Chapter 72
Viewers 12k

📽️ Chapter 72



[အကန် ပြောနေတာတွေ ကြည့်နေရတယ်လို့ ဘာလို့ ခံစားနေရပါလိမ့်…] 


[ချင်းချင်းရေ... ဦးလေးဆီကနေ ဒီလိုမျိုး အဆူခံရဖို့ မင်းအတွက် လွယ်ကူနေတာပဲနော်…] 


[အား... ဦးလေးက အသစ်လေးကို အရမ်းအရေးပေးနေတာပဲ... ဒါက ဆူပူကြိမ်းမောင်းနေတာ မဟုတ်ရပါဘူး…] 


[အမှန်ပဲ... ဒါကို အလိုလိုက်တယ်လို့ ခေါ်တယ်…] 


[ဦးလေးက မအော်တဲ့အပြင် ကုချင်း ထွက်သွားတာတောင် လိုက်မသွားဘူး... ဒါက အချစ်ပဲ…] 


ရန်ရှူက ထိုကွန်မန့်များကို မြင်သောအခါမှ ရုတရက် ပြောလာသည်။

"အင်း... သူ အဆူခံရသင့်တာ" 


ထို့နောက် ပြေးလိုက်သွားလေသည်။ 


Screenကြီး မှောင်မဲသွားသော်လည်း ရန်ရှူ၏ တတွတ်တွတ် ဆူဆဲသံများအပြင် ကူချင်း၏ ငိုသံပါကြီးနှင့် ခွင့်လွှတ်ပေးရန် တောင်းဆိုနေသည်ကိုလည်း ကြားနိုင်ပေသည်။ 


ကွန်မန့်များတွင် ဖန်များက အလျင်လိုမနေကြဘဲ သူတို့ဘာသာ စကားစမြည် ပြောနေကြလေသည်။ 


[ဦးလေးရဲ့လိုက်ဖ်က ဘောစ့်ရှိတဲ့အခါနဲ့ ကုချင်း ရှိတဲ့အခါနဲ့ တော်တော်လေး ကွဲပြားတာပဲ…] 


[ဦးလေးက ပုံစံနှစ်မျိုး ရှိတယ်... ဘောစ့်နဲ့ကျမှပဲ ကလေးလို လုပ်နေတာ…] 


[ဘောစ့်က အချစ်စစ်ဆို ချင်းချင်းက မတော်တဆတစ်ခုပဲ…] 


[ညီအစ်မတို့... နှုတ်ခမ်းနီအရောင် ညွှန်းပေးချင်တာများ ရှိလား…] 


[ခုတလော ဒီအရောင်ကို သဘောတွေ့နေတာ... စမ်းကြည့်ပါလား…]


*****


ရန်ရှူက ပြန်ထိုင်လိုက်ပြီးနောက် ကင်မရာကို ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်သည်။

"ငါ ကြော်ငြာတာ မဟုတ်တဲ့ အလှကုန်တွေအကြောင်း ပြောရင် အဆင်မပြေဘူးနော်…" 


“ငါဘာတွေ ကြော်ငြာပေးလဲရော မသိကြဘူးလား…" 


"နှုတ်ခမ်းနီက အရသာ မကောင်းဘူးလား... မင်းစားဖို့ ဆိုးထားတာ... ငါ... အိုး... ငါသိပြီ…"


ရန်ရှူ တစ်ခဏမျှ ပြောစရာမဲ့သွားသည်။

"တစ်ခါတစ်လေ ငါလိုချင်တာကို မလုပ်နိုင်ဘူး... ဘာတွေမှန်းကို မသိတော့ဘူး... ငါ မင်းတို့လို မိန်းကလေးတစ်အုပ်နဲ့ မနေနိုင်တော့ဘူး... ငါက ဟန်ဆောင်နေတာတဲ့လား... မဟုတ်ဘူးကွ... ငါ horrorဂိမ်းကို လိုက်ဖ်လွှင့်တိုင်း ခက်ခဲအောင် လုပ်တာ မင်းတို့ပဲလေ…" 


(T/N - cmtတွေဖတ်ပြီး ရန်တွေ့နေတာပါ၊ တော်ကြာ ဘာတွေပြောနေမှန်း မသိမှာစိုးလို့)


ကျန်းလင်အတွက်မူ ရန်ရှူက သူနှင့် ကပေးမည် မဟုတ်ပေ။ အရပ်ကွာခြားမှုက အတော်လေး ကြီးမားလှသည်။ 


ငါ့အရပ်ကို မေးခွန်းထုတ်ခံရလောက်တယ်... ဒါဆို ငါ့ကိုယ်သူ ဟာသလုပ်ဖို့ ကျန်းလင်ကို ခေါ်စရာ မလိုပါဘူးလေ.... 


ပြီးတော့ ကျန်းလင်ရဲ့ ကပုံကနည်းက... ပီကေပေါ် ချော်ပြီး ဗိုင်းကနဲလဲသွားတဲ့ စက်ရုပ်ကြီးလိုပဲ...

 

ကျန်းလင်၏ ဗီဒီယိုကမူ ပို၍တဲ့တိုးဆန်သည်။ 


ရန်ရှူ: [ဆယ်မိနစ်အပြည့် ကြည့်ပြီးသွားတော့ ငါတို့ကုမ္ပဏီက လူသစ်လေးတွေ သိပ်ပြီး စမတ်မဖြစ်ကြဘူးလို့ ခံစားရတယ်…] 


ဗီဒီယိုထဲတွင် ကျန်းလင်က မျက်လုံးတစ်ဖက် မှိတ်ပြသည့်ဟန်ကို လေ့ကျင့်နေသည်။ သူ ဘယ်ဘက်မျက်လုံးကို မှိတ်လျှင် ဘယ်ဘက် ပါးစပ်တစ်ခြမ်းလုံး ကွေးတက်လာပြီး ညာဘက်မျက်လုံးကို မှိတ်လျှင်လည်း ညာဘက်ပါးစပ်က ရွဲ့သွားသည်။ 


ဗီဒီယိုထဲတွင် ကျန်းလင်၏ မြင်သာသော မျက်နှာကြွက်သားများက အမှန်ပင် အားကုပ်ကြိုးပမ်း လုပ်ဆောင်နေကြပြီး ပါးပေါ်မှကြွက်သားများက အနည်းငယ် တုန်ချင်နေကြလေသည်။ 


ထိုအတောအတွင်း ကုချင်းက "ဟူးဟူး" ဟူ၍ ဘဲငန်းအော်သံကြီးဖြင့်ရယ်ကာ ဖြတ်သွားလိုက်သေးသည်။ 


[ကယ်ကြပါ... ဘာလို့ ဒီကုမ္ပဏီက အနုပညာရှင်တွေက ဥာဏ်မကောင်းကြတာလဲ…] 


[သူတို့က သိသိသာသာကြီးကို ရုပ်ချောနေကြပေမယ့် ဘာလို့ ငတုံးတွေလို လုပ်နေကြတာလဲ…] 


[ဟာသ သရုပ်ဆောင်အသစ်တွေလား…] 


[ဦးလေးကို အပြစ်မတင်ကြပါနဲ့... ငါဆိုလည်း ဆယ်မိနစ်လုံး ပျော်ပျော်ကြီး ကြည့်နေနိုင်မှာ မဟုတ်ဘူး…] 


[ဦးလေးက လူသစ်လေးတွေကို စခေါ်နေပြီလား…] 


ရန်ရှူက ဖုန်းထဲမှ ကွန်မန့်များကို လိုက်ကြည့်နေခဲ့သည်။ တစ်ခဏမျှ ဖတ်ပြီးနောက် ပြောလိုက်သည်။

"တုံ့ပြန်မှုက သိပ်မဆိုးပါဘူး…" 


"အင်း…"

ကောင်းချင်က tabletဖြင့် ဇာတ်ညွှန်း ကြည့်နေခဲ့သည်။  


ယခုတွင် ရန်ရှူက လူသစ်နှစ်ယောက်ကို လူမြင်ကွင်းသို့ ခေါ်ထုတ်လာပြီ ဖြစ်၍ ဤလောကထဲမှ လူများစွာကို ကိစ္စတစ်ခု သိသွားစေခဲ့သည်။ ယင်းက ရန်ရှူမှ လူသစ်များကို စခေါ်နေပြီ ဟူ၍ပင်။ 


ယင်းက အရင်းအမြစ် အချို့ကို ထိုသူတို့ဘက်မှ အစပြုလာရန် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်ပြီး လူသစ်များ မအောင်မြင်လျှင်လည်း သံလွင်ခက်များ ကျယ်ပြန့်လာနိုင်သဖြင့် သူတို့ကို ပို၍နိမ့်သောစျေးဖြင့် စာချုပ်ချုပ်နိုင်ပေမည်။ 


နောက်ပိုင်း ကျော်ကြားလာခဲ့လျှင်လည်း ယင်းမှ အကျိုးအမြတ် ရလာပေမည်။ တစ်ခဏလောက် မအောင်မြင်သေးလျှင်ပင် လစာမမြင့်သည့်တိုင် အရှုံးရှိမည် မဟုတ်ပေ။ 


ထိုအပြင် အရင်းအမြစ်များ ရှိလာလျှင် အသစ်လေးနှစ်ယောက်အပေါ် အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာစေခြင်းဖြင့် အကျိုးရလဒ် ရှိလာစေပေမည်။ ယင်းက win-win အခြေအနေပင်။ 


ထိုအချိန်တွင် ကောင်းချင်က အလုပ်ရွေးပေးနေခဲ့သည်။ 


ရန်ရှူက ဓါတ်ပုံရိုက်ပြီးနောက် အသစ်လေး နှစ်ယောက်ကို ပြန်ခေါ်လာသဖြင့် လက်ရှိတွင် ထိုနှစ်ယောက်က ကားထဲ ရောက်နေသည်။ ရန်ရှူက ထပ်ပြီး ပျင်းလာပြန်သည်လား မသိရသော်လည်း ကုချင်းကို လှည့်မေးလိုက်သည်။ 

"မင်း ဘယ်လို သူဌေးမကြီးတွေကို သဘောကျလဲ... ငါ ကူစဥ်းစားပေးမယ်လေ... အလုပ်ကောင်းကောင်းဖြစ်ဖို့ စဥ်းစားရမယ်…" 


အောင်သွယ်တော်လမင်းကြီး ရန်ရှူမှာ ထိုအရာများကို အမြဲတန်း စိုးရိမ်နေလေသည်။  


"သူဌေးမကြီးတွေလား…"

ကုချင်းက အနည်းငယ် အံ့အားသင့်သွားပြီး အမူအရာကလည်း အနည်းငယ် ရှုပ်ထွေးနေလေသည်။ 


" မင်း အရင်တစ်ခေါက်ကပဲ သူဌေးမကြီးတစ်ယောက်ကို Wechatအကောင့် တောင်းနေတာမဟုတ်ဘူးလား…" 


(T/N - ကုချင်းက အရင်တစ်ခါ စုအန်းရီကို ဖုန်းနံပါတ်တောင်းတဲ့ စကိတ်ဘုတ်နဲ့ကောင်လေးပါ၊ ရန်ရှူက သူ့ကို သနားလို့ ခေါ်ထားလိုက်တယ်ထင်တာပဲ🤣)


ကုချင်း ရုတ်တရက် လန့်သွားသည်။ ထို့နောက် ရုတ်တရက် ထထိုင်လိုက်ပြီး လည်ပင်းကို ဆန့်ကာ ရန်ရှူကို ရှင်းပြလိုက်သည်။

"မဟုတ်ပါဘူး... ကျွန်တော်က မြင်မြင်ချင်း ချစ်သွားတာ... နားလည်ရဲ့လား... ကျွန်တော်က သူ့လို လှပလွန်းတဲ့ အရှိန်အဝါမျိုးကို မတွေ့ခဲ့ဖူးဘူး... အဲ့မမက တကယ့်နတ်ဘုရားမလေး... သူ အရမ်းလှတာပဲ…" 


"စုအန်းရီကို ချမ်းသာတယ်လို့ရော မထင်ဘူးလား…" 


"ရုပ်ရည်နဲ့ အရပ်အမြင့်ကို ကြည့်လိုက်တာနဲ့တင် ကျွန်တော့်အတွက် လုံလောက်နေပြီ... ငွေကို ဘာလို့ ကြည့်နေဦးမှာလဲ.... ကားကိုတော့ မြင်လိုက်ပါတယ်... ဒါပေမယ့် အဝတ်အစားတွေ အိတ်တွေ ကျွန်တော့်ရှေ့ လာထားရင်တောင် တံဆိပ်ရော စျေးနှုန်းရော ပြောနိုင်မှာ မဟုတ်ဘူး…"


ဖြေပြီးနောက် ကုချင်းတစ်ယောက် အပျော်လွန်သွားလေသည်။

"သူ့နာမည်က စုအန်းရီတဲ့လား…"


ကျန်းလင်က သံသယအပြည့်ဖြင့် ကုချင်းကို ကြည့်လိုက်သည်။

"စုအန်းရီက ဒီလောက် ကြောက်ဖို့ကောင်းတာ... သူ့ကို ဘာကြည့်ကြိုက်တာလဲ…" 


"ကြောက်စရာကောင်းတယ်လား... ဘယ်လောက် ကြောက်စရာကောင်းတာလဲ…"

ကုချင်း မေးလိုက်သည်။ 


"စကားနဲ့တောင် ဖော်ပြလို့ မရဘူး... ငါတို့လို မော်ဒယ်တွေဆို အကြီးတွေကအစ သူ့ကို ကြောက်ရတယ်... သူက နာမည်ကြီးတဲ့ နတ်ဆိုးမပဲ…"

 

"ပိုတောင် သဘောကျသွားပြီ…"

ကုချင်းမှာ ပို၍ပင် စိတ်လှုပ်ရှားလာပြီး စုအန်းရီကို အယ်လ်ဖာအမျိုးသမီး တစ်ယောက် ဖြစ်နေသည့်အတွက် ပို၍ပင် သဘောကျသွားပုံ ပေါ်နေခဲ့သည်။ 


ရန်ရှူက သူ့ကို စနောက်ရန် ပြင်နေခိုက် ကောင်းချင်မှ အေးစက်နေသောလေသံဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"စာချုပ်မှာ ချစ်သူ မထားရဘူးလို့ ပါတယ်နော်…" 


တစ်ခဏလောက်ထိ သုံးယောက်လုံး ကြောင်အမ်းသွားကြလေသည်။ 


ကုချင်းက သတိကြီးကြီးထား၍ မေးလိုက်သည်။

"အစ်ကိုရန်လည်း ချစ်သူထားခွင့် မရှိဘူးလား…" 


"ဘောစ့်က သူ့မှာ ချစ်သူ ရှိရှိ ရှိမရှိ ဂရုမစိုက်ဘူး…"

ကောင်းချင်က အမျှော်အမြင်ရှိရှိ ဖြေလိုက်ပြီး ယင်းက အတော်လေး ကျိုးကြောင်းသင့်ပုံပေါ်နေသည်။ 


သို့သော်လည်း ရန်ရှူသည်သာ သူ့ဘောစ့်နှင့် ချစ်ကျွမ်းဝင်နေပါက သူဘောစ့်ကလည်း ဂရုစိုက်နေမည် မဟုတ်ကြောင်းဟု ပြောလိုသည်ကို သိနေခဲ့သည်။ သို့သော် အခြားသူတစ်ယောက်နှင့် ချစ်ကျွမ်းဝင်မိပါက ဘောစ့်တစ်ယောက် ရူးသွပ်သွားမည် ဖြစ်ကာ အကျိုးဆက်များကလည်း ကောင်းမည် မဟုတ်။ 


အခြားသူများ၏ လောင်ကုန်းများက အများဆုံး ရှာလကာရည်အိုးမျှသာ ဖြစ်သော်လည်း သူ့လောင်ကုန်းက ရှာလကာရည်များ ပြည့်နေသည့် ဆည်ကြီး ဖြစ်နေပြီး မတော်တဆဖြင့် ယိုစိမ့်လာသည်နှင့် မိုင်တစ်ရာဝန်းကျင်အထိ ရှာလကာရည်အနံ့များ ဖုံးအုပ်သွားနိုင်သည်။ 


ကုချင်းက ထိုစကားကို နားမလည်သဖြင့် တိတ်တိတ်လေး သက်ပြင်းချလိုက်လေသည်။

"ကြည့်ရတာ အစ်ကိုက နံပါတ်တစ် ဖြစ်နေလို့ ထင်တယ်နော် အစ်ကိုရန်... ကျွန်တော်တို့လည်း အောင်မြင်လာရင် ချစ်သူထားလို့ ရလောက်လား…" 


"မင်းအောင်မြင်လာတဲ့အချိန် ရည်းစားထားရင် မိန်းကလေးဖန်တွေက မပျော်တော့ဘဲ နေမှာပေါ့…" 


"ဒါဆို အစ်ကိုရန်လိုပဲ... မချစ်မိခင် လုံးပါးပါးသွားရတော့မှာလား…" 


ရန်ရှူမှာ ဒေါတတကြီး ဖြစ်သွားပြီး နောက်တွင်ထိုင်နေသည့် ကုချင်းကို ချုပ်ဖမ်းလိုက်သည်။

"လေးလေးစားစား မပြောတတ်တော့ဘူးလား... ဒါဆိုရင် ငါကပဲ မင်းကို သင်ခန်းစာပေးရသေးတာပေါ့…" 


ပြောပြီးနောက် ဖုန်းကိုထုတ်ကာ ကုချင်းအား ကိုယ်ကျင့်တရားနှင့် ဥပဒေများသင်ပေးရန် ဆရာဖန်းထံ ဆက်သွယ်လိုက်သည်။ 


ကောင်းချင်က အလုပ်များစီစဥ်နေရင်း မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။

"ကောင်းတဲ့ အလုပ်နှစ်ခု ရှိပေမယ့် လေယာဥ်ချိန် မကိုက်ဘူး ဖြစ်နေတော့ တစ်ခုပဲ ရွေးလို့ရမယ်... မင်းတို့ဘာသာ ရွေးလို့ ရတယ်နော်…" 


သူတို့ကို ပြောပြီးနောက် မိတ်ဆက်ပေးလိုက်သည်။ 


ကုချင်းက သူပိုစိတ်ဝင်စားသည့် အလုပ်ကို ကြိုးကြိုးစားစား စဥ်းစားနေခဲ့သည်။ 


ကျန်းလင်က မေးသည်။

"အချိန်နှစ်ခုက တိုက်နေတာ မဟုတ်ဘူးမလား…" 


"အင်း... ဒါပေမယ့် လေယာဥ်ချိန်က ဖရိုဖရဲ ဖြစ်နေတာ... လေဆိပ်ဆင်းပြီးရင် သုံးနာရီလောက် နောက်ကျသွားပြီ... မင်းတို့က လူသစ်တွေဆိုတော့ ဘယ်သူမှ မင်းတို့ကို စောင့်ပေးကြမှာ မဟုတ်ဘူး…" 


"အဆင်ပြေပါတယ်…"

ကျန်းလင်က သာမန်ကာလျှံကာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ကိုယ်ပိုင်လေယာဥ်နဲ့ ခေါ်သွားခိုင်းလိုက်မယ်…" 


တစ်ကားလုံး တိတ်ဆိတ်သွားလေသည်။ 


ရန်ရှူက အလန့်တကြား လှည့်လာပြီး မေးလိုက်သည်။ 

"ကိုယ်ပိုင်လေယာဥ်လား…" 


ကျန်းလင် သူ့ကို မော့ကြည့်လာသည်။

"အင်းလေ... ထူးဆန်းနေလို့လား…" 


"အိုး…"

ရန်ရှူက ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... ငါ့မှာလည်း ကိုယ်ပိုင် ဟယ်လီကော်ပတာ ရှိတာပဲ…" 


ကုချင်းက သူ့ဘေးမှ ကျန်းလင်ကို ကြည့်ကာ မမေးဘဲ မနေနိုင်ခဲ့။

"မင်း ဘာလို့များ အနုပညာရှင် လုပ်ချင်ရတာလဲ…" 


"ကစားဖို့လေ... ငါပျင်းနေတာ…" 


“…” ကုချင်း ဆက်မမေးနိုင်တော့ပေ။ 


ရန်ရှူက ရုတ်တရက်ဆိုသလို သခင်လေးတစ်ယောက်နှင့် စာချုပ်ချုပ်မိသည့်အတွက် ဖိအားအကြီးကြီး ခံစားလိုက်ရသည်။ 


ထို့နောက် ဖုန်းထုတ်ကာ ဆွေ့ဟို့ယွီထံ စာပို့လိုက်သည်။ [အစ်ကိုယွီ... ကျွန်တော် အခုတလော... ဖိအားအကြီးကြီးအောက်မှာ ရောက်နေပြီ…] 


အစ်ကိုယွီက ပန်းလေးလို လှတယ်: [ရုတ်တရက်ကြီး အလုပ်နဲ့ အသားမကျတော့ပြန်ဘူးလား…] 


RS: [ကျွန်တော် ခေါ်လာတဲ့ အသစ်လေးက ကျွန်တော့်ထက် ပိုပြီး ပိုက်ဆံရှိတဲ့ပုံပဲ…] 


အစ်ကိုယွီက ပန်းလေးလို လှတယ်: [ငါပြန်လာပြီး မင်းနဲ့ လာသောက်ပေးမလို့ဘဲ... ငါမလာနိုင်ရင်တော့ မင်းရဲ့ အန်တီစုကို သွားရှာလိုက်တော့…] 


RS: [မပူပါနဲ့... ဖိအားလျှော့ချစရာ တခြားနည်းလမ်းတွေ ရှိသားပဲ…]

 

ရန်ရှူထံတွင် ဖိအားလျှော့ချနည်းများစွာ ရှိလေသည်။ အိမ်ပြန်ပြီးနောက် စန့်ရှန်းကို အပြစ်ရှာကာ စန့်ရှန်းနှင့် ရန်ဖြစ်မည်။ ထို့နောက် စန့်ရှန်းကို ဆူပူကြိမ်းမောင်းမည်။ ဤနည်းဖြင့် ပိုနေ၍ကောင်းသွားမည်ပင်။ 


ဒရိုင်ဘာကို လူသစ်လေး နှစ်ယောက်အား အိမ်ပြန်ပို့ပေးရန် ပြောလိုက်ပြီးနောက် ရန်ရှူ အိမ်ပြန်လာခဲ့သည်။   


ကောင်းချင်က အထူးအဆိုပြုလာ၏။

"ကောင်းကောင်းနေ ပြဿနာမရှာနဲ့နော်... ခုတလော မင်းက နာမည်ပြန်တက်နေတာ…" 


ရန်ရှူ မကျေမနပ် ဖြစ်သွားလေသည်။

"ကျွန်တော်ကပဲ ပြဿနာ စရှာတာကျလို့…" 


"အင်းလေ…" 


“…” 

ရန်ရှူက တံခါးကို မြန်မြန်ပိတ်ကာ ကောင်းချင်ကို ကားထဲတွင် ပိတ်ထားခဲ့လိုက်သည်။ 


ကောင်းချင်က ဆက်ပြီး မနှောင်ယှက်တော့ဘဲ ဒရိုင်ဘာကို မောင်းရမည့်နေရာကို ပြောကာ ရန်ရှူပုံစံဟန်ဆောင်၍ ပါပါရာဇီများကို ဆက်ပြီးလမ်းပြသွားလိုက်သည်။ 


ထိုအခိုက် ရန်ရှူက စန့်ရှန်း၏ အိမ်ထဲသို့ ဝင်လာ၏။ ပြောင်ရှင်းနေသော အခန်းကို မြင်လိုက်ရသောအခါ ရှင်းမပြနိုင်အောင်ပင် မပျော်မရွှင် ဖြစ်သွားလေသည်။ 


စန့်ရှန်းက အိမ်မှာ မရှိတော့ ငါလည်း ကောင်းကောင်း သရုပ်မဆောင်ရတော့ဘူးပေါ့... 


သူ့အမှားကို ရှာရတာက အားကောင်းမောင်းသန်နဲ့ လုပ်ရတာ... စန့်ရှန်းသာ နောက်ကျမှ ပြန်လာရင် ငါလည်း တိုက်ချင်ခိုက်ချင်စိတ် ရှိတော့မှာမဟုတ်ဘူး... 


အချိန်ကိုက်ပင် စန့်ရှန်း၏ အိမ်တော်ထိန်းက ခွေးသုံးကောင်ကို အပေါ်ထပ်သို့ ခေါ်လာသည်နှင့် ကြုံသွားပြီး ရန်ရှူကို တွေ့သောအခါ ချက်ချင်းဆိုသလို ပြောလိုက်သည်။ 

"မစ္စတာရန်... ကျွန်တော် သူတို့ကို လိုက်ပို့ပြီးရင် ပြန်တော့မှာပါ…" 


သူက ယဥ်ယဥ်ကျေးကျေး ပြောဆိုနေပြီး ရန်ရှူကို စန့်ရှန်း၏ အိမ်တွင် တွေ့ရသည်ကို အံ့သြမသွားသည့်အလား မတုန်မလှုပ် ဖြစ်နေသည်။ 


ရန်ရှူက သာမန်ကာလျှံကာ ပြောလိုက်သည်။ 

"သြော်... ကျွန်တော် သူတို့နဲ့ ခဏလောက် ဆော့ဦးမယ်... သူတို့ကို အခန်းထဲ ပြန်ပို့စရာ မလိုတော့ပါဘူး... ပြန်လို့ ရပြီနော်…" 


"ဒါဆိုလည်း ဟုတ်ပါပြီ…" 


အိမ်တော်ထိန်း ပြန်သွားသောအခါ ရန်ရှူက  ခွေးများကို လည်ပတ်ထိန်းကြိုး ဖြုတ်ပေးလိုက်ပြီး ဧည့်ခန်းထဲသို့ ခေါ်သွားသည်။ ထို့နောက် ဖုန်းထုတ်ကာ စန့်ရှန်းထံ ခေါ်လိုက်သည်။ 


စန့်ရှန်းက ဖုန်းကို အမြန်ကိုင်လိုက်သော်လည်း "ဝုတ်" ဟူသည် အသံကိုသာ ကြားလိုက်ရသည်။ 


"နည်းနည်းလောက်ထပ်ပြီး ဟောင်ပြလိုက်ဦး... မင်းတို့ သခင်ကို အရမ်းလွမ်းနေတဲ့အကြောင်း ပြောလိုက်ကြ…" 


သို့သော်ငြား ခွေးများက တိုးတိုးလေးသာ ဟောင်နေကြပြီး မေးခွန်းထုတ်နေသည့် လေသံပင် ပေါ်နေသေးသည်။ 

"ဝုတ် အာဝူး…" 


"ခက်ခဲတာလည်း မဟုတ်ဘဲနဲ့... ရဲရဲရင့်ရင့် လုပ်ကြပါဟ... ဟောင်ကြ ဟောင်ကြ…"

ရန်ရှူက သူတို့ကို အားပေးလိုက်သည်။ 


ခွေးသုံးကောင်မှာ တုန်ယင်နေကြပြီး သူတို့၏ သခင်ငယ်လေးမှာ 'ဒီနေ့မှ ထူးထူးဆန်းဆန်း ဘာတွေ လာလုပ်နေတာလဲ'ဟု မသိကြသဖြင့် ပူးပေါင်းဆောင်ရွက်စွာဖြင့် "ဝုတ်" ဟုသာ ဟောင်လိုက်ကြရလေသည်။ 


စန့်ရှန်းမှာ တစ်ခဏမျှ စောင့်ပြီးမှ ရန်ရှူ၏ အသံလေးကို ကြားလိုက်ရ၏။

"စန့်ရှန်း... မင်းခွေးတွေက မင်းကို အရမ်းလွမ်းနေကြပုံပဲ... အိမ်ကို မြန်မြန် ပြန်လာသင့်ပြီနော်... သူတို့တွေ မစောင့်နိုင်ကြတော့ဘူးတဲ့…" 


"ဟုတ်ပါပြီ…" 


ရန်ရှူက ဖုန်းချပြီးနောက် အတော်လေး ပျော်ရွှင်နေသည်။ ထို့နောက် အခန်းထဲသို့ဝင်၍ ခွေးများကို အစာကျွေးလိုက်သည်။ 


ခွေးစာကျွေးပြီးနောက် ပြန်ထွက်လာကာ အချိန်ကြည့်လိုက်၏။ စန့်ရှန်း ညနက်မှ ပြန်ရောက်လာလျှင် စန့်ရှန်းအား ဆူရန် အကြောင်းပြချက်တစ်ခု ရရသွားပြီဖြစ်သည်။ 


စန့်ရှန်းက သူ့ကို မချစ်ဟုလည်း ပြောဆိုနိုင်ပေတော့မည်။ ခွေးများ၏ စိတ်ခံစားချက်ကို ထည့်တွက်ကာ လုံလုံလောက်လောက် မချစ်ပေးသူ စသဖြင့် တာဝန်ယူမှု မရှိသော ခွေးပိုင်ရှင်တစ်ယောက်ဟု စွပ်စွဲနိုင်သည်။ ယင်းက ရန်ပွဲတစ်ခုကို ဖြစ်စေနိုင်သည့် လုံလောက်သော အကြောင်းအရင်းကောင်းတစ်ခုပင်။ 


ယင်းက ရန်ရှူကို အတော်လေး ပျော်သွားစေခဲ့သည်။ 


သို့သော်ငြား နှစ်မိနစ်ခန့်သာ ပျော်ရသေးသော်လည်း စန့်ရှန်းက အိမ်ထဲသို့ ဝင်လာခဲ့သည်။ 


ရန်ရှူက စန့်ရှန်းကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။ 

"ဘာလို့ ဒီလောက်မြန်မြန်ကြီး ပြန်လာရတာလဲ…" 


စန့်ရှန်းက အေးအေးဆေးဆေးပင် ရှင်းပြပေးလိုက်သည်။ 

"မင်း ဖုန်းခေါ်လာကတည်းက ကိုယ်က လမ်းမှာ ရောက်နေပြီ…" 


"သြော်..."

ရန်ရှူက စိတ်မကျေမချမ်း ဖြစ်သွားလေသည်။ 




📽️