Chapter 58
Viewers 4k

📽️Chapter 58



ရန်ရှူက ဘူတာတွင် ရပ်နေရင်း ကျေးလက်မြို့လေးကို ရီဝေဝေကြည့်နေမိသည်။


စိမ်းညို့နေသည့် တောင်တန်းများ စိမ်းမြနေသည့် ရေပြင်နှင့် တိမ်တိုက်များက နေကိုမမြင်ရအောင် ဖုံးလွှမ်းထားသည်။ ဤနေရာက သစ်တောအုပ်များနှင့် မြက်ခင်းပြင်များ ပေါများသည့် ခံစားချက်မျိုး ဖြစ်စေသည်။


ရန်ရှူက အထက်တန်းကျောင်းကို ပြန်ရောက်သွားသကဲ့သို့ ခံစားမိသည်။ သူတို့က မြို့လယ်ခေါင်နေရာမှ ဆင်ခြေဖုံးနေရာလေးကို ပြောင်းခဲ့ရချိန် ကားထဲမှ ဆင်းလိုက်သည်နှင့် အဆုံးမရှိ ပြောင်းခင်းတောကြီးကို မြင်တွေ့ခဲ့ရသည်။   


ကံကောင်း၍ သူ ဤနေရာတွင် နှစ်ရက်တည်းနေရန်သာ လိုသည်။


တစ်ချိန်တည်းမှာပင် သူနှင့် လုယိယန်မှာ ကမ္ဘာမတူကြမှန်း အတည်ပြုမိသွားသည်။


ရန်ရှူက မျက်စိနောက်စရာကောင်းသည့် အရာများကို ကြိုက်နှစ်သက်ချိန် သူက တန်ဖိုးမကြီးလှသည့် အရာများကို သဘောကျလေသည်။


မကြာမီတွင် ထန်းယန်၏ ကားလည်း ရောက်ရှိလာသည်။ သူက ရန်ရှူဘေးကို အိတ်ဆွဲချလာပြီး ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လာသည်။

 " မင်္ဂလာပါ...စီနီယာ..."


"အာ...မင်္ဂလာပါ...."


ရန်ရှူက လုယိယန်နှင့် မတူပေ။ လုယိယန်က သရုပ်ဆောင်သီးသန့်ဖြစ်ကာ ရန်ရှူက သီချင်းဆိုနိုင်ပြီး ကနိုင်သည်။ သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်သည် ဆိုသည့် အချက်က ပြောစရာကို မလိုတော့ပေ။


ထို့ကြောင့် သူနှင့် ထန်းယန်က စီနီယာ ဂျူနီယာဆက်ဆံရေးသာ ရှိသေးသည်။ ထန်းယန်က မာနကြီးသော်လည်း ရန်ရှူကို ကောင်းကောင်း ဆက်ဆံလေသည်။ အမှန်တွင်လည်း သူက စွမ်းဆောင်ရည်ရှိသည့် စီနီယာဖြစ်၍ လေးစားခံရရန် ထိုက်တန်လေသည်။


ထန်းယန်က လှည့်ပတ်ကြည့်လိုက်ရင်း မေးလာသည်။

" စီနီယာလုက တကယ်ပဲ ဒီမှာ နေတာလား...ဒါမှမဟုတ် ပရိုဂရမ် ရိုက်ကူးရေးလုပ်ဖို့ နေရာရှာဖို့ ရောက်လာတာလား..."


" လောင်လုမှာ အိမ်တွေ အများကြီး ရှိတယ်...သူ့ဘာသာ ဆောက်ထားတာတောင် ရှိသေးတယ်...ဒါက သူဆောက်ထားတဲ့ အိမ်တွေထဲက တစ်ခုဖြစ်မယ်..."


" လောင်လု..."

ထန်းယန်က ရေရွတ်လိုက်ရင်း ရယ်မိသည်။


ရန်ရှူက ထန်းယန်မှာ ကင်မရာရှေ့ဖြစ်နေ၍ သူ့ကိုယ်သူ ထိန်းချုပ်ထားနေရကြောင်း သိနေသည်။ မဟုတ်လျှင် သူက တစ်ခါမှ ချစ်စရာကောင်းတတ်သည့်သူ မဟုတ်ပေ။


တကယ်တမ်းတွင်လည်း သူက ချစ်စရာမကောင်းပေ။ သူက ထန်းယန်၏ လူပေါင်းစုံနှင့် လိင်ဆက်ဆံတတ်သည်ဟူသည့် သတင်းမျိုး မသဲမကွဲ ကြားဖူးလေသည်။


ခဏအကြာတွင် သူတို့က သုံးဘီးကားမောင်းပြီး လာကြိုသည့် လုယိယန်ကို တွေ့လိုက်ရသည်။


သုံးဘီးကားက အမိုက်စားပင်။ ရှေ့ခန်းက အမိုးမပါသည့် မောင်းသူထိုင်ခုံတစ်နေရာနှင့် နောက်တန်းက ထိုင်ခုံနှစ်ခုအပြင် နောက်တွင်လည်း အိတ်ထား၍ရမည့် ကုန်ထည့်ခြင်းတောင်းတစ်ခုပါ ပါလာသည်။   


ရန်ရှူက နတ်သားလေးလို သုံးဘီးကားမောင်းလာသည့် လုယိယန်ကို ကြည့်ရင်း "ဟမ်" ဆိုသည့် အသံပင် ထွက်မိသွားသည်။


ထန်းယန်က နေကာမျက်မှန်ကို နှာခေါင်းထိပ် ဆွဲချလိုက်ရင်း လုယိယန် မည်သို့မောင်းလာသည်ကို ကြည့်နေသည်။

" သူက တော်တော်လေး ကောင်းကောင်းမွန်မွန် မောင်းနေတာပဲ..." 


လုယိယန်က သူတို့ရှေ့ ကားရပ်လိုက်ကာ မေးဆတ်ပြလာသည်။

" အထုပ်တွေ တင်လိုက်လေ..."


သူက ကားပေါ်မှဆင်းပြီး ကူညီပေးမည့်ဟန်မရှိချေ။


ခဏကြာအောင် အလေးချိန်ကို မကြည့်လိုက်ပြီးနောက် ရန်ရှူမှာ ထန်းယန်ကို ကြည့်မိသည်။ သူက စန့်ရှန်းကြောင့် ခါးနာနေ၍ အိတ်မ,မနိုင်ပေ။


ထန်းယန်က ရန်ရှူကို ကြည့်လာပြီး ခေါင်းညိတ်ပြလိုက်သည်။

" စီနီယာ...ကျွန်တော် သယ်ကူပေးမယ်..."


ရန်ရှူက သူ့ကို အသာအယာ ကျေးဇူးတင်လိုက်သည်။

" အိုကေ...ကျေးဇူးပါကွာ..."


ထန်းယန်က သူတို့အထုပ်များကို ကားထဲ ထည့်ပြီးနောက် ရန်ရှူနှင့်အတူ အနောက်ခုံတွင် ဝင်ထိုင်လိုက်သည်။


ရန်ရှူက ထိုင်ရအဆင်ပြေသော်လည်း ထန်းယန်က အရပ်ရှည်နေ၍ ထိုင်သည့်အခါ ခြေထောက် ချထား၍မရဖြစ်နေသည်။ ထို့ကြောင့် သူက အပြင်ဘက် ထုတ်လိုက်မည်အပြု လုယိယန်က လက်ဆန့်ပြီး တွန်းတင်လာသည်။

" မထုတ်နဲ့....အန္တရာယ်များတယ်..."


" အို့..." 


ရန်ရှူက တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုနှစ်ယောက်ကို CPတွဲပေးကြလျှင် ခက်လောက်မည်ဟု ရုတ်တရက် နားလည်သွားရသည်။ သူတို့က တွေ့သည့်အချိန်မှာပင် နှုတ်ဆက်ခြင်းမရှိကြဘဲ ယခုမှ ပထမဆုံး စကားပြောမိကြခြင်း ဖြစ်သည်။


ဒီလိုမျိုး ယဥ်ကျေးမှုမှ မရှိကြတာ ဘယ်လိုလုပ် မီးပွားလေးတွေ ရှိနိုင်မှာလဲ…


ပရိုဂရမ်အဖွဲ့က လုပ်သည့် ဤလှုပ်ရှားမှုက အမှန်တကယ်ကို တစ်ဖက်သတ်ဆန်လွန်းသည်။ သူတို့က အေးအေးချမ်းချမ်း နေလျှင်ရသော်လည်း ယခုတွင်မူ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးတစ်ခုပင် တည်ဆောက်၍ မရနိုင်တော့ပေ။


လမ်းတွင် လုယိယန်က ဟင်းသီးဟင်းရွက်စျေးတစ်ခု ရှေ့၌ ကားရပ်လိုက်သည်။ သူက သူတို့နှစ်ယောက်ဘက် လှည့်ကြည့်လာရင်း မေးလေသည်။

" မင်းတို့ ဘာစားရတာ ကြိုက်လဲ..."


" ငါတော့ ဘာပဲဖြစ်ဖြစ် စားနိုင်တယ်...ဆီအရမ်းများတာပဲ မစားနိုင်တာ..."

ရန်ရှူက ဦးဆုံး ဖြေလာသည်။


ထန်းယန်က မေးခွန်းထုတ်လာသည်။

" စီနီယာ ချက်မလို့လား..."


" မဟုတ်ရင်ရော..."

လုယိယန်က ပြောပြီး သုံးဘီးကားထဲမှ ထွက်လိုက်သည်။

" မင်းတို့နှစ်ယောက်က ဘယ်လိုချက်ရမလဲ သိလို့လား..." 


ရန်ရှူနှင့် ထန်းယန်တို့နှစ်ယောက်သား အချင်းချင်းကြည့်ပြီး ခေါင်းယမ်းလိုက်ကြသည်။


လုယိယန်က ဂရုစိုက်မနေတော့ပေ။ သူက ကားရပ်လိုက်ပြီး ပြောလာသည်။

" ငါ အသီးအရွက် သွားဝယ်လိုက်ဦးမယ်...မင်းတို့ ကားကို ကြည့်ပေးထားကြ..."


ထို့နောက် သုံးဘီးကားထဲတွင် တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြသည့် ရန်ရှူနှင့် ထန်းယန်တို့ကိုထားခဲ့လိုက်သည်။


ထန်းယန်က ကင်မရာဘက်ကို မသက်မသာ လှည့်ကြည့်လိုက်ရင်း မေးလာသည်။

" ဒီဟာကြီးက ကျွန်တော်တို့နောက်ကို အမြဲတမ်း လိုက်နေမှာလား..."


" အင်း...ဘယ်လိုနေနေပါ...နောက်ဆုံးအဆင့် တည်းဖြတ်ပြီးမှ ထွက်လာမှာလေ....အိုက်ယား...ရှိုးကတော့ ပျင်းစရာကောင်းနေတော့မှာပဲ....မှိုင်းတိုင်းတိုင်းနဲ့ ဘာမှထွေထူးမရှိတဲ့ အခန်းတွေပဲ ပါနေမှာဆိုတော့..." 


ထန်းယန်က တစ်ခဏမျှ တွန့်ဆုတ်နေမိသည်။ သူက ရန်ရှူနားကပ်လိုက်ရင်း တိုးတိုးလေး မေးလာသည်။

" ကျွန်တော် စီနီယာ့ကို WeChatမှာ အပ်လို့ရမလား..."


ရန်ရှူက ထိုအရာမျိုးကို သိပ်အာရုံမထား၍ ဖုန်းထုတ်ပေးလာသည်။

" ရတယ်လေ..." 


ထန်းယန်နှင့် ရန်ရှူက အမြန်ပင် friendဖြစ်သွားကြသည်။


ထန်းယန်က ရန်ရှူကို WeChatတွင်အပ်ပြီး ချက်ချင်း ဖုန်းမချသေးပေ။ သူက အလင်းမပြန်ရန် ဖုန်းမျက်နှာပြင်ကို လက်နှင့်အုပ်ရင်း ရန်ရှူနှင့် စာပို့နေလိုက်သည်။

[ သူ တမင်လုပ်တာလား...ဒါမှမဟုတ် သူ့ပုံစံကိုက အဲ့ဒီလိုပဲလား... ]


ရန်ရှူက မက်ဆေ့ချ်များကို ကြည့်လိုက်ရင်း ထန်းယန်က မေးရန် သည်းမခံနိုင်တော့ကြောင်း သိလိုက်ရသည်။ သူက စာရိုက်ပြီး ထန်းယန်ကို ပြန်ဖြေလိုက်သည်။

[ လုယိယန်က နဂိုကတည်းက ဒီလိုပုံစံလေ...]


ယခုဆိုလျှင် လုယိယန်၏ ပြိုင်ဘက်ကပါ ပြောလာခဲ့၍ ထန်းယန်လည်း ယုံသွားရသည်။


သူက ဖုန်းချလိုက်ရင်း ဆက်ပြီးစောင့်နေသော်လည်း မပူးပေါင်းပေးချင်ဟန် ပြမလာချေ။


ခဏအကြာ လုယိယန်က ဝယ်လာသည့် ပစ္စည်းများနှင့်အတူ ရောက်လာသည်။ သူက ကားထဲ သွင်းလိုက်ပြီးနောက် သူတို့ကို သူ့အိမ်ဆီ ခေါ်သွားလေသည်။


သူ့နေရာသို့ ရောက်သောအခါ ရန်ရှူနှင့် ထန်းယန်က အံ့သြမိသွားသည်။ တစ်ခုခုမှားနေသည်ဟု ပြောရပေမည်။


ထိုအခိုက် ထန်းယန်က လုယိယန်မှာ သူတို့ကို ခက်ခဲအောင်လုပ်ခဲ့၍ ဤနေရာမျိုး ရောက်လာခဲ့သည်ဆိုသော သံသယများပင် မရှိတော့ချေ။ ဤနေရာက အလွန်ကို လှပလွန်းသည်။


အိမ်တိုင်များက တောင်ခြေရင်းတွင် စိုက်ထားလေသည်။


အိမ်ပုံစံဒီဇိုင်းက အနုပညာဆန်ပြီး ယန်ဇီမြစ်တောင်ပိုင်းက မြို့ငယ်လေးသဖွယ် အုတ်ချပ်မည်းများ နံရံဖြူများ ရှိနေသည်။ ရိုးရိုးလေးနှင့်ဆန်းသည့် အိမ်ဝန်းနံရံလည်း ရှိနေသည်။


အိမ်ဝန်းထဲ ဝင်သွားလျှင် ဦးဆုံး screenနံရံတစ်ခု မြင်ရမည်ဖြစ်ပြီး တံတားငယ်လေးနှင့် စီးဆင်းနေသည့် ရေလှိုင်းများကို ပတ်ပတ်လည်တွင် တွေ့ရလိမ့်မည်။ ဥယျာဥ်ထဲက အစိမ်းရောင်ပင်လေးများကလည်း သေချာစိုက်ပျိုးထား၍ နေရာတိုင်းက လှပနေသည်။


သူတို့က တောအုပ်ကဲ့သို့ နေရာလေးကို ဖြတ်သွားပြီး အိမ်ထဲ ဝင်သွားလိုက်ကြသည်။ အတွင်းပိုင်းကို အလွန်အနုပညာဆန်ဆန် အလှဆင်ထားလေသည်။ သူတို့သာ ခေါင်မိုးပေါ်က မီးရောင်များနှင့် အလယ်က လေအေးပေးစက်ကို မမြင်မိလျှင် ရိုက်ကွင်းနေရာကို ရောက်လာရသလို ခံစားမိမည်ပင်။


ဤနေရာက လူချမ်းသာမိသားစု အတွက်ပင်လျှင် နတ်ဘုံအလား ဖြစ်နေသည်။


ရန်ရှူက တံခါးတွင် အိတ်ကို ချလိုက်ပြီး မေးလာသည်။

" မင်း ဒီအိမ်ကို ဆောက်ထားတာလား..."


" အင်းလေ...ငါက ဆေးခြယ်တာရော...ဆောက်လုပ်ရေးပိုင်းရော...နောက်ဆုံး အလှဆင်တာရော...ဥယျာဥ် ဒီဇိုင်းရော...ပြီးတော့ ပရိဘောဂဝယ်တာတွေပါ လုပ်ထားတာ...." 


ထန်းယန်မှာ မနေနိုင်ပဲ အံ့သြသွားရသည်။

" စီနီယာက အိမ်လည်း ဆောက်နိုင်တာပဲလား..."


မတိုင်မီက ထန်းယန်မှာ လုယိယန်ကို သတိမထားဖူး၍ သူ့အကြောင်း များများစားစားမသိပေ။


" အင်း ငါ တက္ကသိုလ်တုန်းက ဗိသုကာအင်ဂျင်နီယာပိုင်းကို မေဂျာယူခဲ့တာလေ..."


ထန်းယန်က ထပ်ပြီး အံ့သြသွားရပြန်သည်။

" အနုပညာမေဂျာ မဟုတ်ဘူးပေါ့..." 


သူက သရုပ်ဆောင်ပိုင်းကို အထူးပြုမယူခဲ့သော်လည်း သူ၏ သရုပ်ဆောင်စွမ်းရည်က ထိပ်တန်းအဆင့်ပင်။


" မတော်တဆ လုပ်ဖြစ်သွားတာလေ...အစတုန်းက ငါ့မိသားစုက ရင်းနှီးမြုပ်နှံခဲ့ပေမယ့် ငါ့ကို ပရိုဂျူဆာက မျက်စိကျသွားခဲ့တယ်...အဲ့ဒီမှာ အရံသရုပ်ဆောင်အနေနဲ့ ပါခဲ့တဲ့ မိနစ်လေးဆယ်စာ ဗီဒီယိုက နာမည်ကြီးသွားတာလေ..."  


ရန်ရှူက ထိုအကြောင်း သိထားသည်။

" သြော်...သိပြီ...အဲ့ဒါ 'ပြန်လမ်းမရှိ ' ဇာတ်လမ်းမို့လား..."


" ဟုတ်တယ်..."

လုယိယန်က ဝယ်လာသည့် အသီးအရွက်များနှင့် အသားများကို မီးဖိုချောင်ထဲ သယ်သွားလိုက်သည်။


'ပြန်လမ်းမရှိ' ဟူသည်က ရှေးဟောင်းဝတ်စုံ ဒရမ်မာဖြစ်ပြီး ဇာတ်လမ်းကြီး မဟုတ်သော်လည်း နာမည်ကောင်း ရထားလေသည်။


ဤဇာတ်လမ်း၏ ထူးခြားချက်မှာ - လူအများက အဓိက ဇာတ်ဆောင်များကို မမှတ်မိဘဲ နတ်သားအနေနှင့် ပါဝင်ခဲ့သည့် အမွေးအတောင်ဝတ်စုံနှင့် လုယိယန်ကိုသာ မှတ်မိနေကြခြင်း ဖြစ်သည်။


ဇာတ်လမ်းက အပိုင်းလေးဆယ်ရှိပြီး လုယိယန်၏ အပိုင်းက စုစုပေါင်း မိနစ်လေးဆယ်သာ ရှိခဲ့သော်လည်း နာမည်ကြီးနေဆဲပင်။


လုယိယန် ဟင်းချက်စတော့မည်ကို တွေ့လိုက်၍ ရန်ရှူက ချက်ချင်း အပြေးသွားသင်သည်။


သူ သင်ပြီးသွားလျှင် ပြန်ရောက်မှ စန့်ရှန်းအတွက် ချက်ပေးရမည်။


လုယိယန်နှင့် ရန်ရှူက အလွန်မရင်းနှီးကြသော်လည်း ရန်ရှူပြောသည့်အချိန် လုယိယန်က ပြန်ဖြေခြင်းမျိုး ရှိသည်။


သို့သော်လည်း ရန်ရှူ အသီးအရွက်လှီးနေသည့် ပုံစံကို ကြည့်ပြီး လုယိယန်မှာ သူ့ကို သင်ပေးရန် ကြိုးစားရတော့သည်။ သို့သော်လည်း နောက်ဆုံးတွင် အချည်းအနှီးသာ ဖြစ်ကုန်သည်။ ထို့ကြောင့် သူက ရန်ရှူလက်ထဲမှ အများစုကို ယူလိုက်ပြီး သူ့ကို ပြောလိုက်ရသည်။

" မင်း ဒါလေးတွေကို အပျော်အနေနဲ့ လှီးလို့ရတယ်...ကိုယ့်လက်ကိုယ် မလှီးမိအောင်တော့ သေချာလုပ်ပေါ့...." 


ထန်းယန်ကလည်း လာကြည့်သည်။ သူက ရန်ရှူလက်ထဲက သခွားသီးကို ညွှန်ပြလာသည်။

 " အဲ့အပိုင်း ကျွန်တော့်ကို ပေးလိုက်...ကျွန်တော် စားလိုက်မယ်..."


ရန်ရှူက သူ့ကို ထိုအပိုင်းပေးလိုက်ပြီး အသီးအရွက်များကို ဆက်လှီးနေသည်။ ပရိုဂရမ်အဖွဲ့ကလည်း ရန်ရှူ လှီးနေသည့်ပုံစံကို အနီးကပ်ရိုက်လာသည်။


လုယိယန်နှင့် ထန်းယန်တို့ အကြံတူရန်က အတော်ပင်ရှားသည်။ ရန်ရှူက တည်တည်ငြိမ်ငြိမ် လှီးနေသော်လည်း အနီးကပ်ရိုက်ချက်များက ဆိုးဝါးလွန်းလှသည်။


ထန်းယန်က သခွားသီးစားရင်း မေးလာသည်။

" စီနီယာတို့က အမြဲတမ်း ရှေးဟောင်းဝတ်စုံဒရမ်မာတွေပဲ ရိုက်နေကြတာ....ဓားဘယ်လိုသုံးလဲ သိရောသိကြရဲ့လား...ရန်ကောက ဘာလို့ အသီးအရွက်တွေကို ဒီလိုလှီးနေရတာလဲ..."


" ဒါကို အတူတူလို့ သတ်မှတ်လို့ ရရဲ့လား....ဘယ်ဓားသမားကများ ဓားနဲ့ သခွားသီးလှီးတာ မြင်ဖူးလို့လဲ...ဒါပေမယ့် ဓားပန်းကို ဘယ်လိုကိုင်ရမလဲတော့ ငါသိတယ်..." 


ရန်ရှူက ပြောရင်း မီးဖိုချောင်ထဲက ဓားတစ်ချောင်းရှာကာ ထန်းယန်ကို အကြိမ်အနည်းငယ် ပြလိုက်သည်။


လုယိယန်က ထိုအရာကို မြင်လိုက်ချိန် အပြင်ထွက်ပြီး ရန်ရှူအတွက် ကြက်မွေးတစ်ချောင်း ယူလာသည်။

" ဓားထက်နေရင် အန္တရာယ်များတယ်...မင်းတို့နှစ်ယောက် အပြင်မှာ သွားကစားကြ...ဒီမှာ ဒုက္ခလာပေးမနေနဲ့..." 


ပြောပြီးသည်နှင့် သူတို့နှစ်ယောက်ကို မီးဖိုချောင်ထဲမှ နှင်ထုတ်လိုက်သည်။


ထန်းယန်က မီးဖိုချောင်တံခါးကို ကြည့်ပြီး ပြောလာသည်။

" သူက ကျွန်တော်တို့ကို ကလေးတွေလို ဆက်ဆံနေတယ်လို့ ဘာလို့ ခံစားမိတာပါလိမ့်..."


" မင်းက သူ့ထက် ဆယ်နှစ်လောက်ငယ်တာမို့ နားလည်လို့ရပေမယ့် ငါက သူ့ထက် နှစ်နှစ်ပဲငယ်တာလေ..."


" ကျွန်တော် မပြောတတ်တော့ဘူး..."


" ငါက ငယ်တဲ့ပုံပေါက်နေလို့များလား..."


" မဟုတ်ဘူး....ကောက အသက်အရွယ်နဲ့ တူညီတဲ့အသိ ဥာဏ်မရှိတဲ့ပုံရလို့ ဖြစ်မယ်..." 


“…” ရန်ရှူက ကြက်မွေးကို ချက်ချင်း လွှင့်ပစ်လိုက်ပြီး ဓားရွယ်လိုက်သည်။

" ဓားကို ကြည့်ထား..."


နှစ်ယောက်သား အပြင်တွင် ခဏလောက် သိုင်းချနေပြီးနောက် လုယိယန်ဟင်းချက်သည်ကို ကြည့်ရန်အတွက် ပြန်ရောက်လာကြသည်။


ရန်ရှူက အမှန်ကို ဟင်းချက်သင်ချင်မိသည်။


ထန်းယန်က လုယိယန် ဟန်ဆောင်နေလား အကဲခတ်ကြည့်နေသည်။


လုယိယန် စပြီး ဟင်းချက်သည့်အချိန် ရန်ရှူက ချက်ချင်း ပြေးလာပြီး သူ့ကို ပြောလာသည်။

" ငါ ကူညီပေးမယ်..."


" အို့..."

လုယိယန်က ထူးမခြားနားစွာဖြင့် မီးဖွင့်လိုက်သည်။


ထိုအချိန် စိတ်အားထက်သန်နေသာ ရန်ရှူက အိုးထဲ ဆီထည့်လိုက်ပြီးသား ဖြစ်နေသည်။ 


အိုးထဲမှ ရေစက်များက မကုန်သေး၍ ဆီထည့်လိုက်သည်နှင့် ရှဲခနဲမြည်ပြီး လာစင်သောကြောင့် လုယိယန်မှာ အမြန် မီးပိတ်ရတော့သည်။

" ရန်ရှူ...မင်းအရင်တုန်းက သူများတွေကို သတ်ဖူးလား..." 


“ဟမ်..."

ရန်ရှူက နားမလည်သလို ဖြစ်သွားသည်။


လုယိယန်က ရန်ရှူ၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်ပြီး ရန်ရှူ တမင်သက်သက် သူ့ကို ခက်ခဲအောင် လုပ်နေလား အကဲခတ်ကြည့်သည်။ နောက်ဆုံးတွင် သူက ကူကယ်ရာမဲ့ဟန် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

" ဒီလိုလုပ်ရတာ မဟုတ်ဘူး...မင်း ကြည့်ထား..." 


လုယိယန်က ပြောရင်း အိုးကို ပြောင်နေအောင် သန့်ရှင်းရေး လုပ်လိုက်သည်။


ရန်ရှူက ဘေးတွင် ရပ်နေရင်း အိုထဲက ရေခန်းအောင်စောင့်ပြီးမှ ဆီထည့်သည့် လုယိယန်ကို ကြည့်နေမိသည်။

" ဒီလိုလုပ်မှ ဆီမစင်မှာ...ဒါက ပင်ကိုယ်အသိလို့ခေါ်တယ်..."


"...."

ရန်ရှူက ကြည့်လိုက်ပြီးနောက် ထန်းယန်ဘက်ကို လှည့်လိုက်သည်။

" မင်းရော သိလား..." 


ထန်းယန်က ခေါင်းခါပြလာသည်။

" အရင်တုန်းက မသိခဲ့ပေမယ့် အခု သိသွားပြီ..."


" ကြည့်လေ...သူလည်း မသိဘူးပဲ..."

ရန်ရှူက ထန်းယန်ကို လက်ညှိုးထိုးပြလာသည်။


လုယိယန်က စကားပြောရပ်ပြီး ဆက်ပြီး ဟင်းချက်နေလိုက်သည်။


ရန်ရှူနှင့် ထန်းယန်က တစ်ချိန်လုံး ကြည့်နေရသော်လည်း လုယိယန်က သူတို့ကူမည်လုပ်သောအခါ တားလာသည်။


သူတို့နှစ်ယောက်က အရှုပ်ထုပ်များသာ ပေးလာမည့်ပုံရှိသည်။


ထိုကတည်းက သူတို့နှစ်ယောက်မှာ ဘေးက ရပ်ကြည့်နေရင်း သခွားသီးကို တကျွတ်ကျွတ်မြည်အောင် ဝါးစားနေမိသည်။


လုယိယန်က ဟင်းပွဲများနှင် စွပ်ပြုတ်နှစ်ပန်းကန်ကို စားပွဲဆီ ယူလာပေးပြီးနောက် ရန်ရှူနှင့်ထန်းယန်တို့မှာ လုယိယန်က ရှိုးပြနေရုံမဟုတ်ဘဲ အမှန်ကို ဟင်းချက်တော်ကြောင်း ဝန်ခံရတော့သည်။


ထို့ပြင် အရောင်နှင့်အနံ့မှာပါ အရသာရှိနေသည်။


ရန်ရှူက စားနေရင်း မှတ်ချက်ပေးလာသည်။

" မင်းမှာ ဇနီးကောင်းတစ်ယောက်နဲ့ မိခင်ကောင်းတစ်ယောက်ပါ ရှိနေလားလို့ ရုတ်တရက် ခံစားမိသွားတယ်..." 


လုယိယန် : " ငါ့ပါးစပ်က အရမ်းကြေးများတာ...ဒီနေရာကို လာပြီးရင် နောက်ပိုင်း ကောင်းကောင်း စားနိုင်မယ့် စားသောက်ဆိုင်မျိုးကို ရှာတွေ့တော့မှာ မဟုတ်ဘူး...ဒါကြောင့် ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ်တိုင် သင်ထားတာ..." 


ရန်ရှူ : " စာဖိုမှူးကို လာခိုင်းလိုက်လို့ရတာပဲ..."


လုယိယန် : " ပရိုဂရမ်ရိုက်ကူးရေး ရှိလို့သာမဟုတ်ရင် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကို သူများတွေ နှောင့်ယှက်တာ မကြိုက်ဘူး..."



📽️