Chapter 1
Viewers 2k

🤒အခန်း ၁-[စနစ်]




"အမြန်၊ ဆရာဝန်ခေါ်လိုက်၊ သခင်လေး ချောင်းဆိုးတာသွေးတွေပါလာပြန်ပြီ..."


"မျက်နှာသုတ်ပဝါယူလာခဲ့ကြ..."


"စောင်တွေအကုန်လဲလိုက်..."


"အရက်ပြန်လိုသေးလား.."


"လေသန့်စင်စက်ပါယူလာခဲ့ကြ..."


ရွှမ်ချန်းပြည်နယ်၏အရှေ့ပိုင်းမှ ဗီလာတစ်ခုအတွင်းရှိအစေခံများမှာ မနက်မိုးသောက်ချိန်တည်းက အိမ်တော်ထိန်း၏ညွှန်ကြားမှုအောက်တွင် အလုပ်များနေခဲ့ကြသည်။


အိပ်ခန်းတစ်ခန်းထဲမှပျာယာခတ်သွားမှုက ဗီလာတစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားစေခဲ့၏။


အုတ်အော်သောင်းတင်းဖြစ်စေခဲ့သူမှာ ဖျော့တော့အားနည်းသော လူမမာကောင်လေးတစ်ယောက်ပင်။


သူ့နဖူးပြင်က အနည်းငယ်ကျယ်ပြီး မျက်လုံးအရောင်က အလွန်အမင်းဖျော့တော့နေ၏။ မျက်လုံးအတွင်းမှအားအင်ကုန်ခမ်းမှုတို့ကြောင့် နူးညံ့သည့်မျက်နှာအသွင်အပြင်မှာ ပျင်းရိလေးတွဲ့ပုံပေါ်နေလေသည်။


သူက ဆေးရုံအဝတ်အစားကိုဝတ်ဆင်ထားပြီး အိပ်ရာဘေးတွင်ဒူးထောက်ကျနေကာ အသက်ကိုဖြည်းညင်းစွာဖြင့်ထိန်းရှူရင်း ချောင်းဆိုးသည့်အရှိန်ကိုလျှော့ချနေရလေ၏။


အစေခံများက အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြပြီး လူအချို့သာ အိပ်ခန်းထဲတွင်ကျန်ရစ်ခဲ့သည်။


ကျူးထုန် မျက်လွှာပင့်ပြီး ဆေးရုံသုံးကုတင် သို့မဟုတ် သူ့အိပ်ရာဘေးတွင် ပတ်လည်ဝိုင်းနေသောလူတစ်စုကိုကြည့်လိုက်သည်။


ရပ်နေသူများအနက်မှတစ်ယောက်က သူ့ဖခင်ဖြစ်၏။ ဘေးတွင်ရှိနေသူမှာ သူ့မိခင်ဆုံးပါးပြီး နောက်အိမ်ထောင်ပြုလိုက်ရာမှ သူ့မိထွေးဖြစ်လာသော ထိုသူ၏ဇနီးအသစ်ဖြစ်သည်။ သူ့မိထွေး၏သားက သူ့ထက် အသက်ပိုကြီးလေသည်။


သူရုတ်တရက်ချောင်းဆိုးရာမှ သွေးပါလာသောကြောင့် ထိုလူများ၏အကြည့်က ပုံမှန်ဖြစ်နေရာမှ အလွန်ကွဲပြားသွားကြသည်။


သူ့ဖခင်မှာ စိုးရိမ်ပြီး တုန့်ဆိုင်းနေခဲ့သည်။ သူ့မိထွေး၏သားဖြစ်သူကမူ မျက်မှောင်အသာကြုတ်ထားရင်း စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေလေ၏။


မိထွေးဖြစ်သူ၏မျက်လုံးများမှာ ငိုချတော့မယောင် နီရဲနေကာ မျက်ရည်တို့ဝေ့သီနေပြီး သူမမျက်လုံးထဲမှ စိုးရိမ်ပူပန်များကလည်း အပြင်ဘက်သို့ လျှံကျလာတော့မယောင်ဖြင့်။


ခံစားချက်ပေါင်းစုံက တစ်နေရာတည်းတွင်စုဝေးနေကြ၏။


နတ်ဘုရားအဆင့်သရုပ်ဆောင်ချက်ပင်။ သူမကို အော်စကာဆုပင်ချီးမြှင့်ပေးသင့်သည်။


သူ၏အားနည်းသောခန္ဓာကိုယ်ကြောင့်သာမဟုတ်ပါက ကျူးထုန်မှာ သူမ၏သရုပ်ဆောင်ချက်အတွက် ဝမ်းမြောက်ဝမ်းသာဖြင့် အော်စကာဆု 666 ဆုပင်ပေးပစ်လိုက်ချင်သည်။


နောက်ဆုံး၌ ထူးဆန်းစွာဖြင့်တိတ်ဆိတ်နေမှုမှာ ကျူးရှို့ရှန်း မျက်မှောင်ကြုတ်ပြောလိုက်သည့်စကားကြောင့် ကျိုးပျက်သွားရလေသည်။ 


"မင်း တနေ့ကမှ ICU ကနေထွက်လာတာကို မနေ့ကပဲ မင်းညီမကိုအဝေးပို့ပစ်လိုက်တယ်၊ ဒီနေ့လည်း ကျောင်းထပ်ပြောင်းဦးမယ်၊ ဒီပုံစံနဲ့ ဒီလောက် ခေါင်နေတဲ့နေရာကိုသွားချင်နေသေးတယ်၊ မင်းကိုယ်မင်းဂရုမစိုက်တော့ဘူးလား၊ သေချင်နေတာလား.."


"ကလေးကို အဲဒီလိုမပြောပါနဲ့.."


ကျူးထုန် ဘာမှမပြောရသေးမှီမှာပင် မိထွေးဖြစ်သူ ချင်မန်ဝမ်က ဖြတ်ပြောလာလေသည်။ 


"ထုန်ထုန်လည်း ဒီလိုလုပ်ရတာ အကြောင်းပြချက်ရှိလို့နေမှာပါ၊ ထုန်ထုန်၊ မင်းအဖေကိုရှင်းပြလိုက်လေ..."


သူမက အမြဲတစေ စကားကိုအေးအေးဆေးဆေးပြောပြီး ကြင်နာတတ်သည်။


ဇနီးကောင်းတစ်ယောက်နှင့် အမေကောင်းတစ်ယောက်၏ သိမ်မွေ့သောပုံရိပ်ရှိလေ၏။


မနေ့ညက သူ့ခေါင်းထဲသို့ရောက်လာသော စနစ်ဆိုသည့် "အစိတ်အပိုင်း" ကြောင့်သာမဟုတ်ပါက ကျူးထုန်မှာ သေသည်အထိ ဝံပုလွေမျက်လုံးပိုင်ရှင်သားအမိ၏ ရည်ရွယ်ချက်ကို သိလိုက်ရမည်မဟုတ်ပေ။


ချင်မန်ဝမ်နှင့် သူမသား ချင်ကျွင်းဟုန်တို့ ကျူးအိမ်ကိုဝင်လာသည့်နေ့တည်းက တာဝန်ဝတ္တရား ကျေပွန်ကြကာ ဘယ်သောအခါမှ ယုတ်မာသူများပမာပြုမူခဲ့ခြင်းမရှိဖူးပါချေ။


ချင်မန်ဝမ်မှာ အစေခံများအပေါ် ကောင်းပေးကာ ကျူးထုန်နှင့်သူ့ညီမကိုလည်း စောင့်ရှောက်ပေးခဲ့သည်။ အတူနေခဲ့ကြသည့်နှစ်များအတွင်း သူတို့တွင် ပြစ်ချက်တစ်စုံတစ်ရာဟူ၍ မရှိပေ။


သူတို့က မိသားစုကဲ့သို့သဘောထား၍ သဟဇာတဖြစ်အောင်နေကာ ချစ်ကြင်နာပေးနေသည်ဟု ထင်ပါသလား။


သူတို့က ပိုကြီးမားသည့်အရာတစ်ခုကို လိုချင်ကြရုံသာ။


ကျူးထုန်သေပြီးသည့်နောက် ချင်ကျွင်းဟုန်က အခြေအနေကို အခွင့်ကောင်းယူပြီး အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူ၏အမြွှာညီမလေးကိုစောင့်ရှောက်ပေးခဲ့သည်။ နောက်ဆုံး၌ ထိုသူက သူ့ညီမလေးကို ဆရာဝန်ညွှန်ကြားထားသည့်ဆေးများ ပေးခဲ့ပြီး ယင်းတို့ကြောင့် သူမမှာ ပုံမှန်အတိုင်းပြန်မကောင်းလာတော့ဘဲ ထိုလူနှင့် လက်ထပ်လိုက်ရလေသည်။


ကျူးထုန်: "......"


သူ့ရင်ထဲတွင် တင်းကျပ်လာရလေ၏။


သူ ချင်ကျွင်းဟုန်ကို အေးစက်စက်ဖြင့်လှမ်းကြည့်လိုက်သည်။ ထိုသူသတိမထားမိနိုင်မှီ မျက်လွှာချလိုက်ပြီးပြောလိုက်၏။ 


"ကျွန်တော် တစ်ခါသေပြီးသွားပါပြီ..."


ကျူးရှို့ရှန်းမှာ တင်းကြပ်သွားရလေသည်။


ယမန်နေ့ညကပင် ဆရာဝန်မှနေ၍ သူ၏ရောဂါမှာ ကုသရန်ခက်ခဲကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ခွဲစိတ်မှုလုပ်ပါက သေဆုံးနိုင်ကြောင်း တရားဝင်အသိပေးခဲ့သည်။


သူ့အဖေစိတ်လှုပ်ရှားသွားသည်ကိုတွေ့သည့်အခါ ကျူးထုန်က သံပူနေစဥ် နောက်တကြိမ်ထပ်ရိုက်လိုက်၏။


"ကျွန်တော့်ဘဝမှာ နောင်တရမိတာနှစ်ခုပဲရှိတယ်၊ တစ်ခုက ကျွန်တော့်အဖိုး၊ သူ့မှာသမီးဆိုလို့ ကျွန်တော့်အမေပဲရှိခဲ့တာ၊ ပြီးတော့ သူက သားသမီးတာဝန်လေးတောင်မကျေလိုက်ဘဲ လူအိုကြီးထက်အရင်စောပြီးသေသွားရရှာတယ်၊ အခုတော့ ကျွန်တော်လည်း...."


"ဘယ်လို မဟုတ်တမ်းတရားတွေလျှောက်ပြောနေတာလဲ၊ မင်းရဲ့ရောဂါက ယာယီပဲ၊ မကြာခင် သက်သာသွားလိမ့်မယ်.."


ရုတ်တရက် ကျူးရှို့ရှန်းက အသံကိုမြှင့်ပြောလိုက်သည်။ အိပ်ခန်းထဲရှိလူအားလုံးမှာ တဒင်္ဂမျှ တောင့်တင်းသွားကြ၏။


ကျုးထုန်က စိတ်မပါစွာဖြင့်ပြုံးပြလိုက်သည်။ 


"သေချာပေါက် သက်သာသွားရင်တော့ ပိုကောင်းတာပေါ့၊ ဒါပေမဲ့ မသက်သာခဲ့ရင် ကျွန်တော် နောင်တမရှိဘဲထွက်သွားချင်တယ်၊ ကျွန်တော့်ညီမလေးကို အဖိုးအိမ်ပို့လိုက်တယ်ဆိုတာကလည်း အနီးကပ်လုပ်ကျွေးပြုစုစေချင်လို့ပါ၊ ပြီးတော့ ကျွန်တော်လည်းအပြင်ထွက်ပြီး ကျွန်တော့်အတွက်ကျွန်တော် စူးစမ်းချင်သေးတယ်..."


ကျူးရှို့ရှန်းက စိတ်ရှုပ်ထွေးစွာဖြင့်တုံ့ပြန်လာ၏။ 


"ဒီလိုဆိုရင်တောင် မင်းကျောင်းပြောင်းစရာမလိုဘူးလေ.."


ကျုးထုန်: "....."


သူကရော လုပ်ချင်တယ်များထင်နေလား။


ဒါပေမဲ့ စနစ်က သူရှာနေတဲ့လူက အဲဒီမှာရှိတယ်လို့ပြောနေတာကို။


အဲဒီကျောင်းမှာ သူ့ဘဝလေးနဲ့ပတ်သက်နေတဲ့ သူ့အလုပ်တာဝန်ရှိနေတယ်။


သူ ရှင်းပြ၍မရနိုင်သောကြောင့် ကျူးရှို့ရှန်းကိုသာမော့ကြည့်ပြီး ပြောလိုက်၏။


 "အဖေ၊ ကျွန်တော်သွားချင်တယ်..."


ကျူးရှို့ရှန်းမှာ သူ့သားက ယခုလိုမျက်လုံးမျိုးဖြင့်တစ်ကြိမ်လေးမျှပင် မကြည့်ခဲ့ဖူးသောကြောင့် တွေဝေသွားရလေသည်။


ချင်ကျွင်းဟုန်က သူ့ဘေးမှ သားအဖနှစ်ယောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ရာ နဖူးပေါ်မှ အရေးအကြောင်းမှာ ပို၍ ထင်ရှားသွားလေသည်။


သူ အိပ်ရာပေါ်မှကောင်လေးကို လှမ်းကြည့်လိုက်သည်။ ယခင်ကလည်း ကျူးထုန်နှင့်သူ့ဖခင်မှာ မကြာခဏငြင်းခုန်လေ့ရှိကြသော်လည်း ကျူးထုန်က ထူးမခြားနားဆက်ဆံတတ်ကာ အေးစက်စက်ဖြင့် ချဥ်းကပ်ရခက်ခဲလေသည်။ အဖေနှင့်သား တစ်ပတ်ခန့် မတိုးသာမဆုတ်သာအနေအထားဖြစ်တတ်သည်မှာ ပုံမှန်လိုပင်။


အခုကျတော့...။ ကျူးထုန် ဘယ်အချိန်က ခံစားချက်တွေကို ထုတ်ပြတဲ့အကွက် သင်လိုက်တာလဲ။


မနေ့ကလည်း သူ့ညီမကို အဘိုးအိမ် ပို့ပစ်လိုက်သေးတယ်။


သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။


ရုတ်တရက်ပေါ်လာသော မူမမှန်မှုကြောင့် ချင်ကျွင်းဟုန် သတိထားနေမိသည်။


သို့သော်လည်း မကြာခင်မှာပင် သူစိတ်အေးသွားရလေသည်။ ကျူးထုန် ဘာလုပ်ချင်ပါစေ ၊ သူ့ညီမအား အဘိုးဖြစ်သူအိမ်တွင် တစ်သက်လုံးနေခိုင်း၍မရပေ။


စုတ်ပြတ်နေသည့်ကျောင်းကိုသွားပြီး သူ့ကိုယ်သူညှဥ်းဆဲချင်နေလေရာ သူသည်လည်းမီးစာထပ်ထည့်ပေးချင်လာသည်။


ကျူးရှို့ရှန်းတစ်ယောက် ငြိမ်သွားပြီးစကားမပြောတော့သည့်အခါ ချင်ကျွင်းဟုန်က ရှေ့တစ်လှမ်းတိုးကာပြောလိုက်လေ၏။ 


"ဦးလေးကျူး၊ ထုန်ထုန်က သွားချင်နေတယ်ဆိုမှတော့ လွှတ်ပေးလိုက်ပါ၊ သူ့ကိုစောင့်ရှောက်ပေးဖို့ ကျွန်တော်လူတစ်ယောက်ထည့်ပေးမယ်လို့ ကတိပေးပါတယ်..."


ကျူးထုန်မျက်လုံးများက မသိမသာအေးစက်သွားသော်လည်း မျက်လုံးပင့်ကြည့်လိုက်ချိန်တွင် ထိုခံစားချက်တို့မှာ တစိုးတစပင်မကျန်ရှိတော့ပါချေ။ 


"အစ်ကိုကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အဖိုးက ကျွန်တော့်အတွက် စီစဥ်ထားပြီးသားပါ..."


ချင်ကျွင်းဟုန်၏မျက်နှာမှာ ရုတ်ချည်းတောင့်တင်းသွားသည်။


ကျူးရှို့ရှန်းက သူ့အဘိုးအကြောင်းပါလာသည်နှင့် မျက်လုံးတို့ကတုံ့ဆိုင်းသွားကာ ကတိပေးလိုက်လေသည်။ 


"မင်းအဘိုးကစီစဥ်ထားပြီးသားဆိုမှတော့လည်း သူပြောတဲ့အတိုင်းပဲ လုပ်လိုက်ကြတာပေါ့..."


ကျူးထုန် ခေါင်းငုံ့ပြီးပြုံးလိုက်သည်။


ငါ့အဖိုးနာမည်က အသုံးဝင်မယ်ဆိုတာသိနေတယ်။


သူ့အဘိုးမှာ ကမ္ဘာ့အချမ်းသာဆုံးဆယ်ယောက်စာရင်းတွင်ပါသည့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ပင်။


ယင်းက သားအမိနှစ်ယောက် ဆေးများသုံးပြီး သူ့ညီမကိုအပိုင်ဖမ်းရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။


သူ့အဖိုးရဲ့ မြေးသမက်ဖြစ်ချင်တယ်တဲ့လား။ မင်းကတန်လို့လား။


ချင်ကျွင်းဟုန်၏ "ကြင်နာမှု" လေးမှာ ငြင်းပယ်ခံလိုက်ရသောကြောင့် သူကအားယူပြီးပြုံးလိုက်လေ၏။


 "ဒီလိုဆိုမှတော့လည်း ထုန်ထုန် မင်းကောင်းကောင်းအနားယူပါ၊ မင်းကျောင်းပြောင်းဖို့လိုအပ်တာတွေကို ငါကူညီပေးမယ်.."


သူအပြင်ထွက်တော့မည့်အချိန်တွင် ကျူးထုန်က ရုတ်တရက် သူ့ကိုလှမ်းတားလိုက်သည်။ 


"ဒါနဲ့ အစ်ကိုကြီး၊ မနေ့တနေ့က ရှောင်းရှင်းကိုပေးခိုင်းလိုက်တဲ့ကတ်..."


သူကား ပြောနေသည့်စကားကိုရပ်လိုက်ပြီး ချင်ကျွင်းဟုန်၏ အမူအရာပျက်ယွင်းသွားပုံကို အကဲခတ်လိုက်သည်။


ကျူးရှို့ရှန်းက လှမ်းမေးလာ၏။ 

"ဘာကတ်လဲ..."


ကျူးထုန်ကပြုံးပြီးပြန်ဖြေလိုက်သည်။ 


"ထားလိုက်ပါတော့၊ အရေးမကြီးပါဘူး၊ အဖေ ကျွန်တော့်ကို ပေးထားတဲ့မုန့်ဖိုးတွေပါ၊ တနေ့က ကျွန်တော်ဆေးရုံတက်ရတယ်လေ၊ ကျွန်တော်မသုံးဖြစ်မှာစိုးလို့ အစ်ကိုကြီးကတဆင့် ရှောင်းရှင်းကို ပေးခိုင်းလိုက်တာ..."


ကျူးရှို့ရှန်း ချင်ကျွင်းဟုန်ကို ထပ်ကြည့်လိုက်ပြန်သည်။


ချင်ကျွင်းဟုန်က အမြန်ဆုံးနည်းလမ်းဖြင့် ရုတ်တရက်နားလည်သွားသောမျက်နှာကိုပြောင်းလိုက်သည်။


"အိုး..ထုန်ထုန်ကိုတောင်မပြောရသေးဘူးပဲ၊ ပြီးခဲ့တဲ့နှစ်ရက်က ရှောင်းရှင်းကိုပေးချိန်မရလိုက်ဘူး၊ အဲဒါကအခုထိ အခန်းထဲက အံဆွဲထဲမှာရှိနေသေးတယ်..."


ချင်ကျွင်းဟုန်မှာ အပြင်ပန်းတွင် တည်ငြိမ်နေသည့်တိုင် စိတ်ထဲတွင်မူ ပျာယာခတ်နေခဲ့သည်။


ကျူးထုန် သူ့ကိုကတ်ပေးလိုက်ချိန်၌ လူတစ်ယောက်ကို တိတ်တဆိတ်စစ်ဆေးကြည့်ခိုင်းလိုက်ရာ ကတ်ထဲတွင် ပိုက်ဆံဆယ်သန်းအထိရှိနေ၏။


မူလက ကျူးထုန် မနေ့ညက အသက်ရှင်နိုင်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သောကြောင့် ကတ်အကြောင်းကို မည်သူ့ကိုမှ ပြောမပြထားခဲ့ပေ။ 


ကျူးထုန်သာ သေသွားပါက သက်သေမကျန်တော့ဘဲ ထိုပိုက်ဆံများကိုသူအပိုင်သိမ်းရန် စီစဥ်ထားခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း ကုသရခက်သည့်ရောဂါကြောင့် ဆရာဝန်ကပင် သေလိမ့်မည်ဟုသတ်မှတ်ခဲ့သူက အသက်ရှင်လျက်ဖြင့်ဆေးရုံမှပြန်ထွက်လာမည်ဟု မည်သူကများထင်ခဲ့ပါမည်နည်း။


ကျုးထုန်မှ သူ့အား ကျူးရှို့ရှန်းအရှေ့တွင် တိုက်ရိုက်မေးလာလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။


သူ့မှာ တခဏမျှ အကျဥ်းအကျပ်ထဲသို့ ရောက်သွားရ၏။


သူမော့ကြည့်လိုက်ချိန်တွင် ကျူးရှို့ရှန်းကလည်း သူ့အားသေချာကြည့်နေပြီး ချင်ကျွင်းဟုန်မှာလည်း ရှင်းပြချင်သည့်တိုင် မည်သို့ရှင်းပြရမည်ကို မသိတော့ပေ။




🤒