုက်ဆံရဖို့ ကူညီပေးရမှာပေါ့…" 


"ဘောစ့်ဆီကရတဲ့ ငွေတွေအားလုံးကို ဘောစ့်လုပ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲကို ပစ်ချလိုက်တာပဲ…" 


[ဒီနေ့ ဘောစ့်ရော မရှိဘူးလား…] 


[ဟားဟားဟား... လုယိယန် ကြောက်သွားတာ ချစ်စရာလေး…] 


[ဘာလို့ သူတို့ သုံးယောက်က တအား သင့်မြတ်နေတယ်လို့ ထင်ရပါလိမ့်…] 


[သူတို့သုံးယောက် သင့်သင့်မြတ်မြတ် ရှိကြဖို့ ပရိုဂရမ်အဖွဲ့က ပိုက်ဆံ ဘယ်လောက် ပေးထားရမလဲနော်…] 


[ငါ့ကို 100 မီလီယံပေးရင် ငါ့ဦးလေးနဲ့ချစ်ဖို့ ဆန္ဒရှိပါတယ်…] 


[ဒီ100 မီလီယံကတော့ ရဖို့ တကယ် ခက်မှာပဲ…] 


[ရတနာလေးရေ... ဒီ100မီလီယံလေး ရဖို့အတွက် ဘာလို့ အလုပ်ကြိုးစားနေရတာလဲ…] 


ထိုအခိုက် မျက်နှာပြင်အပြည့် အထူးပြုလုပ်ချက် လက်ဆောင်များက တိုက်ရိုက်ထုတ်လွှင့်မှု၏ ရယ်သံများကို လွင့်ပါးသွားစေခဲ့သည်။ 


ရန်ရှူ၏ ဒဏ္ဍာရီလာဘောစ့်ကြီး ပွဲဦးထွက်လာလေသည်။ 


"ဝိုး…"

ထန်းယန် အာမေဋိတ် ပြုလိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းအသက်ဝင်နေတာပဲ…" 


ရန်ရှူက ထူးမခြားနား ဖြစ်နေသည်။ 

"လက်ဆောင်တွေ ပေါက်ထွက်လာရုံပဲမလား.. ကျင့်သားရအောင် လုပ်ထား…" 


လုယိယန်က စိတ်ဝင်စားမှု မရှိတော့ပေ။ သူ လှည့်ထွက်လာပြီး တရားပြန်ထိုင်ရင်း အသက်ရှူမှန်အောင် ကြိုးစားနေသည်။ 


သူက သွေးလွှမ်းနေသော ပုံများကို ကြည့်ရခြင်းအား သဘောမကျဘဲ ပိုက်ဆံအတွက်လည်း ခံစားချက် နည်းနည်းသာ ရှိသည်။ အဆုံးတွင် သူ့မိသားစုက အိမ်ခြံမြေစျေးကွက် ခေတ်စားစဥ်က အိမ်ခြံမြေလောက၌ အာဏာရှင်ကြီး ဖြစ်ခဲ့သည်။ အိမ်စျေးများ ကျသွားမှသာ အလျင်အမြန် ရပ်တန့်လိုက်ပြီး အခြားနယ်ပယ်များထံ ကူးပြောင်းခဲ့ခြင်း ဖြစ်သည်။ 


ထိုသို့မဟုတ်လျှင် သူ့ကိုယ်ပိုင်အိမ်ကို တည်ဆောက်ရန် ထိုမျှလောက် များပြားလှသော မြေကွက်များကို ရရှိနိုင်မည် မဟုတ်ပေ၊


ညနေပိုင်းတွင် လုယိယန်က နွယ်တက်နှင်းဆီများ စိုက်ပျိုးရန်အတွက် ရန်ရှူနှင့် ထန်းယန်ကို ခေါ်သွားခဲ့သည်။ 


ရန်ရှူက အမှန်ပင် အလွယ်တကူ မယုံကြည်နိုင်ဖြစ်နေ၍ လုယိယန်က အခမဲ့လုပ်အား ရှာဖွေရန် အလို့ငှာ reality showတွင် ပါဝင်ရန် သဘောတူခဲ့သည်။ 

(T/N - သူ့နှင်းဆီပင်တွေကို ကူစိုက်ပေးဖို့ reality showထဲပါတဲ့ ရန်ရှူတို့ကို ခိုင်းစားမယ်ဆိုတဲ့ သဘောပါ🤣)


နှင်းဆီပေါက်ပင်များနှင့် ရေလွှမ်းနေသော ခြံဝင်းကြီးကို ကြည့်ကာ ရန်ရှူ မေးလိုက်သည်။

"ဒီမှာ စင်ရှိလား…" 


"အင်း... အခုပဲ လုပ်လိုက်မယ်…"

လုယိယန် ပြောလိုက်ပြီးနောက် လက်အိတ်ဝတ်ကာ ဘေးတစ်ဖက်တွင် ယခင်က ပြင်ဆင်ထားခဲ့သော ဝါးလုံးများကို ရွှေ့လိုက်သည်။ 


သူက ယင်းတို့ကို ချက်ချင်း နှစ်ခြမ်းခွဲလိုက်ပြီး လက်ထဲမှ ဓားကို မြှောက်၍ ခုတ်ချလိုက်သည်။ အားလုံးက သေသပ်သော လှုပ်ရှားမှုများပင်၊။ 


ဝါးကို အလျား၊ အနံ ညီအောင် ဖြတ်ပြီးနောက် လုယိယန်က စင်စဆောက်လေတော့သည်။ 


ထန်းယန်နှင့် ရန်ရှူတို့ ကြက်သေသေသွားကြလေသည်။ 



📽️