📽️Chapter 73
ရန်ရှူက စန့်ရှန်းတစ်ယောက် အခန်းထဲသို့ ဝင်လာပြီး အနောက်တိုင်းဝတ်စုံအပေါ်ကုတ်ကို ချွတ်လိုက်သည်ကို ကြည့်နေရင်း ချက်ချင်းဆိုသလို ရေရွတ်လိုက်သည်။
"ဘာလို့ ဒီအစင်းကြောင်းတွေပါတဲ့ အင်္ကျီကို ဝတ်ရတာလဲ... ငါမကြိုက်ဘူးဆိုတာ သေချာသိသားနဲ့…"
ပြီးပြည့်စုံချက်ပဲ...
ဒီအကြောင်းအရင်းကိုသုံးပြီး စန့်ရှန်းကို ကြိမ်းမောင်းလို့ ရပြီကွ...
ရလဒ်အနေဖြင့် စန့်ရှန်းက ခြေထောက်ကို မြှောက်ကာ သူ့အား ပြလာ၏။
"ဒီဝတ်စုံရဲ့ အရောင်က မင်းပေးထားတဲ့ SpongeBob ခြေအိတ်နဲ့ လိုက်နေလို့လေ…"
“…”
ခြေအိတ်ကို နှစ်ခါပြန်မဝတ်တတ်တဲ့ ဘောစ့်က ဒီခြေအိတ်ကို နှစ်ခါတောင် ဝတ်ထားတယ်ပေါ့လေ... ဆိုလိုတာက ဒီခြေအိတ်တွေကို စန့်ရှန်း သဘောကျနေတယ်ဆိုတာ ပြနေတာပဲ...
သူ တစ်ခဏမျှ ပြောစရာမဲ့သွားလေသည်။
ကြည့်ရတာ ဒီတစ်ခါတော့ စန့်ရှန်းလေးကို စကားနည်းနည်းလောက် ပြောရမဲ့ပုံပဲ...
ရန်ရှူက စန့်ရှန်းကို စိုက်ကြည့်နေရင်း နောက်ထပ်အပြစ်လိုက်ရှာနေစဥ်မှာပင် စန့်ရှန်းက အနားရောက်လာပြီး သူ့ကို ပွေ့ဖက်လာ၏။ ထို့နောက် နဖူးလေးကို နမ်းလိုက်သည်။
"မင်းက ကြက်သွေးရောင်နဲ့ လိုက်သားပဲ…"
"ဟမ်…"
ရန်ရှူ ချက်ချင်း အသိဝင်သွားပြီး စန့်ရှန်းကိုတွန်းထုတ်ကာ မှန်ရှေ့တွင် ရပ်လိုက်သည်။
သူက အနီရောင် တီရှပ်တစ်ထည်ကို သာမန်ကာလျှံကာ ဝတ်ထားခဲ့သည်။ ရိုက်ကူးရေးပြီးနောက် သက်တောင့်သက်သာ နေလိုခြင်းသာ ဖြစ်လေသည်။
ဒါဆို ဒီအရောင်က ငါနဲ့လိုက်တယ်ပေါ့...
သေချာကြည့်ကြည့်ရမယ်...
ရန်ရှူက မှန်ထဲကို တစ်ခဏမျှ ကြည့်နေပြီးနောက် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ဟားဟား... ငါက သဘာဝအလှလေးပါလား... ဘယ်အရောင်မဆို လိုက်ဖက်နေတာပဲ…"
စန့်ရှန်းသည်လည်း လိုက်လာပြီး သူ့အနောက်တွင် ရပ်ကာ ခါးလေးကို ပွေ့ဖက်လိုက်သည်။ စန့်ရှန်း၏ အရပ်က အတော်လေး မြင့်သဖြင့် ရန်ရှူ၏ တစ်ကိုယ်လုံးကို အုပ်မိုးထားနိုင်သည့်အလား ထင်ရသည်။
စန့်ရှန်းက ရန်ရှူ၏ ခေါင်းလေးပေါ်တွင် ပါးအပ်ထားလိုက်ပြီးနောက် အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"ဝိတ်ထပ်ကျသွားပြန်ပြီလား…"
"ခုတလော မချိန်ကြည့်မိဘူး…"
"ပေါင်ပေ့... ကိုယ် စိတ်မကောင်းဘူး…"
စန့်ရှန်းက သူ့ကို ဖက်ထားရင်း ပြောလိုက်သည်။
"အခုတလော ကိုယ့်ကို ငွေကူရှာပေးဖို့ မင်း အရမ်းအလုပ်ကြိုးစားနေရတာ... မင်းရဲ့ ဒီလိုပုံစံကို တွေ့ရတာ ကိုယ် စိတ်ထဲ မကောင်းဘူး... အလုပ်ကို အရမ်း မလုပ်ပါနဲ့လား... နော်…"
"တကယ်တော့..."
ရန်ရှူ၏ နှုတ်ခမ်းထောင့်လေးများ တဖြည်းဖြည်း ကော့တက်လာပြီး ထိန်းမနိုင် သိမ်းမနိုင်အောင်ပင် တောက်ပစွာ ပြုံးရယ်လာလေတော့၏။
"မဟုတ်ပါဘူး... အလုပ်က မပင်ပန်းပါဘူး... ငါ့ဘာသာ အလုပ်လုပ်ရင်း အားတဲ့အချိန်မှာ လူသစ်လေးတွေကို လက်တွဲခေါ်ပေးရုံပါ... အသေးစိတ်အစီအစဥ်က လယ်ဗယ်မြင့်တယ်နော်... ငါ့ကျဲကျဲကပဲ အစီအစဥ်တွေ လုပ်နေတာလေ…"
"မင်းရဲ့အဖွဲ့အတွက် လူနည်းနည်းလောက် ထပ်ခေါ်ပေးပြီးရင် မင်းအတွက် အာဟာရပညာရှင်တစ်ယောက် စီစဥ်ပေးရမလား... ဝိတ်ထပ်မကျစေချင်တော့ဘူး…"
"ငါ ဝိတ်တအားကျသွားတယ်လို့ တကယ်ကြီး ထင်နေတာလား…"
"အင်း.... မင်းကို ဖက်လိုက်တာနဲ့ ခံစားမိနေတာ…"
စန့်ရှန်းက ပြောနေရင်း ရန်ရှူ၏ မေးလေးကို ပင့်ကာ နမ်းလိုက်သည်။ ပြင်းရှသော အနမ်းက နူးညံ့မှုများလည်း ပျော်ဝင်နေသဖြင့် ရန်ရှူခမျာ မသိစိတ်အရ မျက်လုံးမှိတ်မိသွားပြီး လိုက်ပါနစ်မျောမိသွားသည်။
အချိန်အတော်ကြာမှ စန့်ရှန်းက ရန်ရှူကို လွှတ်ပေးကာ ပြောလိုက်သည်။
"ကိုယ်မင်းအတွက် ညလယ်စာ မှာပေးထားလို့ သွားယူလိုက်ဦးမယ်... အရင်ဆုံး နားလိုက်ဦး…"
"အင်း…"
လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်ကပင် အစားအသောက် မှာပေးသည့်အတွက် စန့်ရှန်းအား ပြဿနာရှာရန် စီစဥ်ထားသည့် ရန်ရှူမှာ ထိုအခိုက်တွင် အလွန် ပျော်ရွှင်သွားပြီး မှန်ထဲမှ သူ့ကိုယ်သူကို ချီးမွမ်းနေမိသည်။
"ကြည့်ရတာ ငါက ဒီအရောင်နဲ့ အတော်လေး လိုက်တဲ့ပုံပဲ... ဟီးဟီးဟီး... ညလယ်စာစားမယ်... ညလယ်စာစားမယ်... ငါက အရမ်းလှနေတော့ ညလယ်စာ စားပေးရမယ်…"
ထို့နောက် ယိုင်တိယိုင်တိုင်ဖြင့် ထသွားလေသည်။
စန့်ရှန်းက ထမင်းစားစားပွဲတွင် ထိုင်နေပြီး မေးပေါ် မှီ၍ ရန်ရှူကို ကြည့်နေရင်း မေးလိုက်သည်။
"အသစ်ခေါ်ထားတဲ့ လူသစ်လေးတွေနဲ့ အဆင်ပြေရဲ့လား…"
စန့်ရှန်းက ရန်ရှူ့အကြိုက်များကို မှာပေးထားသဖြင့် ရန်ရှူတစ်ယောက် အစားအသောက်များကို ကျေနပ်နေလေရာ သူနှင့် လိုလိုချင်ချင် စကားပြောပေးနေသည်။
"အဆင်ပြေပါတယ်... ကုချင်းက ငါထင်ထားသလောက် မဆိုးပါဘူး... ကြည့်ရတာ ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုက ဆိုးခဲ့တော့ သူ့ကို မျှော်လင့်ချက် သိပ်မရှိတာ ဖြစ်မယ်... တိုးတက်မှုလေး နည်းနည်းရှိတော့ ကျေနပ်စွာနဲ့ အံ့အားသင့်သွားရတယ်ပေါ့…"
ရန်ရှူက ပြောနေရင်း နောက်ထပ်ကိစ္စကိုပါ ဆက်ပြောပြလာသည်။
"ကျန်းလင်မှာ တကယ်တော့ ကိုယ်ပိုင်လေယာဥ် ရှိတယ်တဲ့…"
"သူ့ကို ကိုယ်သိသလိုပဲ…"
စန့်ရှန်း စဥ်းစားကြည့်လိုက်သည်။
"အမ်…"
ရန်ရှူ အံ့သြသွားလေသည်။
"ကိုယ့်အမေရဲ့ သူဌေးကတော်အုပ်စု သူငယ်ချင်းတွေထဲက တစ်ယောက်ရဲ့ ကလေး ဖြစ်မယ်ထင်တယ်... မင်းလည်း သိတာပဲ... ကိုယ်က ကလေးတွေကို သဘောမကျတော့ အရင်က ခေါင်းညိတ်နှုတ်ဆက်ရုံလောက်ပဲလေ... သူက အဲ့ဒီကလေးတွေထဲမှာ ထူးခြားတဲ့ ပုံစံနဲ့ဆိုတော့ သူ့ကိုတော့ သိပ်မမုန်းမိဘူး…"
ရန်ရှူမှာ လက်ထဲတွင် အစားအသောက်များ ကိုင်ထားရင်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"သူ့မိသားစုအခြေအနေက အရမ်းကောင်းတယ်လား... ဘာလို့များ စတားတစ်ယောက် ဖြစ်ချင်နေသေးတာလဲ မသိဘူးနော်…"
"ကိုယ့်လိုပဲ နေမှာပေါ့... ကိုယ်လည်း နှစ်နည်းနည်းလောက်ဆို မိသားစုစီးပွားရေးကို ဆက်ခံရတော့မှာလေ... ဒါကြောင့် သူကလည်း ဘွဲ့မရသေးခင် နှစ်နည်းနည်းလောက်ပဲ အထိန်းအကွပ်မရှိ နေနိုင်မှာပေါ့... ဒါကလည်း အတွေ့အကြုံတစ်ခုပဲလေ…"
“သြော်…”
ရန်ရှူ ဆက်စားနေသည်။
"ကိုယ် အစီရင်ခံစာတွေ သွားကြည့်လိုက်ဦးမယ်နော်... ပြီးမှ မင်းကို အဖော်ပြုပေးမယ်…"
စန့်ရှန်းက ပြောပြီးနောက် ထရပ်ကာ စာကြည့်ခန်းထဲသို့ ထွက်သွားသည်။
"အင်း... သွားလေ…"
ရန်ရှူက ထိုအခိုက်တွင် စိတ်ကောင်းဝင်နေသဖြင့် သူ့ကို မတားလိုက်တော့ပေ။
စန့်ရှန်းက စာကြည့်ခန်းထဲသို့ ဝင်သွားပြီးနောက် ကွန်ပြူတာ ဖွင့်လိုက်သည်။
သူ အလုပ်များနေခိုက် ရန်ရှူတစ်ယောက် အပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့မျက်နှာကို ကိုင်ကာ အကြိမ်ဒါဇင်ကျော်အထိ နမ်းရှိုက်လာသည်။ မရပ်ခင်အထိ သူ့ပါးစပ်မှ ဆီများကိုပင် ပါးပေါ်သို့ ပွတ်သွားလိုက်သေးသည်။
စန့်ရှန်းက ရန်ရှူ တစ်ယောက် ကူကယ်ရာမဲ့စွာ ပြန်ဆုတ်သွားပြီး သူ့အား ပြောလာသည့်စကားကို ကြားလိုက်ရသည်။
"ငါ ရေချိူးတော့မှာ…"
ပြောပြီးနောက် ထွက်ပြေးသွားလေသည်။
မျက်နှာတစ်ခုလုံး ဆီများဖြင့် ပေပွနေသည့် စန့်ရှန်းမှာ ရွေးချယ်စရာမရှိတော့ဘဲ ထရပ်ကာ ရန်ရှူနှင့်အတူ ရေချိုးခန်း ဝင်လိုက်ရလေတော့သည်။
ကြားရက်များတွင် ဇနီးလေးအား ချော့မြူရန် ငွေပမာဏ မီလီယံချီအောင် စုဆောင်းရသည်။ ထို့နောက် ရံဖန်ရံခါ ရေချွေတာရန်အတွက် သူနှင့် ချစ်ဇနီးလေးတို့က ရေစိမ်ကန်အတွင်း အတူတူ ရေချိုးကြရလေသည်။
သေချာတာပေါ့... တစ်ယောက်ယောက်အပေါ် ခုန်မအုပ်မိရင် ပိုကောင်းမှာပဲ...
အားအင် ချွေတာဖို့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့က လူသားတိုင်းရဲ့ တာဝန်ပဲလေ...
*****
စန့်ရှန်း ရေချိုးပြီးသွားသောအခါ အနားမယူခင် အလုပ်များကို လက်စသတ်ရသည်။
ရန်ရှူက အနားယူနေသည့်အတွက် သူ့အား မနှောင့်ယှက်လာပေ။
စန့်ရှန်း အလုပ်ပြီးသွား၍ အိပ်ရာပေါ် ဝင်လှဲလိုက်သောအခါ ရန်ရှူက ရုတ်တရက် ထထိုင်လာပြီး ဖုန်းကို ပြလာသည်။
"တစ်ယောက်ယောက်က ငါ့ကို လက်ဖက်စိမ်းကောင်ဆိုပြီး ကြိမ်းမောင်းနေတယ်…"
စန့်ရှန်း၏ ခေါင်းထဲတွင် အချက်ပေးသံ တဝီဝီ မြည်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားကာ ထိုအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရန် စတင်တွေးတောလိုက်သည်။ ထို့မှသာ ဤညကို သာမန်ကျကျ ဖြတ်သန်းနိုင်မည် ဖြစ်သည်။
သို့သော်ငြား သူမဖြေရသေးမီမှာပင် ရန်ရှူက သူ့ဘာသာ ရယ်မောလိုက်ပြီး သူ့မျက်နှာကိုကိုင်၍ မေးလာသည်။
"ငါက တကယ်ကြီး စမတ်ကျတယ်လား…"
စန့်ရှန်းက အဆုံးတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်ချင်းထထိုင်ကာ ပြောလိုက်သည်။
"မင်းက အမြဲတမ်း စမတ်ကျနေတာပဲလေ…"
"ဟားဟားဟား…"
ရန်ရှူ ရယ်မောလိုက်ကာ တစ်ခဏမျှ တွေးကြည့်လိုက်ပြီးနောက် ရှင်းလင်းစွာဖြင့် ဆိုလိုက်လေသည်။
"ငါ့ကို စမတ်ကျတယ်လို့ ပြောလိုက်တာနော်... ငါ့ရဲ့ စမတ်ကျမှုတွေကို အမြဲတမ်း ထုတ်ပြခဲ့ပြီးသားပဲ... ငါ့ရဲ့ဘလက်ဖန်တွေတောင် ငါ့ရဲ့ စမတ်ကျမှုကို မြင်နိုင်ပေမယ့် ဖန်တွေကတော့ မမြင်ကြရှာဘူး…"
"အကြီးဆုံးတူမတွေက ဟာသလုပ်နေရုံပါ... သိပ်ပြီး အလေးအနက် မထားပါနဲ့…"
ရန်ရှူက စန့်ရှန်းဘေးတွင် ဝင်လှဲလိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"ငါက အရမ်းတော်တယ်မလား…"
"အင်း…"
"ငါ့ကို ချစ်သူတော်ထားရတာ အရမ်းကောင်းတာပဲမလား... အဲ့လို ထင်လားဟင်…"
"အင်း…"
ရန်ရှူက ဖန်များ၏မေးခွန်းများကို အမြဲတမ်း မှိုင်တွေနေလေ့ရှိသည်။ အကြောင်းမှာ သူကိုင်တိုင်က ထိုမေးခွန်းကို မဖြေနိုင်၍ ဖြစ်သည်။
ယခုတွင် ထိုမေးခွန်းကို စန့်ရှန်းထံ ပစ်ပေးလိုက်ချေပြီ။
"မင်းပြောကြည့်လေ... ငါ့ကို ချစ်သူတော်ထားရတဲ့ အကျိုးကျေးဇူးက ဘာလဲ…"
"မင်းက..."
စန့်ရှန်းက စောင်ခြုံထားရင်း အပြင်းအထန် တွေးတောနေသည်။ သူက အိပ်ရာမဝင်ခင် ဦးနှောက်ကို ခလောက်ဆန်လိုက်ရမည်ဟု မထင်ထားခဲ့ပေ။
"မင်းက အရမ်းချစ်စရာကောင်းပြီး ရုပ်လည်း ချောတတယ်... မင်းကို ကြည့်နေရုံနဲ့တင် စိတ်ကောင်းဝင်စေနိုင်တယ်... မင်းရဲ့ တည်ရှိမှုကြောင့် ဘဝမှာ ရေရှည်အထိ ရုပ်ရည်အပေါ် သဘောကျမှုနဲ့ ပျော်ရွှင်မှုတို့က တွဲကပ်ပါလာနိုင်တယ်…"
"အတိအကျပဲလေ…"
ရန်ရှူက လက်ခံသည့်အလား ခေါင်းအုံးကို ရိုက်ချလိုက်သည်။
ငါ တစ်ချိန်လုံး တွေးနေပေမယ့် ဒီလောက်သိသာနေတာကို ဘာလို့ မစဥ်းစားမိခဲ့ပါလိမ့်...
" ပြီးတော့ တခြားသူတွေက မင်းဘာတွေ တွေးနေလဲဆိုတာကိုခမမှန်းနိုင်ကြဘူးလေ... ဒါကြောင့် မင်းနဲ့ အတူရှိရတဲ့ နေ့တွေက နေ့တိုင်း တမူထူးခြားနေမှာ... အံ့သြစရာအသစ်တွေ အမြဲတမ်း ရှိနေမှာပဲ…"
"အင်း... ဒါလည်း မှန်တယ်…"
“မင်းသာကိုယ့်ဘေးမှာ ရှိရင် ပျင်းစရာကောင်းတယ်လို့ မခံစားရဘူး... မင်းက ကိုယ့်ဘဝကို အရောင်တွေ စုံလင်စေမှာ…"
"အင်း... ငါက ဒီနေရာမှာလည်း သိပ်မဆိုးဘူး…"
"မင်းလည်တိုင်လေးက လှလွန်းလို့ လူတွေကို ကိုက်ချင်စိတ်တွေ ဖြစ်စေတယ်... ခြေတံလေးကလည်း ရှည်သွယ်သွယ်လေး... မင်းရဲ့ခါးလေးက ပိန်ပါးပြီး သေးသေးသွယ်သွယ်လေးဖြစ်နေတာ... ကိုယ် ဆိတ်လိုက်ရင်..."
"ရပြီ ရပြီ ဒါတွေ ပြောစရာ မလိုဘူး…"
စန့်ရှန်းက ရန်ရှူကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နားသန်သီးလေးအနားသို့ ကပ်ကာ ဆက်ပြောလိုက်သည်။
"အရမ်းနွေးထွေး...အရမ်းနူးညံ့ပြီး... ခက်ခဲနက်နဲနေတာ..."
သူ့အသံက သိသိသာသာပင် နိမ့်ဆင်းအက်ရှသွားသော်ငြား စကားလုံးတိုင်းက ရန်ရှူ၏ နားစည်ထံ သွားရောက် ထိခတ်နေသည်။
ရန်ရှူမှာ ကျောရိုးများ ထုံလာသလိုပင် ခံစားနေရပြီး ရုတ်တရက်ဆိုသလို အားပျော့သွားသလိုပင်။
"တော်ပြီလေ... ထပ်မပြောနဲ့တော့…"
"ထပ်ရှိသေးတယ်... ဖြည်းဖြည်းချင်း ရေတွက်ကြည့်ရအောင်လေ..."
စန့်ရှန်း ဖြေလိုက်ပြီးနောက် လက်ကိုမြှောက်ကာ မီးမှိတ်လိုက်သည်။
ရန်ရှူမှာ စန့်ရှန်းကို ထိုမေးခွန်း မေးမိသည့်အတွက် နောင်တရသွားသည်။ အကြောင်းမှာ စန့်ရှန်းက ပြန်ဖြေရုံသာမက အလုပ်နှင့်ပါ သက်သေပြသွား၍ပင်။
ရန်ရှူက ဖြစ်စဥ်တစ်ခုလုံး စန့်ရှန်းထံမှ ချီးကျူးခံရသည့် ခံစားချက်ကို မခံစားခဲ့ဖူးပေ။ နဖူးမှ ခြေဖျားအထိ အားလုံးကို သဘောကျပြီး အရာအားလုံးက ချိုမြိန်နေလေသည်။
သူ အနည်းငယ် ပင်ပန်းနေ၍ ဖြစ်မည်။ အိပ်ချင်စိတ်ကြောင့် ရန်ရှူ အဆုံးတွင် ငြိမ်ကျသွားခဲ့သည်။
စန့်ရှန်းက ရန်ရှူဘေးတွင် လဲလျောင်းနေရင်း ရန်ရှူ၏ ရှုပ်ပွနေသော ဆံပင်လေးများကို ရှင်းပေးနေကာ မျက်လုံးထောင့်မှ မျက်ရည်စလေးများကို သုတ်ပေးနေပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။
"ပေါင်ပေ့... မင်းနဲ့ ချစ်သူဖြစ်ရတာ အရာအားလုံး ကောင်းတယ်... မင်းက ကိုယ့်ကို ပျော်အောင်လုပ်ပေးတယ်... ကိုယ်လဲကျသွားရင် မင်းကလွဲပြီး ဘယ်သူက ကိုယ့်ကို ကာကွယ်ပေးမှာလဲ... သူတို့က မင်းရဲ့ စိတ်ကို နားမလည်ဘဲ နားလည်မှုလွဲနေရင် သူတို့တွေ ဘာလုပ်သင့်လဲ…"
"ပေါင်ပေ့... မင်းနဲ့ ချစ်သူ ဖြစ်ခွင့်ရတာ ကိုယ့်ဘဝရဲ့ အတွေ့အကြုံတွေထဲက အကောင်းဆုံးအရာပါပဲ... မင်းက ကိုယ့်ဘဝကို အလင်းပေးနေတဲ့ အလင်းရောင်လေး…"
"ပေါင်ပေ့... ကိုယ်မင်းကို အရမ်းချစ်တယ်... အရမ်းအရမ်းကို ချစ်တာ…"
----------
စာရေးသူမှာ ပြောစရာ ရှိပါတယ်:
ရန်ရှူ: ငါ့ကောင်လေးက ပြီးပြည့်စုံချက်ပဲ... ငါသူ့ကို ချစ်ပေမယ့် ပြဿနာတော့ ရှာချင်နေတုန်းပဲ...
📽️