Chapter 25
Viewers 2k

🤒အခန်း ၂၅




ထိုအချိန် ပြည့်သူ့ကောင်စီဆေးရုံ၏ အတွင်းလူနာဆောင်တွင်ဖြစ်သည်။


ယွမ်ရှောင်ကျိုးမှာ ပျင်းရိပြီးစိတ်ဓာတ်ကျစွာဖြင့် ဆေးရုံတွင် တစ်နေကုန် လှဲနေခဲ့သည်။ WeChat တွင် အဆက်မပြတ်စာပို့ပြီးမှ နောက်ဆုံး၌ ရှားယန်က ဆေးရုံတွင်ရှိနေသော သူ့ထံလာလည်မည်ဟု သဘောတူလာခဲ့သည်။


သစ်သီးခြင်းတောင်းကို ကုတင်ဘေးမှစားပွဲပေါ်တွင်ချရင်း ရှားယန်က ဆေးရုံကုတင်ဘေးတွင်ထိုင်ချလိုက်သည်။


သူက ဖုန်းကိုတိုက်ရိုက်ပင်ထုတ်လိုက်ကာ စိတ်ရှုပ်နေပုံဖြင့် ယွမ်ရှောင်ကျိုးမျက်နှာရှေ့သို့ ထိုးပြလိုက်သည်။ 


 "ဘာသဘောနဲ့ ငါ့ဆီကိုဒါပို့ရတာလဲ..."


ယွမ်ရှောင်ကျိုးကလှမ်းကြည့်ပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ 

"မင်းမြင်တဲ့အတိုင်းပဲ..."


ဖုန်းပေါ်ရှိဓာတ်ပုံမှာ ရင်းနှီးနေပြီးသားနို့လက်ဖက်ရည်ဆိုင်ကိုရိုက်ထားခြင်းဖြစ်လေ၏။ မနေ့က နောက်ယောင်ခံလိုက်သူအချို့မှ ရိုက်လာခဲ့ကြခြင်းဖြစ်သည်။ ဓာတ်ပုံထဲတွင် ရှောက်မင်က ကျူးထုန်၏ခြေထောက်ဒဏ်ရာကိုကြည့်ပေးနေ၏။


သူက ၎င်းကို ကျောင်းဖိုရမ်မှတွေ့လာခဲ့ခြင်းဖြစ်သည်။


ယွမ်ရှောင်ကျိုးက ရှားယန်၏သွေးရောင်လျော့လာသောမျက်နှာကိုကြည့်နေရင်း စိတ်အခြေအနေက ပို၍ရွှင်လန်းလာလေတော့သည်။ 


"အဲဒီဓာတ်ပုံတင်မကဘူး၊ ဒီနေ့မှထပ်တက်လာတဲ့သတင်းအသစ်တွေရှိသေးတယ်..."


သူက မကြာသေးခင်ကမှ ဝင်ထားသော အမည်မသိစကားပြောအဖွဲ့ကိုဖွင့်လိုက်သည်။ ယနေ့တွင် ဘယ်သူက ရှောက်မင်၏နို့လက်ဖက်ရည်ဆိုင်ကိုသွားခဲ့သည်မသိ၊ ဓာတ်ပုံအနည်းငယ်ရိုက်ပြီး အဖွဲ့ထဲသို့ပို့ပေးလာခဲ့သည်။ ထိုပုံကြောင့် ဆွေးနွေးပွဲလှိုင်းလုံးမီးစလေးက ဖျတ်ကနဲပွင့်လာလေသည်။


[ဒီနေ့ ငါ စိတ်ပါနေလို့ ကျောင်းစာနတ်ဘုရားရဲ့ နို့လက်ဖက်ရည်ဆိုင်ကိုရောက်သွားတော့ အံ့အားသင့်စရာလေးတွေတွေ့လာခဲ့တယ်]


[ကျူးထုန်က ရှောက်မင်ရဲ့ နို့လက်ဖက်ရည်ဆိုင်ကိုသွားတယ်လား၊ ကောင်တာက ဗွီအိုင်ပီခုံမှာတောင်ထိုင်နေလိုက်သေးတယ်]


[နို့လက်ဖက်ရည်ဆိုင်ထဲမှာ နောက်ထပ်လူချောလေးတွေလည်းရှိသေးတယ်၊ ဒါက နို့လက်ဖက်ရည်ဆိုင်မှဟုတ်ရဲ့လား၊ အထက်တန်း အစီအစဥ်တင်ဆက်သူတွေအသင်းမဟုတ်ဘူးလား။ (PS. စတာနော်၊ အတည်မဟုတ်ဘူး)]


[ငါအကြာကြီးတန်းစီခဲ့ရတာ အလကားမဖြစ်တော့ဘူး၊ ဓာတ်ပုံရိုက်လာခဲ့ရတာနဲ့တန်သွားပြီ]


အဖွဲ့ထဲ၌ ရှောက်မင်က ကျူးထုန်ကို စတိုးဆိုင်ထဲတွင်ရှိနေစဥ် ကူညီပေးနေပုံများနှင့် ခြေထောက်ဒဏ်ရာကိုဂရုစိုက်ပေးနေသောဓာတ်ပုံများကိုပါ မျှဝေထားခဲ့ကြသည်။


ရှားယန်မှာ ထပ်မကြည့်ချင်တော့သော်လည်း သိချင်စိတ်များကလွှမ်းမိုးနေသောကြောင့် တစ်ချက်ခန့်လှမ်းကြည့်လိုက်သည်။ သူထင်ထားခဲ့သည့်အတိုင်း ၎င်းဓာတ်ပုံများက သူ့စိတ်ထဲတွင် သစ်ပင်၏အမြစ်ပမာစွဲကပ်နေခဲ့သည်။


ဓာတ်ပုံပြန့်သွားသည့်တိုင် ရှောက်မင်ဆိုင်က ပုံမှန်အတိုင်းဖြစ်နေသေး၍ ယွမ်ရှောင်ကျိုးလည်းအံ့အားသင့်သွားခဲ့ရသည်။ သို့ထိတိုင် ဓာတ်ပုံများကိုမြင်လိုက်ရပြီးနောက် သူအကျိုးအမြတ်မရခဲ့ခြင်းမျိုး မရှိခဲ့ပေ။


သူ ရှားယန်ကိုပြောလိုက်သည်။


 "တွေ့တယ်မလား၊ ရှောက်မင်က မင်းကိုလုံးဝစိတ်ထဲမရှိဘူး၊ ဒီလောက်ရက်နည်းနည်းလေးမှာပဲ သူ ကျောင်းသားအသစ်ကိုကြွေသွားပြီ၊ သူကမင်းအချစ်နဲ့မတန်ပါဘူး၊ ဘာလို့သူ့ကိုတွယ်ကပ်နေမှာလဲ၊ လွှတ်ပေးလိုက်ပါတော့..."


ရှားယန် ဖုန်းထဲမှဓာတ်ပုံကိုကြည့်ရင်း အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိလိုက်သည်။


ထိုသူ၏ အနည်းငယ်နီရဲနေသောမျက်လုံးလေးများကိုမြင်ရသည့်အခါ ယွမ်ရှောင်ကျိုး၏နှလုံးသားက နာကျင်သွားရသည်။ သူက တမဟုတ်ချင်းပင် စိတ်ဓာတ်ကျသွားသည့်မျက်နှာကိုလုပ်ပြလိုက်သည်။ ကောင်းကောင်းလှုပ်ရှား၍မရသည့်တိုင် ဒဏ်ရာကိုပင်အရေးမစိုက်တော့ဘဲ ရှားယန်၏ပုခုံးပေါ်ကိုလက်တင်လိုက်၏။ 


"အင်းပါ အင်းပါ ၊ ဒါအရေးမကြီးပါဘူး၊ မင်းအရမ်းဒေါသထွက်နေတယ်ဆိုရင် ဒီကောကောက မင်းကို ကူညီပေးမယ်..."


မည်သို့ပင်ဖြစ်စေ နို့လက်ဖက်ရည်ဆိုင်မှဓာတ်ပုံများက အဓိကဟင်းလျာမလာခင်အမြည်းသဘောမျှသာ။


ရှားယန် ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်မိသည်။ ခေါင်းငုံ့ထားပြီး ယွမ်ရှောင်ကျိုး၏အကူအညီနှင့်ပတ်သက်၍ မတုံ့ပြန်ဘဲ မျက်လွှာသာချထားလိုက်သည်။


တကယ်တော့ သူဝမ်းနည်းနေခြင်းမဟုတ်ဘဲ တွက်ချက်နေရုံသာ။


*****


နေ့လည်ပိုင်းအချိန်။ နို့လက်ဖက်ရည်ဆိုင်ထဲတွင်...


နှစ်နာရီနီးပါးကြာသည်အထိ တန်းစီနေကြပြီးနောက် ဆိုင်ထဲရှိလူများလည်း ပင်ပန်းသွားကြလေပြီ။


နောက်ဆုံးတွင် ကျူးထုန်တစ်ယောက် တနေကုန်သိချင်နေခဲ့သောမေးခွန်းကိုမေးခွင့်ရသွားခဲ့သည်။


"တိုင်ကြားခံရတာလား၊ မင်းပြောတာက ယွမ်မျိုးရိုးနဲ့တစ်ယောက်က ငါတို့အကြောင်းကို ပြောတာလား..." 


လော့ရှိုးက ကွန်ပျုတာရှေ့တွင် အေးအေးလူလူထိုင်နေလေ၏။


"စုံစမ်းစစ်ဆေးမှုပြီးသွားပြီ၊ ငါတို့ရဲ့ကုန်ကြမ်းတွေက ပြဿနာမရှိဘူး၊ ဘာလို့ခန္ဓာကိုယ်က အရိပ်ကိုကြောက်နေရမှာလဲ..."


ကျူးထုန်: "......"


ယွမ်ရှောင်ကျိုးက ပြဿနာမျိုးစုံကို ဖန်တီးနေသော်ငြား နောက်ဆုံး၌ မိုးလည်းမရွာသလို လျှပ်စီးလည်းမလက်ဘဲ ကောင်းကင်ကြီးက ကြည်လင်နေသေးသည်။


"ဒီတော့၊ တစ်ယောက်ယောက်က ကောလာဟလွှင့်ရင်...."


"ဘာကောလဟလလဲ..." 

လော့ရှိုးက ပြောလာ၏။

 "နို့လက်ဖက်ရည်ဆိုင်စီးပွားရေးကအရမ်းကောင်းတယ်၊ အထဲမှာ မူးယစ်ဆေးတွေပါနေမှပဲ ကောလဟလလွှင့်လို့ရလိမ့်မယ်..."


"......."


ကျူးထုန် အသံတိတ်သွားလေသည်။


သတင်းကပြန့်နေပြီဆိုသော်လည်း ဆိုင်ထဲတွင် လူအပြည့်ဖြစ်နေသေးသည်။ နာမည်ကြီးမှုကိုတော့ သံသယဝင်စရာမလိုပေ။


"ဘယ်လိုလုပ် ဒီလိုစကားမျိုးပြောထွက်ရတာလဲ..." 

အသံတစ်သံကကြားဖြတ်ဝင်လာခဲ့သည်။ 


"ငါ့မိသားစုရဲ့စီးပွားရေးကကောင်းတယ်၊ ငါ့မျက်နှာလေးကလည်း ဒီကလူတွေကိုဆွဲဆောင်ထားနိုင်တာအသေအချာပဲ၊ ဥပဒေနဲ့မညီတဲ့ပါဝင်ပစ္စည်းမျိုးသုံးစရာလား..." 


ရှောက်မင်က ပူတင်းပါသောသောက်စရာကိုဖျော်ပေးနေသည်။ ထို့နောက် သူတို့ရှိရာသို့လျှောက်လာပြီး ကျူးထုန်အနားတွင်ထိုင်ချလိုက်၏။


ကျူးထုန်က သူ့ကို ကြည့်ပြီးဆွံ့အနေလေသည်။


သူဘဝတလျှောက်လုံးရှိ သိလာသမျှလူများထဲတွင် ရှောက်မင်က အတ္တအကြီးဆုံးလူ[narcissistic]ပင်။


သို့သော်လည်း ထူးဆန်းစွာဖြင့် သူ့စကားက အဓိပ္ပါယ်ရှိနေလေသည်။


ယနေ့လာတန်းစီကြသည့် ဝယ်သူများက ရှောက်မင်၏မျက်နှာချောချောလေးကြောင့် ပြုစားခံရပြီးရောက်လာကြခြင်းပင်မဟုတ်ပါလား။


ရှောက်မင်က ကျူးထုန်ကို နို့လက်ဖက်ရည်ကမ်းပေးလိုက်သည်။ 


"ငါပြောတာမှန်တယ်မလား၊ ထိုင်ခုံဖော်လေး..."


ကျူးထုန်က ငြင်းချင်သော်လည်း နို့လက်ဖက်ရည်ခွက်ကိုထိလိုက်မိသည်နှင့် မှင်သက်သွားပြီး ရှောက်မင်ကိုကြည့်လိုက်မိသည်။


ရှောက်မင်က ပြုံးပြလာလေ၏။


 "လက်ဖက်ရည်က ငါသကြားနည်းနည်းပဲထည့်ပြီး အပူပေးထားတာ၊ သောက်ကြည့်...."


ကျူးထုန်: "....."


'ငါအေးတာတွေမသောက်နိုင်တာကို သူဘယ်လိုသိတာလဲ။ သူ့ကိုကြည့်တော့လည်း ဂရုမစိုက်သလိုနဲ့ အတော်လေးအာရုံစိုက်နေခဲ့တာ'


ကျူးထုန်ကမငြင်းတော့ဘဲ ခွက်ကိုယူပြီး ရှောက်မင်ကိုကျေးဇူးတင်လိုက်သည်။


တစ်ငုံသောက်ပြီးသည်နှင့် ရှောက်မင်က ချီးမွမ်းစကားကြားရမည်အထင်ဖြင့်မေးလာရှာသည်။ 


"ဘယ်လိုလဲ..."


ကျူးထုန် ပြန်မဖြေဘဲ သောက်သည့်အပေါ်တွင်သာအာရုံရောက်နေသည်။ ပူတင်းကအိစက်နေပြီး ပုလဲလုံးလေးများကိုပုံဖော်ထားပုံမှာလည်း လက်ရာမြောက်ကာ နို့အနံ့သင်းသင်းလေးကိုပင်ရနိုင်သေး၏။ အပူရှိန်မှာလည်း အရသာနှင့် ကိုက်ညီနေလေသည်။


သူကား ခေါင်းညိတ်ကာချီးမွမ်းလိုက်ပါ၏။ 

"အရသာရှိသားပဲ..."


ယခင်က ယခုလိုဖျော်ရည်မျိုးကိုမသောက်ဖြစ်ခဲ့သောကြောင့် လူများက ကျန်းမာရေးနှင့်မညီညွတ်သောနို့လက်ဖက်ရည်လို ဖျော်ရည်မျိုးကို စွဲလန်းနေကြသည့်အတွက် သူနားမလည်နိုင်ဖြစ်ခဲ့ရသည်။


ယခုတော့ သူအများကြီးနားလည်သွားခဲ့ပြီ။


သူကား တစ်ငုံသောက်ကာ မျက်လုံးလေးများက တောက်ပသွားခဲ့သည်။ ပြီးလျှင် နောက်တစ်ငုံထပ်သောက်ပြန်သည်။ နို့လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားရင်း သူ့မျက်နှာက ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေခဲ့၏။ မကြာခဏဆိုသလို နို့လက်ဖက်ရည်ကိုတစ်ခါမှမသောက်ဖူးသလိုမျိုး နို့လက်ဖက်ရည်ဘူးကိုငုံ့ကြည့်နေမိလိမ့်မည်။


သို့ရာတွင် ယခုလိုပြောလိုက်သည်နှင့် အထက်ပါစိတ်ကူးက ရှောက်မင်ထံမှ ပစ်ပယ်ခံလိုက်ရလေ၏။


နေ့တိုင်း ကြယ်ငါးပွင့်ဟိုတယ်မှာတည်းနေတဲ့သခင်လေးက နို့လက်ဖက်ရည်မသောက်ဖူးဘူးတဲ့လား။


ရှောက်မင်မှာ ပြုံးပြီးခေါင်းခါလိုက်မိသည်။


ဘေးကလော့ရှိုးကမူ အကျယ်ကြီးအော်လာလေ၏။ စိတ်မချမ်းသာစွာဖြင့် အံ့ဩသွားရသလိုမျိုး။


ကျူးထုန်ကလန့်သွားပြီး ပုလဲလုံးကိုပင် ကိုက်မိမတတ်ဖြစ်သွားရသည်။


ရှောက်မင်လည်း အော်ရယ်လုနီးပါးဖြစ်သွားရသော်လည်း လော့ရှိုးကိုကြည့်ပြီး အော်ငေါက်လိုက်သည်။ 


"မင်းကဘာကိုအော်နေတာလဲ..."


လော့ရှိုးကား ရုပ်ဆိုးပန်းဆိုးဖြင့်ပြောလိုက်သည်။ 

"မင်ကော၊ တယောက်ယောက်က အစားအသောက်အမြန်ချောပို့မှာ ကျွန်တော်တို့ဆိုင်ကို မကောင်းတာရေးထားတယ်...ချီးပဲကွာ..."


ကျူးထုန်က သိချင်စိတ်ဖြစ်သွားလေသည်။ 

"ဘယ်လိုရေးထားတာလဲ..."


လော့ရှိုး: "ငါတို့ဆိုင်ကိုအပုပ်ချထားတာ၊ ထားလိုက်ပါတော့...မဟုတ်သေးပါဘူး၊ မင်းတို့ကိုယ်တိုင်ပဲဖတ်ကြည့်လိုက်တော့..."


ထိုသူကကွန်ပျူတာကို ကျူးထုန်ဘက်သို့လှည့်ပြလိုက်သည်။ မရေမတွက်နိုင်သည့် ခပ်ဆိုးဆိုးမှတ်ချက်များက သခင်လေးမျက်နှာကို တိုက်ရိုက်နှုတ်ဆက်သွားကြလေသည်။


[နို့လက်ဖက်ရည်ထဲမှာ opioid တွေတွေ့တယ်နော်၊ တစ်ယောက်မှသတိမထားမိကြဘူးလား၊ ဝယ်သူတွေက ဆေးစွဲမှာကိုမကြောက်ကြဘူးလား]


[မထင်ရဘူးနော်၊ တိုင်စာက မရောက်လိုက်ဘူးထင်တယ်၊ ဆိုင်ရှင်နှင့် အစားအသောက်ကွပ်ကဲရေးက နောက်ကွယ်မှာ ဘယ်လိုအပေးအယူမျိုးလုပ်ထားကြတာလဲ]


[ဒီဆိုင်ပိုင်ရှင်က ဘားဆိုင်ဖွင့်ဖူးတယ်၊ ဒါပေမဲ့ ဘားကိုပိတ်လိုက်ရပြီး သူ့ယောကျ်ားက အခုထိထောင်ထဲကမထွက်ရသေးဘူးလေ]


[ဆိုင်ရှင်ကမိန်းကလေးဖြစ်ပြီး ဒီအရွယ်လေးနဲ့ကို ဘားဆိုင်ဖွင့်နေပြီလား၊ ပြီးတော့အခု ချုံးလျန်မှာ နို့လက်ဖက်ရည်ဆိုင်လာဖွင့်ထားတာပေါ့]


[သူကသားတစ်ယောက်မွေးဖူးတယ်၊ အဖေတော့မသိဘူးတဲ့၊ ပြီးတော့ ကောင်စုတ်လေးက လူကြားထဲမှာလျှောက်သွားနေတယ်၊ အရှက်မရှိဘူးလား]


[ကြည့်ရတာ STD ရှိနေတာ တော်တော်ကြာပြီထင်တယ်...]


မှတ်ချက်များက အလွန်အမင်းအကျည်းတန်လွန်းသောကြောင့် ကျူးထုန်မျက်လုံးလေးများက မယုံကြည်နိုင်သလိုမျိုး ဝိုင်းစက်သွားခဲ့သည်။ ဤလူများက ယခုလို ရိုင်းစိုင်းသည့်စကားမျိုးပြောနေရသည့်အကြောင်းအရင်းကို စဥ်စားမရနိုင်အောင်ပင်ဖြစ်သွားခဲ့သည်။


သူကား အလိုလိုနေရင်း ရှောက်မင်ကိုကြည့်လိုက်ပြီး မှင်သက်သွားမိလေ၏။


'ရှောက်မင်က...ရယ်နေသေးတယ်ဟ'


ကောင်တာအရှေ့တွင် ရှောက်မင်က တည်ငြိမ်သောမျက်နှာဖြင့် မျက်စိနောက်စရာမှတ်ချက်များကို တစ်ခုချင်းဖတ်နေလေ၏။ မောက်စ်ကိုနှိပ်နေပြီး ထပ်တက်လာသောမှတ်ချက်အသစ်များကိုပင် ဖတ်နေသေးသည်။


"ယီးပဲ..ယွမ်ရှောင်ကျိုးဆိုတဲ့မအေဘေးက ညစ်တီးညစ်ပတ်နည်းလမ်းတွေသုံးပြီး ငါတို့နောက်ကျောကို ဓားနဲ့ထပ်ထိုးနေတာပဲဖြစ်ရမယ်..." 


လော့ရှိုးက စိတ်ပေါက်ပေါက်ဖြင့်အော်ဟစ်လိုက်လေ၏။


ကျူးထုန်က ရှောက်မင်ကိုကြည့်ပြီးနောက် ကွန်ပျူတာကိုပြန်ကြည့်ကာမျက်မှောင်ကြုတ်လိုက်သည်။ 


"ဘယ်ကစတာလဲ..."


လော့ရှိုး: "အခုလေးတင်ပဲ၊ ယွမ်မျိုးရိုးနဲ့ကောင်က လက်စားချေဖို့ မဟုတ်တာတစ်ခုခုလုပ်နေတယ်ဆိုတာ သိလိုက်ရတာ၊ ငါက ကွန်ပျူတာကို တနေကုန်ထိုင်ကြည့်နေတာလေ..."


"...." 


ကျူးထုန် အတွေးနက်သွားခဲ့သည်။ မူလကတော့ ယွမ်ရှောင်ကျိုးကို ဆေးရုံပို့ထားသောကြောင့် ထိုမျိုးမစစ်ကောင်က ဆေးရုံတွင်ပြန်သက်သာလာသည်အထိ လဲနေလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ ဤမျှမြန်မြန် ခုန်ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ယခုလို လူသုံးပလက်ဖောင်းတစ်ခုတွင် မှတ်ချက်အများအပြားရေးခံရပါက လူထုကတစ်ခါမြင်သွားသည်နှင့် ပြဿနာအချို့ကိုမွှေနှောက်လျက်သားဖြစ်သွားပေလိမ့်မည်။ ဆိုင်ကိုဆက်ဖွင့်ရန်ခက်ခဲသွားနိုင်ရုံသာမက ရှောက်မင်နှင့်သူ့အမေ၏နေ့စဥ်ဘဝတွင်ပါ သက်ရောက်မှုရှိလာနိုင်လိမ့်မည်။ သတင်းများများပြန့်သွားလျှင် တမြို့လုံးတွင် နာမည်ကြီး "သတင်း" တစ်ပုဒ်ပင်ဖြစ်သွားနိုင်၏။


ယွမ်ရှောင်ကျိုးမှာ ရှားယန်က ရှောက်မင်ကိုသဘောကျနေသည့်အချက်တစ်ချက်တည်းကြောင့်သာ ရှောက်မင်ကိုပစ်မှတ်ထားနေခဲ့ခြင်းဖြစ်သည်။ အစမှအဆုံးအထိ ရှောက်မင်၏အမှားမဟုတ်ခဲ့ပေ။


ထိုအချက်ကြောင့်ပင် ယွမ်ရှောင်ကျိုးက ယခုကဲ့သို့ လုပ်လိုခြင်းဖြစ်ပေလိမ့်မည်။


'ဒါက အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ လုပ်ရပ်တဲ့လား၊ အရမ်းများသွားပြီ' 

ကျူးထုန်၏ဒေါသက ပေါက်ကွဲထွက်လာပြီး အံတင်းတင်းကြိတ်လိုက်မိသည်။


ရှောက်မင်က ကွန်ပျူတာကို ခဏကြည့်နေပြီးမှ သူ့အကြည့်ကိုကျူးထုန်မျက်နှာပေါ်သို့ ရွှေ့လိုက်၏။


သူ ရုတ်တရက် သိချင်စိတ်ပြင်းပြလာရသည်။ ယခုလို "စည်းရုံးသည့်" မှတ်ချက်မျိုးအား သူ့ထိုင်ခုံဖော်လေးက မည်သို့တုံ့ပြန်မည်ကိုသိချင်လာရသည်။


သူအံ့ဩသွားမှာလား။ သိချင်စိတ်ဖြစ်သွားမှာလား။ ရှောက်မင်ရဲ့တုံ့ပြန်ချက်ကို ခိုးကြည့်နေမှာလား။ သံသယဝင်သွားမှာလား ဒါမှမဟုတ် ဒီမှတ်ချက်တွေရဲ့နောက်ကွယ်ကအမှန်တရားကို ရှောက်မင်ကိုမေးမှာလား။


ကျူးထုန်က အထက်ပါအချက်တစ်ခုကိုမှမလုပ်ခဲ့ပေ။


ရှောက်မင်က ကြည့်လိုက်သည့်အခါ ကျူးထုန်က ကွန်ပျူတာဖန်သားပြင်ကို မှုန်ကုပ်ကုပ်ဖြင့်ကြည့်နေမှန်းတွေ့လိုက်ရ၏။ သူ့ရင်ဘတ်က မြင့်လိုက်နိမ့်လိုက်ဖြစ်နေပြီး အသက်ရှူသံကလည်း ပုံမှန်ထက်ပင်မြန်နေသေးသည်။


သူ့မျက်နှာပေါ်တွင် ကြီးမားသောစိတ်ခံစားချက်ကြောင့် လှုပ်ခတ်နေခြင်းမျိုးမရှိလင့်ကစား ရှောက်မင်ကမူ သူ့ထိုင်ခုံဖော်လေး ဒေါသထွက်နေမှန်းသိလိုက်သည်။


'သူတကယ်စိတ်ဆိုးနေတာလား၊ အခြားသူရဲ့မိသားစုပြဿနာကိုလေ'


ဤပုဂ္ဂိုလ်၏တုံ့ပြန်ချက်က သူမျှော်မှန်းထားသည်ထက် အမြဲကျော်လွန်နေခဲ့ပုံရသည်။


ရှောက်မင်၏နှုတ်ခမ်းများက မထိန်းချုပ်နိုင်တော့ဟန်ဖြင့် ကွေးတက်သွားခဲ့၏။


လော့ရှိုးလှည့်ကြည့်လိုက်သည့်အခါ ရှောက်မင်က တခစ်ခစ်ရယ်နေသည်ကိုတွေ့လိုက်ရပြီး အံ့ဩသွားရလေသည်။ 


"မင်းအခြေအနေလေးကြည့်ပြီးမှ ရယ်ပါလားကွာ..."


ရှောက်မင်က တစ်ခွန်းတည်းသာတုံ့ပြန်လေ၏။ 

"မပူပါနဲ့၊ မင်းမျက်ခုံးတွေမရှိတော့ရင်တောင် တက်တူးထိုးလို့ရပါတယ်..."


လော့ရှိုး: "???"


သူကဘာလို့ မျက်ခုံးမွှေးမှာ တက်တူးထိုးတဲ့အကြောင်းကိုပြောနေရတာလဲ။


သို့ထိတိုင် ရှောက်မင်က အမြဲတစေ အလောတကြီးမလုပ်တတ်သလို အချိန်ဆွဲပြီးလည်းမလုပ်တတ်ပေ။ ထိုသူက စိတ်ရှည်လက်ရှည်နှင့်ခန့်မှန်းပြီး ချက်ကောင်းထိအောင်ရိုက်နိုင်မည့်အချိန်ကို အေးဆေးစောင့်နေလေ့ရှိသည်။


လော့ရှိုးကမူ စိတ်မရှည်တော့သည့်မျက်နှာဖြင့်မေးခွန်းထုတ်လာပါ၏။ 

"ငါတို့အခုဘာလုပ်ကြမလဲ..."


လော့ရှိုး: "...."


ကျူးထုန်: "...."


ကျူးထုန်က စိတ်စောပြီးဆောက်တည်ရာမရဖြစ်နေသောလော့ရှိုးကိုကြည့်လိုက်သည်။ ထို့နောက် စိတ်ရှုပ်နေပုံမရသလို ပျော်နေပုံလည်းမရသော ရှောက်မင်ကိုကြည့်လိုက်သည်။ သူကား သိချင်စိတ်ဖြစ်သွားရလေ၏။


 'ဒါဘယ်သူ့ဆိုင်လဲဟ'


သူ့နှုတ်ခမ်းတို့ကို လှုပ်ရှားလိုက်သော်လည်း ထုတ်ပြောရန်တွန့်ဆုတ်နေမိလေ၏။


သူသိထားသည်မှာ လက်ရှိအခြေအနေတွင် ပထမဆုံးလုပ်ရမည့်အရာက ဆိုင်ရှင်နှင့်ဆိုင်ကို သွားပုတ်လေလွင့်

ပြောနေသူများအား တားဆီးရပေမည်။



******

Note



၁။ ခန္ဓာကိုယ်က အရိပ်ကိုယ်မကြောက်ဘူး - ကိုယ်သာရိုးသားပါကကြောက်စရာမရှိ။


၂။ STD ကတော့ လိင်ကြောင့်ရတဲ့ရောဂါတွေကိုပြောတာပါ။ ဥပမာ - HIV ပိုးဝင်တာတို့၊ Chlamydic ဘက်တီးရီးယားပိုးဝင်တာမျိုးတို့ပါ။


🤒