Chapter 63
Viewers 4k

📽️ Chapter 63


 

တစ်လကြာသောအခါ ချောင်းချွမ်ကွေ့ထံမှ ဖုန်းခေါ်လာသည့်အချိန်တွင် ရန်ရှူက အဖွဲ့အတွက် ခရီးဆောင်သေတ္တာ ထုပ်ပိုးနေခဲ့သည်။ 


သူက သမ်းဝေလျက် ဖုန်းကိုင်လိုက်ရာ ချောင်းချွမ်ကွေ့၏ စိတ်ပူနေသောအသံကို ကြားလိုက်ရသည်။

"အိမ်မှာလား…" 


"အင်း... ဒါပေမယ့် နေ့လည်ကျရင် ရိုက်ကွင်းကို သွားတော့မလို့…" 


"ငါ့ကိုစောင့်ဦး... အခု မင်းအိမ်ကို လာနေတာ... ငါ့အတွက် ဓာတ်လှေကား နှိပ်ပေးထားဦး…" 


ရန်ရှူ တစ်ခဏမျှ ပဟေဠိ ဖြစ်သွားသော်လည်း အပြင်ထွက်ကာ ဓာတ်လှေကား နှိပ်ပေးထားလိုက်သည်။ 


ချောင်းချွမ်ကွေ့ ရန်ရှူ၏ အိမ်ထဲသို့ ဝင်လာသောအခါ သူပထမဆုံး လုပ်ခဲ့သည့်အရာမှာ ရန်ရှူကို ဆွဲချလိုက်ခြင်း ဖြစ်သည်။ သူက ရန်ရှူကို ဆိုဖာပေါ်တွင် ထိုင်စေပြီးနောက် ဖုန်းကို ဆွဲယူလိုက်သည်။ 


ထိုအခိုက်တွင် ရန်ရှူက တစ်ခုခု ဖြစ်နေပြီ ဖြစ်ကြောင်း နားလည်သွားသဖြင့် အလောတကြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ…" 


“မုန့်ရှင်းယာ တော်တော်ကြီး ပွဲဆူနေတယ်... အနုပညာလောကက ထွက်ရလောက်တဲ့အထိပဲ... စိတ်မပူနဲ့... ဒီလိုကိစ္စကို မင်း မကိုင်တွယ်နိုင်ဘူး... ဒီဇာတ်ကားအတွက်တော့ စိတ်မကောင်းစရာပေါ့…"

ချောင်းချွမ်ကွေ့ ပြောကာ ရန်ရှူဘေးတွင် ဝင်ထိုင်လိုက်သည်။ သူက ရန်ရှူကို ဆက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ 

"comeback လုပ်ပြီး ပထမဆုံး ရိုက်တဲ့ ဒရာမာက မလွှင့်ခင် ပျက်သွားတာ ကံမကောင်းတဲ့ ကိစ္စဆိုပေမယ့် မင်းမှာ တခြားအခွင့်အရေးတွေ ရှိပါသေးတယ်... စန့်ရှန်းကလည်း မင်းအတွက် အလုပ်တွေ စီစဥ်ပေးမှာပါ…"

 

ရန်ရှူမှာ ပဟေဠိ ဖြစ်နေဆဲပင်။

"မုန့်ရှင်းယာက ဘာဖြစ်တာလဲ... သူက နည်းနည်းတော့ အသက်ကြီးနေပြီ ဆိုပေမယ့် တခြား ပြဿနာတွေ မရှိပါဘူး…" 


ရန်ရှူမှာ မုန့်ရှင်းယာကို နောက်ဆုံးဒရာမာတွင်သာ တွေ့ခဲ့ရသည်က အမှန်သာ ဖြစ်သည်။ သူမနှင့် အချိန်တိုလေးအတွင်း တွေ့ဆုံခဲ့ရပြီးနောက် မုန့်ရှင်းယာမှာ မိန်းမကောင်းလေးဖြစ်ကြောင်း သူ သေချာပြောနိုင်ပေသည်။

ဘယ်လိုလုပ်ပြီး အရမ်းကြီးတဲ့ကိစ္စကြီး ပေါ်သွားရတာလဲ... 


ချောင်းချွမ်ကွေ့ ရှင်းပြလိုက်ရသည်။

"ငါလည်း တိုက်ရိုက်ထုတ်လွှင့်နေရင်း ကွန်မန့်တွေမှာ တွေ့လို့ တစ်ခုခုဖြစ်နေမှန်း သိတာ... လိုက်ဖ်ကို ပိတ်ပြီးတော့ မင်းဆီ မြန်မြန်လာခဲ့တာပဲ... ရုတ်တရက်ကြီး ပေါ်လာတော့ ဒီအကြောင်းပေါ်လာတာနဲ့ ပေါက်ကွဲထွက်သွားတာ…" 


ချောင်းချွမ်ကွေ့က လက်ရှိတွင် အချိန်ပြည့် ကြေညာသူ တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ တိုက်ရိုက်ကြည့်ရှုမှုကို ကြည့်ရှူသူများစွာ ရှိသဖြင့် အချိန်နှင့် တပြေးညီ သတင်းရတတ်ကြသည်။  


သူက ရန်ရှူ၏ အကြောင်းကို သိသဖြင့် ရန်ရှူ ပြဿနာ ရှာလိုက်မည်ကို စိုးရိမ်ကာ မြန်မြန် ရောက်ချလာခြင်း ဖြစ်သည်။ 


ရန်ရှူက နိုးကြားလာသည့် လက္ခဏာများ ပြလာသဖြင့် နောက်ထပ် ပြဿနာလုပ်မည် မဟုတ်တော့ပေ။ 


ရန်ရှူ စိတ်လောနေသည်။

"ဘာတွေ ဖြစ်နေတာတဲ့လဲ…" 


"ကြည့်ရတာ သူက အငယ်အနှောင်း ဖြစ်လာပြီး ကိုယ်ဝန်ရှိနေတာ ထင်တယ်... အဲ့ဒီယောကျ်ားရဲ့ ကောင်မလေးဆီကနေ ဖော်ထုတ်ခံလိုက်ရတာ…" 


"မဖြစ်နိုင်တာ... မုန့်ရှင်းယာက ဒီလို မိန်းကလေးမျိုး မဟုတ်ဘူး... သူက ကလေး မလိုချင်တဲ့ သူမျိုးပဲ... လက်တောင်မထပ်ရသေးဘဲ ကိုယ်ဝန်ရစရာလား…" 


"ငါ အကြမ်းဖျဥ်း ကြည့်လိုက်တယ်... မုန့်ရှင်းယာက ကိုယ်ဝန်ကို အကြောင်းပြပြီး အဲ့ဒီလူကို လက်ထပ်ဖို့ ခြိမ်းခြောက်ခဲ့တာ... အဲ့ဒီလူက ကိုင်တွယ်တဲ့နေရာမှာ အမှားလုပ်မိသွားပြီး ရည်းစားဟောင်းဆီကနေ ဖော်ထုတ်ခံလိုက်ရတာတဲ့…" 


ထိုစကားကို ကြားသောအခါ ရန်ရှူက မျက်လုံးလှိမ့်ကာ လက်ဆန့်ပေးလိုက်သည်။

"ဖုန်းပေး…" 


"ဝင်မပါနဲ့... ဒီလိုကိစ္စမျိုးမှာ ဝင်ပါလိုက်ရင် အမဲစက် စွန်းသွားတော့မှာ…" 


"ဖုန်းပေးလို့…" 


"ရန်ရှူ... ငါ့စကားကို နားထောင်ပေးလို့ ရမလား…" 


" ချောင်းချွမ်ကွေ့ တစ်နေ့မှာ မင်းကို လူထောင်ပေါင်းများစွာက စွပ်စွဲလာကြရင် မင်းဘက်က အမှားမလုပ်ထားသရွေ့ ငါက ဒီကမ္ဘာကြီးမှာ မင်းကို ယုံကြည်ပြီးတော့ ကူညီပေးမယ့် သူတွေ ရှိသေးကြောင်း မင်းသိအောင် ဝင်ပါပေးမှာပဲ…" 


ချောင်းချွမ်ကွေ့ ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင် ဘာတစ်ခွန်းမှ မပြောနိုင်တော့ပေ။ ရန်ရှူက ပြောသည့်အတိုင်း လုပ်မည်သူ ဖြစ်ကြောင်း သူသိနေ၏။ 


အဆုံးတွင် တောင့်မခံနိုင်တော့ဘဲ ရန်ရှူကို ဖုန်းပြန်ပေးလိုက်ရသည်။ 


ရန်ရှူက Wechatကို ဖွင့်လိုက်ရာ သေချာပေါက်ပင် ကောင်းချင်ထံမှ သူ့အား ဝင်မပါရန် ပြောထားသည့် စာကို တွေ့လိုက်ရသည်။ 


ရှောင်ချီသည်လည်း သူအခု လာခဲ့မည်ဟု စာပို့ထားပြီး ဒရိုင်ဘာနှင့် ဘော်ဒီဂတ်တို့က သူ့ကို လာကြိုပေးကြမည် ဖြစ်သည်။ 


ထိုလူများက သူ့အား အမှန်တကယ် နားလည်ကြပုံရလေသည်။ 


သူက ဖုန်းနံပါတ်ကို လှန်လှောကာ မုန့်ရှင်းယာထံ ဖုန်းခေါ်လိုက်သော်လည်း စက်ပိတ်ထားလေသည်။ 


သူက WeChatကို ပြန်ရှာလိုက်ပြီး ကောင်းချင်ထံ မုန့်ရှင်းယာ၏ မန်နေဂျာဖုန်းနံပါတ် ပို့ပေးရန် ပြောလိုက်သည်။ 


ကောင်းချင်: [မင်းဝင်ပါမှ ဖြစ်မှာလား…] 


RS: [သူက အဲ့ဒီလိုလူမျိုး မဟုတ်ဘူး…]


ကောင်းချင်: [ငါ စုံစမ်းပြီးသွားပြီ... မုန့်ရှင်းယာမှာ သူ့ရဲ့ ဖြူစင်မှုကို သက်သေပြနိုင်မဲ့ သက်သေ မရှိဘူး... မဟုတ်ရင် အရင်ကတည်းက ချေပထားမှာပေါ့…] 


RS: [ဟုတ်ပါပြီ... ကျွန်တော် သိပါတယ်... နံပါတ်သာ ပေးပါ…] 


ကောင်းချင်: [သူ့ရဲ့ မန်နေဂျာက အခု အရမ်း အလုပ်များနေလောက်တယ်... သူ့လက်ထောက်ကို ခေါ်လိုက်…] 


RS: [အိုကေ…] 


ရန်ရှူ ဖုန်းနံပါတ်ရသောအခါ ချက်ချင်း ဖုန်းခေါ်လိုက်သည်။ 


အချိန်အကြာကြီးကြာမှ ကိုင်လာပြီး အသံကလည်း တုန်ယင်နေလေသည်။

"ဟယ်လို ဟယ်လို…" 


"ဟိုင်း... ငါက ရန်ရှူပါ... မုန့်ရှင်းယာကို ဖုန်းပေးလို့ ရမလား…" 


မုန့်ရှင်းယာ၏ လက်ထောက်ကလည်း ရန်ရှူနှင့် ရင်းနှီးသဖြင့် ချက်ချင်း ပြောလိုက်သည်။

"အစ်ကိုရန်... အစ်မမုန့်က အခု စိတ်အခြေအနေ မကောင်းလို့…" 


"ဖုန်းသာ ကိုင်ခိုင်းလိုက်စမ်းပါ…" 


တစ်ခဏအကြာတွင် မုန့်ရှင်းယာက ဖျော့တော့နေသော အသံဖြင့် ဖုန်းကိုင်လာသည်။

"ဟယ်လို…" 


"မင်းက အပြစ်ကင်းတယ်မလား…" 


အချိန်အတော်ကြာမှ မုန့်ရှင်းယာ ပြန်ဖြေလာခဲ့သည်။ 

"အင်း…" 


"ငါမင်းကို ယုံတယ်…" 


ထိုစကားလုံးလေး ငါးလုံးက ဖုန်းတစ်ဖက်မှလူကို ဆို့နင့်သွားစေခဲ့သည်။ 


ယင်းက လွတ်ငြိမ်းချမ်းသာခွင့်ရသည့်အလားပင်။


သို့တည်းမဟုတ် မှောင်မဲကာ မျှော်လင့်ချက် မရှိသော အခြေအနေတွင် ကြမ်းပေါက်ကြားမှ ဖြတ်ဝင်လာသော အလင်းတန်းလေးအလား သူမ၏ လက်ကို ဆွဲယူကာ ကယ်ဆယ်ပေးမှုက မုန်ရှင်းယာကို မျက်ရည်များ တားမရဆီးမရ ကျဆင်းလာစေခဲ့သည်။ 

 

အချိန်အတော်ကြာမှ မုန့်ရှင်းယာက မျက်ရည်များကို ထိန်းကာ ပြောလိုက်သည်။

"အစ်ကိုရန်က ကျွန်မကို ဆက်သွယ်လာတဲ့ ပထမဆုံးလူပဲ... အခုဆို သူတို့အားလုံး ကျွန်မကို ရှောင်ချင်နေကြတာမလား…" 


“ငါက သတင်းကို မြန်မြန်သိခဲ့ရုံလေးပါ…"

ရန်ရှူက ထူးထူးခြားခြား ညင်သာသော လေသံဖြင့် ဆိုလိုက်သည်။

"အခု ဘာတွေဖြစ်ခဲ့တာလဲ ပြော... ငါမင်းကို ဖြေရှင်းနည်း ကူရှာပေးမယ်…" 


"ကျွန်မက သူနဲ့ တွဲခဲ့တာပါ... သူ့မှာ ကောင်မလေး ရှိမှန်းလည်း မသိခဲ့ဘူး... ကိုယ်ဝန်ကလည်း မတော်တဆ ဖြစ်ခဲ့တာ... ကျွန်မက ကလေးမလိုချင်လို့ ဖျက်ချဖို့ လုပ်ခဲ့ပေမယ့် သူကတော့ လိုချင်ခဲ့တာလေ... သူက တကယ်တော့ သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးသွားပါပြီ... ကျွန်မရဲ့ ဖုန်းကလည်း လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ပျက်သွားပြီးတော့ စကားပြောမှတ်တမ်းတွေလည်း ပျောက်သွားတယ်... တကယ်ပါ... ကျွန်မဖုန်း တကယ် ပျက်သွားတာ... ပြီးတော့ ဖုန်းကို ပြန်ပြင်တော့ စကားပြောထားတဲ့ မှတ်တမ်းတွေ အကုန် ပျောက်သွားတယ်... ကျွန်မမှာ သက်သေ မရှိတော့ဘူးလေ... ကျွန်မတို့က တိတ်တိတ်လေးပဲ တွဲခဲ့တော့ တခြားသက်သေကလည်း မရှိဘူး…" 


ရန်ရှူက သူမ၏ ရှုပ်ထွေးနေသောလေသံကို နားထောင်နေရင်း နားလည်နိုင်အောင် ကြိုးစားနေရသည်။ ထို့နောက် ပြောလိုက်သည်။

"ဒီလိုသာဆို မင်းကလည်း နစ်နာသူပဲ…" 


"ဒါပေမယ့် အဲ့ဒီလူက ဘယ်လို ရှင်းပြခဲ့လဲမသိဘူး... အခု ဘာလုပ်ရမလဲကို မသိတော့ဘူး... ကျွန်မ သူ့ကောင်မလေးကိုလည်း ရှင်းပြပါသေးတယ်... သူက နားမထောင်ဘူး.. သူလည်း စိတ်ကယောင်ခြောက်ခြား ဖြစ်နေတာလေ... သူက ကျွန်မတို့ နှစ်ယောက်လုံးကို ဒီလောကကနေ ထွက်သွားစေချင်နေတာ…" 


"ဖုန်းကို ပြန်ပြင်လို့ရမလား မေးလိုက်မယ်…" 


“ကျွန်မရဲ့ အေးဂျင့်လည်း ကြိုးစားကြည့်ပြီးပြီ... ပြင်လို့ မရတော့ဘူး... ကွန်ပြူတာနဲ့ backupလည်း လုပ်မထားမိဘူး... iCloudလည်း မရှိတော့ ဒီလိုဟာမျိုးကို အရင်ကတည်းက မလုပ်ထားမိတာ…" 


ရန်ရှူ ပြောလိုက်သည်။

"မပူနဲ့ ငါမေးကြည့်လိုက်မယ်…" 


"ဟုတ်... ကျေးဇူးပါ အစ်ကိုရန်... သူ့ကောင်မလေးကိုတော့ မတိုက်ခိုက်ပါနဲ့... သူက မိန်းမကောင်းလေးပါ... ကျွန်မဖုန်း ပျက်နေတာနဲ့ တိုက်ဆိုင်သွားတော့ အထင်လွဲသွားတာ.... သူ့ကို မထိခိုက်စေချင်ဘူး... အဲ့ဒီလူ တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုတာကို သက်သေပြဖို့ပဲ လိုတာ…" 


"သူက မင်းအတွက် သက်သေမပြပေးဘူးလား…" 


"မပြပေးဘူး... ကျွန်မက သူ့ကိုဆွဲဆောင်ပြီး လှည့်ကွက်တွေ သုံးခဲ့တာလို့ ပြောခဲ့တာလေ... သူက အရက်သောက်ပြီး အသိစိတ်ပျောက်သွားလို့တဲ့..." 


"နေပါဦး..." 


ထိုကိစ္စက ရှင်းလင်းလာလေပြီ။ 


ယောကျာ်းတစ်ယောက်က မိန်းမကောင်းလေး နှစ်ယောက်ကို လှေနံနှစ်ဖက် နင်းခဲ့သည်။ လူသိသွားသောအခါ မုန့်ရှင်းယာက နည်းလမ်းပေါင်စုံသုံးကာ သူ့အား ဆွဲဆောင်ခဲ့ပြီး အရက်မူးသွားပြီးနောက် အိပ်မိသွားအောင် လုပ်ခဲ့သည်ဟု ထိုလူက ပြောခဲ့သည်။ ထိုသို့ ဖြစ်လာခြင်းပင်။ 


ဤနည်းဖြင့် သူက ဖောက်ပြန်သည့်အရာ မရောက်ခဲ့သော်ငြား မုန့်ရှင်းယာ၏ စိတ်က ကြောက်စရာ ကောင်းလှသည်။ သူမက သူမ လုပ်ရမည့်အရာကို သေချာသိထားသည်။ 


မုန့်ရှင်းယာ၏ ဖုန်းက ပျက်သွားပြီ ဖြစ်၍ သူမက ကိုယ့်အတွက် သက်သေမပြနိုင်။ တစ်ဖက် ကောင်မလေးကလည်း ကယောင်ခြောက်ခြား အခြေအနေ ဖြစ်နေပြီ ဖြစ်ရာ မုန့်ရှင်းယာ လိမ်နေသည်ဟုပင် တွေးလိုက်လေတော့သည်။ မဟုတ်ရင် ဒီလို တိုက်ဆိုင်မှုမျိုး ရှိလာပါ့မလား... 


ရန်ရှူ ထိုသို့သာ ပြောလိုက်သည်။

"မပူနဲ့ ငါအရင်ဆုံး နည်းလမ်းတစ်ခု စဥ်းစားလိုက်မယ်…" 


“ဟုတ်... ဒါပေမယ့် အစ်ကိုရန် ကျွန်မအတွက် ဝင်မပြောပေးပါနဲ့... အစ်ကို့ကိုပါ ဆွဲမသွင်းချင်ဘူး... ဒရာမာ နှောင့်နှေးသွားတာတင် အရမ်း စိတ်မကောင်းဖြစ်နေတာ…" 


“နစ်နာသူတွေက မတရား မခံရသင့်ဘူး... ဒရာမာ အတွက်ရောပဲ…" 


ရန်ရှူ ဖုန်းချကာ စန့်ရှန်းကို ချက်ချင်း ဆက်သွယ်လိုက်သည်။: [ဖုန်းကို ထုတ်ကုန်အတိုင်းreset ချပြီးသွားရင် စကားပြောမှတ်တမ်းတွေ ပြန်ယူဖို့ နည်းလမ်း ရှိလား] 


ရွံစရာ ရွံစရာ [အီးပုံ]: [ ကုမ္ပဏီရဲ့ နည်းပညာဌာနကို မေးလိုက်တော့ စကားပြောမှတ်တမ်းကို back up  လုပ်ထားတာ ဖြစ်ဖြစ် တခြားနေရာ ပြောင်းထားတာ ဖြစ်ဖြစ် လုပ်ထားရင် ပြန်ရနိုင်တယ်တဲ့... မလုပ်ထားရင် ပြန်မရနိုင်ဘူး…] 


RS: [တစ်ခုမှ လုပ်မထားဘူး…]


ရွံစရာ ရွံစရာ [အီးပုံ]:[ဒါဆို တခြားနည်း မရှိတော့ဘူး... ဘာဖြစ်လို့လဲ... တစ်ခုခု ဖြစ်နေတာလား…] 


RS: [ငါ့သူငယ်ချင်းတစ်ယောက် တစ်ခုခုဖြစ်သွားလို့ သူ အပြစ်ကင်းတာ ပြနိုင်ဖို့ စကားပြောမှတ်တမ်း ပြဖို့ လိုတယ်…] 


ရွံစရာ ရွံစရာ [အီးပုံ]: [ဖုန်းကို ပို့ပေးလိုက်... ကုမ္ပဏီက အင်ဂျင်နီယာတွေကို အဖြေရှာခိုင်းလိုက်မယ်…] 


ရန်ရှူက မုန့်ရှင်းယာ၏လက်ထောက်ထံ ချက်ချင်း စာပို့လိုက်ပြီး စန့်ရှန်း၏ ကုမ္ပဏီလိပ်စာကို ပေးကာ ဖုန်းပို့ပေးလိုက်ရန် ပြောလိုက်သည်။ 


အားလုံး ကိုင်တွယ်ပြီးသွား၍ ခေါင်းမော့ကြည့်လိုက်ရာ ကောင်းချင်နှင့် ရှောင်ချီတို့ တစ်ချိန်တည်း ရောက်ချလာကြသည်ကို တွေ့လိုက်ရသည်။ ထိုအခိုက်တွင် ထိုနှစ်ယောက် အပါအဝင် ချောင်းချွမ်ကွေ့ကပါ သူ့ကို ဝိုင်းကြည့်လာကြသည်။ 


သူက ဖုန်းကို နာနာခံခံဖြင့် လွှဲပေးလိုက်သည်။ 

"မကြည့်တော့ပါဘူး... ထပ်ပြီးတော့ မပါတော့ဘူး…" 


ကောင်းချင် သက်ပြင်းချလိုက်သည်။

"မင်းမှာ ရည်ရွယ်ချက်ကောင်းတွေ ရှိတာ ငါတို့ သိပါတယ်... ဒါပေမယ့် ဒီကိစ္စက ရွှံ့အိုင်ကြီးလို ဖြစ်နေတာ... မကြာခင် နောက်ထပ်အဖွဲ့ကို ပူးပေါင်းရတော့မှာ... နောက်ရိုက်မဲ့ ဒရာမာအပေါ် မသက်ရောက်စေနဲ့…" 


ရန်ရှူ ခေါင်းညိတ်ပြလိုက်သည်။ 


……… 


ထိုကိစ္စက နှစ်ရက်ကြာသောအခါ ပို၍ ဖောင်းပွလာခဲ့သည်။ 


မုန့်ရှင်းယာ၏ ဖန်အုပ်စုများက ဖျက်သိမ်းကြောင်း ကြေညာခဲ့ကြပြီး မုန့်ရှင်းယာက အဆင့်နိမ့် အနုပညာရှင်များစာရင်းတွင် ပါဝင်လာခဲ့သည်။ 


ပိုဆိုးသွားသည်မှာ ထုတ်ကုန်ကြော်ငြာများစွာက မုန့်ရှင်းယာနှင့် စာချုပ်ရပ်စဲကြောင်း တရားဝင်ကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။ 


အဆုံးတွင် ဖန်အနည်းငယ်သာ ကျန်ခဲ့ကြပြီး မုန့်ရှင်းယာအတွက် ချေပပေးရန် ကြိုးစားနေကြသည်။ သို့သော်လည်း သူတို့ ထုတ်ပြောလေလေ ကွန်ရက်တစ်ခုလုံးထံမှ လှောင်ပြောင်ခံရလေလေ ဖြစ်သည်။ အဆုံးတွင် အမှန်တရားကို သူမကိုယ်တိုင်သည်ပင် သက်သေမပြနိုင်လေရာ သူတို့၏ ယုံကြည်ချက်က ထိုက်တန်ပါမည်လား မသိနိုင်တော့ချေ။ 


ရန်ရှူက ရံဖန်ရံခါ ဖုန်းကို တစ်ချက် ကြည့်တတ်ပြီး ထိုကွန်မန့်များကို တွေ့သောအခါ ဒေါသတကြီး အံ့ကြိတ်တတ်လေပြီး စိတ်အခြေအနေက ပို၍ပင် စိတ်ဆိုးလွယ်လာတတ်သည်။ 


ထိုသို့ ပြောရန် အကြောင်းရင်း မရှိပေ။ မုန့်ရှင်းယာက မတရားခံနေရသော်လည်း ထိုတိုက်ခိုက်မှုများကို အံတုနေရသည်။ သူမသည်လည်း နစ်နာသူတစ်ဦး ဖြစ်ပေသည်။ 


သူ စန့်ရှန်းကို ထပ်မေးလိုက်သည်။ [စကားပြော မှတ်တမ်းကို ပြန်ရပြီလား…] 


ရွံစရာ ရွံစရာ [အီးပုံ]: [မိုဘိုင်းဖုန်း နယ်ပယ်ထဲက အင်ဂျင်နီယာတွေကို ဆက်သွယ်ထားတတယ်... ကိုယ် ကြိုးစားကြည့်နေတုန်းပဲ…] 


ရန်ရှူက စိတ်ပူပန်နေရုံသာ တတ်နိုင်လေတော့သည်။ 


ညတွင် ရန်ရှူ ဝေ့ပေါ်သို့ ဝင်ကြည့်လိုက်ရာ အမှိုက်ကောင်က ပိုစ့်ထပ်တင်ထားသည်ကို တွေ့လိုက်ရသည်။ 


ကောင်းဟိုင်ယန်: [ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတိုင်းကို စိတ်ပျက်စေမိလို့ တကယ်ကို စိတ်မကောင်း ဖြစ်ရပါတယ်... နောက်ဆို ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကြပ်ထားပြီးတော့ အမျိုးသမီးတွေနဲ့ သောက်ရတဲ့ အခါမှာလည်း ဒီလိုမျိုး မတော်တရားကိစ္စတွေ ဖြစ်လာမှာကနေ ကာကွယ်ဖို့ ဘေးနားမှာ တစ်ယောက်ယောက် ထားထားပါ့မယ်... ကျွန်တော် ယင်ယင်အတွက် အပြစ်ရှိစိတ် ဝင်မိတာ တကယ်ပါ... ချစ်သူကောင်းတစ်ယောက် မဖြစ်မိဘဲ သူမကို နာကျင်စေခဲ့မိပြီ…] 


ကွန်မန့်ထဲတွင် ကြိမ်းမောင်းစကား များစွာ ရှိနေဆဲပင်။ 


[ဒါဆို မုန့်ရှင်းယာက ထိပ်တန်း အသောက်သမားလား…] 


[မုန့်ရှင်းယာ အကြောင်း ထည့်မပြောစမ်းပါနဲ့... အရက်သောက်ပြီး သူများ အိပ်ရာပေါ် တက်လာတဲ့ အဲ့ဒီမိန်းမကို သောက်ရမ်း မုန်းလွန်းလို့…] 


[ဒီလိုဆိုရင်တောင် နင်နဲ့ မုန့်ရှင်းယာက နှစ်ယောက်တည်း သောက်ခဲ့ကြတာက တခြားအဓိပ္ပါယ် မရှိတော့ဘူးလား... ယင်ကောင်တွေက ချုပ်ကြောင်းမရှိတဲ့ ဥတွေကို မကိုက်ဘူးနော်…] 


[ထွက်သွားပြီး ပါးစပ်ပိတ်နေစမ်းပါ…]


[ပုပ်ပွနေတဲ့ ခွေးကောင်... ယင်ယင်လို့ မခေါ်စမ်းပါနဲ့... သူက နင့်ဆီကနေ နာမည်တောင် မကြားချင်တော့ဘူး…] 


[ဒါဆို မုန့်ရှင်းယာက နင့်မှာ ကောင်မလေး ရှိတာကို မသိခဲ့တာလား... နင်တို့ရဲ့ အချစ်ရေးကိစ္စကို တစ်ခါမှ လူသိရှင်ကြား ထုတ်မပြောဖူးဘူးလေ…] 



📽️