Chapter 74
Viewers 12k

📽️ Chapter 74

အခြေအနေ : လမ်းခွဲခြင်း



ဆွေ့ဟို့ယွီနှင့် ဟို့မော့တို့က ပြိုင်ပွဲပြီးနောက် ရလဒ်ကောင်းများပိုက်၍ အိမ်ပြန်လာခဲ့ကြသည်။ 


သို့သော် ထိုဆုက ပွဲစဥ်တိုင်းချန်ပီယံလောက် ထိတ်လန့်စရာ မကောင်းသဖြင့် လူထုကို အုံကြွစေသည်အထိ မဖြစ်ခဲ့ပေ။ ပွဲအဆုံးသတ်က လူထုကို စိတ်တက်ကြွစေသည်အထိ မဖြစ်ခဲ့ဘဲ အားကစားချန်နယ်အချို့တွင် ရိုက်ချက်အချို့ ပြုလုပ်ခဲ့ရုံသာ ဖြစ်သည်။ 


ယင်းကြောင့် တရုတ်သို့ ပြန်လာပြီးနောက် လှုပ်ရှားမှုများစွာတွင် ပါဝင်ရန် ခက်ခဲသွားလေရာ အချိန်ရသည်နှင့် ရန်ရှူကို လာတွေ့နိုင်ခဲ့ကြသည်။ 


ရန်ရှူက လတ်တလောတွင် အခြားအလုပ်များ မရှိသဖြင့် ဆွေ့ဟို့ယွီနှင့် ချက်ချင်းသွားတွေ့လေတော့သည်။ 


အစ်ကိုယွီအိမ်ကို သွားပြီး အကြောင်းအကျိုး ပြောပြရဦးမယ်... 


ရလဒ်အနေဖြင့် အိမ်ထဲသို့ ဝင်လာသောအခါ အကြောသေနေပုံရသည့် ဆွေ့ဟို့ယွီကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် စိတ်အခြေအနေ မကောင်းတော့ပေ။  


သူက ဆွေ့ဟို့ယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ အိမ်ထဲသို့ ဝင်လာသည့် ကြောင်လေးကို ပွေ့ချီလိုက်သည်။ ရန်ရှူက ဆိုဖာတွင် ဝင်ထိုင်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"ကျွန်တော်လေ ဒီလိုမျိုး အပေါက်ပါနေတဲ့ တရုတ်မုန်လာထုပ်မျိုးကို မမြင်ဖူးပါဘူး... အစတုန်းက ပန်းဖူးလေးထင်နေတာ... အခုကျ ကြောင်လျှာသီးလို ပန်းမျိုးပွင့်လာရော…" 


ဆွေ့ဟို့ယွီက သူနှင့် ထိုအကြောင်း မပြောချင်သဖြင့် သူ့ဘေးတွင် ဝင်ထိုင်ကာ ပြိုင်မငြင်းလိုက်ပေ။ 


ရန်ရှူက တစ်ယောက်တည်း သက်ပြင်းချနေရလေသည်။ 

"စိတ်ပျက်ဖို့ကောင်းတာတွေ…" 


"သုံးခွန်းလောက် ထပ်ပြောရင် မင်းကို ရိုက်ဖို့ ပိုလွယ်သွားမှာ…" 


ရန်ရှူက အထွန့်တက်ရန် သတ္တိမရှိတော့သဖြင့် အခြားအကြောင်းကိုသာ ပြောလိုက်ရသည်။ 


ထိုအချိန်မှာပင် ဟို့မော့က ဗီလာ၏ ဓာတ်လှေကားထဲမှ ထ့က်လာခဲ့သည်။ သူက ရန်ရှူကို တွေ့လိုက်ရသောအခါ သာမန်ကာလျှံကာ မေးလိုက်သည်။ 

"စန့်ရှန်းရော မင်းနဲ့အတူ ပါတာလား…" 


"စန့်ရှန်းနဲ့ ငါက ရင်ချင်းဆက်အမွှာမို့လို့လား... ငါတို့မှာ ကိုယ်ပိုင်အလုပ်တွေ ရှိတယ်... အတူတူ တွဲနေရတာကို အခုထိ မငြီးငွေ့တဲ့ တချို့လူတွေနဲ့ မတူဘူးလေ…" 


ဟို့မော့က တစ်ခဏမျှ တိတ်သွားပြီးနောက် ရန်ရှူကို လက်ညှိုးထိုး၍ ဆွေ့ဟို့ယွီထံ မေးလိုက်သည်။

"သူတို့တွေ ပြတ်သွားကြပြန်ပြီလား…" 


ဆွေ့ဟို့ယွီက သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။

"ပုံမှန်ဆို မင်းငါ့ကို ထိပြီးတာနဲ့ သူက ရူးပေါပေါ ဖြစ်သွားတာလေ…" 


ရန်ရှူ ဟို့မော့ကို ကြည့်လိုက်သည်။

"မင်းကို တွေ့တာနဲ့ စိတ်အနှောင့်အယှက် ဖြစ်လာတာ" 


"မင်းကရော ငါ့ကို အနှောင့်အယှက် မပေးလို့လား…"

ဟို့မောင့က ကျယ်ကျယ်လောင်လောင်ဖြင့် ပြန်လည်ချေပလိုက်သည်။

"မင်းကမှ ဖုန်းခေါ်လာတဲ့ နံပါတ်ကို မြင်တိုင်း ငါ့ကို တုန်လှုပ်အောင် လုပ်တဲ့သူပဲ…" 


"အစ်ကိုယွီ…"

ရန်ရှူက ဟို့မော့ကို ပြန်မချေပတော့ဘဲ ဆွေ့ဟို့ယွီထံ တစ်ကိုယ်လုံး ပစ်ဝင်လိုက်သည်။ 

"သူ့ကို ကြည့်ပါဦး... သူ ကျွန်တော့်ကို ကြောက်စရာကောင်းအောင် ပြောနေတာ... သူ ကျွန်တော့်ကို တအားမုန်းနေပုံပဲ... ကျွန်တော်က တကယ်ဆိုးလို့လား အစ်ကိုယွီရယ်... ကျွန်တော် အစ်ကို့အတွက် တောင်းပန်ပါတယ်နော်…" 


ဟို့မော့က နဖူးကြောများ ထောင်ထလာသည်အထိ ရန်ရှူကို ကြည့်နေခဲ့သည်။ ထို့နောက် စိတ်ပျက်လက်ပျက် အပြုံးတစ်ခုဖြင့် ပြန်ဖြေလာသည်။

"ကောင်းပါပြီ... ဒါပေမယ့် မင်းက ငါ့ထက် လနည်းနည်းလောက် ပိုကြီးတာဆိုတော့ မင်းကို အစ်ကိုကြီးလို့ ခေါ်ရတော့မလား…" 

 

ရန်ရှူ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

"ဒါက လေးစားမှုကွ... အသက်နဲ့ မဆိုင်ဘူး... ပြောကာမှ ခွေးတွေ မျောက်တွေက ငါ့ကို တစ်ခါမှ အစ်ကိုကြီးလို့ မခေါ်ဖူးဘူးနော်…" 


ဟို့မော့ ဒေါသတကြီး ရယ်လိုက်သည်။

"မင်းကို အစ်ကိုလို့ ခေါ်ရမှာလား... မင်းကဖြင့် မတ်တပ်ရပ်လိုက်ရင်တောင် ငါ့နှာခေါင်းလောက်တောင် မရှိဘဲနဲ့…" 


ရန်ရှူက ချက်ချင်းဆိုသလို ဒေါသထွက်သွားသည်။

"ဒါက ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုပဲနော် ဟို့မော့…" 


ဟို့မော့က အကျောမခံနိုင်သေးပေ။

"မင်းက ရန်ဖြစ်ချင်နေတာလား... ရန်ရှူ…" 


ဆွေ့ဟို့ယွီက အလျင်အမြန် ဝင်တားရလေတော့သည်။

"ဟို့မော့... အသီးတွေ သွားဆေး…" 


ဟို့မောင့်က ငြင်းဆန်လိုက်သည်။

"သူ့ကို ကြည့်ဦးလေ... ကိုယ့်ကို တွေ့တာနဲ့ စကားတစ်ခွန်းမှ အကောင်းပြောတာ မဟုတ်ဘူး…" 


"မင်းသူ့ကို ရိုက်လို့မရဘူးလေ... သွားတော့…" 


ဟို့မော့က တွန့်ဆုတ်ဆုတ်ဖြင့် မီးဖိုချောင်ဆီသို့ လှည့်ထွက်သွားသည်။ 


ရန်ရှူက ကြောင်ကိုချလိုက်ပြီး ဟို့မော့နှင့် ရန်ဖြစ်ချင်နေသည့်အလား တိုက်ကြက်ကြီးတစ်ကောင်ကဲ့သို့ လိုက်သွားလေသည်။ 


ဆွေ့ဟို့ယွီက သူ့ကို လှမ်းဆွဲထားလိုက်ရသည်။ ထို့နောက် သူ မေးလိုက်၏။

"မင်းနဲ့ စန့်ရှန်းတို့ အခုတလော အဆင်ပြေရဲ့လား…" 


ရန်ရှူ၏ စိတ်က အလျင်အမြန် ပြောင်းလဲသွားလေသည်။ 

"အားလုံးတော့ မဆိုးပါဘူး…"


"ဒါဆို ဘာလို့ စိတ်ကောင်းမဝင်နေရတာလဲ…"

 

"အာ... အိမ်ထဲဝင်လာတာနဲ့ ခွေးကိုက်ခံထားရတဲ့ အစ်ကိုယွီ့ကို တွေ့လိုက်ရတော့ စိတ်မသက်မသာ ဖြစ်သွားတာလေ…" 


“…” 

ဆွေ့ဟို့ယွီ "ကျွတ်" မသပ်ဘဲ မနေနိုင်တော့ပေ။

"နှစ်တွေ အများကြီး ကြာသွားတာတောင် ဒီလို ဖြစ်နေတုန်းလား…" 


ရန်ရှူက ခေါင်းအုံးကို ပိုက်၍ ဝင်ထိုင်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။

"အစ်ကိုယွီ့ကို လိုက်တဲ့ ရန်ကြွေးကို တစ်သက်မကျေနိုင်ဘူး…" 


"စန့်ရှန်းနဲ့ ငါက မင်းတို့လို မဟုတ်ပါဘူး…" 


"အရင်က အစ်ကိုတို့ နှစ်ယောက် တကယ်ကြီး ရန်ဖြစ်ကြတော့မလို ဖြစ်ခဲ့သေးတယ်လေ... ဟို့မော့နဲ့ ကျွန်တော်တို့ ရန်ဖြစ်ကြသလိုလေ…" 


"ဟုတ်... ဟုတ်သားပဲ…"

ဆွေ့ဟို့ယွီမှာ အမှန်ပင် စန့်ရှန်းနှင့် အကြိမ်ပေါင်းများစွာ ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြသည်။ 


သူတို့လေးယောက်မှာ ထိုပြဿနာကို ဖြေရှင်းရခက်နေကြသည်ဟု ခန့်မှန်းရပေသည်။ 


*****


စန့်ရှန်း ဆွေ့ဟို့ယွီ၏ အိမ်သို့ ရောက်သောအခါ ရန်ရှူနှင့် ဟို့မော့တို့က သေခြင်းရှင်ခြင်းကစားပွဲတွင် ရောက်ရှိနေကြပြီး ရှုံးသူက တစ်ဖက်လူကို အဖေခေါ်ရမည် ဖြစ်သည်။ 


သူက တံခါးလာဖွင့်ပေးကာ အောက်ထပ်သို့ ခေါ်သွားပေးခဲ့သည့် ဆွေ့ဟို့ယွီနောက်သို့ လိုက်လာခဲ့ပြီးနောက် ပြောစရာစကားမရှိတော့သည့် မျက်နှာထားဖြင့် ရပ်ကြည့်နေခဲ့သည်။ 


စန့်ရှန်းဝင်လာပြီးနောက် တိတ်တဆိတ် ရပ်ကြည့်နေခဲ့လေသည်။ ရန်ရှူက ဘိလိယက်ကို ကောင်းကောင်း မဆော့နိုင်ဘဲနှင့် အဘယ့်ကြောင့် ကစားရန်လက်ခံသည်ကိုလည်း နားမလည်နိုင်ခဲ့ပေ။ 


ရန်ရှူက သဲလွန်စကို ကိုင်ကာ ဘိလိယက်စားပွဲကို ကြည့်နေခဲ့သည်။ ဟို့မော့က စားပွဲပေါ်မှဘောလုံးကို တစ်ချက်တည်းနှင့် ရှင်းလင်းလိုက်လေသည်။ 


"..." 

ရန်ရှူက စန့်ရှန်းကို ကြည့်ကာ သနားစဖွယ် နှုတ်ခမ်းဆူလိုက်သည်။ 


စန့်ရှန်းက စကားပြောချင်နေသော်ငြား မည်သို့ ပြောရမည်ကို မသိတော့ပေ။ 


"ငါ့ကို အဖေခေါ်ရမဲ့ အချိန် မဟုတ်ဘူးလား…"

ဟို့မော့က ဘိလိယက်စားပွဲကို လက်ညှိုးထိုးပြလိုက်သည်။ 


ရန်ရှူ: “…” 


ဟို့မော့က လောင်စာထပ်ထည့်လာသည်။

"လောင်းကျလောင်းရဲပြီး ရှုံးတာကျ လက်မခံနိုင်ဘူးလား…" 


ရန်ရှူက စန့်ရှန်းကို မော့ကြည့်လိုက်သည်။

"လောင်ကုန်းရေ…"

 

"ကောင်းပြီ... ညစာသွားပြင်ရအောင်…"

စန့်ရှန်းက ထိုကိစ္စကို ဆက်မကြီးစေချင်တော့သဖြင့် ဟို့မော့ကို ဆွဲခေါ်လိုက်သည်။ 


"မင်းမိသားစုကလူက ငါ့ကို လာတွန်းအားပေးနေတာ သုံးနာရီ ရှိပြီကွ... ဒါက ပထမဆုံးအကြိမ် တိတ်သွားတာပဲ…" 


“…”

စန့်ရှန်းက ကူကယ်ရာမဲ့စွာဖြင့် မျက်ခုံးတွန့်လိုက်သည်။  


ရန်ရှူက စန့်ရှန်းအနားသို့ တိုးကပ်လာပြီးနောက် ပြောလိုက်သည်။

"အချစ်ရေ... ငါ့အတွက် ခေါ်ပေးပါနော်…" 


စန့်ရှန်းမှာ ဤနေရာသို့ ရောက်ရောက်ချင်း ဟို့မော့ကို အဖေတန်းခေါ်ရမည့် အခြေအနေသို့ ရောက်လိမ့်မည်ဟု မထင်ထားပေ။ 


ရန်ရှူကက ဟို့မော့ကို ရွံရှာဖွယ်အပြည့်ဖြင့် ကြည့်လိုက်သည်။ 


ဟို့မော့ကလည်း စိုက်ကြည့်လာသည်။ 


အချိန်အတော်ကြာပြီးမှ စန့်ရှန်း ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်လုံး ကစားနေတာကို ရပ်လို့ ရမလား…" 


ဟို့မော့က ချက်ချင်း ငြင်းဆန်လိုက်သည်။

"မရဘူး... ဒါက ငါ နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရတဲ့ ဒေါသတွေပဲ... အလွယ်တကူ ကျေပေးလို့ မရဘူးကွ…" 


ရန်ရှူက စန့်ရှန်း၏ အင်္ကျီစကို ဆွဲလိုက်သည်။

"စန့်ရှန်း သူ့ကို ရိုက်လိုက်…" 


“…” စန့်ရှန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။

"မင်းက လောင်းတာ ရှူံးသွားပြီး လှည့်စားချင်နေတာကို သူက လက်မခံတာလေ... ဒါတောင် သူ့ကို ရိုက်ပေးဖို့ ပြောသေးတာလား…" 


"အဟမ်း... ပိုပြီး ပညာသားပါပါလုပ်လေ…" 


စန့်ရှန်းက အလည်တွင် ရပ်နေရင်း အတော်လေး ရှက်ရွံ့နေသဖြင့် တစ်ခဏလောက်အထိ စကားမပြောနိုင်ဘဲ အဆုံးသတ်မှသာ ဆွေ့ဟို့ယွီကို ကြည့်လိုက်သည်။

"နည်းလမ်းတစ်ခုခု စဥ်းစားမိလား…"

 

ဆွေ့ဟို့ယွီ ပုခုံးတွန့်ပြလိုက်သည်။

"သူတို့နှစ်ယောက်က သေခြင်းရှင်ခြင်းကိစ္စမို့ ငါ့ကို ဝင်မပါဖို့ သတိပေးထားတာလေ... သူတို့နှစ်ယောက်ကြားက ရန်ငြိုးပဲ…" 


"မင်းရဲ့ သူငယ်ချင်းကောင်းကြီးကို ဘာလို့ မဖျောင်းဖျရတာလဲ…" 


ဆွေ့ဟို့ယွီ အမေးခံလိုက်ရသည့်အတွက် ရယ်သာ ရယ်လိုက်သည်။

"မင်းရဲ့ ဇနီးလေးက နားထောင်မှာတဲ့လား…" 


“…” 


ရန်ရှူက စန့်ရှန်း၏ လက်ကို သနားစရာကောင်းသည့်ပုံစံလေးဖြင့် ဆွဲနေပုံမှာ ယခင်က စိတ်ဆိုးမာန်ဆိုးဖြင့် လှုံ့ဆော်ပေးခဲ့သူ မဟုတ်သည့်အလားပင်။ 


စန့်ရှန်းက ရန်ရှူကို ကူကယ်ရာမဲ့ဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ဟို့မော့ကို ကြည့်လိုက်သော်လည်း အဖေဟု ခေါ်မထွက်နိုင် ဖြစ်နေခဲ့သည်။ အဆုံးတွင် သက်ပြင်းချလိုက်သည်။

"လူဆိုတာ ကိုယ် ပြောထားတဲ့အတိုင်း လုပ်သင့်တယ်…"


ရန်ရှူက စန့်ရှန်းကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။ 

"မင်း... မင်း ငါ့ကို မကူညီချင်တော့ဘူးပေါ့လေ…" 


"ခင်ပွန်းနဲ့ ဇနီးဆိုတာ အစက တောအုပ်တစ်ခုတည်းက ငှက်တွေပဲ... ဒါကြောင့် သူတို့အဖေတွေက ခွဲပြီး ပျံခိုင်းလိုက်ကြတာ…" 


“…” 


ဟို့မော့နှင့် ဆွေ့ဟို့ယွီတို့မှာ အတူရပ်ကြည့်နေခဲ့ကြသော်လည်း စန့်ရှန်း၏ အဖြေကို ကြားလိုက်ရသောအခါ နှစ်ယောက်စလုံး အူတက်မတတ် ရယ်မောလိုက်ကြသည်။ 


ရန်ပွဲစတော့မယ်ဆိုတာ သူတို့ သိလိုက်ပြီ...

 

သေချာပေါက်ပင် ရန်ရှူက တန်းမေးလိုက်သည်။

"ခွဲပြီး ပျံတာ ဘာသဘောလဲ... မင်းက လမ်းခွဲချင်နေတာလား…" 


အဓိက စကားလုံးကို ကြားသောအခါ ဆွေ့ဟို့ယွီနှင့် ဟို့မော့တို့ အမြန် ထွက်ပြေးသွားကြလေသည်။

 

စန့်ရှန်းက သက်ပြင်းတစ်ချက်ချကာ ရှင်းပြလိုက်သည်။ 

"မဟုတ်ပါဘူး..." 


ရန်ရှူက ရုတ်တရက် အသံကျယ်လာ၏။

"ဒါဆို ဘာအဓိပ္ပါယ်လဲ…" 


"သူ့ကို ရိုက်မချနိုင်ဘူးဆိုတာ သေချာသိသားနဲ့ ဘာလို့ သွားပြိုင်ရတာလဲ…" 


"ဒါက ယောကျ်ားတစ်ယောက်ရဲ့ မာနကွ... မင်းက မာနဆိုတာရော နားလည်ရဲ့လား…" 


"မင်းကကျ မာနလိုချင်တယ်... ကိုယ့်ကိုကျ သူ့ကို အဖေခေါ်ခိုင်းချင်နေတာလား…" 


"ဒါဆို မင်းနဲ့ငါက ခွဲပြီး ပျံရတော့မှာလား…" 


စန့်ရှန်း ကူကယ်ရာမဲ့သွားသည်။

"မင်းကအရင်..."

 

ရန်ရှူ ပို၍ပင် ဒေါသထွက်လာသည်။

"သြော်... ငါ့အမှားပေါ့..." 


“…” 


"ငါမှားတာပါ... ဟုတ်ပြီလား…" 


"ကိုယ်ပြောချင်တာ အဲ့လိုမဟုတ်..." 


"မင်းကရော ဘာမို့လို့လဲ…" 


“…” 

စန့်ရှန်းမှာ မည်သို့ ဖြေရှင်းရမည်ကို မသိတော့ပေ။ 


စန့်ရှန်းတိတ်သွားသည်ကို မြင်သောအခါ ရန်ရှူက အနောက်မှ အနီးကပ်ဆက်လိုက်လာသည်။

"အခုတော့ ပြောစရာ စကားမရှိတော့ဘူးပေါ့လေ... ဟုတ်လား…" 


“မဟုတ်ဘူး…”


"ငါက ဒီလိုမျိုးပဲ... ငါက အမြဲတမ်း ဒီလိုပုံစံပဲလေ... အခုတော့ မင်းက မုန်းသွားပြီပေါ့... အချိန်တွေ ကြာလာတော့ ခံစားချက်တွေ မှေးမှိန်သွားပြီမလား.. ဆယ်နှစ်ကွ...အိမ်ထောင်သက် ခုနစ်နှစ်ကြာတော့ ရွပိုးထိုးလာပြီး ဆယ်နှစ်ကြာတော့ ရန်ဖြစ်ရပြီပေါ့... ဟုတ်တယ်မလား…" 


“…” 


စန့်ရှန်းက ဓာတ်လှေကားနှင့် လှေကားကို ဘေးတိုက်ကြည့်လိုက်ပြီးနောက် ထိုလူနှစ်ယောက် ထွက်ပြေးသွားကြောင်း သေချာအောင် ကြည့်ပြီးမှ ရန်ရှူကိုပွေ့ကာ ဘိယိယက်ခုံပေါ်သို့ တင်လိုက်သည်။ 


ရန်ရှူက ဒေါသထွက်နေသဖြင့် ရုန်းကန်နေသော်ငြား စန့်ရှန်း၏ အနမ်းများကို မတွန်းလှန်နိုင်ခဲ့ပေ။ 


ဘိယိယက်ခုံပေါ် ကျောကပ်သွားပြီး မရုန်းနိုင်လောက်အောင် အနမ်းခံလိုက်ရပြီးမှ စန့်ရှန်းက လွှတ်ပေးလိုက်သည်။

"ဆက်ပြီး အော်ချင်သေးတယ်ဆိုရင် ဒီနေရာမှာပဲ သေအောင် နမ်းလိုက်မှာနော်…" 


ရန်ရှူ: “…” 


ရန်ရှူ ခေါင်းမော့၍ ဟိုဟိုသည်သည် ကြည့်လိုက်ပြီးနောက် စန့်ရှန်းကို ပြန်ကြည့်ကာ တံတွေးမျိုချလိုက်သည်။ 


ကြည့်ရတာ စိတ်ကြွနေတာလား... 


ထားလိုက်ပါတော့ ငါ့အသံက ကျယ်လွန်းတယ်...

 

ရန်ရှူက ခဏလောက် ငြိမ်ကျသွားသည်။ ပြန်ရပ်လာနိုင်သောအခါ ဓာတ်လှေကား ရှိရာသို့ ပြေးသွားလိုက်ပြီး စန့်ရှန်း မဝင်နိုင်ခင် တံခါးပိတ်လိုက်သည်။ 


စန့်ရှန်းက စိတ်ထဲမထားဘဲ လှေကားဖြင့်တက်ကာ အပေါ်ထပ်သို့ လိုက်လာခဲ့သည်။ 


စန့်ရှန်း ဧည့်ခန်းထဲသို့ ရောက်သောအခါ ရန်ရှူမှ ဟို့မော့အား "အဖေ" ဟု အော်ခေါ်နေသည်ကို တွေ့လိုက်ရလေသည်။ 


သူ့အသံက ကျယ်လောင်လွန်း၍ စိတ်ကိုပါ လွင့်ခါစေနိုင်သည်။ 


အော်ပြီးနောက် တံခါးဆီသို့ ပြေးလေတော့သည်။ ရှူးဖိနပ်ဝတ်ပြီးနောက် ပြန်လှည့်ကာ ဟို့မော့ကို လက်ခလယ် ထောင်ပြလိုက်ပြီး မျက်လုံးများကလည်း အတော်လေး မကျေမချမ်း ဖြစ်နေပုံ ပေါ်နေခဲ့သည်။ 


ဆွေ့ဟို့ယွီက အလျင်အမြန် မေးလာသည်။

"ညစာစားဖို့ မနေတော့ဘူးလား…" 


"မစားဘူး... အခုကစပြီး အစ်ကိုက ကျွန်တော့်အစ်ကို မဟုတ်ဘဲ အမေဖြစ်သွားပြီ…"

ဒေါသများ ပုံချပြီးနောက် ရန်ရှူ တံခါးကိုဖွင့်ကာ ဗီလာထဲမှ ထွက်သွားလေတော့သည်။ 


ဆွေ့ဟို့ယွီနှင့် ဟို့မော့တို့က တစ်ချိန်တည်းမှာပင် စန့်ရှန်းကို ကြည့်ကာ မေးလိုက်ကြသည်။

"မင်းတို့ လမ်းခွဲလိုက်ကြပြီလား…" 


"မဟုတ်လောက်ပါဘူး..."

စန့်ရှန်းလည်း မသေချာပေ။ သူနှင့် ရန်ရှူတို့က ဆယ်နှစ်ကြာ သိခဲ့ကြသော်လည်း ရန်ရှူကို အခုထိ အပြည့်အဝ မသိနိုင်သေးချေ။ အဆုံးတွင် ရန်ရှူက ပုံသေမှတ်ထား၍မရသော လူတစ်ယောက်သာ။


ဟို့မော့ ထပ်မေးလိုက်သည်။

"ညစာစားသွားဦးမှာလား…" 


စန့်ရှန်းက အမှန်ပင် တွန့်ဆုတ်နေခဲ့သည်။ 

အိမ်ထဲဝင်ဝင်ချင်း ပြန်ထွက်သွားတာက မသင့်တော်ဘူးမလား... 


သို့သော်လည်း သူ လိုက်မချော့လျှင် ရန်ရှူနှင့် အမှန်ပင် လမ်းခွဲရနိုင်သည်။ 


စန့်ရှန်း တံခါးကို ထိုးပြလိုက်သည်။

"ငါ လိုက်သွားလိုက်ဦးမယ်…" 


အပြင်ထွက်နေရင်းပင် ရန်ရှူတစ်ယောက် မာန်ထောင်နေသောပုံစံဖြင့် ပြိုင်ကားလေး မောင်းသွားသည်ကို တွေ့လိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ကားနောက်မှ လိုက်သွားလျှင်လည်း ရန်ရှူ၏ ကားမောင်းနည်းအရ စိတ်လှုပ်ရှားမှုကြောင့် မတော်တဆမှုနှင့် ကြုံရနိုင်သည်။ 


သူ တပ်ပြန်ဆုတ်လိုက်သည်။

"ညစာစားဖို့ နေခဲ့လိုက်မယ်…"


ဟို့မော့က လုံးဝ မအံ့သြပေ။ သူ ခေါင်းညိတ်ပြ၍ မီးဖိုချောင်ထဲသို့ ဝင်သွားလေရာ စန့်ရှန်းကလည်း ကူညီပေးရန် လိုက်ဝင်သွားသည်။ 


ဆွေ့ဟို့ယွီက ဖုန်းထုတ်ကာ ရန်ရှူကို အလွယ်တကူ ဘလော့လိုက်လေသည်။ ယင်းက ကပ်ဘေးကို ရှောင်ရှားရန်အတွက် အနာဂတ်ကို ခန့်မှန်းခြင်းဟု ဆိုရပေမည်။



📽️