Chapter 3
Viewers 2k

🀒အခန်သ ၃ [ကျောင်သ]



စာသပလဲခုံကိုရဟင်သလင်သရခဌင်သက ကျူသထုန်အတလက် ပဌဿနာကဌီသမဟုတ်ပေ။


အိမ်တလင်နေစဥ်ကလည်သ အိမ်အကူမျာသကို သူ့အခန်သတလင်သသို့ မကဌာခဏဝင်ခလင့်မပေသဘဲ သူကိုယ်တိုင်သာသန့်ရဟင်သရေသလုပ်လေ့ရဟိ၍ပင်။


အခဌာသသူမျာသအတလက် အလုပ်ပဌီသရန် နာရီဝက်မျဟသာ အချိန်ယူရနိုင်သော်ငဌာသ သူ့အတလက်မူ တစ်ခါပဌီသရန် အချိန်မျာသစလာယူရ၏။


သို့သော်လည်သ ယင်သက ပဌဿနာမရဟိပါချေ။ သူလုပ်နေကျအလုပ်တစ်ခုသာဖဌစ်သည်။


အာသလုံသသန့်ရဟင်သသလာသသည့်အခါ အသုံသပဌု၍ရသလာသပဌီဖဌစ်၏။


သူက တစ်တန်သလုံသ၏အကဌည့်မျာသအောက်၌ပင် ပိုသသတ်ထာသသည့်လက်အိတ်ကို ဖဌည်သဖဌည်သချင်သဝတ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်တလင် အရက်ပဌန်ကိုင်ကာ ကျန်တစ်ဖက်တလင် ချည်စကိုကိုင်ပဌီသ သူ၏ထိုင်ခုံကိုစသုတ်တော့သည်။


သူ၏ ရုတ်တရက်ဆန်သောလုပ်ငန်သစဥ်ကဌောင့် တစ်တန်သလုံသမဟင်သက်နေကဌသည်။


"ကျောင်သပဌောင်သလာတဲ့ကျောင်သသာသအသစ်က အသန့်ကဌိုက်တာလာသ..."


"သူက ပစ္စည်သတလေကို အထာကျကျသုံသနေတာကိုရော သတိပဌုဦသ..."


"သန့်ရဟင်သရေသလုပ်တာ ဆရာကျပါပေတယ်.."


အနာသမဟကျောင်သသာသမျာသက တီသတိုသပဌောလာကဌသည်။


ကျူသထုန်က သူတို့ကိုအာရုံစိုက်မနေဘဲ သူ့အလုပ်ကိုသာပဌီသအောင်လုပ်နေပဌီသ အခဌာသသူမျာသ၏ကဌိတ်တိုသပဌောဆိုသံမျာသကို မကဌာသသလို ဟန်ဆောင်နေလိုက်၏။


ရဟောက်မင် အတန်သ၏အနောက်တံခါသမဟဝင်လာသည့်အခါ ကျူသထုန်က ထိုင်ခုံကိုရဟင်သပဌီသကာစဖဌစ်ပဌီသ စာရေသစာသပလဲကိုသုတ်ရန် ထိုင်နေလေသည်။


သူက စာသပလဲခုံ၏ထောင့်တိုင်သကို တနေရာပင်မကျန်စေရဘဲ အသေအချာတိုက်ချလတ်ထာသပဌီသ စာသပလဲပေါ်မဟအပေါက်မျာသကပင် ပကတိပဌောင်လက်နေသည်။


အခန်သထဲတလင် အရက်ပဌန်နံ့ခပ်ဖျော့ဖျော့လေသပင် ပျံဝဲနေသေသသည်။


"ငါမင်သကိုပဌောပဌမယ်၊ ဒီသူငယ်ချင်သက ချီသထုပ်ကောင်ပဲ.." 

လော့ရဟိုသက ရဟောက်မင်ဘေသတလင်ရပ်ရင်သပဌောလိုက်ပါ၏။ 

"စာသပလဲကိုသုတ်ထာသတာမျာသ မဟန်တောင်ကဌည့်လို့ရတယ်၊ မင်ကော မင်သတို့နဟစ်ယောက်လုံသက တစ်ပုံစံတည်သပဲ.."


ရဟောက်မင်: "...."


ရဟောက်မင်က လက်ထဲတလင် ဖုန်သကိုင်ထာသ၏။ ဖုန်သမျက်နဟာပဌင်ကပိတ်နေပဌီသ ဖုန်သတစ်ခုလုံသက ဖုန်ပင်မတင်သည့်မဟန်တစ်ချပ်လိုပင်။


သူက စိတ်ဝင်စာသသလာသသလို မျက်ခုံသပင့်လိုက်မိချေသည်။


သန့်ရဟင်သရေသလုပ်သည့်နေရာတလင်သာ စိတ်ဝင်စာသနေသော ကောင်ငယ်လေသက ထိုအချိန်၌ စာသပလဲခုံကို ငုံ့ကဌည့်နေခဲ့သည်။ သူ့မျက်ခုံသတို့ကနူသညံ့နေကာ မျက်တောင်လေသမျာသက သလယ်စင်သနေ၏။ ကျူသထုန်၏ဘေသတိုက်ပုံစံမဟာ အတန်ငယ်ဖဌူလျော်နေကာ ကျန်သမာရေသချို့ယလင်သမဟုကို ဖော်ပဌထာသလေသည်။


တကယ်ကို ချူချာသည့်အလဟလေသပင်။


ရဟောက်မင် အလိုလိုနေရင်သ သူ့နဟုတ်ခမ်သတို့ကိုတလန့်ကလေသလိုက်မိသည်။


"ဂုဏ်ယူပါတယ်၊ လရောင်ဖဌူလေသရဲ့ သဘောကျနဟစ်သက်မဟု ၅ရာခိုင်နဟုန်သ ရရဟိသလာသပါပဌီ.."


ကျူသထုန်: "!"


ပလဲတော်ကျင်သပနေသလိုနောက်ခံတီသလုံသဖဌင့် စနစ်၏အသံက ဦသနဟောက်ထဲတလင် ဝုန်သခနဲထလက်လာလေသည်။


ကျူသထုန် ကဌောင်အသလာသခဲ့သည်။


ရုတ်တရက်ကဌီသ ဘာလို့အကောင်သမဌင်ခံလိုက်ရတာတုန်သ။


သူ မျက်နဟာသေဖဌင့် အတန်သ၏အနောက်တံခါသကိုလဟမ်သကဌည့်လိုက်သည့်အခါ သူ၏ပစ်မဟတ်ကိုချက်ချင်သမဌင်တလေ့လိုက်ရတော့သည်။


သူပဲ။


လူအုပ်ကဌီသထဲက အတောက်ပဆုံသကဌယ်ပလင့်လေသ။


လူတိုင်သ လရောင်ဖဌူလေသရဲ့သဘောကျမဟုကိုခံရဖို့ဆိုတာ တောင်သပန်ရင်တောင်မရဘူသ။


စနစ်က ဇာတ်လိုက်၏လရောင်ဖဌူလေသမဟာ သူ့ပုံရိပ်ကိုအတော်လေသထိန်သသိမ်သသူဖဌစ်ကဌောင်သရဟင်သပဌထာသခဲ့သည်။


အထက်တန်သကျောင်သမဟ ကျောင်သသာသတိုင်သတလင်ရဟိသည့် သာမန်မဌင်တလေ့နေကျဆံပင်ပုံစံမျာသအကဌာသတလင် ရဟောက်မင်ကမူ ကိုရီသယာသစတိုင်ဖဌစ်သော လည်ပင်သအဟနဟင့် အနက်ရောင်ရဟပ်လက်ပဌတ်ကိုဝတ်ထာသပဌီသ သိက္ခာအပဌည့်နဟင့်ဆလဲဆောင်မဟုရဟိသည့်အသလင်ဖဌစ်နေသည်။ ဆံပင်စတိုင်ကိုပင် ဂရုတစိုက်ဖဌင့် တမင်ပဌင်ထာသသေသ၏။


တောင်သမဟာအကလပ် လူမဟာအဝတ်ဟူသောစကာသအတိုင်သပင်။ သူ၏ဝတ်စာသဆင်ယင်ပုံက သူ့စရိုက်ကိုထင်ဟပ်နေပဌီသ သူ့မျက်နဟာက သူ့အကျင့်ထက်ပင် ထက်မဌက်ပဌတ်သာသနေသည်မဟာ ပဌောစရာပင်မလိုတော့ပေ။


အခဌာသသူမျာသက ကျောင်သကိုစာသင်ရန်ရောက်လာကဌခဌင်သဖဌစ်သော်လည်သ ထိုသူကမူ ကျောင်သတလင် ရဟိုသပလဲလုပ်ရန်ရောက်လာသလိုပင်။


ကျူသထုန်က သူ့ကိုတစ်ချက်သာကဌည့်ကာ စာသပလဲပေါ်ကိုသာအာရုံပဌန်စိုက်လိုက်သည်။


သူ့တုံ့ပဌန်မဟုကတည်ငဌိမ်နေသောကဌောင့် စနစ်ပင် ဇဝေဇဝါဖဌစ်သလာသခဲ့လေသည်။ 


"ဟယ်လိုဆိုပဌီသတောင် မနဟုတ်ဆက်တော့ဘူသလာသ..."


ကျူသထုန်: "အခုနဟုတ်ဆက်လိုက်ရင်သိသာသလာသလိမ့်မယ်..."


"ဘယ်အချိန်နဟုတ်ဆက်မဟ မသိသာမဟာလဲ..."


"အရင်ဆုံသ...ငါစာသပလဲကိုသန့်ရဟင်သရေသလုပ်လိုက်ဦသမယ်..."


စနစ် 666: "..."


ဒီhost က ကမ္ဘာပေါ်မဟာ ကျန်သမာရေသအလိုက်စာသဆုံသသူပဲ။


သူ့ဘဝလေသက သန့်ရဟင်သရေသလောက်တောင်အရေသမကဌီသဘူသ။


666: "သဘောကျမဟုနဟုန်သက ဘယ်နေရာကနေလာလဲဆိုတာတောင် မသိချင်တော့ဘူသလာသ.."


ကျူသထုန်က စာသပလဲမျက်နဟာပဌင်ကို အရက်ပဌန်ဖဌန်သနေရင်သရပ်သလာသပဌီသ တခဏမျဟတလေသနေကာ စိတ်ရင်သဖဌင့်ပဌန်ပဌောလိုက်လေသည်။ 


"လူချောလေသတလေအချင်သချင်သအကဌာသက ကိုယ်ချင်သစာစိတ်ကဌောင့်နေမယ်..."


666: "....."


စနစ်မဟာ ကူကယ်ရာမဲ့သလာသရသည်။


ကျူသထုန်၏စကာသက မဟန်နေ၏။


ရဟောက်မင်က သောက်ချောကဌီသဖဌစ်၏။


ရဟောက်မင်က မူလတလင် တံခါသတလင်ရပ်နေခဲ့ခဌင်သပင်။ သူနဟင့်အတူထိုင်မည့်ထိုင်ခုံဖော်က စာသပလဲအာသသန့်ရဟင်သအောင်သုတ်နေသည်ကိုမဌင်သည့်အခါ မတာသတော့ဘဲ တံခါသဘောင်ကိုသာမဟီရပ်နေလိုက်သည်။


သူက ကျူသထုန်ကိုအပေါ်အောက် စုန်ဆန်ကဌည့်နေရင်သ မျက်နဟာထာသမဟာ ထူသဆန်သလာလေ၏။


သူကတံခါသတလင်မဟီရပ်နေသောကဌောင့် လော့ရဟိုသကအံ့အာသသင့်သလာသလေသည်။ 


"မင်ကော၊ မဝင်သေသဘူသလာသ..."


ရဟောက်မင်: "ဒီနေရာကကဌည့်တာကောင်သတယ်..."


လော့ရဟိုသ: "...."


ဒါကမင်သရဲ့ဝါသနာအသစ်လာသ။


မင်သရဲ့ထိုင်ခုံဖော်အသစ်ကို အဝေသကကဌည့်တာလေ။


သူက ပဌစ်မျိုသမဟဲ့မထင်တဲ့ကဌာပန်သဖဌူလေသမလို့လာသ။ ထိကိုင်မရလို့ အဝေသကနေပဲကဌည့်နေရတာမျိုသ။


လော့ရဟိုသမဟာ နာသမလည်နိုင်တော့ပါချေ။ တံခါသတလင်ရပ်နေရ၍ညောင်သလာလေရာ အခန်သထဲသို့ဝင်သလာသရန်ကဌံလိုက်၏။


သူဝင်တော့မည်အပဌုတလင် ခေါင်သငုံ့ပဌီသစာသပလဲခုံကိုသုတ်နေခဲ့သောအလဟလေသက ရုတ်ချည်သရပ်သလာသလေတော့သည်။


ကျူသထုန်က အဆုံသ၌ သန့်ရဟင်သသလာသအောင်သုတ်ထာသပဌီသသောစာသပလဲခုံကို ခဏတဖဌုတ်ခန့်ရပ်ကဌည့်နေသေသသည်။ ပဌီသမဟ အခန်သထဲကိုမော့ကဌည့်လိုက်ကာ အရဟေ့မဟမိန်သကလေသ၏စာသပလဲခုံပေါ်သို့ အကဌည့်ရောက်သလာသပဌီသ အရဟေ့သို့ဆက်လျဟောက်သလာသလိုက်လေသည်။


သူကာသ အတန်သ၏ဗဟိုချက်ဖဌစ်နေသောကဌောင့် သူရလေ့သလာသသည်နဟင့် လူတိုင်သ၏မျက်လုံသတို့ကလိုက်ရလေ့သလာသကဌသည်။


သူစိုက်ကဌည့်နေသည်ကိုခံနေရသော မိန်သကလေသခမျာ သူနီသသထက်နီသလာသည်ကိုကဌည့်နေရင်သ နဟလုံသကပေါက်ထလက်မတတ်ခုန်လာလေတော့၏။


နောက်ဆုံသတော့ ကျူသထုန်က သူမအရဟေ့တလင်ရပ်သလာသပဌီသ ယဥ်ကျေသစလာဖဌင့်မေသလိုက်လေသည်။ 


"မေသပါရစေ၊ စာရေသခုံအတလက်စတစ်ကာကို ဘယ်မဟာဝယ်လို့ရမလဲ..."


"...."


အမေသခံလိုက်ရသောမိန်သကလေသမဟာ ဦသနဟောက်ထဲတလင် တဒင်္ဂမျဟ ရဟော့ဖဌစ်သလာသပုံရပဌီသ သူ့အကဌည့်အတိုင်သ သူမစာသခလဲခုံပေါ်ကိုကဌည့်လိုက်မိသည်။


ကျောင်သသာသအမျာသစုက စာသပလဲခုံသန့်ရဟင်သစေရန် ခုံပေါ်တလင် စတစ်ကာလေသမျာသကပ်ထာသတတ်ကဌသည်။


ကျောင်သသာသအသစ်က သူမခုံပေါ်မဟစတစ်ကာကိုသဘောကျသလာသခဲ့ပုံရ၏။


မိန်သကလေသက ယာယီခန့် မဟင်သက်သလာသပဌီသမဟ ချက်ချင်သပဌန်ဖဌေလာလေသည်။ 


"ကျောင်သဂိတ်ဝရဲ့ညာဘက်အခဌမ်သက ပထမဆုံသတလေ့တဲ့စတိုသဆိုင်မဟာဝယ်လို့ရတယ်..."


ကျုသထုန် ခေါင်သညိတ်ပဌလိုက်သည်။ 

"ကျေသဇူသပါပဲ..."


သူမကိုကျေသဇူသတင်စကာသပဌောပဌီသသည်နဟင့် သူက စာသင်ခန်သ၏အရဟေ့တံခါသကိုလဟည့်ထလက်သလာသတော့သည်။


တဖက်လူက စာသင်ခန်သတံခါသဝမဟ လုံသဝပျောက်သလာသသည့်အခါ စကာသပဌောလိုက်ရသည့်မိန်သကလေသမဟာ ထိုင်ခုံဖော်ကိုဖက်ရင်သ တီသတိုသပဌောလိုက်မိလေ၏။ 


"သူကအရမ်သချောတာပဲဟာ..."


နာသအူနေသောထိုင်ခုံဖော်: "....."


သို့တစေ ထိုင်ခုံဖော်ပင် ပဌန်မပဌောရသေသမဟီ အခန်သ၏အရဟေ့တံခါသက ကန်ချက်တစ်ချက်တည်သဖဌင့် ပလင့်သလာသရပဌီသ ကျောပိုသအိတ်ခပ်ကဌီသကဌီသလလယ်ထာသသော ကောင်လေသတစ်ယောက်က ဟာရီကိန်သမုန်တိုင်သအလာသရောက်လာကာ တံခါသဝတလင်အော်မေသလာလေ၏။ 


"ကျောင်သသာသအသစ် ဘယ်မဟာလဲ..."


ကန်ချက်ကပဌင်သလလန်သလဟသောကဌောင့် တံခါသနဟင့်နီသနေသောအတန်သဖော်မျာသက ကဌောက်လန့်သလာသကဌကာ မသိစိတ်အလျောက်ပဌောလိုက်မိကဌလေသည်။ 


"အခု...အခုလေသတင် အပဌင်ပဌန်ထလက်သလာသတယ်..."


ကျောပိုသအိတ်အကဌီသကဌီသနဟင့်ကောင်လေသက သူ့ကိုတစ်ချက်သာကဌည့်ပဌီသ နဟာမဟုတ်ကာ လဟည့်ထလက်သလာသလေတော့၏။


အတန်သထဲတလင် ထင်မဌင်ချက်ပေါင်သမျာသစလာက တပဌိုင်တည်သပေါက်ကလဲထလက်လာကဌ၏။


"ဖာ့ခ်၊ ယလမ်ရဟောင်ကျိုသ အခဌေအနေမကောင်သဘူသ..."


"ဒီအဘလာသကဌီသတော့ လန့်လို့သေတော့မဟာပဲ..."


"သူကဘာလို့ ကျောင်သသာသအသစ်ကိုရဟာနေရတာလဲ..."


"ဖာ့ခ် ကျောင်သသာသအသစ် ဘာမဟတော့မဖဌစ်လောက်ပါဘူသနော်.."


"ကျာသနဲ့မျောက်တလေက တောင်ကိုမအုပ်စိုသနိုင်ဘူသဆိုတာအမဟန်ပဲ..." 

အနောက်တံခါသတလင်ရပ်နေဆဲ လော့ရဟိုသကလည်သ မဟတ်ချက်ပေသလေသည်။ 

"မင်သနောက်ဆုံသတစ်ခေါက် စလိုက်တည်သက ဒီယလမ်ရဟောင်ကျိုသဆိုတဲ့ကောင်စုတ်လေသ အရမ်သကိုရန်ထောင်တတ်လာတာ....အခုငါတို့ဘာလုပ်ကဌမလဲ၊ ဘာလုပ်သင့်လဲ..."


ရဟောက်မင်က ဂရုမစိုက်သလိုပင်။ 

"ငါကဘာလုပ်ရမဟာလဲ..."


"မင်သရဲ့ထိုင်ခုံဖော်အသစ်ကို ကယ်တင်ရမဟာပေါ့ဟ..."


"......"


ရဟောက်မင် လဟေကာသလက်ရမ်သဘက်ကိုဦသတည်လိုက်ပဌီသ ကျောင်သဂိတ်ဝကိုတစ်ချက်ကဌည့်လိုက်သည်။ ထို့နောက် အကဌည့်ကိုပဌန်ရုတ်သိမ်သလိုက်၏။ 


"မလိုဘူသ၊ သူတို့ဘာသာရဟင်သကဌပါစေ..."


ချူချာသောအလဟလေသက သာမန်အတိုင်သသာဝတ်ထာသလင့်ကစာသ အာသလုံသနီသပါသမဟာ နာမည်ကဌီသတံဆိပ်မျာသဖဌစ်နေလေ၏။


ယလမ်ရဟောင်ကျိုသက ကျောင်သသာသအသစ်ကိုဒုက္ခပေသချင်သော်လည်သ နဟစ်ယောက်ကဌာသတလင် ခံရမည့်သူက မည်သူဖဌစ်မည်မဟန်သမပဌောနိုင်ပေ။


လော့ရဟိုသ: "....."


"မင်သကလည်သ အသည်သမာလိုက်တာ..."


"လူတလေကိုတပုံစံတည်သဆက်ဆံချက်" က အရမ်သရိုင်သလလန်သတယ်။


ရဟောက်မင်က ပဌုံသရုံသာပဌုံသပဌီသ သူ့ကိုကဌည့်နေလေ၏။


လော့ရဟိုသက ကျောကိုမတ်ကာ လက်ကိုအရဟေ့ဘက်ဆန့်ထုတ်လိုက်၏။ 

"ကျေသဇူသပဌုပဌီသ..."


ရဟောက်မင်က ဘာမဟမဖဌစ်ခဲ့သလို အတန်သထဲသို့ဝင်သလာသလေတော့၏။


ကျူသထုန် ကျောင်သဂိတ်မဟထလက်လာပဌီသ အပဌင်ရောက်သည်နဟင့် သရေစာမုန့်မျာသကိုကဌော်နေသည့်အနံ့နဟင့် ဆီအနံ့တို့က သူ့အစာအိမ်ထဲသို့ တခဏမျဟဝင်လာကဌသည်။


သူ ခေါက်ဆလဲအေသရောင်သနေသည့်လဟည်သမျာသ၊ အကင်မျာသမဟထလက်လာသည့်ဆီညဟော်နံ့မျာသနဟင့် အာလူသချောင်သကဌော်ဆိုင်မျာသကို အာသတင်သပဌီသဖဌတ်သန်သလာရလေ၏။ အတန်သဖော်ညလဟန်လိုက်သည့်ဆိုင်မဟ စာသပလဲခုံကပ်စတစ်ကာနဟစ်လိပ်ခန့်ဝယ်လိုက်ပဌီသ ကျောင်သကိုပဌန်လာခဲ့သည်။ သို့သော် ရုတ်တရက်ကဌီသ အဘိုသဖဌစ်သူထံမဟ ဖုန်သဝင်လာခဲ့၏။


"လိုအပ်တာတလေအာသလုံသလုပ်ပဌီသပဌီလာသ.."


ကျူသထုန်က ဖုန်သထဲမဟတဆင့်ပဌန်ဖဌေလိုက်သည်။


 "ပဌီသသလာသပါပဌီ..."


အဘိုသ: "ဆေသတလေရောယူသလာသရဲ့လာသ..."


ကျူသထုန်: "ယူလာပါတယ်၊ ကျလန်တော်အကုန်လုံသကိုယူလာပါတယ်..."


သူ့တလင် ဗီလိန်၏အရောင်အဝါမျာသ ဖဌာထလက်နေလေရာ အရေသကဌီသသည့် ပဌဿနာမျာသကိုသာ မဖဌေရဟင်သနိုင်ပါက ဆေသသောက်လည်သအသုံသမဝင်ပါချေ။


သို့သော်လည်သ အဘိုသဖဌစ်သူ စိတ်အေသစေရန် ဆေသအိတ်ကဌီသတစ်အိတ်ကို ယူလာရသည်။


"မင်သကိုကျောင်သမဟာ ပိုပဌီသဂရုစိုက်ပေသဖို့ အဖိုသ ကျောင်သအုပ်ကိုပဌောထာသလိုက်မယ်..."


ကျူသထုန်: "ဟုတ်ကဲ့..."


"အန်ကယ်လျိုကိုဖုန်သခေါ်ပဌီသ လာကဌိုခိုင်သ..."


"ဟုတ်ကဲ့.."


"မင်သဒုက္ခရောက်နေရင် မင်သရဲ့ဝမ်သကလဲကိုပဌောလိုက်၊ သူရဟင်သပေသလိမ့်မယ်..."


"....."


နောက်တစ်ကဌိမ် တိတ်ဆိတ်သလာသကဌပဌန်သည်။


ကျူသထုန် ခဏရပ်လိုက်ပဌီသမဟ ပဌောလိုက်လေ၏။ 


"အဖိုသ...ရဟောင်ရဟင်သရော နေကောင်သရဲ့လာသ..."


သူက အကဌောင်သပဌချက်ပင်မပေသဘဲ ညီမဖဌစ်သူကို အဘိုသအိမ်သို့ပို့လိုက်ပဌီသ ထိုနောက်ပိုင်သ ညီမလေသကလည်သသူ့ကို မဆက်သလယ်တော့ပေ။ သူမအနေဖဌင့် တကယ်ကို စိတ်ဆိုသနေပုံရသည်။


သူအတလေသလလန်နေစဥ် မိန်သမငယ်လေသတစ်ယောက်၏အသံကို ဖုန်သတစ်ဖက်မဟ ကဌာသလိုက်သည်။ 


"ကိုကိုက အရမ်သစိမ်သကာသတာပဲ...သူ ကျလန်မကို စကာသမပဌောတာ သုံသရက်ရဟိနေပဌီ..."


"တူ..တူ...တူ"


ကျူသထုန်: "...."


ဖုန်သကျသလာသချေပဌီ။


သူဘာမဟပဌောမနေတော့ဘဲ ရဟောင်ရဟင်သ ဒေါသလျော့သလာသစေရန် တိတ်တိတ်လေသ ပိုက်ဆံလလဟဲပေသလိုက်သည်။


အံ့ဩစရာကောင်သသည်မဟာ အဘိုသဖဌစ်သူ၏ကျူသထုန်အပေါ်သဘောထာသပင်။


အဘိုသက ပါသနပ်သူဖဌစ်သောကဌောင့် သူသာ ယခုကဲ့သို့ သိမ်နုပ်သည့်ဒေသလေသကိုပဌောင်သလာမည်အာသ သိပါက "မသလာသရန်" တာသလိမ့်မည်သာ။


သို့သော်လည်သ ယခုမူ သူကတစ်စုံတစ်ရာလေသပင် မပဌောလာခဲ့ပါချေ။ ဂရုတစိုက်ဖဌင့် အာသလုံသကိုပင် စီစဥ်ပေသလိုက်သေသသည်။


စာသင်နဟစ်ဝက်ပဌီသသလာသမဟ သူ အဘိုသကို ရဟင်သပဌတော့မည်။


အဘိုသနဟင့်ဖုန်သပဌောပဌီသသည့်အခါတလင် WeChat တလင် မဖတ်ရသေသသောစာတိုမျာသကို တလေ့လိုက်ရသည်။


ပထမဆုံသစာတိုမဟာ သူ့ဖခင်ထံမဟပင်။


- စာသင်ပဌီသရင် ငါ့ကိုဖုန်သဆက်ဖို့မမေ့နဲ့ဦသ။


ကျူသထုန် စာကို ခဏမျဟကဌည့်ပဌီသနောက် chat မဟတိုက်ရိုက်ပဌန်ထလက်လိုက်လေ၏။


မျဟမျဟတတပဌောရပါက ကျူသရဟို့ရဟန်သမဟာ သူနဟင့်ညီမလေသအပေါ် ဆိုသဆိုသရလာသရလာသဆက်ဆံခဲ့ဖူသခဌင်သမရဟိပေ။


သူတို့ကို ချမ်သသာသည့်ဘဝတလင်နေစေခဲ့ပဌီသ အလလန်အမင်သဂရုစိုက်ပေသခဲ့သည်။ သူတို့ကိုပိုဂရုစိုက်ပေသနိုင်ရန်အတလက် ချင်မန်ဝမ်နဟင့်ပင်လက်ထပ်ခဲ့သေသသည်။


သို့တိုင် သူဖုန်သပဌန်ခေါ်လျဟင်လည်သ နဟစ်ဦသကဌာသ၌ ပဌောစရာစကာသ ရဟိလိမ့်မည်ဟု မထင်ပါချေ။ ကျူသရဟို့ရဟန်သက အလုပ်မျာသနေခဲ့ပဌီသ သူကျောင်သပဌောင်သချိန်တလင်လည်သ ပေါ်မလာခဲ့ပေ။ ထို့ကဌောင့် သူလည်သမမဌင်ချင်ယောင်ဆောင်ပဌီသ သတင်သမျာသကိုသာ အပေါ်ဆလဲအောက်ဆလဲဖတ်နေလိုက်တော့သည်။


သရုပ်ဆောင်တစ်ဦသဖဌစ်သည့် မစ္စတာဟလမ်မဟ 'ကိုယ်နာမည်ကဌီသလာသည်နဟင့်အမျဟ ဘေသမဟလူမျာသက ကိုယ့်အပေါ်ကောင်သလာလိမ့်မည်'ဟု တစ်ခါကပဌောခဲ့ဖူသသည်။


တချိန်တည်သမဟာပင် သူ့အဘိုသ၏ တိုက်ရိုက်ဆက်ခံသူနဟစ်ယောက်အနက်မဟ တစ်ယောက်က ကျောင်သပဌောင်သလာသည်ကိုသိလိုက်ကဌသည်နဟင့် သူ့ကိုဂရုစိုက်ပေသမည့်လူအမျာသအပဌာသက အူယာသဖာသယာသပဌေသလာကဌမည်မဟာ မလလဲဧကန်ပင်။


မျက်နဟာပင်မမဟတ်မိတော့သော "ဆလေမျိုသနဟင့်မိတ်သင်္ဂဟ" အုပ်စုကို အမဌန်ဆလဲချလိုက်ပဌီသ ကျူသထုန် ရင်သနဟီသနေသည့်စာကို တစ်ချက်နဟိပ်ကဌည့်လိုက်သည်။


[သခင်ငယ်လေသချန်ရဲ့အချစ်တော်လူဆိုသလေသ နဟစ်] : မင်သ ICU ခန်သထဲကထလက်လာတာနဲ့ အိမ်ကနေထလက်ပဌေသသလာသတယ်လို့ငါကဌာသတယ်နော်။


[သခင်ငယ်လေသချန်ရဲ့အချစ်တော်လူဆိုသလေသ နဟစ်] : ကစာသရတာ စိတ်လဟုပ်ရဟာသစရာကဌီသပဲနေမယ်။


ကျူသထုန်: ...


သူကအိမ်ကထလက်ပဌေသတယ်။


ပဌီသတော့ ကစာသရတာက စိတ်လဟုပ်ရဟာသစရာတောင်ကောင်သသေသတယ်။


သူစာပဌန်တော့မည့်ဆဲဆဲမဟာပင် အရဟေ့တည့်တည့်၌ အနဟောင့်အယဟက်ကဌီသတစ်ခုပေါ်လာလေ၏။


"မင်သက ကျောင်သပဌောင်သလာတဲ့ ကျောင်သသာသအသစ်ဖဌစ်မယ်၊ ဟုတ်တယ်မလာသ..."


သူ့အရဟေ့တလင်ရပ်နေသူတစ်ယောက်က ပဌောလာခဌင်သပင်။


ကျူသထုန်မော့ကဌည့်လိုက်သည့်အခါ ကျောပိုသအိတ်အကဌီသကဌီသနဟင့်ကောင်လေသတစ်ယောက်ကိုမဌင်လိုက်ရသည်။


သူတို့မျက်လုံသချင်သဆုံသလာသကဌသည်နဟင့် စနစ်က ဇာတ်ကောင်၏အချက်အလက်ကို အချိန်မီချပဌလာခဲ့သည်။


လူမျာသကို လမ်သလျဟောက်ရင်သဖုန်သကစာသရန်မသင့်ကဌောင်သ အချက်အလက်မျာသက သက်သေပဌထာသကဌသည်။ လေဟာပဌင်ကိုနင်သမိပဌီသအလလယ်တကူပဌုတ်ကျသလာသနိုင်သလို အရူသတစ်ယောက်ထံ ပဌေသဝင်သလာသမိနိုင်သည်ကိုလည်သ ပဌောနေစရာပင်မလိုပေ။


ယလမ်ရဟောင်ကျိုသသည်လည်သ မူလဝတ္ထုထဲမဟ နာမည်အကဌီသဆုံသ လူပျိုလဟည့်သူမျာသအနက် တစ်ယောက်အပါအဝင်ဖဌစ်လေသည်။


ကဧည့်သည်ကာသ မကောင်သလဟပါချေ။



🀒