Chapter 30
Viewers 5k

🤒အခန်း ၃၀





ရှောက်မင်က သူ့အကြည့်အတိုင်းလိုက်ကြည့်ပြီး သူ့ခန္ဓာကိုယ်ကိုယ်သူ ခေါင်းငုံ့ပြီးကြည့်သည်။ ထိုင်ခုံဖော်လေးက သူ့ကိုငေးကြည့်ရင်း ငိုင်နေပုံရသောကြောင့် အသာလေးကပ်သွားပြီး စနောက်လိုက်၏။ 


"မင်း...ငါ့အပေါ်ကို မရိုးသားတဲ့အတွေးတွေရှိနေတာလား..."


ရှောက်မင်ကသူ့အား ပြုံးပြုံးလေးဖြင့်စနေသောကြောင့် ကျူးထုန်မှာ တမဟုတ်ချင်းအသိစိတ်ကပ်သွားခဲ့လေသည်။ ရှောက်မင်၏စောင်းပါးရိပ်ချည်ပြောလိုက်သည့်စကားကိုနားလည်သွားသည်နှင့် သူ့မျက်နှာကနီရဲသွားသည်။ သူကား ချက်ချင်းခေါင်းမော့ပြီးငြင်းလိုက်လေ၏။ 


"မဟုတ်ပါဘူး၊ ငါ့မှာအဲဒီလိုသဘောမျိုးမရှိပါဘူး..."


ရှောက်မင်: "....."


ကျူးထုန်မှာ သူ၏လည်ပင်းရိုးကိုစိုက်ကြည့်နေမိခဲ့သောကြောင့် ထိုသူဆိုလိုချင်သည့်စကားကိုနားလည်သွားရလေသည်။


မဟုတ်ရင် ဘာလို့သူ့လည်ပင်းကို ဝါးစားတော့မလိုမျိုးကြီးစိုက်ကြည့်နေမှာလဲ။


ကျူးထုန်: "ငါက...."


'ငါက ခန္ဓာကိုယ်မှာ ဒဏ်ရာများရထားမလားလို့ကြည့်ချင်ရုံပါ'


သို့သော်လည်း ထိုစကားလုံးကတည့်တိုးဆန်ပြီး စပ်စုနေသည့်ပုံစံမျိုးဖြစ်သွားလိမ့်မည်။ သို့ဖြစ်၍ သူကား စကားကိုခဏရပ်လိုက်ပြီး ချဥ်းကပ်သင့်သည့်ပုံစံကိုပြန်လည်စဥ်းစားလိုက်၏။ အသက်ကိုခပ်ပြင်းပြင်းလေးရှူလိုက်ပြီးမှ တစ်ချက်တည်းဖြင့် ပတ်တီး(တိုက်ရိုက်ပြော)ကိုဆွဲဖြည်လိုက်သည်။ 


"မင်းရဲ့ပထွေး၊ သူက၊ ဟို...မင်းကိုရိုက်သေးလား..."


ရှောက်မင် အေးခဲသွားသည်။


ကျူးထုန်မှာပြောပြီးမှပင် နောင်တရသွားရလေ၏။ သူကားခေါင်းလှည့်ကာပြောလိုက်ရလေတော့သည်။ 


"ငါကသိချင်လို့မေးရုံပါ၊ မင်းမပြောချင်ရင်လည်း..."


"ကြည့်မလား..." 


ရှောက်မင်က ရုတ်တရက် သူ့စကားကိုဖြတ်ပြောလာခဲ့သည်။


ကျူးထုန်မှာ ကိုယ်ကိုရို့လိုက်မိသည်။ ယခုကဲ့သို့သော တုံ့ပြန်မှုမျိုးကို သူမမျှော်လင့်ထားခဲ့မိပါချေ။


ရှောက်မင်က ကျူးထုန်၏ဆွံ့အသွားမှုကို လျစ်လျူရှုပြီးဆက်ပြောလာသည်။


 "မင်းကြည့်ချင်ရင်ကြည့်လို့ရတယ်၊ မင်းကငါ့ရဲ့ထိုင်ခုံဖော်လေးဆိုမှတော့ အထူးအခွင့်အရေးပေးရမှာပေါ့..."


ကျူးထုန်က ချက်ချင်းခေါင်းခါပြလိုက်သည်။


 "မ..မလိုတော့ဘူး..."


ဒဏ်ရာရသွားခဲ့လျှင်ပင် မှေးမှိန်သွားလောက်ပြီ သို့မဟုတ်လျှင်လည်း ပျောက်သွားလောက်ပြီပင်။ မည်သို့ပင်ဖြစ်စေ နှစ်များစွာကြာခဲ့ပြီလေ။


အရပ်ပုသည့်လူငယ်လေးမှာ တုံးအလွန်းသည့်ဆုံးဖြတ်ချက်ရှေ့တွင် ဒူးထောက်ကျသွားရသည်။ မေးမိသည်ကိုပင်နောင်တရမိပါ၏။


သူကား ရှက်ရွံ့သွားမိပြီး ခုံကိုရှောက်မင်နှင့်ဝေးရာသို့ မသိမသာရွှေ့မိချင်သွားသည်။ အရပ်ပိုရှည်သောလူငယ်လေးရှောက်မင်က သူရှိရာဘက်သို့ကိုင်းလာရင်း နားထဲသို့တီးတိုးပြောလိုက်လေ၏။ 


"ဒါပေမဲ့ ဒီလိုတောင်းဆိုချက်မျိုးက ညဘက်မှာပဲဖြစ်သင့်တာ၊ အတန်းထဲမှာ လူတွေအများကြီးရှိနေတယ်လေ၊ မင်းသိရဲ့လား၊ ကိုယ်တို့ကို တခြားလူတွေမြင်သွားရင်ရှက်စရာကြီး..."


ကျူးထုန်: "......"


မယုံကြည်နိုင်မှုတို့က ကျူးထုန်၏မျက်လုံးထဲတွင် တဒင်္ဂမျှဖြတ်ပြေးသွားခဲ့သည်။ ယင်းက ထိုသူပြောလိုက်သည့် "တောင်းဆိုချက်"ဟူသောအရာအား သိလိုစိတ်ကို ဖြစ်ပေါ်စေ၏။


ရှောက်မင်၏မျက်နှာမှာ မဟာတံတိုင်းကြီးထက်ပင်ထူနေခဲ့သည်လား။ အဘယ်ကြောင့်များ ရှက်ကြောက်စိတ် တစိုးတစိမျှပင် မခံစားရသည်ကိုမသိတော့ချေ။


"ငါ..."


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှုက နှစ်ဆယ်ရာခိုင်နှုန်းအထိထိုးတက်သွားပါပြီ၊ ဆက်ကြိုးစားပါ'


ကျူးထုန်: "....."


သူ့အနေဖြင့် သူထိုသို့သော စကားမျိုးကိုပြောလိုက်မိ၍ ရှောက်မင်တစ်ယောက် အနေရခက်သွားလိမ့်မည်ဟုထင်ခဲ့သည်။ သို့သော်လည်း ထိုသူမှာ စိတ်ခံစားချက်ကောင်းနေပုံရ၏။  


ကျူးထုန်မှာ ပြေရာပြေကြောင်းစကားတို့ကိုမျိုချလိုက်ရသည်။ ဖြစ်ချင်သည့်အခါ လေပြွန်ထဲမှားဝင်သွားသောကြောင့် တံတွေးသီးသွားလေတော့၏။


"အဟွတ်၊ အဟွတ်၊ အဟွတ်..."


ချောင်းဆိုးနေသည်မှာ မရပ်တော့ပေ။


သူခဏမျှမှင်သက်နေပြီးနောက် အဆက်မပြတ်ချောင်းဆိုးနေသည်ကို ရှောက်မင်မြင်သွားခဲ့သည်။ သူ့မျက်နှာပေါ်ရှိအပြုံးမှာပြယ်လွင့်သွားကာ စိုးရိမ်စိတ်တို့ကအစားထိုးဝင်ရောက်လာလေ၏။ 


"ဘာဖြစ်တာလဲ.."


ကျူးထုန်: "ဘာ..ဘာမှမဟုတ်...အဟွတ်..အဟွတ်..."


ရှောက်မင်မှာ သူ လေများအားဟပ်ထုတ်နေသည်ကိုသာမြင်နေရရှာသည်။ သူ့မျက်နှာထက်တွင် ထူးဆန်းသည့်အရောင်များက ဖြတ်ပြေးသွားခဲ့၏။ သူက တီးတိုးရေရွတ်လာလေသည်။ 


"မင်းကလေ ဘာလို့များ..."


'ဒီလောက်တောင် နမော်နမဲ့နိုင်ရတာလဲ'


ရှောက်မင်မှာ မည်သို့တုံ့ပြန်ရမည်ကိုမသိတော့ပေ။ အမြန်ပင်လက်ဆန့်ထုတ်လိုက်ပြီး ထိုင်ခုံဖော်လေး၏ကျောကိုပုတ်ကာ သက်သာအောင်လုပ်ပေးလိုက်လေသည်။


မိနစ်အနည်းငယ်ကြာအထိ ဆက်တိုက်ချောင်းဆိုးပြီးမှ ကျူးထုန်မှာ အားပြန်ရလာလေ၏။ သူ ကိုယ်ကိုဘေးဘက်သို့ယိမ်းလိုက်ပြီး ရှောက်မင်လက်မောင်းကို ကိုယ်တပိုင်းမှီထားလိုက်ရလေသည်။


ကမ္ဘာမြေကိုပင်ထက်ခြမ်းကွဲသွားစေနိုင်လောက်သော ချောင်းဆိုးသံကိုကြားလိုက်ရသည့်အခါ ထျန်နွမ်က လှည့်ကြည့်လာသည်။ သူမမှာ ကျူးထုန်ကချောင်းဆိုးထားသောကြောင့် သွေးရောင်ရဲနေသည့်မျက်နှာဖြင့် ရှောက်မင်၏လက်မောင်းကို အသေအချာမှီထားသည်ကို တွေ့လိုက်ရလေ၏။


"ကျူးထုန်ကဘာဖြစ်တာလဲ..."


ရှောက်မင်ကပြောတော့မည်အလုပ်တွင် ကျူးထုန်က ချောင်းဆိုးနေသည်ကို ထိန်းထားရင်းမော့ကြည့်လာ၏။ 


"ငါ...အို...အိုကေပါတယ်...အဟွတ်..."


ထျန်နွမ်: "....."


နောက်ဆုံးတွင် ကျူးထုန်တစ်ယောက် ချောင်းဆိုးရပ်သွားခဲ့သော်လည်း ရှောက်မင်ကမူ သူ့ကျောကိုပုတ်ပေးနေဆဲ။ စိုးရိမ်နေသည့်အသံဖြင့် ထိုသူကမေးလာပါသေးသည်။ 


"သက်သာသွားပြီလား..."


ကျူးထုန်ကခေါင်းညိတ်ပြလာသည်။ "အင်း..."


ရှောက်မင်က လွှတ်ပေးလိုက်ပြီး ရေဘူးကိုဆွဲယူလိုက်သည်။ အဖုံးဖွင့်ပေးပြီးနောက် ကျူးထုန်ကိုကမ်းပေးလိုက်လေသည်။ 


"ရေနည်းနည်းသောက်လိုက်ဦး..."


ကျူးထုန်က ယူသောက်လိုက်သည်။


အလောတကြီးသောက်လိုက်မိ၍ ရေများက သူ့နှုတ်ခမ်းထောင့်မှလျှံကျလာပြီး မေးစေ့မှလည်ပင်းတလျှောက် စီးကျသွားခဲ့သည်။


ရှောက်မင်က စဥ်းပင်မစဥ်းစားတော့ဘဲ ကျလာသောရေစက်များကို လက်ခုံဖြင့်သုတ်ပေးလိုက်သည်။ အသားချင်းထိမိသွားသည့်အချိန်မှာပင် သူတို့နှစ်ယောက်လုံး ပြိုင်တူတောင့်တင်းသွားကြလေသည်။


ကျူးထုန်က လက်တစ်ဖက်တွင်ရေဘူးကိုင်ထားပြီး ကျန်လက်တစ်ဖက်က ရှောက်မင်၏ဆန့်ထုတ်ထားသောလက်ကိုကိုင်ထားလေသည်။ ရှောက်မင်က လက်တစ်ဖက်ဖြင့်ရေဘူးအဖုံးကိုကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့်ကျူးထုန်၏ကျောကိုပုတ်ပေးနေခဲ့သည်။


ပွေ့ဖက်ထားကြသလိုပင်။


ထျန်နွမ်: "......"


သူမ ဤနေရာတွင်ရှိမနေသင့်ဘဲ စားပွဲခုံအောက်တွင်သာဝင်နေလိုက်သင့်သည်။


ရုတ်တရက် ကျောင်းခေါင်းလောင်းသံကမြည်လာပြီး သူမလည်း အူကြောင်ကြောင်ဖြစ်နေရာမှ ဆတ်ခနဲလန့်သွားလေသည်။ သူမ ချက်ချင်းခေါင်းပြန်လှည့်လိုက်ရ၏။


ကျူးထုန်လည်း သတိပြန်ဝင်လာသည်။ ထို့နောက် ငုံ့ကြည့်လိုက်ပြီး ကောင်လေး၏လက်မောင်းပေါ်မှသူ့လက်ကိုပြန်ရုတ်လိုက်၏။ 


"ကျေးဇူး..."


လက်ပေါ်ရှိအနွေးဓာတ်လေးက ရုတ်ချည်းပျက်ပြယ်သွားခဲ့သည်။ ရှောက်မင်က ခဏရပ်သွားပြီးမှရယ်လိုက်လေ၏။ 


"ငါကမင်းကိုသီးအောင်လုပ်ထားတာနော်၊ မင်းငါ့ကိုကျေးဇူးတင်နေတုန်းပဲလား..."


ကျူးထုန်ကခေါင်းခါပြလာသည်။ 


"ငါဟာငါတံတွေးသီးသွားတာပါ၊ မင်းကြောင့်မဟုတ်ပါဘူး..."


"....."


ရှောက်မင်မှာ တခဏမျှပြောစရာမဲ့သွားရလေသည်။


သူကား ရေဘူးကို အဖုံးပြန်ဖုံးလိုက်ကာ ကျူးထုန်ကိုပြန်ပေးလိုက်လေသည်။ စားပွဲပေါ်ပြန်တင်လိုက်သည့်အခါ ကျူးထုန်လက်ကိုမတော်တဆထိမိသွားခဲ့သည်။ တစ်နည်းအားဖြင့် ထိုထိတွေ့မှုလေးကို အဆုံးမသတ်သွားစေချင်ခဲ့ပေ။


ကျူးထုန်က သူထူးဆန်းနေသည်ကိုသတိမထားမိသေးပေ။ ဆရာက အတန်းထဲဝင်လာပြီး သူ့တာဝန်အတိုင်း စာပြပေးလာခဲ့သည်။


ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးသည့်အခါ ရှောက်မင်က ကျူးထုန်ကို ဟိုတယ်အထိ စက်ဘီးဖြင့်လိုက်ပို့ပေးလေ၏။ သူ့အနေဖြင့် ထိုသူက အနှီ "ကတိ" ကို အလေးအနက်ကြီးယူကာ ဟိုတယ်အခန်းတံခါးဝအထိ ထွက်ပေါ်လာမည်ကိုစိုးရိမ်နေရလေသည်။


တကယ်တမ်း၌ သူ့ခြေထောက်က လုံးဝနီးပါးသက်သာနေပြီဖြစ်၏။ တည်းခိုခန်းကို ကိုယ့်ခြေထောက်နှင့်ကိုယ်ပြန်ရမည်ဆိုလျှင်ပင် ကိစ္စမရှိပါချေ။


အားလုံးက ဦးလေးလျို၏ စောဒကတက်မှုကြောင့်သာ။ ထိုသူက သူ့ဘာသူလမ်းလျှောက်ပြန်လာခဲ့လျှင် အဘိုးကိုတိုင်မည်ဟုပြောလာသည်။


သခင်လေးကျူးမှာ မိသားစုပိုင် Maybach ကားကြီးနှင့်သွားလာနေခြင်းက ဤသို့သောမြို့ငယ်လေးတွင် ကြွားဝါးလွန်းသလိုခံစားရသည်။ သူ့အနေဖြင့် မှားယွင်းပြီးအာရုံစိုက်မခံရလိုပါချေ။


ဗုဒ္ဓဟူးနေ့ ကာယအချိန်တွင် ကျူးထုန် လုံးဝသက်သာသွားခဲ့၏။ သူက ရှောက်မင် ကူညီပေးသည်ကိုငြင်းလိုက်ပြီး စာသင်ဆောင်ကို သူကိုယ်တိုင် ချောချောမွေ့မွေ့ဖြင့်လမ်းလျှောက်သွားနိုင်ခဲ့၏။


နောက်ဆုံးတခေါက်က "သွေးအန်" သည့်မတော်တဆမှုအပြီး၌ တန်းခွဲသုံး၏ကာယဆရာက ပွဲကြည့်ပရိသတ်မလုပ်ရဲတော့ပေ။ အတန်းခေါင်းလောင်းမြည်သည်နှင့် ကစားကွင်းတွင် အစောကြီးလာစောင့်နေခဲ့သည်။


"ငါမင်းအတွက် အတန်းကိုခွင့်တောင်းပေးထားတယ်၊ စုဝေးပွဲကိုသွားစရာမလိုတော့ဘူး၊ ဟိုမှာ သန့်ရှင်းရေးပစ္စည်းတွေရှိတယ်၊ ထိုင်နေလို့ရတယ်.." 


ရှောက်မင်က အတန်းမစခင်တည်းက သူ့အားပြောထားခဲ့သည်။


ကျူးထုန်: "....."


ရှောက်မင် ကြည့်သည့်အတိုင်းလိုက်ကြည့်လိုက်သည့်အခါ အလံတိုင်အောက်၌ချထားသော ခုံတစ်ခုံရှိနေလေသည်။ ရှောက်မင်က ခုံကိုမည်သည့်နေရာမှယူလာခဲ့သည်ကိုတော့ မသိပေ။


သူ ကြက်သေသေသွားပြီး ခေါင်းယမ်းကာပြောလိုက်၏။ 


"မလိုပါဘူး၊ ငါမတ်တပ်ရပ်နေလို့ရပါတယ်.."


ရှောက်မင်က သူ့ကိုကြည့်ပြီး ပြုံးလာလေသည်။ သူက ကျူးထုန်ကို ဖိအားမပေးခဲ့ပေ။


ကျူးထုန်က သူ့လည်ပင်းတွင်တွဲလောင်းကျနေသော ဝီစီကိုကြည့်ပြီးသတိပေးလိုက်၏။ 


"မြန်မြန်လူစုတော့လေ..."


ရှောက်မင်က ချက်ချင်းပြန်ပြောလာခဲ့သည်။


 "မလောနဲ့၊ လူမစုံသေးဘူး..."


လူမစုံသေးသည့်တိုင် ကစားကွင်းကမူ စည်ကားနေလေပြီ။


ကျူးထုန် ကွင်းထဲမှဘတ်စကတ်ဘောကစားသမားများကိုကြည့်လိုက်ပြီး ဓာတ်ပုံရိုက်လိုက်သည်။


ရှောက်မင်က သူ၏လုပ်ငန်းဆောင်တာနှင့်ပတ်သတ်၍ နားလည်နေပြီဖြစ်ရာ ကျိတ်ရယ်ပြီးပြောလာလေ၏။ 

"မင်းညီမကိုထပ်ပို့ပေးဦးမလို့လား..."


နောက်ဆုံးတခေါက် နို့လက်ဖက်ရည်ဆိုင်တွင်လည်း သခင်လေးက ဓာတ်ပုံရိုက်ခဲ့သေးသလိုပင်။


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။ 

"အင်း..."


ရှောက်မင်က သူတကယ်ကြီးဓာတ်ပုံရိုက်နေမှန်းသိသွားခဲ့သည်။ ဤသခင်လေးက လုပ်နေသည်ဟုထင်ရလျှင် တကယ်လုပ်နေသည်ပင်။


သူကား သိချင်စိတ်ကိုမထိန်းထားနိုင်တော့လေရာ တိုက်ရိုက်ပင်မေးလိုက်လေတော့၏။

 "မင်းညီမကအသက်ဘယ်လောက်ရှိပြီလဲ..."


ကျူးထုန်က သူ့ကိုကြည့်ကာပြန်ဖြေသည်။ 

"ငါနဲ့အတူတူပဲ၊ ငါတို့ကအမွှာတွေလေ.."


"...."


"အမွှာတွေလား..."


ရုတ်တရက် ရှောက်မင်ကသူ့အား အသေအချာစူးစမ်းနေလေသည်။


ကျူးထုန်က ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်၏။ 


"ဘာလို့လဲ..."


ရှောက်မင်ကသူ့ကို သံသယဝင်နေသည့်အကြည့်ဖြင့်ကြည့်လာလေသည်။ 

"မင်း...ယောကျ်ားလေးလိုဟန်ဆောင်ထားတဲ့ မိန်းကလေးမလား..."


ကျူးထုန်: "??"


'ဘယ်လိုသုံးသပ်ချက်ကြီးလဲ၊ ငါကမိန်းကလေးနဲ့လည်းမတူပါဘူး'


ရှောက်မင်က သဘောရိုးဖြင့်ပြုံးလာလေ၏။


 "ယောကျ်ားလေးဟန်ဆောင်ထားတဲ့ မိန်းကလေးတိုင်းက သူ့မှာ အမွှာညီမရှိတယ်လို့ပြောတတ်ကြတယ်..."


ကျူးထုန်: "....."


'ဒါပေမဲ့ ငါ့မှာ တကယ်ကိုညီမတစ်ယောက်ရှိတယ်လေ'


သူ၏လိင်အမျိုးအစားကို ခွဲခြားပြတော့မည့်အချိန်တွင် လော့ရှိုးက ရှောက်မင်ကို ကစားကွင်းထဲလာရန် ရုတ်တရက်လှမ်းခေါ်လာသည်။


"ငါသူ့ဆီသွားလိုက်ဦးမယ်၊ ငါ့ကိုဓာတ်ပုံကောင်းကောင်းရိုက်ပေးဖို့လည်းသတိရဦး.."


ကျူးထုန်: "....."


ဘယ်သူက မင်းဓာတ်ပုံကိုရိုက်ပေးမှာလဲ။


သို့ရာတွင် သူပင်မငြင်းရသေးမှီ အရပ်ရှည်ရှည်ဖြင့်လူငယ်လေးက ထွက်သွားခဲ့ပြီ။


ရှောက်မင်က ဌာနအောက်တွင်ရပ်ပြီး ဝီစီမှုတ်နေသည့်မြင်ကွင်းကိုတွေ့လိုက်ရသည့်အခါ ကျူးထုန် ခဏရပ်သွားခဲ့သည်။ သူကား တိတ်တိတ်လေးဖုန်းကိုမြှောက်လိုက်ပြီး တကယ်ကိုဓာတ်ပုံရိုက်လိုက်လေ၏။


ပြီးနောက် အရင်ဓာတ်ပုံများနှင့်ပေါင်းပြီး via WeChat မှ သူ့ညီမထံသို့ အကုန်ပို့ပေးလိုက်တော့သည်။


သူကား ကျောင်းတစ်ကျောင်းကိုပြောင်းတိုင်း နေ့တိုင်းလိုလို ရှောင်ရှင်းကိုဓာတ်ပုံရိုက်ပြီးပို့ပေးလေ့ရှိသည်။ သို့သော်လည်း ပြန်ပို့လာသမျှ meme အားလုံးမှာ ဒေါသထွက်နေသည့်ပုံများသာ။


ထို့အပြင် စာလည်းမပြန်ပေ။


ကျူးထုန်မှာ စိတ်ဓာတ်မကျသွားဘဲ သူ့ညီမစိတ်ဆိုးပြေသည်အထိ ပူပူနွေးနွေးအခြေအနေတိုင်းကို ဆက်လက်မျှဝေနေခဲ့သည်။


A မြို့တော်မှ အီစွတ်နိုင်ငံတကာကျောင်းတွင် ကျူးရှင်းက စန္ဒယားတီးသည့်အတန်းပြီးစသာရှိသေးသည်။


ကျူးရှင်း ဂီတအတန်းမှထွက်ထွက်ချင်း၌ ဖုန်းကိုငုံ့ကြည့်ပြီး သူမအစ်ကိုပို့လိုက်သောဓာတ်ပုံအသစ်များကိုနှိပ်ကြည့်လိုက်၏။


ဘေးမှတစ်ယောက်က မတော်တဆလှမ်းကြည့်မိသွားပြီး အံ့အားသင့်သွားသည့်အသံဖြင့် ရုတ်တရက်ပြောလာလေသည်။ 


"Wow...သူကဘယ်သူလဲ၊ ချောလိုက်တာ..."


ကျူးရှင်းကလှည့်ကြည့်ပြီး ဂုဏ်ဆာနေသည့်အသံဖြင့်ကြွားလေသည်။ 


"မချောဘူးလား၊ ငါ့အစ်ကိုပို့ပေးလိုက်တာ..."



"နင့်အစ်ကို.." 


အတန်းဖော်က စကားပြောနေရင်းရပ်သွားခဲ့၏။ 

"ဒါက ကျောင်းကအားကစားကွင်းမလား၊ နင့်အစ်ကိုကကျောင်းပြောင်းပြီးတော့ အခြေအနေကောင်းနေတယ်ထင်တယ်၊ ငါတို့ကျောင်းမှာတုန်းကဆို အတန်းထဲကနေတောင်မထွက်တာကိုငါမှတ်မိနေသေးတယ်..."


ကျူးရှင်းက ၎င်းမှတ်ချက်ကြောင့်ပြုံးလိုက်လေ၏။ 

"အင်း၊ ဟုတ်တယ်နော်..."


သူမတွေးနေစဥ်မှာပင် အနောက်မှလူတစ်ယောက်က သူမကိုလှမ်းခေါ်လာသည်။ 


"ကျူးရှင်း၊ ကျောင်းဂိတ်ဝမှာ နင့်ကိုလူတစ်ယောက်လာရှာနေတယ်..."


ကျူးရှင်းကလှည့်ကြည့်လာသည်။ 


"ငါ့ကိုရှာနေတာလား၊ ဘာလို့ပါလိမ့်..."


"နင့်အစ်ကိုလို့ပြောနေတယ်..."


"....."


အစ်ကို။


ကျူးရှင်းက အခုထိမပိတ်ရသေးသောသူမ၏ဖုန်းကိုကြည့်လိုက်သည်။ သူမမှာ အံ့အားသင့်ချိန်မရသေးခင်မှာပင် စိတ်ပျက်သွားရလေတော့သည်။


သူမကား မျက်မှောင်တင်းတင်းကြုတ်ကာ အကြောင်းကြားလာသူကိုပြန်ပြောလိုက်၏။ 


"ကျေးဇူးပါပဲ၊ ငါသိပြီ..."



🤒