Chapter 40
Viewers 5k

🤒အခန်း ၄၀




ကိစ္စများကိုဖြေရှင်းပေးရန် လူရှာရသည့်အလုပ်မှာ ရှားယန်တွေးထားသလိုအဆင်မပြေခဲ့ပေ။


သူစိတ်ရူးပေါက်ပြီးကျောင်းပြောင်းခဲ့သည့်ကိစ္စကြောင့် သူနှင့်သူ့အဖေစကားများခဲ့ကြသည့်ကိစ္စကို A မြို့ရှိလူအများအပြားသိကြသည်။ သူ့ကိုကူညီပေးနိုင်သူများက ငြင်းဆန်နေကြခြင်းမှာ သူ့အဖေ၏ "ခိုင်းစေချက်" ကြောင့်ပင်။


အချို့မိတ်ဆွေများကမူ အခြေအနေက အလွန်အမင်းစွန့်စားရာရောက်နေသောကြောင့် ကူညီရမည်ကိုတွန့်ဆုတ်နေကြသည်။ နို့လက်ဖက်ရည်ဆိုင်အားပစ်မှတ်ထားနေသော နောက်ကွယ်မှလူများ၏ နောက်ခံအခြေအနေကိုလည်း မည်သူမှမသိကြပေ။ သက်သေပြသည့်ကိစ္စမအောင်မြင်ခဲ့ပါက မူးယစ်ဆေးများထည့်ရောင်းနေသော နို့လက်ဖက်ရည်ဆိုင်နှင့် ပူးပေါင်းနေသည်ဟုစွပ်စွဲခံရနိုင်ပြီး သူတို့၏အနာဂတ်လည်းပျက်စီးသွားနိုင်သည်။


ရှားယန် စိတ်ပူနေစဥ်မှာပင် လူတစ်ယောက်ကသူ့ထံသို့ဆက်သွယ်လာခဲ့သည်။


ထိုပုဂ္ဂိုလ်က ညစာစားပွဲတွင် သူ့ကိုစကားလာပြောဖူးပြီး သူ့အားကူညီပေးနိုင်မည့်သူကို ရှာပေးနိုင်သည်ဟုပြောလာခဲ့သည်။


သူ့ကိုကူညီပေးမည့်သူရှိနေပြီး ထိုသူကသူ့ကိုသိနေခဲ့သည်။ ရှားယန်ကား ရှည်ရှည်ဝေးဝေးမတွေးတော့ဘဲ ထိုသူ၏အကူအညီကိုလက်ခံလိုက်လေသည်။


သို့ထိတိုင် နှစ်ရက်ကြာပြီးသည်အထိ ဘာသတင်းမှမကြားရပေ။


တစ်ဖက်ရှိ ကျူးထုန်မှာလည်း နှစ်ရက်တိုင်စောင့်နေခဲ့သည်။


သူလည်း သတင်းမကြားရသေးပေ။


'ဘာတွေဖြစ်နေပြီလဲ၊ ငါ့ရဲ့တစ်ဝမ်းကွဲအစ်ကိုက အားကိုးလို့ရပါ့မလား'


အိမ်စာရေးနေစဥ် ကျူးထုန်မှာ ဖုန်းကိုရံဖန်ရံခါကြည့်နေမိ၏။ ချန်ချန့်က သူ့ကိုမက်ဆေ့ချ်ပို့လာလေသည်။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : မင်းရဲ့အတန်းဖော်ကမရိုးရှင်းဘူးနော်။


ကျူးထုန်ကလည်း သူ၏ထင်မြင်ချက်ကြောင့် အူလည်လည်ဖြစ်သွားရသည်။ သူကား အလိုက်အထိုက်ဖြင့် တစ်ဝမ်းကွဲညီအစ်ကိုအား '?' တတန်းကြီးကိုပြန်ပို့ပေးလိုက်သည်။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ငါလူတစ်ယောက်ကိုရှာပြီး စစ်ဆေးခိုင်းလိုက်တယ်။ ရှောင်းမီရဲ့နောက်ကွယ်ကလူက အရမ်းလျှို့ဝှက်တယ်။ မင်းအတန်းဖော်က ဘယ်သူ့ကိုသွားပြီးပြစ်မှားလိုက်တာလဲ။


သူ၏တစ်ဝမ်းကွဲညီလေးမှ လူတစ်ယောက်အား "အရမ်းလျှို့ဝှက်တယ်" ဟုပြောလာခဲ့ပါက သာမန်လူ လုံးဝမဖြစ်နိုင်တော့ပေ။ ရှောက်မင်က ဘယ်လောက်တောင် နောက်ခံကြီးတဲ့လူနဲ့သွားရှုပ်လိုက်တာလဲ။


ကျူးထုန်ကား စိတ်ထဲမှတဆင့် စနစ်ကိုမေးလိုက်သည်။ 

'အခုရက်ထဲမှာ ရှားယန် တစ်ယောက်ယောက်နဲ့တွေ့ခဲ့သေးလား'


စနစ်က ချက်ချင်းမဆိုင်းပြန်ဖြေလာလေသည်။ 

'ဒေတာအရမရှိပါဘူး'


ရှားယန်ရဲ့စနက်မဟုတ်ရင် သူ့အတန်းဖော်က ဘယ်လိုလုပ်သူများကို သွားစော်ကားမိတာလဲ။ ကျူးထုန်ကသက်ပြင်းချပြီး သူ၏တဝမ်းကွဲအစ်ကိုကိုထပ်မေးလိုက်သည်။


<ကျူး> : မင်းရှင်းနိုင်လား။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : "မင်းရှင်းနိုင်လား" ဆိုတဲ့မေးခွန်းက ဘာသဘောလဲ။ ကိုယ့်ရဲ့တစ်ဝမ်းကွဲညီအစ်ကိုအပေါ် ယုံကြည်ချက်နည်းနည်းတောင်မရှိဘူးလား။


<ကျူး> : ......


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : စောင့်နေဦး။


ကျူးထုန်က စောင့်နေလိုက်သည်။


သို့သော်လည်း သူအကြာကြီးမစောင့်နိုင်ပေ။ သူ့တွင် အခြားလုပ်စရာများရှိနေသေးသည်။ 

အတန်းလိုက် ပုံမှန်သန့်ရှင်းရေးလိုမျိုး။


"ဒီလူအင်အားသုံးရတဲ့သန့်ရှင်းရေးကို တစ်ကျောင်းလုံးကစီစဥ်ထားတာ၊ အတန်းတွေနဲ့ စာသင်ဆောင်တွေအပြင် ကန်တင်းအနားကလမ်းတွေကိုလည်း သန့်ရှင်းရေးလုပ်ပေးဖို့ ကျောင်းသားတွေကိုတောင်းဆိုထားသေးတယ်။ တန်းခွဲသုံးကလည်း ဒီနေရာကိုပဲသန့်ရှင်းရေးလုပ်ရမှာ..." 


ရှစ်ဝမ်ရှုက စင်ပေါ်တွင်ရပ်နေရင်း ပုံမှန်အတိုင်း အေးအေးဆေးဆေးစကားပြောနေလေသည်။


"သန့်ရှင်းရေးလုပ်ပြီးရင် လစဥ်စာမေးပွဲဆိုတော့ ကျောင်းက ပတ်ဝန်းကျင်ကိုသန့်ရှင်းနေအောင် စီစဥ်လိုက်ရတာ၊ နောက်ဆုံးကျရင် ကျောင်းက မင်းတို့ရဲ့လုပ်ကိုင်ပုံပေါ်မူတည်ပြီး အဆင့်တွေကိုသတ်မှတ်ပေးလိမ့်မယ်၊ ဆရာလည်း မင်းတို့တွေအားလုံး တလေးတစားနဲ့လုပ်ကြလိမ့််မယ်လို့မျှော်လင့်ပါတယ်..."


ကျောင်းသားတစ်ယောက်က ချက်ချင်းတုံ့ပြန်လာလေသည်။


ကျောင်းသားတစ်ယောက်ချင်းစီ၏ သန့်ရှင်းရမည့်နေရာကို အတန်းခေါင်းဆောင် ထျန်နွမ်က တာဝန်ခွဲပေးရသည်။ သူမတစ်ယောက်တည်း တာဝန်ယူရန်မှာ ခက်ခဲလွန်းနေ၏။


ရှောက်မင်နှင့်ယောကျ်ားလေးများက ပြတင်းပေါက်များကိုသန့်ရှင်းရန် တာဝန်ယူလိုက်ကြသည်။


တာဝန်ကျသည်နှင့် ရှောက်မင်က မတ်တပ်ရပ်ပြီးပြောလိုက်သည်။ 


"နောက်ကျရင် ငါ့အိမ်စာတွေကို တစ်ပတ်မှာ အများကြီးကူးလို့ရမယ်၊ ဘယ်သူငါနဲ့လုပ်မလဲ..."


ချက်ချင်းဆိုသလို ကျောင်းသားများစွာက ၎င်းတာဝန်လုပ်လိုကြောင်း ဝိုင်းပြောလာကြသည်။


"ငါ..."


"မင်ကော၊ ငါ့ကိုကြည့်..."


"ငါ..ငါ...ငါ..."


ရှောက်မင်က အရင်ဆုံးပြောလိုက်သည့်ကောင်လေးကို လက်ညိုးထိုးလိုက်သည်။ 


"အတန်းရဲ့အရှေ့တံခါးဘေးက ပြတင်းနှစ်ပေါက်ကို မင်းလုပ်လိုက်..."


ကျောင်းသားလေးက ချက်ချင်းနားထောင်လာ၏။ 

"ဟုတ်ကဲ့..."


အရွေးမခံရသည့် အခြားကျောင်းသားများမှာ တမဟုတ်ချင်းဆိုသလို စိတ်ပျက်သွားကြလေသည်။


ယင်းမှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။


ကျုးထုန်: "....."


ထျန်နွမ်က ရှောက်မင်ကို ကူကယ်ရာမဲ့စွာကြည့်လိုက်၏။


"နင် ဒီလို ကလိမ်ကျတာမျိုးကို ထပ်လုပ်ပြန်ပြီနော်၊ အတန်းရဲ့ဂုဏ်ဆောင်အနေနဲ့ နင်ကိုယ်တိုင်ပဲလုပ်လိုက်ပါလား..."


ရှောက်မင်က အပြစ်မရှိသလိုမျက်နှာလေးဖြင့် ပြန်ဖြေလေသည်။ 


"အတန်းခေါင်းဆောင်ရယ်၊ ဒီလိုပြောလို့မရဘူးလေ၊ စိတ်ပိုင်းဆိုင်ရာအလုပ်ကလည်း အလုပ်ပဲလေ ဟုတ်တယ်မလား၊ ငါ့ရဲ့အိမ်စာကိုနေ့တိုင်းကူးနိုင်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ..."


ထျန်နွမ်: "......"


အေးပေါ့လေ၊ ရှောက်မင်ရဲ့အိမ်စာကိုသာကူးလိုက်ရင် သူတို့ဦးနှောက်ကိုသုံးနေစရာမှမလိုတော့တာ၊ ပြီးတော့ ရှောက်မင်ကလည်း အိမ်စာကိုကောင်းကောင်းလုပ်နိုင်တယ်လေ။


ထျန်နွမ်က ခေါင်းယမ်းပြီး ကျူးထုန်ကိုထပ်ကြည့်သည်။ ပြီးနောက် တစ်တန်းလုံးကိုပတ်ကြည့်ကာ ပြောလိုက်၏။


 "ကျူးထုန်၊ နင်ကတော့ စင်ပေါ်ကိုသန့်ရှင်းရေးလုပ်ပေးလို့ရတယ်မလား..."


ကြမ်းပြင်ကို ကုန်းတိုက်ပြီး ပြတင်းပေါက်ကိုသန့်ရှင်းရေးလုပ်စရာမလိုပေ။ သူလုပ်ရမည်က သင်ပုန်းကို သန့်ရှင်းရုံသာဖြစ်၍ အလွန်လွယ်ကူလေ၏။


အတန်းခေါင်းဆောင်က သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ပေးခဲ့မှန်းသိထား၍ ကျူးထုန်က အသာခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။ 


"အိုကေ..."


ထျန်နွမ်: "....."


ထိုကောင်လေးက တကယ်ကိုချစ်စရာကောင်းပြီး လိမ္မာသည်။ ပျင်းတတ်သောရှောက်မင်နှင့်ယှဥ်လိုက်လျှင် သူကမှ အတန်း၏စံပြပုဂ္ဂိုလ်လေးပင်။


ပြောပြီးသည်နှင့် သူမ ရှောက်မင်ကိုပြန်ပြီးလှည့်ကြည့်လိုက်သည်။ သူမအကြည့်များက ယခုလိုပြောနေ၏။

 'ကျူးထုန်ကိုကြည့်စမ်း၊ သူကမှနင့်ထက် လိမ္မာသေးတယ်'


ရှောက်မင်က ကယ်ရာမဲ့စွာဖြင့်ပုခုံးတွန့်ပြလိုက်ပြီး ပျင်းလာသလိုခံစားရလေသည်။ ထို့နောက် ခေါင်းလှည့်လိုက်ကာ ကျူးထုန်နှင့် မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းလေးများက ကွေးသွားကာဆိုလာလေ၏။ 


"ပြောစရာရှိလို့လား..."


ကျူးထုန်: "မင်းကဘာလုပ်နေတာလဲ..."


ရှောက်မင်ကား ဖြေရခက်သွားလေ၏။

 "ဟမ်..."


ရှောက်မင်က မျက်နှာပင်မပြောင်းဘဲ အရှက်မရှိစွာဖြင့် ပြန်ဖြေလာလေသည်။ 


"ငါကမင်းတို့အားလုံးကို ကြီးကြပ်ပေးနေတာလေ..."


ကျူးထုန်: "...."


အေးပါကွာ။


အခြားသူများက အပင်ပန်းခံပြီး အကျိုးအမြတ်ရနေချိန် အခွင့်အရေးရှာပြီး ရေသာခိုနေသည့်သူ့အတွက် ဘာမှမပြောဘဲနေရန်မှာ ခက်ခဲလိမ့်မည်။


အခြားသူများက တာဝန်ကိုခွဲယူပြီးသည်နှင့် အလုပ်စကြပြီ။ ကျူးထုန်ကလည်း ထိုသူကိုဘာမှပြောမနေတော့ပေ။ ခုံမှထပြီး စင်ရှိရာကိုလျှောက်သွားလိုက်သည်။


ရှောက်မင်က စာရေးခုံတွင်အေးဆေးထိုင်နေရင်း သူ ကျောက်သင်ပုန်းနှင့်စားပွဲခုံကိုသန့်ရှင်းပြီး ပြန်လာသည်အထိစောင့်နေလေ၏။


ကျူးထုန်မှာ စင်ပေါ်ရောက်မှ ထိုမြင်ကွင်းကိုတွေ့လိုက်ရသည်။ သူကား စင်ပေါ်မှအောက်ကိုငုံ့ကြည့်နေပြီး အတန်ကြာသည်အထိ မလှုပ်ပေ။


ရှောက်မင်: "...."


၎င်းမြင်ကွင်းက ရင်းနှီးနေပြီး မကောင်းသည့်ခံစားချက်ကို ရုတ်ချည်းရလိုက်သည်။


နောက်တစ်စက္ကန့်၌ သူ့ထိုင်ခုံဖော်လေးက ဘာမှမလုပ်ဘဲ ပြန်လှည့်လာလေသည်။ ကျူးထုန်က ခုံအနောက်မှ ကင်းဗတ်အိတ်ကိုကောက်လိုက်၏။


ရှောက်မင်က အကြောင်းအရင်းကိုသိနေပြီးမေးလိုက်၏။ 


"မင်းအဲဒါနဲ့ဘာလုပ်မလို့လဲ..."


ကျူးထုန်: "စင်ကညစ်ပတ်နေတယ်.."


ရှောက်မင်က ခုံတွင်ခဏတဖြုတ်ထိုင်နေပြီး အနောက်မှထလိုက်လာလေသည်။


ကျူးထုန်ကား စင်ပေါ်မှခြေထောက်ချသည့်နေရာကို အဝတ်သန့်သန့်ဖြင့်ပွတ်သုတ်လိုက်သည်။ ထို့နောက် ကင်းဗတ်အိတ်ထဲကိုပြန်ထည့်ပြီး လက်အိတ်နှင့် အခြားကိရိယာများကို အိတ်ထဲမှထုတ်လိုက်သည်။ အားလုံးအသင့်ဖြစ်သည်နှင့် သူခေါင်းမော့ပြီးတဖက်လှည့်လိုက်သည့်အခါ လူတစ်ယောက်က သူ့ဘေးတွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်။


"မင်းက ဒီကိုဘာလာလုပ်တာလဲ.."


"....."


ရှောက်မင်ကား လက်ထဲတွင်ပစ္စည်းအပြည့်ဖြင့်ထိုင်ခုံဖော်လေးကိုကြည့်လိုက်သည်။ သူ့ခံစားချက်များက ရှုပ်ထွေးနေ၏။ ကျူးထုန် ကျောင်းကိုပထမဆုံးရောက်လာခဲ့သည့်နေ့ကလိုပင် ဤတကြိမ်တွင်လည်း သူ့မျက်နှာပေါ်တွင် နှာခေါင်းစည်းအုပ်ထားခဲ့သည်။


ကျူးထုန်က မျက်နှာသေးသောကြောင့် နှာခေါင်းစည်းမှာ သူ့မျက်နှာတဝက်နီးပါးကို အုပ်ထားခဲ့သည်။ သူ့မျက်နှာပေါ်တွင် ချူချာသည့်အစအနမရှိတော့ဘဲ မျက်လုံးများက ကြည်လင်တောက်ပနေ၏။ ဘေစင်မှကျလာသည့်ရေများလိုပင် ဖုံးကွယ်ထားသောလျို့ဝှက်ချက်ဟူသမျှမရှိဘဲ သန့်စင်နေလေသည်။


ရှောက်မင်က ပြောလက်စကားကိုရပ်ကာ ချောင်းဖွဖွဆိုးလိုက်သည်။


"ကိုယ်က တန်းခွဲသုံးကအတန်းသားအနေနဲ့ သန့်ရှင်းရေးလုပ်တာကို ဝိုင်းကူပေးသင့်တယ်ထင်လို့..."


ကျူးထုန်: "...."


သူကား အတန်းခေါင်းဆောင်တာဝန်ချပေးထားသော ပြတင်းပေါက်ကိုလှည့်ကြည့်လိုက်သည်။


ရှောက်မင်က ဆင်ခြေပေးလာ၏။ 


"ဒါပေမဲ့ ကိုယ်က ပြတင်းပေါက်ကိုသန့်ရှင်ရေးလုပ်ရတာကိုမကြိုက်ဘူး..."

"ဒါကြောင့် မင်းနဲ့အတူ စင်ကိုသန့်ရှင်းရေးလုပ်မယ်လို့ဆုံးဖြတ်လိုက်တာ၊ မင်းမှာ ပစ္စည်းတွေပါသေးလား..."


ကျူးထုန်မှာ ဆွံ့နေဆဲ။ သူ့တွင် အပိုဆောင်ထားသောလက်အိတ်နှင့် နှာခေါင်းစည်းများရှိနေသေးသည်။ ထို့ကြောင့် ရှောက်မင်ကိုငှားပေးရန် အပိုရှိလေ၏။


သူ့ကိုကြည့်နေရင်း လူငယ်လေးက ရှောက်မင်ကို ကင်းဗတ်အိတ်အားကမ်းပေးလိုက်သည်။


ရှောက်မင်က သဘာဝတကျပင် "ကိရိယာ" များကိုလှမ်းယူပြီး သူဟာသူဝတ်လိုက်သည်။ ကျူးထုန်မှာ အချိန်ဆွဲလုပ်နေရင်း မျက်လုံးလှိမ့်လိုက်လေ၏။ 


'ကူညီချင်တယ်ဆိုလည်းပြောလိုက်ပါလား၊ ဘာကိစ္စ ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ'


ရှောက်မင် လက်အိတ်ဝတ်လိုက်သည်ကိုတွေ့ပြီးသည်နှင့် နှာခေါင်းစည်းအား ကမ်းပေးကာပြောလိုက်သည်။ 


"စင်ပေါ်မှာလည်း ဖုန်တွေအများကြီးပဲ၊ ဒါလည်းဝတ်ထားသင့်တယ်.."


ရှောက်မင်က ကမ်းပေးလာသည့် နှာခေါင်းစည်းကိုကြည့်ကာ အပြုံးတစ်ပွင့်ဖြင့်တုံ့ပြန်လိုက်၏။ 


"မင်းအိတ်ထဲမှာ ဘယ်လိုပစ္စည်းတွေထည့်ထားတာလဲ၊ ဘယ်နှစ်ခုတောင်ရှိနေတာလဲ..."


ကျူးထုန်: "အများကြီးမဟုတ်ပါဘူး၊ အကုန်လုံးအသုံးဝင်တဲ့ပစ္စည်းတွေပါပဲ..."


ရှောက်မင်: "...."


သူကား စိတ်ထဲမှတွေးလိုက်လေသည်။ 


'မင်းပစ္စည်းတွေက သာမန်လူတွေမှာရှိသင့်တာထက်များနေတယ်နော်'


အပြင်ပန်းတွင်တော့ ရှောက်မင်ကပြုံးကာ နှာခေါင်းစည်းကိုယူလိုက်လေသည်။ 


"မင်းကရောဘာလုပ်မှာလဲ၊ ထိုင်ခုံဖော်လေး.."


ကျူးထုန်မှာ တဒင်္ဂမျှနားမလည်နိုင်ဖြစ်နေလေ၏။ 

"ဘာလဲ.."


ရှောက်မင်က သက်သေပြလိုက်သည်။ 


"ကိုယ်က ဘုန်းကြီးပေါက်စလေ၊ ကိုယ့်ကိုမသင်ပေးတော့ဘူးလား..."


ကျူးထုန်: "...."


ကျူးထုန်မှာထိုသူ၏ ပြောစရာစကားမဲ့သွားစေသော တုံ့ပြန်ပုံကြောင့် စိတ်ရှုပ်သွားရပြန်၏။


အကြောင်းမှာ သူကမှ ညွှန်ကြားခံနေသူဖြစ်နေသောကြောင့်ပင်။


ဆေးရုံတွင် ဆရာဝန်ကသူ့အား လုပ်ရမည့်အရာများကိုပြောပြသည်။ အိမ်တွင်ဆိုလျှင် အစေခံများကသူ့အား လုပ်ရမည့်အရာများကိုပြောပြသည်။ ဤကျောင်းကိုပြောင်းလာချိန်တွင်လည်း သူ့ဘက်မှ ရှောက်မင်ကိုကျောင်းစာနဲ့ပတ်သတ်ပြီးမေးမြန်းခဲ့ရသည်။


လူတစ်ယောက်ကသူ့အား လုပ်သင့်အရာများကိုမေးမြန်းလာသည်မှာ ဤတစ်ကြိမ်ကပထမဆုံးပင်။


ဤခံစားချက်က အလွန်ကောင်းမွန်လွန်းသည်။


သူကားရှောက်မင်ကို ပစ္စည်းများနှင့်လက်တွေ့ပြလိုက်သည်။ 


"ရှင်းပါတယ်၊ အရင်ဆုံး မြင်နေရတဲ့ဖုန်တွေကိုသုတ်ပစ်လိုက်၊ ပြီးရင်အရက်ပြန်နဲ့ဖြန်းလိုက်၊ ပြီးရင် အဲဒီအရက်ပြန်တွေနဲ့ အသေအချာပြန်သုတ်လိုက်..."


အရက်ပြန်က အပျော့စားဖြစ်၍ အနံ့မပြင်းပေ။


ကျူးထုန်က ဆရာ၏စားပွဲထောင့်မှစပြီး သန့်ရှင်းလိုက်သည်။ စားပွဲခုံထောင့်မှာ အက်ရာများရှိနေသည့်တိုင် ဖုန်များကအပြင်ကိုမထွက်လာပေ။


ရှောက်မင်က သူ့အရှေ့တွင်ရပ်ကာ အာရုံစိုက်ကြည့်နေသည်။ ဘာကြောင့်မှန်းမသိ၊ ကျူးထုန်က သန့်ရှင်းလေးလုပ်နေချိန်တွင် အပြုံးဖွဖွလေးရှိနေခဲ့သည်။


ကျူးထုန်က အမြဲယခုလိုပင်၊ အလုပ်လုပ်တိုင်း တက်ကြွပြီး ဂရုတစိုက်ဖြင့်လုပ်ကိုင်တတ်သည်။


စားပွဲခုံထောင့်ကိုသုတ်ပစ်ပြီးနောက် ကျူးထုန်က စိတ်ကျေနပ်သွားသလိုမျိုးခေါင်းမော့လိုက်သည်။ 


"ဘယ်လိုလဲ၊ အရမ်းလွယ်တယ်မလား..."


ရှောက်မင်: "အင်း..."


'တကယ်ကို အရမ်းလွယ်ပါတယ်၊ ဒီတိုင်း...မင်းခုံကိုသန့်ရှင်းရေးလုပ်ပြီးတာနဲ့ ညစာစားချိန်ရောက်သွားရုံပဲ'


တော်သေး၍ သူကျူးထုန်အနောက်မှ လိုက်လုပ်ခဲ့၍သာ သန့်ရှင်းရေးလုပ်ရသည့်အချိန်က အနည်းငယ်သက်သာသွားခဲ့၏။


ရှောက်မင်က ပစ္စည်းများကိုယူလာလေသည်။


 "ဒါဆို မင်းကစားပွဲခုံကိုသုတ်လိုက်၊ ကိုယ်ကတော့ ကျောက်သင်ပုန်းကိုသုတ်လိုက်မယ်.."


အတန်းထဲရှိကျောက်သင်ပုန်းက အရှင်တပ်ထားသည့်နှစ်ဖက်ဖွင့် ပုံစံမျိုးဖြစ်သည်။ အလယ်တွင် LED အပြားတစ်ခုရှိပြီး ဗွီဒီယိုနှင့် ပါဝါပွိုင့်ပြရန် သုံးတတ်သည်။ ကျောက်သင်ပုန်းတွင် အဆက်နေရာအများအပြားရှိသောကြောင့် ကွာဟနေသည့်နေရာများလည်းရှိသည်။ သာမန်အချိန်များတွင် ၎င်းကို ဘယ်သူမှအဖက်မလုပ်ကြပေ။ ကျူးထုန်လုပ်နေသည့်ပုံစံအတိုင်းသာဆိုပါက အလုပ်ပိုသွားနိုင်သည်။


သို့ရာတွင် တစ်စုံတစ်ယောက်က အိမ်စာနှင့်အလဲအလှယ်လုပ်ပြီး ကျောင်းသားများကိုဆွယ်ထားပြီးသားဖြစ်နေ၍ ပြတင်းပေါက်ကို သန့်ရှင်းရေးသွားလုပ်၍မရပေ။


အတန်းထဲရှိအခြားကျောင်းသားများက စင်ပေါ်မှနှစ်ယောက်ကို သတိထားကြည့်နေကြသည်။


"ကျောင်းစာနတ်ဘုရားက သန့်ရှင်းရေးဝိုင်းလုပ်ပေးနေပါလား၊ နည်းလမ်းတောင်ပြောင်းလိုက်သေးတယ်..."


"ကျူးထုန်မှာ ဘယ်လိုပါဝါတွေရှိနေတာလဲ၊ မြင့်မြတ်တဲ့ကျောင်းစာနတ်ဘုရားကြီးတောင် လှုပ်ရှားလာအောင်လုပ်နိုင်ခဲ့တယ်..."


"မမေးနဲ့၊ ဒါ သေချာပေါက် အချစ်ရဲ့စွမ်းအားတွေပဲနေမှာ..."


ဟေ့၊ အတန်းဖော်တွေကြားက အချစ်ကလည်းအချစ်ပဲ။


ထျန်နွမ်နှင့်နောက်ထပ်မိန်းကလေးတစ်ယောက်က ရေတစ်ပုံးစီဆွဲပြီး အတန်းထဲဝင်လာခဲ့သည်။ ကျူးထုန်က စားပွဲခုံကို စိတ်နှစ်ကိုယ်နှစ်သန့်ရှင်းရေးလုပ်နေသည်ကိုမြင်လိုက်ရသည့်အခါ သူတို့မှာ မနေနိုင်တော့ဘဲ ထိုနေရာသို့လျှောက်သွားလိုက်ကြ၏။ 


"ကျူးထုန်၊ နင် အရမ်းကြီးတိုက်နေစရာမလိုဘူး၊ အပေါ်ယံမှာ ဖုန်မရှိတော့ဘူးဆိုရင်ရပြီ..."


ကျူးထုန်က စားပွဲခုံတဝက်လောက်ကိုသုတ်ပြီးနေပြီ။ သူကား ခေါင်းမော့ကာပြောလာလေ၏။ 


"ငါတို့ဒါကိုသန့်ရှင်းဖို့မလိုတာလား..."


သူ့မျက်လုံးလေးများက ရိုးသားစင်ကြယ်လွန်းနေပြီး အနည်းငယ်အံ့ဩသွားသည့်ပုံစံပင်ပေါ်လာသေးသည်။


ထျန်နွမ်: "...."


သူက "မလိုဘူးလား" ဟုမေးလိုက်သော်လည်း ထျန်နွမ်ကမူ "မလုပ်ဘူးလား" ဟု အမေးခံလိုက်ရသလို ခံစားနေရသည်။


သူမမှာ တခစ်ခစ်ရယ်လိုက်မိလေ၏။ သူမက ကျူးထုန်ကိုအခက်မတွေ့စေချင်တော့ပေ။ လှည့်ကြည့်လိုက်သည့်အခါ ရှောက်မင်က ကျောက်သင်ပုန်းအရှေ့ကိုရောက်နေပြီ။


"မလိုတာမဟုတ်ဘူး၊ နေတော့၊ နင်ပျော်ရင်ပြီးတာပဲ.." 


မည်သို့ပင်ဖြစ်စေ ကျူးထုန်ကိုဂရုစိုက်ပေးမည့်သူရှိနေသည်ပင်။


'ဟယ်၊ ရှောက်မင်က သန့်ရှင်းရေးလုပ်နေတယ်တော့၊ ကျားသားမိုးကြိုး၊ အိုး အလုပ်ပိုလုပ်နေတော့လည်း ကောင်းတာပဲ' 


ထျန်နွမ် တွေးလိုက်၏။


ကျူးထုန်: "....."


သူက ခေါင်းငုံ့ပြီး စားပွဲခုံကို သန့်ရှင်းရေးဆက်လုပ်နေလိုက်သည်။ စားပွဲခုံမျက်နှာပြင်ကိုသန့်ရှင်းပြီးသွားသည့်အခါ အံဆွဲငယ်လေးကိုသန့်ရှင်းရန်ပြင်လိုက်လေသည်။ ၎င်းထဲတွင် မြေဖြူဘူးလေးများကိုထည့်ထားတတ်၏။ တော်ရုံသန့်ရှင်းရေးမလုပ်ကြလေရာ မြေဖြူအမှုန်တွေက နေရာတိုင်း၌ပြန့်နေပြီး အကွဲကြောင်းများကြားကိုပင်ဝင်နေလေသည်။


ကျူးထုန်ကကြည့်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ စိတ်ရှုပ်သွားရသည်။ ဘယ်ကစရမှန်းပင်မသိတော့။ သူကား ရုတ်တရက်ရပ်လိုက်၍ ကျောက်သင်ပုန်း၏အဟများနေရာကိုပွတ်သုတ်နေသော ရှောက်မင်က လှည့်မေးလာသည်။ 


"ဘာဖြစ်လို့လဲ..."


ကျူးထုန်က ခပ်မြန်မြန်ပင်ပြောလိုက်သည်။ 

"ဘာမှမဟုတ်တော့ပါဘူး..."


သူကား မကြာခင်ကအတန်းခေါင်းဆောင်ပြောသွားသလို စည်းလုံးသည့်အငွေ့အသက်တစ်ခုအားခံစားလိုက်ရလေသည်။ 


ယင်းက သူလုပ်ရမည့်အလုပ်ပင်။


သူကား ဖြည်းညင်းစွာဖြင့်သက်ပြင်းချလိုက်ရင်း အံဆွဲထဲမှမြေဖြူဘူးကို ထုတ်ကာ အက်ကွဲကြောင်းများကိုပွတ်တိုက်လိုက်၏။ သို့သော် ထောင့်ဘက်ကိုမသုတ်ရသေးပေ။ သူကား မတတ်သာသည့်အဆုံး ထောင့်များကိုအပေါ်ယံသုတ်ရန် ပေတံကိုယူလိုက်ရပြီး ခေါင်းကို အနည်းငယ်အထဲသွင်းလိုက်၏။


ထိုအခိုက် ကောင်လေးနှစ်ယောက်က ထိုးကြိတ်ရင်းအခန်းထဲဝင်လာခဲ့သည်။ သတ်ပုတ်နေကြရင်း တစ်ယောက်က စင်ပေါ်ကိုပြေးတက်လာပြီး ရိုက်ပစ်လိုက်၏။


"ဝုန်း" ဆိုသောအသံဖြင့် ဖုန်လုံးကြီးက အောက်ခြေတွင်ပျံ့သွားခဲ့သည်။ ကျူးထုန်ကရှောင်ရန်ကြိုးစားရာမှ အချို့ကိုရှူမိပြီး အချို့က သူ့မျက်လုံးထဲသို့ဝင်ကုန်လေသည်။


"အဟွတ်..." 


သူကား ဖုန်မှုန့်များကို မှုတ်ထုတ်ပစ်ကာ အနောက်ဆုတ်လိုက်ပြီး လူတစ်ယောက်၏ခြေထောက်နှင့်တိုက်မိသွားလေသည်။


ရှောက်မင်မှာ အသံအကျယ်ကြီးကြားရ၍ လှည့်ကြည့်သည်။ မျက်လုံးထဲတွင်ဖုန်အပြည့်ဖြစ်နေသော သူ့ထိုင်ခုံဖော်လေးကိုငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။


"ဘာဖြစ်တာလဲ၊ ရရဲ့လား..".


သူကား ကိရိယာများကိုပစ်ချကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရန်ဖြစ်နေသောကျောင်းသားနှစ်ယောက်ကိုပါ သတိပေးသလိုလှည့်ကြည့်လိုက်သည်။ 


"မင်းတို့နှစ်ယောက်ကရော ဘာဖြစ်နေကြတာလဲ..."


သူမေးလိုက်မှ ကျောင်းသားတစ်ယောက်ကတောင်းပန်လာသည်။ 


"ဆောရီး၊ ငါ...."



🤒