Chapter 81
Viewers 12k

📽️Chapter 81

အခြေအနေ : လူသိရှင်ကြား ဖွင့်ချခြင်း



ရန်ရှူက လူးလှိမ့်ခံခဲ့ရပြီးနောက် နေ့လည်တွင် တစ်ရေးတစ်မော အိပ်ခဲ့သည်။


သို့သော် သူ့အိပ်မက်ထဲတွင် စန့်ရှန်းက နာကျင်နေပုံရသည်။


စန့်ရှန်းက ပိုင်ရှင်ပျောက်ဆုံးသွားသော ခွေးလေးတစ်ကောင်ကဲ့သို့ မည်သူမှအဖော်ပြုနေခြင်းမရှိဘဲ တစ်ယောက်တည်း ထိုင်နေခဲ့သည်။


ရန်ရှူက စန့်ရှန်း အနားသို့သွားချင်သော်လည်း သူ မည်သို့လုပ်လုပ် မရနိုင်ခဲ့ချေ။ သူတို့ကြား၌ တစ်ခုခုရှိနေသလိုပင်။


ရန်ရှူက စန့်ရှန်း၏ အမည်ကို အသည်းအသန်ခေါ်နေခဲ့သော်လည်း စန့်ရှန်းက သူ့ကို မကြားသကဲ့သို့ ပြုမူခဲ့သည်။


နောက်ဆုံးတွင် သူ၏ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုများဖြင့် အတားအဆီးများစွာကို ကျော်ဖြတ်ကာ စန့်ရှန်း၏ ရှေ့သို့ ရောက်လာခဲ့သည်။


စန့်ရှန်းက ခေါင်းကိုမော့ပြီး သူ့ကို ကြည့်လာခဲ့သော်လည်း သူ့မျက်နှာမှာ ရှုပ်ထွေးနေခဲ့သည်။


စန့်ရှန်းက သူ့ကိုမေးခဲ့သည်။

"မင်းက ဘယ်သူလဲ..." 


သူ့မျက်လုံးများက အေးစက်မှုသာမက နွေးထွေးမှုများပါ ရောနှောနေပြီး အလွန်ထူးဆန်းနေခဲ့သည်။


ထိုစကားက ရန်ရှူကို အိပ်နေရာမှ လန့်နိုးသွားစေခဲ့သည်။


သူ မျက်လုံးများဖွင့်လိုက်စဉ် သူက စန့်ရှန်း၏ရင်ခွင်ထဲ အိပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ သူက စန့်ရှန်း၏ ခါးကို ချက်ချင်းဖက်ကာ စန့်ရှန်း၏ရင်ဘတ်ပေါ် ခေါင်းတင်လိုက်သည်။


သူ ထိုနှစ်နှစ်က ဖြစ်ခဲ့သည်များကို ပြန်သတိရမိသွားခဲ့၏။


ထိုအချိန်က သူ အလွန်ဒေါသထွက်နေခဲ့သည်။


စန့်ရှန်းက သူ့ကို တွေ့ရန် သို့မဟုတ် ချော့ရန်မလာခဲ့ပေ။ သူက တကယ်ကြီး ရန်ရှူနှင့် လမ်းခွဲချင်နေပုံရခဲ့သည်။


သူက နေ့တိုင်းစိတ်တိုနေခဲ့သော်လည်း အမြဲပင် စန့်ရှန်းအား သူ့ဆီသို့လာစေချင်ခဲ့သည်။ သူက အမြဲတမ်းမာနကြီးခဲ့ပြီး အစပြုခေါင်းငုံ့ရန် ငြင်းဆန်ခဲ့သည်။


တကယ်လို့ တစ်ရက်မှာ ငါ ထပ်သည်းမခံနိုင်ဘဲ စန့်ရှန်းဆီ သွားခဲ့မယ်ဆိုရင် စန့်ရှန်းက တစ်ယောက်တည်း ဒီလိုကုသမှုမျိုးခံယူနေခဲ့ရတယ်ဆိုတာ သိခဲ့မှာလား...


သူက စန့်ရှန်းအတွက် လုံလောက်အောင်မကောင်းခဲ့ပုံရသည်။


သူက အလွန်ဆူညံပြီး ခေါင်းမာကာ အလိုလိုက်ခံရသောသူဖြစ်သည်။


ငါ စန့်ရှန်းကို အလိုတောင် လိုက်ခဲ့ဖူးရဲ့လား...


ငါ မသိဘူး...


တကယ်လို့ ငါက ချစ်သူကောင်းတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် စန့်ရှန်းက ငါ့ကိုယုံကြည်ပြီး သူ့ရဲ့ခက်ခဲတဲ့အချိန်တွေမှာ ငါနဲ့အတူနေခဲ့လောက်လား...


အနည်းဆုံးတော့ ငါ စန့်ရှန်းကို အဖော်ပြုခဲ့သင့်တယ်...


ငါ ဒိုင်ယာရီကို ဖတ်တုန်းက ဘယ်လောက် စိတ်ဒုက္ခရောက်ခဲ့လဲဆိုတာ ဘုရားပဲသိလိမ့်မယ်... 


ထိုအချိန်က ဒိုင်ယာရီကို ကိုင်ထားသည့် သူ့လက်များမှာ တဆတ်ဆတ်တုန်ရီနေခဲ့သည်။


သူ စန့်ရှန်းကို အလွန်သဘောကျသည်။


သူ ဤကဲ့သို့အရာမျိုးကို အလွန်သဘောကျသည်။


စန့်ရှန်း၏ မျက်လုံးများနှင့် နှလုံးသားထဲ သူနှင့်သာ ပြည့်နေပါစေဟု ရန်ရှူအမြဲဆုတောင်းခဲ့သည်။


သို့သော် သူကိုယ်တိုင်ကမူ မည်သို့ထုတ်ဖော်ပြသရမည်ကိုမသိကာ နေရခက်မှု အနည်းငယ်ကိုပင် ခံစားခဲ့ရသည်။ 


ဆယ်နှစ်...


ငါ လူတစ်ယောက်ကို ချစ်ခဲ့တာ ဆယ်နှစ်ရှိပြီ...


ငယ်ရွယ်ပြီးမသိနားမလည်ခဲ့တဲ့အချိန်ကနေ အခု ရင့်ကျက်လာတဲ့အချိန်အထိ...


ဒီလူကပဲ ငါ့မှတ်ဉာဏ်တွေအားလုံးကို သိမ်းပိုက်ထားခဲ့တယ်...


၎င်းက သူ့ကို အတွေးနက်စေပြီး သူတစ်ခုခုလုပ်သင့်သည်ဟု ခံစားရစေခဲ့သည်။


ငါ ဘာလုပ်ရမှာလဲ…


၎င်းက သူ့ကို အလွန်စိတ်သောကရောက်စေခဲ့သည်။


နောက်ဆုံးတွင် သူ သက်ပြင်းသာချလိုက်ပြီး အနည်းဆုံး သုံးလခန့်လမ်းမခွဲရန် ဆုံးဖြတ်လိုက်သည်။


ထို့နောက် သူ ထပ်ပြီးတွေးခဲ့မိပြန်သည်။


တကယ်လို့ ငါသာ ပြဿနာတွေမလုပ်ခဲ့ဘူးဆိုရင် စန့်ရှန်းက အာရုံမပြောင်းနိုင်ဘဲ ရောဂါဟောင်းပြန်ထခဲ့မှာလား....


ငါ ဒီကိစ္စကို ဘယ်လိုထိန်းချုပ်ရမလဲ...


………


ဤသို့ဖြင့် ရန်ရှူက ထိုအကြောင်းကို စန့်ရှန်း သူ့ကို အိမ်ပြန်မပို့မီအထိ ခြောက်ရက်လုံးလုံး တွေးတောစဉ်းစားခဲ့သည်။


ရန်ရှူက မကြာမီပင် "ငါမဟုတ်ဘူး"ရှိုး၏ နောက်ဆုံးအပိုင်းကို ရိုက်ကူးရမည်ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးလုံး ယခုအပတ်အတွင်း 'အလုပ်ကြိုးစားခြင်း'ကို မရပ်ခဲ့သောကြောင့် ရန်ရှူ၏ ခန္ဓာကိုယ်မှာ တောင့်မခံနိုင်ချေ။


ဤသည်ကိုတွေးပြီး စန့်ရှန်းက သူ့ကိုပြောလိုက်၏။

"ကိုယ် နှစ်ရက်လောက်လာမှာမဟုတ်ဘူး... မင်း ဒီနှစ်ရက်အတွင်း ကောင်းကောင်းအနားယူပြီး မင်းရဲ့အခြေအနေကို ချိန်ညှိသင့်တယ်..."


ရန်ရှူက အလွန်နာခံမှုရှိစွာဖြင့် ဖြေလိုက်သည်။

"ကောင်းပါပြီ... ကောင်းပါပြီ..."


စန့်ရှန်းက သူ၏အားနည်းလှသောဇနီးလေးမှာ အိမ်သို့ပြန်ရောက်ပြီးနောက် ဆယ်မိနစ်အကြာတွင် သူ့ကိုယ်ပိုင်ပြိုင်ကားကိုမောင်းပြီး ဆရာဝန်နှင့် အပြင်းအထန်တိုက်ခိုက်ရန် စိတ်ရောဂါကုဆေးခန်းကို တန်းတန်းမတ်မတ်သွားလိမ့်မည်ဟု တွေးမိခဲ့မည်မဟုတ်ချေ။


သူ ဆေးခန်းထဲဝင်လာပြီး ဒေါက်တာကျိအန်း၏ ရုံးခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ သူ အထဲဝင်ပြီးနောက် တံမြက်စည်းကို ကောက်ကိုင်ပြီး ဒေါက်တာကျိအန်းကို မေးခွန်းထုတ်လိုက်သည်။

"ကျွန်တော် ခင်ဗျားဆီ ခဏခဏလာခဲ့တာတောင် ခင်ဗျားက ကျွန်တော့်ကို စန့်ရှန်းရဲ့ အခြေအနေကို ဖုံးကွယ်ခဲ့သေးတယ်ပေါ့လေ... သူ လျှပ်စစ်ရှော့တိုက်ကုထုံးတောင်ယူခဲ့ရတာကို ခင်ဗျားက ဘာလို့ ကျွန်တော့်ကိုမပြောခဲ့တာလဲ..."


ဒေါက်တာကျိအန်းက ဖျတ်လတ်ပြီး ရန်ရှူကိုရှောင်ရန် ချက်ချင်းထရပ်လိုက်သည်။ ထို့နောက် လျင်မြန်စွာ ရှင်းပြခဲ့သည်။

"မစ္စတာရန် စိတ်မလှုပ်ရှားပါနဲ့...သူကိုယ်တိုင် မင်းကို ပြောခဲ့တာလား..."


"ကျွန်တော် သူ့ဒိုင်ယာရီကို ခိုးကြည့်ခဲ့တာ..."


"အိုး…ငါလည်း စပွန်ဆာရဲ့ အစီအစဉ်ကို လိုက်နာဖို့လိုလို့ပါ…"


သူတို့နှစ်ဦးက စားပွဲတစ်ဝိုက်ကို ပတ်နေခဲ့ကြပြီး ရန်ရှူက ဒေါသတကြီး အော်ပြောလိုက်သည်။

"စန့်ရှန်းက ကျွန်တော် ဒီကိုရောက်ဖူးတာကို သိလား..."


"သူ သိတယ်..." 


ဒေါက်တာကျိအန်းက အဖြေပေးပြီးနောက် ပြုံးပင်ပြုံးလိုက်သည်။

"သူက မင်းရောက်လာတာ သိတဲ့အချိိန်တိုင်း ငါ့ကို စာအိတ်အနီတွေ ပျော်ပျော်ကြီး ပို့ပေးတယ်လေ...အဲ့တော့ ငါလည်း သူ့ကိုအချိန်တိုင်းပြောပြခဲ့တာပေါ့..."


"အားး...ကျွန်တော် ခင်ဗျားနဲ့ တိုက်ခိုက်မယ်..."


ဒေါက်တာကျိအန်းက သူ့ကို အမြန်ထိပ်တိုက်ရင်ဆိုင်လာခဲ့သည်။

"မင်း တံမြက်စည်းကို အရင်ချလိုက်ပါလား... ငါတို့က ယဉ်ကျေးတဲ့လူတွေလေ ယဉ်ကျေးတဲ့လူတွေအားလုံးက လက်ဗလာနဲ့ပဲ တိုက်ခိုက်ကြတာ..."


"ခင်ဗျား အဓိပ္ပာယ်မရှိတာတွေလာပြောနေတာပဲ... ခင်ဗျား အတိုက်အခိုက်လေ့ကျင့်ဖူးတာကို ကျွန်တော်မသိဘူးလို့ ထင်မနေနဲ့... ကျွန်တော် ခင်ဗျားကိုရိုက်ဖို့ လက်နက်ကိုင်ထားတာမဟုတ်ဘူး... ကျွန်တော် ခင်ဗျားကို အပြင်းအထန် ကြိမ်းမောင်းရင် ခင်ဗျား ကျွန်တော့်ကို တိုက်ခိုက်လာမှာ စိုးလို့ပဲ..."


"အဲ့ဒါက ဆေးဘက်ဆိုင်ရာပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့အတွက်ပါပဲ... ငါလည်း ကြောက်တတ်တယ်လေ..."


"ခင်ဗျား ကျွန်တော့်ရှေ့မှာ ခင်ဗျားရဲ့ သရုပ်ဆောင်စကေးတွေကို ထုတ်ပြရဲတယ်ပေါ့လေ... ခင်ဗျားကို ဘာလို့ဖျော်ဖြေရေးလောကထဲဝင်ပြီး သရုပ်မဆောင်လိုက်လဲ အကောင်းဆုံးမင်းသားတောင်ဖြစ်နိုင်တယ်... ခင်ဗျားက ကျွန်တော့်ကိုစိတ်ဆိုးပြီးသေအောင်လုပ်နေတာပဲ..."


ဒေါက်တာကျိအန်းက ရန်ရှူကို ထိန်းချုပ်ရန် များစွာ ကြိုးစားခဲ့ရသည်။


ထို့နောက်တွင် ဒေါက်တာကျိအန်းက လေးလံစွာအသံရှုလာရသည်အထိ အလွန်မောပန်းလာခဲ့သည်။ 


သူတို့နှစ်ယောက် စားပွဲကို ဘယ်နှစ်ပတ်တောင် ပတ်ပြေးနေခဲ့လဲဆိုတာ ဘုရားပဲသိလိမ့်မယ်...


ထိုအချိန်တွင် ရန်ရှူက ဒေါက်တာကျိအန်းဆီ လက်ကို ဆန့်တန်းလိုက်သည်။

"ကျွန်တော့်ကို တစ်ဝက်ပြန်ပေး..."


ဒေါက်တာကျိအန်းက ဖုန်းထုတ်ပြီး ယွမ် 100,000ကို ရန်ရှူဆီသို့ လွှဲပေးလာခဲ့သည်။


ရန်ရှူက နှာမှုတ်ကာ ၎င်းကိုဖတ်ပြီးနောက် ပြောလိုက်သည်။

"စန့်ရှန်းက ဒီလောက်တွန့်တိုလိမ့်မယ်ဆိုတာ မယုံဘူး..."


ထို့ကြောင့် ဒေါက်တာကျိအန်းက သူ့ဆီ နောက်ထပ် ယွမ် 400,000 ကို ထပ်လွှဲပေးခဲ့သည်။ ၎င်းကိုလက်ခံပြီးနောက် ရန်ရှူ ငြိမ်သက်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူ တိုးညှင်းစွာပြောလိုက်သည်။

"ဘာလို့ စန့်ရှန်းက အရမ်းပျော်နေတာလဲ..."


"အဲဒီအချိန်တုန်းက ငါက ကုထုံးဆက်ကုသွားဖို့ မင်းရဲ့သတင်းကိုပဲ အားကိုးခဲ့ရတာ..."

(T/N စန့်ရှန်း ကုထုံးဆက်လုပ်နိုင်အောင် ဆရာဝန်က သူ့ကို ရန်ရှူသတင်းတွေဆက်တိုက်ပြောခဲ့ရတာပါ)


ထိုစကားကို ရန်ရှူကြားလိုက်ရစဉ် သူ့နှလုံးသားက ထပ်နာကျင်သွားခဲ့ပြန်သည်။ ထို့ကြောင့် သူ မေးလိုက်သည်။

"အဲ့ဒါက လေးနက်လား...ရောဂါပြန်ထနိုင်လား..."


"သူ့ရဲ့ ကုသမှုက အတော်လေး စေ့စပ်တယ်... ငါတို့ရဲ့အမြင်အရတော့ သူက မင်းနဲ့ တကယ်အတူဆက်ရှိသွားချင်ပြီးတော့ သူ စိတ်လွတ်သွားရင် မင်းကိုနာကျင်အောင်လုပ်မိမှာစိုးလို့ သူ့ ကုသမှုက အရမ်းပြင်းထန်ခဲ့တယ်လို့ထင်တယ်... ဆွေ့ဟို့ယွီလည်း ဒီကုသမှုခံယူခဲ့ဖူးတော့ အဲ့ဒါက မှတ်ဉာဏ်တွေကို ထိခိုက်စေလိမ့်မယ်ဆိုတာ သိတယ်မလား..."


"အင်း..." 

ရန်ရှူက ၎င်းကို ကောင်းကောင်းနားလည်ပုံရသည်။


"သူက ကိစ္စမှန်သမျှ ရေးမှတ်ထားဖို့လိုလို့ ဒိုင်ယာရီကို ကိုယ်နဲ့မကွာအမြဲဆောင်ထားခဲ့တာ... တစ်နေ့ကျ သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားမှာကို သူ ကြောက်ခဲ့တယ်...အဲ့တော့ သူက ဒိုင်ယာရီကိုကြည့်ပြီး အတိတ်ကဖြစ်ရပ်တွေကို ပြန်ကြည့်နိုင်မယ်ဆိုရင် မေ့သွားတာတွေကို ပြန်သတိရလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ...သူက မင်းကို ဒီအကြောင်းတွေမသိစေချင်လို့ မင်းကို သေချာပေါက် အဲ့ဒိုင်ယာရီကို ဖတ်စေချင်ခဲ့မှာမဟုတ်ဘူး...တစ်ခေါက်ကဆို သူ ကုထုံးခံယူပြီး သူ့မိဘတွေကိုတွေ့တော့ ခဏလောက် စိတ်ရှုပ်ထွေးခဲ့ပေမယ့် မင်း နာမည်ကို ခေါ်နိုင်ခဲ့သေးတာကို ငါမှတ်မိနေသေးတယ်...သူက 'ရန်ရှူ ငါ့ကိုလာတွေ့သေးလား' လို့မေးလိမ့်မယ်... မင်း သူ့ဆီလာမတွေ့သေးတာကို သိတဲ့အချိန်ကျ သူ ခဏလောက်စိတ်အားငယ်သွားခဲ့တယ်..."


စန့်ရှန်းက ရန်ရှူကို ဒုက္ခမပေးချင်သလို စိတ်လည်းမပူစေချင်ခဲ့ပေ။ ထို့အပြင် စန့်ရှန်းက ဟို့မော့ကို သူ ကုသမှုခံယူနေအကြောင်းကို မသိစေချင်ခဲ့ပေ။ သူသိပါက သေချာပေါက် ဟို့မော့နှင့် ဟို့မားအတွက် စိတ်ရှုပ်စရာဖန်တီးမိမည်ဖြစ်ပြီး သားအမိနှစ်ယောက်ကို အတိတ်အား ပြန်တွေးတောစေလိမ့်မည်ဖြစ်သည်။


သို့သော် စန့်ရှန်းက ရန်ရှူ သူ့ကိုချော့ရန် အစပြုလာလိမ့်မည်ဟု မျှော်လင့်ခဲ့ဆဲဖြစ်သည်။


ရန်ရှူက စန့်ရှန်းအတွက် အရေးကြီးဆုံးပုဂ္ဂိုလ်ပင်ဖြစ်သည်။


××××××××


ရန်ရှူက အချိန်ဇယားချထားသည့်အတိုင်း နောက်ဆုံး reality show ရိုက်ကူးရန်သွားခဲ့သည်။


ဤ season တွင် ဆွေ့ဟို့ယွီက ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး သူက ၎င်းကြောင့် ဆုတံဆိပ်ခြောက်ခုရရှိခဲ့သည်။ နောက်ဆုံးအပိုင်း၌ ရန်ရှူက ထပ်ကံကောင်းခဲ့ပြီး သူ့အသင်းသားများနှင့်အတူ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ ဆုတံဆိပ်များစုဆောင်းပြီးနောက် သူက နောက်ဆုံးတွင် ဤseason၏ချန်ပီယံဖြစ်လာခဲ့သည်။


ရှိုးကိုရိုက်ကူးပြီးနောက်တွင် ဧည့်သည်လေးဦးက ခဏတာတွေ့ဆုံကြရန် စီစဉ်ခဲ့သည်။


သူတို့က ပရိုဂရမ်များစွာကို အတူရိုက်ကူးခဲ့ကြပြီး ရင်းနှီးမှုအချို့ရှိပေသည်။


အထူးသဖြင့် လာမည့်seasonတွင် သူတို့အားအနည်းငယ်ဝမ်းနည်းစေသည့် ဧည့်သည်အပြောင်းအလဲရှိနိုင်သောကြောင့်ဖြစ်သည်။ အနာဂတ်တွင် သူတို့လေးဦး၏ အချိန်ဇယားကွဲလွဲမှုများကြောင့် အဆက်အသွယ်ပြတ်တောက်ရန် လွယ်ကူလှသည်။ ဤတစ်ခေါက်က သူတို့အားလုံးအတူတကွ တွေ့ဆုံနိုင်မည့် နောက်ဆုံးအခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်သောကြောင့် သူတို့ ထူးထူးခြားခြား အလေးထားခဲ့ကြသည်။


သူတို့လေးဦးလုံး တစ်ယောက်မှ လက်ထောက် သို့မဟုတ် အဖွဲ့ကိုမခေါ်ခဲ့ကြဘဲ လေးယောက်တည်း ပါတီခန်းမဆီ သွားခဲ့ကြသည်။


ပါတီခန်းမတွင် စုစုပေါင်းလေးထပ်ရှိပြီး ဖျော်ဖြေရေးဆိုင်ရာ အထောက်အကူပစ္စည်းများအပြင် အချိုရည်နှင့် အစားအစာများ လုံလောက်စွာရှိပေသည်။ ထို့အပြင် သူတို့ စားဖိုမှူးကို ဖိတ်ခေါ်ပြီး သူတို့အတွက် ညစာပြင်ဆင်ခိုင်း၍လည်းရနိုင်သည်။


ပင်ပန်းလာပါက အပေါ်ထပ်ရှိ ဧည့်သည်ခန်းတွင် အနားယူနိုင်သည်။


ရန်ရှူက ယနေ့တွင် ကစားရန် စိတ်မပါနေပေ။


သူက အနည်းငယ် စိတ်သောကရောက်နေခဲ့သည်။ သူက ဤနေရာတွင် လျို့ရွှမ်းနှင့် ညစာစားနေမိသည်။ အကယ်၍ စန့်ရှန်းသာ ၎င်းကိုသိပါက ရောဂါဟောင်းပြန်ထလာပြီး သူ့ဇနီးနောက် မိုင်တစ်ရာကျော်ခန့်လိုက်လာကာ သူ့ကို ဖမ်းခေါ်၍ အရူးလေးကို ဆီပူနှင့်ဆက်ကြော်နိုင်ပေသည်။


ငါ့ယောက်ျားက ငါ့ကို အရမ်းချစ်တာပဲ... သူ သဝန်တိုရင် နည်းနည်းတော့ စိတ်ဖိစီးရတယ်...


ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရန်ရှူကို သောက်ရန်ပြောလာခဲ့သည်။

"ရန်ကော သောက်ပါဦး...."


ရန်ရှူက သူ့လက်ကို ဝှေ့ယမ်းပြီး ငြင်းလိုက်သည်။

"ငါ သောက်ပြီးရင် ပြဿနာလုပ်မိလိမ့်မယ်..."


ထိုလူက ချက်ချင်းမေးခွန်းထုတ်လာခဲ့သည်။

"ကျွန်တော်တို့က ကော ပြဿနာရှာတာ မတွေ့ဖူးလို့လား..."


"အိုး ဟင့်အင်း... ငါမသောက်ဘူး...."


ရန်ရှူ ငြင်းဆိုပြီးနောက် အခြားလူ သုံးဦးက သူ့အား အတူတကွကြည့်နေကြသည်ကို တွေ့လိုက်ရသည်။


လျို့ရွှမ်းက သက်ပြင်းချပြီး ပြောခဲ့သည်။

"သူ့ကို မသွေးဆောင်နဲ့တော့...ရန်ကောက သိပ်မသောက်နိုင်ဘူး..."


ကျန်နှစ်ဦးက ပြောခဲ့ကြသည်။ 

"ဒါက ကျွန်တော်တို့အားလုံး နောက်ဆုံးတွေ့ကြရတာကို... စိတ်မကောင်းစရာပဲ...ဒါပေမယ့် ကော မသောက်ချင်မှတော့ ထားလိုက်ပါတော့..."


"ငါတို့အရက်မမူးမချင်း အိမ်မပြန်ကြဘူးလို့ သဘောတူထားပေမယ့် နောက်ဆုံးတော့ လူသုံးယောက်ပဲကျန်ခဲ့ရတယ်..."


ရန်ရှူက သူတို့သုံးဦး ထူးထူးခြားခြား ပြုမူနေသည်ကို ကြည့်ပြီး အလွန်ဒေါသထွက်ကာ စားပွဲကိုရိုက်၍ ပြောလိုက်သည်။

"မင်းတို့ သောက်စေချင်မှတော့ သောက်ပေးမယ်...ငါက မင်းတို့ကိုကြောက်စရာလား..."


ထိုသို့ပြောပြီးနောက် သူက လက်ကိုင်ဖုန်းကို လျှို့ဝှက်ထုတ်ယူပြီး ရှောင်ချီထံ မက်ဆေ့ခ်ျပို့ခဲ့လိုက်သည်- 

[ငါ သောက်တော့မယ်... ဒီကို နာရီဝက်တိုင်းလာပြီးတော့ ငါ့ဆီ တစ်ခုခု ယူလာပေး... ဟုတ်ပြီလား...]


ရှောင်ချီ: [ကောင်းပြီ အစ်ကိုရန်...အစ်ကိုယန်နဲ့ ကျွန်တော် အလှည့်ကျလာခဲ့မယ်...]


ရန်ရှူ- [ကောင်းပြီ...]


အရာအားလုံးစီစဉ်ပြီးနောက် ရန်ရှူ သူတို့နှင့်အတူစသောက်ခဲ့သည်။


သူ သောက်နေစဉ် လျို့ရွှမ်းက သူ့ဘေးနားတွင်ထိုင်ပြီး သူနှင့် စကားပြောခဲ့သည်။

"အစ်ကိုရန် ဒီရက်ပိုင်းအတွင်း ဘယ်လိုခံစားနေရလဲ..."


"သိပ်မကောင်းဘူး… ဟင်း..."

ရန်ရှူက နက်နဲစွာ သက်ပြင်းချလိုက်သည်။ စန့်ရှန်း၏ ဒိုင်ယာရီကိုဖတ်ပြီးစဉ်မှစ၍ သူ့နှလုံးသားက အလွန်လေးလံနေခဲ့ပြီး သူ့အား ဤရက်ပိုင်းအတွင်း စိတ်အခြေအနေဆိုးဝါးစေခဲ့သည်။


လျို့ရွှမ်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရန်ရှူက လမ်းခွဲပြီးနောက် သူ့ရည်းစားဟောင်းနှင့် ပြန်မတွဲဖြစ်သည်ကို သူ့စိတ်ထဲ သေချာသွားပြီး နှုတ်ခမ်းထောင့်အား ပင့်ကာ ပြုံးလိုက်သည်။


အမှန်တွင် လျို့ရွှမ်းက ရန်ရှူ သူ့ wechat ပေါ်၌ Moments တင်ခဲ့ပြီးချိန်ကတည်းမှစ၍ အရက်သောက်ရန် ဖိတ်ချင်ခဲ့သည်။


ထို့နောက် သူ ထိုအကြောင်းပြန်တွေးခဲ့ပြီး ရန်ရှူက ဒေါသထွက်လာချိန်တွင် အလွန်ရန်လိုတတ်‌သည်ကို သတိရမိသွားခဲ့သည်။ သူ သူ့အချစ်ကို မဝန်ခံရသေးခင်မှာပင် ရန်ရှူက သူ့ကို အဆက်မပြတ် ဆူပူကြိမ်းမောင်းပေလိမ့်မည်။


ယနေ့တွင် ရန်ရှူက အခြေအနေကောင်းရှိနေပုံရ၍ သူ့အချစ်ကို ဝန်ခံရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်ပေမည်။


ယခင်က သူ့အလုပ်အကိုင်မှာ တိုးတက်နေဆဲဖြစ်သောကြောင့် သူ၏ ကျော်ကြားမှုကို ထိခိုက်မည်စိုးပြီး သူ့ခံစားချက်များကိုထုတ်ဖော်ရန် သတ္တိမရှိခဲ့ချေ။



📽️