Chapter 46
Viewers 7k

🤒အခန်း ၄၆




ဆေးရုံခန်းထဲတွင် တစ်ယောက်တည်းလှဲနေရသည့်အခါ သူအိပ်ငိုက်လာခဲ့သည်။ ရင်းနှီးနေသောရနံ့လေးက သူ့အား သက်သောင့်သက်သာဖြစ်စေ၏။


သူ့အိပ်မက်ထဲတွင် ယခင်ဆေးရုံတက်ခဲ့ရဖူးသည့်အချိန်ကို ရောက်သွားခဲ့သည်။


ငယ်စဥ်အခါက သူ နေမကောင်းဖြစ်၍ဆေးရုံတက်ခဲ့ရဖူးပြီး သူ့ထံလာလည်သူများလည်း အများအပြားရှိခဲ့သည်။ သို့သော်လည်း ဆေးရုံတက်ရသည့်အကြိမ်ရေများလာသည့်အခါ သူ့ထံလာလည်သူများလည်းနည်းလာခဲ့သည်။ သူ့ထံသတင်းလာမေးကြသူများရှိနေလျှင်ပင် ထိုသူတို့က "ကြင်နာသည့်ပုံစံ" ပြကာ ရောက်လာကြသည့်နောက်ကွယ်တွင် ဖုံးကွယ်ထားသောရည်ရွယ်ချက်တို့ အမြဲရှိတတ်ကြသည်။


သူဆယ်နှစ်အရွယ်တွင် သုံးလကြာဆေးရုံတက်ခဲ့ရပြီး သူ့အဖေက သူ့အားလာကြည့်ခဲ့သည်။ ဆယ်မိနစ်ပင်မကြာလိုက်ဘဲ ဖုန်းဝင်လာသောကြောင့် ထိုသူမှာ ပြန်ထွက်သွားခဲ့လေ၏။


ကျူးထုန်က သူ့ကိုမသွားစေချင်ပေ။ သူက ကလေးအရွယ်တည်းက ခံစားချက်များကိုဖော်ပြရာတွင်မတော်လေရာ သတ္တိမွေးပြီး သူ့အဖေ၏အင်္ကျီလက်စကိုလှမ်းဆွဲထားရုံသာတတ်နိုင်ခဲ့သည်။


သူသည်ကား သူ့အဖေ၏မျက်နှာပေါ်မှ အရှက်ရနေမှုကို မြင်ခဲ့ရသည်။


ကျူးရှို့ရှန်းကသူ့အားပြောခဲ့၏။ 


"ကျူးထုန်၊ သက်သာသွားမှာပါကွယ်၊ အဖေ့မှာလုပ်စရာလေးတွေရှိသေးတယ်၊ အဖေနောက်မှ မင်းကိုလာကြည့်မယ်နော်.."


ကျူးထုန်မှာ စိတ်မပါဘဲခေါင်းညိတ်ပြခဲ့ရသည်။


ကျူးရှို့ရှန်းကမသွားခင် သူ့အားဂရုစိုက်ပေးသော နာနီကို မျက်နှာတည်တည်ဖြင့်မှာခဲ့သေးသည်။ 


"ကျူးထုန်ကို ဂရုစိုက်လိုက်၊ ဘာပဲဖြစ်ဖြစ် လိုအပ်လာရင် ငါ့ကိုဆက်သွယ်လိုက်.."


နာနီကပြန်မေးခဲ့သည်။ 

"သခင်မလေးကျူးရှင်းက သခင်လေးကျူးထုန်ကိုအရမ်းဂရုစိုက်တာ၊ သူ့မှာလာကြည့်ချင်နေရှာတာ၊ သူဌေးလည်း..."


"သူ့အရွယ်လေးနဲ့အရေးကြီးတယ်လို့ထင်နေတာလား၊ သူ့အစ်ကိုကအဆင်ပြေတယ်လို့၊ မကြာခင် ဆေးရုံကဆင်းရတော့မှာလို့၊ နောက်ကျရင် ဒီလိုကိစ္စမျိုးကို ကျူးရှင်းမသိစေနဲ့.."


"......"


ထိုနောက်ပိုင်း ကျူးထုန် ဆေးရုံမှဆင်းသည်အထိ ကျူးရှို့ရှန်း ထပ်မလာတော့ပေ။


စိတ်ပျက်မှုကား ကမ်းကုန်အောင်ပင်။


သူ အထီးကျန်ရခြင်းကိုလည်း ကျင့်သားရလာခဲ့သည်။


သို့တစေ ညသန်းခေါင် ဆေးရုံခန်းထဲတွင် တစ်ယောက်တည်းနိုးလာရသည့်အခါမျိုးတွင် သူစိတ်ပျက်နေရဆဲ။


ထိုနေ့က သူအနည်းငယ်ပိုပြီးခေါင်းမာခဲ့လျှင်၊ အခြားကလေးများလို ကပ်တွယ်နေလိုက်လျှင်၊ သူ့အဖေ၏အင်္ကျီလက်စကိုဆုပ်ကိုင်ထားပြီး မလွှတ်ပေးလိုက်လျှင် သူ့အဖေက သူ့အနားတွင် အနည်းငယ်ကြာအောင်နေခဲ့လေမလားဟုတွေးခဲ့မိသည်။


သို့သော်လည်း ၎င်းက နေ့အိပ်မက်တစ်ခုပင်။ သူနောက်ဆုံးကလေးဆန်ခဲ့သည့်အချိန်ကိုပင် မမှတ်မိနိုင်တော့ပေ။


ထိုအခိုက် ဆရာဝန်၏အရေးပေါ်ဌာနရုံးခန်းထဲမှ အံ့ဩနေသည့်အသံထွက်လာခဲ့သည်။


 "အစာအိမ်သွေးယိုစီးတယ် ဟုတ်လား.."


ရှောက်မင် အတန်ငယ်မျှမှင်သက်သွားခဲ့သည်။


ဆရာဝန်ကခေါင်းညိတ်ပြကာ ဆက်ပြောလာခဲ့၏။ 


"ဆေးစစ်ချက်အဖြေအရ အစာအိမ်သွေးယိုစီးတာက အတွင်းပိုင်းမှာဖြစ်တာ၊ ငါပေးထားတဲ့ဆေးတွေက ဘေးထွက်ဆိုးကျိုးရှိနိုင်တယ်၊ အဲဒါကြောင့် နောက်ထပ်စစ်ဆေးတာတွေလုပ်ဖို့ ဆေးရုံမှာတစ်ညနေလိုက်တာပိုကောင်းလိမ့်မယ်၊ ဘေးထွက်ဆိုးကျိုးရှိခဲ့ရင် ဆေးပြောင်းပေးလို့ရတာပေါ့.."


ရှောက်မင်: "....."


ရှောက်မင်က သူ့ကိုတိုက်ရိုက်ပြန်မဖြေဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ 

"သိပါပြီ၊ ကျေးဇူးတင်ပါတယ်..."


ကျူးထုန် အိပ်ပျော်နေသောကြောင့် သူလည်းလူနာခန်းထဲမှထွက်လာခဲ့ပြီး သူပြန်ရောက်လာချိန်အထိ ကျူးထုန်ကအိပ်နေဆဲ။


သူကား အိပ်ရာကုတင်ဘေးမှခုံတွင်ထိုင်ကာ အိပ်ရာပေါ်တွင် အိပ်ပျော်နေသောလူငယ်လေးကိုကြည့်လိုက်သည်။


သူ ကျူးထုန်ကိုဆေးရုံခေါ်လာစဥ်က အစာအိမ်သွေးယိုစီးလောက်သည်အထိ အခြေအနေဆိုးနေမည်ဟုမမျှော်လင့်ထားခဲ့ပေ။ ဆရာဝန်၏ပြောကြားချက်အရ ၎င်းမှာ အစားအသောက်ပြောင်းလဲမှုရှည်ကြာသွားသောကြောင့် သို့မဟုတ် အပူအစပ်အလွန်အကျွံစားခြင်းကြောင့် ဖြစ်နိုင်သည်။


ကျူးထုန်၏စားသောက်မှုစနစ်က ပုံမှန်ဖြစ်ပြီးကျန်းမာနေခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းရွေးချယ်မှုများကြောင့်ဖြစ်နိုင်၏။


အစားအသောက်ကြောင့်ဆိုပါက...နေ့လည်ခင်းက ကန်တင်း၌စားခဲ့သည့်အစားအသောက်မှလွဲပြီး ကျူးထုန်မှာ ကျန်းမာရေးနှင့်မညီသော အခြား အစားအသောက်မျိုးကိုမစားခဲ့ဖူးပေ။


ကျူးထုန် အပြင်တွင်စားနေကျအစားအသောက်များနှင့်ယှဥ်လျှင် ကန်တင်းမှအစားအသောက်များက သူ့အတွက် "ပြင်းလွန်း" နေလိမ့်မည်။


ကောက်ချက်ချပါက ကျူးထုန်၏အစာအိမ်သွေးယိုစီးရသည့်အကြောင်းအရင်းမှာ ကန်တင်းမှအစားအသောက်များပင်။


သူက ယခင်က ကန်တင်းကို တစ်ကြိမ်လေးပင်မသွားခဲ့ရသည့်အကြောင်းအရင်းမှာ ရှင်းပါသည်။ သူ့ခန္ဓာကိုယ်က ထိုနေရာမှအစားအသောက်များကို မစားနိုင်သောကြောင့်ပင်။


အကြောင်းအရင်းကိုမသိခဲ့ရ၍ ရှောက်မင်မှာ ဒေါသထွက်သွားရသည်။


ကျူးထုန်က ကျောင်းကန်တင်းရှိ အိုးနှင့်ချက်ထားသောထမင်းများကိုမစားနိုင်မှန်း သေချာပေါက်သိနေလိမ့်မည်။


ထိုသူက ပူစပ်ပြီးချဥ်တူးနေသော အာလူးထောင်းကိုနှစ်သက်သည်မှာ သိသာသည်ဆိုသော်လည်း တော်ရုံနှင့်မထိခဲ့ပေ။ သူက အစားအသောက်ရွေးစားရသူဖြစ်ကြောင်း သူ့ကိုယ်သူသိနေခဲ့သည်။


ဒါဆိုဘာလို့ အဲဒီတုန်းက ကန်တင်းမှာစားဖို့ သဘောတူလိုက်ရတာလဲ။


'ငါသူ့ကို မဆင်မခြင်မလုပ်ဖို့ပြောခဲ့တာကို။ လုပ်ခဲ့သေးတယ်....မငြင်းချင်လို့များလား။


လူတစ်ယောက်အနေဖြင့် ကျူးထုန်မှာ သူမနှစ်သက်သည့်အရာကိုအေးစက်စွာဖြင့်ငြင်းပယ်နိုင်သည်။ သို့သော်လည်း သူငယ်ချင်းများအပေါ်တွင်မူ လိုက်လျောလေ၏။


သူ့အတွက် ကန်တင်းကိုသွားခြင်းက အသေးအဖွဲကိစ္စလေးပင်။


သို့ရာတွင် ယခုလို တန်ကြေးအကြီးစားဖြင့်ပြန်ပေးဆပ်လိုက်ရပြီး အဆုံးသတ်သွားရရှာသည်။


ယင်းက ကို့ရို့ကားယားဖြစ်နေသော်လည်း စစ်မှန်သည့်သဘောထားဖြစ်နေပြန်၏။


နာကျင်ရာမှသက်သာသွားပြီး အားအင်ချိနဲ့စွာဖြင့် အိပ်ရာပေါ်တွင်လှဲနေသောလူငယ်လေးကိုကြည့်ပြီး ရှောက်မင်နှလုံးသားထဲမှ စိတ်ရှုပ်ထွေးမှုလေးက ချက်ချင်းဆိုသလို ငြိမ်သက်သွားခဲ့၏။


ယင်းက ကူကယ်ရာမဲ့မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။


'ဘာလို့များ မင်းကိုယ်မင်း သေချာဂရုမစိုက်နိုင်ရတာလဲ'


မိသားစုကိုမသိစေချင်ရင်..ဒီနေ့ဟိုတယ်ကိုပြန်သွားပြီဆိုပါတော့။ သူဘာလုပ်နေမှာလဲ။


တစ်ညလုံး နာနေတာကိုသည်းခံနေမှာလား။


ထိုသူက ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်တစ်ချိန်လုံး နာကျင်နေခဲ့သည်ကိုသည်းခံထားမည့်ပုံစံအား တွေးကြည့်ပြီး ရှောက်မင်မှာ ထိုသူက သူ့ဟိုတယ်ခန်းထဲတွင် တစ်ညလုံး စိတ်ရူးပေါက်သည့်အလုပ်တစ်ခုခုလုပ်နေလိမ့်မည်ဟုခံစားလိုက်ရသည်။


ရုတ်ချည်းပင် ရှောက်မင်တစ်ယောက် ဖုန်းထုတ်ပြီးအချိန်ကိုကြည့်လိုက်သည်။ ယခုအချိန်လောက်ဆို ကျောင်းလွှတ်နေပြီ။


ဦးလေးလျိုကလည်း ကျောင်းအပြင်တွင်စောင့်နေလောက်ပြီ။


သူကား လော့ရှိုး၏ WeChat ကိုဖွင့်ပြီး မက်ဆေ့ချ်ပို့လိုက်သည်။


<ရှောက်> : ကျူးထုန်ရဲ့ဖုန်းကို ဆေးရုံယူလာခဲ့။


ကျူးထုန်ကိုဆေးရုံခေါ်လာစဥ်က ထိုသူ၏ဖုန်းကိုယူလာရန် သူမေ့သွားခဲ့သည်။


WeChat ပို့ပြီးသွားသည့်အခါ ရှောက်မင်က လက်တစ်ဖက်ကို အိပ်ရာဘေးတွင် အသာတင်ထားလိုက်၏။ မက်ဆေ့ချ်ပို့ပြီးနောက် သူ့လက်ချောင်းထိပ်လေးများက ရုတ်တရက်နွေးသွားခဲ့သည်။ ကျူးထုန်ကသူ့ကိုထိလိုက်ခြင်းဖြစ်မည်။ သို့ရာတွင် ထိုသူကအိပ်ပျော်နေဆဲဖြစ်ကာ ကျူးထုန်၏ မသိစိတ်အရတုံ့ပြန်မှုဖြစ်လိမ့်မည်။


လက်ချောင်းထိပ်၏အထိအတွေ့လေးဖြင့် သူတို့ကြားမှ အနွေးဓာတ်လေးမှာ အပြန်အလှန်ကူးစက်သွားကြ၏။


ကျူးထုန်၏လက်ချောင်းထိပ်လေးများက မသိမသာအေးစက်နေပြီး ရှောက်မင်၏လက်ကမူ ပိုပြီးနွေးထွေးနေခဲ့သည်။


ရှောက်မင်က သူ့ကိုခဏမျှကြည့်နေမိ၏။ ထို့နောက် သူ၏ပန်းရောင်သန်းနေသောလက်ကို ကျူးထုန်၏ပန်းရောင်သန်းနေသောလက်ချောင်းလေးဖြင့် ချိတ်လိုက်လေသည်။


အိပ်ပျော်နေသောလူငယ်လေးက တစ်ခုခုကိုခံစားမိပုံရသည်။ သူ့လက်ချောင်းလေးများကို အသာကွေးညွတ်လိုက်ရာ အိပ်ရာအစွန်ပေါ်မှသူတို့လက်များက တမျိုးတဖုံ တွယ်ချိတ်သွားခဲ့ကြသည်။


ရှောက်မင်: "....."


တချိန်တည်းမှာပင် စနစ်မှနှစ်သက်မှုပြဘားတန်းက သုံးဆယ်ရာခိုင်နှုန်းကိုကျော်ပြီး ရှေ့ဆက်တိုးသွားတော့သည်။


**


ကျူးထုန်အိပ်ရာမှနိုးလာပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် နေရောင်က လူနာခန်းထဲတွင်ဖြာကျနေခဲ့သည်။


သူ့ဦးနှောက်မှာကြည်လင်နေပြီး တကိုယ်လုံးလည်းပေါ့ပါးနေ၏။ မနေ့ညက နှလုံးကိုဖြဲစုတ်နေသလိုနာကျင်ခဲ့ရမှုက အိပ်မက်တစ်ခုလိုဖြစ်နေပြီး မည်သည့်နောက်ဆက်တွဲခံစားမှုမှမကျန်ရစ်ခဲ့တော့ပေ။


ကျူးထုန် အိပ်ရာပေါ်တွင်ထထိုင်လိုက်ပြီး ငေးကြောင်နေလေသည်။ ယခင်ကလည်း အစာအိမ်ပြဿနာရှိခဲ့ဖူးသောကြောင့် သူ အမြဲတမ်းလိုလိုနေမကောင်းဖြစ်ခဲ့ရသည်။ နာကျင်မှုသက်သာသွားခဲ့လျှင် နွမ်းလျနေတတ်၏။ ၎င်းနာကျင်မှုကိုပြန်တွေးမိတိုင်း အကြောက်တရားကသူ့အားစိုးမိုးလာတော့သည်။


'ဒီနေ့ကျတော့ ဘာလို့အရမ်းပေါ့ပါးနေတာလဲ၊ ဇာတ်လိုက်ဆီကနေရလာတဲ့ အပိုဆုကြောင့်များလား၊ ရှားယန်လည်းဒီမှာနေတော့ ဒီနေရာကဆေးရုံက ပိုကောင်းသွားတာမျိုးလား'


သူအတွေးနက်နေစဥ် စက်ရုပ်အသံက စိတ်ထဲတွင်ပေါ်လာခဲ့သည်။


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှု ခြောက်ရာခိုင်နှုန်းထပ်မံရရှိသွားပါပြီ၊ လက်ရှိနှစ်သက်မှုက သုံးဆယ့်ငါးရာခိုင်နှုန်းပါ'


ကျူးထုန်: "......"


'စနစ်ရဲ့ဆုကြောင့် ငါအခုအရမ်းကိုပေါ့ပါးနေတာပေါ့၊ ဘယ်တုန်းက နှစ်သက်မှုရာခိူင်နှုန်းကတိုးသွားရတာလဲ'


အွန်လိုင်းပေါ်မှစနစ်က "တင်" ဆိုသောအသံထွက်လာသည်။

 'ဒါပေါ့ မနေ့ညကလေ'


"......"


မနေ့ညကလား။


မှန်သည်။ မနေ့ညကသူ့အား ဆေးရုံလိုက်ပို့ပေးခဲ့သူမှာရှောက်မင်ပင်။


'နေဦး၊ သူကရောဘယ်မှာလဲ'


'တကယ်တော့..'


စနစ်ကသူ့အား သတိပေးတော့မည့်အချိန် တံခါးကအသာပွင့်သွားပြီး အပြင်မှတွန်းဖွင့်ခံလိုက်ရသည်။


ကျူးထုန်ကမသိစိတ်အလျောက် လှည့်ကြည့်လိုက်မိပြီး သူ့မျက်လုံးတို့ကအနည်းငယ်ပြူးကျယ်သွားလေသည်။


ရှောက်မင်က နေ့လည်စာဘူးနှစ်ဘူးဖြင့် အထဲဝင်လာခဲ့၏။ မျက်လုံးချင်းဆုံသွားသည့်အခါ သူအသာပြုံးလိုက်လေသည်။ 


"မင်းမျက်နှာကဘယ်လိုကြီးလဲ၊ ကိုယ့်ကိုမတွေ့ချင်လို့လား.."


ကျူးထုန်မှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး ခေါင်းကိုလေးပင်စွာဖြင့်ခါယမ်းလိုက်သည်။ 


"မဟုတ်ပါဘူး၊ ငါထင်တာက..."

'မင်းထွက်သွားပြီလို့' 

ထိုစကားကိုမူမပြောဖြစ်လိုက်ပေ။


ရှောက်မင်က နေ့လည်စာထမင်းဘူးကိုကိုင်ကာ အိပ်ရာဘေးမှစားပွဲပေါ်တင်ပြီး ဖွင့်လိုက်သည်။ 


"မင်းဗိုက်ဆာနေပြီလား၊ ဆန်ပြုတ်အရင်စားလိုက်..."


ကျူးထုန်က သူ့လက်ထဲမှနေ့လည်စာထမင်းဘူးကိုမကြည့်ဘဲ တံခါးဝမှလူနာခန်းထဲအထိဝင်လာခဲ့သော လူငယ်လေးကိုသာကြည့်နေလေသည်။ 


ရှောက်မင်က ဆန်ပြုတ်ပန်းကန်ကိုကိုင်ထားရင်း သူ့ကိုလှမ်းပေးလာသည်။ သူငေးနေသည်ကိုမြင်သည့်အခါ ပြုံးပြလိုက်၏။ 


"ကိုယ်မင်းကိုခွံ့ကျွေးဖို့လိုသေးလား၊ မေးကြည့်တာနော်..."


ကျူးထုန်: "....."


သူ့မှာ အချိန်ယူပြီးမှ ခေါင်းခါပြလျက် တုံ့ပြန်လိုက်ရသည်။ 


"မလိုတော့ပါဘူး..."


ရှောက်မင်လက်ထဲမှဆန်ပြုတ်ပူပူပန်းကန်ကိုယူလိုက်ပြီး ကျူးထုန်က ဇွန်းဖြင့်တစ်ငုံစာခပ်သောက်လိုက်ပြီးနောက် ရုတ်ချည်းရပ်သွားလေသည်။


ရှောက်မင်: "ဘာဖြစ်လို့လဲ..."


ကျူးထုန်က နှေးကွေးစွာဖြင့်ဖြေလေသည်။ 


"ငါသွားမတိုက်ရသေးဘူး..."


ရှောက်မင်: "....."


ရှောက်မင် သူ့လက်ထဲမှဆန်ပြုတ်ကိုပြန်ယူပြီး အိပ်ရာဘေးရှိစားပွဲပေါ်တွင်ချလိုက်သည်။ အချိန်ကိုလှမ်းကြည့်လိုက်သည့်အခါ ခုနစ်နာရီပင်မထိုးသေးပေ။ ကျူးထုန် နောက်ကျမှစား၍ ခုနစ်နာရီထိုးသွားလျှင်ပင် စောနေသေး၏။


သူကား တဖက်ကိုပြန်ကြည့်ပြီးမေးလိုက်သည်။ 


"ဗိုက်အောင့်နေသေးလား..."


ကျူးထုန်ကခေါင်းခါပြလိုက်သည်။


ဘယ်သူမှစကားမပြောကြတော့၍ လူနာခန်းလေးကတိတ်ဆိတ်လာလေသည်။


ကျူးထုန်မှာ ရှောက်မင်ကိုလှမ်းကြည့်ပြီး တစ်ခုခုပြောချင်သေးသော်လည်း ဘယ်လိုပြောရမှန်းမသိပေ။ 


သူမေးချင်မိ၏။


ရှောက်မင်ကဘာလို့ဒီမှာရှိနေတာလဲ။ မနေ့ညကဘယ်မှာအိပ်တာလဲ။ မနက်အစောပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ကရော ဘယ်လိုလုပ်မလဲ။


အစာအိမ်အောင့်တာကို ဆရာဝန်ကဘာပြောလဲ။


သူကား စကားလုံးများကိုပင်မစီရသေးခင် ရှောက်မင်ကပြောလာခဲ့သည်။ ထိုသူမှာ ပလက်စတစ်အိတ်ကို စားပွဲဘေးတွင်တင်ကာ ပြောလိုက်လေ၏။ 


"ဆရာဝန်က ဆေးတွေပေးလိုက်တယ်၊ မင်းနာတာသက်သာသွားပြီဆိုရင်တော့ အချိန်တစ်ခုအထိဆေးရုံတက်စရာမလိုတော့ပါဘူး၊ ဒါပေမဲ့ အစားအသောက်ကိုတော့သတိထားရမယ်..."


"အစားအသောက်ကိုသတိထားရမယ်" ဟုပြောလိုက်ချိန်တွင် သူက အိပ်ရာပေါ်တွင်လှဲနေသောလူငယ်လေးကို တည့်တည့်စိုက်ကြည့်လိုက်သည်။


ကျူးထုန်မှာ သူ့ထံမှစိုက်ကြည့်ခံနေရသောကြောင့် အပြစ်ရှိသလိုခံစားလာရသည်။ သူကခေါင်းညိတ်ပြလိုက်ကာ ပလက်စတစ်အိတ်ကိုလှမ်းယူလိုက်၏။ စဥ်းစားကြည့်ပြီးသည့်နောက် သူခေါင်းမော့ကာပြောလိုက်လေသည်။ 


"မနေ့ညကအတွက်...ကျေးဇူးပဲ.."


ရှောက်မင်က ဘာမှပြန်မပြောသော်လည်း ကျူးထုန်ကမူ မနေ့ညက ထိုသူမည်မျှဒုက္ခခံလိုက်ရမှန်း သိနေလေသည်။


စစ်ဆေးပေးနေသည့်အချိန်အတွင်း အနားတွင်ရှိနေခဲ့သည်ကိုအသာထား။ ကျောင်းမှဆေးရုံအထိခေါ်လာပေးခဲ့သည်ကပင် ကျေးဇူးတင်စရာကောင်းနေပြီ။


ထိုအတွေးဖြင့်ပင် သူကား ရှောက်မင်ကိုထပ်ကြည့်လိုက်မိပြီး ဤလူက အလွန်တရာမှ လုပ်နိုင်စွမ်းရှိသည်ဟုတွေးလိုက်မိ၏။ ထိုသူက အရပ် ၁.၇၅မီတာ ရှည်သည်။ ကျောင်းမှဆေးရုံအထိ သူ့ကိုခေါ်လာခဲ့ပြီးနောက် တစ်ချက်ပင်မောပန်းဟန်မရှိခဲ့ပေ။ 



🤒