Chapter 77
Viewers 12k

📽️ Chapter 77

အခြေအနေ : ဖမ်းမိခြင်း



ရန်ရှူက ထိုင်ခုံမှ တိတ်တဆိတ်ထလိုက်ပြီး အိပ်ရာပေါ်တွင် လှဲရင်း စဥ်းစားနေသည်။ 

လမ်းခွဲပြီးသွားရင် စန့်ရှန်း ပေးထားတဲ့ ပစ္စည်းတွေ အကုန် ပြန်ပေးရတော့မှာလား... 


ဒါ တော်တော်လေးများတယ်.. 


မစ္စစန့် ပေးထားတဲ့ မုန့်ဖိုးတွေကိုလည်း ပြန်ပေးရမယ်... 


ဒါဆို... ငွေရှာရတော့မယ်... မဟုတ်ရင် ပြန်ပေးဖို့ တတ်နိုင်မှာ မဟုတ်တော့ဘူး... 


တစ်ခဏမျှ လှဲလျောင်းနေပြီးနောက် ရန်ရှူ ထထိုင်ကာ စောင်ကို ကောက်ယူလိုက်ပြီးနောက် နမ်းကြည့်လိုက်သည်။ 


ယင်းက ရက်အနည်းငယ်ခန့် အပြင်ထုတ်ကာ အခြောက်မခံလိုက်ရသည့်အတွက် အနံ့တော်တော်ဆိုးနေသည်။ သူ့အဖေက သူ့ကို မရှိသည့်သားလို အမြဲတမ်း ဆက်ဆံခဲ့ပြီး သူပြန်လာမည်ဟုလည်း တစ်ခါမှ တွေးခဲ့ပုံမရချေ။ ထို့ကြောင့် သူ့အခန်းကိုလည်း ရှင်းလင်းမထားပေ။ 


သူ ချက်ချင်းဆိုသလို အိမ်အကူနီကိုခေါ်ပြီး စောင်ကို လှမ်းခိုင်းလိုက်ရသည်။ 


အခန်းရှင်းရန် လိုနေသေးသည့်အတွက် မူလက စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ 


ဝင်ပြီးသွားသောအခါ ကွန်ပြူတာဖွင့်လိုက်သော်လည်း ကွန်ပြူတာက အနည်းငယ်ကြောင်နေသည်ကို တွေ့လိုက်ရသည်။ 


သူ တစ်ခဏမျှ တွေးလိုက်ပြီးနောက် ကားထဲတွင် "ငါမဟုတ်ဘူး"၏ နောက်ဆုံးအပိုင်းကို ရိုက်ကူးရန် စီစဥ်ထားချိန်တွင် ယူလာခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်သည့် ကိရိယာများ ရှိနေသည်ကို သတိရသွားသည်။ 


သူချက်ချင်းပင် အောက်ထပ်သို့ ဆင်းသွားပြီး ကိရိယာများကို သွားယူလိုက်သည်။ တပ်ဆင်ပြီးနောက် ကွန်ပြူတာကို ဖွင့်လိုက်သည်။ ယင်းက အမှန်ပင် ကွဲနေသော သူ့ကွန်ပြူတာထက် ပိုကောင်းနေသည်။ 


သူ ထရပ်ကာ မှန်ကြည့်လိုက်သည်။ ထိုအခိုက်တွင် စိတ်အခြေအနေ မကောင်းနေသဖြင့် ကိုယ့်ဘာသာ မိတ်ကပ်လိမ်းကာ ဖုံးလ်ိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့် ဆော့ဝဲကို ဖွင့်လိုက်သည်။ 


ရန်ရှူ၏လိုက်ဖ်ကို စောင့်နေကြသည့်ဖန်များက တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသော်လည်း ယနေ့တွင် ရန်ရှူက အတော်လေး တိတ်ဆိတ်နေသည်ကို တွေ့လိုက်ကြရသည်။  


ကြားရက်များတွင် ရန်ရှူက ဂိမ်းဆော့ရင်း အမြဲ အော်နေတတ်သဖြင့် ယင်းကို ဗြောင်းဆန်နေသည့် တိုက်ရိုက်ထုတ်လွှင့်မှုဟု ခေါ်ဆိုရမည် ဖြစ်သည်။ 


ယနေ့တွင်မူ အတော်လေး တိတ်ဆိတ်နေကာ လက်တစ်ဖက်က ကာရိုက်တာကို ထိန်းချုပ်နေပြီး အခြားလက်တစ်ဖက်က မောက်စ့်ကို ကိုင်ထားရင်း မြင်ကွင်းကို ချိန်ညှိလျက် ဆက်ကစားနေခဲ့သည်။ 


[ ဦးလေးကြည့်ရတာ တော်တော်လေး ပျော်မနေတဲ့ပုံပဲ…] 


[ ဦးလေး ဘာတွေ ဖြစ်နေတာလဲ…] 


[ဘောစ့် မလာလို့များလား…] 


ရန်ရှူက ကွန်မန့်များကို မဖတ်ဘဲ တစ်ယောက်တည်း ဂိမ်းကစားနေသည်။ 


ဤဂိမ်း၏ နည်းလမ်းစဥ်များကို သိထားပြီးသား ဖြစ်၍ သဲလွန်စများရှာကာ သရဲများကို ပုန်းအောင်းနေလျက်ဖြင့် အားလုံးကို ရှင်းလင်းသွားသည်။ 


သို့သော်လည်း ရုတ်တရက် တိုက်ခိုက်မှုများက ရန်ရှူကို ထိတ်လန့်စေဆဲပင်။ 


သရဲထံမှ အခြောက်ခံလိုက်ရပြီးနောက် ရန်ရှူ နောက်ပြန်ယိုင်သွားပြီး မောက်စ့်ကို ပစ်လွှင့်လိုက်သည်။ 


Screenကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် ဂိမ်းကို ရပ်ကာ မျက်နှာကို လက်နှစ်ဖက်လုံးဖြင့် အုပ်၍ တိတ်တဆိတ်ထိုင်နေပြီး စိတ်ငြိမ်သွားစေရန် ကြိုးစားလိုက်သည်။ 


[ငါတော့ စိတ်ပူလာပြီ... ဘာတွေ ဖြစ်နေတာလဲ…] 


[ဦးလေး... စိတ်အခြေအနေမကောင်းရင် မလွှင့်ပါနဲ့တော့…]

 

[မပူပါနဲ့... ငါတို့ အားလုံး ရှိတယ်နော်…] 


[ဒီနေ့ ဘာဖြစ်နေတာလဲ…] 


ဖန်အချို့က လက်ဆောင်များ တိတ်တဆိတ် ပေးလာကြသည်။ ပုံမှန်အားဖြင့် ရန်ရှူက လက်ဆောင်များကို တွေ့လျှင် ပျော်သွားတတ်သော်ငြား ယခုမူ လက်ဆောင်များကို တွေ့ရသည့်တိုင် တုံ့ပြန်ချက် များများစားစား မရှိပေ။ 


တစ်ခဏအကြာ စန့်ရှန်း ရောက်လာသည်နှင့်  တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး လက်ဆောင်များ ဖုံးသွားသည်။ 


[ဘောစ့်... ဦးလေးကို မြန်မြန် လာချော့ပါ…] 


[ဘောစ့်... ဦးလေးက ဘာဖြစ်နေတာလဲ…] 


ရန်ရှူ တစ်ခဏအကြာ အသိပြန်ဝင်လာပြီး မောက်စ့်ကို ရှာကာ စန့်ရှန်းကို တိုက်ရိုက်ထုတ်လွှင့်မှုမှ ကန်ထုတ်လိုက်ပြီး အသုံးပြုသူကို အမည်မည်း စာရင်းသွင်းနိုင်မလားဟူသည်ကိုပင် ရှာဖွေနေခဲ့သည်။ 


ထိုအရာကို ပထမဆုံး လုပ်ခြင်းဖြစ်ရာ မကျွမ်းကျင်လှပေ။ 


တစ်ခဏအကြာ၌ ဝင်ရောက်နိုင်သည့် လုပ်ဆောင်မှုကို ပိတ်ခဲ့လေသည်။


ဤတစ်ကြိမ်၌ ရန်ရှူက ဤယနေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပထမဆုံးအကြိမ်အဖြစ် စကားပြောလာသည်။ 

"အဆင်ပြေပါတယ်... ဆက်လုပ်ကြမယ်…" 


ကွန်မန့်များအကြား မေးခွန်းများ ပလူပျံလာခဲ့လေသည်။ 


[ဦးလေး အခြေအနေ မကောင်းဘူး... ကုမ္ပဏီနဲ့ အဆင်မပြေလို့လား…] 


[ဘောစ့်က စိတ်ဆိုးအောင် လုပ်လိုက်တာလား…] 


[ကောင်မလေးနဲ့ ရန်ထပ်ဖြစ်ပြန်တာလားဟင်…] 


ရန်ရှူက ကွန်မန့်များကို ကြည့်လိုက်ပြီးနောက် ပြန်ဖြေလာသည်။

"ကုမ္ပဏီနဲ့ အဆင်ပြေပါတယ်... အရင်က အရင်က... အခုက အခုပဲလေ... ကောင်မလေးဆိုတာ ဘာလဲ... ငါက အခု စင်ဂယ်ပါကွ... အခုလက်ရှိ တစ်ကိုယ်တည်း ဖြစ်နေတာ ဘယ်သူနဲ့မှ မဒိတ်ချင်ဘူး…" 


သူက ကွန်မန့်များကို ထပ်ဖတ်လိုက်ပြီး ဆက်ပြောသည်။ 

"သူက စိတ်ရှုပ်စရာကောင်းလို့ ထုတ်လိုက်တာ... ဒီဂိမ်းရဲ့ လိုက်ဖ်တွေ ပြီးတော့မယ်ဆိုတာ တွေးမိလို့လေ... ဂိမ်းထဲက ဇာတ်ကြောင်းကလည်း ပြီးတော့မှာ... ဇာတ်လမ်းလေးက ရင်ထဲထိစရာပါပဲ... အခု ငါတော့ လွတ်အောင် လုပ်ဖို့ပဲ လိုတယ်…" 


တစ်နာရီအကြာတွင် ရန်ရှူတစ်ယောက် ဂိမ်းကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့သည်။ 


ယခင်က သူ မျှော်နေခဲ့ရသည့် အရာ ရရှိလာသော်ငြား ပျော်ရသည်ဟု မခံစားရပေ။ 


ရန်ရှူက screenကို ကြည့်ကာ အကြောဆန့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ဂိမ်းဆော့တဲ့ ကာလတလျှောက် တစ်ချိန်လုံး အတူရှိပေး ထောက်ပံ့ပေးခဲ့တာတွေအတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်... ပြီးရင်တော့ အချိန်တစ်ခုလောက်ထိ ဒီလိုကြော်ငြာမျိုး မလုပ်နိုင်လောက်ဘူး... ဇာတ်ညွှန်း ဖတ်တာကိုပဲ အာရုံစိုက်ပါတော့မယ်... တီဗီမှာ ဆက်လက် စောင့်မျှော်ပေးကြပါ... "ငါမဟုတ်ဘူး"ကလည်း နောက်ဆုံးပိုင်းကို ရိုက်တော့မှာပါနော်…" 


လူတိုင်းကို ကျေးဇူးတင်စကား ပြောပြီးနောက် နောက်ထပ် ကြော်ငြာလှိုင်းကြီးတစ်ခုကို ပြသလာသည်။ 


သူ ကွန်ပြူတာကို ပိတ်ကာ အခန်းထဲသို့ ပြန်သွားလိုက်ပြီးနောက် ဆက်စဥ်းစားနေခဲ့သည်။

ငွေရှာဖို့ ဘယ်လိုလုပ်ရမလဲ... စန့်ရှန်းကို အားလုံး ပြန်ပေးဖို့ တကယ် ခက်မှာ...


အားလုံးက ငါ ငွေသုံးကြမ်းတာကြောင့်ပဲ...

 

သူ စိတ်ပျက်လက်ပျက် ဖြစ်နေစဥ် တံခါးအပြင်ဘက်မှ လှုပ်ရှားသံ ကြားလိုက်ရသည်။ 


ရန်ရှူ ထထိုင်လိုက်သော်လည်း အပြင်သို့ မထွက်ရသေးမီမှာပင် စန့်ရှန်းက အခန်းတံခါးဝတွင် ပေါ်လာခဲ့သည်။ 


"ဘာလာလုပ်တာလဲ…"

ရန်ရှူက သူ့ကို တွေ့သောအခါ တန်းမေးလိုက်သည်။ 


စန့်ရှန်းက ဒေါသထိန်းထားရသည့် ပုံစံဖြင့် သူ့ကို ကြည့်လာ၏။ 


ရန်ရှူက စန့်ရှန်း၏ မျက်လုံးများနှင့် ပုံစံအနေအထားကို တွေ့သောအခါ ယင်းက မီးညှိထားသည့် ဗျောက်အိုးအလား ဖြစ်နေခဲ့သည်။ သူက ချက်ချင်းဆိုသလို ပိုဒေါသထွက်လာပြီး စန့်ရှန်းကို အော်ဟစ်လိုက်လေသည်။

"ဒါ ဘာအကြည့်လဲ... ဒါ ဘာသဘောလဲလို့... မင်းကို မေးနေတယ်လေ... နားမကြားဘူးလား…"

 

ရန်ရှူက ဤအခြေအနေကဲ့သို့ သန်မာသူနှင့် တွေ့ရသည့်အခါ ယေဘုယျအားဖြင့် သန်မာနေတတ်သည်။ 


ယုံကြည်ချက် ပြည့်နေသရွေ့ပင်... 


စန့်ရှန်းက ဒေါသများကို ထိန်းထားရပြီး အံကြိတ်ထားသဖြင့် တင်းတင်းစေ့ထားသော သွားများအကြားမှ အသံထွက်လာပုံရလေသည်။

"ရန်ရှူ... မင်း ကိုယ့်ကို လာဆွနေတာလား…" 


"မင်းက ငါ့ကို လာစိတ်ဆိုးနေတလား…"

ရန်ရှူ ပို၍ပင် ဒေါသထွက်လာ၏။ ဒေါသထွက်ရလွန်း၍ သတိမေ့သွားတော့မည်ဟုပင် ခံစားနေရလေသည်။ 


ဒီကောင်က ဘယ်လောက်တောင် အရှက်မဲ့ရတာလဲ... 


ဘယ်လိုများ မေးရဲရတာလဲ... 


ဖောက်ပြန်ပြီးမှ တရားမျှတမှုလိုချင်နေတယ်... 


ထိုအခိုက် အဖေရန်က လှေကားရင်းထိ လိုက်လာရင်း အင်္ကျီလက်ကို ပင့်တင်လာသည်။ သူ မေးလိုက်သည်။

"စန့်မျိုးရိုး... မင်း ဖောက်ပြန်ခဲ့တယ်လို့ ငါကြားထားတယ်…" 


ရလဒ်အနေဖြင့် သူပို၍ ကပ်လာသောအခါ 1.9 မီတာ ရှိသည့်လူက သူ့ကို ခေါင်းစောင်း၍ ကြည့်လာသည်ကို တွေ့လိုက်ရလေသည်။ ထိုသူက 1.7 မီတာသာ ရှိသည့်သူ့ကို ငုံ့ကြည့်လာပြီး အသံနိမ့်နိမ့်ဖြင့် ဆိုလိုက်သည်။

"ထွက်သွား," 


“…” အဖေရန်က အင်္ကျီလက်ကို ပြန်ချကာ  အနားက ဖြတ်သွားသည့်လူအလား တိတ်တိတ်လေး လှည့်ထွက်သွားလေသည်။ 


စန့်ရှန်းက အခန်းထဲသို့ ဝင်လာပြီး တံခါးပိတ်ကာ လောခ့်ချလိုက်သည်။ 


ရန်ရှူက ထလာပြီး သူ့ကို တွန်းလိုက်သည်။

"ထွက်သွား... မင်းရဲ့ ကုန်းမျိုးရိုးနဲ့လူကို သွားရှာလိုက်…" 


စန့်ရှန်းက ထွက်မသွားဘဲ ရန်ရှူကို အိပ်ရာပေါ်သို့ တွန်းထုတ်ကာ စာရွက်စာတမ်းအချို့ကို အိပ်ရာပေါ်သို့ ပစ်ချပေးလိုက်သည်။

"ကြည့်... ဒီတံဆိပ်က ကိုယ်တို့ကုမ္ပဏီရဲ့ ပရောဂျက်ပဲ... ကိုယ်က ဒီတံဆိပ်ကို ရောင်းအားပြန်တက်လာဖို့ ကုန်းရှီအန်းရဲ့ ကုမ္ပဏီကနေ ငွေကြေးထောက်ပံ့မှု ရှာဖွေနေတာ... ကိုယ်တကယ်ပဲ ပူးပေါင်းမှုကို ဆွေးနွေးဖို့ ရှန်းကျွင့်ကျင်းကို ကူညီပေးခဲ့တယ်... ဒါပဲ…" 


ရန်ရှူ ထိုစကားကို ကြားသောအခါ အသိပြန်ဝင်လာပြီးနောက် ပရောဂျက်စာအုပ်၏ အဖုံးကို ကြည့်လိုက်ရာ ထိုတံဆိပ်၏အမည်ကို အမှန်ပင် ရေးထားလေသည်။ 


စန့်ရှန်း ဆက်ပြောလိုက်သည်။

"လည်ဆွဲကလည်း ဒီတံဆိပ်အောက်က အဓိက လည်ဆွဲရဲ့ ပို့ဆောင်ရေးအမြန်နှုန်းတွေ၊ ဝန်ဆောင်မှု သဘောထားတွေ၊ အရည်အသွေးတွေကို အတွေ့အကြုံရအောင် ကုန်းရှီအန်းဆီ ပို့ပေးလိုက်တာပဲ…"


“…”

ရန်ရှူ မလှုပ်ရှားမိဘဲ မည်သို့ ပြန်ဖြေရမည်ကိုပင် မသိတော့ပေ။ 


စန့်ရှန်း၏ စကားများထဲမှ အပြစ်အနာအဆာကို ရှာဖွေချင်နေ၏။ ထိုမှသာ စန့်ရှန်းကို တန်ပြန်အနေဖြင့် ဆူပူကြိမ်းမောင်းနိုင်မည် ဖြစ်သည်။ 


သို့သော် စန့်ရှန်းပြောသည့်အရာများက အကျိုးသင့်အကြောင်းသင့် ဖြစ်နေသည်။ 


စန့်ရှန်းက သူ့ပုံစံကို ချိန်ညှိကာ ဒေါသထိန်းထားရန် ကြိုးစားလိုက်သည်။

"ကိုယ့်ကွန်ပြူတာမှာ တကယ်ပဲ လောခ့်ဝင်ထားတယ်... ရှန်းကျွင့်ကျင်းရဲ့ ကွန်ပြူတာကို ဖွင့်ရင်လည်း ဒီအကောင့်နဲ့ပဲ ဝင်ထားတာပဲ... လည်ဆွဲကိုလည်း ရှန်းကျွင့်ကျင်းကပဲ မှာပေးထားတာ... မင်း ကွန်ပြူတာ ဖွင့်ထားတဲ့ မှတ်တမ်းတွေကိုသာ မကြည့်မိရင် သိလိုက်ရမှာတောင် မဟုတ်ဘူး…" 


ရန်ရှူ: “…” 


စန့်ရှန်းက ခုံတစ်လုံး ဆွဲယူလာပြီး အားပြင်းပြင်းဖြင့် ထိုင်ချလိုက်သည်။ သူ ဒေါသထွက်နေသဖြင့် နိုင်ထက်စီးနင်းပြုချင်သည့် ခံစားချက်ကလည်း ပို၍ ပြင်းထန်လာသည်။ 


သူက ရန်ရှူကို ကြည့်လိုက်သည်။

"မမေးမမြန်းနဲ့ လမ်းခွဲတယ်ပေါ့လေ... သိလာတာ ဆယ်နှစ်တောင် ကြာပြီ အခုထိ မယုံသေးဘူးလား... ဖုန်း ပိတ်ထားပြီး ဒီကို လာနေတယ်ပေါ့... ဒါတောင် လိုက်ဖ်လွှင့်လိုက်သေးတယ်... ပြီးတော့ စင်ဂယ်လို့လည်း ပြောခဲ့တာ... လူသိရှင်ကြား မလုပ်ဘူးဆိုရင် ကိုယ် မှတ်ထားမှာ... ဟုတ်တယ်... ကိုယ် နှစ်တွေ အကြာကြီး သည်းခံလာရပေမယ့် မင်းက လူတွေကို စင်ဂယ်လို့ ပြောနေတုန်းပဲ... ဒါကို ကိုယ် လက်ခံပေးရမှာလား…" 


"ဒါဆိုမင်း... မင်း..."

ရန်ရှူတစ်ယောက် အားပျော့သွားရလေသည်။ 


"သူက... မင်း..." 


"ရန်ရှူ…"

စန့်ရှန်း အသံနိမ့်နိမ့်ဖြင့် ခေါ်လိုက်သည်။ 


"ဘာလို့ ငါ့နာမည်ကိုအပြည့်အစုံ ခေါ်ရတာလဲ…"

ရန်ရှူ နှလုံးခုန်သံ စည်းချက်လွဲသွားပြီး အသံက ပို၍ အားပျော့လာကာ အနည်းငယ် ပျာယာခတ်သွားသည်။ 


" မင်း ကြိုက်သလို ပြဿနာ ရှာလို့ရတယ်... ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ်တကယ် စိတ်ဆိုးတာ…" 


"ငါက... ဒီနှစ်နှစ်အတွင်း ငါ့ကို လာမရှာတာက မင်းမှာ အကြောင်းရှိလို့ ဖြစ်မယ်လို့ တွေးမိလို့လေ... မင်းက တခြားတစ်ယောက်နဲ့ ရှိနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့... ငါတွေးကြည့်တော့ အကျိုးအကြောင်း သင့်နေတာလေ... ပြီးတော့ သူများအတွက် လည်ဆွဲ ဝယ်ပေးသေးတာကို... ငါ့ကို ရှားလော့ဟုမ်း ဝင်ပူးသွားတာ…" 


စန့်ရှန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒီလိုဆို... ကိုယ်မင်းကို စိတ်မလုံခြုံအောင် လုပ်မိတာများလား…" 


"မဟုတ်..." 


"ကိုယ် ဒီနေ့ကစပြီး ကိုယ့်ရဲ့ နှစ်စဥ်ပျက်ကွက်ခွင့်ကို ရွှေ့ထားတယ်... ပြီးရင် စိတ်လုံခြုံမှု ရစေဖို့ ခုနစ်ရက် အတူ ရှိပေးမယ်…"

စန့်ရှန်းက ထရပ်နေရင်း ပြောလိုက်သည်။ သူက ရန်ရှူကို ပုခုံးပေါ်သို့ တင်လိုက်ပြီးနောက် အခြားလက်တစ်ဖက်ဖြင့် အိပ်ရာပေါ်မှ စာရွက်များကို ကောက်ယူကာ တံခါးဖွင့်၍ အောက်ထပ်သို့ ဆင်းသွားသည်။ 


"တိုက်ရိုက်လွှင့်တဲ့ ကိရိယာတွေ စာကြည့်ခန်းထဲမှာ ကျန်သေးတယ်…" 


အဖေရန်က စန့်ရှန်း ရန်ရှူကို သယ်ထုတ်သွားသည်ကို ကြည့်နေပြီး တံခါးကို ပိတ်လိုက်ပြီးနောက် တံခါးဝတွင် ရပ်ကာ တစ်ခဏမျှ တွေးတောနေသည်။

"ဒါက ငါ့အတွက်တော့ ဖြစ်ရိုးဖြစ်စဥ်ပဲမလား…" 


တစ်ခဏအကြာ စန့်ရှန်း ပြန်ဝင်လာပြီး စာကြည့်ခန်းထဲသို့ သွားကာ ရန်ရှူ၏ ကိရိယာများကို ယူ၍ ပြန်ထွက်သွားသည်။ 


အဖေရန်က ယင်းကို မြင်လိုက်ရသောအခါ ဒေါသထွက်သွားသည်။ 

စန့်မိသားစုက ဒီကောင်စုတ်လေးက ဝင်လာတာတောင် ငါ့ကို ကြည့်မသွားဘူး... ငါ့ကို လူကြီးလို့တောင် မှတ်သေးရဲ့လား... ဘာပဲပြောပြော ငါက ရန်ရှူရဲ့ အဖေပဲလေ... 


တကယ်တော့... 


ငွေတွေပြန်မပေးရတာလည်း ကောင်းတာပါပဲ... 


အဖေရန်က အပေါ်ထပ်သို့ တက်ကာ အိပ်ရန် ပြင်လိုက်သည်။ ရန်ရှူက အိမ်တွင် အတော်လေး ဖိအားများသွား အောင်လုပ်လိုက်သဖြင့် သူ့ဘာသာ ရှင်းလင်းရန် ကျန်ခဲ့လေသည်။ 


------------


စာရေးသူမှာ ပြောစရာ ရှိပါတယ်... 


ရန်ရှူ: သွားပြီ... သွားပြီ... စန့်ရှန်းက ငါ့ကို နာမည် အပြည့်အစုံ ခေါ်နေပြီ... 


ဒေါသအိုးကြီးက ငတုံးလေးကို ခုနှစ်ရက်လုံးလုံး မွှေကြော်ကြော်တော့မယ်…



📽️