Chapter 43
Viewers 5k

🤒အခန်း ၄၃




ထိုနှစ်ဦးအား တစ်ချိန်တည်းကိုင်တွယ်ရန်အတွက်မှာ သူက ရိုးရှင်းလွန်းနေ၏။[ရိုးရှင်းလွန်းသူမို့ မကိုင်တွယ်တဲ့အဓိပ္ပါယ်ပါ]


ရှောက်မင်က ချက်ချင်းပင် လော့ရှိုးကို စားပွဲအောက်မှ အသာလှမ်းကန်လိုက်သည်။


 "ငါတော့ ကန်တင်းမှာ စားရတာပျင်းလာပြီ၊ မင်းရော.."


လော့ရှိုး: "....."


ထိုသို့ဖြစ်လာမည်ကို သူအစကတည်းကတွေးခဲ့ပြီးသားပင်။ ကျူးထုန် ကန်တင်းကိုတစ်ခါမှမသွားဖူးသည်ကို သတိပြုမိသွားသည့်အခါ သူနောင်တရလာသည်။


ကျူးထုန်နှင့်ရှောက်မင်တို့က ထိုမတိုင်မှီ စင်ပေါ်မှအထင်လွဲစရာကိစ္စအား ရှင်းပြလိုက်ကြ၍ ပြေလည်သွားခဲ့သည်။ လော့ရှိုးကလည်း စားပွဲခုံအောက်ကိုသန့်ရှင်းပေးလိုက်၏။ ကျူးထုန်၏မပြီးပြတ်သေးသောအလုပ်ကိုကြည့်ရုံမျှဖြင့် သူ၏ အလွန်အကျွံအသန့်ကြိုက်မှုအား သိနိုင်လေသည်။


သူက အကုန်လုံးကို အိုးတစ်လုံးထဲကနေပဲ ခပ်ထည့်ပေးတဲ့ ကန်တင်းကို သွားစားဖို့တောင် ခေါ်လိုက်မိသေးသည်။


ပထမဆုံးအနေဖြင့် ကန်တင်းသာသန့်ရှင်းမှုရှိမည်ဆိုပါက ဖြစ်နိုင်ပါသည်။


လော့ရှိုးက သူ၏အဆိုပြုချက်ကိုပယ်လိုက်တော့မည်အပြုတွင် ကျူးထုန်ကပြောလာပြန်လေသည်။ 


"မင်းပြောတော့ ကန်တင်းကအသစ်ဆို.."


"....."


ကျူးထုန်က ရှောက်မင်ကိုထပ်ကြည့်လိုက်သည်။ 

"မင်းလည်းအဲဒီမှာ မစားဖူးသေးဘူးမလား..."


ဆိုလိုချင်သည့်သဘောက ရှင်းပါသည်။ 

'မင်းအဲဒီမှာသွားမစားဖူးသေးဘဲနဲ့ ကောင်းလားမကောင်းကိုဘယ်လိုလုပ်သိမှာလဲ'


ပြီးတော့ ကန်တင်းကအသစ်ဆိုတော့ သန့်ရှင်းနေမှာပဲလေ။


ရှောက်မင်: "....."


"မင်း ကိုယ်တို့ကျောင်းက အစားအသောက်တွေအကြောင်းကိုမသိသေးပါဘူး..." 


ရှောက်မင်က 'အစားအသောက်အကြောင်း ဘာဆိုဘာမှမသိသေးသော" သခင်လေးကို ကူကယ်ရာမဲ့စွာဖြင့်ရှင်းပြလိုက်ရတော့သည်။ 

"အသစ်ဖွင့်ထားတဲ့ကန်တင်းဆိုရင်တောင် သိပ်ပြီးမမျှော်လင့်ထားနဲ့၊ ကိုယ်ကတော့..."


"ဒါပေမယ့် ငါမှကန်တင်းမှာမစားဖူးသေးဘူး..." 

ကျူးထုန်က အကြောင်းပြလာပြန်သည်။


"....."


ရှောက်မင်ကခဏရပ်လိုက်ပြီး မေးလိုက်လေသည်။ 

"မင်းတကယ်သွားချင်လို့လား..."


ကျူးထုန်ကခေါင်းညိတ်ပြလာသည်။ 

"အင်း..."


ရှောက်မင်ကသူ့ကိုဂရုစိုက်မှန်း သူသိသည်။ သူ ကန်တင်းကိုတစ်ခါမှမသွားသောကြောင့် ကျောင်းအပြင်တွင် ထွက်စားသည့်အခါ သူ့ထိုင်ခုံဖော်က သူနှင့်အတူလိုက်ပေးခဲ့သည်။ လော့ရှိုးပင် အမြဲ သူတို့နှင့်အတူလိုက်လာတတ်လေ၏။


ကျူးထုန်က အခြားသူများနှင့် ဆက်ဆံရအဆင်မပြေသည့်တိုင် အချိန်အကြာကြီး ဂရုစိုက်ပေးခြင်းကို ခံလာရသည့်အခါ သူကိုယ်တိုင်မသိလိုက်မှီမှာပင် နေသားကျသွားလေသည်။


ကန်တင်းကို ရိုးရိုးရှင်းရှင်း ထမင်းသွားစားရုံမျှသာဖြစ်ရာ သူကျော်ဖြတ်နိုင်ပါသည်။ ဤကျောင်းကိုပြောင်းလာမှတော့ သူသည်လည်း ပြောင်းလဲနိုင်မှဖြစ်မည်။


"ကြီးကျယ်သူ" ဟူသောစကားလုံးက သူအမြဲကြားနေရသော ဖော်ပြချက်တစ်ခုပင်။ သို့သော် ထိုအချိန်က ရှောက်မင်လည်း သူ့အနားတွင်ရှိနေခဲ့သောကြောင့် သူအလေးအနက်ထားပြီး အာရုံစိုက်နေမိခြင်းဖြစ်၏။


ရှောက်မင်ကသူ့ကို ခဏကြာအောင်ကြည့်နေပြီးမှ ပြုံးကာပြောလိုက်လေသည်။


 "အိုကေ၊ နေ့လည်စာကိုကန်တင်းသွားစားကြတာပေါ့..."


လော့ရှိုး: "...."


'မင်းပဲပျင်းလာပြီဆို၊ မင်ကော၊ ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုးပါလား'


သူလိုချင်သည့်အရာရသွားပြီဖြစ်၍ လော့ရှိုးအတွက် အချည်းအနှီးမဖြစ်ခဲ့ပေ။ သူက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ 


"ဒါဆို ပြောပြီးပြီနော်၊ ငါခုံဦးထားပြီး စောင့်နေမယ်၊ မင်းတို့လာခဲ့လိုက်..."


ကျူးထုန်ကသူ့အား ကျေးဇူးတင်စကားပြောလိုက်၏။


တစ်ခန်းလုံးကိုသန့်ရှင်းပြီး နေ့လည်ပိုင်းတွင် အင်္ဂလိပ်စာအတန်းချိန်ရှိသေးသည်။


အင်္ဂလိပ်စာဆရာမ အတန်းထဲဝင်လာသည့်အခါ စင်ကို အကျအနသန့်ရှင်းထားကြောင်း တွေ့လိုက်ရပြီး သူမဝင်လာသည့်အတန်းက မှားနေသည်ဟုပင်ထင်လိုက်သည်။


သူမက အတန်းတံခါးဝတွင်ရပ်ကာ တံခါးဘောင်ပေါ်မှအတန်းနံပါတ်ကို ကြည့်လိုက်သည်။ ပြီးနောက် စင်ပေါ်ကိုမတက်ခင် အတန်းထဲမှ ရင်းနှီးနေပြီးသားကျောင်းသားများကိုကြည့်ပြီး အံ့ဩသွားလေသည်။


"မင်းတို့အတန်းက ဘယ်တုန်းက ကျောက်သင်ပုန်းပြောင်းလိုက်တာလဲ..."


"ဟား...ဟား...ဟား"


သူမ၏အံ့အားသင့်သွားသော တုံ့ပြန်မှုကိုမြင်လိုက်ရသည့် တန်းခွဲသုံးမှကျောင်းသားများမှာ မျှော်လင့်ထားသလိုဖြစ်နေ၍ သူတို့အားလုံး ဝေါခနဲရယ်လိုက်ကြလေ၏။


အင်္ဂလိပ်စာဆရာမက ကြောင်တောင်တောင်ဖြစ်သွားလေသည်။


စင်နှင့်နီးသည့်မိန်းကလေးတစ်ယောက်က လက်မြှောက်ကာပြောလိုက်သည်။ 

"လောင်ရှီး၊ ဒီနေ့ အတန်းကိုသန့်ရှင်းရေးလုပ်ထားလို့ပါ..."


အင်္ဂလိပ်စာဆရာမကား သူမနားပင် သူမမယုံနိုင်အောင်ဖြစ်သွားလေသည်။ 


"မဖြစ်နိုင်တာပဲ၊ အရင်ကလည်း သန့်ရှင်းရေးလုပ်ကြတာပဲမဟုတ်လား၊ အဲဒီတုန်းက ဘာလို့ ခုလို သန့်ရှင်းမနေတာလဲ"


"လောင်ရှီးရေ..တကယ်ပြောတာပါ..." 

နောက်ထပ်ကျောင်းသားတစ်ယောက်ကလည်း ဝင်ပြောလာခဲ့သည်။ 


"ကျူးထုန်က ဒီနေ့စင်ကိုသန့်ရှင်းရေးလုပ်ထားတာ၊ သူ့ရဲ့အသန့်ကြိုက်ပုံကို ဆရာမ မမြင်ဖူးသေးဘူးမလား၊ သူက အသေအချာကိုစိတ်နှစ်ပြီးလုပ်ထားတာနော်၊ အရက်ပြန်နဲ့ ကြေးချွတ်ဆေးတောင်ပါသေးတယ်၊ သုတ်တာတောင် ဘရက်ရှ်က အကောင်းစားနဲ့၊ ကြည့်လိုက် စင်ကပြောင်လက်နေတာပဲမလား၊ တတန်းလုံး အသစ်ကျပ်ချွတ်ဖြစ်သွားတာပဲ..."


"....." 

အင်္ဂလိပ်စာဆရာမက ကျူးထုန်ကို ပါးစပ်အဟောင်းသားဖြင့်ကြည့်သည်။


ကျူးထုန်က ဗြုန်းစားကြီးချီးကျူးခံရလိမ့်မည်ဟု မထင်ထားသောကြောင့် အနည်းငယ်ကြောင်အသွားလေသည်။


ကျူးထုန်က အင်္ဂလိပ်စာတွင်အဆင့်ကောင်းသောကြောင့် အင်္ဂလိပ်ဆရာမက သူ့အပေါ်တွင် အမြင်ကောင်းရှိလေသည်။ သူမကား အတန်းထဲဝင်လာပြီး အစက်အပြောက်မရှိ အသစ်လိုဖြစ်နေသောစင်ကိုမြင်သွားကာ နေ့လည်ခင်း၏ ငြင်းမရသောနွမ်းနယ်မှုများပင်ပျောက်သွားသလိုခံစားလိုက်ရသည်။ သူမစိတ်ကပြန်လည်လန်းဆန်းလာပြီး ခန္ဓာကိုယ်ပင် အားသစ်အင်သစ်များပြည့်လာသလိုခံစားရ၏။


သူမကား ကျူးထုန်ကိုပြုံးပြကာ ကျန်ကျောင်းသားများကိုပြောလိုက်လေသည်။ 

"သူကကြိုးစားပြီးလုပ်ထားတာကိုမင်းတို့သိတယ်ဆိုရင် မင်းတို့ သူ့ဆီကနေသင်ယူသင့်တယ်နော်၊ နောင်အနာဂတ်မှာ သန့်ရှင်းရေးကိုအလေးထားသင့်တယ်၊ ကျူးထုန်ကြိုးစားထားတာကိုပဲ မြှောက်မနေကြနဲ့..."


အတန်းထဲရှိကျောင်းသားများမှာ ချက်ချင်းဆိုသလို တုံ့ပြန်လာကြလေသည်။ 


"နားလည်ပါပြီ၊ ဆရာမ၊ ကျွန်တော်တို့ ကျူးထုန်ဆီကနေသင်ယူပါ့မယ်..."


"ဆရာတွေစာသင်တဲ့စင်ဆိုတာ အတန်းရဲ့အသက်သွေးကြောပဲတဲ့၊ တကယ်လည်းမှန်တယ်၊ ကျောက်သင်ပုန်းတောင်သန့်ရှင်းနေတော့ တခန်းလုံးက ပိုပြီးတောင်အရောင်ထွက်နေသလိုပဲ.."


"ယှဥ်ပြောရရင် ပြတင်းပေါက်ကိုတောင် သေချာမသန့်ရှင်းထားဘူး၊ မှန်ပေါ်ကရေစက်တွေတောင် ပြောင်အောင်မသုတ်ထားဘူးပဲ.."


"ကျူးထုန် ငါတို့အတန်းကိုပြောင်းလာတာ ကံကောင်းတာပဲ၊ သူက မျက်ရှုကြေးမုံလေးဖြစ်ရုံတင်မကဘူး၊ အတန်းကိုတောင်သန့်ရှင်းရေးလုပ်နိုင်တယ်..."


မိန်းကလေးတစ်ယောက်က ကျူးထုန်ကိုလှည့်ကြည့်ပြီး စိတ်လှုပ်ရှားနေသလိုပြောလာလေ၏။ 


"သူကငါရဲ့ ထိုင်ခုံဖော်သာဆို တကယ်ကောင်းမှာပဲ..."


"သူကစာနတ်ဘုရားရဲ့ထိုင်ခုံဖော်နော်၊ နင်ကသူ့ဆီကနေ ကျူးထုန်ကိုစနှိုက်မလို့လား..."


"အဲဒီလောက်ကြီးတဲ့အိပ်မက်တော့မမက်ရဲပါဘူး၊ ရှောက်မင်က ငါ့ကို အသေသတ်လိမ့်မယ်..."


"ဟား...ဟား...ဟား..."


အင်္ဂလိပ်ဆရာမက အဟောအပြောကောင်းသူဖြစ်နေ၍ အင်္ဂလိပ်အတန်းချိန်းလေထုက တက်ကြွဖွယ်ရာဖြစ်နေ၏။ သို့သော် ထိန်းရခက်လာသောကြောင့် အင်္ဂလိပ်စာဆရာမက စင်ပေါ်တွင်ရပ်ကာလက်ခုပ်တီးရင်း ငြိမ်အောင်ထိန်းလိုက်ရပြီး ယနေ့သင်ခန်းစာကိုစတင်လေသည်။


စာသင်နေသည့်တချိန်လုံး ကျူးထုန်က အာရုံစိုက်ပြီးနားထောင်နေခဲ့၏။


အားလုံးကသူ့အကြောင်းပြောနေခဲ့ကြသော်လည်း ဆွေးနွေးမှုတို့က ယခင်အတန်းဖော်များနှင့်ကွာခြားနေခဲ့သည်။


ယခင် အဆင့်မြင့်ကျောင်းတွင်လည်း ယနေ့လို တတန်းလုံးသန့်ရှင်းရေးလုပ်ရသည့်နေ့မျိုးရှိသည်။ သို့သော်လည်း ကျောင်းသားအများစုက ကလေးအရွယ်တည်းက ရွှေလင်ဗန်းနှင့်အချင်းဆေးလာကြသော သခင်လေး၊သခင်မလေးများဖြစ်နေပြီး အနည်းစုသာ လုပ်ချင်ကိုင်ချင်စိတ်ရှိကြသည်။ သူတို့အားလုံးသိထားကြသည်မှာ ကျောင်းမှသန့်ရှင်းရေးများက ကျောင်းကိုသန့်ရှင်းရေးလုပ်ပေးကြလိမ့်မည်ဟူ၍။


သို့ထိတိုင် ကျူးထုန်ကမူ သန့်ရှင်းရေးကို စိတ်ပါလက်ပါလုပ်ခဲ့သည်။


မည်သူကမှ သူ၏ကြိုးစားမှုအပေါ် ယခုလို မချီးကျူးကြပေ။


ချီးကျူးရမည့်အစား ယခုလိုပြောကြလိမ့်မည်။


"ကျူးထုန်တစ်ယောက် ဘာတွေအရူးထနေတာလဲ၊ သူက စံပြကျောင်းသားအဖြစ်ဟန်ရေးပြနေတာလား၊ အရှက်မရှိလိုက်တာ..."


"ဟား...ဟား...သူက တကယ်လည်း သန့်ရှင်းရေးလုပ်ရတာကိုကြိုက်လို့နေမှာပေါ့.."


"သူကအရမ်းဒုက္ခပေးတာပဲ၊ သူ့ခုံမှာဆိုရင်အမြဲတမ်း အရက်ပြန်နံ့တွေနံနေတာ၊ အသန့်ကြိုက်ပုံတာကတော့ လွန်ပါတယ်..."


"အသံလျှော့ပြောစမ်းပါ၊ သတိထားနေ၊ နင်ပြောတာကိုကြားသွားမှ ချက်ချင်းကျောင်းထုတ်ခံနေရဦးမယ်.."


သူ နှုတ်ခမ်းကိုဖိလိုက်မိပြီး အသာလေးပြုံးလိုက်မိ၏။ သူ့အတွက် နောက်ထပ်အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားသလိုခံစားလိုက်ရသည်။ ရှောက်မင်အပြင် ဤကျောင်းကိုပြောင်းလာရန် ဆုံးဖြတ်ခဲ့ခြင်းကလည်း သူ့အတွက် ကောင်းချီးတစ်ခုဟုပင်ယူဆလိုက်မိ၏။


သူက ရှောက်မင်ကူညီပြီး သန့်ရှင်းပေးခဲ့သောကျောက်သင်ပုန်းကိုလှမ်းကြည့်လိုက်သည်။ 


သူက စာအုပ်ကို ဝှစ်ခနဲထုတ်ကာ စာရွက်အသစ်တစ်ရွက်ကိုလှန်လိုက်ပြီး စာရွက်၏အပေါ်တွင် စာလုံးနှစ်လုံးကိုရေးလိုက်သည်။ [ကျေးဇူးပဲ] ထို့နောက် ၎င်းစာအုပ်ကို ရှောက်မင်ထံပေးလိုက်သည်။


ရှောက်မင်က မျက်ခုံးပင့်ကာ ဖတ်လိုက်ပြီးနောက် ကျူးထုန်ရေးထားသည့်စာအောက်တွင် သူကထပ်ရေးလိုက်၏။


 [မင်းကိုယ့်ကို ဘယ်လိုမျိုးကျေးဇူးတင်ချင်လဲ]


ကျူးထုန်မှာ သူ့ပြန်စာကြောင့် မှင်သက်သွားရသည်။ ရှောက်မင်က ပြတင်းပေါက်သန့်ရှင်းရသည့်တာဝန်ကိုပင် မယူဘဲသူ့အားကူညီပေးခဲ့သည်ကိုတွေးလိုက်ပြီး ပြန်ရေးလိုက်သည်။ 

[မင်းရဲ့အိမ်စာတွေကိုပြီးအောင်လုပ်ပေးမယ်]


ပြန်စာရလိုက်သောရှောက်မင်: "....."


သူ့အနေဖြင့် လက်ရေးစာလေးကို စိုက်ကြည့်နေရုံသာ တတ်နိုင်သည်။


သူ၏လက်ရေးဆက်ရေးပုံဖြင့်နှိုင်းယှဥ်ကြည့်လျှင် ကျူးထုန်၏လက်ရေးက သာမန်ပုံနှိပ်စာဖြင့်တူသည်။ ထောင့်ကျပြီး ဖြောင့်တန်းနေ၏။ ပုံမှန် ပုံနှိပ်လက်ရေးစားများထက် ပိုဝိုင်းသဖြင့် အနည်းငယ် ချစ်ဖို့ကောင်း၏။။


ရှောက်မင်ကား ထိုင်ခုံဖော်လေး၏လက်ရေးကို တဒင်္ဂမျှလေးစားသွားရကာ စာအုပ်ကိုယူပြီး "စကားစု"လေးကို သပ်သပ်ရပ်ရပ်ဖြဲလိုက်သည်။


စာရွက်ဖြဲသံကြားလိုက်ရသည့်အခါ ကျူးထုန်က အူကြောင်ကြောင်ဖြင့်လှည့်ကြည့်လာသည်။


ရှောက်မင်က စာရွက်ကိုခေါက်ကာ စားပွဲခုံအောက်မှ စာအုပ်အပုံကြားထဲကိုထိုးထည့်ထားလိုက်သည်။ ထို့နောက် ကျူးထုန်ဘက်ကိုမှီကာ နားရွက်ထဲသို့တီးတိုးပြောလိုက်လေသည်။


"အခုကစာသင်ချိန်လေ၊ အာရုံစိုက်ထားရအောင်..."


ကျူးထုန်: "...."


နှစ်မိနစ်အကြာတွင် အတန်းပြီးသွားသည့်အချက်ပေးဘဲလ်သံထွက်လာလေသည်။ ကျူးထုန်မှာ ပထမဆုံးအနေဖြင့် လော့ရှိုးတစ်ယောက် ကန်တင်းသို့ပြေးသွားသည့်အမြန်နှုန်းကိုတွေ့လိုက်ရ၏။


အင်္ဂလိပ်စာဆရာမ အတန်းပြီးကာနီးလေးမှာပင် ထိုသူကား အတန်း၏အနောက်ပေါက်မှထွက်သွားပြီး ကန်တင်းကိုအပြေးသွားနေသော ကော်ရစ်တာမှလူအုပ်ကြားထဲတွင်ဝင်ရောသွားလေသည်။


'သူတို့အကုန်လုံး ကန်တင်းအသစ်ကိုသွားကြတာများလား' 


ကျူးထုန်မှာ သူတို့အားလုံး၏ လုပ်ပုံကိုနားမလည်နိုင်တော့ဘဲ စပ်စုချင်သွားရသည်။


သူသာ ထိုအမြန်နှုန်းဖြင့်မသွားပါက ထမင်းစားရမည်မဟုတ်ပေ။


သူက ရှောက်မင်ကိုလှည့်ကြည့်လိုက်လေ၏။ 


"မင်းအထက်တန်းပထမနှစ်က..."

'မင်းလည်းကန်တင်းကို ဒီလိုမျိုးပြေးသွားနေကြလား' 


ယင်းကသူမေးချင်နေသည့်မေးခွန်းပင်။ ရှောက်မင်တစ်ယောက် ထိုအတိုင်းပြေးသွားပုံစံကိုမြင်ယောင်ကြည့်လိုက်လျှင် အတော်လေးရယ်စရာကောင်းလေသည်။


သို့သော်လည်း သူနှုတ်မှထုတ်မမေးရသေးခင် ရှောက်မင်ကဖြတ်ပြီးဖြေလာ၏။ 


"အိုကေ၊ သွားရအောင်..."


ကျူးထုန်: "......"


သူက ကန်တင်းနှင့်သက်ဆိုင်သော ရှောက်မင်၏ပထမနှစ်မှ အကြောင်းအရာများမှာ ထုတ်မပြောနိုင်သည့် အမည်းရောင်သမိုင်းကြောင်းများဖြစ်လိမ့်မည်ဟု သူသံသယရှိသွားသည်။


ကန်တင်းအသစ်ဖွင့်လိုက်၍ လာစားကြသူအများအပြားရှိနေသည်။ သူတို့ရောက်လာချိန်တွင် ကြိုရောက်နေကြသူများက ပြတင်းပေါက်နားမှခုံများကိုကြိုဦးထားနှင့်ကြသည်။


လက်ရှိတွင် ကျူးထုန်က အလယ်မှခုံအများစုကိုကြည့်နေမိ၏။ လူများက ငါးချဥ်သိပ်ထားသလိုကျပ်ညပ်နေပြီး သူ့အားအသက်ရှူကြပ်သွားစေခဲ့သည်။


"အဆင်ပြေရဲ့လား.." 


ရှောက်မင်ကသူ့ဘေးတွင်ရပ်ရင်း ခပ်တိုးတိုးမေးလာလေသည်။


ကျူးထုန်ကခေါင်းယမ်းပြပြီး ပြန်ဖြေလိုက်၏။ 


"အဆင်ပြေပါတယ်..."


ရှောက်မင်က ကြည့်မကောင်းတော့သောသူ့မျက်နှာကိုမြင်သွားပြီး မျက်မှောင်အသာကြုတ်လိုက်သည်။ 


"အတင်းလုပ်ယူမနေနဲ့၊ အသုံးမဝင်ဘူး..."


"အဆင်ပြေပါတယ်..." 

ကျူးထုန်ကကြားဖြတ်ပြောလိုက်သည်။

 "ငါကျင့်သားရချင်လို့..."


ရှောက်မင်: "...."


ကျူးထုန်မှာ တကယ်လည်းအဆင်ပြေနေပါသည်။


ဘယ်နှင့်ညာကလူများက သူစိမ်းများဆိုသော်လည်း အရှေ့နှင့်အနောက်မှလူများက မိတ်ဆွေများဖြစ်နေ၏။


ထိုအတိုင်းမဟုတ်လျှင်ပင် အနည်းဆုံးတော့ ဖြစ်သွားနိုင်သူဖြစ်၏။


သူ့အရှေ့မှလူက လုကျစ်ယွီဖြစ်သည်။


သူတို့အချင်းချင်း သိလာခဲ့သည်မှာကြာပြီဆိုသော်ငြား လုကျစ်ယွီက သူတို့နှင့်တစ်ခါမှထမင်းမစားဖူးပေ။ လော့ရှိုးလိုပင် လုကျစ်ယွီလည်း ကန်တင်းတွင်သာစားတတ်လေသည်။


သူတွေးနေစဥ်မှာပင် အရှေ့မှလူက ရုတ်တရက်လှည့်လာလေ၏။


'ဘာဖြစ်လို့ပါလိမ့်' 

ကျူးထုန်တွေးလိုက်သည်။

လုကျစ်ယွီမှ သူ့အား အဓိပ္ပါယ်တစ်မျိုးပါသည့်အကြည့်ဖြင့် ကြည့်နေသလိုခံစားလိုက်ရသည်။


သို့ရာတွင် စက္ကန့်အနည်းငယ်ကြာသည့်အခါ လုကျစ်ယွီက ပြန်လှည့်သွားသည်။


ကျူးထုန်: "?"


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှု နှစ်ရာခိုင်နှုန်းထပ်ရသွားပါပြီ၊ လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက နှစ်ဆယ့်ကိုးရာခိုင်နှုန်းပါ'


ကျူးထုန်: "!"


လုကျစ်ယွီ၏ ထူးဆန်းပြီး အဓိပ္ပါယ်တစ်မျိုးရှိနေသောအကြည့်ကို မတွေးနိုင်သေးမှီမှာပင် ကျူးထုန် နောက်ကိုလှည့်ကြည့်လိုက်ရသည်။


ရှောက်မင်ကလည်း သူ့အားပြန်ကြည့်နေပြီးပြောလိုက်၏။ 


"အိုကေ၊ မင်းအဆင်မပြေတော့ရင် ကိုယ့်ကိုပြော.."


ကျူးထုန် ခေါင်းညိတ်ပြပြီးပြန်ဖြေလိုက်သည်။ 

"အင်း..."


ဒါကြီးက ပြောရခက်တယ်။ နှစ်သက်မှုရာခိုင်နှုန်းက ဘယ်လိုလုပ်တိုးလာရတာလဲ၊ ဘယ်လိုဖြစ်တာလဲ။


စနစ်က အကူအညီမဖြစ်သောရှင်းပြချက်ကိုထုတ်ပေးလာသည်။

 'မင်းရဲ့ ဘဝအတွေ့အကြုံတွေက အရမ်းကိုတွန်းအားဖြစ်စေတယ်လို့ ခံစားသွားရတာဖြစ်မှာပေါ့'


ကျူးထုန်: "...."


စနစ်ကိုယ်တိုင်လည်း အကြောင်းအရင်းကိုသေချာမသိတော့ပေ။ ရှောက်မင်၏နှစ်သက်မှုရာခိုင်နှုန်းကမတည်မငြိမ်ဖြစ်နေပြီး အတက်အကျကလည်း ခန့်မှန်းရခက်နေသည်။ ပြဿနာ၏တကယ့်အရင်းအမြစ်ကိုလည်း ရှာမတွေ့ပေ။


မကြာခင် သူတို့နေရာရသွားခဲ့သည်။ ကျူးထုန်မှာ အတွေးများမနေတော့ဘဲ စားစရာမှာပြီးသည့်နောက် ရှောက်မင်နှင့်အတူ လော့ရှိုးကိုသွားရှာလိုက်ကြသည်။


လော့ရှိုးက ရှောက်မင်ပေးထားသော "ထိုင်ခုံလုသူလေး" ဟူသည့်ဘွဲ့နှင့်ထိုက်တန်လေသည်။ ထိုသူက ထောင့်ကျပြီး ကျယ်ဝန်းသည့်ခုံကို ရထားပြီး ကျူးထုန်အတွက် ထောင့်ကျသောခုံကိုဖယ်ပေးထားသည်။


ကန်တင်းအသစ်က အတော်လေးသန့်ရှင်းသည်။ စားပွဲခင်းနှင့်ပန်းကန်များအားလုံးက အသစ်များဖြစ်ပြီးထိုင်ခုံကိုလည်းထပ်သုတ်စရာမလိုတော့ပေ။


"ကန်တင်းအသစ်က မြည်းစမ်းကြည့်ဖို့တန်တယ်လို့ငါပြောခဲ့တာမှန်တယ်မလား၊ ဝက်နံရိုးအကင်ကြော်လည်းရှိတယ်၊ အရသာကတကယ်ကောင်းတယ် မင်ကော၊ မြည်းကြည့်.." 


လော့ရှိုးက ထိုင်ခုံဖော်အတွဲထိုင်လိုက်သည်နှင့် စတင်ပြောလာ၏။ ထိုသူက အလွန်တရာမှ စိတ်မရှည်ဖြစ်နေခဲ့သည်။


ရှောက်မင်က သူ့ကိုလျစ်လျူရှုထားပြီး ကျူးထုန်ကိုမေးလိုက်သည်။ 


"ကြိုက်လား..."


ကျူးထုန်ခေါင်းညိတ်ပြပြီး ဝက်နံရိုးကြော်တစ်ခုကိုယူကာ ကိုက်ကြည့်လိုက်သည်။


"...."


အသားက မာလွန်း၍ ဝါးရန်ပင်ခက်နေ၏။


လော့ရှိုး၏မျက်လုံးလေးများက တောက်ပသွားလေသည်။ 

"ဘယ်လိုလဲ၊ အရသာရှိလား..."


ကျူးထုန် ခေါင်းမော့လိုက်သော်လည်း လော့ရှိုး၏စိတ်လှုပ်ရှားနေမှုကိုရော ကြင်နာမှုကိုပါမငြင်းပယ်ချင်၍ ခေါင်းညိတ်ပြပြီးပြန်ဖြေလိုက်သည်။ 


"အရမ်းကောင်းတယ်..."


"ဟုတ်လို့လား..." 

ရှောက်မင်ကလည်း ချက်ချင်းပြန်မေးလာသည်။


"?" 

လော့ရှိုးက ရှောက်မင်ကိုကြည့်လိုက်သည်။ ယခုလိုမျိုး ချက်ချင်းပြန်မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


ရှောက်မင်ကပြုံးနေသော်လည်း လော့ရှိုးကိုဆူနေသည်မှာ အသေအချာပင်။ 

"မင်းချက်တာမလို့လား၊ ဘာတွေပွစိပွစိလုပ်နေတာလဲ..."


လော့ရှိုးက ငြင်းလိုက်၏။ 

"ငါက မင်းတို့ကိုဒီနေရာခေါ်လာတဲ့ဆုံးဖြတ်ချက်က မှန်ကန်ပြီးအတွေးအခေါ်ရှိတယ်ဆိုတာကိုပဲ ပြောချင်တာ..."


"....."


ရှောက်မင်ကလည်း အရသာမြည်းကြည့်သည်။ အစားအသောက်ကတကယ်လည်းအရသာရှိနေ၍ လော့ရှိုး၏စကားကိုမငြင်းတော့ပေ။



🤒