Chapter 52
Viewers 7k

Chapter-52

(ဗိုလ်ချုပ်ကြီးရဲ့အိမ်ကိုပြန်လာပြီ!!)

"ရို့"

စီဆဲလ်သည်ဒေါသထွက်စွာဖြင့် ပြုံးကာမျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

"နှင်းဆီပန်းစည်းတွေ ရောက်နေပြန်ပြီ"

စီဆဲလ်သည် ထိုစကားအား အလေးအနက်ထပ်ပြောလိုက်သည်။

ကျောင်းမြန် : "...."

ကျောင်းမြန်သည် စီဆဲလ်အားတစ်ချက်ကြည့်ကာ ပန်းများကိုယူရန်ရှေ့တိုးလာခဲ့သည်။

စီဆဲလ်က ခနဲ့လိုက်ကာ....

"ကိုယ့်ကိုပေး..."

ကျောင်းမြန်သည် စီဆဲလ်မှနှင်းဆီပန်းများကိုအနီးကပ်မြင်လိုက်လျှင် ပို၍ဒေါသထွက်မည်ကိုစိုးရိမ်သောကြောင့် ပန်းများကို သူ၏အနောက်တွင် ဖွက်ထားလိုက်သည်။

စီဆဲလ်၏ မျက်ခုံးများသည် တုန်လှုပ်သွားပြီး သူ့မျက်နှာတွင် မယုံကြည်နိုင်သော အကြည့်များ ထွက်ပေါ်လာသည်။

ဒီလိုအပြစ်ရှိနေပုံကို.....

သူ၏ဒေါသများ "ဘန်း" ခနဲလောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။

"ဘယ်သူပို့လိုက်တာလဲ"

စီဆဲလ်ဒေါသထွက်ချိန်တွင် ပြုံးနေလေ့ရှိပြီး ပို၍ ပြုံးနေလေလေ ပို၍ဒေါသထွက်လေလေဖြစ်သည်။

"ချင်းယင်လား..."

ကျောင်းမြန်သည်သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"သူဘာရည်ရွယ်ချက်နဲ့ပို့နေလဲဆိုတာ ကျွန်တော်တကယ်မသိဘူး"

"မင်းမသိဘူး တကယ်မသိဘူးလား"

စီဆဲလ်သည် ရှေ့သို့တိုးကာပန်းစည်းကိုဆွဲယူလိုက်ပြီး ကျောင်းမြန်၏ နှာခေါင်းအား လက်ညှိုး နှင့်လက်မကို သုံးပြီး ဆွဲညှစ်ကာ အပြစ်ပေးလိုက်သည်။

"ကိုယ်နဲ့လိုက်ခဲ့.."

စီဆဲလ်သည် ကျောင်းမြန်အား စက်ရုံထဲရှိ အခန်းထဲသို့ဆွဲခေါ်သွားပြီး ထိုကိစ္စနှင့် ပတ်သက်ပြီးအတိအကျပြောရန် အသင့်ပြင်လိုက်သည်။

ကျောင်းမြန် : "....."

ကျောင်းမြန်သည် ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

"ခင်ဗျား...ဘာထပ်လုပ်ဦးမလို့လဲ"

"ကိုယ်မင်းကို တချို့ကိစ္စတွေမေးချင်လို့"

စီဆဲလ်သည် လေးနက်စွာထပ်ပြောလိုက်သည်။

"မင်းရဲ့မှတ်ဉာဏ်က စွန်ပစ်ကြယ် ရဲ့ ညနေဆည်းဆာမြို့မှာ စတင်ခဲ့တာလို့ မင်းပြောခဲ့တယ် မဟုတ်လား"

"အင်း.."

ကျောင်းမြန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးသူ၏မျက်လုံးများသည် တစ်စုံတစ်ရာအား ရှောင်ရှားရန်ကြိုးစားနေသည်။

"မင်း အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေ အားလုံးကိုမေ့သွားတာလား"

ကျောင်းမြန်လည်း ခဏရပ်သွားပြီ ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။

-အမှန်တွင် သူသည် အစ်ကိုကြီးတယောက်၊ အခန်းငယ်တစ်ခုနှင့် စန္ဒယားတီးနေသည်ကိုလည်း အနည်းငယ် မှတ်မိနေသေးသည်။ထို့နောက် Dark Phoenix မှ အဘိုးကြီးနှင့် စကားပြောပြီးသည့် နောက် သူသည် ဖက်ဒရေးရှင်းရှိ Dark Phoenix တွင် ရှိနေခဲ့ဖူးသည်ကို အတည်ပြုနိုင်ခဲ့သည်။

အရင်က ထိုနေရာတွင် အခြေချခဲ့သော်လည်းနောက်ပိုင်းတွင် ရေခဲမြစ်သို့ဘာကြောင့် ပို့ခံရမှန်းမသိတော့ပေ။

ထိုအချိန်က ရေခဲမြစ်နှင့်ဖက်ဒရေးရှင်းကြားရှိ ဆက်သွယ်ထားသည့် တံတားမှာမရှိသေးသောကြောင့် ဂြိုလ်နှစ်ခုကြားတွင် အလွန်ပူပြင်းသည့် ဥက္ကာခဲများရှိနေသဖြင့် သာမာန်လူများဖြတ်သန်းသွားလာရန်မှာ အလွန်ခက်ခဲသည်။

"မေ့လိုက်တော့...ဘာမှမမှတ်မိရင်လဲ.."

စီဆဲလ်သည် ကျောင်းမြန်၏အခြေအနေကို သိပြီးဖြစ်ရာ ကျောင်းမြန်၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားသည်ကို မှတ်မိနေမိသည်။

"အဲဒီအကြောင်း နောက်မှပြောကြမယ်....ဒါနဲ့...မင်းစွန့်ပစ်ကြယ်ကိုရောက်ပြီးတော့........ဘာတွေလုပ်ခဲ့လဲ"

စကားဝိုင်းတခုလုံးသည် စစ်ဆေးမေးမြန်းမှုတစ်ခုကဲ့သို့ ခံစားနေရသောကြောင့် ကျောင်းမြန်သည် သတိထားကာ ပြန်ဖြေခဲ့သည်။

"ကျနော်မှာ နီပူရီမြို့မှာခဏနေခဲ့တာ...အဲဒီကိုရောက်တုန်းက ကျွန်တော်ဒဏ်ရာတွေရနေခဲ့တာ မြို့ထဲကလူတွေက ကျွန်တော့်ကို ပြုစုစောင့်ရှောက်ပေး ၊အစားအသောက်ပေးနဲ့ ကြီးပြင်းလာရလို့ သူတို့ကို ကျွန်တော်ကျေးဇူးအများကြီးတင်တယ်"

"ဒါဆို မင်း ကျောင်းမိသားစုကို ဘယ်လိုရောက်သွားတာလဲ"

"ပင်လယ်ဓားပြတွေက နေဝင်ဆည်းဆာမြို့ကိုဖျက်ဆီးပြီးတဲ့နောက်မှာ ကျွန်တော်လည်း ကျောင်းမိသားစုက မွေးစားတာခံလိုက်ရတယ်"

"ဒါဆို ချင်းယင်က မင်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ.."

"ကျွန်တော်တို့က ဘယ်မှာ ပတ်သက်နေလို့လဲ..."

ကျောင်းမြန်သည် ရယ်ရ ငိုရခက်စွာဖြင့်ပြန်ပြောလိုက်သည်။

"သူ ဘာလို့ပန်းတွေပို့နေလဲ ဆိုတာတောင် ကျွန်တော်မသိဘူး..."

စီဆဲလ် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ပြစ်ချက် မရှိဘူးပဲ....။

ဒါပေမယ့် ဒီလူ၏ ပါးစပ်က လှည့်စားတတ်သည်။သူ၏မိသားစုဝင်ကျောင်းမြန်က သူ့ကိုအမှန်မပြောပြဘူး....။

စီဆဲလ်သည် ကျောင်းမြန်အား စိုက်ကြည့်လိုက်သည်။

"မြန်မြန်......"

"ဟင်...."

"ကောင်းပြီလေ...."

စီဆဲလ်သည် အချိန်ကိုကြည့်လိုက်ရာ နောက်ကျနေပြီဖြစ်သောကြောင့် ပြောလိုက်သည်။

"မင်း အိပ်တော့မှာမလား.... စောစောအိပ် ကိုယ့်ကိုကိုယ် ဂရုစိုက်....ကိုယ်လည်း သွားတော့မယ်"

ကျောင်းမြန်သည် စီဆဲလ်အား ဂိတ်သို့လိုက်ပို့လိုက်ပြီး စီဆဲလ်သည် မသွားခင် တံခါးရှေ့တွင် ခဏရပ် နေလိုက်သည်။

ကျောင်းမြန်သည် ထူးဆန်းစွာဖြင့်‌ မေးလိုက်သည်။

"ဘာမှားနေလို့လဲ..."

စီဆဲလ်သည် ပြန်လှည့်လာပြီး ကျောင်းမြန်အား သူ၏လက်မောင်းထဲသို့ ဆွဲသွင်းလိုက်သည်။

ကျောင်းမြန် ထိတ်လန့်သွားတော့သည်။

စီဆဲလဲသည် သူ့ရင်ခွင်ထဲမှာလူအား တင်းကြပ်စွာ ဖက်ထားရင်း တိုးတိုးလေးပြောလိုက်သည်။

"မြန်မြန်....မင်း ဘက်မှာ ကိုယ်အမြဲတမ်းရှိတယ်နော်"

ကျောင်းမြန်သည် စီဆဲလ်အား ကြည့်လိုက်သည်။စီဆဲလ်သည် ပြုံးကာ ကျောင်းမြန်၏ ခေါင်းလေးအား ပွတ်ပေးပြီးနောက် ထွက်သွားတော့သည်။

ကျောင်းမြန်သည် စီဆဲလ်၏နောက်ကျောဘက်အားကြည့်ရင်း သူ၏နှလုံးသားသည် ဖြည်းညင်း စွာ ခုန်ပေါက်နေသည်။

နောက်ပိုင်းရက်များတွင် ဟောင်လုလု၏ အဖြစ်အပျက်မှာ ပိုမို ပြင်းထန်လာကာ လူတိုင်းနီးပါး သိကုန်ကြပြီး၊ အတိုက်အခံများ၏ အသံများသည် ပိုမိုကျယ်လောင်လာသော်လည်း ထောက်ခံသူများလည်း ပိုများလာသည်။

ကျောင်းမြန်အား ထောက်ခံသည့်သူများသည် တာဝန်ရှိသူများထံမှ နောက်ထပ်ရှင်းပြချက်ကို စောင့်မျှော်နေပါသည်။

စီဆဲလ်သည် သူနှင့် ကျောင်းမြန်၏ နယ်စပ်ဒေသခရီးစဥ်ကို စတင် စီစဉ်ခဲ့သည်။

၎င်းကို လူသိရှင်ကြားထုတ်ပြပြီး နောက်တစ်နေ့တွင်၊ ကုရှင်းချီ၏ တပ်ဖွဲ့မှ အစီရင်ခံစာတစ်စောင် ရောက်ရှိလာပြီး စစ်ဆင်ရေးအတွင်း နယ်စပ်ရှိ အခြားစစ်သားတစ်ဦးသည် ဇာစ့်၏ အဆိပ်သင့်ခဲ့ကြောင်းနှင့် ကျောင်းမြန်အား ဖြေဆေးပို့ပေးပါရန် တောင်းဆိုခဲ့သည်။

ခဏကြာ စဉ်းစားပြီးသည့်နောက် စီဆဲလ်သည် ကျောင်းမြန်အား ကုရှင်းချီ၏ စစ်စခန်းကို သူနှင့်အတူသွားရန် ခွင့်ပြုခဲ့ပြီး စီစဉ်စရာရှိတာ စီစဉ်ပြီးနောက် ကျောင်းမြန်၏ ဇာစ့်အဆိပ်သင့်နေသည့်လူနာအား ကုသမှုကို အခင်းဖြစ်နေရာတွင် တိုက်ရိုက်ထုတ်လွှင့်နိုင်‌သောကြောင့် ဟောင်လုလုသည် ဒဏ်ရာကို မည်သို့ သက်သာစေခဲ့သလဲဆိုသည်အား ပြည်သူများ သိရှိနိုင်မည်ဖြစ်သည်။

နောက်ဆုံးတွင် ၎င်းသည်လျှို့ဝှက်ချက်ကြီး မဟုတ်‌တော့ဘဲ ဒဏ်ရာပေါ်သို့ ဟောင်လုလု အမှုန့်ကိုဖြန်းခြင်းသာဖြစ်သည်။

မထွက်ခွာမီတစ်ရက်အလိုတွင် ကျောင်းမြန်သည်စက်ရုံမှ သူ၏ ခရီးဆောင်အိတ်အား ပြင်ဆင်နေစဉ် ရှောင်လဲ့သည် ဘေးမှနေ၍ ကျောင်းမြန်အားစောင့်ကြည့်နေခဲ့သည်။

"ရှောင်လဲ့....ဒီရက်ပိုင်းကို ကိုကြီးအယ်လန်ရဲ့ စကားနားထောင်ပြီး လိမ်လိမ်မာမာနေနော်...ဟုတ်ပြီလား"

ရှောင်လဲ့ မှ ဘာမှမပြောပေ။

"ကိုကြီး သိပ်မကြာခင် ပြန်လာခဲ့မယ်နော်...ကတိ"

ကျောင်းမြန်သည် ပြုံးကာ ရှောင်လဲ့၏ ခေါင်းလေးအား အသာဖွပြီး ပြောလိုက်သည်။

"လာ...လက်ချင်းချိတ်ကြမယ်..."

ရှောင်လဲ့သည် ခဏအကြာတွင် ကျောင်းမြန်၏ ဆန့်ထားသော လက်ချောင်းလေးကို ချိတ်ရန်အတွက် သူ့လက်ချောင်းလေးကို ဆန့်ထုတ်လိုက်သည်။

"ကတိ..ရှောင်လဲ့က လိမ္မာပြီး မငိုဘူးဆိုရင် သူ့အစ်ကိုကြီးက မကြာခင် ပြန်လာမှာပါ"

"အိုး.."

ကျောင်းမြန်သည် ရှောင်လဲ့အား ခေါ်ထုတ်နိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာသွားသည်။ ယခု ရှောင်လဲ့သည် ယခင်ကကဲ့သို့ ကမ္ဘာကြီးကို မကြောက်တော့သည်မှာ ကောင်းမွန်သောအရာဖြစ်သည်။

မကြာခင်တွင် ရှောင်လဲ့အား ကျောင်းပို့ကာ တခြားကလေးတွေနှင့်အတူ အတန်းအတူတက်နိုင်တော့မည်ဖြစ်သည်။ 

"တီတီ..."

ကျောင်းမြန် ပစ္စည်းများကို ထုတ်ပိုးနေစဉ် စက်ရုံမှအချက်ပေးသံကို ကြားလိုက်ရသည်။

သို့သော် ၎င်းသည် ပြင်ပရန်သူကျူးကျော်ခြင်းမဟုတ်ကြောင်း ညွှန်ပြသော ပထမအဆင့်သတိပေးချက်တစ်ခုသာဖြစ်သည်။

ကျောင်းမြန်သည် ရှောင်လဲ့အား ပုတ်ကာ ဆိုလိုက်၏။

"မင်း ဒီမှာစောင့်နေနော်...အစ်ကိုကြီး ဘာတွေဖြစ်နေတာလဲဆိုတာ ကြည့်ဖို့ ခဏသွားလိုက်ဦးမယ်"

ကျောင်းမြန် ပင်မခန်းမကျယ်ထဲသို့ရောက်သောအခါ စိတ်လှုပ်ရှားကာ ရပ်နေကြသည့် သုတေသီများကို တွေ့လိုက်ရသည်။

"ဘာတွေဖြစ်နေကြတာလဲ..."

သုတေသီများထဲမှ တစ်ယောက်က ပြောလေသည်။

"အ...အပြင်မှာ ပြဿနာရှာတဲ့သူတွေ ရောက်နေကြတယ်.."

ကျောင်းမြန် မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်ပါတယ်…...အမှန်တရားကို မသိတဲ့ ဆန္ဒပြနေကြတဲ့လူတချို့ပါ” 

အခြားသုတေသီတစ်ဦးက ဝင်ပြောလိုက်သည်။ 

“စက်ရုံအစောင့်တွေက တားနေကြလို့ အဆင်ပြေ နေပါ‌သေးတယ်” 

စီဆဲလ်သည် မူလက အစောင့်အကြပ်များစွာချထားခဲ့ပြီး ၎င်းတို့အား စက်ရုံအနီးတစ်ဝိုက်တွင် လှည့်ကင်းအသေးစားများအဖြစ် စီစဉ်ပေးခဲ့သော်လည်း နောက်ဆုံးပြန်ပေးဆွဲမှု ဖြစ်ပြီးနောက်ပိုင်းတွင် စက်ရုံ၏ကာကွယ်ရေးစနစ်သည် ပိုမိုအားကောင်းလာခဲ့သည်။

"ဟုတ်ပြီ... မထိတ်လန့်ကြပါနဲ့၊ သူတို့ ဝင်လို့မရပါဘူး" 

ကျောင်းမြန်သည် သူ့လက်ကို ဝှေ့ယမ်းကာ အလုပ်ပြန်စဖို့ လူအားလုံးကို လှုံ့ဆော်လိုက်ပြီး ပြောလိုက်သည်။

 "ကျုပ် တစ်ချက်သွားကြည့်လိုက်ဦးမယ်..."

ကျောင်းမြန် တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ခြံစည်းရိုးအပြင်ဘက်၌ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကာ ကြွေးကြော်သံများနှင့် လူများကို တွေ့လိုက်ရသည်။

"ဟောင်လုလုကို ဆန့်ကျင်ကြ မူးယစ်ဆေးဝါးကို ဆန့်ကျင်ကြ" 

"ဟောင်လုလုက မူးယစ်ဆေးဝါးပဲ"

အော်သံများသည် ကောင်းကင်ကိုပါ တုန်လှုပ်သွား‌ စေပြီး ထိုလူများသည် စက်ရုံကို မြေပြင်ပေါ်သို့ ဖြိုချချင်နေသကဲ့သို့ နီရဲနေသော မျက်နှာများဖြင့် ရှေ့သို့ ပြေးသွားကြသည်။ အစောင့်များနှင့် အမှတ်၁၂ တပ်ဖွဲ့ဝင်တို့သည် စည်းရိုးရှေ့တွင် တန်းစီကာ ပြေးလာသူများကို ရပ်တန့်စေခဲ့သည်။

"ကျောင်းမြန် ထွက်လာပြီ.." 

တစ်စုံတစ်ယောက်က ထိုသို့အော်လိုက်သောကြောင့် လူအုပ်ကြီးသည် ပို၍ပင် တုံ့ပြန်လာသည်ဟု ထင်ရ‌လေသည်။

"ကျောင်းမြန် ငရဲကိုသွား!"

"ကျောင်းမြန်က အစွန်းရောက်ဘာသာရေးကို ဦးဆောင်နေတာ..!သူက အဖွဲ့ချုပ်ကို ဖျက်စီးဖို့ ဦးဆောင်နေတာ..."

ကျောင်းမြန်၏ စိတ်ထဲတွင် ထိတ်လန့်သွားသည်။

သို့သော်လည်း အတိုက်အခံ အနည်းငယ်ရှိသည်ကလည်း ရှိနေသေးတာပဲဖြစ်သည်။သူရှေ့ရှိ လူများသည် သေခြင်းတရားကိုတောင် ပြောဆိုပြီးဖြစ်ရာ သူတို့သည် ထိုမူးယစ်ဆေးဝါးအား မည်မျှခံနိုင်ရည်ရှိသည်ကို ပြသနေခဲ့ကြသည်။

ကျောင်းမြန်သည် ပလက်ဖောင်း၏ ဘေးတစ်ဖက်တွင်ရပ်ကာ အော်ပြောလိုက်သည်။

"ခဏလောက် တိတ်ပြီး ကျုပ်ပြောတာ နားထောင်ပေးပါ.."

ထိုလူများလည်း အံ့ဩသွားသည်။

ကျောင်းမြန် တစ်လုံးချင်းပြောလိုက်သည်။

"စိတ်အေးအေးထားပြီး နောက်ဆက်တွဲအတွက် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။ ဗဟုသုတနည်းနည်း‌ လေးနဲ့ အသိဉာဏ်မရှိတဲ့သူလို မဝေဖန်ကြပါနဲ့..."

"ကျုပ် နဲ့ စီဆဲလ်က နယ်စပ်ကိုသွားတော့မှာမို့ အဲ့ဒါပြီးရင် မင်းတို့ စိတ်ကျေနပ်လိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်"

"ငါတို့ မင်းကို ဘာလို့ယုံရမှာလဲ....မင်းက အပြင်လူပဲ!"

"သူက အစွန်းရောက်ဂိုဏ်းရဲ့ခေါင်းဆောင်ပဲ... ဟောင်လုလုရဲ့ အဆိပ်ကို ဖြန့်နေတာ၊ ငါတို့အားလုံးကို ဒီသေစေနိုင်တဲ့ဆေးတွေ သောက်စေချင်နေတာ!"

သို့သော် *ကြက်များကို ဘဲများကဲ့သို့ ပြောဆိုနေသကဲ့သို့ နွားများကို စန္ဒယားတီးပေး‌နေသကဲ့သို့ဖြစ်နေကြသည်။

(T/N-*မြန်မာလိုဆို ကျွဲ ပါး စောင်းတီး)

ကျောင်းမြန်သည် သူတို့နှင့် မည်သို့မျှ ဆက်သွယ်လို့ မရကြောင်း ခံစားလိုက်ရသည်။

ကျောင်းမြန်၏အသွင်အပြင်သည် လူတိုင်းကို နှိုးဆွနိုင်ခဲ့ပြီး ဆန္ဒပြသူများသည် ပို၍ပင် စိတ်လှုပ်ရှားလာကာ ကျောင်းမြန်အား အိတ်များ၊ ခါးပတ်များ၊ ကျောက်တုံးများကဲ့သို့သော အရာများဖြင့်ပင် ပစ်ပေါက်ခဲ့ကြသည်။

ဤအရာများသည် သဘာဝအတိုင်း ကျောင်းမြန် ကို မထိခိုက်စေနိုင်ပါ။ကွင်းပြင်ကို ထိန်းထားသည့် အစောင့်များ ရှိနေပြီး ကျောင်းမြန်သည်လည်း ရှောင်လိုက်‌သောကြောင့် အမှတ်၁၂တပ်ဖွဲ့ သည် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

မူလက ၎င်းသည် ပိတ်ဆို့ခြင်းမျှသာဖြစ်သော်လည်း ယခုအချိန်တွင် အမှတ်၁၂တပ်ဖွဲ့သည် ချက်ချင်း တန်းစီလိုက်ပြီး လူများကို အနောက်ဘက်မှ ဖိအား‌ပေးကာ ဖက်ဒရယ်ပြည်သူ့လုံခြုံရေးထံသို့ အတင်းအကြပ်စေလွှတ်ခဲ့ကြသည်။

"ဗိုလ်ချုပ်ကို အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်.."

လူတိုင်းကို ခေါ်ဆောင်သွားပြီးနောက်၊ ကပ္ပတိန်တစ်ယောက်သည် ကျောင်းမြန်ထံသို့ ရောက်လာပြီး လေးလေးနက်နက် ဦးညွှတ်ကာ တောင်းပန်လေသည်။

"အဆင်ပြေပါတယ်"

ကျောင်းမြန်လည်း ခေါင်းကိုယမ်းပြီး ပြောလိုက်သည်။

 "ဒါက လုပ်သင့်တာ လုပ်ရမှာပေါ့"

ထို့နောက် စက်ရုံကို ပြန်လည်လည်ပတ်ခဲ့ပြီး ကျောင်းမြန်လည်း သူ့အလုပ်ပြီးအောင်လုပ်ဖို့ သူ့ရုံးခန်းသို့ ပြန်သွားခဲ့သည်။

သူ့မှာ စာမျက်နှာ နှစ်မျက်နှာကိုတောင် ပြီးအောင်မဖတ်ရသေးခင် သူ၏ရုံးခန်းတံခါးသည် 'ဘန်း'ခနဲမြည်သံဖြင့် ပွင့်လာခဲ့သည်။

စီဆဲလ်သည် တံခါးအား တွန်းဖွင့်ကာ ဝင်လာပြီးဖြစ်သည်။အရင်တစ်ခါ နေ့လည်စာ လာပို့ပြီးကတည်းက အယ်လန့်အား သူ့အချက်အလက်ကို တိတ်တဆိတ်ခိုးထည့် ခိုင်းထားပြီးဖြစ်သည်။

ပြန်စဉ်းစားကြည့်လျှင် ဝမ်းနည်းစရာကောင်းလှသည်။ကြီးမြတ်လှသည့် ဗိုလ်ချုပ်ကြီးအနေဖြင့် ဝင်ခွင့်ရရန် သူ၏သိပ္ပံသုတေသနဌာနမှ လူများကိုယ်တိုင်ဦးဆောင်နေသော်လည်း သူ့မှာခြိမ်းခြောက်လိုက်မှ ဝင်ခွင့်ရသည်။

"စက်ရုံကို လူတွေလာပြီး ပြဿနာရှာသွားတယ်လို့ ကိုယ်ကြားလို့..."

စီဆဲလ်သည် အလွန်ခက်ထန်သည့် အမူအရာဖြင့် မေးလိုက်သည်။

"သူတို့ မင်းကို ထိခိုက်အောင် လုပ်သွားသေးလား"

စီဆဲလ်သည် ကျောင်းမြန်၏ရှေ့သို့ တိုက်ရိုက်လျောက်လာပြီး သူ့အားဆွဲထူလိုက်သည်။

"ကိုယ် ကြည့်ဦးမယ်"

"မဖြစ်....ဘာမှမဖြစ်ပါဘူး"

ကျောင်းမြန်လည်း သူ့အား အလျင်စလို တွန်းထုတ်လိုက်သည်။

စီဆဲလ်သည် ကျောင်းမြန်၏ အင်္ကျီလက်များနှင့် ဘောင်းဘီများကို အသေးစိတ် သေချာစစ်ဆေးကာ အကြိမ်အနည်းငယ်ခန့်ကြည့်ပြီးမှ စိတ်ချသွားသည်။

သူ တအားကြီးလည်း စိတ်မချနိုင်သေးပေ။ ကျောင်းမြန် ပြန်ပေးဆွဲခံရပြီး ဒဏ်ရာအပြင်းအထန် ရပြီးတဲ့နောက်ပိုင်းမှစ၍ စီဆဲလ်သည် ဒဏ်ရာရဖူးသည့် ငှက်တစ်ကောင်ကဲ့သို့ ဖြစ်လာလေသည်။

"ကျွန်တော်အဆင်ပြေပါတယ်...အဲ့လောက်လည်း မနူးညံ့ပါဘူး..."

ကျောင်းမြန်သည် ရယ်ရငိုရခက်စွာဖြင့်ဆက်ပြောလိုက်သည်။

"မဟုတ်မှ ကျွန်တော်တို့ စစ်မြေပြင်မှာ ဆော့လာကြတာလား...ဆော့တာများလို့ B6မှာ ပေါက်ကွဲသွားတာလား....ခင်ဗျားမေ့သွားတာတော့ မဟုတ်ဘူးမလား..."

စီဆဲလ် အံ့အားသင့်သွားသည်။

"စကားမစပ် ကိုယ် မင်းကို တစ်ခုပြောချင်တယ်... ဒီနေ့ ဆန္ဒပြတဲ့သူ‌တွေကြောင့် မင်း စက်ရုံမှာ ဆက်မနေနဲ့တော့" 

စီဆဲလ်သည် ခြေထောက်ချိတ်ထိုင်ကာ လက်ပိုက်ထားရင်း ဆက်ပြောလိုက်သည်။

"မင်းနဲ့ ရှောင်လဲ့တို့ လုံခြုံရေးအတွက် မင်း စံအိမ်ကို ပြန်မှရမယ်....ဒီတစ်ခါ ဆန္ဒပြတဲ့သူတွေက အပြင်မှာပဲ ပြဿနာရှာကြတာ...နောက်တစ်ခါအထဲထိ ရောက်လာပြီး လက်နက်တွေပါ ယူလာပြီးဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ....."

ကျောင်းမြန် စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။
'စက်ရုံမှာလည်း ခင်ဗျားရဲ့ စစ်တပ်တွေ အထပ်တိုင်းကို ဝိုင်းထားတယ် မဟုတ်ဘူးလား.....'

စီဆဲလ်သည် ကျောင်းမြန်၏ အတွေးများကို ထိုးဖောက်မြင်နေရသကဲ့သို့ ပြောလိုက်သည်။

"စက်ရုံမှာ အစောင့်တွေ ရှိတယ်လို့ မပြောနဲ့ ဒီမှာ အစောင့်တွေ ဘယ်လောက်ပဲ ရှိရှိ စံအိမ်မှာလောက်တော့ ကောင်းမှာမဟုတ်ဘူး...ဒါအပြီးပဲ...ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် ဘာမှဆွေးနွေးဖို့ မလိုတော့ဘူး..."

"ကောင်းပြီ...."

ကျောင်းမြန် စိတ်ထဲမှတွေးလိုက်သည်..။

'ဘာပဲဖြစ်ဖြစ် ငါက မနက်ဖြန် နယ်စပ်ကိုသွားရတော့မှာပဲ...ပြန်လာမှကြည့်ရှင်းမယ်.."

စီဆဲလ်သည် သူ့လူအား အောင်မြင်စွာပြန်ခေါ်လိုက်နိုင်လို့ စိတ်ထဲတွင် ကြိတ်ပျော်နေတော့သည်။

-အခု ငါ အရမ်း....အရမ်းကို ပျော်နေတာ...။

ထိုပျော်ရွှင်မှုသည် ညအထိသာ ဆက်ရှိနေခဲ့ပြီး ကျောင်းမြန်သည် ခရီးဆောင်အိတ်ကိုဆွဲကာ ဧည့်ခန်းထဲသို့ လျှောက်လာပြီး တံခါးကို အသံ ထွက်အောင် ပိတ်ကာ လောခ့်ချလိုက်သည်။

စီဆဲလ် : "......"

-အခု အရမ်း....အရမ်းခံစားရတယ်။

ဒါပေမယ့် စီဆဲလ်သည် လောခ့်ချထားသည်ကို ဖျက်ဝင်မှာမဟုတ်သည့်အတွက် သူပြန်လာတာသည်ကပဲ ကောင်းပါသည်။

စီဆဲလ်သည် ပိတ်ထားသော အခန်းကို ကြည့်ကာကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချပြီး အပေါ်ထပ်သို့ တက်သွားသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း စီဆဲလ်သည် စက်ရုံမှ အလုပ်များသည် သူ့ခြေထောက်များပင် မြေကြီးနှင့် မထိနိုင်သည်အထိ အလွန်များနေ‌ တော့သည်။ ပါတီအားလုံး၏ သဘောတူညီချက်ကို ရယူပြီး သူ၏ကိုယ်ပိုင်ခရီးစဉ်အတွက် စီစဉ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆင်ပြေ‌အောင်သေချာလုပ်ရမည်ဖြစ်‌‌သောကြောင့် စောစောအိပ်ရာဝင်ရန် အစီအစဉ်မရှိ‌ပေ။

"ဒေါက် ဒေါက်."

စီဆဲလ်သည် စာဖတ်ခန်းထဲတွင်ထိုင်ကာ အစီရင်ခံစာများကို ဖတ်နေစဉ် အခန်းတံခါးကို ဖြည်းဖြည်းချင်းခေါက်သံကို ကြားလိုက်ရသည်။

"ဘယ်သူလဲ.."

"ဦးလေး....."

စီဆဲလ် အံ့သြသွားသည်။

ရှောင်လဲ့သည် သူ၏လက်ကလေးများဖြင့် တံခါးအားထိကာ ဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်သည်။

"ဘာဖြစ်လို့လဲ...."

စီဆဲလ် လက်ထဲမှ ဘောပင်အားချကာ ပြောလိုက်သည်။

"မင်းကဒီမှာဘာလုပ်နေတာလဲ...မင်း အစ်ကိုကြီးရော အိပ်သွားပြီလား"

ရှောင်လဲ့သည် ကျောင်းမြန်နှင့် စက်ရုံမှာကတည်း က အတူတူအိပ်လာခဲ့ရာ ယခုစံအိမ်သို့ ပြန်ရောက်ပြီးချိန်တွင်လည်း အတူတူအိပ်နေဆဲဖြစ်သည်။

"မဟုတ်ဘူး..."

ရှောင်လဲ့သည် သူ၏ခေါင်းလေးအား ငုံကာပြောလိုက်သည်။

"သားအိပ်မပျော်လို့..."

"ဒါဆို မင်းအစ်ကိုကြီးကရော...."

"သူ....သူက အိပ်မက်တောင်မက်နေပြီ"

ရှောင်လဲ့သည် ခေါင်းမော့ကာ စီဆဲလ်အား ငိုချင်နေသည့်မျက်လုံးလေးဖြင့် ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"အရင်ရက်တွေ....တုန်းကလည်းအဲ့လိုပဲ...."

စီဆဲလ် အံ့သြသွားတော့သည်။

------------------------------------------------------------------------