Chapter 45
Viewers 5k

🤒အခန်း ၄၅




ကျိုးဆွေ့မှ သူ့ကိုစိုက်ကြည့်ရင်းပြောလိုက်လေ၏။ 


"သူ့မိသားစုကချမ်းသာတယ်ကွ.."


ကျိုးရွေ့က နှာရှုံ့လိုက်၏။ 


"ချမ်းသာတော့ဘာဖြစ်လဲ၊ သူသက်ဆိုးမရှည်တာကိုပဲကြည့်၊ အဲဒီပိုက်ဆံတွေရှိတာတောင် စိတ်မချမ်းသာရဘူး..."


သေချာပြန်စဥ်းစားကြည့်လိုက်လျှင် ကျိုးဆွေ့မှာ သူ့ညီလေးစကားက မှားမနေဟုထင်လိုက်မိသည်။ သူက ကျူးထုန်နှင့်အခြားသူများထွက်သွားသည့်ဘက်သို့ကြည့်ကာ ပြုံးလိုက်ရင်း အတွေးဝင်လာလေသည်။ 

'သူစိတ်မချမ်းသာရင် သူ့နေရာမှာ နောက်တစ်ယောက်က စိတ်ချမ်းသာပေးမှာပေါ့'


တန်းခွဲသုံးတွင်မူ ကျူးထုန်က ထိုင်ခုံတွင်သွားပြန်ထိုင်ပြီးသည်နှင့် ဦးလေးလျိုထံဖုန်းခေါ်လိုက်သည်။ ချင်ကျွင်းဟုန်လွှတ်ထားသည့်လူများကို သူ့ဘက်ပါအောင်ဆွဲခေါ်နိုင်မှ သူစိတ်ချရလိမ့်မည်ဟုခံစားနေရ၏။ နောက်ဆုံး၌ သူက ကျူးရှင်းထံသို့ မက်ဆေ့ချ်ပို့လိုက်ရလေသည်။


ဤတခေါက်၌ ကျူးရှင်းဘက်မှပြန်စာက အလွန်အမင်းနောက်ကျနေခဲ့သည်။ အတန်းပြီးမှ သူမကစာပြန်လာခဲ့၏။


သို့ရာတွင် သူမကိုစာပြန်မည်အလုပ်တွင် သူ့အစာအိမ်ကရုတ်တရက်အောင့်လာခဲ့သည်။


အခြေအနေအရ ကျူးထုန်၏ကွေးထားရသောခန္ဓာကိုယ်မှာ အေးခဲသွားလေသည်။ ခဏအကြာမှ မသေချာမှုများဖြင့်သူကား စနစ်အားမေးကြည့်လိုက်ရ၏။ 

'နှစ်သက်မှုရာခိုင်နှုန်းသုံးဆယ်ရရင် အသေးစားနာမကျန်းမှုနဲ့ဒဏ်ရာတွေအတွက် ကုသမှုရမှာမဟုတ်လား'


စနစ်: 'မင်းကအခုမှ နှစ်ဆယ့်ကိုးပဲရှိသေးတာလေ၊ ဆုမရသေးဘူး'


ကျူးထုန်၏နှလုံးသားက ရုတ်ချည်းအေးစက်သွားရလေသည်။


တကယ်တစ်ရာခိုင်နှုန်းလိုသေးတယ်ဟ။


သူကား နောက်ဆုံးအချိန်အထိ မျှော်လင့်ချက်လေးအားကိုင်ဆွဲထားဆဲ။ 


'နှစ်ကိုက်ပဲကိုက်ရသေးတာပါကွာ'


စနစ်: 'မင်း အကြီးအကျယ်ကျဆုံးဖို့ တစ်ရာခိုင်နှုန်းပဲလိုတော့တာနော်၊ မင်းမှာဖန်လိုကြည်တဲ့အသားအရေနဲ့ စက္ကူလိုအရိုးတွေရှိတယ်၊ သတိလေးတော့ရဦး'


ကျူးထုန်မှာ နာကျင်စွာဖြင့် ပြန်ပြောလိုက်ရသည်။ 

'ဘာလို့ငါ့ကိုအစောကြီးတည်းကကြိုပြီးသတိမပေးတာလဲ'


စနစ်က ခွန်းတုံ့ပြန်လာသည်။ 

'ငါမင်းကိုသတိပေးလိုက်ရင်ရော မင်းစားထားတဲ့အာလူးတွေကိုပြန်ထွေးထုတ်မလို့လား'


သူ၏ခန္ဓာကိုယ်အခြေအနေကြောင့် ကျူးထုန်၏အစားအိမ်က အစပ်စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ နာကျင်လာမည်ဖြစ်ပြီး တစ်လုတ်စားစား နှစ်လုတ်စားစား ကွာခြားချက်မရှိချေ။


"......"


ကျူးထုန်မှာ စိတ်ပျက်လက်ပျက်ဖြစ်သွားရလေသည်။


လျှပ်တပြက်အချိန်လေးမှာပင် ရင်းနှီးနေသောနာကျင်မှုက စတင်ပျံ့နှံ့လာခဲ့သည်။ ကျူးထုန်၏နှလုံးမှာ လုံးဝအေးစက်သွားရပြီး သူတွေးမိသည်မှာ 'ပြီးသွားပြီ..'ဟု။


ထိုအချိန် ရှောက်မင်မှာ သူ၏ထိုင်ခုံဖော်လေးက ယနေ့အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။


မဟုတ်သေး၊ ယနေ့၌ ထိုသူကအလွန်တရာမှထူးဆန်းနေသည်။ ကန်တင်းမှပြန်လာပြီးတည်းက ထိုသူမှာ စကားတစ်လုံးပင်မပြောတော့ပေ။


သူက စာလေ့လာရသည်ကိုနှစ်သက်သူဖြစ်သော်လည်း တစ်နေ့လုံးသင်္ချာတစ်ပုဒ်ပင် မတွက်သေးပေ။ ထိုအစား ပထမအတန်းချိန်တွင် သတင်းစကား သို့မဟုတ် ပြန်စာကိုစောင့်နေသလိုမျိုး ဖုန်းကိုသာ မကြာခဏဆိုသလိုကြည့်နေခဲ့သည်။


ပြီးသည့်နောက် သူကား ဖုန်းကြည့်နေသည်ကိုရပ်လိုက်ကာ ခုံပေါ်တွင်အိပ်နေပြန်သည်။ တစ်နေ့လုံး ဒုတိယနားချိန်အထိ ထိုအတိုင်းဖြစ်နေခဲ့၏။


သူက 'မင်းစိတ်ဆိုးနေတာလား' ဟုပင်မေးလိုက်ချင်သွားသည်။


ရှောက်မင်က ဘေးတိုက်အနေအထားဖြင့် ထိုင်ခုံဖော်လေး၏ခေါင်းအနောက်ကိုကြည့်လိုက်မိပြီး မသိစိတ်အလျောက် မျက်မှောင်ကြုတ်လိုက်သည်။


'ကန်တင်းမှာတွေ့လိုက်ရတဲ့အဲဒီနှစ်ယောက်ကြောင့်လား၊ ကျူးထုန်က နောက်ဆုံးအထိသူတို့ရဲ့ပတ်သက်မှုကိုငြင်းနေပေမဲ့ အဲဒီတစ်ယောက်က ကျူးထုန်ရဲ့အစ်ကိုအကြောင်းကိုပြောလိုက်တယ်'


'ဒါပေမဲ့ ချင်ကျွင်းဟုန်ဆိုတဲ့ကောင်က သူနဲ့တစ်ခုခုပတ်သက်နေလောက်တယ်၊ မဟုတ်ရင် ကျူးထုန်က အခုလိုတုံ့ပြန်မှာမဟုတ်ဘူး'


'ချင်ကျွင်းဟုန်သာ တကယ်ကိုသူ့အစ်ကိုဆိုရင် ဘာလို့ မျိုးရိုးနာမည်မတူရတာလဲ'


ရှောက်မင်က စိတ်ထဲမှသာခန့်မှန်းလိုက်သည်။


ဤအချိန်တွင် အရှေ့တန်းမှမိန်းကလေးတစ်ယောက်က အိမ်စာစာအုပ်များကိုကောက်ရန် ရောက်လာလေ၏။ သူမကား နီရဲနေသောမျက်နှာဖြင့် ခုံပေါ်တွင်လှဲနေသောကျူးထုန်ကိုကြည့်လိုက်သည်။


"ကျူးထုန်..." 

မိန်းကလေးကသူ့အား တိုးလျညင်သာစွာဖြင့်ခေါ်လိုက်သည်။


ကျူးထုန်ကား မလှုပ်လာချေ။


ရှောက်မင်က လှည့်ကြည့်လိုက်သည်။ ထိုင်ခုံဖော်လေးက အလျှင်အမြန်အိပ်ပျော်သွားပုံရ၏။


မိန်းကလေးက ကယ်တင်ရှင်ကိုတွေ့သွားသလိုမျိုး တီးတိုးမေးမြန်းလိုက်၏။ 

"အင်း..နင်ပဲသူ့ရဲ့ ရူပဗေဒအိမ်စာစာအုပ်ကိုပေးလို့ရမလား၊ အဲဒါက ဒီနေ့ပေးရမှာမလို့၊ သူအနားယူနေတာကိုမနှောင့်ယှက်တော့ဘူး..."


ရှောက်မင် ကျူးထုန်၏ခုံထောင့်မှ အစာအုပ်အထပ်လိုက်ကိုတစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် ထိုသူ၏လေ့ကျင့်ခန်းစာအုပ်ကိုထုတ်ရန်လက်လှမ်းလိုက်၏။


မိန်းကလေးကိုစာအုပ်လှမ်းပေးလိုက်သည့်အချိန်တွင် ညည်းညူလိုက်သည့်အသံကိုရုတ်တရက်ကြားလိုက်ရသည်။


ရှောက်မင်က တစ်ခုခုဖြစ်နေပြီကို သတိပြုမိသွား၏။ သူက ထိုင်ခုံဖော်လေးကိုငုံ့ကြည့်ကာ အလောတကြီးခေါ်လိုက်သည်။ 


"ကျူးထုန်..."


ပြန်ဖြေသံမကြားရချေ။


ရှောက်မင်၏နှလုံးသားက အနည်းငယ်တင်းကျပ်သွားပြီး ထိုသူကိုပုခုံးမှကိုင်လှုပ်ကာ ထူပေးရန်ကြိုးစားလိုက်၏။


ကျူးထုန်မှာ နာကျင်နေ၍ ရုတ်ချည်းညည်းတွားလိုက်လေသည်။ 

"နာတယ်...."


ယင်းမှာ အချိန်အတန်ကြာအောင်ချုပ်တည်းထားခဲ့ရသော ခပ်တိုးတိုးငိုကြွေးသံလိုပင်။


ရှောက်မင်က မတ်မတ်ထိုင်နိုင်အောင် သူ့အားကူညီပေးလိုက်ကာ သူ့မျက်နှာအမူအရာမှာလည်း တမဟုတ်ချင်းပြောင်းလဲသွားရသည်။


ထိုင်ခုံပေါ်တွင်လှဲအိပ်နေခဲ့သောကျူးထုန်မှာ ချွေးဒီးဒီးကျနေလေသည်။ လက်တစ်ဖက်နှင့် အစာအိမ်ကိုဖိထားကာ မျက်ခုံးနှစ်ဖက်ကိုအသာကျုံ့ထားလေသည်။ သူ့အမူအရာက ပြင်းထန်သောနာကျင်မှုကိုထိန်းချုပ်ထားရပုံပေါ်ပြီး နီရဲနေလေသည်။


ရှောက်မင် အသက်ပြင်းပြင်းရှူလိုက်သည်။


အိမ်စာစာအုပ်လာယူသည့်မိန်းကလေးမှာလည်း တစ်ခုခုမှားနေသည်ကို သတိထားမိသွားပုံပင်။ သူမင မှင်သက်နေရင်း စိုးရိမ်နေသည့်အသံဖြင့်ဆိုလာသည်။ 

"သူဘာဖြစ်နေတာလဲ..."


ရှောက်မင်က ချက်ချင်းမတ်တပ်ရပ်လိုက်ကာ ကျူးထုန်၏ခုံအနောက်ဆွဲပြီး ကျူးထုန်ကို မင်းသမီးလေးလိုပွေ့ချီလိုက်လေသည်။ 


လှုပ်ရှားသံများကြားသဖြင့် ထျန်နွမ်ကတဖက်လှည့်လိုက်ရာ စကားသံတစ်သံကိုသာကြားလိုက်ရသည်။ 


"အတန်းခေါင်းဆောင်၊ ခွင့်တိုင်ပေးထားနော်..."


ထို့နောက် ပြောသွားသူမှာ သူ၏ထိုင်ခုံဖော်ကိုပွေ့ချီရင်း အတန်း၏အနောက်တံခါးမှ ပြေးထွက်သွားလေတော့သည်။


*****


ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန် ခဏနားသည့်အတောအတွင်း ကျောင်းသားများ၏အဓိကအလုပ်မှာ အတင်းပြောကြခြင်းပင်ဖြစ်လေသည်။


ရုတ်တရက် ကျောင်းသားတစ်ယောက်က အခြားကျောင်းသားတစ်ယောက်နှင့်အတူ အတန်း၏အနောက်တံခါးမှ အပြင်ဘက်သို့ထွက်သွားခဲ့သည်။ အက်ရှင်ကားများထဲမှ အဓိကဇာတ်ဆောင်မင်းသားများနှင့်ပင်တူသေး၏။ တစ်တန်းလုံး၏အာရုံမှာ တမဟုတ်ချင်းဆွဲဆောင်ခံလိုက်ရလေသည်။


အခြားအတန်းမှကျောင်းသားများပင် လမ်းသွားနေရင်းမှသတိထားမိသွားကြသည်။


"ဘယ်သူကဘယ်သူ့ကိုသယ်ထုတ်သွားတာလဲ.."


"ကျူးထုန်မလား၊ ဘာဖြစ်တာလဲ..."


"ဟေ့..ကျောင်းလင်၊ ဘာဖြစ်တာလဲ..."


လော့ရှိုး အတန်းထောင့်မှ ထိုင်ခုံအလွတ်နှစ်ခုံကိုကြည့်ပြီး အခုလေးတင်အိမ်စာရေးပြီးသွားသော မိန်းကလေးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။


ကျောင်းလင်မှာ ကော်ရစ်တာအပြင်ဘက်ကိုကြည့်နေရင်း ပြန်ဖြေလိုက်သည်။ 


"ငါ..ငါလည်းမသိဘူး၊ အခုလေးတင် ကျူးထုန်ကသူ့ဗိုက်ကို လက်နဲ့ဖိထားတာပဲမြင်လိုက်တယ်၊ သူအတော်လေးဗိုက်အောင့်နေတယ်ထင်တယ်..."


လော့ရှိုး: "......"


ဗိုက်ကိုလက်နဲ့ဖိထားတယ်တဲ့လား၊ အစာအိမ်နာတာများလား၊ ဖာ့ခ်၊ ငါတော့ဒုက္ခမရောက်လောက်ဘူးမလား။


အတန်း၏လှေကားမှ အောက်သို့ဆင်းလာချိန်တွင် ရှောက်မင်က ကျူးထုန်ကို မည်မျှနာနေကြောင်းမေးချင်နေခဲ့သည်။ သို့ရာတွင် စကားပြောချင်၍ ခေါင်းငုံ့လိုက်သည်နှင့် မျိုသိပ်ထားလိုက်ရသည်။


ကျူးထုန်က သူ့လက်မောင်းကို အားပြုမှီထားပြီး နဖူးကိုသူ့လည်ပင်းတွင်ကပ်ထားခဲ့သည်။ သူ့တစ်ကိုယ်လုံး ချွေးများဖြင့်စေးကပ်နေကာ ကိုင်ကြည့်လိုက်သည်နှင့်ထိုသူ၏အသားအရေကအေးစက်နေခဲ့သည်။


ကျူးထုန်က လက်တစ်ဖက်ဖြင့် ထိုသူ့အင်္ကျီကော်လာကိုကိုင်ပြီး ခပ်တင်းတင်းဆွဲထားသည်။ ကိုယ်အနေအထားမှအရ တစ်ဖက်လူက ပို၍သက်တောင့်သက်သာနေနိုင်စေရန် ခန္ဓာကိုယ်ကို ပိုမို ကွေးထားချင်နေပုံရ၏။


ရှောက်မင်မှာ အနည်းငယ်ခန့်စိတ်မရှည်ဖြစ်လာသည်။ သူ့ထိုင်ခုံဖော်လေးက ကျိန်းသေပေါက်ပင် နာကျင်နေပြီး သူကလည်း နောက်ကျမှသတိထားမိခဲ့သည်။


ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်းမှ မြို့နယ်ဆေးရုံသို့ အကွာအဝေးမှာ သိပ်မဝေးသော်လည်း နီးသည်လည်းမဟုတ်ပြန်ပေ။


သူအလျင်လိုနေသည့်တိုင် သွားနေသည့်ခြေလှမ်းအကျယ်ကိုမူ တတ်နိုင်သမျှပုံမှန်ဖြစ်အောင်ထိန်းထားရလေသည်။


ကျူးထုန်၏အစာအိမ်က အောင့်လိုက်သက်သာသွားလိုက်ဖြစ်နေသည်။ အနည်းငယ်ပေါ့သွားသလိုဖြစ်နေပြီးလျှင် နောက်ထပ်နာကျင်မှုက အရှိန်ဖြင့်ဝင်ဆောင့်ပြန်သည်။ ရှောက်မင်က သယ်လာပေးခြင်းကြောင့် လှုပ်နေသလိုလည်းခံစားနေရ၏။ သူ့ဗိုက်ကိုတင်းနေအောင်ကိုင်ထားလိုက်မှ ယမ်းခါနေသည့်ခံစားချက်မှာ အနည်းငယ်လျော့ပါးသွားခဲ့သည်။


မကြာခင်မှာပင် သူတို့ ဆေးရုံကိုရောက်လာခဲ့ကြသည်။


ညပိုင်း ဆယ်နာရီတွင် တာဝန်ကျနေသော အရေးပေါ်ခန်းမှဆရာဝန်မှာ ကျောင်းသားလေးတစ်ယောက်က "ကိုအာလာ"လေးကိုပိုက်လျက် ဝင်လာသည်ကိုမြင်လိုက်ရပြီး ထိတ်လန့်သွားလေသည်။


"သူဘာဖြစ်တာလဲ..."


ရှောက်မင်: "ကျွန်တော်လည်းမသိဘူး..."


ဆရာဝန်: "....."


"သူ့ကိုအရင်လှဲခိုင်းလိုက်..."


ဆရာဝန်က ထရပ်လိုက်ပြီး ဆေးရုံကုတင်ညွှန်ပြကာ ကြမ်းပြင်နှင့်မျက်နှာကျက်ကိုဆက်ထားသော လိုက်ကာကိုဆွဲဖွင့်လိုက်သည်။


ရှောက်မင်က အခြေခံစစ်ဆေးမှုလုပ်ရာတွင်သုံးသောဆေးရုံကုတင်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ တနေ့လုံးတွင် လူပေါင်းမည်မျှလှဲထားကြောင်း သူမသိပေ။


သူက မှုန်ကုပ်သွားကာ ကျူးထုန်ကိုမချပေးတော့ပေ။ 


"မလိုတော့ပါဘူးဗျာ၊ လူနာကို နာကျင်တာသက်သာအောင်အရင်လုပ်ပေးလို့ရမလား..."


ဆရာဝန်: "....."


ဒီကျောင်းသားလေး ဘာတွေဖြစ်နေတာလဲ။ အိပ်ရာပေါ်မှာမလှဲဘဲ ငါကဘယ်လိုစစ်ဆေးပေးရမှာလဲလို့။


ရှောက်မင်ကလည်း နားလည်သွားလေရာ တွန့်ဆုတ်ဆုတ်ဖြင့်မေးလိုက်ရသည်။ 


"ပိုသန့်တဲ့အိပ်ရာမရှိဘူးလား..."


ဆရာဝန်: "...."


ဂျူတီကျနေသောဆရာဝန်က ယာယီသုံးသောလူနာခန်းကိုခေါ်သွားပေးလိုက်သည်။ 


"စောင်ကိုလည်းမနက်ကမှလဲထားတာ၊ ဘယ်သူမှမလှဲရသေးဘူး၊ သူ့ကိုအရင်ချလိုက်ပါ..."


ရှောက်မင်ကခေါင်းညိတ်ပြပြီး ရှေ့တိုးသွားကာ ကိုယ်ကိုကိုင်းလိုက်ရင်း ကျူးထုန်ကိုအိပ်ရာပေါ်ချပေးလိုက်သည်။


ကျူးထုန်က သူ့ခန္ဓာကိုယ်ရုတ်တရက် အောက်ကိုကျသွားသည်နှင့် မသိစိတ်အရ သူ့လက်မောင်းကိုအားထည့်ကိုင်လိုက်ကာ ပင့်သက်ရှိုက်လိုက်လေသည်။ 


"နာတယ်..."


ထိုသူကား ကလေးလေးတစ်ယောက်ချွဲနေသလို နှာခေါင်းသံလေးဖြင့် ခပ်တိုးတိုးပြောလာခဲ့ခြင်းဖြစ်လေ၏။


ရှောက်မင်: "...."


- ရုတ်တရက်ပင် သူထိုကောင်လေးကို လွှတ်ပေးလိုက်ရန်တုံ့ဆိုင်းသွားမိသည်။


နေရာအလွဲအပြောင်းဖြစ်သွားသောကြောင့် ကျူးထုန်က မျက်နှာကို သူ့ပုခုံးတွင်နှစ်ထားခဲ့၏။ သူနှင့် အလွန်နီးကပ်စွာဖြင့်မှီထားခဲ့သည်။


"အသင့်ဖြစ်ပြီလား..."


ဆရာဝန်မှာ လူနာကို မေးခွန်းပေါင်းများစွာပါသောမျက်လုံးဖြင့်ကြည့်လိုက်မိပြီး သူ့စကားထဲတွင် အလောတကြီးဖြစ်နေသည့်ခံစားချက်များပါနေလေသည်။


နောက်ဆုံး စိုးရိမ်ပူပန်မှုတို့က လွှမ်းမိုးသွားလေရာ ရှောက်မင်မှာ ကျူးထုန်လက်ကို သူ့အင်္ကျီကော်လာမှဖယ်လိုက်ပြီး သူ့လက်ကိုသာအစားကိုင်ခိုင်းထားလေသည်။


သူကျောဆန့်လိုက်သည့်အခိုက်မှာပင် ကျူးထုန်က ချက်ချင်းပက်လက်လှန်ကာ အိပ်ရာပေါ်တွင် ဘောလုံးလေးပမာကွေးနေလေသည်။


၎င်းလှုပ်ရှားမှုက တမဟုတ်ချင်း သနားစရာကောင်းသွားစေ၏။


ကျူးထုန်မှာ လှဲချလိုက်သည်နှင့် အားကောင်းသည့်အသိစိတ်က အနည်းငယ်ပြေလျော့သွားလေသည်။ ဆရာဝန်၏မေးသမျှကိုဖြေရာတွင်ပင် ခြင်တစ်ကောင်ပျံနေသလိုအသံဖြင့် ပြန်ဖြေနေရ၏။


ရိုးရှင်းသောစမ်းသပ်မှုများအပြီးတွင် ဆရာဝန်က မတ်တပ်ရပ်ကာပြောလာလေသည်။ 


"စမ်းသပ်ကြည့်ရသလောက်ကတော့ အစာအိမ်မှာဖြစ်တာပဲ၊ ပိုတိကျအောင် စစ်ဆေးဖို့လိုသေးတယ်၊ အရင်ဆုံး စာရင်းသွားပေးလိုက်...မင်းကမိသားစုဝင်လား..."


ရှောက်မင်က ခပ်ရှင်းရှင်းပြန်ဖြေလိုက်သည်။ 

"မဟုတ်ပါဘူး..."


"....."


ဆရာဝန်က သူတို့၏ အပြန်အလှန်ဆုပ်ကိုင်ထားသောလက်ကို ဖျတ်ခနဲကြည့်လိုက်သည်။


ရှောက်မင်က မျက်မှောင်ကြုတ်ပြီး အိပ်ရာပေါ်မှလူငယ်လေးကို စကားမပြောဘဲလှမ်းကြည့်လိုက်သည်။


ဆရာဝန်က လူနာများ၏အတွင်းရေးဆက်နွယ်မှုတို့ကို စိတ်ဝင်စားခြင်းမရှိသောကြောင့် ခေါင်းသာညိတ်ပြလိုက်လေ၏။


 "ရပါတယ်၊ စာရင်းသွားပေးပြီး ဆေးရုံရဲ့လိုအပ်တဲ့လုပ်ငန်းစဥ်တွေအတိုင်းသွားလုပ်လိုက်ပါ..."


"မဟုတ်ဘူး...စာရင်းသွင်းတာကိုမလုပ်ပါနဲ့..ကျေးဇူးပြုပြီး..."


ကျူးထုန်က ရှောက်မင်လက်ကို တင်းနေအောင်ဆုပ်ကိုင်ထားခဲ့သည်။ ရှောက်မင်၏လက်ကို လက်သည်းများဖြင့် ထိုးဖောက်ချင်နေသည်အထိ အားသုံးပြီးကိုင်ထားခဲ့သည်။ 


"ငါစာရင်းသွင်းတာကိုမလုပ်ချင်ဘူး၊ မလုပ်ပါနဲ့...ဦးလေးလျို..."


ဦးလေးလျိုသာသိသွားရင် အဘိုးလည်းသိသွားလိမ့်မယ်။


ဒါဆိုရင် ညတွင်းချင်း A မြို့ကို ပြန်ခေါ်သွားတာခံရလိမ့်မယ်။ နောက်ထပ်ကျောင်းတစ်ကျောင်းကိုထပ်ပြောင်းဖို့ ဝိုင်းပြောကြလိမ့်မယ်။


သူ့အသံက အားလျော့နေသော်လည်း ခေါင်းမာနေမှုကိုမူ အတိအလင်းဖော်ပြနေသည်။ ရှောက်မင်မှာလည်း သူအဘယ်ကြောင့် ဤမျှခေါင်းမာနေသည်အား မပြောတတ်တော့ပေ။


'မင်းမိသားစုကိုမသိစေချင်ဘူးလား'


နောက်ဆုံးတစ်ကြိမ်သွေးအန်စဥ်ကလည်း ကျူးထုန်က ယခုလိုပင် ငြင်းဆန်ခဲ့သည်။ ဆေးရုံတွင်တက်နေရသည့်အကြောင်း မိသားစုကိုအသိပေးရန်ပင် မလိုလားသလိုထင်ရလေသည်။


သူကဘာလို့ A မြို့ကနေ ဒီလောက်ဝေးလံတဲ့ ကုန်းရွှေစီရင်စုကိုလာရတာလဲ။


ကျိုးဆွေ့ပြောတဲ့ "သာ့ကော" ဆိုတာကရော သူနဲ့ဘယ်လိုပတ်သက်တာလဲ။


တဒင်္ဂမျှစိတ်ပျံ့လွင့်နေပြီးမှ ရှောက်မင်က သူ့ကိုကိုင်ထားရင်း သူ့သဘောအတိုင်းလိုက်လျောပေးလိုက်လေသည်။ 


"ဟုတ်ပါပြီ၊ မင်းစာရင်းမသွင်းရပါဘူး၊ ကိုယ်ပဲသွင်းလိုက်ပါ့မယ်.."


သူ့အသံက သိမ်မွေ့ပြီးညင်သာနေသည်။


သူ့စကားကြောင့် ကျူးထုန်မှာ ကျေနပ်သွားလေ၏။ ဆုပ်ကိုင်ထားသည့်အားကိုလျှော့လိုက်ပြီး မကြာခင် စူးအောင့်သည့်နာကျင်မှုက ရိုက်ခတ်လာပြန်သည်။ သူကခေါင်းငုံ့ကာ ရှောက်မင်၏လက်ခုံပေါ်တွင်နဖူးအပ်ထားလိုက်သည်။


ယုံကြည်စိတ်ချမှုအပြည့်ဖြင့်။


ဆရာဝန်: "...."


လူနာများတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိရကား ဆရာဝန်လည်း အပိုမပြောတော့ပေ။ သူက ပုံမှန်အတိုင်းကူညီချင်ရုံမျှသာဖြစ်ပြီး ထိုကောင်လေးနှစ်ယောက်ကို အချိန်နှင့်အမျှ ခိုးကြည့်နေမိသည်။


စစ်ဆေးမှုများပြီးသွားသည့်အခါ ဆရာဝန်ကကျူးထုန်ကိုဆေးပေးလိုက်ပြီး အဆင်ပြေသွားခဲ့သည်။


တစ်ညလုံး နာကျင်မှုကြောင့် နှိပ်စက်ခံလိုက်ရပြီးသည့်အခါ သက်သာသွားခဲ့ပြီး ကျူးထုန်လည်း စိတ်ပေါ့သွားခဲ့ရသည်။ သို့ရာတွင် မျက်လုံးမဖွင့်ချင်သေး။ သူ့ကိုယ်ထဲမှအားအင်များလည်း ကုန်ခမ်းနေလေပြီ။


လူနာခန်းက တိတ်ဆိတ်နေသည်။ 


သူကား မျက်လုံးမှိတ်ထားရင်း တွေးနေမိလေ၏။ 'ရှောက်မင်က လူနာခန်းထဲမှာလား၊ သွားပြီလား'


'သူရော တခြားလူတွေလိုပဲလား၊ ငါ့ကိုဆေးရုံလိုက်ပို့ပြီးအိမ်ပြန်သွားပြီလား..ဒါပေမဲ့ သူလည်းအကောင်းဆုံးလုပ်ခဲ့ပါတယ်လေ'



🤒