Chapter 29
Viewers 5k

🤒အခန်း ၂၉




မကြာခင်မှာပင် ယွမ်ရှောင်ကျိုး ဆေးရုံရောက်သွားသည့်သတင်းက ကျောင်းကိုရောက်လာခဲ့သည်။


သို့တိုင် မတော်တဆမှုက ကျောင်းပြင်ပတွင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး စဖြစ်ချိန်တွင် ကျောင်းလာသူများမရှိခဲ့သောကြောင့် ကျောင်းမှနေ၍ မျက်ကွယ်ပြုထားလိုက်ကြသည်။


ဆေးရုံတွင် ယွမ်ရှောင်ကျိုးက နှာခေါင်းရိုးကျိုးထားသည့်ဒဏ်ရာနှင့်အတူ ယောင်ကိုင်းနေသောမျက်နှာဖြင့် ကုတင်ထက်၌ လှဲနေရရှာလေသည်။ ခေါင်းတွင်လည်းကျောက်ပတ်တီးစည်းထားပြီး ခြေထောက်တစ်ဖက်ကလည်း ကျောက်ပတ်တီးဖြင့် အိပ်ရာတွင်တွဲလောင်းချိတ်ထားရသည်။ သူက အရှက်ကွဲသလိုခံစားနေရပြီး မျက်လုံးထဲရှိအမုန်းတရားတို့မှာလည်း ဖုံးထားမရနိုင်အောင်ပေါ်နေလေသည်။


"ကျွန်တော်သူ့ကို ကျောင်းထွက်သွားရအောင်လုပ်ချင်တယ်၊ အမေ၊ အမေလည်းအခုကျောင်းကိုသွားပြီး တန်းခွဲသုံးက ကျူးထုန်ဆိုတဲ့တစ်ယောက်ကိုရှာခဲ့ပေး၊ ကျွန်တော့်ကိုဒီလိုဖြစ်အောင်ရိုက်လိုက်တာသူပဲဗျ၊ အမေ အဖေ့ဆီသွားပြီး ဦးလေးနဲ့စကားပြောခိုင်းလိုက်ပါ၊ သူကျိန်းသေကျောင်းထွက်သွားရလိမ့်မယ် ကျွန်တော်ကျိန်ပြောရဲတယ်၊ ကျွန်တော်သူ့ကိုထောင်ထဲပို့ချင်တယ်..."


ယွမ်ရှောင်ကျိုးက အသံကုန်အော်ဟစ်နေသည်။ သူ့မျက်နှာမှာ နဂိုကတည်းကကြောက်စရာကောင်းနေခဲ့ပြီး နာကျင်မှုနှင့်ဒေါသတို့ကြောင့် ပိုမိုရှုံ့မဲ့လာလေသည်။ ရုပ်ဆိုးအကျည်းတန်လွန်းလှပေ၏။


ဆေးရုံကုတင်ရှေ့မှအမျိုးသမီးပင် သူ့အား ကြောင်ကြည့်နေလေသည်။


သို့တစေ ထိုသူက သူမသားအရင်းပင်ဖြစ်သောကြောင့် ကြောက်စိတ်က ခေါင်းကိုက်မှုအဖြစ်သို့ အလျှင်အမြန်ပြောင်းသွားရလေသည်။ သူမက ယွမ်ရှောင်ကျိုးလက်ကိုကိုင်ကာ နှစ်သိမ့်ပေးရန်ကြိုးစားရရှာလေ၏။ 


"အင်းပါ ဟုတ်ပါပြီ၊ ရှောင်ကျိုး မစိုးရိမ်နဲ့နော်၊ အမေမင်းရဲ့ဒေါသတွေကိုဖျောက်ပေးပါ့မယ်၊ အခုတော့ ကောင်းကောင်းအနားယူလိုက်ဦး၊ လှဲနေ၊ ဒဏ်ရာတွေထပ်မပွင့်သွားရအောင်ဂရုစိုက်ဦး.."


ယွမ်ရှောင်ကျိုးမှာ ရူးသွပ်သွားပုံဖြင့် ခေါင်းကိုအတင်းပင်ခါယမ်းနေလေသည်။ 


"အမြန်သွား၊ အဖေ့ကိုရှာခဲ့ပေး၊ တစ်ခုခုလုပ်ပေးဖို့ပြောပေး..."


သူက လူနာခန်းထဲတွင်သောင်းကျန်းနေသောကြောင့် ကော်ရစ်တာမှဖြတ်သွားသောသူနာပြုနှစ်ယောက်ပင် သူ့ဘက်ကိုခိုးကြည့်သွားကြသည်။ ပြီးနောက် အချင်းချင်းကြည့်မိကြပြန်ပြီး ပြိုင်တူပြုံးကာခေါင်းယမ်းလိုက်ကြလေသည်။


မည်သူကမှ ယွမ်ရှောင်ကျိုးကို အသံမထွက်ရန်မပြောကြသလို တစ်ယောက်ကမှလည်း သူ့ကိုနှစ်သိမ့်ပေးခြင်းမရှိကြပေ။


မည်သို့ပင်ဖြစ်စေ ထိုလူငယ်လေးကလည်း သူတို့အကူအညီအတွက် ကျေးဇူးတင်လိမ့်မည်မဟုတ်ပါချေ။


သူ့အမေက သူ့အားချွေးသိပ်ပေးပြီးသည့်အခါ ဖုန်းခေါ်လိုက်သည်။


မကြာခင်မှာပင် ယွမ်ဟွေ့တစ်ယောက် ဆေးရုံကိုရောက်လာလေ၏။


ယွမ်ရှောင်ကျိုးမှာ နောက်ဆုံးတော့ သူ့အဖေရောက်လာသည်ကိုမြင်လိုက်ရလေသည်။ မျက်နှာပေါ်ရှိရူးသွပ်နေမှုတို့က နောက်ဆုံး၌ လျော့ပါးသွားခဲ့ပြီး မျှော်လင့်ချက်အပြည့်ဖြင့် လက်ကိုဆန့်ထုတ်လိုက်သည်။ 


"အဖေ...."


"ဖြန်း"


ခပ်ကြမ်းကြမ်းရိုက်လိုက်သံက လူနာခန်းထဲတွင် ပဲ့တင်ရိုက်သွားခဲ့သည်။


"ယောကျ်ား..." 

အမျိုးသမီးကား မယုံကြည်နိုင်သည့်အသံဖြင့် ခေါ်လိုက်လေ၏။


ယွမ်ရှောင်ကျိုးက ဖြည်းညင်းစွာဖြင့်ပြန်လှည့်ကြည့်လိုက်သည်။ ဗြုန်းစားကြီးအရိုက်ခံလိုက်ရ၍ ထိတ်လန့်သွားသည့်စိတ်အခြေအနေမှာ ဆက်ရှိနေသေး၏။ သူကား မျက်လုံးအပြူးသားဖြင့် အဖေဖြစ်သူကိုကြည့်လာလေသည်။


ယွမ်ဟွေ့မျက်နှာပေါ်တွင် ဒေါသများကရှိနေသေးသည်။ သူ့အားလက်ညိုးထိုးကာ စတင်ကြိမ်းမောင်းလေတော့၏။ 


"ငါမင်းကိုလူမှားပြီးရန်မစနဲ့လို့ပြောထားတယ်လေ၊ မင်းဘယ်သူ့ကိုရန်သွားစမိလဲဆိုတာ သိရောသိရဲ့လား..."


ယွမ်ရှောင်ကျိုး: "ကျွန်တော်...."


"မင်းကိုရိုက်ခဲ့တဲ့လူဆိုးအုပ်စုက ဝန်ခံသွားပြီကွ၊ ကျူးထုန်ဆိုတဲ့ကျောင်းသားလေးကိုသင်ခန်းစာပေးဖို့အရင်ခိုင်းခဲ့တာမင်းတဲ့၊ အဲဒါကြောင့် သူတို့ကလုပ်ခဲ့တာတဲ့၊ အခုမင်းကို လက်တုံ့ပြန်လိုက်တာကွ.."


ယွမ်ရှောင်ကျိုးက ဘာမှမသိသလိုငေးငိုင်နေပြီး မျက်နှာမှာလည်း စိတ်ရှုပ်ထွေးမှုများဖြင့် အူတိအူကြောင်ဖြစ်နေလေသည်။


'ဘာကိုဆိုလိုချင်တာလဲ၊ လက်စားချေတာတဲ့လား၊ ကျူးထုန်ကလား'


"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး.." 


ယွမ်ရှောင်ကျိုးမှာ အမှန်အတိုင်းသိလိုက်ရသောကြောင့် အသိစိတ်ပင်ပျောက်သွားတော့မလိုပင်။ 

"ကျွန်တော့်ကိုရိုက်ဖို့ခိုင်းခဲ့တာက ကျူးထုန်ပဲ၊ သူကဒါတွေအကုန်လုံးကို နောက်ကွယ်ကကြိုးကိုင်ခဲ့တာ၊ အဖေ၊ ကျူးထုန်ကမှ ကျွန်တော့်ကို ရည်ရွယ်ချက်နဲ့ပြဿနာရှာခဲ့တာ..."


"သက်သေရှိပြီးသား..." 

ယွမ်ဟွေ့ကား အသံကျယ်လာသလို မျက်နှာလည်းနီလာလေသည်။ 

"သူတို့မှာ သက်သေအတိအကျရှိတယ်၊ ရဲတွေက မင်း အဲဒီလူဆိုးတွေကို WeChat ကနေ ငွေပို့ထားတဲ့သက်သေတွေ ရထားတယ်၊ မင်းအခုဆေးရုံမှာမရှိနေရင် ရဲတွေနဲ့စကားပြောနေရတော့မှာ..."


"......"


"ငပိန်းကောင် ဆန်ကုန်မြေလေးရဲ့၊ မင်းခေါင်းကဘာဖြစ်သွားတာလဲ၊ A မြို့က ကျူးမိသားစုရဲ့မင်းသားလေးကိုမှ ဘာတွေသွားရှုပ်လိုက်တာလဲ၊ မင်းစိတ်မှမှန်သေးရဲ့လား..."


ထိုယောကျ်ားက ဆက်လက်အော်ဟစ်နေပြီး ဒေါသပိုထွက်လာရသည်။ သူက ယွမ်ရှောင်ကျိုးကိုရိုက်ချင်သလို လက်မြှောက်လိုက်ချိန်မှာပင် ဘေးမှအမျိုးသမီးက ချက်ချင်းဆွဲလာလေ၏။ 


"ယောကျ်ား၊ ယောကျ်ား၊ သားကိုမရိုက်ပါနဲ့၊ ရှင်သူ့ကိုသတ်မိလိမ့်မယ်..."


"ကျစ်၊ မင်းကလေ ပြဿနာကိုရှာတဲ့ကောင်..."


"ဘမ်း"


ဇနီးဖြစ်သူကတားလာ၍သာ ဆေးရုံကုတင်ကိုသာရိုက်ပြီး ဒေါသဖြေလိုက်ရလေ၏။


အိပ်ရာပေါ်မှယွမ်ရှောင်ကျိုးမှာမူ ဟိုယိမ်းသည်ယိုင်ဖြစ်နေပြီ။ ဒဏ်ရာလည်းပွင့်သွားပြီး နာကျင်မှုက သူ့အား အသက်ပြင်းပြင်းရှူမိစေသည်။ သို့သော်လည်း အခြေအနေတစ်ရပ်လုံးကြောင့် မှင်သက်နေသည်ဖြစ်ရာ နာကျင်မှုကိုလုံးဝမခံစားရပါချေ။


'ဘယ်လိုတွေဖြစ်ကုန်တာလဲ'


သူကျူးထုန်ကို ဘာမှမလုပ်ခဲ့ဘူးလေ၊ ကျူးထုန်က ဘာလို့သူ့ကို ဒီလိုလုပ်လိုက်ရတာလဲ။


သူ့ဘက်မှာ ကောင်းကင်ဘုံရဲ့တမန်တော်တွေရှိနေလို့လား။


'ရှောက်မင်ပဲ'


'ကျူးထုန်ကလည်း ရှားယန်လို ရှောက်မင်ကိုကြိုက်နေတာလား'


'ဘာလို့လဲ'


'သူ့မျက်နှာလေးကြောင့်လား၊ သူဘာလို့အခုထိမသေသွားရသေးတာလဲကွာ'


ယွမ်ရှောင်ကျိုး၏လက်များက အိပ်ရာခင်းကိုတင်းတင်းဆုပ်လိုက်မိသည်။ လက်ချောင်းထိပ်များက အခင်းကိုပင်အပေါက်ဖောက်သွားတော့မတတ်ပင်။


အိပ်ရာခင်းကိုကန်လိုက်ပြီးသည့်အခါ ယွမ်ဟွေ့၏ဒေါသက အတန်ငယ်လျော့သွားပုံရလေသည်။ နှစ်သိမ့်ပေးခြင်းပင်မရှိဘဲ ထွက်သွားရန်စီစဥ်နေလေ၏။ 


"အခုလောလောဆယ်တော့ ဆေးရုံမှာနေလိုက်ဦး..." 

ပြောပြီးသည်နှင့် လူနာခန်းထဲမှ တန်းပြီးထွက်သွားလေတော့၏။


ယွမ်ရှောင်ကျိုးက ခေါင်းငုံ့ထားပြီး ဘာကိုမှပြန်မပြောတော့ချေ။


အမေဖြစ်သူက သူ့အား စကားအနည်းငယ်ပြောကာနှစ်သိမ့်ပေးနေပြီး အိပ်ရာပေါ်တွင်လှဲနိုင်အောင်ကူညီပေးကာပြောလိုက်လေသည်။


 "ရှောင်ကျိုး၊ စိတ်မပူပါနဲ့၊ ဒီကိစ္စက ဒီတိုင်းမပြီးသွားပါဘူး၊ အမေ မင်းဦးလေးဆီကိုသွားမယ်၊ သူက ကျိန်းသေကူညီပေးမှာပါ..."


သို့သော်လည်း ကံကြမ္မာတွင် အခြားအစီအစဥ်တစ်ခုရှိနေခဲ့သည်။


ဤပြဿနာကိုဖြေရှင်းရန် သူမ လူတစ်ယောက်ကိုရှာတွေ့သွားချိန်မှာပင် ယွမ်ရှောင်ကျိုး၏ဦးလေးမှာလည်း သူ့ကိုယ်သူဂရုစိုက်ရင်း အလုပ်များနေရရှာလေသည်။


ကျောင်းအတွင်း ဖိုရမ်ပိတ်ထားချိန်တွင် ကျောင်းသားအများအပြားက စကားပြောရန်အတွက် group chat များရှိရာကိုရွှေ့လာကြသည်။ ဤသို့ဖြင့် group chat များက ပုံမှန်ထက်ပိုပြီး စည်ကားလာလေ၏။


ဘယ်သူက အရင်သတင်းဖြန့်လိုက်မှန်းမသိပေ။ အထူးသဖြင့် ကျောင်းသားများက အမည်မသိအကောင့်များနှင့်လှုပ်ရှားကြသည်။ သို့ရာတွင် သူတို့ကား ကောင်တီပညာရေးဌာနမှ အတွင်းသတင်းများကိုမူ တနည်းတဖုံဖြင့်ရလာတတ်ကြလေ၏။


[ယွမ်ရှောင်ကျိုးရဲ့ဦးလေး၊ ပညာရေးဌာနက လက်ထောက်ဒါရိုက်တာက ယွမ်ရှောင်ကျိုးရဲ့ ပြစ်မှုငယ်တွေကို ဖုံးထားပေးတယ်ဆိုပြီး တိုင်ကြားခံရတယ်တဲ့၊ သူ့ကိုစစ်ဆေးဖို့ဖမ်းထားကြတယ်လို့ သတင်းအတိအကျရထားတယ်]


[သက်ငယ်ပြစ်မှုပေါ့၊ ယွမ်ရှောင်ကျိုးဝန်ခံလိုက်တာက ဘာအမှုလဲ]


[လွန်ခဲ့တဲ့နှစ်နှစ်က ယွမ်ရှောင်ကျိုးက ကောင်မလေးတစ်ယောက်နဲ့ကြိုက်ခဲ့တယ်၊ ပြီးတော့ အဲဒီကောင်မလေးကို မတရားကျင့်ခဲ့တယ်တဲ့၊ တော်သေးလို့ ရဲတွေကိုအချိန်မီလေး အကြောင်းကြားလိုက်နိုင်တယ်တဲ့လေ၊ ယွမ်ရှောင်ကျိုးကို ပြစ်မှုမှတ်တမ်းထဲထည့်မလို့လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးတဲ့၊ သူ့အဖေက ကောင်မလေးရဲ့မိသားစုကို ပိုက်ဆံတွေပုံပေးပြီး နှုတ်ပိတ်လိုက်တယ်တဲ့၊ ပြီးတော့ သူ့ဦးလေးကလည်း ကောင်မလေးကို တခြားမြို့ကိုပြောင်းခိုင်းလိုက်တယ်တဲ့၊ အဲဒါနဲ့ပဲ ဒီကိစ္စက ဒီတိုင်းပဲကျန်နေခဲ့တာပေါ့]


[သောက်ချီး၊ ဒီလိုအမှုမျိုးကိုတောင်ဖုံးထားရင် တခြားကြောက်စရာကောင်းတဲ့အမှုမျိုးတွေကိုလည်း ဖုံးထားနိုင်လောက်တယ်]


[အရင်ဆုံး အဲဒီကိစ္စကိုခဏဘေးဖယ်ထား၊ သူကအနိုင်ကျင့်နေပြီး အမြဲတမ်းလိုလို ကျောင်းအပြင်မှာ ကျောင်းသားတွေကို "လမ်းပိတ်" ထားနေကျလေ၊ နောက်ဆုံးတစ်ခေါက်ကလည်း ကျောင်းစာနတ်ဘုရားရဲ့ နို့လက်ဖက်ရည်ဆိုင်ကို မဟုတ်မမှန်သတင်းတွေဖြန့်သေးတယ်မလား၊ သူကလေ ကျောင်းစာနတ်ဘုရားနဲ့ပတ်သတ်လာရင် မကျေနပ်တာကများနေတာ၊ အဲဒါကြောင့် "ကောလဟလသတင်း" တွေကလည်း သူလုပ်တာပဲဖြစ်မှာ]


[ဖာ့ခ်၊ ဒါတော့ သိသာလွန်းသွားပြီ]


[သူက လူမှဟုတ်သေးရဲ့လား]


[အိုက်ယား၊ ငါတော့ ဒါကိုရင်ဘတ်ထဲမှာထည့်သိမ်းထားရတာ ကြာလှပြီ၊ အခုတော့ ဖွင့်ထုတ်ပစ်တော့မယ်၊ ရှောက်မင်မိသားစုရဲ့အခြေအနေက ဖိုရမ်ကလူတွေပြောနေသလိုမဟုတ်ဘူး၊ သူ့မိသားစုက အရင်က ဘားဆိုင်ဖွင့်ခဲ့တာတော့မှန်တယ်၊ ပြီးတော့ ဘားကိုပိတ်လိုက်ရတယ်၊ ဒါပေမဲ့ ရှောက်မင်ကိုယ်တိုင် တိုင်လိုက်တာ၊ သူက လူမှန်လေ၊ သူ့ဆွေမျိုးတွေကိုတောင် ညှာတာမဟုတ်ဘူး]


[ငါလည်းသိပါတယ်၊ ငါလည်း ကျောင်းစာနတ်ဘုရားနဲ့တစ်လမ်းတည်းနေတာပါ၊ သူ့ပထွေးက အုတ်ကြားမြက်ပေါက်လေ၊ အရက်သောက်လိုက်၊ အလောင်းအစားလုပ်လိုက်၊ အိမ်ကလူတွေကိုနှိပ်စက်လိုက်နဲ့ပဲ၊ ရှောက်မင်အမေကိုဆိုရင် အဲဒီလူက ဆံပင်ကနေဆွဲပြီး လမ်းကြားထဲကိုခေါ်သွားတတ်တာ]


[ပြီးတော့ ဘားဆိုင်ပိတ်လိုက်ရတာက လွန်ခဲ့တဲ့ငါးနှစ်ကလေ၊ အခုတော့ ကျောင်းစာနတ်ဘုရားရဲ့အမေလည်း နို့လက်ဖက်ရည်ဆိုင်ကိုအေးအေးချမ်းချမ်းဖွင့်နိုင်ပြီ၊ မဟုတ်တမ်းတရားတွေပြောပြီးတိုင်တဲ့အဲဒီယွမ်ရှောင်ကျိုးဆိုတဲ့ ကလေကချေကောင်ပဲကျန်တော့တယ်]


ယွမ်ရှောင်ကျိုးလက်စားချေမည်ကို စိုးရိမ်စရာမလိုတော့လေရာ ရှောက်မင်ဘက်မှပြောပေးချင်သူများက တဖြည်းဖြည်းနှင့် ပေါ်လာခဲ့လေ၏။


ကျောင်းလေးကားသေးငယ်ပြီး လူများကမူစည်းရုံးကြသည်။ ၎င်းသတင်းက တောမီးပမာပျံ့သွားခဲ့လေ၏။ မကြာခင်မှာပင် တန်းခွဲသုံးကလည်း ထိုအကြောင်းကိုစတင်ဆွေးနွေးကြလေတော့သည်။


ကျောင်းသားအချို့က အတန်းထဲတွင်ဆွေးနွေးနေစဥ် ကျူးထုန်ကား ထိုင်ခုံတွင်ထိုင်ရင်း နမူနာမေးခွန်းများကိုဖြေပြီးစသာရှိသေးလေ၏။


ကျောင်းသားအများစုက ရှောက်မင်ကိုသနားနေကြပြီး ရှောက်မင်အဖေကို အပြစ်တင်ပြောဆိုနေကြစဥ် ကြားနေရသည့်စကားများမှာ နားမခံသာအောင်ရှိလေသည်။


ကံကောင်း၍ နေ့လည်စာစားချိန်ဖြစ်နေပြီး ရှောက်မင်နှင့်လော့ရှိုးတို့ကလည်း ထမင်းထွက်စားနေကြကာပြန်မရောက်ကြသေးပေ။


သူကား စိတ်ထဲမှကျိတ်ကာဝမ်းသာမိရုံရှိသေးစဥ် ကျောင်းသားတစ်ယောက်က အတန်းထဲသို့ အော်ပြောလိုက်သံကိုကြားလိုက်ရလေသည်။ 


"မင်ကော၊ စိတ်မကောင်းလိုက်တာဗျာ၊ ပထွေးက ဝက်နဲ့ခွေးတွေထက်တောင်အဆင့်နိမ့်သေးတယ်၊ ကလေးအရွယ်တုန်းက အရမ်းခက်ခဲခဲ့မှာပဲ၊ သူကမင်းအမေကို ခွင့်လွှတ်ပေးဖို့တောင်တောင်းဆိုလိုက်သေးတယ်ပေါ့လေ၊ ဖွီ၊ ငါကတော့ သူ့ကို တသက်လုံးထောင်ထဲမှာပဲအရိုးဆွေးသွားဖို့မျှော်လင့်ပါတယ်..."


ကျူးထုန်: "....."


လော့ရှိုးက မျက်နှာပူစွာဖြင့်အတန်းထဲသို့ဝင်လာပြီး ရှောက်မင်ကလည်းသူနှင့်အတူပါလာလေသည်။


ကျူးထုန်မှာ စိုးရိမ်နေခဲ့သည်။ ရှောက်မင်ကမူ ပုံမှန်အတိုင်း သာသာလေးပြုံးနေခဲ့၏။ အတန်းထဲဝင်သည်နှင့် လော့ရှိုးနှင့်လမ်းခွဲပြီး သူ့ထိုင်ခုံသို့ပြန်လာလေသည်။


"ငါမင်းကို မနက်စာစားချိန်တုန်းကမတွေ့မိပါဘူး၊ တစ်နေ့ခွဲရတာက ဆောင်းဦးသုံးရာသီလောက်ကြာတယ်တဲ့၊ ဘာလို့ငါ့ကို နွေးထွေးတဲ့မျက်လုံးလေးတွေနဲ့ မကြိုတာလဲ၊ ထိုင်ခုံဖော်လေး..."


ကျူးထုန်: "....."


အတန်ကြာအထိတိတ်ဆိတ်သွားပြီးမှ သူပုံမှန်အတိုင်း ပြန်ငြင်းလိုက်သည်။ 

"ဟင့်အင်း..."


ရှောက်မင်၏ ပျော်စေပြက်စေအကျင့်အရ စနောက်မှုကိုကျေးဇူးတင်ရမည်။ ထိုသူ၏ဒရမ်မာခင်းမှုက ကျူးထုန်အပေါ်ကိုမသက်ရောက်ပေ။ ရှောက်မင်ကလည်း ကျူးထုန်၏အေးတိအေးစက်တုံ့ပြန်မှုကိုဂရုမစိုက်ပေ။ ထိုင်ချပြီးသည်နှင့်ဖုန်းထုတ်လိုက်သည်။ တောက်ပသောဖုန်းမှန်က တခန်းလုံးကို အလင်းပြန်နေစေ၏။


အတင်းပြောနေကြသည့်ကျောင်းသားများမှာ ရှောက်မင်ပြန်ရောက်လာသည်နှင့် ကိုယ့်ထိုင်ခုံရှိရာကိုယ် အသီးသီးပြန်ထိုင်သွားကြသည်။ ကျူးထုန်ကမူ တခဏမျှဖုန်းကိုကြည့်နေပြီး သူ၏စပ်စုလိုစိတ်ကို ဖျက်ဆီးရန်ကြိုးစားနေရရှာသည်။ စိတ်ထဲတွင် တိုက်ပွဲရှုံးနိမ့်သွားသည့်အခါ ရှောက်မင်ကိုကြည့်ကာ အသံခပ်တိုးတိုးဖြင့်မေးလိုက်လေသည်။


 "ပညာရေးဌာနက အပုပ်တွေကိုဖော်လိုက်တာမင်းလား..."


ရှောက်မင်က စိတ်ရှုပ်ထွေးနေသောမျက်နှာကို အသိသာဆုံးပြရင်းတုံ့ပြန်လာလေသည်။ 


"အင်းလေ၊ ဘာဖြစ်လို့လဲ..."


ကျူးထုန်: "......"


တစ်ခုခုကထူးဆန်းနေသလိုပင်။ သူကား ကိုယ်ကိုမတ်နေအောင်ထိုင်လိုက်ကာ ခေါင်းခါပြလိုက်၏။ 


"ဘာမှမဟုတ်ပါဘူး..."


ရှောက်မင်ကြောင့် သက်သေများမှာပြန့်သွားခဲ့ပြီး ပညာရေးဌာနက အမြန်ဆုံး စစ်ဆေးခံလိုက်ရသည်ဆိုပါက ၎င်းသက်သေများမှာ အနည်းဆုံးတော့ မနေ့ကပို့ပေးလိုက်သည့်သက်သေများသာဖြစ်လိမ့်မည်။


သို့ဖြစ်၍ ယွမ်ရှောင်ကျိုးကို မနေ့က သူဘာမှမလုပ်ခဲ့လျှင်ပင် ထိုလူမိုက်ကောင်က ကြာကြာရယ်နိုင်မည်မဟုတ်တော့ပေ။


မနေ့က ဆိုးရွားလွန်းသောမှတ်ချက်များကိုမြင်အပြီး ရှောက်မင်၏တည်ငြိမ်နေမှုမှာလည်း တလျှောက်လုံး ဟန်ဆောင်နေခြင်းမဟုတ်ပေ။


သူ့အကူအညီမပါလျှင်ပင် ထိုသူက အလွန်အမင်း စိတ်ထိခိုက်နေရလိမ့်မည်မဟုတ်ပါချေ။


'ဒါပေမဲ့ ဘယ်အချိန်တည်းက အဲဒီသက်သေတွေကိုစုလိုက်တာလဲ၊ အထက်တန်းကျောင်းသားတစ်ယောက်အတွက် သက်သေတွေကိုရှာပြီး တစ်ချက်တည်းအမြစ်ဖြတ်ဖို့က လွယ်တာမဟုတ်ဘူး၊ ယွမ်ရှောင်ကျိုးရဲ့ဦးလေးက အခုထိအထဲမှာရှိသေးတယ်'


လုံးဝ လွယ်ကူသည့်အရာမျိုးမဟုတ်။ ယင်းကြောင့် ကျူးထုန်မှာ ရှောက်မင်၏နောက်ကြောင်းများကိုသိချင်လာရသည်။ အထူးသဖြင့် ပြစ်မှုကိုတိုင်ကြားပြီး သူ့အဖေကို ကိုယ်တိုင်ထောင်ထဲထည့်လိုက်သည့်ကိစ္စက်ုပင်။


အခြားသူများ ပြောစကားအရဆိုပါက သူ့အဖေ၏ဘားဆိုင်ကို တိုင်ရန် သက်သေများကိုစခဲ့သည့်အချိန်က ရှောက်မင်မှာ အသက်ဆယ့်နှစ်နှစ်သာရှိသေးလေသည်။


သူဘယ်နေရာကနေ သတ္တိနဲ့ယုံကြည်ချက်တွေ ရလာတာလဲ။ ရှုံးသွားခဲ့ရင်ဆိုတဲ့ နောက်ဆက်တွဲတွေကိုရော မစဥ်းစားမိဘူးလား။ သူ့မှာကြောက်စိတ်ရောရှိရဲ့လား။


သူ့အမေက အိမ်တွင်းအကြမ်းဖက်ခံရတာ၊ သူကရော။


တွေးမိလိုက်သည်နှင့် ကျူးထုန်၏မျက်လုံးများက ရှောက်မင်၏ကိုယ်ပေါ်ကိုရောက်သွားခဲ့သည်။


ထိုသူမှာ ခဲရောင် လည်ပင်းအဝိုင်းနှင့်တီရှပ်ဝတ်ထားလေသည်။ ညှပ်ရိုးနှင့် လည်ပင်

းလိုင်းတို့က အတိုင်းသားပေါ်နေ၏။ မကြာခင်ရက်ပိုင်းတည်းက ရာသီဥတုအေးလာပြီဖြစ်သောကြောင့် ထိုသူက လက်ရှည်ဝတ်ထားခဲ့သည်။ လည်ပင်းနှင့်လက်ဖဝါးမှလွဲလျှင် ကျန်သည့်အသားအရေတို့ကို သပ်ရပ်စွာဖြင့်ဖုံးကွယ်ထားလေသည်။



🤒