Chapter 32
Viewers 5k

🤒အခန်း ၃၂




ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်း၏ အားကစားကွင်းမှာ စည်ကားသက်ဝင်နေလေသည်။


အပြေးလေ့ကျင့်ပြီးသည့်နောက် မိန်းကလေးများက ကြက်တောင်ကွင်းထဲတွင်လူစုနေကြစဥ် ယောကျ်ားလေးများကမူ ဘတ်စကတ်ဘောကွင်းကို အပိုင်သိမ်းထားကြ၏။


ကျူးထုန် မက်ဆေ့ချ်ပို့လိုက်သည့်အခါ ကျူးရှင်းထံမှ စိတ်ဆိုးနေသောစာက ပြန်ရောက်လာခဲ့သည်။ သူက ဖုန်းကိုပိတ်လိုက်ရင်း အတန်းထဲမှယူလာခဲ့သော နမူနာမေးခွန်းများကို စဖြေနေလိုက်သည်။


စာရေးရန် အဆင်ပြေမည့်နေရာမရှိသောကြောင့် နောက်ဆုံး၌ ရှောက်မင် သူ့အတွက်ပြင်ပေးထားသည့်ထိုင်ခုံကို သုံးလိုက်ရသည်။ သူက ထိုင်ခုံကို ဌာနအရှေ့အထိရွှေ့သွားလိုက်၏။ ထိုင်ခုံကိုစားပွဲအဖြစ်သဘောထားကာ အဖြေလွှာစာရွက်အနည်းငယ်ကိုတင်ပြီးထိုင်ချလိုက်သည်။


"မင်ကော၊ ဘောလုံးကို ငါ့ဆီပစ်လိုက်..."


ဘတ်စကတ်ဘောကစားကွင်းထဲတွင် လော့ရှိုးအသံက ပုံမှန်ထက်ပိုပြီးကျယ်လွန်းနေသည်။ ကျူးထုန် ခေါင်းမော့ကြည့်လိုက်၏။


ရှောက်မင်က ဘောလုံးကိုကြားဖြတ်ယူရန် ခပ်မြင့်မြင့်ခုန်လိုက်ပြီး အဝေးမှလော့ရှိုးကို ပစ်ပေးလိုက်သည်။ တည်ငြိမ်ပြီးတိကျသောပစ်ချက်ပင်။ လော့ရှိုးက ဖမ်းမိသည်နှင့်လှမ်းပစ်လိုက်သည်။


ဘောလုံးက ခြင်းတောင်းထဲကို တန်းဝင်သွားလေ၏။


နားလည်မှုရှိသောပူးပေါင်းမှုနှင့် ကွက်တိကျသော ပစ်ချက်ကောင်းပါပေ။


ကျူးထုန် လူငယ်လေးများ၏ဘတ်စကတ်ဘောကစားစွမ်းရည်ကို တခဏမျှလေးစားသွားခဲ့ပြီး ခေါင်းငုံ့ကာ မေးခွန်းဆက်ဖြေနေလေသည်။


ထိုအချိန်မှာပင် စိတ်ထဲရှိစနစ်က ပြောလာခဲ့သည်။ 

'Host..ကာယချိန်ကပျော်ဖို့ကောင်းလား'


ကျူးထုန်: "မဆိုးပါဘူး'


နေရောင်ခြည်အနွေးဓာတ်ကို အလုံအလောက်ရပြီး လေကလည်းလတ်ဆတ်နေသည်။


စနစ်: 'မေးခွန်းတွေကရောစိတ်ဝင်စားစရာကောင်းလား'


ကျူးထုန်: 'မဆိုးပါဘူး'


သူနေ့တိုင်းလုပ်နေသည့်အလုပ်ပင်ဖြစ်၍ အလွယ်တကူပြီးမြောက်အောင်မြင်နိုင်သော ခံစားမျိုးကိုရစေသည်။


ဤမျှ ပင်ပန်းစရာနေရာတွင် သူပျော်နေသည့်ပုံစံကြောင့် စနစ်ကထပ်ပြီးသည်းခံမထားနိုင်တော့ပေ။ 

'မင်း တာဝန်တွေလုပ်ချင်စိတ်ရောရှိသေးရဲ့လား'


ကျူးထုန်: "....."


တာဝန်လား၊ လုပ်နေတယ်လေ။


သူကား အလွယ်တကူပင်ပြန်လည်ချေပလိုက်သည်။ 

'နှစ်သက်မှုရာခိုင်နှုန်းက မကြာသေးခင်ကပဲ တက်လာပြီလေ'


စနစ်: 'သူဟာသူဆက်တက်သွားမယ်လို့များထင်နေတာလား'


ကျူးထုန်: "......"


အင်း...သူလည်းတက်လာအောင်ကြိုးစားနေတာတော့မဟုတ်ပေမဲ့ သူဟာသူတက်လာနေတာပဲလေ။


'အဲဒါကိုကြည့်ရင် ငါ့မှာကောင်းချီးတွေနဲ့ပြည့်နေတယ်ဆိုတာသေချာတယ်'


'ကောင်းချီး' ဟုတ်လား။ အဲဒီကောင်းချီးက တာဝန်ပြီးအောင် ဘယ်လောက်လုပ်ပေးနိုင်မှာလဲ။' 

စနစ်မှာသာ မျက်လုံးပါနေပါက ဒရမ်မာဆန်ဆန် လှိမ့်နေလောက်၏။ 

'Host မင်းကတော့ လွဲနေပြီထင်တယ်၊ မင်းကဒီကမ္ဘာမှာ သံယောဇဥ်တွယ်စရာ မရှိဘူးနော်၊ မင်းသတိရဖို့က မင်းမှာအချိန်တစ်နှစ်ပဲရှိတယ်၊ ဒီ မလှုပ်မယှက်ပုံစံနဲ့ တာဝန်ကိုဘယ်လိုလုပ်ပြီးအောင်လုပ်နိုင်မှာလဲ၊ မင်းဘက်ကအခွင့်အရေးယူသင့်တယ်နော်၊ သဘောပေါက်လား'


ကျူးထုန်: "....."


ထိုစကားက တနည်းနည်းဖြင့် ရင်းနှီးနေသလိုခံစားရလေသည်။


သူ့ဘောပင်ထိပ်က အဖြေလွှာစာရွက်တွင် ဖော်မြူလာရေးနေရင်း ခဏမျှရပ်သွားခဲ့သည်။ နောက်မေးခွန်းတစ်ခုပြီးသွားခဲ့ပြီ။ ထို့နောက် သူက အလေးအနက်မထားသည့် မျက်နှာဖြင့်မေးလိုက်လေ၏။ 

'အဲဒါဆို ငါကဘာလုပ်ရမှာလဲ'


စနစ်: 'ကွင်းထဲကလရောင်ဖြူလေးရဲ့ မိုးရေတွေစိုနေသလို ချွေးတွေရွှဲနေတဲ့ပုံစံလေးကို မင်းမြင်ဖူးလား'


ရှောက်မင်က ချွေးများဖြင့်ရွှဲစိုနေသော်လည်း ရုပ်ပျက်ဆင်းပျက်တော့မဟုတ်သေး။ စနစ်၏စကားက အိုဗာဖြစ်လွန်းနေသည်။


သို့ထိတိုင် စနစ်ကမူ သူ့အားဆက်ပြီးဆွနေဆဲ။ 

'အခု သူ့မှာတစ်ခုခုလိုနေတယ်လို့ မင်းမထင်မိဘူးလား'


ကျူးထုန်က သူ့မေးခွန်းအတိုင်း သံယောင်လိုက်ပေးလိုက်သည်။ 

'သူ့မှာဘာလိုနေလို့လဲ'


'ရေ' 

စနစ်က ခပ်သွက်သွက်လေး သဲလွန်စချပေးလာသည်။


ကျူးထုန်က ကွင်းဘေးတွင်ရပ်နေသောမိန်းကလေးများကို လှမ်းကြည့်လိုက်သည်။ ကွင်း၏တဖက်ခြမ်းတွင် ကျောင်းသူအသစ်လေးနှစ်ယောက်ပင် ခေါင်းလေးပြူကာကြည့်နေကြလေ၏။ ထိုသူတို့မှာ လက်ထဲတွင်ရေဘူးကိုင်ထားပြီး ကျောင်းစာနတ်ဘုရားနှင့် ရိုမန့်တစ်ဆန်သောအချစ်ဇာတ်လမ်းလေးစတင်နိုင်ရန် မျှော်လင့်နေကြရှာလေသည်။


ကျူးထုန်က သူ၏ရှာဖွေတွေ့ရှိမှုများထံသို့ ရိုးသားစွာဖြင့် လက်ညိုးထိုးပြလိုက်သည်။

 'သူ့မှာအဲဒါမျိုး မလိုနေဘူး'


စနစ်: "....."


စနစ် 666 မှာ လုပ်လာသည့်သက်တမ်းတလျှောက် ယခုလို ငပိန်း host မျိုးနှင့် တစ်ခါမှမဆုံခဲ့ရဖူးရှာပေ။


ရုပ်ခန္ဓာမရှိသောအသံတစ်ခုက သက်ပြင်းချလိုက်သည်။ ၎င်းအသံကရှည်လျားပြီး တစ်ကိုယ်တည်းရေရွတ်နေသလိုပင်။ 

'Oh ငါ့မှာတော့ မင်းစာရအောင် အချိန်တွေအကြာကြီးကူညီပေးခဲ့ရတာ၊ မင်းကတော့ ကျေးဇူးတင်ပါတယ်ဆိုပြီး ရေလေးတစ်ဘူးတောင်လာမပေးဘူး၊ ရှက်စရာကောင်းလိုက်တာနော်...'


ကျူးထုန်: "....."


ယခုလိုနှုန်းနှင့် မေးခွန်းဖြေနေလျှင်ပြီးတော့မည်မဟုတ်၍ သူလက်လျှော့လိုက်သည်။ ဘောပင်ကိုချကာထရပ်လိုက်ပြီး သူ၏သက်သာကာစခြေထောက်ဖြင့် ဘတ်စကတ်ဘောကွင်းရှိရာသို့သွားလိုက်လေသည်။


ကွင်းအနီးအနားတွင် ကစားပွဲကိုအားပေးနေသူများ၏အာရုံက တဝက်သာရှိနေခဲ့ပြီး ကျူးထုန်ထရပ်လိုက်သည်နှင့် သတိထားမိသွားကြသည်။ သူကား တနေရာကိုသွားပြီးမှ ရေနှစ်ဘူးကိုအိတ်ဖြင့်ဆွဲရင်း သူ၏ "ယာယီစာရေးစားပွဲ" သို့ ပြန်ရောက်လာလေသည်။


မထိုင်ခင် သူတိုက်မိလိုက်သည့်အဖြေလွှာများကိုပြန်စီလိုက်ပြီး ၎င်းတို့အပေါ်သို့ တက်မထိုင်မိစေရန် စစ်ဆေးလိုက်သေးသည်။


ကျူးထုန်ကိုကြည့်နေသည့်ရှောက်မင်က ဝလုံးကွဲရယ်လေ၏။


"မင်ကော၊ မင်းဘယ်တွေကိုကြည့်နေတာလဲ..." 

လော့ရှိုးက ဘောလုံးကို ပုတ်ရင်း သူ့ထံလာနေလေသည်။


သူကြည့်သည့်သည့်အတိုင်းလိုက်ကြည့်လိုက်ရာ မြင်လိုက်သည့်အရာကြောင့် အံ့အားသင့်သွားခဲ့သည်။ သူကား ပင့်သက်ရှိုက်မိလိုက်၏။ 

"သူကမေးခွန်းတွေဖြေနေတုန်းလား..."


အခုက ကာယအချိန်ကြီးလေ။


လော့ရှိုးက လေးစားလွန်း၍ သက်ပြင်းချလိုက်မိသည်။ 

"အရိုးသားဆုံးပြောရရင်လေ မင်ကော၊ မင်းစာနတ်ဘုရားဆိုတဲ့နေရာကို လက်လျှော့သင့်တယ်ထင်တယ်၊ ဒီဆောင်ပုဒ်က အမြင့်ဆုံးအဆင့်ရထားတဲ့သူတစ်ယောက်တည်း ပိုင်တာမှမဟုတ်တာ၊ မှန်တယ်မလား၊ မင်းလည်း စာအရမ်းကြိုးစားဖို့လိုပြီး ကျူးထုန်လည်း မင်းကိုကျော်တက်သွားလောက်တယ်..."


ကျောင်းပြောင်းလာသော ကျောင်းသားအသစ်လေးက ကာယချိန်မှာပင် အားကြိုးမာန်တက်နှင့် နမူနာမေးခွန်းများကိုဖြေနေခဲ့သည်။ မည်မျှ တက်ကြွလိုက်ပါသနည်း။


နတ်ဘုရားနှင့်တစ္ဆေများပင် တုန်လှုပ်သွားကြတော့မည်။


ရှောက်မင်က လော့ရှိုးကို ပဟေဠိဆန်သောအပြုံးမျိုးပြုံးပြကာ တုံ့ပြန်လိုက်သည်။ 

"အေးပါ၊ အဲဒီနေရာကို ငါသူ့ကိုပေးနိုင်ပါတယ်..."


လော့ရှိုး: "?"


လော့ရှိုးမှာ ရှောက်မင်တစ်ယောက် ယခုလိုဖြေလာမည်ဟုမမျှော်လင့်ထားခဲ့ပေ။ သူလှည့်ကြည့်လိုက်ချိန်တွင် ရှောက်မင်ကသူ့ဘေးမှဖြတ်သွားခဲ့ပြီ။


"မင်ကော၊ မကစားတော့ဘူးလား..."


ရှောက်မင်က ကွင်းအပြင်ဘက်ကိုထွက်သွားပြီး လက်ပြလိုက်သည်။ 

"မင်းတို့ပဲကစားကြတော့၊ ငါမောနေပြီ..."


လော့ရှိုး: "....."


နွားသိုးကြီးလိုသန်တဲ့ကောင်က ဘတ်စကတ်ဘောတစ်ပွဲလောက်ကစားပြီးတော့ မောသွားတယ်တဲ့လား။


ရှောက်မင်က ဘေစင်ရှိရာကိုတန်းသွားနေမှန်း မြင်လိုက်ရသည့်အခါမှ လော့ရှိုးလည်း ထိုသူကသူနှင့်ပြိုင်မပြောချင်တော့မှန်းသိလိုက်ပြီး ခေါ်မနေတော့ပေ။


ကျောင်းသားရေးရာဌာနအောက်၌ ကျူးထုန်က စာမေးပွဲမေးခွန်းများကိုအာရုံစိုက်ဖြေနေပြီး ရှောက်မင် အနားရောက်လာသည်ကိုသတိမထားမိပေ။ သူက ထိုင်ခုံထောင့်၌ရေဘူးကိုတင်လိုက်ပြီး ချထားသောဘောပင်ကိုပြန်ကောက်လိုက်သည်။


စနစ်က ထိုသူ "နှစ်သက်မှုကစားပွဲ" ကို ထပ်စတော့မည်မှန်းသိလိုက်သည်။ အချိန်အတန်ကြာအောင့်စောင့်နေပြီးမှ ၎င်းက သတိပေးလိုက်လေ၏။ 

'ရေဘူးသွားမပေးတော့ဘူးလား'


ကျူးထုန် ကွင်းထဲလှမ်းကြည့်လိုက်သည်။ ဘတ်စကတ်ဘောလုံး မြေကြီးနှင့်ထိရိုက်နေသောအသံတို့က ဆက်လက်ထွက်ပေါ်နေ၏။


သူကား အလျင်မလိုဘဲပြန်ဖြေလိုက်သည်။ 

'ငါစာလုပ်လို့မပြီးသေးဘူး၊ သူတို့ပြီးမှငါ့ကိုပြော'


စနစ်: "....."


ကျူးထုန်က သူ့စာထဲတွင်သာစိတ်နှစ်ထားခဲ့သောကြောင့် ဘေးမှအသံဗလံများက သူ့အပေါ်မသက်ရောက်ပေ။


စနစ်မှာ ရှောက်မင်ကို အရင်ဆုံးသတိမထားမိသွားသောကြောင့် သူ့အားခေါ်လာလေသည်။ 

'Host..'


ကျူးထုန်၏ အတွေးရထားက နောက်တကြိမ်ဖျက်ဆီးခံလိုက်ရပြန်ပြီ။ ဤတကြိမ်တွင်တော့ ခက်ခဲလှသောပုစ္ဆာကိုဖြေရှင်းပေးမည့်တမန်တော်နှယ် စိတ်နှစ်ထားခဲ့လေ၏။ သူက စော်ကားခံလိုက်ရသလိုခံစားလိုက်ရသောကြောင့် ပါးစပ်မှထုတ်ပြောလိုက်တော့သည်။ 


"ငါကဒါကိုအပြီးတွက်ဖို့ ရှောက်မင်ကိုစောင့်နေရ.."


စနစ်: "မော့ကြည့်ဦး'


"....."


ကျူးထုန် မသိစိတ်အရ ခေါင်းမော့ကြည့်လိုက်သည့်အခါ တဝက်အရောက်မှာပင် ပုံရိပ်တစ်ခုက သူ့အရှေ့မှအလင်းရောင်ကိုပိတ်ထားနှင့်လိုက်ပြီ။


သူ့အတွက် ရှောက်မင်ပြင်ပေးထားသောခုံက နောက်မှီပါ၏။


သူက ခုံကိုလှည့်လိုက်ပြီး လက်ပိုက်ကာ အနောက်ကိုမှီလိုက်သည်။ ရှောက်မင်ကလည်ပင်းကိုဆန့်ထားခဲ့၏။ သို့မှသာ သူ့ထိုင်ခုံဖော်လေးကို ကောင်းကောင်းကြည့်နိုင်လိမ့်မည်။ 

"အာ..မင်းကငါ့ကိုစောင့်နေတာလား..."


ကျူးထုန်: "....."


ကျူးထုန် ဘတ်စကတ်ဘောကွင်းကိုလှမ်းကြည့်ပြီး သူ့အရှေ့မှလူငယ်လေးကိုပြန်ကြည့်လိုက်သည်။ 


"မင်း...ဘယ်အချိန်တည်းက ဒီကိုရောက်နေတာလဲ..."


ရှောက်မင်: "အခုလေးတင်..."


ကျူးထုန် အရှက်ရသွားမိသည်။ သူအခုလေးတင် ချောင်းကြည့်နေခဲ့သောကြောင့် လှည့်စားခံလိုက်ရသလိုပင်။ ရှောက်မင်က အနီးတဝိုက်တွင်မရှိနေခဲ့ပေ။


စနစ်က ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။ 

'သူ လက်ဆေးဘေစင်ရှိတဲ့ဘက်ကနေလာတာ'


"....."


'သူကစားတာ ခဏတောင်မရှိသေးဘူး' 


ကျူးထုန်က ဆက်ပြီး မကြားသလိုဟန်ဆောင်နေသည်။ ကြည့်ရသည်မှာ သူ့အနေဖြင့် သန်းနှင့်ချီသော အသေးစိတ်အချက်အလတ်များကို လွတ်သွားခဲ့ပုံရသည်။


သူက မျက်တောင်လေးကိုတဖျတ်ဖျတ်ခတ်ရင်း ချွေးများဖြင့်စိုနေသော ရှောက်မင်၏ရှေ့ဆံပင်ကိုကြည့်လိုက်သည်။ ပြီးနောက် သူမေးလိုက်သည်။ 

"မင်းက ဘာလို့ဒီနေရာရောက်နေတာလဲ..."


ရှောက်မင်: "ရေဆာလာလို့၊ ငါ့ရဲ့ထိုင်ခုံဖော်လေးဆီက ရေလာတောင်းသောက်တာ..." 


ပြောပြောဆိုဆိုဖြင့် သူ့မျက်လုံးများက ခုံထောင့်ရှိ ရေဘူးနှစ်ဘူးပေါ်ကိုရောက်လာလေသည်။


ရှောက်မင်ကထပ်ဖြည့်ပြောလိုက်သည်။ 

"အင်း၊ ငါတစ်ဘူးလောက်ယူလို့ရမလား..."


ကျူးထုန်မှာ တစ်ဘူးပေးသင့်မပေးသင့်သည်ကို မသိသေးပေ။


တစ်ဘူးကိုမူ ရှောက်မင်အတွက်ဝယ်လာခဲ့ခြင်းဖြစ်သော်လည်း တိုးတက်မှုက သူမျှော်လင့်ထားခဲ့သလိုမဟုတ်လေရာ သူမပြင်ဆင်ထားခဲ့မိပေ။


ရှောက်မင်ကစားပြီးသွားသည်နှင့် ၎င်း "မေတ္တာ" လက်ဆောင်လေးကို သူ့ဘက်မှအရင် ပေးရန်ကြံရွယ်ထားခဲ့သည်။ ယခုတော့ ရှောက်မင်ကတောင်းနေပြီ။


စနစ်က နှစ်ထောင်းအားရစွာဖြင့် နှိပ်ကွပ်လာလေ၏။ 

'မင်းကိုအချိန်ဆွဲဖို့ ဘယ်သူကပြောထားလို့လဲ၊ အခုတော့ ဟိုကလာတောင်းနေပြီ၊ မင်းရဲ့နှစ်သက်မှုရာခိုင်နှုန်းလေးတွေကို နှုတ်ဆက်အနမ်းလေးပေးလိုက်တော့'


ကျူးထုန်: "....."


ရှောက်မင်က လာတောင်းလိမ့်မယ်လို့ သူလည်းမထင်ထားခဲ့ဘူးလေ။


သို့သော်လည်း သူရေဘူးတစ်ဘူးကိုယူပြီး ကမ်းပေးလိုက်သည်။


ရှောက်မင်က လှမ်းယူပြီး အဖုံးကို အေးဆေးဖွင့်ကာ တစ်ငုံခန့်မော့သောက်လိုက်လေသည်။


🤒