Chapter 41
Viewers 5k

🤒အခန်း ၄၁



"မင်းတို့နှစ်ယောက်ကရော ဘာဖြစ်နေကြတာလဲ..."


သူမေးလိုက်မှ ကျောင်းသားတစ်ယောက်ကတောင်းပန်လာသည်။ 


"ဆောရီး၊ ငါ...."


ရှောက်မင်က သူတို့နှစ်ယောက်ကိုလျစ်လျူရှုုပြီး ကျူးထုန်ကိုငုံ့ကြည့်လိုက်သည်။ ထိုသူက မျက်လုံးကိုလက်ဖြင့်ပွတ်နေသေးသောကြောင့် သူ့လက်ကောက်ဝတ်ကို အမြန်လှမ်းကိုင်ခိုင်းထားရသည်။ 


"မပွတ်နဲ့တော့..."


ရှောက်မင်က လက်အိတ်ချွတ်ကာ ကျူးထုန်ကိုထူပေးလိုက်သည်။ 

"လာ...မတ်တပ်ရပ်လိုက်..."


လူငယ်လေး၏မျက်လုံးထဲတွင် ဖုန်အပြည့်ဖြစ်နေပြီး ထိုသူမှာနေရခက်နေလေ၏။ လက်ကအဆွဲခံထားရသည့်တိုင် သေချာမရပ်နိုင်ပေ။


သူ့ကိုလက်တစ်ဖက်ဖြင့်ထူပေးထားရင်း ရှောက်မင်က သူ့မျက်နှာဖြင့်ကပ်အောင်မှီထားပြီးပြောလိုက်လေသည်။ 


"ကိုယ်ကြည့်ပေးမယ်၊ မျက်လုံးဖွင့်လို့ရလား..."


ကျူးထုန်ကခေါင်းခါပြလိုက်သည်။


"ဟင့်အင်း...မရဘူး..." 


ပြောပြောဆိုဆိုဖြင့် သူက လက်ကိုမြှောက်လိုက်ပြန်သည်။


ရှောက်မင်ကသူ့အား တားထားလိုက်၏။ 


"လက်ကိုမလှုပ်နဲ့၊ ကိုယ်ကြည့်ပေးမယ်..."


သူကား ထိုသူ၏မျက်လုံးထဲကိုလေမှုတ်ပေးရန်ပြင်လိုက်စဥ်မှာပင် အတန်းတံခါးဘက်မှ "ဘမ်း" ဆိုသောအသံထွက်လာပြီး ရေပုံးက ကြမ်းပြင်ပေါ်ကိုမှောက်ကျသွားလေ၏။


လော့ရှိုးက ထိတ်လန့်နေသောမျက်နှာဖြင့် တံခါးဝတွင်ရပ်နေလေသည်။ 


"မင်ကော၊ ဘာလုပ်နေတာလဲ..."


သူ့ဘက်မှကြည့်လျှင် ကျူးထုန်က ရှောက်မင်၏လက်ကို သေချာကိုင်ထားသည့်ပုံစံဖြစ်နေသည်။ ကျူးထုန်က တစ်ခုခုကိုတားရန်လုပ်နေသည့်တိုင် အကွာအဝေးကနီးကပ်လွန်းနေ၏။ နမ်းတော့မည့်ပုံစံပင်ဖြစ်နေလေသည်။


'ဒီမှာလား၊ အခုကိုလေ၊ စာသင်ခန်းထဲမှာလေ'


'ဘယ်လောက်ပဲစိတ်မထိန်းနိုင်ပါစေ၊ စင်ပေါ်မှာတော့မလုပ်နဲ့လေ'


လော့ရှိုး၏လောကကြီးက ဂျွမ်းထိုးမှောက်ခုံဖြစ်သွားသလိုပင်။ အတန်းထဲမှအခြားသူများလည်း ထိတ်လန့်သွားလေ၏။ ကျူးထုန်ကိုစိတ်ပူနေသူများပင် အခြေအနေကိုမေးမြန်းရန် မေ့သွားကြသည်။


စင်ပေါ်မှာဖြစ်တော့မယ့်အနေအထားက....မဆင်မခြင်နိုင်လိုက်တာ။


စင်ပေါ်မှနှစ်ယောက်မှာ အပြန်အလှန်ဖက်ထားနေကြဆဲရှိသေး၏။ ရှောက်မင်မှာ ကျူးထုန်မျက်လုံးကိုစိုးရိမ်နေသောကြောင့် ပွဲကြည့်ပရိသတ်ကိုမျက်ကွယ်ပြုထားပြီး ကျူးထုန်ကိုဆွဲထုတ်သွားလေသည်။


ကျူးထုန်ကမျက်လုံးမှိတ်ထားရင်း မေးလာသည်။


"ဘယ်သွားမလို့လဲ.."


"ဘေစင်သွားပြီး မျက်လုံးကိုဆေးရမှာပေါ့..."


"....."


အတန်းတံခါးဘေးမှဖြတ်သွားသည့်အခါ ရှောက်မင်က လော့ရှိုးကိုပြောလိုက်လေ၏။ 

"စင်ကိုသန့်ရှင်းရေးလုပ်လိုက်ဦး..."


လော့ရှိုး: "...."


'ငါ့ကိုအလုပ်လုပ်ခိုင်းပြီး မင်းကဘာလုပ်မလို့လဲ'


လော့ရှိုးပင်ဘာမှမပြောရသေး၊ အတန်းမှမိန်းကလေးများ၏အသံက သူ့အသံကိုဖုံးသွားလေတော့သည်။


"......"


သူတို့ မည်သည်ကိုစိတ်လှုပ်ရှားနေသည်အား သူမသိသည်မှာ အမှန်ပင်။


.....


ရှောက်မင်က အောက်ထပ်ရှိ ဆရာများရုံးခန်းအပြင်ဘက်မှ ဘေစင်ရှိရာသို့ ကျူးထုန်ကိုတိုက်ရိုက်ခေါ်သွားလိုက်သည်။ ယနေ့က အတန်းလိုက်သန့်ရှင်းရေးလုပ်ရသည့်နေ့ဖြစ်နေ၍ အခြားစာသင်ဆောင်မှသန့်စင်ခန်းအများစုကိုလည်း သန့်ရှင်းရန်အတွက်ပိတ်ထားကြလေသည်။


မျက်လုံးထဲမှဖုန်များကိုသန့်ရှင်းပြီး နောက်ဆုံး၌ ကျူးထုန် မျက်လုံးဖွင့်နိုင်သွားသည်။ ဖုန်ဝင်ထားသောကြောင့် သူ့မျက်လုံးများမှာ နီရဲ၍နေလေ၏။


ငိုထားသလိုပင်။


ရှောက်မင်က သူ့မျက်လုံးအနားမှရေများကိုဖယ်ထုတ်ပေးပြီးနောက် မေးလိုက်လေသည်။ 

"နေရမခက်တော့ဘူးမလား..."


ကျူးထုန်က ခေါင်းညိတ်ပြပြီး ခေါင်းယိမ်းလိုက်ပြန်၏။ 

"အင်း၊ နေလို့ကောင်းသွားပါပြီ..."


ရှောက်မင်က ညင်သာသည့်အသံဖြင့် သူ့အားငေါက်ငမ်းလာလေသည်။ 

"မပွတ်နဲ့လို့ပြောနေတယ်လေ၊ အခု ယုန်မျက်လုံးတွေလို နီရဲနေပြီ..."


ကျူးထုန်: "....."


သူသည်လည်းမပွတ်ချင်သည့်တိုင် မနေတတ်သောကြောင့် ခေါင်းမော့ပြီးအကြောင်းပြလိုက်သည်။ 


"ဒါပေမဲ့ မပွတ်ရင်ယားတယ်..."


ရှောက်မင်: "....."


သူ့အသံက အလွန်တရာမှ ဒေါသထွက်နေသလိုပင်။ ရှောက်မင်မှာ အကူအညီမဲ့စွာဖြင့် ရယ်လိုက်မိလေသည်။ 


"ဘယ်သူက မင်းကို အရမ်းအလေးအနက်ထားလုပ်ဖို့ ပြောလို့လဲ..."


စားပွဲခုံကိုသုတ်ပြီးသွားသည်နှင့် သူက ခုံအောက်ထဲသို့ဝင်၍ပင် သန့်ရှင်းလိုက်သေးသည်။


သို့သော် သူ့ပါးစပ်မှထုတ်မပြောရသေးချိန်မှာပင် ကျူးထုန်၏နီရဲပြီးအရည်လဲ့နေသည့်မျက်လုံးလေးများကိုကြည့်ကာ သနားသွားခဲ့သည်။ 


"အခု နေရမခက်တော့ရင် အတန်းကိုပြန်ကြတော့မလား..."


ကျူးထုန်က ခေါင်းညိတ်ပြလိုက်သည်။


နှစ်ယောက်သားလှည့်ပြီး ပြန်လာခဲ့ကြ၏။ သူတို့ လှေကားမှအပေါ်ထပ်ကိုတက်လာချိန်တွင် ရေတစ်ပုံးဆွဲပြီးအောက်ဆင်းလာသည့်ကျောင်းသားတစ်ယောက်နှင့် တွေ့လိုက်ရသည်။ ရေပုံးက အရှေ့အနောက်ယမ်းနေကာ ကျူးထုန်မှာ ၎င်းမှောက်သွားမည်ကိုစိုးရိမ်သောကြောင့် ရှောက်မင်လျှောက်နေသည့်ဘက်သို့ အလိုလိုကပ်မိသွားသည်။


၎င်းက တမင်တကာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူတို့ဘေးမှဖြတ်သွားသည်နှင့် ရေပုံးက ရုတ်တရက် အပြင်းအထန်ခါယမ်းသွားလေသည်။ ကျူးထုန်မှာ သူ့နောက်ကျောကို တစ်ခုခုကတိုက်သွားသလိုခံစားလိုက်ရပြီး ရေပုံးက ယမ်းခါသွားကာ သူ့လက်ကိုရေစင်သွားခဲ့သည်။


သူကား ခပ်ရေးရေးမျှ မျက်မှောင်ကြုတ်မိသွားလေ၏။


"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်..." 


လူငယ်လေးကား တမဟုတ်ချင်းပင် အခါခါတောင်းပန်လာလေသည်။


ကျူးထုန်ကား မတော်တဆဖြစ်သွားသည်ဟုသာတွေးလိုက်ပြီး 'ရပါတယ်' ဟုပြောတော့မည့်အချိန် လူငယ်လေးက သူ့လက်ကိုရုတ်တရက်လှမ်းဆွဲလာပြီးဆိုလေသည်။ 


"ငါသုတ်ပေးပါ့မယ်..."


ထိုသူမှာ လျင်လွန်းလှလေရာ ရှောက်မင်ရောကျူးထုန်ပါ ငြင်းရန်အချိန်မရလိုက်ပေ။


ရှောက်မင်က အဆွဲခံထားရသောကျူးထုန်၏လက်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးတို့က ခဏတွင်းချင်းမည်းမှောင်သွားတော့သည်။ ထို့နောက် လှုပ်ရှားတော့မည့်အချိန်တွင် ကျူးထုန်ကသူ့ထက်ပိုမြန်စွာဖြင့် တုံ့ပြန်လိုက်လေသည်။


ကျူးထုန်ကား ရေနွေးပူလောင်သွားသလို လက်ကို ခါထုတ်လိုက်သည်။ သူ့လက်ကောက်ဝတ်ကိုဆွဲထားသောကောင်လေးမှာ သတိလွတ်သွားပြီး သူ့ကြောင့် နှစ်လှမ်းခန့်နောက်ဆုတ်သွားသည်။ ဘေးမှလှေကားလက်ရမ်းကို အမြန်ဆွဲလိုက်၍သာ ပြုတ်မကျသွားခဲ့ခြင်းပင်။


ထိုသူကား မယုံကြည်နိုင်သောမျက်နှာဖြင့်ဆိုလာ၏။

"မင်း...."


ဒါက ဘယ်လို လွန်ကဲတဲ့တုံ့ပြန်မှုကြီးလဲ။


ရှောက်မင်မှာ ကျူးထုန်၏တုံ့ပြန်မှုက ယခုလို ပြင်းထန်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အင်နာရှားကြောင့် အနောက်ကိုအရှိန်လွန်သွားပြီး သူ့ကိုပါဝင်တိုက်မိသွားသေးသည်။ သူကား လူငယ်လေး၏လက်ကိုခါထုတ်လိုက်၍ အလိုလိုမြောက်နေသော ကျူးထုန်၏လက်ကိုကြည့်လိုက်သည်။ သူက တဖက်လူကိုထိန်းပေးထားရင်းပြောလိုက်လေ၏။ 


"မင်း..."


"ငါထပ်သွားဆေးလိုက်မယ်..."


ကျူးထုန်က မျက်မှောင်ကြုတ်ကာ အဆွဲခံလိုက်ရသောသူ့လက်ကောက်ဝတ်ကိုကြည့်လိုက်ပြီးအခုလေးတင်ပြန်လာခဲ့သော ဘေစင်ရှိရာဘက်သို့ပြန်လှည့်သွားသည်။


သူ့ကြောင့် လွင့်ထွက်သွားသည့်ကျောင်းသားလေးမှာ လျှပ်တပြက်ဖြစ်ပျက်သွားရာမှ သတိပြန်လည်လာပြီး ရုတ်တရက်တုံ့ပြန်လာလေသည်။


 "မင်းလက်ကိုရေစင်သွားရုံလေးပဲမဟုတ်ဘူးလား၊ ရေတွေက ညစ်ပတ်နေတာလည်းမဟုတ်ပါဘူး..."


"မင်းလက်ထဲကအဝတ်စုတ်ကိုစားချင်တယ်ဆိုရင် ငါမင်းကိုကူကျွေးပေးမယ်..." 


ရှောက်မင်က သူ့အား အေးတိအေးစက်ကြည့်လိုက်သည်။


သူပြောလိုက်သည့်စကားကြောင့် ကျောင်းသားလေး၏ကျောရိုးတလျှောက်မှာ အေးစိမ့်သွားရပြီး ပါးစပ်အဟောင်းသားဖြင့် အသံမထွက်နိုင်တော့ပေ။


ရှောက်မင်က အောက်ထပ်ဆင်းသွားသော ကျူးထုန်၏အနောက်မှလိုက်သွားလေသည်။


ထိုကျောင်းသားမှာ ထောင့်ဘက်သို့ကွေ့ဝင်လိုက်သည်နှင့် ထိတ်လန့်နေပုံမရတော့ချေ။ သူက မကျေမချမ်းဖြင့် နှုတ်ခမ်းရွဲ့လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။


 "ကျစ်...ကြီးကျယ်လိုက်တာ..."


ထို့နောက် ထိုလူငယ်က အပေါ်ထပ်သို့ပြေးတက်သွားလေ၏။


"....?"


ကျူးထုန် အောက်ဆင်းနေရာမှရပ်သွားပြီး တဒင်္ဂခန့် အေးခဲသွားသည်။ ထို့နောက် ဘာမှမဖြစ်သလိုပင် ဆက်လျှောက်သွားလိုကိလေ၏။


ကြီးကျယ်လိုက်တာတဲ့လား။


သူကအရမ်းကြီးကျယ်တယ်။ အဲဒီတော့ဘာဖြစ်လဲ။


ညစ်ပတ်သွားသည်မှာ အခြားသူများ၏ လက်ဖြစ်ပါက သူ ယခုကဲ့သို့ အသည်းအသန်တုံ့ပြန်မိမည်မဟုတ်ပေ။ သို့သော်လည်း ယခုကဲ့သို့ သူ့လက်ကောက်ဝတ်အား ဗြုန်းစားကြီး ဆုပ်ကိုင်ခံလိုက်ရ၍ ဟန်ချက်ညီအောင်မထိန်းနိုင်တော့ဘဲ ပြုတ်ကျသွားခဲ့ပါမူ...။


သူ့အနေဖြင့် နောက်ကွယ်တွင် ကျောင်းရှိလူများမှ "ကြီးကျယ်သည်" ဟု အပြောခံရခြင်းနှင့်ပတ်သက်၍ အကျင့်ဖြစ်နေပြီပင်။ ယခင်ကျောင်းတွင်တက်ခဲ့ချိန်ကဆိုလျှင် သူ၏အမည်ရင်းပင် မေ့ပျောက်လုနီးပါးဖြစ်ခဲ့ရသေးသည်။ ကျောင်းပြောင်းလာပြီးနောက် တစ်ခါမှအခေါ်မခံရတော့လေရာ ထိုစကားလုံးကသူ့အတွက် အနည်းငယ်မျှစိမ်းနေခဲ့သည်။


ကျူးထုန် ဘေစင်မှရေပိုက်ခေါင်းကိုလှည့်ဖွင့်လိုက်ပြီး ရေကျလာသည့်အခါ လက်ကောက်ဝတ်ကိုခံလိုက်သည်။ ကျောင်းသားလေးဆွဲလိုက်သည့်လက်ကောက်ဝတ်နေရာက မသက်မသာဖြစ်နေလေ၏။ ရေက ညစ်ပတ်သွားသည့်နေရာကိုပြောင်အောင်မဆေးပေးနိုင်သလိုခံစားရသောကြောင့် အခြားလက်တစ်ဖက်ဖြင့်ပွတ်သပ်လိုက်လေသည်။


ရုတ်တရက် လူတစ်ယောက်ကသူ့ဘေးတွင်လာရပ်သောကြောင့် ကျူးထုန် မော့ကြည့်လိုက်သည်။


ရှောက်မင်။


အရပ်ရှည်သည့်လူငယ်လေးက သူ့လက်ကိုငုံ့ကြည့်ပြီးဘာမှမပြောပေ။


ကျူးထုန်က သူ့ကိုတွေ့လိုက်၍ ထိတ်ပျာသွားလေသည်။ 


'ရှောက်မင်လည်းငါ့ကို ကြီးကျယ်တယ်လို့များထင်သွားပြီလား'


သူကား ခဏရပ်ကာ တီးတိုးပြောလိုက်၏။ 

"သူငါ့ကိုဆွဲလိုက်တဲ့လက်က အဝတ်စုတ်ကိုင်ထားတဲ့လက်ဖြစ်နေတယ်၊ သူကငါ့ကို အဝတ်စုတ်နဲ့သုတ်ပေးတော့မှာလေ..."


အဝတ်စုတ်က ညစ်ပတ်နေခဲ့သည်။ လျှော်ပင်လျှော်ရဲ့လားမသိပါချေ။


ရှောက်မင်က ညင်သာသည့်အသံဖြင့် တုံ့ပြန်လာလေသည်။ 

"အင်း၊ ကိုယ်မြင်လိုက်တယ်.."


သူကိုင်ထားသည်က အဝတ်စုတ်လေးသက်သက်တစ်ခုသာမဟုတ်ပါချေ။[ညစ်ပတ်နေတဲ့အဝတ်လို့ ပြောချင်တာပါ]


ထို့အပြင် ရေလေးမျှသာ စင်သွားရုံဖြစ်ပြီး သုတ်ပေးရန်အတွက်ကိုမူ မည်သည်ကို သုံးစရာလိုမည်နည်း။


ထိုသူက ကျူးထုန်အနားကို တိုက်ရိုက်ချဥ်းကပ်ခဲ့ခြင်းပင်။ ရည်ရွယ်ချက်တစ်ခုခုရှိနေမည်မှာ သေချာ၏။


ရှောက်မင်၏မျက်လုံးတို့က အနည်းငယ်အေးစက်သွားစေကာမူ ခေါင်းငုံ့ထားသောကြောင့် ကျူးထုန်လည်းသေချာမမြင်လိုက်ပေ။


နောက်တစ်ခါလက်ဆေးပြီးသည့်နောက် ကျူးထုန်ကသူ့အားကြည့်ကာပြောလာလေသည်။ 


"ရပြီ၊ သွားကြမယ်..."


ရှောက်မင်က တုတ်တုတ်ပင်မလှုပ်။ နားမလည်သလိုမျိုးပြန်မေးလာခဲ့သည်။ 


"မင်း...မင်းကို အခြားသူတွေထိမှာ ကြောက်လား..."


ကျူးထုန်: "....."


ရှောက်မင်၏စကားကမှန်နေလေရာ သူ ခဏတွင်းချင်းအေးခဲသွားရလေ၏။ အမှန်ပင် အခြားသူများက သူ့အားလာထိမည်ကိုကြောက်ရွံ့လေသည်။


ထိုစိမ်းသက်သောထိတွေ့မှုတို့က သူ့အားနေရခက်စေလေသည်။


ကျောင်းပြောင်းလာပြီးနောက် သူက လူသစ်ဖြစ်နေပြီး လူစိမ်းများဖြင့်ဝန်းရံခံခဲ့ရသည်။ ရင်းနှီးလျှင်ပင် မည်သူကမှ သူ့အား လာပြီးမထိတွေ့ကြပေ။ ထို့ကြောင့် သူ၏ယခုလိုအကျင့်တို့က အလွယ်တကူငုပ်လျှိုးနေခဲ့သည်။


သို့ရာတွင် သူ့အနေဖြင့် ဖော်ထုတ်ခံနေရဆဲသာ။ သူ၏ အသည်းအသန်တုံ့ပြန်မှုတို့က သိသာနေဆဲပင်ဖြစ်သည်။


ကျူးထုန် ရုတ်တရက်ရပ်သွားသောကြောင့် ရှောက်မင်ကလူငယ်လေး၏တုံ့ပြန်မှုကို အတိုင်းသားမြင်နေရလေသည်။ သူကားပြုံး၍ပြောလိုက်လေ၏။ 

"ဒါဆို နောက်ကျရင် ကိုယ်ပိုပြီးဂရုစိုက်ပါ့မယ်၊ သွားရအောင်..."


သူ့ဘက်မှ ပိုသတိထားပြီး ကျူးထုန်ကိုအခြားသူများမထိရအောင် ကာကွယ်ပေးရမည်။


ရှောက်မင် ယခုလေးတင်ကျူးထုန်ကိုမေးလိုက်သည်က တုံ့ပြန်မှုလွန်ကဲသည့်အကြောင်းမဟုတ်၍ ကျူးထုန်မှာ မှင်သက်သွားခဲ့လေသည်။


ပြောရလျှင် သူကျောင်းပြောင်းလာတည်းက ရှောက်မင်ကသာ ခန္ဓာကိုယ်ပိုင်းနှင့်စိတ်ပိုင်းအရ သူအများဆုံးထိတွေ့ခဲ့သူဖြစ်လေသည်။


'နောက်ကျရင် ပိုဂရုစိုက်ပါ့မယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ၊ သူဘာကိုပြောချင်တာလဲ'


ကျူးထုန်က စနစ်ကိုမေးကြည့်လိုက်သည်။

 'သူကငါ့ကို အထိခံရမှာကြောက်လားဆိုပြီးဘာလို့မေးတာလဲ၊ သူတစ်ခုခုကို အထင်လွဲနေတာလား'


ရှောက်မင်ဆိုလိုတာက...နောက်ပိုင်းမှာ သူ့ကို သိပ်မထိတော့ဘူးလို့ပြောချင်တာလား။


စနစ်၏အဖြေက စာနာစိတ်မရှိပေ။ 

'မင်းကိုကြည့်ရတာ အရမ်းနောင်တရနေသလိုပဲနော်'


ကျူးထုန်: "....."


ကျူးထုန်ကငြင်းလိုက်သည်။ 

'ငါကသူ့ကိုရှင်းပြဖို့လိုတယ်ထင်လို့ပါ'


စနစ်: 'ဘယ်လိုရှင်းပြချင်တာလဲ၊ မင်းကိုထိရင် ကြိုက်ပါတယ်လို့ သူ့ကိုပြောမလို့လား'


ကျူးထုန်: "....."


ဘာလို့ ဒီစကားလုံးက အဓိပ္ပါယ်နှစ်ခွထွက်နေရတာလဲ။


သို့သော်လည်း စနစ်၏စကားကမှန်သည်။ သူလည်း ဘယ်လိုရှင်းပြရမည်ကို မသိသေးပေ။ သူက ရှောက်မင်နှင့် မကြာခဏထိတွေ့နေရရန် ဆန္ဒရှိနေခဲ့သည်လား။


တစ်မျိုးတမည်ဖြင့် အဖြေက "အမှန်" ဖြစ်နေခဲ့သည်။


'ဒါပေမဲ့ ဘာလို့လဲ' ကျူးထုန် သူ့ကိုယ်သူမေးကြည့်လိုက်သည်။


အဘယ်ကြောင့်ဆိုသော် ရှောက်မင် သူ့ကို ထိတွေ့လာသည့်အချိန်တိုင်း ကြင်နာမှုတစ်မျိုးရှိနေ၍ပင်။


အကြောင်းမှာ စနစ်၏တာဝန်က သူ့အသက်ကို ရှောက်မင်နှင့်ချည်နှောင်ထားရန်ဖြစ်သောကြောင့်ပင်။


ရှောက်မင်က သူ၏ပုံရိပ်ကို အလွန်အကျွံအာရုံစိုက်ထားတတ်သည်။ ကျူးထုန်က သူတို့ကို လူအမျိုးအစားတစ်ခုတည်းအောက်သို့ သွင်းထားခဲ့ကြောင့်ပင်။


ရှောက်မင်၏ အဖန်တလဲလဲဂရုစိုက်မှုများကြောင့် ထိုသူ၏အထိအတွေ့ကို အသားကျသွားခြင်းဖြစ်လိမ့်မည်။


စဥ်းစားကြည့်ပြီးသည့်နောက် ကျူးထုန်မှာ ရှင်းပြစရာမရှိတော့သလိုခံစားလိုက်ရသည်။ ယင်းမှာ သူမွေးကတည်းကရှိလာခဲ့သောအကျင့်ဖြစ်နေသည်။ သူ့အား အခြားသူများထိတွေ့လာမည်ကို ကြောက်သည်။ အခြားသူများနှင့်လည်း အဆက်အဆံမလုပ်ချင်တော့ပေ။


သူက ယခုကဲ့သို့ပြဿနာအသေးအဖွဲလေးများနှင့်ပင် ကြီးကျယ်တတ်သူဖြစ်လေ၏။


ထိုသို့သော လူ့ဂွစာပင်ဖြစ်ချေ၏။


သို့သော်လည်း ထူးဆန်းစွာဖြင့် ရှောက်မင်ကသူ့အား အထင်လွဲသွားမည်ကိုမူ မလိုလားပေ။


'ငါဘယ်လိုပြောလိုက်ရမလဲ' 

ကျူးထုန်မှာ ဆက်ပြီးခေါင်းခြောက်နေရဆဲ။


အတွေးနွံနစ်နေရင်း သူတို့နှစ်ယောက် အတန်းကိုမည်သို့မည်ပုံပြန်ရောက်လာသည်ကိုပင် မသိလိုက်ပေ။ တန်းခွဲသုံး ဆူညံနေရခြင်းမှာ သန့်ရှင်းရေးကြောင့်မဟုတ်ပဲ အတင်းပြောနေကြ၍ဖြစ်လိမ့်မည်။


သူတို့နှစ်ယောက် အတန်းကိုပြန်ရောက်လာသည်နှင့် မျက်လုံးတစ်စုံကသူတို့ကိုကြည့်လာပြီး အခြားသူတို့က ၎င်းအနောက်မှလိုက်ကြည့်လာကြသည်။


ကျူးထုန်: "?"


"မင်ကော၊ မင်းရဲ့နို့လက်ဖက်ရည်ဆိုင်တော့ ဗုံးပေါက်ပြီ..." 


ပြတင်းပေါက်နားတွင်ထိုင်နေသောကောင်လေးက ရုတ်တရက် သူ့ဖုန်းကိုမြှောက်ပြလာသည်။


ကျူးထုန်မှာ မသိစိတ်အလျောက် ရှောက်မင်ကိုလှည့်ကြည့်မိသွားသည်။


သူ့တွင် ရှောက်မင်ကဲ့သို့ စိတ်တည်ငြိမ်မှုမျိုးမရှိပေ။ ရှောက်မင်၏နို့လက်ဖက်ရည်ဆိုင်ဟုကြားလိုက်သည်နှင့် သူချက်ချင်းစိတ်လှုပ်ရှားသွားခဲ့သည်။


'ငါမျက်လုံးလေးသွားဆေးတာကို ဘာတွေဖြစ်နေပြန်တာလဲ'


ချက်ချင်းပင် တစ်ယောက်ကရှေ့ထွက်လာပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ရှင်းပြလာလေသည်။ 


"အခုလေးတင် ကျွယ်ယွိနန်က မင်းရဲ့နို့လက်ဖက်ရည်ဆိုင်ကိုလာသွားတယ်၊ ဓာတ်ပုံရိုက်ပြီး Weibo မှာလည်းတင်သွားတယ်၊ အွန်လိုင်းပေါ်မှာ မှတ်ချက်တွေက ပေါက်ကွဲနေပြီ..."


"ကျွယ်ယွိနန်ကမင်းရဲ့နို့လက်ဖက်ရည်ဆိုင်ကိုလာသွားတယ်နော်၊ မင်းတို့ချင်းသိကြလား..."


"ဖာ့ခ်၊ ဘုရားရဲ့ကျေးဇူးပဲ၊ မင်ကော၊ ငါ့ကိုသူ့ရဲ့လက်မှတ်လေးယူလာပေးတာလား..."


စိတ်လှုပ်ရှားနေသည့်လူတွေက အုံကြွလာသော်ငြား ရှောက်မင်က လိုရင်းကိုနားလည်လေသည်။ သူကား အသာပြုံးလိုက်ပြီး အားလုံးကိုတုံ့ပြန်လိုက်သည်။ 


"ငါကျွယ်ယွိနန်ကိုမသိဘူး..."


"....."


သူ့အနားမှလူများမှာ တစ်စက္ကန့်ခန့်တိတ်ဆိတ်သွားလေသည်။ ယွမ်ရှောင်ကျိုး၏ဇာတ်သိမ်းကိုတွေးမိပြီး သူတို့မျက်လုံးများက ကျူးထုန်ဘက်သို့ထပ်ရောက်လာကြပြန်သည်။


ကျူးထုန်ကသူတို့အား မှင်သေသေဖြင့်ကြည့်လိုက်၏။ 

"ကျွယ်ယွိနန်ဆိုတာဘယ်သူလဲ..."


လူတိုင်း: "....."




🤒