Chapter 24
Viewers 2k

🤒အခန်း ၂၄



ထိုသူက အမှန်အတိုင်းပြောနေသည်ဖြစ်စေ၊ နောက်နေသည်ဖြစ်စေ ကျူးထုန်မှာ တဒင်္ဂမျှ ကိုယ်တိုင်ပင် ဝေခွဲမရနိုင် ဖြစ်သွားရသည်။


သူက စိတ်ပူနေလို့ရောက်လာခဲ့တာများလား။


ဟုတ်မှန်ပုံရသည့်ဆိုင် ရင်ထဲထိရလောက်သည်အထိမဟုတ်သေးပေ။


ကျူးထုန်မှာ ခေါင်းညိတ်ရမလို၊ ခေါင်းခါပြရမလိုဖြင့် ခုံတန်းတွင် နံရံကိုကျောမှီထိုင်ရင်း အရှေ့မှလူငယ်လေးကို အူကြောင်ကြောင်ဖြင့်ငေးကြည့်နေလိုက်မိသည်။


သူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

[ရင်ခုန်တဲ့ခံစားချက်မဟုတ်ဘဲ ရိုလာကိုစတာစီးရင်ရတဲ့ ခံစားချက်မျိုးပါ]


ရှောက်မင် မျက်ခုံးပင့်လိုက်မိသည်။ ထိုကောင်လေးကို စနောက်ချင်စိတ်မရှိတော့လေရာ ဘေးတွင်သာထိုင်ချလိုက်လေ၏။


 "မင်းတစ်ယောက်တည်းလား..."


ကျူးထုန်က အလိုလိုခေါင်းညိတ်ပြမိပြီးမှ လေးပင်စွာဖြင့်ခေါင်းယမ်းပြမိပြန်သည်။ 


"အန်ကယ်လျိုက ငါ့ကို ရင်ပြင်အထိလိုက်ပို့ပေးတယ်..."


"......"


ရှောက်မင်က စကားခေါင်းစဥ်ကိုပြောင်းလိုက်သည်။ 


"မင်းခြေထောက်ကရော သက်သာသွားပြီလား..."


ကျူးထုန်: "သက်သာသွားပြီ..."


"ငါကြည့်ပေးမယ်.."


"မလိုပါဘူး..."


သူပြောနေစဥ်မှာပင် ရှောက်မင်က ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်ပြီး ကျူးထုန် ငြင်းဆန်နေသည့်ကြားမှ သူ့ညာဘက်ခြေထောက်ကိုဆွဲယူလိုက်ကာ ထိုဒဏ်ရာရထားသည့်ခြေထောက်ကို သူ့ပေါင်ပေါ်တွင်တင်ထားလိုက်၏။


ကျူးထုန် ငြင်းဆန်သည့်စကားမဆုံးသေးမှီမှာပင် အာမေဋိတ်သံပြုလိုက်မိသည်။


ထို့နောက် သူ့အသံထက်ပိုကျယ်သောအသံကိုကြားလိုက်ရသည်။


ကောင်တာရှိ နို့လက်ဖက်ရည်ဝယ်ရန်စောင့်နေသောမိန်းကလေးအုပ်စုမှတစ်ယောက်က ရုတ်တရက်အော်လိုက်ပြီး ချက်ချင်းသူမပါးစပ်ကိုအုပ်ထားလိုက်သည်။


ကျူးထုန်က မသိစိတ်အလျောက်မော့ကြည့်မိသွားသည့်အခါ ထိုမိန်းကလေးများက သူတို့ဖုန်းများအား တစ်ယောက်ပြီးတစ်ယောက် မြှောက်လာသည်ကိုတွေ့လိုက်ရ၏။ ကင်မရာက ကျူးထုန်ရှိရာဘက်သို့ချိန်ရွယ်ထားလေသည်။


"!"


ကျူးထုန်မှာ မှင်သက်သွားပြီး သူ့ခြေထောက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။


ရှောက်မင်က သူ့ခြေထောက်ကို အားဖြင့်ဖိထားပြီး ဘောင်းဘီအနားကို မ တင်ကာ ခြေချင်းဝတ်ကိုကြည့်နေလေသည်။ ယောင်ယမ်းမှုက လျော့သွားပြီဖြစ်သည့်တိုင် မြင်နေရသေး၏။ ထိုအခြေအနေကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။


နို့လက်ဖက်ရည်ဆိုင်က ရင်ပြင်တွင်ရှိနေသော်လည်း ရင်အပြင်အဝင်ဝနှင့် နို့လက်ဖက်ရည်ဆိုင်က အတန်ငယ်ဝေးလေသည်။


ယင်းကိုပင် ဒဏ်ရာရထားသောသခင်လေးက အပြင်တွင်လာတန်းစီနေသေးသည်။


ရှောက်မင်က လွှတ်ပေးလိုက်ပြီး သူ့အားမေးလာလေသည်။ 


"မင်းတန်းစီနေတာဘယ်လောက်ကြာပြီလဲ..."


သူ့ခြေထောက် လွတ်သွားသည်နှင့် ကျူးထုန်က ချက်ချင်းပင်ခြေထောက်ကိုပြန်ချလိုက်ကာ အစောတလျင်ပြန်ဖြေလာလေသည်။


 "သိပ်မကြာသေးပါဘူး..."


နာရီဝက်ကျော်ရုံလေးသာရှိသေး၍ ကျူးထုန်စိတ်ထဲတွင် သိပ်မကြာသေးပေ။


ရှောက်မင်က သူ့အဖြေကို သံသယဝင်နေသည်မှာ အသေအချာပင်။ 


"မင်းခြေထောက်မှာဒဏ်ရာရထားတာသိရဲ့သားနဲ့ လာတန်းစီနေသေးတယ်..."


ကျူးထုန် ကောင်တာအရှေ့မှလူတန်းရှည်ကြီးကို ဆတ်ခနဲကြည့်လိုက်ပြီး ယောင်ဝါးဝါးဖြင့်ပြန်ဖြေလေသည်။ 


"အင်းလေ၊ သူတို့လည်းတန်းစီနေတာပဲ..."


"......"


'အော်၊ သူများတွေတန်းစီနေလို့ မင်းကပါလာပြီးတန်းစီတာလား'


ရှောက်မင်က သူ့ကို ရှုပ်ထွေးနေသောမျက်နှာဖြင့်ကြည့်လိုက်ပြီး ရုတ်တရက်ရယ်မောလိုက်လေသည်။


"မင်းကတော့လေ ဘာလို့ဒီလောက်တောင် ရိုးသားရတာလဲ.."


ကျူးထုန်: "....."


'ဒါက ချီးမွမ်းပေးတာလား၊ စော်ကားတာလား'


သူပင်မတုံ့ပြန်ရသေးမှီ ကောင်တာရှေ့မှမိန်းကလေးများက ထပ်ပြီးစိတ်လှုပ်ရှားလာကြပြန်သည်။


'ဘာလို့ ရှောင်ကောကောအချောလေးက ရုတ်တရက်ကြီး ထကန်ရတာလဲ'

[Some kind of slang]


'ဘာလို့ မစ္စတာစားပွဲထိုး သူ့ကိုဂရုစိုက်ပေးတဲ့ပုံစံက ဒီလောက်ကျွမ်းကျင်ပြီး သဘာဝကျနေရတာလဲ'


'နောက်ဆုံးပိုင်းမှာ သူပြုံးလိုက်တာလေးက ချစ်စရာကောင်းလိုက်တာ'


မိန်းကလေးများမှာ သူတို့အတွေးနှင့်သူတို့ ဝေ့ဝိုက်နေပြီး အသံကျယ်ကြီးဖြင့် အော်မိလုနီးပါးပင်။


တဖက်တွင်မူ ကျူးထုန်မှာ ရှောက်မင်၏ မရေမရာသဘောထားကြောင့် စိတ်ရှုပ်ထွေးနေပြီး အခြားတဖက်တွင်မူ မိန်းကလေးများက ရုတ်တရက်စိတ်လှုပ်ရှားကာ ကြည်နူးနေကြလေသည်။


'ဘာတွေကိုဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ' ကျူးထုန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။


ရှောက်မင်ကား ထိုအသံများကိုလုံးဝနားမယောင်ဘဲ သူ့ကိုသာဆက်လက်ပြီး "ဆူပူ" နေလေ၏။ 


"နောက်ကျရင် မင်းဒီဆိုင်ကိုလာတဲ့အခါ အထဲကိုတန်းပြီးဝင်သွားချေ၊ တန်းစီနေစရာမလိုဘူး..."


ကျူးထုန်ကား သူ့ကိုယ်သူကာကွယ်ချင်နေဆဲ။ 


"ငါမင်းဆီကိုလာတာမဟုတ်..."


"သိတယ်လေ.." 

ရှောက်မင်ကဖြတ်ပြောလိုက်သည်။ 

"မင်းကရော ငါအလုပ်သွားတယ်လို့ မတွေးခဲ့လို့လား..."


ကျူးထုန်: "...."


ထိုစကားကပင် ကျူးထုန်မှာ ရှောက်မင်အနောက်ကို လိုက်ချောင်းနေသူဟု အသေအချာဖော်ညွှန်းလိုက်ခြင်းပင်။


ရှောက်မင်က သူ့ကိုပြုံးပြီးကြည့်နေဆဲ။ 


"ငါဘယ်နေရာမှာအလုပ်လုပ်တယ်လို့မင်းထင်လဲ၊ စားသောက်ဆိုင်မှာပန်းကန်ဆေးတာမျိုးလား၊ ဒါမှမဟုတ် ဆောက်လုပ်ရေးမှာ အုတ်ခဲထမ်းတာမျိုးလား..."


ကျူးထုန်က သူ့အား အံ့အားသင့်နေသည့်မျက်နှာလေးဖြင့် ကြည့်လာလေသည်။


ရှောက်မင်က သူ့အကြည့်ကြောင့် တွန့်ဆုတ်သွားပြီးနောက် ယင်းအကြည့်ကို သဘောပေါက်သွားချိန်တွင် ဟန်ဆောင်ကာအံ့ဩပြလိုက်သည်။ 


"ဆိုတော့ မင်းစိတ်ထဲမှာ ငါက ဆောက်လုပ်ရေးမှာအုတ်ခဲထမ်းရင် ပိုသင့်တော်မယ်လို့ထင်တယ်ပေါ့..."


ကျူးထုန်မှာ တခဏမျှကြက်သေသေနေလေသည်။ 


'ငါ့ကို ပေါက်ကရတွေပြောနေတာကို ရပ်လိုက်တော့'


ရှောက်မင်က အချိန်ပိုင်းအလုပ်လိုချင်သည့်အကြောင်းပြောခဲ့စဥ်က သူလည်း အလုပ်များကိုနယ်ပယ်စုံအောင်မစဥ်းစားခဲ့မိပေ။ သူက ရှောက်မင်၏လက်ရှိပုံစံကိုကြည့်လိုက်သည်။ အပြာရောင်လုပ်သားအင်္ကျီနှင့် ဦးထုပ်ဆောင်းထားသော်လည်း သူ့ပုံစံနှင့်သူ သင့်တော်ပြီးကြည့်ကောင်းနေပါသေးသည်။


သူက ဘွင်းဘွင်းရှင်းရှင်းပင်ပြောလိုက်လေသည်။ 


"မင်းကဒီဝတ်စုံနဲ့လည်း အရမ်းလိုက်နေတာပါပဲ..."


ရှောက်မင်: "......"


'ဒီဝတ်စုံနဲ့လည်းအရမ်းလိုက်တယ်'ဆိုပါလား။


ဆိုတော့ ဒီသခင်လေးက သူဒီလို ဦးထုပ်အဝါကိုဆောင်းပြီး ဆောက်လုပ်ရေးမှာအလုပ်သွားလုပ်နေတဲ့ပုံစံကို မြင်ယောင်ကြည့်နေတာလား။


ဘာကိုကြည့်ပြီး ဒီလိုမျိုး တလွဲတွေတွေးရတာလဲ။


သူ့ပုံရိပ်ကို အမြဲဂရုစိုက်ခဲ့သောရှောက်မင်အတွက် မာနတော့ အလွန်ထိခိုက်သွားခဲ့သည်။


သို့ထိတိုင် သူ့အရှေ့မှကောင်လေး၏ ဖြူစင်ပြီးစိတ်ရှုပ်ထွေးနေသောပုံစံကိုကြည့်ကာ ရှောက်မင်မှာ လုံးဝစိတ်မဆိုးနိုင်တော့ပေ။


"မင်း....."


ရှောက်မင်ခမျာ ပြောစရာစကားပင်မကျန်တော့ပေ။


ဤအချိန်လေးမှာပင် သူတို့နှစ်ယောက်ဘေးမှ လူငယ်လေးတစ်ယောက်ဖြတ်သွားလေသည်။ ခုံတန်းလေးဘေးရှိ ရေခဲသေတ္တာထဲမှ ရေခဲဘူးတစ်ဘူးကိုကောက်ယူပြီး ကောင်တာကိုပြန်ထွက်သွားသည့်အချိန် ခပ်တည်တည်ဖြင့်ပြောဆိုသွားသေး၏။ 


"အလုပ်မပြီးသေးခင်တောင် အေးဆေးအီစီကလီလုပ်လို့ရတာလား၊ ငါလည်းအလုပ်ကနေ ခဏလေးပဲဖြစ်ဖြစ် လစ်ထွက်သွားချင်လိုက်တာ..."


ကျူးထုန်နှင့်ရှောက်မင်: "......"


'အီစီကလီလုပ်တယ်'


'ဒီချီးထုပ်က ဘာတွေပြောသွားတာလဲ'


ကျူးထုန် မျက်နှာလေးကရဲသွားပြီး ထိုမဆီလျော်သည့်စကားကိုပြန်ငြင်းချင်နေသည်။ သို့သော် သူ့အတွက် လူငယ်လေး၏အသံက တနည်းတဖုံကြားဖူးနေသလို ခံစားချက်ကိုရနေစေသည်။


ကျူးထုန် ခေါင်းမော့ကာ ကောင်တာကိုပြန်သွားပြီးအလုပ်များနေသော စားပွဲထိုးလေးကိုကြည့်လိုက်သည်။ စားပွဲထိုးလေးက ခေါင်းငုံ့ပြီး ခွက်ကိုအပြည့်ဖြည့်နေချိန်တွင် ကျူးထုန် သူ့မျက်နှာကိုသေချာမြင်လိုက်ရသည်။


"လုကျစ်ယွီလား..."


တစ်ခါက အတန်းပိုင်ဆရာမှ သူ့အား ဒုတိယအဆင့်ကျောင်းသား လုကျစ်ယွီကို စာသင်ပြခိုင်းလျှင် အဆင်မပြေဟုပြောခဲ့ဖူးသည်။


'သူကဘာလို့ ဒီမှာရှိနေရတာလဲ'


သံသယများက သူ့မျက်နှာတပြင်လုံးတွင်ရေးထားသလို အတိုင်းသားပေါ်နေပြီး ရှောက်မင်ကပြုံးကာ ရှင်းပြလိုက်သည်။ 


"အင်း၊ သူလည်းဒီမှာအလုပ်လုပ်နေတာလေ..."


ကျူးထုန်က ရှောက်မင်ကိုပြန်ကြည့်လိုက်သည်။


 "ဒါဆို မင်းတို့နှစ်ယောက်က ဒီမှာ အလုပ်အတူလုပ်ကြတာလား.."


ထိုအချိန်မှာပင် နောက်ထပ်အသံတစ်သံထွက်လာလေသည်။ ထိုရင်းနှီးနေသောအသံက ကောင်တာရှိ ဆုံလည်ကုလားထိုင်ပေါ်မှထွက်လာခြင်းဖြစ်လေ၏။ ထိုသူကတမင်ရည်ရွယ်ပြီး ကျူးထုန်နှင့်မျက်နှာချင်းဆိုင်ဖြစ်သည်အထိ ခုံကိုလှည့်လာသည်။ ပါးစပ်တွင်လည်း တုတ်ထိုးသကြားလုံးကိုကိုက်ထားသေး၏။ လော့ရှိုးက ကျူးထုန်ကိုကြည့်ပြီး ရှုပ်ထွေးနေသောမျက်နှာဖြင့်စကားပြောလာခဲ့သည်။ 


"အတန်းဖော်ကျူးထုန်၊ မင်းခေါင်းထဲမှာ မင်ကောပဲ အချိန်ပြည့်ရှိနေတယ်ဆိုတာကိုသိပေမဲ့ မင်းကိုသတိပေးရဦးမယ်၊ ငါတို့ကအတန်းဖော်တွေနော်၊ ငါဒီမှာအကြာကြီးထိုင်နေတာတောင် မင်းကငါ့ကိုသတိမထားမိဘူး၊ သစ္စာအဖောက်ခံလိုက်ရသလိုပဲ..."


ကျူးထုန်: "ဆောရီး..." 

သူတကယ်ပင် နောက်ထပ်အလုပ်သမားတစ်ယောက်ရှိနေသေးသည်ကို သတိမထားမိလိုက်ပေ။


နောက်ကျမှ သတိရသွားပြီး သူရှောက်မင်ကိုကြည့်လိုက်သည်။ 

"မင်းအလုပ်လုပ်နေတာကို နှောင့်ယှက်မိသွားပြီလား..."


ရှောက်မင်က ချက်ချင်းပြုံးပြလိုက်သည်။ 

"ဒါပေါ့၊ မင်းငါ့ကိုဘယ်လိုပြန်လျော်ပေးမှာလဲ..."


"ငါ..." 

ကျူးထုန် သူ့ဦးနှောက်ကို အသည်းအသန်မွှေနှောက်လိုက်ပြီး ခဏကြာမှ အလုပ်များနေသောလုကျစ်ယွီကိုလှမ်းကြည့်လိုက်သည်။ 

"ဒီမှာ ငါလုပ်ပေးလို့ရတာရှိလား..."


ရှောက်မင်: "....."


ထိုသူက ကူညီပေးတော့မည့်ဟန်ဖြင့်ထလာ၍ ရှောက်မင်မှာ အကူအညီမဲ့ပြီး ပြောရမည့်စကားပင်ရှာမတွေ့ဖြစ်သွားကာ အမြန်ပြန်ထိုင်ခိုင်းလိုက်ရသည်။ 


"မင်း ကောင်းကောင်းထိုင်နေတာနဲ့တင် ကူညီပေးရာရောက်နေပြီ..."


သူကား နာကျင်နေသည့်အမူအရာဖြင့်ဆက်ပြောလိုက်လေ၏။ 

"မင်းခြေထောက်ဒဏ်ရာကလည်း ငါ့ကြောင့်ရလာတာ၊ ဒီတော့ ဒဏ်ရာပိုဆိုးသွားရင် ငါ့ကိုယ်ငါ ပိုပြီးအပြစ်တင်မိလိမ့်မယ်၊ ဒါနဲ့ မင်းတစ်ခုခုသောက်ဦးမလား..."


ကျူးထုန်: "......"


ဘာလို့ အငြင်းခံလိုက်ရသလို ခံစားနေရတာလဲ။


ထိုအတွေးကြောင့် သူ၏သစ္စာရှိလှသော စနစ်က ချောင်ထဲမှထွက်လာပြန်သည်။ 

"မင်းအကူအညီက ပိုဆိုးမသွားစေနိုင်တာ သေချာလို့လား..."


သူ နို့လက်ဖက်ရည်ဆိုင်ကို လှည့်ပတ်ကြည့်ပြီး လက်ဖက်ရည်ဖျော်ရာတွင်သုံးသည့် စက်များနှင့်ကိရိယာအစုံကိုမြင်လိုက်ရသည်။ လုကျစ်ယွီနှင့် အခြားသူများက ကျွမ်းကျင်နေကြကာ သူကမူ လုံးဝလုပ်နိုင်မည်မဟုတ်ချေ။


သူကား ကံကြမ္မာကိုငြင်းပယ်ချင်သည့်သဘောဖြင့် မဆင်မခြင်ပြောလိုက်လေသည်။


"ငါ့ကို ဆူအောင်ကျိုထားတဲ့ရေနွေးတစ်ခွက်ပေး.."


ရှောက်မင်: "....."


'ဒီသခင်လေးက ဒီမှာဘာလာလုပ်နေတာလဲ'


ပြောထားသည့်အတိုင်း ရေနွေးတစ်ခွက်ထည့်ပေးလိုက်ပြီးနောက် သူလည်း အလုပ်သွားပြန်လုပ်နေလိုက်သည်။


ရှောက်မင်ပါ ပေါင်းထည့်လိုက်သည့်အခါ နို့လက်ဖက်ရည်ဖျော်နိုင်အားက ပိုများသွားသည်။ သို့သော်လည်း ကျူးထုန်ကမူ ရေနွေးပူပူကိုကိုင်ရင်း သူတို့အလုပ်များနေသည်ကိုသာ ထိုင်ကြည့်နေလေသည်။


ကြည့်ကောင်းသူတိုင်းက မည်သည့်အလုပ်တွင်မဆို အာရုံစိုက်စရာဖြစ်နေတတ်သည်။ ယင်းက ကြည့်ကောင်းသည့်လူတစ်ယောက်ရှိနေသည့်နေရာတွင်ဆိုလျှင် ပိုသိသာတတ်၏။


ရှောက်မင်က အရေထူသည့်မျက်နှာဖြင့် ချောမောသူတစ်ယောက်ဖြစ်နေသည်မှာ ပြောစရာမလိုပေ။ သူ့အားကြည့်မိသူတိုင်းကို ကြွေဆင်းသွားစေနိုင်သည်။ လော့ရှိုးကလည်း ကတုံးဆံပင်ပေါက်နှင့်နားကပ်များဖြင့် ကြည့်ကောင်းသည့်မျက်နှာရှိပြီး "လူဆိုးလေး" ပုံစံ ချောမောမှုက မိန်းကလေးများကိုဆွဲဆောင်ထားနိုင်လေသည်။


ကျူးထုန်ကိုအံ့အားသင့်သွားစေသူမှာ လုကျစ်ယွီပင်။


သူ့စာရေးစားပွဲခုံက လုကျစ်ယွီအနောက်တွင်ဖြစ်နေ၍ ဤတစ်ခေါက် ပထမဆုံးအကြိမ်အဖြစ် လုကျစ်ယွီမျက်နှာကိုသတိထားကာကြည့်လိုက်မိလေသည်။


ထိုသူတွင် ထင်ရှားသည့်မေးရိုး၊ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများအပြင် မျက်တွင်းနက်ပြီး မျက်နှာကျကလှပသည်။ ဆွဲဆောင်မှုရှိသည့်မျက်နှာလေးကို "ဖျက်ဆီး" နေသည့်အရာမှာ နက်မှောင်မို့အစ်နေသည့် မျက်ရည်အိတ်များပင်။ ၎င်းက သူ့ကို ညိုမည်းပြီးပင်ပန်းနေသည့်အသွင်မျိုးပေါ်နေစေသည်။


'သူကောင်းကောင်းမအိပ်ရလို့များလား' ကျူးထုန် တကိုယ်ရေအတွေးများဖြင့် ရေနွေးတစ်ငုံစုပ်သောက်လိုက်ပြီး သူ့နှုတ်ခမ်းတို့က စိုစွတ်သွားခဲ့သည်။


ပိုထူးဆန်းတာက၊ ဘာလို့ဒီနို့လက်ဖက်ရည်ဆိုင်က အောင်မြင်နေတာလဲ။


ထိုအချိန်မှာပင် ဖုန်းကအဆက်မပြတ်တုန်ခါလာလေသည်။ ကျူးထုန်က တွေးနေသည်ကိုခဏရပ်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်၏။


ဦးလေးလျိုပင်။


ဦးလေးလျိုသာ သူ့ကိုရှာမတွေ့နိုင်လျှင် သူ့ကိုယ်သူ ဟော့ပေါ့အိုးထဲမှ ပုရွက်ဆိတ်လေးဟု တွေးနေလိမ့်မည်။


သူကား ခေါင်းငုံ့ကာ WeChat မှတဆင့် ဦးလေးလျိုကိုလိပ်စာပို့ပေးလိုက်ပြီး ခဏနေမှလာကြိုရန် ပြောလိုက်၏။


ကောင်တာရှေ့ရှိ ရှောက်မင်က နို့လက်ဖက်ရည်ဘူးကိုထုပ်ပေးပြီး ဝယ်သူကိုကမ်းပေးနေသည်။ သူလှည့်ကြည့်လိုက်သည့်အခါ သူ့ထိုင်ခုံဖော်လေးက လိမ်လိမ်မာမာဖြင့် ဖုန်းကစားနေသည်ကိုတွေ့လိုက်ရလေသည်။


ကလေးဆန်လိုက်ပုံများ။


သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။ ရှားပါးပြီး သန့်စင်သည့်အပြုံးမျိုးပင်။



🤒