Chapter 2
Viewers 2k

🤒အခန်း၂ [စနစ်]



အခြေအနေက မှားယွင်းနေမှန်းသိလိုက်သည်နှင့် ချင်မန်ဝမ်က ချက်ချင်းလှည့်ပြောလိုက်၏။


 "ဘယ်လိုဖြစ်တာလဲ ကျွင်းဟုန်၊ ဒီလောက်အရေးကြီးတာကိုမေ့ရတယ်လို့၊ ထုန်ထုန့်ကို ကတ်ပြန်ပေးလိုက်..."



"မလိုတော့ပါဘူး..." 


ကျူးထုန် လက်ကိုသာဝှေ့ယမ်းပြလိုက်၏။ 

"အစက ကတ်ကို ရှောင်းရှင်းကိုပေးဖို့လုပ်ထားခဲ့တာဆိုပေမဲ့ အခုသူက အဖိုးအိမ်ကိုရောက်သွားပြီ၊ ကတ်ကိုလည်း သုံးစရာလိုမှာမဟုတ်တော့ပါဘူး၊ အစ်ကိုကြီးပဲယူထားလိုက်ပါတော့၊ အစ်ကိုကြီးပဲသုံးလိုက်တော့..."


"ဘာရယ်..." 

ကျူးရှို့ရှန်း မျက်မှောင်ကုပ်လိုက်သည်။ 

"မင်းပစ္စည်းကမင်းပစ္စည်းပဲပေါ့၊ အဲဒီပိုက်ဆံတွေက မင်းအဖိုးပေးထားတာလေ၊ အခြားသူကိုပေးလိုက်လို့ဘယ်ဖြစ်ပါ့မလဲ..."


ထိုစကားထွက်ကျလာသည်နှင့် သားအမိနှစ်ယောက်လုံး၏မျက်နှာများက တပြိုင်တည်းပြောင်းလဲသွားကြသည်။


အခြားသူတွေ...


ဤမိသားစုတွင် သူတို့ကယခုထိ "အခြားသူများ" ဖြစ်နေကြဆဲပင်။


ချင်ကျွင်းဟုန် လက်သီးတင်းတင်းဆုပ်လိုက်မိသည်။


ချင်မန်ဝမ်၏အဆင့်ကပင် သူ့ထက်သာသေးသည်။ ထိုအတွေးက သူမနှလုံးသားထဲ၌ လွှမ်းမိုးသွားခဲ့ပြီး တွန့်ဆုတ်မနေတော့ဘဲပြောလိုက်လေတော့၏။ 


"ဟုတ်တယ်၊ ကျွန်မသားက အကောင့်ကိုရှင်းပေးလိမ့်မယ်၊ ကျွင်းဟုန် ကတ်ကိုအမြန်သွားယူလိုက်..."


ချင်ကျွင်းဟုန်မှာ အသည်းနှလုံးတွင် သွေးများယိုစီးကျနေသလိုခံစားလိုက်ရသည်။


ဆယ်သန်း။


အသားခိုက်အောင်နာကျင်ရသော်လည်း ထိုအတိုင်းလုပ်ရုံသာ။


ချင်ကျွင်းဟုန် အိပ်ခန်းအပြင်ကိုထွက်သွားသည်ကိုမြင်မှ ကျူးရှို့ရှန်း မျက်နှာထားကပိုကောင်းလာခဲ့သည်။


ကျူးထုန်ကို သေချာအနားယူရန်ပြောပြီးမှ သူလည်းချင်မန်ဝမ်ကိုခေါ်ကာ အပြင်ထွက်သွားတော့သည်။


မကြာခင်မှာပင် ချင်ကျွင်းဟုန်က ကတ်ကို ကျူးထုန်ထံ ပြန်ယူလာပေးလေ၏။


ကျူးထုန်က သူ့အရှေ့မှာပင် ကတ်ပေါ်ကိုပိုးသတ်ဆေးဖြန်းလိုက်သည်။ ချင်ကျွင်းဟုန်မျက်နှာမှာ စိတ်တိုလွန်း၍ တွန့်သွားသော်လည်း ဘာမှမပြောရဲပါချေ။


အိပ်ခန်းတံခါးက နောက်တကြိမ်ပြန်ပိတ်သွားခဲ့သည်။ ချင်ကျွင်းဟုန်မှာ ကော်ရစ်တာတွင်ရပ်ရင်း သူ့မျက်လုံးထဲမှ သွေးထွက်လာတော့မည့်အတိုင်း စေ့စေ့ပိတ်ထားသည့်တံခါးကိုကြည့်နေမိသည်။


သူက အကြင်နာမဲ့စွာ တွေးလိုက်၏။

မင်း A မြို့တော်ကနေထွက်သွားပြီးတာနဲ့ ငါမင်းကိုသတ်ပြီပဲ။


အချိန်ကျလာရင် ကျူးမိသားစုက သူ့လက်ထဲရောက်လာမှာပဲ။ ကျူးရှင်းက သူ့အပိုင်ဖြစ်လာလိမ့်မယ်။ သူ့အဘိုးပိုင်ဆိုင်သမျှကလည်း သူ့အပိုင်ဖြစ်လာလိမ့်မယ်။


တံခါးအပြင်ဘက်မှခြေသံများက ဝေးကွာသွားခဲ့သည်။ အိပ်ခန်း သန့်ရှင်းရေးသွားသည်နှင့် ကျူးထုန် နှုတ်ခမ်းအား စုဝိုင်းလိုက်လေ၏။


ဘယ်သူက ဘယ်သူ့အစ်ကိုလဲ။


ဆယ်သန်းတောင်ရှိတဲ့ကတ်ကိုမေ့နေတယ်တဲ့လား။ သူလောဘကြီးလွန်းနေပြီမဟုတ်ဘူးလား။


အရင်ကအတိုင်းသာဆိုပါက ချင်ကျွင်းဟုန် ဤမျှအရှက်မရှိမှန်းသိခဲ့မည်မဟုတ်ပေ။


အခုတော့ သားအမိနှစ်ယောက်လုံး ဘယ်တော့မှသူ့ကိုအခွင့်အရေးမယူနိုင်စေရဘူး။


သူ့ခန္ဓာကိုယ်သာ အားနည်းမနေပါက ထိုသားအမိနှစ်ယောက်လုံးကို အိမ်ထဲမှ အခုချက်ချင်းမောင်းထုတ်ပစ်လိုက်မည်သာ။


ယခုမူ သူ့အသက်ကိုကယ်တင်ရန်က ပိုအရေးကြီးနေသည်။


"စနစ်ရေ.."


သူ စိတ်ထဲမှနေ၍ စကားပြောလိုက်သည်။


စိတ်ထဲတွင် "တင်" ဟူသောအသံကြားလိုက်ရလေ၏။ 


"စနစ် 666 က သင့်အတွက်ရှိနေပါတယ်၊ host ဆုံးဖြတ်ပြီးပါပြီလား..."


"....."


ယမန်နေ့ညက စနစ်မှ သူ့အားပြောပြခဲ့သည်။ သူရောက်နေသောကမ္ဘာမှာ အဓိကဇာတ်ကောင်အား လူတိုင်းကဝိုင်းသဘောကျသည့် အချစ်ဝတ္ထုဖြစ်ပြီး စာအုပ်ထဲတွင် သူကအမြှောက်စာဗီလိန်လေးဖြစ်သည်ဟူ၏။ ဝတ္ထုထဲတွင် ပရိသတ်များ၏အချစ်တော်ဇာတ်လိုက်က အလှလေးအားကယ်တင်မည့်သူရဲကောင်းအနေဖြင့် ဖော်ပြခံထားရလေသည်။


အညွှန်းမှဖော်ပြချက်အရ ညစာစားပွဲတွင် သူကဇာတ်လိုက်ကို အရှက်ခွဲဝေဖန်ခဲ့ပြီး ရှားယန်၏ ကျဆုံးခန်းက ရှင်းလင်းပြတ်သားခဲ့သည်။ သူက အမြှောက်စာဇာတ်ကောင်တာဝန် ပြီးမြောက်သွားသည်နှင့် ရက်အနည်းငယ်ကြာလျှင် အနားယူလိုက်ရပြီး ICU ခန်းထဲသို့အပို့ခံလိုက်ရသည်။


ဤအပိုင်းကြောင့် သူက အထင်ကြီးမှုကိုခံလိုက်ရလေ၏။


လွန်ခဲ့သောတစ်ပတ်က သူ ရှားမိသားစု၏ ရန်ပုံငွေရှာသောပါတီပွဲကိုတက်ခဲ့ရပြီး ရှားယန်ကြောင့် မတော်တဆအားဖြင့် သူ့အပေါ်သို့ဝိုင်များဖိတ်သွားခဲ့သည်။


သူ၏အသန့်ကြိုက်ရောဂါကြောင့် ရှားယန်ကသူ့ထံအပြေးလာပြီး တစ်ရှူးဖြင့်ကူညီပေးသည်ကို ငြင်းခဲ့သည်။


ရှားယန်မှ လက်ဆန့်လာချိန်တွင် သူအနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီးနောက် တောင်းပန်ချင်နေသည့်ရှားယန်ကို ချန်ခဲ့ပြီး လှည့်ထွက်လာခဲ့ရုံသာ။သူဘယ်တုန်းက ဇာတ်လိုက်ကိုအရှက်ခွဲမိလို့လဲ။


သူရဲ့အေးတိအေးစက်အကျင့်ကြောင့် ရှားယန်ရဲ့မရှိတဲ့သိက္ခာလေးကို မတော်တဆထိခိုက်အောင်လုပ်မိသွားလို့များလား။


သူက ဗီလိန်ဖြစ်နေလို့ ICU ကို အပို့ခံရမှာပဲလား။


ကောင်းကင်ဘုံက ဒီဇာတ်လမ်းကို ရက်စက်လွန်းတယ်ထင်လို့ သူ့ကို ကူညီပေးမယ့်စနစ်ကို ပို့ပေးလိုက်တာများလား။


ကျုးထုန်: "စဥ်းစားကြည့်ပြီးရင် ငါဘာလုပ်ရမှာလဲ..."


စနစ်: "အချိန်ကန့်သတ်ချက်က တစ်နှစ်၊ host က တစ်နှစ်အတွင်း ဇာတ်လိုက်ရဲ့လရောင်ဖြူလေးကိုရှာရမယ်၊ ပြီးတော့ သဘောကျလာတဲ့အထိလိုက်ရမယ်၊ host ကိုသဘောကျလာတဲ့တန်ဖိုးအပေါ်မူတည်ပြီး စနစ်ကဆုပေးပါ့မယ်၊ သဘောကျတဲ့အရေအတွက်က အနှုတ်ဖက်ရောက်သွားရင်တော့ host ကချက်ချင်းသေပါမယ်..."


ကျုးထုန်: "....ဆုကဘာလဲ.."


"သဘောကျမှုနှုန်းက တစ်ဆယ်ရာခိုင်နှုန်းဖြစ်နေရင် host က ICU အခန်းထဲကနေထွက်နိုင်ပါတယ်..."


"သဘောကျမှုနှုန်းက သုံးဆယ်ရာခိုင်နှုန်းဖြစ်နေရင်တော့ အသေးစားနေမကောင်းဖြစ်တာနဲ့ ကပ်ဆိုးတွေကိုရှောင်နိုင်မှာပါ..."


"သဘောကျမှုနှုန်းက ငါးဆယ်ရာခိုင်နှုန်းဆိုရင်တော့ အဆုတ်ကင်ဆာနဲ့နှလုံးရောဂါတို့လို ရောဂါကြီးတွေကို ကုသနိုင်မှာပါ..."


"သဘောကျမှုနှုန်း ရှစ်ဆယ်ရာခိုင်နှုန်းဆိုရင် သန်မာပြီး ရောဂါကင်းမယ့်ခန္ဓာကိုယ်ကိုရရှိပါမယ်.."


"တစ်ရာရာခိုင်နှုန်းဆိုရင်တော့ host က စနစ်ရဲ့ နောက်ဆုံးဆုကိုရရှိပါလိမ့်မယ်..."


"....."


ကျူးထုန်၏လက်ရှိခန္ဓာကိုယ်က အားနည်းနေသေးသည်။


အားနည်းသည်မှာ လေတိုက်လျှင်အအေးမိပြီး ချောင်းဆိုးလျှင်သွေးပါအန်သည်အထိ။


ချော်လဲမိလျှင် ကျိုးပဲ့မှုကိုဦးတည်ပြီး ရန်ပွဲကမူ နှလုံးရောဂါရစေလိမ့်မည်။


တနေ့က ကျုးထုန်တစ်ယောက် ICU ရောက်သွားရခြင်းမှာလည်း နှလုံးရောဂါကြောင့်ပင်။


သို့ဖြစ်၍ ၎င်းဆုများက ကျူးထုန်အတွက် နောက်ဆုံးသောမက်လုံးများဖြစ်နေလေ၏။


အသက်ရှင်ဖို့အခွင့်အရေးရှိနေတာကို ဘယ်သူကသေချင်မှာလဲ။


မင်းကျန်းမာနေတဲ့အချိန်မှာ ဘယ်သူကနေမကောင်းဖြစ်ချင်မှာလဲ။


ပြီးတော့ သူသေသွားရင် ရှောင်ရှင်းကိုဘယ်လိုလုပ်မလဲ။


ချင်သားအမိ၏ အကောက်ကြံမှု အောင်မြင်သွားကာ သူ့ညီမလေးကို ဘဝ၏ သေရေးရှင်ရေးတမျှခက်ခဲမှုများအကြားတွင် ထားခဲ့ရပါမူ...


မဖြစ်ပါချေ။


ကျုးထုန် အိပ်ရာခင်းကိုအားဖြင့်ရိုက်လိုက်သည်။ 

"အဲဒီတာဝန်ကိုငါယူမယ်..."


ရလဒ်မှာ သူအိပ်ရာအစွန်းနှင့် မတော်တဆဆောင့်မိသွားပြီး လက်ဖဝါးတွင် တဆစ်ဆစ်နာကျင်မှုကိုခံစားလိုက်ရသည်။ လက်ကိုမြှောက်ကြည့်လိုက်သည့်အခါ သွေးထွက်နေလေ၏။



......



နှစ်ရက်ကြာပြီးနောက် ကုန်းရွှေစီရင်စု၏ အမှတ် ၁ အလယ်တန်းကျောင်းတွင်ဖြစ်သည်။


ကျောင်းများစဖွင့်သော စက်တင်ဘာလအစပိုင်း၌ စာသင်ဆောင်များတွင် ဝင်ထွက်နေသူများနှင့် ပြည့်ကျပ်နေလေသည်။


ရှောက်မင် စာသင်ဆောင်အောက်သို့လျှောက်လာချိန်၌ မိန်းကလေးတစ်ယောက်က သူ့အားတားလာလေသည်။


မိန်းကလေးက ရှက်သွေးဖြာနေသောမျက်နှာလေးဖြင့်ခေါင်းငုံ့ မျက်လွှာချကာရပ်နေပြီးနောက် လက်ထဲမှပန်းရောင်စာအိတ်လေးကိုလှမ်းပေးလေသည်။


 "စီနီယာ၊ ကျွန်မ စီနီယာကိုသဘောကျနေခဲ့တာကြာပြီ၊ ကျွန်မနဲ့ဒိတ်ပေးနိုင်မလား.."


"...."


ရှောက်မင်က သူမကိုတည်ငြိမ်သည့်မျက်နှာဖြင့်ကြည့်ကာ မျက်ခုံးကိုအသာပင့်ရင်းမေးလိုက်လေ၏။ 


"မင်းက ငါ့ရဲ့ဘယ်နေရာကိုသဘောကျတာလဲ..."


မိန်းကလေးက ကြောင်အသွားပြီး မော့ကြည့်လာသည်။


"သိပြီ..." 

သူမ မပြောရသေးမှီ ရှောက်မင်က သူဟာသူပြောလိုက်၏။ 


"မင်းငါ့ကိုသဘောကျတာက ငါကကြည့်ကောင်းလို့ ဟုတ်တယ်မလား၊ ငါလည်း ငါ့ကိုယ်ငါကြည့်ကောင်းမှန်းသိပါတယ်၊ ဒါပေမဲ့ မင်းလူတစ်ယောက်ကို သဘောကျတော့မယ်ဆို အပေါ်ယံကိုပဲကြည့်လို့မရဘူး၊ မင်းလိုမိန်းမလှလေးတစ်ယောက်က အပေါ်ယံကိုပဲမကြည့်သင့်ဘူးလေ..."


ပြောပြီးသည်နှင့် သူက မိန်းကလေးကို တိုက်ရိုက်ပင်ဖြတ်ကျော်လာပြီး စာသင်ဆောင်လျှောက်လမ်းထဲသို့ဝင်သွား၏။


မိန်းကလေး: "..."


သူ့ဘေးမှလျှောက်လာသော လော့ရှိုးက နေရာတွင် အကြောင်သားရပ်ကျန်နေခဲ့သောမိန်းကလေးကို ပြန်လှည့်ကြည့်လိုက်ပြီး ရှောက်မင်ကို လက်မထောင်ပြလိုက်သည်။


 "မင်ကော၊ မင်းကတော့ ရိုင်းမြဲရိုင်းဆဲပဲ..."


ရှောက်မင်က သူ့ကိုတချက်ကြည့်လိုက်သည်။ 


"ဘယ်မှာရိုင်းလို့လဲ၊ ငါငြင်းတာမကောင်းလို့လား..."


လော့ရှိုးက ခေါင်းယမ်းသည်။ ရုတ်တရက် ကိစ္စတစ်ခုကိုတွေးမိသွားပြီး သူပြောလိုက်လေ၏။ 


"ဒါနဲ့ မင်ကော ဒီစာသင်နှစ်ဝက်မှာ ထိုင်ခုံဖော်အသစ်ရောက်လာလိမ့်မယ်..."


ရှောက်မင်: "တစ်ခုံတည်းကိုအတူထိုင်မယ့်သူလား..."


"ဟုတ်တယ်၊ အဖိုးကြီးက ထိုင်ခုံကိုစီနေတာ ငါ့မျက်လုံးနဲ့အသေအချာကိုမြင်ခဲ့တယ်၊ မင်းဘေးမှာခုံကိုချထားတာ..."


"Oh..." 

ရှောက်မင်က ဘာသိဘာသာပင်ပြန်ဖြေလေသည်။ 

"ယွမ်ရှောင်ကျိုးရော သိထားပြီးပြီလား..."


"ငါလည်းမသိဘူး၊ ငါကြားတာတော့ အသစ်ရောက်လာတဲ့သူငယ်ချင်းက ချူချာတဲ့အလှလေးတဲ့၊ ကျောင်းထဲက မိန်းကလေးတွေတောင် သတင်းရနေကြပြီ..."


ရှောက်မင်: "ချုချာတဲ့အလှလေးလား၊ ဘယ်လောက်လှလို့လဲ..."


လော့ရှိုး: ငါလည်းမသိဘူးလေ၊ ဒါပေမဲ့ သွားကြည့်ရင်တော့သိမှာပေါ့၊ ယွမ်ရှောက်ကျိုးနဲ့တခြားလူတွေက ရဲတောင်ခေါ်ပြီးကြပြီလားမသိဘူး.."


ရှောက်မင်က မတုံ့ပြန်လိုက်ပေ။


ရှားယန်က သူ့ကိုသဘောကျနေ၍ ယွမ်ရှောင်ကျိုးတို့အဖွဲ့က သူ့ကိုမနာလိုဖြစ်နေခဲ့ကြသည်။ ကျောင်းထဲမှကျောင်းသားများအားလုံးကို သူနှင့်သီးသန့်ခွဲထားရန်စီစဥ်ထားကြပြီး သူနှင့်စားပွဲတစ်လုံးတည်း အတူထိုင်သူမှန်သမျှ ဒုက္ခရောက်ရလိမ့်မည်။


ထိုင်ခုံဖော်ရှိသည့်အစား တစ်ယောက်တည်းထိုင်ရသည်ကိုပင် သူပျော်မိလေ၏။


ဤတစ်ကြိမ်ကံဆိုးသူက မည်သူဖြစ်မည်ကို သူလည်းမသိပေ။


အထက်တန်းသိပ္ပံဆောင်၏ သုံးခန်းမြောက်တွင် ကျောင်းသားအသစ်ကြောင့် အတန်းထဲတွင် ကျွတ်ကျွတ်ညံနေလေ၏။


"ချောလိုက်တာ..."


"အခုတလော ကျောင်းပြောင်းကျောင်းသားတွေကို မျက်နှာကြည့်ပြီးရွေးကြတာများလား၊ သူက ရှားယန်ထက်ပိုကြည့်ကောင်းနေတယ်..."


"ဒါပေမဲ့ သူ့မျက်နှာက သိပ်မကောင်းဘူးနော်၊ နေမကောင်းလို့များလား..."


"ယွမ်ရှောင်ကျိုးတော့မဖြစ်နိုင်ပါဘူး၊ သူတို့ဘာလုပ်ကြမှာလဲ၊ ရှောက်မင်နဲ့စားပွဲတစ်လုံးတည်းအတူထိုင်တဲ့သူမရှိတာ တစ်ပတ်လောက်ရှိပြီ..."


"သူထိုင်ခုံမှာရပ်နေတာ နှစ်မိနစ်တောင်ရှိပြီနော်၊ ဘာတွေကိုကြည့်နေပါလိမ့်..."


ကျူးထုန်မှာ လူရှာရန်ရောက်လာသည့်တိုင် ရှာမတွေ့သေးခင်မှာပင် အကြီးစားစမ်းသပ်မှုကို ကြုံနေရရှာသည်။


မြို့တော် A မှ အလိုလိုက်ခံသခင်လေးကျူးထုန်မှာ ကလေးဘဝတည်းက ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်ပမာ သန့်ရှင်းသော ပတ်ဝန်းကျင်တွင်နေထိုင်ခဲ့ရ၏။


ပထမဆုံးအနေဖြင့် သူ ဖုန်မှုန့်ကိုမြင်ဖူးသွားခဲ့ပြီ။


၎င်းက စားပွဲပေါ်တွင် ထူထဲသောအလွှာအဖြစ်တင်ကျန်နေသည်။


စားပွဲပေါ်မှ ဖုန်ထုကြီးကို အချိန်အကြာကြီး အသံတိတ်ကြည့်နေပြီးနောက် သူအရှုံးပေးလိုက်လိုမျိုး သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ပြီးနောက် သူသယ်လာသော ကင်းဗတ်အိတ်ထဲမှ လက်နက်ဖြစ်သော အရက်ပြန်၊ တစ်ခါသုံး လက်အိတ်နှင့် ချည်အဝတ်စတို့ကိုထုတ်လိုက်ရလေတော့သည်။



🤒