Chapter 31
Viewers 5k

🤒အခန်း ၃၁




အီဆော့ဖ် နိုင်ငံတကာကျောင်းဂိတ်တွင် အနက်ရောင်ဘန်ထ်လေကားတစ်စီးရပ်စောင့်နေသည်မှာ ဆယ်မိနစ်ကျော်ပေပြီ။ ကားထဲတွင် ချင်ကျွင်းဟုန်က ပါးစပ်တွင်စီးကရက်ကိုက်ရင်းထိုင်နေလေ၏။ ကျောင်းဂိတ်ကိုလည်း အနည်းငယ်စိတ်လှုပ်ရှားနေသည့်မျက်နှာအမူအယာဖြင့် မကြာခဏလှမ်းကြည့်နေသေးသည်။


ကိစ္စများဖြစ်ပျက်ခဲ့သည်မှာ လဝက်ကျော်ပင်ရှိခဲ့ပြီဖြစ်သည်။ ကျူးရှင်းကလည်းအစ်ကိုဖြစ်သူကြောင့် ကျူးမိသားစုမှထွက်သွားခဲ့ကာ တစ်ကြိမ်လေးပင်ပြန်မလာတော့ပေ။


အိမ်ကို ဖုန်းပင်မခေါ်ခဲ့ပါချေ။


ကျူးရှို့ရှန်းကလည်းဂရုစိုက်နေခြင်းမရှိပေ။ ကျူးရှင်းကို သူမအဘိုးအိမ်တွင် စိတ်ရှိသလောက်နေခွင့်ပေးထားလိုက်သည်။ သူမ ဘယ်တော့မှပြန်မလာလျှင်လည်း အဆင်ပြေသည့်အတိုင်းပင်။


သို့သော်လည်း ကျူးရှင်း ဘယ်တော့မှပြန်မလာတော့လျှင် သူ့အစီအစဥ်များက မည်သို့ဖြစ်သွားမည်နည်း။


သူတွေးနေစဥ်မှာပင် မိန်းမငယ်လေးတစ်ယောက်က ကျောင်းဂိတ်ဝတွင်ပေါ်လာခဲ့သည်။ သူမက အဖြူရောင်ပိုးသားဝတ်စုံကိုဝတ်ထားပြီး ကျက်သရေရှိကာ သန့်ရှင်းနုပျိုသည့်အသွင်ဖြစ်နေလေသည်။


ချင်ကျွင်းဟုန်မှာ မျက်လုံးထဲမှ မှင်သက်သွားမှုကို မဖုံးကွယ်ထားခဲ့ပေ။ ချက်ချင်းပင် စီးကရက်ကိုသတ်ပစ်ပြီး ကားထဲမှထွက်ရန်တံခါးဖွင့်လိုက်သည်။


ကျူးရှင်းက ဂိတ်ဝမှထွက်လာပြီးသည်နှင့် အမြန်ပင်နောက်ကိုနှစ်လှမ်းခန့်ဆုတ်သွားကာ ယဥ်ကျေးသမှုနှင့်ခေါ်လိုက်လေ၏။ 


"ချင်သာ့ကော.."


စိမ်းကားလှသောအခေါ်အဝေါ်က ချင်ကျွင်းဟုန်မျက်နှာပေါ်ရှိအပြုံးကို တောင့်တင်းသွားစေခဲ့သည်။ သူကား အမြန်ပင်ဖုံးကွယ်ထားလိုက်ရ၏။


ကျူးရှင်းက လျှောက်လာသည်။ ယဥ်ကျေးဖော်ရွေစေကာမူ မျက်နှာပေါ်ရှိအပြုံးကမူ အေးစက်စက်။ 


"ဘာလို့ဒီကိုရောက်လာတာလဲ..."


ချင်ကျွင်းဟုန်: "ကျောင်းဘေးကဖြတ်မောင်းလာရတော့ မင်းကိုတွေ့ချင်လာလို့ပါ၊ ဘယ်လိုလဲ၊ စာတွေရောလိုက်နိုင်ရဲ့လား၊ အနားယူဖို့ခေါ်သွားပေးရမလား..."


ပြောပြောဆိုဆိုပင် သူက "သဘာဝတကျ" ဖြင့် ကျူးရှင်းပုခုံးကိုပုတ်ရန် အရှေ့သို့တိုးလာခဲ့သည်။ သို့ရာတွင် သူမက ကြိုသိနေပုံဖြင့် ခပ်သွက်သွက်ပင်ရှောင်တိမ်းသွားလေ၏။


"....."


ကျူးရှင်းက ခပ်ခွာခွာရပ်နေဆဲဖြစ်ကာ မျက်နှာအမူအရာမှာလည်း မပြောင်းသွားပေ။ 


"မလိုတော့ပါဘူး၊ နေ့လည်ကျရင်အတန်းရှိသေးတယ်လေ..."


ချင်ကျွင်းဟုန်: "အရမ်းအရေးကြီးတဲ့အတန်းလား၊ အရေးမကြီးရင် သာ့ကော မင်းကိုခွင့်လိုက်တောင်းပေးမယ်လေ..."


အမှန်တော့ သူကျူးရှင်း၏အတန်းအချိန်ဇယားကို တစ်ယောက်ထံတွင် မေးကြည့်ပြီးသွားခဲ့ပြီ။ ယနေ့အတွက် နေ့လည်ပိုင်းတွင် စန္ဒရားတီးသင်သည့်အချိန်တစ်ချိန်သာရှိပြီး ကျန်အတန်းချိန်က ကိုယ်ပိုင်စာလေ့လာချိန်သာ။


ကျူးရှင်းကား အပြုံးကိုထိန်းထားရင်း ယဥ်ကျေးစွာဖြင့်ငြင်းပယ်လိုက်လေသည်။ 


"အတန်းကအရေးမကြီးပါဘူး၊ စာမေးပွဲကလာတော့မှာမလို့ပါ၊ အဲဒါကြောင့် အပြင်ထွက်မလည်တော့တာ၊ သာ့ကောရဲ့ ဂရုစိုက်ပေးမှုကိုကျေးဇူးတင်ပါတယ်..."


ချင်ကျွင်းဟုန်: "....."


သူ့နှုတ်ခမ်းများက ဆတ်ခနဲလှုပ်သွားခဲ့လင့်ကစား မနည်းပြုံးထားလိုက်သည်။ 


"ဟုတ်ပါပြီ၊ စာမေးပွဲပြီးမှ အစ်ကိုမင်းကို အပြင်ထွက်လည်ဖို့ခေါ်သွားပေးမယ်၊ စာကအရေးကြီးပါတယ်၊ ဒါပေမဲ့ အနားယူဖို့ကလည်းအရေးကြီးတာပဲလေ၊အလုပ်နဲ့နားချိန်ကို မျှတအောင်လုပ်ဖို့လည်းဂရုစိုက်သင့်တယ်၊ မင်းကိုယ်မင်းအပင်ပန်းမခံနဲ့၊ မိသားစုဝင်တွေကလည်း မင်းကိုစိတ်ပူနေကြတယ် သိရဲ့လား.." 


သူ့အသံကညင်သာနေပြီး အမူအရာမှာလည်း ဂရုစိုက်မှုအပြည့်ဖြစ်နေလေသည်။


ကျူးရှင်းက ပြောစကားနားထောင်သလိုမျိုးခေါင်းညိတ်ပြလိုက်သည်။ 


"ဟုတ်ကဲ့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်လိုက်ပါ့မယ်၊ ကျေးဇူးတင်ပါတယ်..."


"....."


သူပဲစိတ်ထင်နေ၍လားမသေချာသည့်တိုင် ကျူးရှင်းက သူ့ကိုယခင်ကထက်ပိုစိမ်းနေမှန်း ခံစားမိလိုက်သည်။


ထိုအတိုင်း ထွက်မသွားချင်သေးသောကြောင့် သူ့ဘက်မှကြိုးစားပြီး ခေါင်းစဥ်ပြောင်းလိုက်ရသည်။ 


"ဒါနဲ့ ဒီရက်ပိုင်း ကျူးထုန်မင်းကိုဆက်သွယ်သေးလား၊ ကျောင်းပြောင်းသွားပြီးတော့ သူအဆင်ပြေတယ်တဲ့လား..."


ကျူးထုန်အကြောင်းပါလာ၍ ကျူးရှင်းမျက်လုံးများက အရောင်လက်သွားခဲ့သည်။ 


"သူအဆင်ပြေပါတယ်၊ ကျောင်းပြောင်းသွားတော့ ပိုပြီးတောင်ပျော်နေသေးတယ်၊ စိတ်ပူစရာမလိုပါဘူး သာ့ကော..."


ချင်ကျွင်းဟုန်: "....."


စိတ်ပူစရာမလိုပါဘူးတဲ့လား။


ကျူးထုန်က ဘာလို့ပိုပျော်လာရမှာလဲ။ သေသွားရမှာမဟုတ်ဘူးလား။


စကားဝိုင်းတွင်ကျူးထုန်အကြောင်းပါလာသည့်အခါ ကျူးရှင်းအပြုံးကပိုတောက်ပလာသည်ကိုကြည့်ပြီး ချင်ကျွင်းဟုန်၏အသည်းနှလုံးက အေးစက်သွားခဲ့သည်။ သေချာသည်မှာ ကျူးထုန်သာ ဤနေရာတွင်ရှိနေလျှင် ကျူးရှင်းကသူ့ကို လုံးဝစိတ်ဝင်စားမည်မဟုတ်ဘဲ ထိုသူတစ်ယောက်တည်းကိုသာ အာရုံရှိနေလောက်၏။


သူက စကားခဏရပ်လိုက်ပြီး သူ့အပြုံးမှာ ပိုမိုမှိန်ဖျော့လာခဲ့သည်။ 


"သူအဆင်ပြေနေတယ်ဆိုတော့ ကောင်းတာပေါ့၊ မင်းမှာအတန်းရှိသေးရင်လည်း အမြန်ပြန်တော့လေ၊ သာ့ကော မင်းကိုနောက်ရက်တွေမှလာတွေ့တော့မယ်၊ မင်းအပြင်ထွက်လည်ချင်ရင် သာ့ကောကိုခေါ်လိုက်နော်..."


ကျူးရှင်းခေါင်းညိတ်ပြပြီး အသံချိုချိုလေးဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။ သူမက တဖက်လှည့်လိုက်ကာ ချင်ကျွင်းဟုန်၏ အကြည့်များအောက်၌ပင် တစ်လှမ်းချင်းထွက်သွားခဲ့သည်။။


မိန်းမငယ်လေး တဖက်လှည့်သွားသည်နှင့် သူ့မျက်နှာပေါ်ရှိအပြုံးက တမဟုတ်ချင်းပျောက်ကွယ်သွားသည်ကိုပင် သူ့ကိုယ်သူ သတိမပြုမိလိုက်ပေ။


မျက်နှာပြောင်းသွားပုံမှာ စီချွမ်အော်ပရာပညာရှင်များ၏ မျက်နှာဖုံးပြောင်းသည့်အကအတိုင်းပင်။


ချင်ကျွင်းဟုန်က ပျာယာခတ်စွာဖြင့် ကားထဲသို့ဝင်ထိုင်လိုက်သည်။ ကားတံခါးကိုပိတ်လိုက်ပြီးသည်နှင့် ချင်မန်ဝမ်ကသူ့အားဖုန်းခေါ်လာခဲ့၏။ သူက စိတ်မရှည်စွာဖြင့်မျက်မှောင်ကြုတ်ကာ ဖုန်းကိုင်လိုက်လေသည်။ 


"အမေ..."


"မင်းရှောင်းရှင်းကို ကျောင်းမှာသွားရှာခဲ့လား..." 

သူမက နှုတ်ဆက်စကားပင်မပြောဘဲ တန်းမေးလာလေတော့သည်။


ချင်ကျွင်းဟုန်၏ မှုန်ကုပ်နေသည့်မျက်နှာက ပိုပြီးပင်တင်းကျပ်သွားလေသည်။ 

"ဟုတ်ကဲ့၊ ကျွန်တော်သူ့ကိုတွေ့ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်နဲ့တော့မလိုက်လာဘူး..."


ချင်မန်ဝမ်စိတ်လှုပ်ရှားနေသည်ကို အသံကြားမှပင် သိနိုင်လေ၏။ 


"မင်းကိုဘယ်သူက သူ့ကိုသွားရှာလို့ပြောလိုက်တာလဲ၊ မင်းကိုစိတ်ငြိမ်ငြိမ်ထားပါလို့ငါဘယ်နှခါပြောရမလဲ၊ နောက်ဆုံးတခေါက်ကလည်း မင်းကျူးထုန်ကတ်ကိုယူသွားလို့ သူ့အဖေရှေ့မှာ အမေးခံလိုက်ရပြီးပြီ၊ အခုလည်း ရှောင်းရှင်းနဲ့ပတ်သတ်လာရင် ပိုပြီးသတိထားသင့်တယ်လေ၊ သူ့အဘိုးကတစ်ခုခုသိသွားရင် ဘယ်လိုလုပ်..."


"ယေဘုယျကျကျပြောရရင် ကျွန်တော်က သူ့ရဲ့အစ်ကိုကြီးလေ၊ ကျွန်တော်သူ့ကိုကျောင်းမှာလာတွေ့တာ ဘာထူးဆန်းလို့လဲ..." 


ချင်ကျွင်းဟုန်ကား အလိုမကျဖြစ်နေလေ၏။ 

"အမေရယ်၊ ပွစိပွစိလုပ်နေတာကိုတော်ပါတော့ဗျာ၊ အမေက ကျူးထုန်ကတ်ကိုမယူခဲ့သင့်ဘူးလို့ပြောတယ်၊ အထဲမှာ ပိုက်ဆံဘယ်လောက်ပါလဲသိရဲ့လား၊ ဆယ်သန်းဗျ၊ အမေက ကျူးမိသားစုနဲ့လက်ထပ်ထားတာဆယ်နှစ်နီးပါးရှိပြီ၊ ကျူးရှို့ရှန်းကအမေ့ကို အဲဒီလောက်များတဲ့ပိုက်ဆံပေးဖူးလို့လား..."


"....."


"ကျူးရှို့ရှန်းက ဘယ်တုန်းကမှ ကျွန်တော့်တို့ကို သူ့မိသားစုဝင်လို့မမှတ်ခဲ့ဘူး၊ ကျွန်တော်ကောလိပ်ကနေ ဘွဲ့ရပြီးပြီ၊ ဈေးကြီးတဲ့ကားမပေးဖူးသလို ကျွန်တော့်နာမည်နဲ့ ပိုင်ဆိုင်မှုလည်းမလွှဲပေးဖူးဘူး၊ အမေနားမလည်သေးဘူးလား၊ ကျွန်တော်သာ မတိုက်ခိုက်နေရင် ကျွန်တော်တို့တသက်လုံး ကျူးရှိူ့ရှန်း ပေးသလောက်နဲ့ပဲအသက်ရှင်နေရတော့မှာ..."


ချင်မန်ဝမ်မှာ သူ့စကားကြောင့် တံတွေးနင်သွားခဲ့လေသည်။


"ဒါပေမဲ့...."


"တော်ပြီ အမေ၊ ကျွန်တော်စဥ်းစားတတ်ပါတယ် ပြီးတော့ ကျွန်တော့်အတိုင်းအတာကို ကျွန်တော်သိပါတယ်၊ စိတ်မပူပါနဲ့တော့..."


ပြောပြီးသည်နှင့် သူဖုန်းချပစ်လိုက်သည်။ ခဏမျှတုံ့ဆိုင်းနေပြီးနောက် နောက်ထပ်ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်၏။ ဖုန်းဝင်သွားသည်နှင့် သူ့ဘက်မှတန်းပြီးမေးလိုက်သည်။ 


"ဟယ်လို၊ ကုန်းရွှေစီရင်စုမှာနေတဲ့သူ တစ်ယောက်ယောက်နဲ့သိလား..."


****


ကျောင်းတွင် ချင်ကျွင်းဟုန်၏ရုတ်ချည်းပေါ်လာမှုက သက်ရောက်မှုအများအပြားကိုဖြစ်ပေါ်စေခဲ့သည်။


ကျူးမျိုးရိုးအမွှာနှစ်ယောက် ကျောင်းတွင်ရှိနေခဲ့သည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီ။ ချင်ကျွင်းဟုန်၏ ရည်ရွယ်ချက်ရှိစွာလုပ်ဆောင်မှုက ကျောင်းထဲတွင် သူတို့၏မိသားစုအခြေအနေကိုပိုမိုသိသာသွားစေခဲ့သည်။ အထူးသဖြင့် ယနေ့တွင် ချင်ကျွင်းဟုန်က အဆင့်အတန်းရှိသည့်အပြုအမူဖြင့် ကျူးရှင်းထံသို့လာလည်သွားခဲ့သည်။


အမျိုးသမီးသန့်စင်ခန်းထဲတွင် မိန်းကလေးနှစ်ယောက်က ဘေစင်တွင်လက်ဆေးနေကြလေ၏။


"နင်တွေ့လိုက်လား၊ ကျူးရှင်းအစ်ကိုကြီးက ဒီနေ့ သူ့ဆီကိုလာလည်တယ်၊ ဘန်ထလေကားကြီးနဲ့လေ၊ ငါသိရသလောက်တော့ အဲဒီကားကြီးကဒေါ်လာသန်းနဲ့ချီပြီးတန်တယ်၊ သူတို့အဖေက ဒီလောက်ဝေးလံတဲ့ကုန်းရွှေစီရင်စုကို ကျောင်းတက်ဖို့ဆိုပြီး သူ့ကိုပို့လိုက်တာမလား၊ သူ့ကိုလက်လျှော့လိုက်တယ်ဆိုတာတော့သေချာတယ်..."


"ဒီလိုဆိုရင်ရောဘာတတ်နိုင်မှာလဲ၊ ကျူးထုန်ကျန်းမာရေးကို ဒီလောက်ဆိုးရွားအောင်လုပ်လိုက်တာဘယ်သူမလို့လဲ..."


"Oh..သနားဖို့ကောင်းလိုက်တာ၊ သူလည်းချောတာပဲ၊ အသက်သာရှည်ရင် ငါသူ့ကိုနည်းလမ်းရှာပြီးတော့ကိုလက်ထပ်မှာ..."


"မဟုတ်တာတွေ၊ နင်သာသူ့ကိုလက်ထပ်လိုက်ရင် နောက်ကျ ပိုက်ဆံရှိတဲ့မုဆိုးမဖြစ်သွားမှာ၊ စိတ်ကူးယဥ်ဆန်တယ်လို့မထင်မိဘူးလား..."


"ကျူးရှင်းကယောကျ်ားလေးသာဆို ပိုကောင်းမယ်၊ ဒါဆို ငါ ချမ်းသာတဲ့မိသားစုက ယောကျ်ားကောင်းနဲ့လက်ထပ်နိုင်မှာ၊ ကျူးထုန်က ကျန်းမာရေးမကောင်းတော့ သူ့ညီမကသူ့ကိုထိန်းချုပ်မယ်ဆိုတာ ငါလောင်းရဲတယ်၊ သူတို့ကအမွှာတွေမလား၊ ဒီတော့ သူ..."


ရုတ်တရက် အတင်းပြောနေသည့်မိန်းကလေးနှစ်ယောက်ကြားတွင် လူတစ်ယောက်ပေါ်လာ၍ စကားသံက တမဟုတ်ချင်းတိတ်ဆိတ်သွားလေ၏။


ကျူးရှင်းကပြုံးကာဖြင့် ဘေးမှဘေစင်ရှိရာကိုလျှောက်လာပြီး ရေပိုက်ခေါင်းကိုလှည့်ဖွင့်လိုက်သည်။ သူမအသံက မတိုင်ခင်ကလိုပင် နူးညံ့နေလေ၏။ 


"ငါ့အကြောင်းပြောနေကြတာလား..."


"....."


မိန်းကလေးနှစ်ယောက်က အပြန်အလှန်ကြည့်လိုက်ကြသည်။ အံ့အားသင့်ပြီးအရှက်နေရမှုတို့က ထိုသူတို့၏မျက်လုံးထဲတွင် ဖြတ်သန်းသွားခဲ့၏။


မိန်းကလေးတစ်ယောက်က ကျူးရှင်းကိုကြည့်လိုက်ပြီး သူမထံတွင်စိတ်ဆိုးနေသည့်အမူအရာမျိုးမမြင်ရသည့်အခါ ပြုံးကာ အနားကပ်သွားလေ၏။ 


"ကျူးရှင်း၊ တကယ်တော့လေငါတို့က..."


"Ah..ငါ့အကြောင်းပြောနေတာနင်ကိုး၊ ဒါပေမဲ့ နင်သိလား၊ ငါလေ ငါ့အစ်ကိုကို လူတစ်ယောက်က မကောင်းကြောင်းပြောနေတာကိုမကြားချင်ဘူး..."


သူမကခေါင်းငုံ့ကာလက်ဆေးနေခဲ့သည်။ သူမ၏သိမ်မွေ့ပြီးလှပသောမျက်နှာလေးက စိတ်အနှောင့်အယှက်ဖြစ်နေပုံမရပေ။


သူမက ခေါင်းမော့ကာပြုံးလိုက်ရင်း ရေသုတ်ရန် တစ်ရှူးတစ်ရွက်ကိုဆွဲထုတ်လိုက်သည်။ ပြီးနောက် လှည့်ကာ သန့်စင်ခန်းအပြင်ဘက်သို့ထွက်သွားလေတော့၏။


သူမလှည့်ထွက်သွားသည်နှင့် နှုတ်ခမ်းလေးများကိုတွန့်ကွေးရင်းစကားပြောရန်ကြံနေသောမိန်းကလေးက အသံတိမ်တိမ်ဖြင့်ရေရွတ်လိုက်လေသည်။


 "သူ့အဖေက မွေးစားသားကိုပိုပြီးအရေးပေးနေတာပဲလေ၊ ငါတို့ကအမှန်အတိုင်းပြောနေတာကိုဘာမှားနေလို့လဲ..."


သူမသူငယ်ချင်းက သူမကိုချက်ချင်း ပါးစပ်ပိတ်ခိုင်းလိုက်သည်။ 


"မပြောနဲ့တော့၊ နင်ကလည်း..."


"ဘာလဲ..." 

သူမက ဆက်ပြောနေဆဲ။

 "ကျူးထုန်ကျန်းမာရေးက မြင်တဲ့အတိုင်းပဲလေ၊ ဘယ်အချိန် ဗြုန်းခနဲသေသွားမယ်ဆိုတာဘယ်သူသိမှာလဲ၊ အထူးသဖြင့် ငါတို့ကျောင်းက ထင်တာထက်ပိုတော်တဲ့ လူချမ်းသာသခင်လေးတွေနဲ့ယှဥ်ရင် သူက အသုံးမကျဘူးလေ၊ ဒီလိုပုံစံနဲ့လူကို ငါတော့တစ်ခါမှမမြင်ဖူးခဲ့ပါဘူး၊ အဲဒီတော့ ငါတို့မှန်တာပြောတာကပုံမှန်ပဲမလား၊ ငါတို့ပြောနေတာကိုတားရအောင် သူကဘယ်သူမလို့လဲ၊ အား..."


သူမစကားမဆုံးသေးခင် ခပ်သွက်သွက်လျှောက်လာသောခြေသံများထွက်လာပြီး သူမဗိုက်မှ စူးအောင့်သည့်နာကျင်မှုကိုခံစားလိုက်ရလေ၏။


သူမကား နာကျင်နေသည့်နေရာကိုလက်ဖြင့်အုပ်ထားရင်း မော့ကြည့်လိုက်၏။ တိုက်ရိုက်အကန်ခံလိုက်ရသည့်နေရာမှာသူမအစာအိမ်။


"လျောင်လင်း..."

ဘေးတွင်ရပ်နေသောမိန်းကလေးက ကြောင်အသွားခဲ့ပြီး ကျူးရှင်းကို မယုံနိုင်သည့်မျက်လုံးများဖြင့်ကြည့်နေခဲ့လေ၏။ 


"ကျူးရှင်း၊ နင်...."


"ကျောင်းမှာ ဒေါက်မြင့်ဖိနပ်စီးခွင့်မပေးထားလို့ နင်ဝမ်းသာသင့်တယ်၊ မဟုတ်ရင် နင့်တကိုယ်လုံး အပေါက်တွေဖြစ်ကုန်မှာ..."


"......"


လျောင်လင်းက အစာအိမ်ကိုတင်းတင်းဖိထားရင်း မြေကြီးပေါ်တွင်ထိုင်နေခဲ့ပြီး နာကျင်မှုကြောင့် မျက်နှာမှာဖြူဖျော့နေကာ စကားတစ်လုံးပင်မပြောနိုင်ပေ။


တဖက်ကမိန်းကလေးမှာလည်း သူမကိုကူညီရန်မေ့လျော့နေခဲ့လေသည်။ သူမမှာ ကျူးရှင်း၏ အေးစက်သည့်အမူအရာနှင့် ပြတ်သားသောစကားများဖြင့် လွှမ်းမိုးခံနေရလေသည်။


သို့ထိတိုင် ကျူးရှင်းက သူမအမူအရာကိုထိန်းချုပ်ရာတွင် ဆရာတစ်ဆူပင်။ ထိုအတင်းပြောနေသည့်မိန်းကလေးနှစ်ယောက်က ပြန်မလုပ်နိုင်သည်မှာ သေချာမှ သူမ မျက်နှာထားကိုပြန်ပြင်လိုက်ပြီး ပုံမှန်မျက်နှာဖြင့် ပြန်လှည့်သွားလေသည်။


သူမကား ထွက်မသွားခင် တစ်ခုခုကိုသတိရသွားသေးသည်ထင်၏။ သကြားရည်ဆမ်းထားသလိုအပြုံးဖြင့် သူတို့ဘက်ကိုထပ်လှည့်လာပြန်သည်။


"နင်ကျောင်းမှာဆက်နေချင်သေးတယ်ဆိုရင် ဒီနေ့ဖြစ်ခဲ့တာတွေကိုသိသွားမယ့် လေးယောက်မြောက်ဆိုတာရှိမလာစေနဲ့၊ အမွှာတွေက အသုံးမကျပေမဲ့ နင်တို့ကိုချက်ချင်းကျောင်းထုတ်လိုက်ဖို့က ခက်မယ်မထင်ပါဘူး..."


မိန်းကလေးနှစ်ယောက်၏မျက်လုံးထဲတွင် သူမအပြုံးက သရဲတစ္ဆေထက်ပင် ကြောက်စရာကောင်းနေ၏။


ခြေသံများ မကြားရတော့သည်အထိ သူတို့နှစ်ယောက် တစ်လက်မပင်မလှုပ်ရှားရဲဘဲရှိနေခဲ့ကြသည်။


သန့်စင်ခန်းထဲတွင် ပကတိ တိတ်ဆိတ်သွားခဲ့၏။ အပ်ကျသံကိုပင်ကြားရနိုင်လောက်လေသည်။



🤒