📽️ Chapter 71
အတန်း၏ဖန်ပြတင်းပေါက်မှ ခုန်ပေါက်ပြီး ထွက်လာကာ စန့်ရှန်းနံဘေးတွင် နာခံစွာ မတ်တတ်ရပ်လျက် ကြည့်ကာ စကားပြောနေသာ ရန်ရှူကို မမြင်မချင်း ကုချင်းက မျိုးစုံတွေးနေခဲ့သည်။
ကုချင်း ရန်ရှူ၏တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ခဏခန့်ပြန်တွေးလိုက်ပြီးနောက် စန့်ရှန်း၏လက်ကိုကြည့်လိုက်လေသည်။
မကြာမီမှာပင် သူဆုံးဖြတ်ချက် ချလိုက်ပြီး ကျန်းလင်ဘက်သို့ ခန္ဓာကိုယ်ကို အနည်းငယ်ယိမ်းကာ တိုးတိုးလေး ပြောလိုက်သည်။
"ဘော့စ် ဒီရောက်နေတယ်..."
ကျန်းလင် ခေါင်းမော့ပြီး ထိုနေရာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ငါ သူ့ကိုသိတယ်..."
သူ သိတာလား...
တခဏမျှတွေးပြီးနောက် ဘော့စ်က ဤလောကထဲတွင် အမြင့်ပိုင်းထဲမှဖြစ်ပြီး အလွန့်အလွန် ချမ်းသာသည့် ဒုတိယမျိုးဆက်ဟု သူခန့်မှန်းလိုက်သည်။ ထို့ကြောင့် သူ့ကိုသိသည်မှာ ပုံမှန်ပင်။
ထို့ကြောင့် ကုချင်းဆက်ပြီး မည်သည်ကိုမှ မပြောတော့ချေ။ ဘော့စ်က ဤနေရာကို ရောက်နေသည့်အတွက် သူကောင်းကောင်း ပြုမူရပေမည်။
ဖန်ပြတင်းပေါက်အပြင်ဘက်တွင်မူ ရန်ရှူက အနည်းငယ် ဂုဏ်ယူဝံ့ကြွားစွာ မေးလိုက်လေသည်။
"သူတို့နှစ်ယောက်ကို အပြင်မှာ လူကိုယ်တိုင်တွေ့ရရင် ပိုကြည့်ကောင်းတယ်ဆိုတာ မင်းမြင်ပြီမလား..."
"အင်း..."
စန့်ရှန်း ခေါင်းညိတ်လိုက်သည်။
"ဒီလေ့ကျင့်ရေးခန်းထဲက ဖန်တွေကို ကောင်းကောင်းဒီဇိုင်းဆွဲထားတာပဲ...လှောင်အိမ်အပြင်ဘက်က မျောက်နှစ်ကောင်ကို ကြည့်နေရသလိုမျိုး ခံစားရတယ်..."
"စွမ်းရည်ရှိတဲ့အသစ်လေးတွေက ဒီအတန်းကို သုံးတာလေ...ပြီးတော့ သူတို့ရဲ့အခြေအနေကိုလည်း ဘယ်အချိန်ဆ်ို လေ့လာစောင့်ကြည့်လို့ရတယ်...သူတို့ ငါ့အဆင့်ကို ရောက်သွားတဲ့အခါကျ သူတို့ကိုယ်ပိုင် လေ့ကျင့်ရေးအခန်းကို ရနိုင်သွားပြီ..."
စန့်ရှန်းက ကျန်းလင်ကို အကြိမ်အနည်းငယ် ပိုကြည့်လိုက်ကာ အတွေးထဲနစ်မြှုပ်သွားပုံ ရလေသည်။
ယခင်က စန့်ရှန်းအချက်အလက်များကို ဖတ်ကြည့်ခဲ့စဥ် သူအနည်းငယ် မနာလိုသဝန်တိုခဲ့ရသည်။ သို့သော် လူကိုယ်တိုင် တွေ့လိုက်ရသည့်အခိုက် အနည်းငယ် ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်ကို ရလိုက်လေသည်။
သို့သော်ငြား တစ်ခဏမျှ ကြာသည်အထိ သူကဘယ်သူဆိုသည်ကို မမှတ်မိခဲ့ပေ။ ထို့ကြောင့် ၎င်းကိုလုံးဝ မတွေးတော့ချေ။
ခဏတဖြုတ် ဆက်ကြည့်ပြီးနောက် လေဟာပြင်ဥယျာဥ်တစ်ခုကို ဖြတ်လျှောက်ကာ ရန်ရှူက စန့်ရှန်းကို သူ့နားခန်းထဲသို့ ခေါ်သွားလိုက်သည်။
လူများစွာ၏အရိပ်များက နေရောင်ကြောင့် ရှည်မျောမျော ဖြစ်နေခဲ့ကာ ရန်ရှူ၏အရိပ်တစ်ခုတည်းကသာ နေရောင်အောက်၌ ထူးကဲနေပုံပေါ်နေခဲ့သည်။
သိသာစွာပင် ရန်ရှူက စန့်ရှန်းရောက်လာမှုကြောင့် အလွန်ပင် ပျော်ရွှင်နေခဲ့ပြီး ထို့ကြောင့် ပျော်ရွှင်ကျေနပ်မှုများဖြင့် လမ်းလျှောက်က်နေခဲ့သည်။
"လောလောဆယ် အသစ်နှစ်ယောက်နဲ့ပဲ လက်မှတ်ထိုးဖို့ စီစဥ်ထားတာလား..."
စန့်ရှန်း သူ့ကိုမေးလိုက်သည်။
"အင်း...အရင်ကြိုးစားကြည့်မလို့...ငါအများကြီးကျတော့ မနိုင်လောက်ဘူး..."
"ဟုတ်ပြီ...တခြား ပြန်လည်ပြုပြင်မယ့် ပရောဂျက်တစ်ခုခုကို ထောက်ခံဖို့များ ကိုယ့်ကိုလိုအပ်သေးလား..."
"မလိုတော့ဘူး...ဟူရုံချီ စုထားခဲ့တဲ့ အသစ်လေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို စဥ်းစားဖို့ပဲ ကျန်တော့တာ..."
စန့်ရှန်း အစမှာပင် ပြောစရာစကား ပျောက်ဆုံးသွားသည်။ ဤအချိန်၌ သူရန်ရှူ့ကို ချီးကျုးစကားပြောသင့်ကြောင်း သိလေသည်။ မဟုတ်ပါက ရန်ရှူက လက်မလျှော့ဘဲ ပို၍ပင် ဒေါသထွက်လာနိုင်ချေရှိပြီး ရေးကြီးခွင်ကျယ်လုပ်ကာ ပြဿနာတက်သွားလိမ့်မည်ပင်။
သို့သော်ငြား သူဘာကိုပြောရမည်ကို မသိသေးပေ။
သူက နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ထိုကဲ့သို့ ကိစ္စမျိုးကို တစ်ခါမှ စိတ်မပူခဲ့ပေ။ သေချာပေါက်ပင် ချစ်သူက အလုပ်သမားများထက် ပို၍ ကိုင်တွယ်ဆက်ဆံရ ခက်ခဲလှချေ၏။
မည်သို့ပင်ဖြစ်စေ ရန်ရှူက ဤကိစ္စကို ယနေ့ ဂရုစိုက်ပုံ မပေါ်သော်ငြား သူတို့နှစ်ယောက်၏ ခြေထောက်များကို စိုက်ကြည့်နေပေသည်။
ရုတ်တရက် ရန်ရှူ သူတို့ခြေထောက်အောက်ရှိ ကြွေပြားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ကြည့်...တကယ်လို့ မင်းအက်ကြောင်းပေါ်ကို နင်းမိရင် သေမှာ...ငါ မဟုတ်ဘူးနော် မင်းသေမှာ..."
စန့်ရှန်း ရပ်ပြီး သူ့ခြေထောက်အောက်ကို ငုံ့ကြည့်လိုက်သည်။
"..."
ရန်ရှူက သူ့ရှေ့မှောက်မှာပင် အစွန်းကို လုံးဝမနင်းဘဲ ကြွေပြားများအလယ်ကို နင်းကာ လျှောက်သွားလိုက်သည်။
"ငါဘယ်လိုနင်းသွားလဲ ကြည့်လိုက်...ငါ့ခြေထောက်ကသေးတော့ အက်ကြောင်းတွေကို မနင်းမိဘူး...မင်းခြေထောက်အကြီးကြီးကကျ သေချာပေါက်ကို နင်းမိမှာပဲ..."
စန့်ရှန်း ကြိုးစားလိုက်သည်။ သူ့ခြေထောက်များကအုတ်ခဲများကဲ့သို့ကြီးလွန်း၍ အစွန်းများကို နင်းမိနိုင်ပေသည်။
ရန်ရှူက စတင်ကာ စန့်ရှန်းကို အကြံပေးလိုက်သည်။
"အစွန်းအတိုင်းလျှောက်သွားကြည့်လိုက်...မင်းအတည့်မဟုတ်ဘဲ တစောင်းသွားတဲ့အခါ အက်ကြောင်းကို မနင်းမိလောက်ဘူး..."
"အချစ်လေး... ဒါဆို ကိုယ်ပြီးအောင် မလျှောက်နိုင်လောက်ဘူး..."
"ဒါဆို ဘာလုပ်မှာလဲ..."
"မင်းကိုယ့်ကို အဲ့နေရာ သယ်သွားပေးလေ...မဟုတ်ရင် ကိုယ်အက်ကြောင်းကို နင်းမိပြီး သေသွားလိမ့်မယ်..."
ရန်ရှူ ရပ်လိုက်ပြီး စန့်ရှန်းကို လေးလေးနက်နက် ကြည့်ကာ အတွေးထဲနစ်သွားသည်။
စန့်ရှန်းကလည်း ရန်ရှူကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ အဖြေကို စောင့်နေလိုက်သည်။
နှစ်ယောက်သား အချင်းချင်း ကြည့်နေကြပြီး ဘဝ၏အရေးပါလှသော အဖြစ်အပျက်ကို တွေးနေကြသည့်အလား သူတို့၏အမူအရာများက လေးနက်နေကြပေသည်။
"ဒါပေမဲ့ ငါမင်းကို မသယ်နိုင်လောက်ဘူး..."
ရန်ရှူ့ပုံမှာ အရှုပ်အထွေးထဲကို ကျရောက်နေသကဲ့သို့ပင်။
"မင်းကိုယ့်ကို ကျောပေါ်မှာ မသယ်သွားလို့ ကိုယ်သေသွားရင် ဘယ်လိုလုပ်မလဲ..."
"ဟုတ်သားပဲနော်..."
ရန်ရှူ စန့်ရှန်းထံလျှောက်လာကာ ပြောလိုက်သည်။
"ငါကြိုးစားကြည့်မယ်လေ...တက်လိုက်..."
စန့်ရှန်း ခေါင်းညိတ်ကာ တကယ်ကြီး ရန်ရှူ့ကျောပေါ် တက်လိုက်လေ၏။
သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားက အလွန်ကွာခြားလှသည်။ ရန်ရှူ့အတွက် စန့်ရှန်းကို သူ့နောက်ကျောပေါ်တွင် သယ်ပိုးထားရန်မှာ အနည်းငယ် ခက်ခဲလှပြီး စန့်ရှန်းအတွက်လည်း ရန်ရှူ၏နောက်ကျောပေါ် တွယ်ကပ်နေရန်မှာ အလွန့်အလွန်ပင် ခက်ခဲလှပေသည်။
သို့သော်ငြား နှစ်ယောက်သား အပြင်းအထန် ကြိုးစားခဲ့ကာ အရှေ့သို့ တရွေ့ရွေ့ တိုးသွားလိုက်သည်။
စန့်ရှန်းကိုကျောပေါ်တွင် သယ်ထားပြီးနောက် ရန်ရှူ လိုင်းလေးများကို တစ်ချိန်လုံးမနင်းမိဘဲ ကြွေပြားများအလယ်မှ ကြိုးစားလျှောက်သွားလိုက်သည်။
စန့်ရှန်းက အက်ကြောင်းများကို မည်သို့မည်ပုံရှောင်ရမည်ကို ညွှန်ကြားချက်များ ပေးနေ၏။
"မင်းဒီအခြေအနေကို ထိန်းထားနိုင်ရင် အက်ကြောင်းတွေအကုန်လုံးကို ရှောင်သွားနိုင်သွားပြီ..."
ရှန်းကျွင့်ကျင်းက လက်ထဲတွင် စာရွက်စာတမ်းများကို ကိုင်ထားပြီး သူရှေ့တွင် လမ်းလျှောက်သွားနေသည့်အရူးနှစ်ကောင်ကို အသံတိတ်အမူအရာနှင့် ကြည့်နေလိုက်သည်။
ကောင်းချင်လည်း ထိုကဲ့သို့ နုံအလှသည့်အရာကို နားမလည်နိုင်ဘဲ ကြက်သေသေကာ ကြည့်နေမိသည်။ စန့်ရှန်းကဲ့သို့ အကျင့်စရိုက်နှင့်လူတစ်ယောက်က ရန်ရှူနှင့် ပူးပေါင်းပေးလိမ့်မည်ဆိုသည်ကိုမူ ထည့်မတွက်နေတော့ပေ။
ဤပုံရိပ်က အလွန်အမင်းကို ထူးဆန်းလှပေ၏။
ကောင်းချင် မျက်နှာအမူအရာကို အမြန်ပြန်ထိန်းကာ ဤအဖြစ်အပျက်ကို ဓာတ်ပုံခိုးရိုက်လိုက်သည်များ ရှိလားဆိုသည်ကို သိရရန် ပတ်ပတ်လည်ကို ကြည့်လိုက်ချိန် ရှန်းကျွင့်ကျင်းက အံကြိတ်ပြီး ကျိန်ဆဲလိုက်သည်ကို ကြားလိုက်ရလေသည်။
"သေစမ်း...ဒီသောက်တုံးအတွဲကတော့..."
ပြောပြီးနောက် ခေါင်းငုံ့ကာ တတွတ်တွတ် ရေရွတ်လိုက်သည်။
"ငါလည်း မျဥ်းကြောင်းကို နင်းမိသွားပြီဟ..."
ထို့နောက် အစွန်းလိုင်းများကို မည်သို့ရှောင်ရှားရမည်ကို စလေ့လာလိုက်လေ၏။
ကောင်းချင် : "..."
***
ရန်ရှူက လက်တွေ့ကျသည့် ဖိုက်တာတစ်ယောက်ဖြစ်ပြီး ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ ပြောသည့်အတိုင်း လုပ်တတ်သူ ဖြစ်သည်။
သူက ကုချင်းကို ရင်းနှီးနေသည့် မျက်နှာအမူအရာတစ်ခု ပြလိုက်ပြီး ပထမဆုံး သူနှင့်အတူ ကင်မရာထက်တွင် ပေါ်လာစေသည်။
ဥပမာအားဖြင့် ကြားရက်များတွင် အကလေ့ကျင့်သည့် ဗီဒီယိုတိုလေးများ ရိုက်ကူးလျှင် ကုချင်းက သူနှင့်အတူ ကပေးပေလိမ့်မည်။ ထုတ်လွှင့်သောအခါ ကုချင်းကို တမင်တကာ မိတ်မဆက်ပေးခဲ့သဖြင့် ကုချင်းအား နောက်ခံအကသမားအဖြစ် ထင်သွားအောင် လုပ်ခဲ့သည်။
ကောင်းချင်က ကွန်မန့်များတွင် လမ်းပြပေးရန် ရည်ရွယ်ချက်ရှိရှိ လူငှားထားခဲ့လေသည်။
ထိုအခိုက် ဖန်များက ကုချင်းကို သတိထားမိလာပြီး မေးမြန်းစပ်စုလာကြမည် ဖြစ်သည်။
[သူ့ဘေးက မောင်ငယ်လေးက အရမ်း ချောတာပဲ…]
[နောက်ခံအကသမားလေးက နည်းနည်း ထင်ပေါ်နေသလားလို့…]
[လူသစ်လေးများလား…]
[ဆယ်မိနစ်အတွင်း နောက်ခံအကသမားလေးရဲ့ အချက်အလက်တွေ ရချင်တယ်နော်…]
ဤနည်းဖြင့် ကုချင်း၏မျက်နှာက လူထုနှင့် ရင်းနှီးသွားခဲ့လေသည်။
ရန်ရှူက ဝေ့ပေါ်နှင့် Douyin(tik tok)တွင် ဖန်အရေအတွက် အတော်လေးများသည်။ ထိုအပြင် ဝက်ဘ်ဆိုက်ကလည်း အမြဲတမ်း ကောင်းမွန်စွာ လည်ပတ်နေလေရာ ပိုစ့်များ ပြန်တင်ရန် အကောင့်များ စီမံခဲ့သည်။ ဤနည်းလမ်းဖြင့် ပေါ်ထွက်လာမှုက ချက်ချင်းဆိုသလို မြင့်မားလာခဲ့လေသည်။
ကွန်မန့်များတွင် သူက ဖြတ်သွားဖြတ်လာ ပုံစံဟန်ဆောင်ကာ ကုချင်းကို မှတ်မိသွားပုံဖြင့် မိတ်ဆက်ပေးလိမ့်မည်။
[ကြည့်ရတာ သူလေးက ကုချင်းဆိုတဲ့ အင်တာနက် ဆယ်လီတစ်ယောက်များလားလို့... အပြင်မှာ ဒီလောက် ချောမယ်လို့ မထင်ထားဘူး... ငါပြောပြမယ် @ကုချင်း]
ကုချင်းက အားလပ်ချိန်တွင် ဖုန်းဖွင့်ကာ ဖော်လိုဝါအရေအတွက်ကို ကြည့်လိုက်သည်။ ဝေ့ပေါ်နှင့် Douyinတွင် ဖန်အရေအတွက်က ဒီရေအလား တိုးနေသဖြင့် သူကိုယ်တိုင်ပင် ပြောစရာမဲ့သွားရလေသည်။
ဒါက ပထမတန်းစား တစ်ယောက်ဖြစ်လာရတဲ့ ခံစားချက်များလား...
ငါကတော့ ရဲတွတ်လာတော့မယ်လို့တောင် ခံစားနေရတယ်နော်...
*****
ညနေပိုင်းတွင် ရန်ရှူက ကုမ္ပဏီတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
ဤဂိမ်း၏ အဆင့်တော်တော်များများကို ပြီးဆုံးသွားပြီး ဖြစ်သော်လည်း အဆုံးသတ်သို့ နီးလေလေ ကြောက်စရာကောင်းသည့် လယ်ဗယ်ပိုမြင့်လာလေလေ ဖြစ်သည်။
ရန်ရှူအတွက် အကြိမ်တိုင်း နှစ်နာရီ တောင့်ခံရန်ပင် ခက်ခဲနေပြီး တစ်ခဏ ကစားပြီးနောက် တစ်ခဏလောက် အရှိန်လျှော့ရန်လည်း လိုအပ်နေသည်။
ဤတစ်ကြိမ်လည်း အတူတူပင် ရန်ရှူက ကြောက်လွန်း၍ တောင့်ခဲနေခဲ့လေသည်။ ကွန်မန့်များကို ဖတ်ပြီးသွားသောအခါ မေးမြန်းလာသည့် မေးခွန်းတစ်ခုကို တွေ့သွားသည့်ဟန်ဖြင့် ကုချင်းကို လက်ယပ်ခေါ်လိုက်သည်။
"ကုချင်း... ဒီကိုလာပြီး မျက်နှာပြလိုက်ဦး…"
အမှန်မှာ ကုချင်းက ဘေးတွင် အကြာကြီး စောင့်ဆိုင်းနေခဲ့ပြီး မိတ်ကပ်များပင် ပြင်ထားသော်ငြား မထင်မှတ်ဘဲ အခေါ်ခံလိုက်ရသည့်ပုံ ဟန်ဆောင်ကာ ရန်ရှူဘေးတွင် လိမ်လိမ်မာမာ ဝင်ထိုင်လိုက်သည်။
ရန်ရှူက ကုချင်းလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဝင်ပါလာနိုင်ရန် ကင်မရာကို ချိန်ညှိပေးလိုက်ပြီး ကင်မရာကို ကြည့်၍ ပြောလိုက်သည်။ [ဒီမှာ ဘာမှပြုပြင်ထားတာမျိုး မရှိဘူး... သူ့မျက်နှာက ဂြိုလ်သားနဲ့ တူနေတာလေ... ပြီးတော့ အသားအရေ ဖြူဖွေးချောမွေ့မှုအတွက် ကန့်သတ်ချက်နည်းနည်းလောက် ထားသင့်တယ်နော်... ငါက အရမ်းမှောင်သွားမှာ ကြောက်လို့ သူက ဒီလိုပုံ ဖြစ်နေတာ…]
[ကုချင်းက ကုမ္ပဏီနဲ့ လက်မှတ်ထိုးထားပြီလား…]
[ကုချင်းရဲ့ အထောက်အထားက တခြားကုမ္ပဏီကလို့ ထင်ရတဲ့ပုံနဲ့…]
[ကုချင်း... အခု လိုက်ဖ်လွှင့်ပေးပါလား... ဒီလိုဆို ဦးလေးရဲ့ လိုက်ဖ်ကို ကြည့်စရာ မလိုတော့ဘူး…]
ရန်ရှူက ရက်ရက်ရောရော မိတ်ဆက်ပေးလိုက်သည်။
"ကုချင်းက ငါ့ကုမ္ပဏီကို ပြောင်းလာတာလေ…"
ကုချင်းက အစပိုင်းတွင် စိတ်လှုပ်ရှားနေခဲ့သော်လည်း မကြာမီ စိတ်အေးသွားသည်။ သူက လူတိုင်းကို အပြုံးလေးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အားလုံး... ကျွန်တော်က ကုချင်းပါ…"
ရန်ရှူက သူ့ကို လျစ်လျူရှုထားလိုက်ပြီး ဂိမ်းကို ဖွင့်ကာ ဆက်ကစားနေသည်။ အဆုံးတွင် သူက ထိုသူနှင့် ရင်းနှီးကာစ ဖြစ်၍ ပါတီအေဘက်မှ ငွေသုံးထားနေစဥ် အလွန်အကျွံလုပ်၍ မရပေ။
ကုချင်းက ရန်ရှူဘေးတွင်ထိုင်ကာ ကွန်ပြူတာမျက်နှာပြင်ကို ကြည့်နေခဲ့သည်။
ကုချင်းက လမ်းညွှန်ချက်များရပြီးနောက် မည်သို့လုပ်ဆောင်ရမည်ကို ခက်ခက်ခဲခဲ ကြိုးစားနေသော်ငြား ရန်ရှူက ရုတ်တရက် တုန်တက်သွားပြီးနောက် အော်လိုက်သည်။ "အား... ဘာကြီးလဲ... တစ်ခုခုဖြတ်သွားတာလား…"
သူ ထရပ်ကာ ပြေးထွက်သွားလေသည်။
ကုချင်းသည်လည်း ကြောက်လန့်သွားသည်။ သူက လက်ထဲတွင် ရေတစ်ဘူး ကိုင်ထားဆဲ ဖြစ်သော်ငြား အလန့်လွန်ကာ သေသေချာချာ ထိန်းမထားနိုင်တော့ပေ။
ရန်ရှူက ကုချင်းထံမှ ထောက်ခံမှု ရယူလိုသည့်အလား အလေးအနက် မေးလိုက်သည်။
"ကြောက်စရာ ကောင်းတယ်မလား... ကိုယ်တိုင်ကြုံရတာ ပိုပြီးတော့ ကြောက်စရာ ကောင်းသေးတယ်…"
ကုချင်းက မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာ ရှိနေသည်။
"အစ်ကိုရန်... အစ်ကိုက ဂိမ်းထက်တောင် ပိုကြောက်စရာ ကောင်းသေးတယ်…"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့ရစဥ်က မည်သည်ကိုမှ မခံစားခဲ့ရဘဲ ရယ်ရသည်ဟု ထင်လိုက်မိသေးသည်။ သို့သော်ငြား ရန်ရှူဘေးတွင် ရပ်ကာ ဂိမ်းscreenကို ကြည့်နေရပြီး ရန်ရှူ၏ အော်သံနက်ကြီးကို ကြားရသည်က အမှန်ပင် ကြောက်စရာကောင်းလှသည်။
ရန်ရှူ ပဟေဠိ ဖြစ်သွားလေသည်။
"ဒါဆိုရင် ဘာလို့ ထရပ်ပြီး တုန်လှုပ်နေရတာလဲ…"
"အစ်ကို့ကို ကြောက်သွားတာလေ…"
ကုချင်းက အကြောက်တရားများ ရှိသေးဟန်ဖြင့် ရင်ဘတ်ကိုဖိထားသည်။
"အစ်ကိုရန်... နောက်ကျ horror ရုပ်ရှင်ထဲ သရုပ်ဆောင်ဖြစ်ရင် ပရိသတ်တွေကို သရဲတွေက မခြောက်နိုင်ရင်တောင် အစ်ကိုကတော့ ခြောက်လှန့်နိုင်မှာပဲ... ရုံတင်ငွေလည်း အစ်ကို့ရဲ့ သရုပ်ဆောင်ချက် တစ်ခုတည်းကနေ သောက်သောက်လဲ ဝင်မှာ သေချာတယ်... ဒါမှမဟုတ် သရဲကားတွေကိုကြည့်ဖို့ နိုင်ငံအနှံ့ဖျော်ဖြေပွဲ လုပ်ပေးမယ်ဆို အစ်ကို တစ်ယောက်တည်းကြောင့်နဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ပြည့်နှက်ပြီး ကြည့်ချင်စရာကောင်းနေမှာပဲ... အခုပုံစံကို ကြည့်ရသလောက် အစ်ကို့ကို ကြည့်ရမလား ဇာတ်ကားကို ကြည့်ရမလားတောင် ဝေခွဲမရ ဖြစ်တော့မှာ…"
"မင်း ပါးစပ်လေးက ပြောစရာတွေ ဒီလောက်များနေတာ... ဘယ်သူ့ဆီက သင်ထားတာလဲဟမ်…"
"အစ်ကို့ဆီကလေ…"
ရန်ရှူ : “…”
နှစ်ယောက်သားက တစ်ခဏမျှ ငြင်းခုံနေကြပြီးနောက် အတူတူ ထိုင်ချလိုက်ကြပြန်သည်။
ရန်ရှူက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဆက်ပြီး အော်ဟစ်နေပြီး ကုချင်းကလည်း မျက်နှာကိုအုပ်ထားရင်း ဆက်ကြည့်နေသည်။
"အစ်ကိုရန်... တိုက်ရိုက်လွှင့်ရင် တုတ်တစ်ချောင်းလောက် ကိုင်ထားလို့ မရဘူးလား…"
"မင်းကိုရော ကိုက်လို့ရလား…"
"ကျွန်တော့်ကို ခေါင်းတွေနာလာအောင် လုပ်နေတာလေ အစ်ကိုက…"
ရန်ရှူက မကျေမချမ်းဖြင့် ရေရွတ်နေလေသည်။
"လုယိယန်တို့ ကုမ္ပဏီမှာ လူသစ်တွေ ခေါ်နေလား မေးကြည့်ပြီးရင် မင်းကို အဲ့ဒီကန်ထုတ်လိုက်ရမှာ.... မင်းက သူနဲ့ အဆင်ပြေလောက်တယ်…"
“ကျွန်တော်က အစ်ကိုရန်ကို ပိုသဘောကျတာပါနော်…"
ကုချင်းက ရုတ်တရက် မြှောက်ပင့်လာခဲ့လေသည်။
ရန်ရှူက ချက်ချင်းဆိုသလို ပန်းကလေးတစ်ပွင့်လို ပြုံးလိုက်လေသည်။
"ငါက သူ့ထက်ပိုသာတယ်မလား... ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က သူ့ထက် ပိုကောင်းတယ်နော်... ဘာလို့ သူ့ကို လုရှောင်လို့ ခေါ်ပြီး ငါ့ကျ ရန်တရွှေ ဖြစ်ရတာလဲ... တကယ်ဆို ရန်တရှန်း ဖြစ်ရမှာ…"
"ကျွန်တော်ထင်တာ မစ္စတာလုက အရမ်းဥာဏ်ကောင်းတာလားလို့... ဥာဏ်ကောင်းတဲ့လူတွေက ကျွန်တော်တို့လို လူတွေနဲ့ စကားမပြောချင်လောက်ဘူး…"
ရန်ရှူ ခေါင်းညိတ်လိုက်သည်။
"အင်း... လုယိယန်က ငါနဲ့ စကားပြောရတာကို တကယ် မကြိုက်တာ…"
ရန်ရှူ ပြန်ဖြေပြီးမှ အသိပြန်ဝင်လာခဲ့သည်။
"ငါတို့လို လူတွေတဲ့လား... ငါကကျ ဥာဏ်မကောင်းဘူးလို့ ပြောချင်တာလား... ငါက လုယိယန်လောက် ဥာဏ်မကောင်းဘူးလား... သူက တကယ်တော့ အတော်လေးတုံးတာ ဟုတ်ပြီလား... အရူးလိုပဲ တုံးတာ…"
"မဟုတ်ပါဘူး... အစ်ကိုက ဥာဏ်ကောင်းတဲ့ပုံပါပဲ…"
ရန်ရှူက အဓိကအချက်ကို အလျင်အမြန် ဆုပ်ကိုင်မိသွားသည်။
"ငါက ဥာဏ်ကောင်းတဲ့ပုံပေါက်လား…"
"ဒါပေမယ့် အစ်ကိုက အားလုံးကို ကိုယ်တိုင်လုပ်နိုင်တာလား…"
"ဘာလို့ မင်းရဲ့ လေသံက တွန့်ဆုတ်ဆုတ် ဖြစ်နေရတာလဲ…"
"အဲ့ဒါက..."
"ထွက်သွား…"
"ဟုတ်…"
ကုချင်းက ထရပ်ကာ ထွက်ပြေးသွားလေသည်။
----------------------------------
စာရေးသူမှာ ပြောစရာရှိပါတယ် :
မူလတန်းကလေးလေးတွေအတွက် ဒါက ကလေးဆန်ကောင်း ဆန်နိုင်ပေမယ့် အရွယ်ရောက်လူကြီးတွေအတွက်တော့ မျဥ်းကြောင်းကို နင်းမိပြီး သေတယ်ဆိုတာ အရမ်းလေးနက်တဲ့ ကိစ္စကြီးပါနော်...
📽️