Chapter 44
Viewers 5k

🤒အခန်း ၄၄



ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်းမှ အစားအသောက်များမှာ မဆိုးလှပေ။ ဟင်းပွဲသုံးပွဲနှင့်စွပ်ပြုတ်တစ်ခွက်ပါသည်။ သူတို့ရွေးလိုက်သည်က ဝက်နံရိုးကင်ကြော်၊ ကင်မ်ချီနှင့် အာလူးထောင်းပါသော ထမင်းပွဲပင်။


ကျူးထုန်က အပိုယူလာသောဝက်နံရိုးကြော်ကိုစားပြီးသည်နှင့် အာလူးထောင်းကိုစားသည်။ စားပြီးသည့်နောက် သူနောက်တကြိမ်ရပ်သွားပြန်သည်။


ရှောက်မင်ကား ကျူးထုန် တစ်ခုခုဖြစ်သွားမှန်း သတိထားမိလိုက်သည်။ 

"ဘာဖြစ်လို့လဲ..."


ကျူးထုန်ကသူ့ကိုကြည့်ပြီး ခေါင်းယမ်းပြလိုက်သည်။ 

"ဘာမှမဖြစ်ပါဘူး..."


'အရမ်းစပ်နေရုံလေးပါ'


အာလူးထောင်းကပူပြီး ချဥ်နေသည်။ သူကား အပူအစပ်ဆိုလျှင်မစားနိုင်ပေ။


သို့ထိတိုင် သူအစားအသောက်ကိုမဖြုန်းတီးချင်ပေ။ ပါးစပ်ထဲရောက်ပြီးမှ ထွေးထုတ်၍မဖြစ်ပေ။ ထို့အပြင် အာလူးထောင်းကလည်း အရသာရှိသည်။


ကလေးအရွယ်တည်းက အစပ်မစားရန်တားမြစ်ခံထားရသူ သခင်လေးကျူးအတွက် ကမ္ဘာသစ်၏တံခါးကို ဖွင့်လိုက်သလိုပင်။


အသားကကြွပ်ရွနေသည်။ သူက စနစ်ကို စိတ်ထဲမှပြောလိုက်လေသည်။

 'နှစ်သက်မှုရာခိုင်နှုန်း သုံးဆယ်ကျော်သွားရင် အသေးစားနာမကျန်းမှုနဲ့ဒဏ်ရာကို ကာကွယ်နိုင်တယ်လို့ မင်းပဲပြောထားတာနော်'


စနစ်: 'ဟုတ်တယ်'


'အစာအိမ်နာတာကိုလည်း အသေးစားနာမကျန်းမှုလို့ပြောလို့ရတယ်မလား'


စနစ်: "....."


ကျူးထုန်ကတွေးလိုက်၏။ 

'လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက နှစ်ဆယ့်ကိုးရာခိုင်နှုန်း။ စပ်တာလေးနည်းနည်းစားတာက ဘာမှမဖြစ်လောက်ဘူးမလား'


သူ အနည်းငယ်ဗိုက်ဆာနေခဲ့သည်။


သူက တူထိပ်ဖြင့် ထမင်းပန်းကန်ထောင့်မှအာလူးနည်းနည်းကိုယူပြီးဝါးလိုက်သည်။ သူ အာလူးထောင်းကိုနှစ်လုတ်စာခန့်ယူလိုက်ပြီး မြည်းကြည့်ချင်လွန်း၍ မျက်လုံးများကတဖျတ်ဖျတ်တောက်ပလာ၏။


ကျူးထုန်က ဖြည်းဖြည်းချင်းဝါးနေသည်။ တစ်ခါဝါးတိုင်း အရသာခံနေသလိုပင်။ သူ့ပုံစံကတက်ကြွနေပြီး ပျော်နေသည့်ပုံစံပေါ်နေသည်။ သူစားနေသည့်ပုံစံကိုကြည့်ရခြင်းက ပျော်စရာတစ်ခုလိုပင်။


စားပွဲတွင် လုကျစ်ယွီက စကားတစ်လုံးမှမပြောဘဲ စာနေသည်။ လော့ရှိုးကသူတို့ထက်အရင်ရောက်ကာ စားထားပြီးဖြစ်၍ သူတို့ကိုထိုင်စောင့်နေ၏။


မျက်နှာချင်းဆိုင်တွင်စောင့်နေသည့် ရှောက်မင်က ကျူးထုန်ပေါ်မှမျက်လုံးမခွာတမ်းဖြစ်နေပြီး လော့ရှိုးမှာ မရိုးမယွဖြစ်လာလေသည်။


"မင်ကော၊ ဘာလို့ အမေအိုကြီးလိုလုပ်နေတာလဲ၊ မင်းက ဒီလိုကြီးကြည့်နေတော့ ကျူးထုန်စားရတာ အဆင်မပြေဖြစ်နေမှာပေါ့..."


ရှောက်မင်က လော့ရှိုးကိုစကားနှင့်မပြောဘဲ ခပ်စူးစူးတစ်ချက်သာကြည့်လိုက်သည်။ လော့ရှိုးက ပါးစပ်ပိတ်သွားမှ သူ့အစားအသောက်ကို စတင်စားနေလေ၏။


အာလူးထောင်းအစပ်ကိုစားပြီးသည့်နောက် ကျူးထုန်မှာ ထပ်မစားရဲတော့ပေ။ ကင်မ်ချီနှင့်ထမင်းကိုရောပြီးသာစားလိုက်သည်။


သူကား ပန်းကန်ကိုသွားထားရန် ထရပ်လိုက်စဥ် သူ့ဘေးကိုလူတစ်ယောက်ရောက်လာပြီး ထိုသူက ရုတ်တရက်ခေါ်လာလေသည်။

 

"ကျူးထုန်..."



ကျူးထုန်အပါအဝင် စားပွဲမှ လူလေးယောက်လုံး အသံလာရာကို တပြိုင်တည်းမော့ကြည့်လိုက်ကြသော်ငြား ထိုလူငယ်က မည်သူဖြစ်ကြောင်း တစ်ယောက်မှမသိကြပေ။


ကျူးထုန်မှာ ယဥ်ကျေးရည်မွန်သောအပြုအမူကိုထိန်းသိမ်းထားရင်းမေးလိုက်လေ၏။ 


"ဟုတ်ကဲ့၊ ဘာကူညီပေးရမလဲ..."


"ငါကမင်းကိုလာရှာတာပါ..." 


လူငယ်လေးကပြုံးပြလာ၏။ သူက နေရာတွင်ရပ်နေရင်းကပင် နောက်ကျောဘက်မှလူငယ်လေးတစ်ယောက်ကို ဆွဲခေါ်ပြလိုက်သည်။ 


"ဒီနေ့ နေ့လည်က လှေကားနားမှာ ငါ့ညီနဲ့မင်းဝင်တိုက်မိတယ်လို့ကြားတယ်၊ ပြီးတော့ မင်းလက်ပေါ်ကိုရေစင်သွားတယ်ဆို၊ မင်းကိုတောင်းပန်လို့ရအောင် ငါသူ့ကိုခေါ်လာခဲ့တာ..."


"သူ့လက်ကိုမတော်တဆ ရေလေးနည်းနည်းစင်သွားရုံပါဗျာ..."


"တိတ်စမ်း.." 

လူငယ်လေး၏ တွန့်ဆုတ်နေသည့်ပုံစံကိုကြည့်ကာ ထိုသူကငေါက်ငမ်းလိုက်လေသည်။ 


"မတောင်းပန်သေးဘူးလား..."


ကျူးထုန်မှာ လူငယ်အနောက်မှကောင်လေးကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်နှင့် သူ့မျက်နှာမှာမည်းမှောင်သွားလေတော့သည်။ ထိုသူမှာ မတိုင်ခင်က သူ့အား "ကြီးကျယ်လိုက်တာ" ဟုပြောသွားသူပင်။


ကျူးထုန်က ထိုသူအပေါ်အမြင်ကောင်းမရှိတော့သောကြောင့် မျက်နှာထားမှာနက်မှောင်နေဆဲ။ သူကား ရှောက်မင်ကိုသာပြောလိုက်လေသည်။


 "သွားကြမယ်..."


ရှောက်မင်၏မျက်လုံးများက အနည်းငယ်အေးစက်သွားစေကာမူ ပုံမှန်အပြုံးကမူ မျက်နှာပေါ်တွင်ရှိနေသေးလေသည်။ 


"အိုကေ..."


"ဟေ့..နေကြဦးလေ.." 

လူငယ်လေးက သူ့အားတားလိုက်ကာ ထပ်ပြောလာလေသည်။ 

"ငါကမင်းကို စိတ်ရင်းနဲ့တောင်းပန်ဖို့လာခဲ့တာပါ..."


သူလက်ဆန့်ထုတ်လိုက်သည်နှင့် လက်ကောက်ဝတ်မှာ ရုတ်ချည်းဆုပ်ကိုင်ခံလိုက်ရသည်။ မတုံ့ပြန်နိုင်မှီမှာပင် လက်ကောက်ဝတ်မှာလိမ်ခံလိုက်ရကာ အဆစ်နေရာလွဲသွားသလို 'ဂျွတ်' ဆိုသည့်အသံပင်မြည်သွားခဲ့သည်။


လူငယ်လေး၏မျက်လုံးမှာ နာကျင်မှုနှင့်အတူကျုံ့ဝင်သွားလေ၏။ ထိုသူကား မသိစိတ်အလျောက် နာကျင်သွားသည့်လက်ကောက်ဝတ်ကို ဆွဲထုတ်လိုက်သည်။


တချိန်တည်းမှာပင် ရှောက်မင်ကလည်း လွှတ်ပေးလိုက်သည်။


လူငယ်လေးကား နောက်ဆုတ်သွားပြီး ထမင်းစားစားပွဲဖြင့်တိုက်မိလေသည်။ ပြီးနောက် ရှောက်မင်ကိုကြည့်ကာ အော်ဟစ်လေတော့၏။ 


"မင်းရူးနေလား..."


ထိုသူကား ခေါင်းငုံ့ပြီးလက်ကောက်ဝတ်ကိုကိုင်ထားကာ တဖက်လှည့်သွား၏။ ကံကောင်းထောက်မစွာဖြင့် ၎င်းက သူစိတ်ထင်သွားရုံသာဖြစ်နေခဲ့သည်။ လက်ကောက်ဝတ်က အဆစ်လည်းမလွဲသလို ဘာမှလည်းမဖြစ်နေခဲ့ပေ။


ရှောက်မင်က အေးအေးလူလူပင်ပြောလာလေသည်။


 "အိုး...ဆောရီး၊ ခုနက မင်းညီလေးက ငါ့ရဲ့ထိုင်ခုံဖော်ကို တိုက်ခိုက်ပြီး လန့်အောင်လုပ်ခဲ့တယ်လေ၊ မင်းလည်းအဲဒီလိုများလုပ်မလားဆိုပြီး ငါလည်းအလိုလိုတုံ့ပြန်လိုက်မိတာ၊ အဆင်ပြေရဲ့လား..."


ကျူးထုန်: "....."

'ငါဘယ်တုန်ကလန့်သွားလို့လဲ၊ အင်း...နည်းနည်းတော့လန့်သွားပါတယ်'


ရှောက်မင်နှင့်ကျူးထုန်တို့က ကန်တင်းတွင် အာရုံစိုက်စရာဖြစ်နေပြီး လူအများက သူတို့ကိုစိတ်ဝင်စားသလို ငေးကြည့်နေကြလေသည်။


"သူတို့နှစ်ယောက်က...ကျိုးညီအစ်ကိုတွေလား.."


"ဘယ်သူတွေလဲ..."


"ကျိုးရွေ့နဲ့ကျိုးဆွေ့၊ ဘတ်စကတ်ဘောအသင်းကလေ၊ တစ်ယောက်က ဒုတိယနှစ်၊ တစ်ယောက်က တတိယနှစ်၊ အရပ်ရှည်တဲ့တစ်ယောက်က အစ်ကိုကြီး ကျိုးဆွေ့ပေါ့..."


ကျူးထုန်မှာ အစက ထိုနှစ်ယောက်နှင့်စကားပြောရန်အစီအစဥ်မရှိခဲ့သော်လည်း ရှောက်မင်က ရုတ်တရက် ထိုသူ၏လက်ကိုဆွဲလိမ်လိုက်သည်။ အနီးအနားမှပြောဆိုသံများကြောင့် ထိုညီအစ်ကိုများက ကျောင်းတွင် အလွန်နာမည်ကြီးသူများဖြစ်လိမ့်မည်ဟု သူကောက်ချက်ချလိုက်နိုင်၏။


အချို့ကိစ္စများကို ပြတ်ပြတ်သားသားရှင်းထားလိုက်လျှင် ပိုကောင်းသည်။


ရှောက်မင်၏မဆီလျော်သောရှင်းပြချက်က ကျိုးရွေ့ကို ဆွေ့ဆွေ့ခုန်သွားစေ၏။ 


"ငါဘယ်တုန်းကသူ့ကို တိုက်ခိုက်လို့..."


"မင်းက အဝတ်ညစ်ကိုင်ထားတဲ့လက်နဲ့ ငါ့ထိုင်ခုံဖော်ရဲ့လက်ကိုကိုင်ခဲ့တာလေ၊ ပြီးတော့ အဲဒါနဲ့ပဲ သူ့လက်ကိုသုတ်ပေးမလို့လုပ်လိုက်သေးတယ်၊ အဲဒါကလည်း တိုက်ခိုက်တာပဲမလား.." 


ရှောက်မင်ကား ကျိုးရွေ့၏ မယုံကြည်နိုင်စွာဖြင့်ဆွံ့အနေသည့်မျက်နှာကို လျစ်လျူရှုပြီးပြောလိုက်လေသည်။


ကျိုးရွေ့ ရုတ်တရက်ကြီး တံတွေးသီးသွားရသည်။


ရှောက်မင်ဘေးမှလော့ရှိုးက ထိုစကားကိုကြားလိုက်ရသည့်အခါ အံ့အားသင့်သွားကာဝင်ပြောလေသည်။ 


"ယီးပဲ၊ မင်းပြောတော့မတော်တဆပါဆို၊ မင်းက လူတစ်ယောက်ရဲ့လက်ကို အဝတ်ညစ်နဲ့သုတ်ဖို့ကြံတယ်ပေါ့၊ မင်းသူ့ကိုဒုက္ခပေးဖို့ကြံနေတာမလား..."


သူ့ဘေးမှတစ်ယောက်ကလည်း မေးလာခဲ့သည်။ 

"မင်းပြောတော့ ရေစင်သွားရုံပဲဆို..."


ဘေးပတ်လည်မှ မေးမြန်းနေသည့်အသံများမှာ ပိုကျယ်လာခဲ့ပြီး ညီအစ်ကိုနှစ်ယောက်၏မျက်နှာများက အရုပ်ဆိုးလာလေတော့၏။


ကျူးထုန်က ရှောက်မင်ထံမှလက်ကောက်ဝတ်အလိမ်ခံလိုက်ရသော လူငယ်လေးကိုကြည့်လိုက်သည်။တစ်ခါကြည့်ရုံဖြင့်ပင် ကျိုးရွေ့ပုံစံက တောင်းပန်ချင်နေသည်ဟု သူလုံးဝယုံကြည်စရာမရှိပေ။ သူက တောင်းပန်ရမည့်အစား ညီဖြစ်သူ၏ "သတိနည်းမှု" ကို "မတော်တဆ" ဟုပင် တိုက်ရိုက်ဖော်ညွှန်းသွားခဲ့သည်။


ကျိုးရွေ့ကလည်း အလိုတူအလိုပါဖြင့် "ရေနည်းနည်းလေးပါ" ဟုဝင်ပြောလိုက်သေးသည်။


"ရေနည်းနည်းလေးစင်သွားရုံဖြင့်" တောင်းပန်နေလျှင် အဓိပ္ပါယ်မရှိပေ။


သူမှားခဲ့တာကို ဝန်မခံရင်တောင် ဒါကဘယ်လိုတောင်းပန်တာကြီးလဲ၊ ဒါက ကျူးထုန်ကို သဘောထားသေးသိမ်ပြီး တစိတ်ကိုတအိတ်ဖြစ်အောင်ပြောတဲ့လူလိုမျိုးဖန်တီးလိုက်တာမလား။


ထို "တောင်းပန်မှု" တွင် စိတ်ရင်း တစ်စက်လေးပင်မမြင်ရပေ။


သူလည်း လှေကားပေါ်တွင်တိုက်မိခဲ့သည့်ကိစ္စကို မတော်တဆဟုပင်သဘောထားခဲ့သော်လည်း ယခုတော့ ကြိုတင်စီစဥ်ထားခဲ့သလိုပင်။


သို့ထိတိုင် ကျူးထုန်က သူတို့ဘာလုပ်လုပ်စိတ်မဝင်စားတော့ပေ။ သူက တည့်တိုးပင်ပြောလိုက်လေသည်။ 


"မင်းညီပြောတာမှန်တယ်၊ ရေနည်းနည်းပဲစင်သွားတာ၊ တောင်းပန်စရာမလိုပါဘူး၊ စိတ်ထဲကမပါမှတော့ ဒီလိုအပေါ်ယံတောင်းပန်တာမျိုးလည်း ငါ့ဘက်ကမလိုအပ်ဘူး.."


"....."


ကျိုးဆွေ့၏လက်ကောက်ဝတ်ကမနာတော့ပေ။ အစက ကျူးထုန်ကိုတောင်းပန်စကားပြောချင်ရုံသာဖြစ်သည်။ သူ့ဘက်မှစိတ်ရင်းဖြင့်တောင်းပန်နေခြင်းဖြစ်သောကြောင့် ကျူးထုန်ဘက်မှ စီနီယာကိုမျက်နှာသာပေးပြီး မိတ်ဆွေဖြစ်ခွင့်ပေးခြင်းမျိုးကိုလုပ်သင့်သည်မဟုတ်လား။


ကျူးထုန်၏စရိုက်က ထိုလူပြောပုံနှင့်ကွဲပြားနေလေသည်။


ကျိုးဆွေ့က ကျူးထုန်တစ်ယောက် ပန်းကန်ကိုကိုင်ပြီး ဘေးမှဖြတ်သွားသည်ကိုတွေ့လိုက်သည်နှင့် ယပြောလာသည်။


"တကယ်တော့ မင်းရဲ့သာ့ကောက ငါ့ကိုမင်းဆီလာခိုင်းခဲ့တာ.."


"....."


ကျူးထုန်ကရပ်သွားကာ သူ့ကိုလှည့်ကြည့်လိုက်၏။


"ငါက ကျိုးဆွေ့၊ တတိယနှစ် တန်းခွဲသုံးက၊ မင်းငါ့ကိုမသိလောက်ပေမဲ့ ချင်ကျွင်းဟုန်ကိုတော့သိတယ်မလား.."


ကျူးထုန်ကရပ်သွားကာ မာကျောသည့်အသံဖြင့်ပြန်မေးလိုက်သည်။ 

"မင်းကိုလာခိုင်းခဲ့တဲ့သူက ဘယ်သူလို့ပြောလိုက်တာလဲ.."


"မင်းရဲ့ သာ့ကော ချင်ကျွင်းဟုန်..." 

နောက်ဆုံးတော့ ကျူးထုန်ကသူ့ကို မျက်နှာသာပေးလာပြီဖြစ်သောကြောင့် ကျိုးဆွေ့မှာ ရုတ်တရက်ပြုံးလိုက်လေ၏။ သို့ရာတွင် ကျူးထုန်လေသံ ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။ ထိုအစား ရှောက်မင်ကို လှောင်ချင်သလိုမျိုးကြည့်လိုက်သည်။


သူကား ရှောက်မင်နှင့်ကျူးထုန်တို့အကြောင်းနှင့်ပတ်သတ်၍ ကျောင်းမှကောလဟလအမျိုးစုံကိုကြားခဲ့ရသည်။


ဒီနှစ်ယောက်က အရမ်းခင်နေတော့ရော ဘာလုပ်ရမှာလဲ။ ထိုင်ခုံဖော်တွေဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ ကျူးထုန်က အတူကြီးလာတဲ့ သူ့အစ်ကိုလောက်တောင် အစေးမကပ်ဘူးလေ။


သူကား ကျူးထုန်အနားသို့ကပ်သွားကာ ပြောလိုက်လေ၏။ 


"ချင်ကျွင်းဟုန်က ကျောင်းမှာ မင်းကိုဂရုစိုက်ပေးဖို့ငါ့ကို ပြောထားပေမဲ့ မကြာသေးခင်တုန်းက ဘတ်စကတ်ဘောပြိုင်ပွဲနဲ့ဆိုတော့ ငါအလုပ်များနေခဲ့တာ၊ အခုမှပဲငါ့ကတိကိုဖြည့်ပေးနိုင်တော့မယ်၊ မင်းရဲ့သာ့ကောကငါ့ကိုပြောထားတယ်၊ မင်း.."


"မင်းတော့ မှားပြီထင်တယ်..."


"....." 


ကျူးထုန်က သူ့ကိုကြည့်ကာ အေးစက်စက်ပြောလိုက်သည်။ 

"ငါ့ရဲ့မျိုးရိုးနာမည်က ကျူး၊ ပြီးတော့ ငါ့မှာ ချင်မျိုးရိုးနဲ့အစ်ကိုမရှိဘူး၊ မင်းလူမှားနေပြီ.."


ကျိုးဆွေ့၏မျက်နှာပေါ်မှအပြုံးက ရုတ်ချည်းအေးခဲသွားခဲ့သည်။ သို့သော်လည်း သူဘာမှထပ်မပြောရသေးခင် ကျူးထုန်ကပန်းကန်ကိုကိုင်ကာ ကန်တင်းတံခါးဝကိုထွက်သွားခဲ့လေပြီ။


ကျိုးဆွေ့ မျက်မှောင်ကြုတ်သွား၏။


'ကျူးထုန်က သူနဲ့ ရင်းနှီးတယ်ဆိုပြီး ချင်ကျွင်းဟုန်ကိုယ်တိုင်ပြောခဲ့တာမဟုတ်ဘူးလား၊ ဒါပေမဲ့ ဘာလို့ သူ့အစ်ကိုနာမည်ကြားတော့ ဒီလိုမျိုးတုံ့ပြန်ရတာလဲ'


ကျူးထုန် အေးတိအေးစက်မျက်နှာဖြင့် ရှေ့ကိုဆက်လျှောက်နေပြီး နှလုံးသားထဲတွင်မူ အေးစက်မှုကိုအလုံးအရင်းဖြင့်ခံစားနေရသည်။


ချင်ကျွင်းဟုန်က ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်းမှာ သူ့ကိုဂရုစိုက်ပေးဖို့ လူရှာထားတယ်တဲ့လား။ ဘယ်လိုလုပ်ပြီး သူ့ကိုဂရုစိုက်ပေးချင်သွားတာလဲ။ ဒီလိုဝေးလံတဲ့အထက်တန်းကျောင်းအထိတောင် ဘယ်လိုလုပ် လက်တံရှည်ရတာလဲ။


ပြီးတော့ အရေးအကြီးဆုံးက ရှောင်ရှင်းကိုဘယ်လိုလုပ်မလဲ။


ကျူးထုန်မှာ အကြောင်းအရင်းမရှိ ဒေါသထွက်လာရသည်။ ကန်တင်းကိုထမင်းစားရန်သွားခဲ့သောကြောင့် ဖုန်းကိုအပြင်အထိမယူလာခဲ့ပေ။ သူက ဖုန်းခေါ်ရန် အတန်းကိုအမြန်ပြန်သွားလိုက်သည်။


သူ ကန်တင်းအဝင်ဝကိုရောက်လျှင်ရောက်ခြင်း ရုတ်တရက် လက်တစ်ဖက်ကသူ့ပုခုံးကိုသိုင်းဖက်လာပြီး သူလည်းသွားနေရာမှရပ်လိုက်၏။


အသံတစ်သံက သူ့နားထဲသို့ရိုက်ခတ်သွားခဲ့သည်။ 

"ပန်းကန်ကိုစာသင်ခန်းထဲအထိယူသွားမလို့လား..."


ကျူးထုန် သူပြောသည့်အတိုင်း ခေါင်းငုံ့ကြည့်လိုက်ရာ ပန်းကန်ကိုတင်းတင်းဆုပ်ကိုင်ထားမိသည်အား သတိပြုမိသွားတော့သည်။ 


"....."


သူက ဘေးမှစကားလာပြောနေသူကိုလှည့်ကြည့်လိုက်သည်။


ရှောက်မင်က သူ့အနောက်မှတဆင့် ပန်းကန်ကိုယူလိုက်ပြီး လေသံပျော့လေးဖြင့်ပြောလိုက်၏။


 "ဒီမှာခဏစောင့်နေဦး..."


ကျူးထုန်လည်း ကြောင်အကာရပ်နေမိ၏။။


သူ၏ ရှုပ်ထွေးနောက်ကျိနေသည့်စိတ်အခြေအနေကိုမြင်ရသည့်အခါ စနစ်ကသူ့အားနှစ်သိမ့်ပေးလာခဲ့သည်။

 'Host အရမ်းလည်းစိတ်ပူနေစရာမလိုပါဘူး၊ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးမှဖြစ်လာမှာတွေကိုပဲစိတ်ပူရမှာ၊ အခု ကျူးရှင်းလည်းလုံခြုံသွားပြီလေ'


ကျူးထုန်မှာ ဘာကိုမှပြန်မပြောမိပေ။ ကန်တင်းအပြင်ဘက်တွင်လေတသုတ်တိုက်ခတ်သွားပြီး အခုန်မြန်နေသောနှလုံးခုန်နှုန်းလည်း တည်ငြိမ်သွားခဲ့သည်။


'ဟုတ်တယ်၊ အဲဒီမတော်တဆမှုက ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးမှဖြစ်လာမှာ'


'ရှောင်ရှင်းကအခု ကျူးမိသားစုထဲမှာမဟုတ်တော့ဘူး'


'အဘိုးကလည်း အဖေ့လို တာဝန်မသိတတ်တဲ့လူမဟုတ်ဘူး၊ သူက ရှောင်ရှင်းကို သေချာဂရုစိုက်ပေးမှာပါ'


ကျူးထုန်မှာ သူဟာသူ အတွေးလွန်းနေခြင်းဖြစ်မည်ဟုယူဆလိုက်သည်။ ချင်ကျွင်းဟုန်ဆိုသောနာမည်ကို လူတစ်ယောက်ထံမှကြားလိုက်ရခြင်းက သူ့အား စိတ်ရှုပ်ထွေးမှုနှင့်စိုးရိမ်ပူပန်မှုဝဲဂယက်ထဲကိုပစ်ချလိုက်သလိုမျိုးပင်။


စိတ်ရှင်းသွားစေရန် သူ့နဖူးသူပွတ်သပ်လိုက်မိသည်။


ရှောက်မင်နှင့်အခြားသူများက ပန်းကန်ကိုသွားထားပြီးပြန်လာကြသည်နှင့် သူတို့လေးယောက်လည်း စာသင်ခန်းကိုအတူပြန်လာခဲ့ကြသည်။


လမ်းတွင် လော့ရှိုးကကျူးထုန်ကို မကြာခဏကြည့်နေမိသော်လည်း နောက်ဆုံး၌ မပြောရဲခဲ့ပေ။ သူ့ကိုယ်သူ စိတ်ထဲမှသာ တွေးလိုက်မိသည်။ 


'အဲဒီချင်ကျွင်းဟုန်ဆိုတဲ့ကောင်ကဘာလဲဟ'


"အစ်ကိုပြောတဲ့ ချင်ကျွင်းဟုန်ဆိုတာဘယ်သူလဲ.."


ကန်တင်းတွင်း ကျိုးရွေ့ကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေလေပြီ။


ကျိုးဆွေ့က ယခုလေးတင်ကြုံလိုက်ရသော ကျူးထုန်၏အေးစက်ပြီး ရန်လိုနေသည့်ပုံစံကိုမျက်စိထဲမှမထွက်သေးပေ။ သူက ထိုအတိုင်း မေ့ပစ်လိုက်ပြီးပြောလိုက်လေသည်။ 


"စိတ်မပူပါနဲ့..."


ကျိုးရွေ့က ထိုကဲ့သို့သောဟိုမရောက်သည်မရောက်အဖြေကို မကျေနပ်သေးပေ။ 


"စိတ်မပူပါနဲ့တဲ့လား၊ အစ်ကိုပဲ ကျွန်တော့်ကို ကျူးထုန်နဲ့ရင်းနှီးအောင်လုပ်ခိုင်းတယ်၊ ကျွန်တော်လေ ကျူးထုန်လိုကောင်မျိုးတွေကို အမုန်းဆုံးပဲ၊ စိတ်ကလက်တစ်ဆစ်နဲ့ ကျွန်တော်တို့အကုန်လုံးကို သူနဲ့အဆင့်အတန်းမတူသလိုဆက်ဆံတာ၊ ပြီးတော့ အစ်ကိုက ကျွန်တော့်ကိုတောင်းပန်ခိုင်းနေသေးတယ်၊ သူက အစ်ကို့ရဲ့ကြိုးစားမှုကိုချီးကျူးလိမ့်မယ် ထင်လို့လား..."



🤒