Chapter 47
Viewers 7k

🤒အခန်း ၄၇




သူက လူငယ်လေးကိုအပေါ်အောက်ကြည့်လိုက်မိပြီး ရုတ်တရက် မျက်လုံးချင်းဆုံသွားကြလေ၏။ နေရာတွင် ကြက်သေသေသွားရင်း ကျူးထုန်မှ အမြန်ပင်အကြည့်လွှဲလိုက်သည်။


ရှောက်မင်က "ရှက်သွားခြင်း"ပင်မရှိဘဲ သူ့ကိုကြည့်ကာ ပြောလာလေသည်။ 


"ဆရာဝန်ကပြောတယ်၊ မင်းဖြစ်တာက အစာအိမ်သွေးယိုတာတဲ့..."


"......"


"မင်း အစပ်လွန်ကဲတာတွေစားလို့မရဘူးဆိုတာ မသိထားဘူးလား..."


ကျူးထုန်က တွန့်ဆုတ်ဆုတ်ဖြင့်ခေါင်းညိတ်ပြသည်။


ရှောက်မင်ကဆက်ပြောလိုက်၏။ 

"အဲဒါကိုဘာလို့ ကန်တင်းမှာစားတာလဲ..."


- ငြင်းရခက်နေလို့လား၊ အားနာလို့လား။


ကျူးထုန်မှာ ရှောက်မင်၏မကြုံစဖူးအကြည့်ကို ရင်ဆိုင်နေပြီး တွဲလွဲဖြစ်နေသောနှလုံးက ရုတ်ချည်းပြုတ်ကျသွားရကာ တမဟုတ်ချင်းအံ့အားသင့်သွားရသည်။


ရှောက်မင်ပြောလိုက်သော "အစပ်လွန်ကဲသောစားစရာ" က ပူပူစပ်စပ်အာလူးထောင်းကိုပြောခြင်းဖြစ်မည်ဟု သူတွေးလိုက်သည်။ သူကား တိုးလျသောအသံဖြင့် ကာကွယ်ပြောဆိုလိုက်လေ၏။


 "ငါလည်းအရင်ကအာလူးထောင်းမစားဖူးတော့ စပ်မယ်ဆိုတာမသိခဲ့ဘူးလေ..."


ရှောက်မင်ကမူ တစ်ခုခုမှားနေပြီဟု ဝိုးတဝါးခံစားနေရသည်။


သူက အာလူးထောင်းကိုအပူအစပ်လို့ပြောမိလို့လား။


အဲဒီအာလူးထောင်းက ကျူးထုန် တစ်ကိုက်တောင်မစားလိုက်ဘူးမလား။


သူမေးမည်အပြုတွင် ကျူးထုန်ကဆက်ပြောလာခဲ့သည်။ 


"ငါတစ်ခါမှအစပ်မစားဖူးဘူး၊ အဲဒါကြောင့် နှစ်လုတ်လောက်ပိုစားလိုက်မိတယ်..."


ရှောက်မင်က မသဲမကွဲအသံဖြင့်ပြန်မေးလာသည်။ 

"မင်း တစ်ခါမှအစပ်မစားဖူးဘူးလား..."


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။ သူ့တွင် မစားရမည့်အစားအသောက်အများအပြားရှိသည်။ ငရုပ်သီးကမူ တားမြစ်ထားသည့်အစားအသောက်စာရင်း၏ထိပ်ဆုံးမှ တစ်ခုပင်ဖြစ်လေသည်။


မည်သူကမှ မမှာထားလျှင်ပင် သူကိုယ်တိုင်ကလည်း မြည်းကြည့်ရန်စိတ်ကူးမရှိခဲ့ပေ။ ယနေ့ရလဒ်ကမူ သူ့အတွက် အံ့အားသင့်စရာဖြစ်စေခဲ့သည်။


ရှောက်မင်က ကျူးထုန်ကို နားလည်ရခက်သည့် အကြည့်ဖြင့် ကြည့်လာ၏။ ရုတ်ချည်းပင် တစ်ဖက်လူနို့လက်ဖက်ရည်သောက်စဉ်က ဖြစ်သွားသည့် စံတင်လောက်သောအပြုအမူအား သတိရသွားလေ၏။


'သူတစ်ခါမှမလုပ်ဖူးတဲ့ 'သာမန်' အရာတွေက ဘယ်လောက်တောင်များနေတာလဲ။


ရှောက်မင်မှာ ရုတ်တရက် ဇိမ်ကျပြီးလိုတရခဲ့သော ဤသခင်လေး၏ဘဝကို နားလည်မှုလွဲနေခဲ့ခြင်းအား သတိပြုမိသွားရသည်။


သူက ကန်တင်းတွင်ထမင်းစားခဲ့ခြင်းနှင့်ပတ်သက်ပြီး ထပ်မမေးနေတော့ပေ။


ရှောက်မင်မှာ သက်ပြင်းသာချလိုက်ရသည်။


 "ဒါဆို ကိုယ်ပိုင်စာကြည့်ချိန်တည်းက မင်းအစာအိမ်အောင့်နေခဲ့တာပေါ့၊ ဘာလို့ကိုယ့်ကိုမပြောတာလဲ.."


ကျူးထုန် မှင်သက်သွားခဲ့သည်။ သူကားခေါင်းငုံ့လိုက်ကာ ခပ်တိုးတိုးအသံဖြင့်ပြောလိုက်၏။ 


"ငါ့အမှားလေ၊ ဘာပြောလို့ရမှာလဲ..."


အရပ်ရှည်သည့်ကျောင်းသားလေးမှာ ပိုပြီးပင်စိတ်ရှုပ်ထွေးသွားရသည်။ ကျူးထုန်အမှားဆိုရင်ရော ဘာဖြစ်သေးလဲ။ ထို့နောက် သူမေးလိုက်လေသည်။ 


"ဒါကြောင့်လား၊ မင်းဟာမင်းစိတ်ဆိုးနေလို့ စကားတစ်လုံးမှမပြောဘဲ အတန်းအပြင်ကိုထွက်သွားတာလား.."


ကျူးထုန်က မျက်နှာကိုတဖက်လှည့်လိုက်ပြီး ဘာမှမပြောတော့ပေ။


ရှောက်မင်မှာ မနေ့ညက ထိန်းချုပ်ထားခဲ့ရသောဒေါသတို့က နောက်တကြိမ်ထွက်လာတော့မလိုခံစားလိုက်ရသည်။ သူကား အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ကာ နေ့လည်စာဘူးကိုကောက်ကိုင်ပြီး ပြောလိုက်သည်။


 "သွားရအောင်..."


ကျူးထုန် မော့ကြည့်လိုက်သည်။ 


"ဘယ်သွားမလို့လဲ..."


ရှောက်မင်က သူ့ကိုကြည့်ကာပြန်ဖြေလိုက်သည်။ 


"အစာမစားခင် သွားမတိုက်တော့ဘူးလား သခင်လေး..."


ကျူးထုန်: "....."


သူ့အနေဖြင့် ရှောက်မင်ထံမှ အလွန်အမင်းအားအင်ကင်းမဲ့နေမှုကို အာရုံခံလိုက်ရသလိုပင်။


______


ဆေးရုံမှထွက်လာပြီးနောက် ကျူးထုန် ရှောက်မင်အနောက်မှ ထပ်ကြပ်မကွာလိုက်လာခဲ့သည်။ ရှောက်မင် စက်ဘီးထုတ်လိုက်သည်ကိုမြင်လိုက်ရသည့်အခါ သူ၏အံ့အားသင့်မှုမှာ အလိုလို ဖော်ထုတ်ပြလျက်သား ဖြစ်သွား၏။


ရှောက်မင်က ချက်ချင်းရှင်းပြလိုက်သည်။ 


"မနေ့ညက လော့ရှိုးလာပို့ထားတာ..."


"....."


ပြန်နေကျနည်းဟောင်း၊ ပြန်နေကျစက်ဘီးလေးနှင့်ပင်။


ကျူးထုန် စက်ဘီး၏အနောက်ခုံတွင် ထိုင်နေကျအတိုင်းထိုင်လိုက်ပြီး ရှောက်မင်ကသူ့အား ရင်းနှီးနေသောဂိတ်ကိုလိုက်ပို့ပေးခဲ့သည်။


'ဒါက.....'


သူဟိုတယ်ကိုပြန်တိုင်း အငှားအိမ်ဝန်းလေး၏ တံခါးကိုဖြတ်သွားရသည်။ ကျူးထုန်က အနောက်ခုံတွင်ထိုင်နေရင်း ကြောင်အမ်းသွားလေ၏။


'ဘာလို့ ဒီမှာရပ်တာလဲ'


ရှောက်မင်က သူဇဝေဇဝါဖြစ်နေသည်ကိုသိသွားပုံပင်။ 


"ရောက်ပြီ ဆင်းတော့..."


"ဒီနေရာလား..."


ရှောက်မင်က သူ့အား ရယ်ချင်ပက်ကျိဖြစ်နေသောပုံစံဖြင့်ပြန်ကြည့်လာသည်။ 


"မနေ့ညက ဆေးရုံစာရင်းသွင်းတော့ မင်းကငြင်းနေတယ်လေ၊ မင်းမိသားစုကိုလည်းမသိစေချင်ဘူး၊ ဦးလေးလျိုကလည်း မင်းဘယ်ရောက်နေလည်းသိမှာမဟုတ်ဘူး၊ သူကမင်းဖုန်းကို တစ်နာရီခွဲလောက်ဆက်တိုက်ခေါ်နေခဲ့တာ၊ ဒီတော့မင်းအစား ကိုယ်ပဲဖုန်းဖြေပေးလိုက်ရတယ်လေ၊ မနေ့ညက မင်း ကိုယ့်အိမ်မှာနေတယ်လို့ ဦးလေးလျိုကိုပြောထားလိုက်တယ်.."


"....."


"ဒါနဲ့၊ မင်းဟိုတယ်ကိုပြန်မှာလား.."


ကျူးထုန်မှာ ပြောစရာစကားများပျောက်ဆုံးသွားရသည်။ 


သူသာအခုပြန်သွားရင် ဦးလေးလျိုကသူ့ကိုဖက်ပြီး ငိုနေတော့မှာ။


ရှောက်မင်ကသူ့အားထပ်မေးလိုက်ပြန်သည်။ 


"မင်းစက်ဘီးပေါ်ကနေဆင်းဦးမှာလား.."


ကျူးထုန်က ငေးတိငေးကြောင်ဖြင့် ခုံအနောက်မှဆင်းလိုက်ရသည်။


သူက အရှေ့မှနေကာခြံဝန်းထဲကိုဝင်သွားလိုက်ပြီး ရှောက်မင်သည်လည်း အနောက်မှ စက်ဘီးကိုတွန်းကာလိုက်ဝင်လာ၏။ သူ့နှုတ်ခမ်းတို့ကမူ အထက်သို့ အသာကော့တက်နေလေသည်။


________


ကျူးထုန်အနေဖြင့် စာသင်နှစ်အစ၌ အငှားအိိမ်ကို တစ်ကြိမ်မျှသာ ရောက်ဖူးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မဝင်ဖြစ်တော့ဘဲ အပြင်မှတဆင့် ခြံအဝင်ဝကိုလှမ်းကြည့်ရုံသာရှိခဲ့၏။


နောက်တကြိမ် ခြံဝန်းထဲသို့ခြေချမိသည့်အခါ စံတင်ဖွယ်ရှုခင်းပဒေသာက သူ့မျက်လုံးတို့ကိုတောက်ပသွားအောင်လုပ်နိုင်နေဆဲဖြစ်လေ၏။


ရှောက်မင်ကသူ့အနောက်တွင် စက်ဘီးကို သော့ခတ်လိုက်သည်။ သူကခြံဝန်းထဲတွင်ကြောင်တောင်တောင်ဖြင့်ရပ်နေသည်ကိုမြင်သည့်အခါ ရှေ့ကိုတစ်လှမ်းတိုးသွားပြီး မေးလိုက်၏။ 


"ဘာလို့မဝင်လာသေးတာလဲ..."


ကျူးထုန်ကလှည့်လာပြီးပြန်မေးလေ၏။ 


"ငါဘယ်သွားရမှာလဲ.."


ရှောက်မင်: "......"


သူ သက်ပြင်းသာချလိုက်ပြီး အရှေ့မှဦးဆောင်သွားလိုက်သည်။


အငှားအိမ်တွင် အခန်းအများကြီးမရှိပေ။ အားလုံးပေါင်းမှ အခန်းလေးခန်းသာရှိသည်။ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်းနှင့် အပေါ်ထပ်တွင် ဇိမ်ခံအခန်းနှစ်ခန်းရှိသည်။


ကျောင်းစဖွင့်စဥ်၌ ကျူးထုန်က တစ်ယောက်ခန်းကိုကြိုတင်ငှားခဲ့သည်။


ရှောက်မင်ကြောင့် အငှားအိမ်ကိုရောက်လာရသည့်အခါ ကျူးထုန်က အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းကိုလှစ်ခနဲကြည့်လိုက်ရင်း စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်မိလေသည်။


 "မင်းက တစ်ယောက်တည်းနေတာလား..."


ရှောက်မင်: "မဟုတ်တော့ ဘယ်လိုနေရမလဲ.."


ကျူးထုန်: "လူတစ်ယောက်က ဘာလို့ အိပ်ခန်းနှစ်ခန်းပါတာကိုငှားမှာလဲ..."


'အိမ်ငှားခက ဈေးပိုမကြီးသွားဘူးလား'


ရှောက်မင်က ကျူးထုန်ကို အမေးအမြန်းထူသည့်ကလေးတစ်ယောက်အားကြည့်နေသလိုကြည့်ကာ မျက်ခုံးများပင့်သွားပြီး စနောက်လိုက်လေသည်။ 


"ကိုယ်က နောက်ရောက်လာမယ့်အခန်းပိုင်ရှင်ကိုစောင့်နေတာလဲဖြစ်နိုင်တာပဲလေ.."


ကျူးထုန်ကသူ့ကို အံ့ဩသွားသလိုမျိုးလှည့်ကြည့်သည်။ 


"သူဒီမှာနေဖို့စီစဥ်ထားတာ ဘယ်လောက်ကြာပြီလဲ..."


ရှောက်မင်က အခုမှ အထက်တန်းကျောင်းသားပဲရှိသေးတယ်။ အထက်တန်းကျောင်းမှာ ဘယ်လို "ပိုင်ရှင်အသစ်" ရှိမှာလဲ။


ခွေးပေါက်လေးတွေရဲ့အချစ်မျိုးရှိရင်တော့ တမျိုးပေါ့။


သို့သော်လည်း ရှောက်မင်က အဆောတလျင်ဖြင့်ချစ်မိတတ်သည့်လူမျိုး ဖြစ်ဟန်မတူပေ။


သူ့မျက်လုံးလေးများက အလွန်အမင်း "ရိုးသား" လွန်းနေ၍ ရှောက်မင်မှာ ကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ သူက ဘွင်းဘွင်းရှင်းရှင်းပင်ပြန်ဖြေလိုက်ပါ၏။ 


"ဘာလို့လဲဆိုတော့ အိပ်ခန်းနှစ်ခန်းပါတဲ့အခန်းက ပိုကျယ်လို့.."


ကျူးထုန်က ချက်ချင်းပင် "အာ၊ ဒီလိုကိုး" ဟူသောမျက်နှာမျိုးလုပ်ပြလိုက်သည်။


ရှောက်မင်: "....."


ရှုပ်ထွေးလှသည့်ခံစားချက်များကို သူ့အပေါ်လောင်းချလိုက်သလိုပင်။ သူ တဖက်ကိုသာလက်ညိုးထိုးပြလိုက်သည်။


 "ရေချိုးခန်းကဟိုမှာ၊ သွားပြီးဆေးကြောလိုက်ဦး..."


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရုတ်တရက်ပြန်လှည့်လာပြန်သည်။ 


"ငါ သန့်စင်ခန်းသုံးပစ္စည်းတွေလည်းမယူလာမိဘူး.."


ရှောက်မင်က ပြောနေကျအတိုင်းတုံ့ပြန်လိုက်၏။ 


"ကိုယ့်ရဲ့တဘက်နဲ့အရင်သုတ်ထားနှင့်လိုက်၊ ရေချိုးခန်းထဲက ဗီရိုမှာ အပိုတစ်စုံရှိတယ်.."


"အာ..အိုကေ.."


တကယ်တမ်းတွင် ကျူးထုန်မှာ ရေချိုးချင်သော်ငြား အခြေအနေမပေးသောကြောင့် လဲရန်အဝတ်အစားမယူလာမိပေ။


ရေချိုးခန်းရှိရာကို သွားနေရင်း ကျူးထုန်မှာ ထုံးစံအတိုင်း အခန်းပတ်လည်ကိုစူးစမ်းမိသည်။


အခန်းနှစ်ခန်းတွင် ရေချိုးခန်းကတစ်ခန်းသာပါသည့်တိုင် နေရာက အလုံအလောက်ကျယ်ဝန်း၏။ ရေချိုးခန်းကို ကြမ်းပြင်နှင့်မျက်နှာကျက်တွဲထားသော မှန်ချပ်တစ်ချပ်နှင့်ကာထားပြီး မျက်နှာသစ်သော ဘေစင်မှာလည်း သန့်ရှင်းနေလေသည်။ ကြမ်းပြင်မှာလည်း ခြောက်သွေ့သန့်ရှင်းနေကာ အဝတ်လျှော်စက်တွင်လည်း ညစ်ပေနေခြင်းမျိုးမရှိချေ။


ကျူးထုန် ရေပိုက်ခေါင်းကိုဖွင့်လိုက်ပြီး မှန်တွင်ပေါ်နေသော သူ့မျက်နှာသူကြည့်လိုက်သည်။


ခဏတဖြုတ်ကြည့်လိုက်ပြီးသည်နှင့် သူ့အသားအရေကပိုကောင်းလာသလို ခံစားလိုက်ရ၏။


စနစ်ကပေးသည့်ဆုမှာ အတော်လေးအသုံးဝင်ပုံပင်။ ဒါပေမဲ့ နှစ်သက်မှုရာခိုင်နှုန်းကဘယ်လိုလုပ်တိုးလာရတာလဲ။


သူ မနေ့ညက နာကျင်မှုကိုဆိုးဆိုးရွားရွားခံစားလိုက်ရပြီး သတိလစ်နေခဲ့သည်။ နှစ်သက်မှုရာခိုင်နှုန်းတိုးလာအောင် ဘာမှလုပ်ခဲ့မိပုံမရချေ။


ထို့အပြင် အစာအိမ်အောင့်သည့်ဝေဒနာက နာကျင်ရလွန်းသည်။ နာလွန်း၍တွန့်လိမ်နေသည့်ပုံက ရုပ်ဆိုးနေမှာသေချာသည်မဟုတ်ပါလား။


'ကိုယ်ချင်းစာလို့များလား' 

ကျူးထုန်မှာတွေးကြည့်ရန်ပင် ပျင်းလာသောကြောင့် ခေါင်းကိုခါယမ်းလိုက်၏။


မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ကကျော်သွားပြီဖြစ်၍ အတန်းချိန်ကို နှစ်ယောက်လုံးအတူဖျက်ရန်ဆုံးဖြတ်လိုက်ကြသည်။


သူ ရှောက်မင်၏ ရေချိုးခန်းထဲရှိအဝတ်စင်မှ သဘက်အပိုတစ်စုံကိုထုတ်လိုက်ပြီး အမြန်ဆေးကြောကာ ရေချိုးခန်းထဲမှထွက်လာခဲ့လိုက်သည်။


ရှောက်မင်က ဆန်ပြုတ်ကိုနွှေးပြီး စားပွဲတွင်ထိုင်စားနေလေသည်။ ရေချိုးခန်းတံခါးပွင့်လာသည်ကိုမြင်သည်နှင့် သူမေးလိုက်သည်။ 


"ဆေးကြောလို့ပြီးပြီလား၊ လာစားတော့.."


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။ 

"အင်း..."


ကျူးထုန်ကိုဇွန်းပေးလိုက်ရင်း ရှောက်မင်ကသူ့ကိုကြည့်ကာ ပုံမှန်အတိုင်းမေးလိုက်လေသည်။ 


"ဘယ်လိုလဲ၊ ရေချိုးခန်းက မင်းရဲ့စံချိန်စံနှုန်းနဲ့ပြည့်မီရဲ့လား..."


ကျူးထုန်: "ကောင်းပါတယ်.."


ရှောက်မင်: "ကောင်းရင်လည်းပြီးတာပါပဲ.."


ကျူးထုန်: "?"


'ဘာကိုပြီးတာလဲ'


သူဘာစကားမှမပြောရသေးမှီ ရှောက်မင်ကသူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လာသည်။ သူ့ဆံပင်များက ရှုပ်ပွနေခြင်းမရှိဘဲ ခေါင်းလျှော်ပြီး သေချာပုံသွင်းထားလေ၏။


'သူအဲဒါကိုဘယ်တုန်းကလုပ်လိုက်တာလဲ၊ ဆေးရုံကိုမသွားခင် မနက်စာကိုယူလာသေးတယ်၊ ခုနစ်နာရီတောင်မထိုးသေးဘူး၊ သူဘယ်အချိန်အိပ်ရာထတာလဲ၊ မနေ့ညကဘယ်အချိန်အိပ်တာလဲ'


ကျူးထုန်မှာ ထိုသူကိုထုတ်မေးချင်သော်လည်း ဘယ်လိုမေးရမှန်းမသိပေ။ 


ဦးစွာ ကျေးဇူးတင်စကားပြောရမည်လား ဒါမှမဟုတ် တောင်းပန်ရမည်လား။


သူမနေ့က တစ်ဖက်လူကိုဘယ်လောက်တောင်ဒုက္ခပေးမိတာလဲ။


သူ့စိတ်ထဲမှာ မေးခွန်းများစွာဖြင့် ပတ်ချာလည်နေခဲ့သည်။ အစားကိုပင် အာရုံမရောက်တော့ပေ။ ကြက်သားဆန်ပြုတ် တစ်ဇွန်းအပြည့်က ပါးစပ်ထောင့်ကိုရောက်သွားခဲ့သည်။


"သတိထား၊ ပူတယ်..."


"....."


သတိပေးချက်ကနောက်ကျသွားခဲ့သည်။ ကျူးထုန်မှာ ရုတ်ချည်းလက်ပြန်ရုတ်လိုက်ပြီး ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားသော်လည်း အပူလောင်သွားခြင်းမရှိပေ။


ရှောက်မင်က သူ့ကိုကြည့်ပြီး စိုးရိမ်သွားရှာလေ၏။ 


"ရရဲ့လား..."


ကျူးထုန်က ခေါင်းကို တောင့်တောင့်ကြီးမော့လိုက်ပြီး ပြန်ဖြေလိုက်လေ၏။ 


"ပူတယ်..."


ရှောက်မင်: "....."


'မင်းပုံစံက အပူလောင်သွားတဲ့ပုံစံနဲ့မတူဘူး၊ မင်းကိုယ်တိုင်က တုံ့ပြန်တာနှေးတာလား၊ နာတာကိုသည်းခံနိုင်တာလား'


ရှောက်မင်ကမေးလိုက်သည်။ 


"အပူလောင်သွားတဲ့လူတစ်ယောက်ရဲ့ သာမန်တုံ့ပြန်ပုံကဘယ်လိုလဲဆိုတာ မင်းသိလား.."


ကျူးထုန်: "ဘယ်လိုမျိုးလဲ..."


"ပူသွားလို့ လျှာကိုအပြင်ထုတ်လိုက်တာ.."


"....."


ကျူးထုန်မှာ တဒင်္ဂခန့်ကြက်သေသေသွားပြီး ရုတ်တရက် နှုတ်ခမ်းကြားမှတဆင့် လျှာထိပ်လေးကိုထုတ်လိုက်သည်။


ရှောက်မင် အံ့ဩသွားလေ၏။


ကျူးထုန်က ချက်ချင်း လျှာကိုပြန်သွင်းလိုက်လေသည်။ 


"ဒီလိုလား..."


ရှောက်မင်: "....."


ကျူးထုန်က အတည်ကြီးလုပ်ပြပြီး မှတ်ချက်ပေးလိုက်သည်။


 "အသုံးမဝင်ပါဘူး..."


လျှာထုတ်လိုက်လည်း နာနေတုန်းပဲ။


ရှောက်မင် ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီး နေရာမှထကာ သူ့အတွက် ရေတစ်ခွက်ထည့်ပေးလိုက်သည်။ 


"ပါးစပ်ထဲမှာ ရေအေးလေးခဏလောက်ငုံထားလိုက်၊ ဆန်ပြုတ်ကပူနေသေးတယ်၊ ဖြည်းဖြည်းစား.."


ကျူးထုန် ရေတစ်ငုံသောက်လိုက်ပြီး နောက်တစ်ဇွန်းထပ်စားကာ ခပ်တိုးတိုးပြောလိုက်သည်။ 


"ငါတို့နောက်ကျနေပြီနော်.."


ရှောက်မင်က သေချာမကြားလိုက်ရပေ။ 


"ဘာပြောလိုက်တာလဲ..."


ကျူးထုန်က နောက်တစ်ခွန်းပါ ထပ်ဖြည့်ပြီးပြောလိုက်သည်။


 "ငါတို့ ကိုယ်ပိုင်စာကြည့်ချိန်ကိုလွတ်သွားပြီးပြီ၊ အဲဒီတော့ မြန်မြန်စားကြရအောင်..."


ရှောက်မင်: "...."


ဒီလူတော့ မနေ့ညက ဆေးရုံမှာနာလွန်းလို့သေတော့မလို့ဖြစ်ခဲ့တာကို သတိရသေးရဲ့လား။


လော့ရှိုးကသူ့အား "မသန်ပေမဲ့စွမ်းတယ်" ဟုပြောခဲ့သည့်စကားမှာ တကယ်မှန်နေ၏။


ရှောက်မင်မှာ ကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရသည်။ 


"ကိုယ်မင်းအတွက်ခွင့်တင်ပေးထားတယ်၊ ဒီမနက်ပိုင်း မင်းကျောင်းသွားစရာမလိုဘူး..."


ကျူးထုန်က အလွန်တရာ ရိုးသားသည့်မျက်နှာလေးဖြင့်ပြန်မေးလေ၏။ 


"ဒါပေမဲ့ လစဥ်စာမေးပွဲကဖြေရတော့မှာနော်.."


ရှောက်မင်ကသူ့အား ခဏလောက်ကြည့်နေသည်။ ထိုသူကတက်ကြွနေသည်ကိုမြင်ရ၍ သူမေးလိုက်သည်။ 


"ကျောင်းကိုပြန်သွားချင်တာလား.."


ကျူးထုန်ကခေါင်းညိတ်ပြသည်။


ရှောက်မင်ကပြုံးလိုက်၏။ 


"အိုကေ၊ စားပြီးရင်ကျောင်းသွားကြမယ်.."


ကျူးထုန်က ချက်ချင်းပင် တက်ကြွသွားလေသည်။ 

"အိုကေ..."


သူက ခေါင်းငုံ့ပြီး ဆန်ပြုတ်တစ်ဇွန်းကိုသောက်လိုက်ပြန်၏။ ဤတခေါက်၌ အေးအောင်မှုတ်ရန်မမေ့သွားခဲ့ချေ။


စားသောက်ပြီး၍ စားပွဲကိုသန့်ရှင်းပြီးသည့်အခါ ရှောက်မင်ကသူ့အား ဆေးထပ်သောက်ရန်ပြောလာပြီး နှစ်ယောက်သား ကျောင်းကိုလာခဲ့ကြလေ၏။


ကျူးထုန်က အရှေ့မှလျှောက်သွားပြီး ခြံဝန်းထဲမှအပြင်ထွက်သည့်အခါ ရုတ်တရက် လှည့်လာကာ "ကျေးဇူးတင်ပါတယ်" ဟုပြောလိုက်သည်။


ရှောက်မင်က မေးလိုက်လေ၏။


 "ဆေးရုံမှာတုန်းကရော ကိုယ့်ကိုကျေးဇူးမတင်ဘူးလား.."


ကျူးထုန်ကသူ့အား ရပ်စောင့်နေစဥ်က သူကကိုယ်ကိုကိုင်းကာ စက်ဘီးကိုတွန်းလာပြီး တဖက်ကပြောလိုက်လေသည်။ 


"မနေ့ညက ဆေးရုံမှာငါ့ကိုဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."


"အာ..အခုကရော ကိုယ့်ကိုဘာလို့ကျေးဇူးတင်တာလဲ..."


ကျူးထုန်က ငှားနေသည့်ခြံဝန်းကိုကြည့်လိုက်သည်။


 "အခုတော့ မနေ့ညက ဦးလေးလျိုကို ငါ့အတွက် လျို့ဝှက်ပေးထားတာရယ်၊ မနက်စာဝယ်ပေးတာရယ်၊ ရေချိုးခန်းကိုလည်းငှားပေးတဲ့အတွက်ရယ် ကျေးဇူးတင်တာ..."


သူက တစ်ခုပြီးတစ်ခု ကျေးဇူးတင်လာခဲ့သည်။ ရှောက်မင်မှာ ယခုလောက် အလေးအနက်ထားနေသည့်သူမျိုးကိုမမြင်ဖူးခဲ့ပေ။ သူက ထိုသူကိုကြည့်ပြီး စချင်နေသော်လည်း ကျူးထုန်၏အပြစ်ကင်းပြီး စိတ်ရင်းအမှန်ဖြစ်နေသောမျက်နှာကိုမြင်ရသည့်အခါ စနောက်မည့်စကားလုံးများလည်း ပျောက်ဆုံးသွားရတော့သည်။


သူက စက်ဘီးကိုလက်နှစ်ဖက်ဖြင့်တွန်းနေရင်း မေးလိုက်မိ၏။ 


"ဒီအငှားချထားတဲ့အိမ်ကို မင်းဘယ်လိုထင်လဲ.."


ကျူးထုန်၏အဖြေမှာ တိကျရှင်းလင်းနေသည်။ 


"အရမ်းအဆင်ပြေတယ်..."


"ကြည့်ဦး.." 

ရှောက်မင်က ခပ်တည်တည်ဖြင့်ပြောလိုက်သည်။ 

"ဒီအိမ်က ကျောင်းနဲ့လည်းနီးတယ်လေ.."


"....."


ကျူးထုန်က အူကြောင်ကြောင်ဖြင့်ပင် ခေါင်းညိတ်ပြလိုက်မိသည်။


****


စာရေးသူမှာ ပြောစရာရှိပါတယ်။



ဇနီးလေးကိုပြန်ပေးဆွဲပြီး အိမ်မှာလိုက်နေဖို့ အခွင့်အရေး ရှာတယ်ပေါ့။


ဦးလေးလျို၏ရင်တွင်းစကား: မင်း ငါ့သခင်လေးကိုဘာလုပ်လိုက်တာလဲ။


🤒