Chapter 39
Viewers 5k

🤒အခန်း ၃၉





နို့လက်ဖက်ရည်ဆိုင်စောင့်နေကြသည့် လူငယ်လေး လေးဦးက နေ့လည်ပိုင်းတွင် နေ့လည်စာကို အပြင်၌ အတူစားခဲ့ကြသည်။ ပြန်ရောက်သည့်အချိန်တွင် ရှောက်မင်နှင့်လုကျစ်ယွီက ကွန်ပျူတာအရှေ့၌ထိုင်ကာ အလုပ်များနေကြ၏။ ကျူးထုန်ကမူ ပြတင်းပေါက်ဘေးရှိစားပွဲတွင်ထိုင်ကာ မေးခွန်းများကိုလေ့ကျင်နေလေသည်။


တစ်မနက်လုံး စိုးရိမ်နေခဲ့ပြီးနောက် လော့ရှိုးမှာ ရှောက်မင်၏ "အကောင်းမြင်စိတ်" ကူးစက်ခံလိုက်ရပြီး စိတ်ပူနေခြင်းကိုရပ်တန့်လိုက်သည်။ သူကရှောက်မင်ထံတွင် ယခုကဲ့သို့လေးစားစစာကောင်းသည့် ယုံကြည်ချက်မျိုးရှိသည်ဟု အမြဲထင်မိသည်။


ညနေပိုင်းတွင် ရှောက်မင်က ကျူးထုန်ကို ဟိုတယ်သို့ပြန်လိုက်ပို့ပေးလေသည်။


"တကယ်တော့ ငါ့ဘာသာငါပြန်လည်းရပါတယ်..." 

ကျူးထုန်က စက်ဘီးအနောက်ခုံတွင်ထိုင်နေရင်း ပြောလိုက်ခြင်းဖြစ်ပါ၏။


ရှောက်မင်က တုံ့ပြန်လာသည်။

 "ကိုယ်မင်းကိုမေးခွန်းမေးမယ်၊ ဟိုတယ်ကနေဆိုင်ကို အကွာအဝေးတစ်ခုပေးထားမယ်၊ ပုံသေအမြန်နှုန်းနဲ့လမ်းလျှောက်တာရယ်၊ စက်ဘီးကိုအရှိန်မြှင့်ပြီးနင်းတာရယ်၊ ဘယ်ဟာကပိုမြန်လဲ..."


ကျူးထုန်: "....."


'စက်ဘီးနဲ့သွားရင်ပိုမြန်တယ်လို့ ပြောလိုက်ပါလား'


သို့သော်လည်း ရှောက်မင်တွင် ဟာသလုပ်ချင်စိတ်ရှိနေရကား ထိုကိစ္စက သူ့အပေါ်သက်ရောက်ပုံမရပေ။


ဟိုတယ်အောက်ထပ်သို့ရောက်သည့်အခါ ကျူးထုန်က ဟိုတယ်ထဲသို့ဝင်ဟန်ပြုရင်း စကားပြောဖို့ရာ တုန့်ဆိုင်းနေမိ၏။


ရှောက်မင်က သတိထားမိသွားသည်။ 

"မင်းတစ်နေကုန်ထိန်းထားရတာဆိုတော့ ပြောချင်တာသာပြောလိုက်တော့.."


ကျူးထုန်: "....."

'သိသာသွားတာများလား'


သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့်အရိပ်အယောင်တစ်ခုဖြတ်သန်းသွားခဲ့သည်။ ကျူးထုန် ကွေ့ဝိုက်မနေတော့ပေ။ 

"ငါတို့ တကယ်ကို နို့လက်ဖက်ရည်ဆိုင်ကို စုံစမ်းစစ်ဆေးတဲ့ရလဒ်ကိုစောင့်မှဖြစ်မှာလား..."


ရှောက်မင်က သူ့အားပြုံးပြလာသည်။ 

"မဟုတ်ရင်ရော၊ ကိုယ့်ကိုကူညီချင်လို့လား..."


ကျူးထုန် တိတ်ဆိတ်သွားသည်။ ရှောက်မင်၏ခန့်မှန်းချက်ကမမှားပေ။ သူ့အနေဖြင့် ဝင်မရှုပ်ရဲသောကြောင့်သာ ကူညီရန်တွန့်ဆုတ်နေရခြင်းပင်ဖြစ်လေသည်။


သူရှောက်မင်ကိုကြည့်လိုက်သော်လည်း သူပင်မပြောရသေးမှီ ရှောက်မင်က ဦးအောင်ပြောလာခဲ့သည်။ 

"မလိုပါဘူး၊ ကိုယ်ရှင်းနိုင်ပါတယ်၊ ကိုယ့်ကိုယုံလား..."


ကျူးထုန်: "....."


ယုံကြည်ရမည်လား။


သူယုံကိုယုံကြည်ရမည်ပင်။


နေ့လည်က ရှောက်မင် ဆိုင်တွင်အလုပ်များနေသည်ကိုတွေးမိပြီး တခဏမျှတွေဝေသွားခဲ့သော်လည်း ခေါင်းညိတ်ပြလိုက်မိသည်။


ရှောက်မင်က ကျေကျေနပ်နပ်ဖြင့်ပြုံးလာလေသည်။ 

"ဟုတ်ပြီ၊ ပြန်နားတော့၊ ကိုယ့်ကိုစိတ်မပူနဲ့..."


ကျူးထုန်က ထပ်ပြီးခေါင်းညိတ်ပြလိုက်ပြန်သည်။ သူဟိုတယ်ကိုပြန်သွားသော်လည်း ချက်ချင်းအနားမယူဖြစ်ပေ။ သူ့ဘက်မှရှောက်မင်ကို ယုံကြည်ချင်သည့်တိုင် ယင်းက ဘာမှမလုပ်ဘဲ အိပ်ရာပေါ်တွင်လှဲနေမည်ဟုမဆိုလိုပေ။ ထူးထူးခြားခြားမဟုတ်သော်လည်း ကူညီချင်သေးသည်။ 


သူက ဖုန်းကိုထုတ်ကာ လူတစ်ယောက်ကိုစာပို့လိုက်သည်။ ပြန်စာကအမြန်ပြန်ရောက်လာလေ၏။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ဟေ့၊ ဒီနေ့ စစ်သည်တော်ကြီးက ငါ့ကိုစကားလာပြောနေပါလား။


ကျူးထုန်: "....."


ချန်မိသားစုဝင် ချန်ချန်ကား သူ့အဒေါ်၏သားဖြစ်သည်။ အသက်နှစ်ဆယ်တွင် စီးပွားရေးလုပ်ငန်းကိုစတင်ခဲ့ပြီး လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အနုပညာကုမ္ပဏီကိုတည်ထောင်ခဲ့ကာ အောင်မြင်နေသည်။


သူ၏နာမကျန်းမှုကြောင့် အခြားကျောင်းသို့ပြောင်းရွှေ့လိုက်ရသည်ဟုကြားသည်နှင့် ထိုသူက သူ့ခွင့်ပြုချက်ပင်မတောင်းဘဲ "စစ်သည်တော်ကြီး" ဟု နာမည်ပြောင်ပေးခဲ့သည်။


<ကျူး> မင်း ရှောင်းမီကိုသိလား။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ရှောင်းမီဆိုတာဘယ်သူလဲ။


<ကျူး> မိန်းကလေးမော်ဒယ်လေ။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : မသိဘူးကွ။


<ကျူး> မသိလည်းထားလိုက်တော့။ မင်းအခုသိသွားပြီ။ ငါ့ကို တစ်ခုလောက်ကူညီပေး။


ကျူးထုန်က ရှောက်မင်၏ နို့လက်ဖက်ရည်ဆိုင် နာမည်ဖျက်ခံရသည့်အကြောင်းကို ပြန်ပြောပြလိုက်သည်။


ရှောင်းမီက သူတို့၏နို့လက်ဖက်ရည်ထဲတွင် မူးယစ်ဆေးပါသည်ဟုဆိုကာ ဆိုင်ကိုနာမည်ဖျက်ရဲခဲ့သည်။ တစ်ယောက်ယောက်ကသူမနှင့် အပေးအယူလုပ်ခဲ့ခြင်းပင်ဖြစ်လိမ့်မည်။ ရဲများသာ စုံစမ်းချင်သည်ဆိုလျှင် တစ်ယောက်ယောက်ကသူမကို ကူညီရန်အတွက် လီဆယ်ပြောရလိမ့်မည်။ ထို့ကြောင့်ပင် ယခုလို စုံစမ်းမှုမျိုးတွင် "အတွင်းလူ" ၏မတော်တဆပါဝင်နေမှုက ရဲထက်ပိုပြီး အားကိုးရနိုင်၏။


သို့ထိတိုင် သူမက်ဆေ့ချ်ပို့လိုက်ပြီးနောက် ပြန်စာလာရန် အချိန်အတန်ကြာအောင်စောင့်လိုက်ရလေသည်။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : မင်းတက်နေတာ အထက်တန်းကျောင်းနော်၊ ဟုတ်တယ်မလား။


ကျူးထုန်: "......"


သူကား ဝမ်းကွဲညီအစ်ကို၏ မေးခွန်းများစွာနှင့်အမူအရာကိုခန့်မှန်းကြည့်၍ရသည်။ 

ဘယ်အထက်တန်းကျောင်းသားက ဒီလိုအဓိပ္ပါယ်မရှိတာတွေနဲ့ကြုံရမှာလဲ။


ကျူးထုန်မှာ သူနေခဲ့သည့်ကမ္ဘာက ပိုပြီးပင်အဓိပ္ပါယ်မရှိသည့်အကြောင်း ချန်ချန်ကို ပြောပြလိုက်ချင်သည်။ သို့ထိတိုင် နောက်ဆုံး၌ သူမရှင်းပြချင်တော့ပေ။ အင်တာနက်ပေါ်မှ Weibo မားကတ်တင်းအကောင့်ကို တိုက်ရိုက်ရှာပြီးပို့ပေးလိုက်လေသည်။


<ကျူး> : ဒါနဲ့ ဒီမားကတ်တင်းအကောင့်ကိုရှင်းပစ်လိုက်ရအောင်။


အကောင့်ပိုင်ရှင်က တခြားသူတွေကို အပုပ်ချရဲမှတော့ လက်စနဲ့ဖျက်ဆီးပစ်ကြမယ်။


ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။ ကျူးထုန်မှာ တဖက်က Weibo တွင်ရှာဖွေနေခြင်းဖြစ်မည်ဟုခန့်မှန်းလိုက်ပြီး ဖုန်းကိုချတော့မည့်အချိန်တွင် ဖုန်းမျက်နှာပြင်က တဖန်ပွင့်လာခဲ့သည်။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : မင်းပြောနေတဲ့နို့လက်ဖက်ရည်ဆိုင်က ရှောက်မင်ရဲ့ဆိုင်လား။


ကျူးထုန်ခမျာ နောက်တကြိမ်ဆွံ့အသွားရပြန်၏။


'သူကဘာလို့ နို့လက်ဖက်ရည်ဆိုင်ကို အာရုံစိုက်နေတာလဲ။ အရေးကြီးတာက မကောင်းသတင်းဖြန့်နေတဲ့လူကို ပြန်ပြီးနာမည်ဖျက်ရမှာလေ။


သူစာပြန်တော့မည့်အချိန်တွင် မက်ဆေ့အသစ်တစ်စောင်ရောက်လာလေသည်။ 


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : သိပြီ။ ဒီကိစ္စကို မင်းရဲ့ဝမ်းကွဲညီအစ်ကိုဆီမှာအပ်ထားလိုက်တော့။ ငါရှင်းလိုက်မယ်။


သူ၏ဝမ်းကွဲက ယခုလို တရားမျှတသောစိတ်မျိုးရှိသွားပြန်ပြီ။ ကိစ္စကိုရှင်းပြီးသွားသည့်အခါ ကျူးထုန်က ခြေလက်ဆေးလိုက်သည်။


ဟိုတယ်မှပြန်လာသည့်လမ်းတွင် ရှောက်မင်မှာ "မဖိတ်ခေါ်ထားသောဧည့်သည်" နှင့်ဆုံလိုက်ရ၏။


ငှားနေသည့်အိမ်အပြင်ဘက်ခြံအဝင်၌ လူတစ်ယောက်က မတ်တပ်ရပ်နေခဲ့သည်။ ရှောက်မင်မှာ ထိုသူကဘယ်အချိန်တည်းကရောက်နေမှန်းမသိဘဲ တဖက်ပုဂ္ဂိုလ်ကလည်း အိမ်ထဲကိုသာ မကြာခဏလှမ်းကြည့်နေခဲ့သည်။


စက်ဘီးတစ်စီးက သူ့မြင်ကွင်းထဲသို့ဝင်လာမှ လူငယ်လေးကပျော်သွားပုံရကာ သူ့ထံရောက်လာလေသည်။


"ရှောက်မင်..."


အသံတစ်သံက သူ့ကိုနှုတ်ဆက်လာသည်။ ရှောက်မင်က လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။


သူက တုံ့ပြန်ခြင်းအလျဥ်းမရှိဘဲ ခြံထဲသို့သာတန်းနေအောင်ဝင်သွားလိုက်သည်။ သို့သော် လူငယ်လေးကခြံအဝင်ဝကိုပိတ်ရပ်ထားလေရာ သူရပ်လိုက်ရလေ၏။


ရှောက်မင်က ခြေထောက်တစ်ဖက်ကိုမြေကြီးပေါ်တွင်ချထားကာ ကျန်တစ်ဖက်ကိုမူ စက်ဘီးခြေနင်းပေါ်တွင်နင်းထားရင်း အရှေ့မှပိတ်ရပ်နေသူကိုကြည့်ကာ အေးစက်စက်ဖြင့်ပြောလိုက်လေသည်။ 


"ဘာကိစ္စလဲ..."


ရှားယန်ကရှေ့တိုးလာသော်လည်း ရှောက်မင်၏ရေခဲရိုက်အကြည့်ကြောင့် နေရာတွင်သာရပ်သွားခဲ့လေသည်။


"ငါ..."


စကားကိုခဏရပ်လိုက်ပြီးမှ ရှောက်မင်ကဆက်ပြောလိုက်၏။ 

"မင်းရဲ့နို့လက်ဖက်ရည်ဆိုင်မှာ ပြဿနာဖြစ်နေတယ်ကြားလို့..."


သူကား သတင်းကြားရသည်နှင့်ဤနေရာတွင်အထူးတလည်လာစောင့်နေခဲ့သည်။ ယခုအချိန်တွင် ရှောက်မင်က သူ့အကူအညီကိုလိုအပ်နေနိုင်သည်။


သူက လက်ဦးမှုယူကာ စကားပြောချင်သော်ငြား ရှောက်မင်ကချက်ချင်းညည်းတွားလာလေသည်။ 

"မင်းကိုး..."


ရှားယန်မှာ အသက်ရှူပင်ကျပ်သွားရပြီး မျက်လုံးပြူးသွားလေသည်။ 


"မဟုတ်ပါဘူး၊ ငါကဘာလို့အဲဒီလိုကိစ္စမျိုးလုပ်ရမှာလဲ..."


သူကား စကားပြောနေစဥ်မှာပင် ဒေါသသံကအနည်းငယ်ပါနေခဲ့သည်။ 


"မင်း..ဘယ်လိုလုပ်ငါ့ကိုဒီလိုမျိုးစွပ်စွဲနိုင်ရတာလဲ.."


"အာ" 


ရှောက်မင်ကထေ့ငေါ့သလိုပြောလာလေ၏။ 

"ငါ့ရဲ့နို့လက်ဖက်ရည်ဆိုင်မှာဖြစ်တဲ့ မတော်တဆမှုတွေက အများကြီးဆိုတာ မင်းမသိဘူးလား၊ ငါမင်းကိုဘယ်တစ်ခုနဲ့စွပ်စွဲနေတာလဲဆိုတာ မင်းသိလို့လား.."


ရှားယန်မှာ အနည်းငယ် တောင့်တင်းသွားရသည်။


မကြာသေးခင်ဖြစ်ခဲ့သော ရှောက်မင်၏နို့လက်ဖက်ရည်ဆိုင် မတော်တဆအားလုံးနီးပါးမှာ သူနှင့်ပတ်သက်နေခဲ့သည်။ သူ့ကို ရှောက်မင်ကငြင်းပယ်ခဲ့ပြီး သူကလည်း ရှောက်မင်အတွက် အခြားသူများကိုငြင်းပယ်ခဲ့ရသည်။ လူများကရှောက်မင်ကို ပြဿနာလာရှာကြလိမ့်မည်။


သို့သော်လည်း သူကထိုသို့ဖြစ်ရန်မရည်ရွယ်ခဲ့ပေ။


ထိုလုပ်ရပ်များကို လုပ်ခဲ့သူများအားလည်း သူမသိပေ။


"ငါက...."


"မင်းက ဒီကိုတောင်းပန်ဖို့လာတာဆိုရင်တော့ မလိုဘူး..." 


ရှောက်မင်ကသူ့စကားကိုဖြတ်ပြောလိုက်သည်။ စက်ဘီးပေါ်မှဆင်းကာ ခြံထဲတွင် ထိုးထားရန်လုပ်လိုက်၏။ 

"ငါ့ရှေ့ကနေဖယ်တော့..."


ရှားယန်က မဖယ်ပေးပေ။ အံကြိတ်ရင်း ရှေ့တိုးလာလေသည်။ 

"ငါကမင်းကိုကူညီပေးဖို့လာခဲ့တာ၊ အခုဖြစ်နေတာကို ကူညီပေးဖို့ ငါ့မှာနည်းလမ်းရှိပါတယ်..."


"....." 

ရှောက်မင်ကစကားမပြောဘဲ ကြည့်ရုံသာကြည့်လာလေသည်။


ရှားယန်၏မျက်လုံးများကတောက်ပသွားရကာ သူ့အား အံ့အားသင့်စွာဖြင့် ကြည့်လာလေ၏။


စကားပြန်ရမည့်အစား ရှောက်မင်ကတစ်ခွန်းသာပြန်ပြောလာခဲ့သည်။ 

"ထွက်သွား..."


"မင်း..."


ရှားယန်၏မျက်နှာကပြောင်းသွားပြီး နှလုံးသားထဲမှအေးစက်မှုကို ခံစားလိုက်ရသည်။


ရှောက်မင်စက်ဘီးကအနားကပ်လာသည့်အခါ သူလည်းမသိစိတ်အလျောက် ဘေးကပ်ပေးလိုက်မိ၏။ ရှောက်မင်ကသူ့ကိုကျော်သွားသည်ကို တွေ့လိုက်ရသော်လည်း လှမ်းဆွဲပြီးမတားရဲပေ။


ခြံအဝင်ဝတွင်ရပ်နေရင်း သူလက်သီးဆုပ်ထားလိုက်ကာ အနောက်မှနေပြီးရှောက်မင်ကိုလှမ်းအော်လိုက်လေသည်။


"ငါမင်းကို မရရအောင်ကူညီမှာပဲ..."


သူ့အနောက်မှရှားယန်၏ထွက်ပြေးသွားသောခြေသံကိုကြားလိုက်ရပြီး ရှောက်မင်၏မျက်နှာမှာလည်းအေးစက်သွားခဲ့သည်။


စက်ဘီးကိုထိုးရပ်ထားခဲ့ပြီးသည်နှင့် သူ့အခန်းကိုပြန်လာခဲ့လိုက်သည်။ သူတံခါးကိုအရောက်မှာပင် ဖုန်းမြည်လာခဲ့သည်။ နံပါတ်အစိမ်းတစ်ခုပင်။


သူကား ရုတ်တရက်ပြုံးကာဖုန်းဖြေလိုက်မိ၏။ 

"ဟယ်လို..."


ဖုန်းထဲမှအသံမှာ ဒေါသကိုထိန်းချုပ်ထားရပုံပေါ်ပြီး စကားတစ်လုံးချင်းစီကို အံကြိတ်ပြီးပြောနေရှာလေသည်။ 

"ရှောက်...မင်..."


ရှောက်မင်က တံခါးကို ညင်သာစွာဖြင့်ဖွင့်လိုက်၏။ 

"ဘာလဲ၊ လေလံပြိုင်တာ ရှုံးသွားလို့လား..."


ဖုန်းထဲမှလူက အေးစက်နေသောအသံဖြင့်တုံ့ပြန်လာသည်။ 


"မင်းကတကယ်တော်ပါတယ်၊ ငါမင်းကိုလေးစားသွားပြီ..."


ရှောက်မင်: "ကျွန်တော်ကဘယ်နားမှာတော်လို့လဲဗျာ၊ ခင်ဗျားဘာသာ ကိုယ့်အကြောင်းနဲ့ကိုယ်ဖြစ်တာလေ၊ ကျွန်တော်ကသာမန်အထက်တန်းကျောင်းသားလေးပါ၊ ခင်ဗျားရဲ့စကေးနဲ့တော့ဘယ်ယှဥ်နိုင်ပါ့မလဲ၊ ကျွန်တော်က အခြားသူတွေဆီကနေ အကူအညီလေးနည်းနည်းရလိုက်ရုံပါ၊ ဒီလောက်ပါပဲ..."


ထိုပုဂ္ဂိုလ်က ပြောနေကျစကားကိုသာ ပြောလိုက်သော်လည်း ရှောက်မင်ကယခုလိုတုံ့ပြန်လာမည်ဟုမထင်ထားခဲ့ပေ။ တခဏခန့်တောင့်တင်းနေပြီးမှ သူ့အသံက ကျယ်သွားခဲ့သည်။ 


"တကယ်ကြီးမင်းလား..."


ရှောက်မင်က အေးအေးလူလူပင်စကားပြန်လေသည်။ 

"ကျွန်တော်ပဲပေါ့၊ ခင်ဗျားကနှစ်သစ်ရဲ့ပထမဆုံးနေ့မှာလုပ်ခဲ့ပြီး ကျွန်တော်ကတော့ ဆယ့်ငါးရက်မြောက်နေ့မှာလုပ်ခဲ့တယ်လေ၊ မဟုတ်ဘူးလား..."


"ရှောက်မင်..." 

တစ်ဖက်လူက ပြတ်ပြတ်သားသားပြောလာလေ၏။ 

"ငါကမင်းအဖေကွ၊ မင်းကဖအေအရင်းနဲ့ပတ်သက်နေတဲ့အပြင်လူတွေကိုပဲ ကူညီပေးရမှာ..."


"အဖေ" 

ဆိုသောစကားလုံးကြောင့် ရှောက်မင် နှာမှုတ်လိုက်မိသည်။ ထိုစကားကသူ့အတွက် ရွံစရာကောင်းနေ၏။ 

"အဖေတဲ့လား၊ ခင်ဗျားဘက်ကပဲ တစ်ဖက်သတ်နာမည်တပ်ထားတာမလား..."


"မင်း...."


"စိတ်တောင်မကူးနဲ့၊ မဟုတ်ရင် ခင်ဗျားနောင်တရလိမ့်မယ်..."


ပြောပြီးသည်နှင့် ရှောက်မင်ကဖုန်းတန်းချပြီး နံပါတ်ကို block ပစ်လိုက်သည်။ ထို့နောက် WeChat ကိုဖွင့်ကြည့်လိုက်ရာ ပိုက်ဆံပို့ထားသည့်ပြေစာကိုတွေ့လိုက်ရလေ၏။


[တောင်းဆိုမှုအောင်မြင်ပါတယ်၊ နောက်ထပ်အတူတွဲလုပ်ရဖို့ကိုမျှော်လင့်နေပါတယ်]


ရှောက်မင် နှုတ်ခမ်းကိုဖိကာပြုံးလိုက်သည်။ ငွေပေးချေမှုကို ပျော်ရွှင်စွာဖြင့်လက်ခံလိုက်လေ၏။


တစ်ဖက်တွင်တော့ ရှားယန်က သူနှင့်သိသောအနုပညာရှင်တစ်ယောက်ကို ယုံကြည်မှုရှိစွာဖြင့်ဆက်သွယ်ပြီး ရှောက်မင်အတွက် ကူညီပြီးပြောပေးရန် တောင်းဆိုလိုက်သည်။


ရလဒ်အနေဖြင့် ပိတ်ပြောခံလိုက်ရလေ၏။


"မူးယစ်ဆေးလား၊ ဒီလိုမျိုးက လွယ်လွယ်သက်သေပြပေးလို့ဘယ်ရမလဲ၊ သခင်လေးယန် မင်းလူ(ငါ့)ကိုသတ်မလို့လုပ်နေတာလား၊ မလုပ်ပေးနိုင်ဘူး၊ နောက်တစ်ယောက်ကိုသာရှာလိုက်ပါ..."


ရှားယန်: "....."




🤒